စစ်မေးခြင်း
Vol. 34 Ch. 499
သွေးမြူတောင်ကြားသည် လိပ်ပြာနီနယ်မြေ၏တောင်ဘက်ရှိ သစ်တောထဲ၌ တည်ရှိသည်။ မြေအနေအထား အန္တရာယ်များသည်။ ၎င်းမှာ ဂျို့ရှ်က ခက်ခက်ခဲခဲနှင့် နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သော အခြေစိုက်စခန်းတစ်ခု ဖြစ်သည်။ မူလက ၎င်းကို ဂျိုးဆက်ပ် လက်အောက်ရှိ မော်ဒိုမြို့အား ထိန်းချုပ်ပြီး စောင့်ကြည့်ရန်အတွက်သာ ရည်ရွယ်ထားခဲ့သည်။ နောက်ပိုင်း၌ လော့ဒ်စစ်ပွဲအတွင်း ဂျိုးဆက်ပ် သေသွားသောအခါ ထိုအခြေစိုက်စခန်းကို အမှောင်လအတွက် နည်းဗျူဟာ ကြားခံဇုန်အဖြစ် အသုံးချသည်။ ၎င်းကို ခါနီတာက တာဝန်ယူထား၏။
ခရီးလမ်းကြောင်းက ဒဏ်ရာများရနေပြီး ပင်ပန်းနွမ်းနယ်နေသည့်အတွက် မှော်အရိပ် မြင်းစီးစစ်သည်များအတွက် ဆက်လက်မသွားနိုင်လုနီးပါး ဖြစ်သွားစေသည်။ ကံကောင်းစွာပင် လိပ်ပြာနီနယ်မြေမှ အင်အားစုအသစ်က အခန်းကဏ္ဍတစ်ခု၌ ပါဝင်ခဲ့သည်။ ခါနီတာ၏ အမိန့်အောက်တွင် သူတို့က အချင်းချင်း ထောက်ပံ့ပေးပြီး ဒဏ်ရာရနေသော စစ်သည်များကို သယ်ဆောင်ရန်အတွက် သူနာတင်ကပ်များ ထုတ်ပြီး ရှေ့တက်ချီတက်ကြလေသည်။ ၎င်းက ခါနီတာအပေါ် နက်စ်တာ၏ အမြင်များ ကြီးကြီးမားမား တိုးပွားသွားခဲ့သည်။
နောက်ဆုံး၌ သူတို့အဖွဲ့က တောနက်ကို ဖြတ်သွားပြီး သွေးမြူတောင်ကြားရှိ အခြေစိုက်စခန်းသို့ ရောက်ရှိသွားခဲ့သည်။
ထိုနေရာမှာ ခါနီတာ၏ စခန်း ဖြစ်သည်။ သူက လူများအား ချက်ပြုတ်ရန် အိုးတစ်လုံး ပြင်ဆင်ပြီး ဒဏ်ရာရသူများကို ကုသရန်နှင့် အနားယူရန်အတွက် ချက်ချင်း အမိန့်ပေးလိုက်သည်။ ထိုဒဏ်ရာရနေသော တပ်သားများနှင့် မြင်းများကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်ကြလေသည်။ “ဆာ-ခါနီတာ။ ဒီတစ်ခေါက် မင်းရဲ့ ကျေးဇူးကြောင့်ပါပဲ။” ခါနီတာ၏ လိပ်ပြာနီနယ်မြေ ဆက်ခံသူဟူသော သရုပ်ကြောင့် နက်စ်တာ၏ အခေါ်အဝေါ်က အလွန်ယဉ်ကျေးနေခဲ့သည်။ “မင်းရဲ့ စွမ်းဆောင်ရည်ကို ကျုပ် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီတစ်ခေါက် ရီဂျန့်ဆီကနေ ကျုပ် ခွင့်လွှတ်မှု ရရှိရင် မင်းကို ရီဂျန့်အရှေ့မှာ အကြံပြုပေးမှာပါ။”
“ကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ်။ ကျုပ်က နာမည်အတိုင်း ခေါ်ပါ...” ခါနီတာ အလွန်ပျော်သွားပြီး ဦးညွှတ်လိုက်သည်။ “ဗိုလ်ချုပ်က အင်ပါယာမှာ နာမည်ကျော် ဗိုလ်ချုပ်တစ်ယောက်ပဲ။ ကျုပ်က ဗိုလ်ချုပ်ကို အမြဲတမ်း လေးစားနေခဲ့တာ။ ပြီးတော့ နောက်ပိုင်းကျရင် ဗိုလ်ချုပ်လက်အောက်မှာ အလုပ်လုပ်ဖို့ အခွင့်အရေးရမယ်လို့ မျှော်လင့်နေခဲ့တာ။”
နက်စ်တာ ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။ “ကျုပ်က မှော်အရိပ်ဗိုလ်ခြေကို အမိန့်ပေးဖို့ အရည်အချင်း ရှိသေးရဲ့လားတောင် မသိဘူး။ ဒီတစ်ခေါက် ရှုံးနိမ့်မှုက နာကျင်ရတဲ့ သင်ခန်းစာ တစ်ခုပဲ။ ကျုပ် နားမလည်နိုင်တာက ရီဂျန့် အိုဆိုင်ဒန်ရဲ့ အမိန့်ကိုရပြီးတော့ ကျုပ် တိုက်ခိုက်ဖို့သွားတာကို ဗိုလ်ခြေအဖွဲ့ဝင်တွေအပြင် လူနည်းစုပဲ သိကြတာ။ ဒါပေမဲ့ အမှောင်လက စီးနင်းတိုက်ခိုက်ဖို့ကို အစကတည်းက သိနေတဲ့ပုံပဲ။ သူတို့က ကျုပ်ကို ထောင်ခြောက်တစ်ခုထဲ ဦးတည်သွားခိုင်းခဲ့တာ။”
“ဗိုလ်ချုပ်ပြောတဲ့ လူနည်းစုက ကျုပ်အဖေနဲ့ ကျုပ်လည်းပါတယ် မဟုတ်လား။” ခါနီတာလည်း သက်ပြင်းချပြီး ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ဗိုလ်ချုပ် ဆိုလိုတာကို ကျုပ် သဘောပေါက်ပါတယ်။ ကျုပ်က အခု အမှောင်လရဲ့ သူလျှိုအနေနဲ့ သံသယ ခံနေရတဲ့ သူတစ်ယောက်ပါ။ ခုနကလုပ်ရပ်က ကျုပ်ရဲ့သရုပ်ကို ဖုံးကွယ်ဖို့အတွက်ပါပဲ။”
အနီးအနား၌ အတွင်းလူများ ရှိနေလျှင် သူတို့သည် ခါနီတာ၏ သရုပ်ဆောင် စွမ်းရည်ကို ရွံရှာကြမည်မှာ သေချာပေသည်။ ဒါက ဟန်ဆောင်လွန်းနေတာပဲ။ အပေါ်ယံ ဖြစ်လွန်းတယ်။ ဟန်လုပ်တဲ့ ဇာတ်ညွှန်းကို ဆိုးဆိုးဝါးဝါးနဲ့ အပေါ်ယံ လုပ်နေတာပဲ။
“မင်း အထင်လွဲနေပါပြီ။ မင်းနဲ့ ဆာ-လော့ဒ်တို့ မပါပါဘူး။” ထိုအချိန်ကိုက် အကူအညီက ခါနီတာအပေါ် နက်စ်တာ၏ အမြင်များကို ကြီးကြီးမားမား တိုးသွားစေ၏။ ထို့ကြောင့် သူက ချက်ချင်းပင် ခေါင်းခါလိုက်သည်။ “ဗိုလ်ခြေအဖွဲ့သားတွေကို ကျုပ်ကိုယ်တိုင် ရွေးချယ်ပြီးတော့ လေ့ကျင့်ပေးထားပေမဲ့ လူ၂သောင်းလောက် ရှိတာလေ။ သူလျှိုရှိလား မရှိလားဆိုတာ ပြောဖို့ ခက်ခဲတယ်။ ဒါပေမဲ့ ဆာ-လော့ဒ်နဲ့ နီးကပ်တဲ့သူ တစ်ယောက်လည်း ဖြစ်နိုင်တယ်။”
မြို့တော်မှ ထိုဗိုလ်ချုပ်က တပ်သားများကို ကောင်းမွန်စွာ အမိန့်ပေးနိုင်ပြီး ရဲစွမ်းသတ္တိ ပြည့်ဝသော်လည်း နိုင်ငံရေးပြဿနာကြားထဲ ဝင်မပါပေ။ ပြောရမည်ဆိုလျှင် သူက လုံလောက်သည်အထိ မရက်စက်ပေ။ မစ်-လျို့ဝှက်သတင်းအချက်ဆိုလျှင် လူတိုင်းကို သံသယ ရှိနေမည် ဖြစ်သည်။ မတော်တဆ လွှတ်လိုက်မိခြင်းထက် သူက သတ်သာသတ်လိုက်ပေမည်။
“တကယ်တော့ မှန်းဆစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ အဖြေက ကျုပ်တို့ အနားမှာပဲလေ။” ရုတ်တရက် ခါနီတာက တစ်ခုခုကို တွေးမိသွားသည်။ “ဒီတစ်ခေါက် ဓားစာခံတစ်ယောက်ကို ကျုပ်တို့ ပြန်ခေါ်လာတာ ဗိုလ်ချုပ် မှတ်မိတယ် မဟုတ်လား။”
နက်စ်တာ၏ မျက်လုံးများ အရောင်တောက်သွားသည်။ “မင်း ပြောချင်တာက...”
“အဲဒီကောင်က အခု သွေးမြူတောင်ကြားရဲ့ ရေမှာ်အကျဉ်းထောင်မှာ ရှိနေတယ်။ ထွက်ပြေးဖို့ မပြောနဲ့။ သတ်သေဖို့တောင် လုပ်လို့မရအောင် လုပ်ထားတယ်။ ဒါနဲ့ အစေခံတွေက စားစရာတွေ ပြင်ဆင်ထားပြီပြီ။ အရင်ဆုံး ဗိုလ်ချုပ် တစ်ခုခု စားလိုက်သင့်တယ်။ ပြီးတော့ ဒဏ်ရာကို ကုသပြီး ခဏလောက် နားသင့်တယ်။ နောက်မှ သူ့ကို အတူတူ စစ်မေးကြတာပေါ့။”
“ကောင်းပြီလေ။”
နာရီအနည်းငယ် ကြာပြီးနောက် နက်စ်တာက ခါနီတာနှင့်အတူ လိုဏ်ဂူအဖြစ် အသွင်ပြောင်းထားသော အကျဉ်းထောင်တစ်ခုသို့ လိုက်ုသွားသည်။ လျို့ဝှက်ရမည်ကို ဆင်ခြင်မိသည့်အတွက် နက်စ်တာက မည်သည့်တပ်သားကိုမျှ ခေါ်မသွားခဲ့ပေ။ ခါနီတာကလည်း တံခါးမှ အစောင့်များအား မည်သူ့ကိုမှ ဝင်ခွင့်မပြုရန် အထူးတလည်း အမိန့်ပေးခဲ့သည်။
သူတို့နှစ်ယောက်က အကျဉ်းထောင်ထဲ ဝင်သွားပြီးနောက် လှေကားတစ်လျှောက် ဆင်းသွားကာ ဂူ၏ ပိုနိမ့်သောအဆင့်၌ ဖမ်းဆီးထားသော မဟာနတ်ဆိုး ဟာဒီကို မြင်လိုက်ရသည်။
ဂူထဲမှ မှိန်ပျပျ မှော်မီးအိမ်က နက်စ်တာ၏ မျက်လုံးထဲမှ ကြောက်မက်ဖွယ်ရာ အရောင်တောက်မှုကို ရောင်ပြန်ဟပ်သွားသည်။ ဒီလူက ငါ့ရဲ့ ရှုံးနိမ့်မှုအတွက် အဓိက အကြောင်းရင်းထဲက တစ်ခုပဲ။ ကြောက်စရာထောင်ခြောက်ကြောင့် ငါ့တပ်သားတွေ သုံးပုံလေးပုံ ဆုံးရှုံးခဲ့ရတယ်။ ငါက စစ်သည် တစ်ယောက်ချင်းစီကို ကိုယ်တိုင် လေ့ကျင့်ပေးခဲ့တာ။ မြားမိုးနဲ့ မှော်သလင်းကျောက်အမြောက်တွေအောက်မှာ သူတို့တွေ သေသွားရတာကို မြင်ရတာ ငါ့ခြေလက်တွေ ကျိုးပဲ့သွားသလိုမျိုး နာကျင်ခဲ့ရတယ်။
ဒါပေမဲ့ အခုက ဒေါသကို ဖွင့်ထုတ်ဖို့ အချိန်မဟုတ်ဘူး။ သူ့ပါးစပ်ကနေ ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေကို နှိုက်ထုတ်ရမယ်။
နက်စ်တာ အသံမထွက်ဘဲ ဖြည်းဖြည်းချင်း အရှိန်အဟုန်ကို ဖြန့်ကျက်ကာ ဟာဒီ အပေါ်၌ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ဖိအားတစ်ခုကို ဖွဲ့စည်းလိုက်ရသည်။ ခါနီတာက သူ့ကို မနှောင့်ယှက်ရန်အတွက် ဂူ၏တံခါးသို့ ပြန်ဆုတ်သွားလိုက်သည်။
ဟာဒီက ဖိအားကြောင့် လွှမ်းမိုးခံလိုက်ရသည်ကို မြင်သည့်အခါ နက်စ်က ဖိအားကို ဖြည်းဖြည်းချင်း ဖျောက်ပြီး ပြောသည်။ “”မင်းရဲ့ နာမည်အရင်းက ဘာပဲဖြစ်ဖြစ် ငါမင်းကို ချီးကျူးရမယ်။ မင်းလုပ်တာ တော်တယ်။ အမှောင်လရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုက ငါ့ရဲ့ ဗိုလ်ခြေကို လက်ရွေးစင်တပ်သား ၁၅၀၀၀ ဆုံးရှုံးစေခဲ့တယ်။ မင်းရဲ့ အကျိုးပြုမှုက တကယ့်ကို မရှိမဖြစ်ပဲ။”
“ဗိုလ်ချုပ်ပြောတဲ့ မရှိမဖြစ်အကျိုးပြုမှုက ကျုပ်အပေါ်က ဓားဖြတ်ရာ အခု တစ်ထောင်ကို ပြောတာမလား။” ဖိအားလျော့ကျသွားသည်ကို ခံစားမိပြီးနောက် ဟာဒီ ပင့်သက်ရှိုက်ပြီး လှောင်ပြောင်လျက် ပြုံးလိုက်သည်။
“မင်းက အတော်လေး ခေါင်းမာတဲ့ပုံပဲ။” နက်စ်တာက ခေါင်းညိတ်သည်။ “ထိုက်တန်တဲ့ တန်ဖိုးတစ်ခုခုကို မင်း ပေးနိုင်ရင် မင်းရဲ့ အသက် လုံခြုံဖို့ကို ငါ အာမခံနိုင်တယ်။ ပိုက်ဆံနဲ့ အဆင့်အတန်းကိုတောင် ငါ အာမခံနိုင်တယ်။”
ဟာဒီ သရော်ပြုံး ပြုံးလိုက်သည်။ “ဒီတစ်ခေါက် ခင်ဗျားရဲ့ ရှုံးနိမ့်မှုက အိုဆိုင်ဒန်ကို ခပ်ကြမ်းကြမ်း ပါးရိုက်လိုက်သလိုပဲ။ ညွန့်ပေါင်းစစ်တပ်ရဲ့ သိက္ခာအတွက်နဲ့ ဒေါသထွက်နေတဲ့ ရီဂျန့်ရဲ့ ဂုဏ်သတင်းအတွက် ခင်ဗျားက ပြင်းထန်တဲ့ အပြစ်ဒဏ်ကို ခံရမှာပဲ။ ခင်ဗျားက ဘယ်လိုလုပ် ကျုပ်ရဲ့အကျိုးစီးပွားနဲ့ အသက်ကို ကာကွယ်နိုင်မှာလဲ။”
“လက်စသတ်တော့ မင်းက ခေါင်းလည်းမာသလို အသိဉာဏ်လည်း ရှိတာပဲ။” နက်စ်တာ၏ အရှိန်အဟုန် ပြောင်းလဲသွားသည်။ “ငါသိချင်တာကို ပြောပြ။ ပြီးရင် ငါမင်းကို မြန်မြန် သေခွင့်ပေးမယ်။ မဟုတ်လို့ကတော့... မင်း ဘာကို ရင်ဆိုင်ရမလဲဆိုတာ သဘောပေါက်မယ် ထင်ပါတယ်။”
“ရှင်ရက်နဲ့ ငရဲကျတာမျိုးလား။”
ဟာဒီ၏ ငြိမ်သက်မှုက နက်စ်တာ ထင်ထားသကဲ့သို့ မဟုတ်နေပေ။ ထိုနိမ့်ကျသော နတ်ဆိုးဘုရင်အဆင့်က နက်စ်တာကို အမှန်တကယ်ပင် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
“ဗိုလ်ချုပ် နက်စ်တာ။ ခင်ဗျားသိချင်တာက မပြောခင် ကျုပ်အရင်ဆုံး ပြောဖို့ရှိတယ်။ အိုဆိုင်ဒန်ရဲ့ အရှက်မရှိ လုပ်ရပ်က အင်ပါယာတစ်ခုလုံးကို အပြစ်ပြောစရာ ဖြစ်စေတယ်။ တစ်ဖက်မှာတော့ အမှောင်လရဲ့ တော်ဝင်မင်းသမီးက ခွဲခြားနိုင်တဲ့ ပါရမီ ရှိပြီးတော့ လူတွေကို နေရာကောင်းကောင်း ထားပေးမယ်။ လော့ဒ်အဖြစ် အုပ်ချုပ်ပြီး ၁၀နှစ် မပြည့်ခင်မှာပဲ အမှောင်လက ဆင်းရဲမှုနဲ့ ဆုတ်ယုတ်မှုကို ပယ်ဖျောက်နိုင်ပြီးတော့ အင်ပါယာရဲ့ အင်အားအကြီးဆုံးနယ်မြေတစ်ခု ဖြစ်လာခဲ့တယ်။ အင်ပါယာကို အုပ်ချုပ်ဖို့ ဘယ်သူက အသင့်တော်ဆုံးလဲ။ ကြယ်ကြွေတမန်အင်ပါယာနဲ့ လူစီဖာ တော်ဝင်မိသားစုကို ရှေ့ဆက်နိုင်ဖို့ ဘယ်သူ ဦးဆောင်မှာလဲ။ လူစီဖာတော်ဝင်မိသားစုက နာမည်ကျော် ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ ဒါက စိတ်ထဲမှာ သဘောပေါက်သင့်တယ်။ တစ်ချိန်တုန်းက ခင်ဗျားလည်း လော့ဒ်-သန်းခေါင်နေ စစ်တပ်ရဲ့ စစ်သည်တစ်ယောက်ပဲ။ ထောက်ခံဖို့ တကယ် ထိုက်တန်တဲ့ သခင်တစ်ယောက်ကို ဘာလို့ မရွေးချယ်တာလဲ။”
နက်စ်တာက တုံ့ဆိုင်းမှုမရှိဘဲ ပြောသည်။ “မင်းပြောတာက အကြောင်းအကျိုး သင့်တယ်။ ဒါပေမဲ့ အသုံးမဝင်ဘူး။ ငါက ရီဂျန့်ရဲ့ ကျေးဇူးကြောင့် မြင်းတပ်ခေါင်းဆောင်ငယ်လေးကနေ အခုလက်ရှိ ဗိုလ်ခြေတပ်မှူး ဖြစ်လာခဲ့တာ။ ငါက ရီဂျန့်အိုဆိုင်ဒန်ကို ငါ့သွေးနဲ့ ငါ့ဓားမောက်ရှည်နဲ့ သစ္စာပြုထားတာ။ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ငါသစ္စာဖောက်မှာ မဟုတ်ဘူး။ အမှောင်လရဲ့ ကောင်မလေးက လော့ဒ်-သန်းခေါင်နေရဲ့ သွေးသား ဖြစ်နေပါစေ၊ ငါသူ့ကို မထောက်ခံနိုင်ဘူး။”
ဟာဒီက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ “ဗိုလ်ချုပ်ရဲ့ သစ္စာရှိမှုက လေးစားစရာပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်အတွက်၊ လူစီဖာတော်ဝင်မိသားစုအတွက်၊ ကြယ်ကြွေတမန်အင်ပါယာအတွက်နဲ့ မင်းသားအိုဆိုင်ဒန် ကိုယ်တိုင် အတွက်တောင် ဒီလိုမျိုး မျက်လုံးစုံမှိတ် သစ္စာတရားက မလိုအပ်.....”
“အိုဆိုင်ဒန်က ပြန်လမ်းမရှိတဲ့ လမ်းကြောင်းကို လျှောက်နေရင်တောင် နက်စ်တာ လူစီဖာဆိုတဲ့ငါက သူ့နောက်ကို လိုက်နေမှာပဲ။” နက်စ်တာက ဟာဒီ၏ သွေးဆောင်မှုများကို အေးစက်စက်နှင့် ဖြတ်ပြောလိုက်သည်။ သူ၏မျက်လုံးထဲမှ အေးစက်မှုက ပို၍ပြင်းထန်လာသည်။ “ရယ်စရာပဲ။ အဖမ်းခံထားရတဲ့သူက ငါ့ကို ဘက်ပြောင်းဖို့ သွေးဆောင်နေတယ်။ မင်းရဲ့ ပေါက်ကရအချိန် ကုန်သွားပြီ။ ငါမင်းကို အရေးကြီးတဲ့ ကိစ္စတွေပြောဖို့ ၁၀စက္ကန့် အချိန်ပေးတယ်။ မဟုတ်ရင် ခပ်စောစော ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အခွင့်အရေး မရှာမိတဲ့အတွက် နောက်တရသွားအောင် လုပ်ပစ်မယ်။”
“သဘောပေါက်ပြီ။” ဟာဒီက လျစ်လျူရှုလျက် သက်ပြင်းချလိုက်သည်။ “ခင်ဗျားက အိုဆိုင်ဒန်ရဲ့ အကြီးစားနောက်လိုက် ဖြစ်နေတာကိုး။ စိတ်မကောင်းစရာပဲ။ ဒီလိုဆိုတော့ အမှောင်လကို ခင်ဗျား အကျိုးပြုဖို့အတွက် နောက်တစ်နည်းပဲ ရှိတော့တယ်။ အဲဒီပစ္စည်းရဲ့ အသက်သွင်းချိန်က ပြည့်တော့မှာလေ။ ခါနီတာ မင်း သေဖို့ အဆင်သင့်ပဲလား။”
နက်စ်တာ အံ့အားသင့်သွားပြီး တံခါးကို စောင့်ကြပ်နေသော ခါနီတာကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ဟာဒီတွင် မှော်ထောင်ခြောက်ကို ဖောက်ထွက်ပြီး ခါနီတာကို သတ်ပစ်နိုင်သော လျို့ဝှက်ပညာရပ် တစ်ခုခု ရှိနေသည်ဟု သူထင်လိုက်ပြီး ဟာဒီကို အချိန်မရွေး တားနိုင်ရန်အတွက် ချက်ချင်းပင် သူ၏ နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအာကို လှည့်ပတ်ထားလိုက်သည်။
သို့သော်လည်း ထိုသို့လည်ပတ်နေရင်း နက်စ်တာ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ခုနက အပြည့်ဖြစ်နေသော သူ၏စွမ်းအားကို တစ်စုံတစ်ခုက ယူသွားလိုက်သကဲ့သို့ပင် ပျောက်ကွယ်သွား၏။
သာမန်ကိစ္စတစ်ခုကို ပြောသလိုမျိုးပင် ခါနီတာ၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။ “ကျုပ် အသင့်ဖြစ်ပါပြီ။ သခင်။ ကျုပ်ရဲ့တန်ဖိုး ကုန်ပြီ။”
ခုနက နက်စ်တာ အံ့အားသင့်သွားသည်ဆိုလျှင် ယခုတွင် ထိတ်လန့်သွားခြင်း ဖြစ်ပေမည်။ သခင်တဲ့လား။
ပြီးတော့ “သေခြင်းတရား”ကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နေတယ်။
“ခင်ဗျားတို့ စားနေတုန်းက ဒီဂူထဲမှာ ကျုပ် နည်းနည်း ပြင်ဆင်ထားတယ်။ ဒီနေရာ ပြိုကျသွားရင်တောင် အပြင်လူတွေ ဘာမှမမြင်သလို ဘာမှလည်း ကြားရမှာ မဟုတ်ဘူး။ အမ်း .... ခါနီတာကို စားစရာထဲ ဟင်းခတ်အမွှေးအကြိုင်တွေ နည်းနည်း ထပ်ထည့်ခိုင်းမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ဒါက ခင်ဗျားရဲ့စွမ်းအားကို ၁၀မိနစ်ပဲ ယာယီ ပျောက်ကွယ်သွားစေနိုင်တာပါ။ ဒါပေမဲ့ ၁၀မိနစ်က သေခြင်းရှင်းခြင်း ဆုံးဖြတ်ချက် အပြင် ကိစ္စတွေအများကြီးလုပ်ဖို့ လုံလောက်တယ်။”
“ဟာဒီ”၏ ပုံမှန်လေသံ ထွက်လာသည်နှင့် ဂူ၏ ရေမျက်နှာပြင်က အလျင်အမြန် ဝေ့ဝဲသွားပြီးနောက် အားစက်ကွင်းတစ်ခုအောက်၌ ပြောင်းပြန် ရေဝဲတစ်ခု ဖြစ်သွားကာ သူ၏တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း အပြင်သို့ မထုတ်လိုက်သည်။
“လက်စသတ်တော့...” နက်စ်တာ၏လက်များ တုန်လှုပ်သွားခဲ့သည်။ ၎င်းမှာ ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ ထိတ်လန့်သွား၍ ဖြစ်သည်။ ထိုအချိန်၌ သူက ကိစ္စ အများအပြားကို သဘောပေါက်သွားခဲ့သည်။
“ဗိုလ်ချုပ်ရဲ့ အမူအရာကို ကြည့်ရတာ တစ်ခုခုကို ခန့်မှန်းမိသွားလောက်တယ်။ တကယ်တော့ လရောင်ခံတပ်က အလောင်းတွေကို အရင်ကတည်းက စီစဉ်းထားခဲ့တာ။ အသတ်ခံတဲ့ စစ်သားတွေက သေဒဏ်ကျထားတဲ့ အကျဉ်းသားတွေပဲ...” ဟာဒီက အသည်းအသန် စွမ်းအား စုစည်းနေသော နက်စ်တာကို ကြည့်လိုက်သည်။ ဟာဒီ ခေါင်းခါရင်း ပြောသည်။ “အင်အားတွေ အလကား မဖြုန်းတီးနဲ့။ ခင်ဗျားရဲ့ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်း စွမ်းအား မဆုံးရှုံးရင်တောင် ကျုပ်ရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး။”
စကားပြောနေရင်း ဟာဒီ၏ ခန္ဓာကိုယ်ပေါ်၌ အလွန်အမင်း တောက်ပသော အဖြူရောင်အလင်း တစ်ခု ပေါ်ထွက်လာသည်။ နက်စ်တာ၏အမြင်၌ အားအကောင်းဆုံး နေ့အလင်းရောင်ရှိသည့် လနှစ်စင်းသည်ပင် ထိုအဖြူရောင်အလင်းလောက် မတောက်ပနေပေ။ ထိုအလင်းရောင်ထဲ၌ အင်အားကြီးအငွေ့အသက်က နက်စ်တာ၏ မျက်လုံးထဲမှ ကူကယ်ရာမဲ့မှုကို ပိုမိုပြင်းထန်သွားစေသည်။ ဒါအဆင့်က နတ်ဆိုး ဧကရာဇ် အဆင့်ထက်ကို ကျော်လွန်နေတယ်။
သူပြောတာ မှန်တယ်။ ငါ့ရဲ့ အင်အားအပြည့် အခြေအနေမှာတောင် သူရဲ့ပြိုင်ဘက် မဟုတ်တာ အသေအချာပဲ။
အဖြူရောင်အလင်းထဲမှ “ဟာဒီ”၏ ပုံရိပ်သည် ပြောင်းလဲမှုတစ်ခု ဖြစ်သွားဟန် တူသည်။ ချပ်ကာတစ်ခုက ထူးဆန်းပြီး ကြီးမားလှသော စွမ်းအားနှင့်အတူ ပေါ်ထွက်လာပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။ လေကာပေါ်၌ ထူးဆန်းသော မျက်နှာဖုံးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ထိုမျက်နှာဖုံးသည် နက်စ်တာ မြင်ခဲ့ဖူးသော သရုပ်ဖော်ပုံစာအုပ်ထဲမှနှင့် အနည်းငယ် ဆင်တူနေသည်။
တစ်ချိန်တည်းမှာပင် တံခါးကိုစောင့်ကြပ်နေသော ခါနီတာက အသက်လုံးဝ မရှိတော့ဘဲ မြေပေါ်သို့ ရုတ်တရက် လဲကျသွားသည်ကို နက်စ်တာ မြင်လိုက်ရသည်။ သူ ခုနက ပြောသည့်အတိုင်းပင် သေသွားခဲ့လေသည်။
ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား။
ဘာမှဂရုမစိုက်ဘဲ ချက်ချင်းသေလိုက်တာက ကျွန်-သခင် စာချုပ်လိုမျိုး မဟုတ်ဘူး။ ဒါက...ရုပ်သေ လိုမျိုးပဲ...
ဟုတ်တယ်။ အဲဒီ မျက်နှာဖုံး...
“မင်းက ဘယ်သူလဲ။” နက်စ်တာ၏ အမူအရာက ရုတ်တရက် ကြောက်လန့်သွားပြီး သူ၏စိတ်ထဲ၌ ထိတ်လန့်စရာကောင်းသော အထင်အမြင်တစ်ခု ကြီးမားလာသည်။
ကြယ်အလင်းရောင်ထဲမှ ပုံရိပ်က ပြန်မဖြေပေ။ သူ တဖြည်းဖြည်းနှင့် လက်ကို ဆန့်ထုတ်လိုက်ကာ နက်စ်တာက ခန္ဓာကိုယ် တင်းကြပ်သွားပြီး ပတ်ပတ်လည်မှ ကောင်းကင် ချာချာလည်သွားသည်ကို ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ သတိလစ်သွားခဲ့၏။