← Chapters

ရောက်ရှိလာခြင်း။ မြို့တော်မှ စစ်သည်တစ်သိန်း ညွန့်ပေါင်းစစ်တပ်

Vol. 34 Ch. 500

ရောက်ရှိလာခြင်း။ မြို့တော်မှ စစ်သည်တစ်သိန်း ညွန့်ပေါင်းစစ်တပ်

Vol. 34 Ch. 500

ရက်အနည်းငယ် ကြာပြီးနောက် မြို့တော်မှ ညွန့်ပေါင်းစစ်တပ်က လိပ်ပြာနီ နယ်မြေသို့ ရောက်ရှိလာတော့သည်။

မှော်အရိပ်မြင်းတပ်၏ စီးနင်းတိုက်ခိုက်ခြင်း ကျရှုံးခဲ့သော သတင်းက ညွန့်ပေါင်းစစ်တပ်၏ အမြင့်ဆုံးတပ်မှူးဖြစ်သော အိုဆိုင်ဒန်ကို ပါးရိုက်သလို ဖြစ်သွား၏။ ပိုဆိုးသော သတင်းများ ရောက်မလာသေးပေ။ အမှောင်လသည် အမှန်တကယ်ပင် လိပ်ပြာနီနယ်မြေအား အရင်ဦးစွာ တိုက်ခိုက်ပြီး မှော်အရိပ်ဗိုလ်ခြေ တည်ရှိရာ သွေးမြူတောင်ကြားကို ဝိုင်းရံထားခဲ့သည်။ သူတို့က အခြေအနေကို အခွင့်ကောင်းယူပြီး သွေးမြူတောင်ကြား၏ မြောက်ဘက်စွန်းရှိ အရေးပါသော နေရာတစ်ခုဖြစ်သည့် မော်ဒိုမြို့ကို သိမ်းပိုက်လိုက်သည်။

ထိုတိုက်ပွဲ သတင်းပို့ချက်က ညွန့်ပေါင်းစစ်တပ်ကို အံ့အားသင့်သွားစေသည်။ မမျှော်လင့်ဘဲနှင့် သန်းနှင့်ချီသော ညွန့်ပေါင်းစစ်တပ် ရောက်ရှိလာသည်ကို ရင်ဆိုင် နေရသော်လည်း အမှောင်လက အမှန်တကယ်ပင် “ပြင်းထန်” လှသည်။

ညွန့်ပေါင်းစစ်တပ်က လိပ်ပြာနီနယ်မြေ အပြင်ဘက်ရှိ ယာယီစစ်တန်းလျားတွင် စခန်းချထားခြင်း ဖြစ်သည်။ အိုဆိုင်ဒန်က မြို့တော်အဓိကစံအိမ်သို့ ဝင်ရောက်ရန် ဂျို့ရှ်၏ ကမ်းလှမ်းချက်ကို လက်မခံခဲ့ပေ။ ထိုအစား သူက စစ်တန်းလျားထဲ၌ ယာယီ ညွှန်ကြားရေဌာနတစ်ခု တည်ဆောက်ကာ စစ်စည်းဝေးပွဲ၌ လော့ဒ်အသီးသီးအား ပါဝင်ရန် ဆင့်ခေါ်ခဲ့သည်။

“အားလုံးပဲ။ ဒီတစ်ခေါက် ငါတို့မှာ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်။ အဲဒါက အမှောင်လနယ်မြေကို သိမ်းပိုက်ပြီးတော့ သူပုန်အားလုံးကို ဖျက်ဆီးပစ်ဖို့ပဲ။” အိုဆိုင်ဒန် ထိုသို့ပြောလိုက်ပြီးနောက် တဲအိမ်အလယ်၌ အလွန်ကြီးမားသော သဲစားပွဲတစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ လိပ်ပြာနီနယ်မြေနှင့် အမှောင်လတို့၏မြေပုံဖြစ်ပြီး အရေးကြီးသော နေရာများကို အမည်တပ်ထား၏။ “သူပုန်တွေက တော်တော်လေး အတင့်ရဲတယ်။ မှော်အရိပ်ဗိုလ်ခြေကို သူတို့ ချောင်းမြောင်းတိုက်ခိုက်ပြီးတော့ လိပ်ပြာနီနယ်မြေကို ကျူးကျော်ပြီး မော်ဒိုမြို့ကိုတောင် သိမ်းပိုက်ရဲခဲ့တယ်။ မင်းတို့ အားလုံး ဘယ်လိုထင်ကြလဲ။”

“အဲဒီ မောက်မာတဲ့ကောင်တွေကို ရှင်းပစ်။”

“အရှင် ရီဂျန့်ကို ဆန့်ကျင်ရင် ဘယ်လိုဖြစ်လဲဆိုတာ သူတို့ကို သိအောင်လုပ်လိုက်။”

“သူပုန်တွေ အားလုံးကို သတ်ပစ်။”

“…”

လော့ဒ်များ၏ အသံများက တစ်ယောက်ပြီးတစ်ယောက် မြင့်တက်ပြီး ပြန်ကျသွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဒီကိုရောက်လာပြီပဲ။ မြို့‌တော်ရဲ့ အဓိက အင်အားစုနောက်ကို ပွဲကြည့်အနေနဲ့ လိုက်ရင်တောင် အနည်းဆုံးတော့ စိတ်ပြတ်သားမှုကို ပြသရမယ်။

အိုဆိုင်ဒန်က ထိုလော့ဒ်များ၏ အတွေးများကို အသေအချာ သဘောပေါက်သည်။ သို့သော်လည်း သူက ကျေနပ်သောမျက်နှာ ပြသခဲ့သေးသည်။ “မင်းတို့ရဲ့ စိတ်ဓာတ် ပြတ်သားမှုနှင့် တိုက်ခိုက်ချင်စိတ်ကို ငါ မြင်လိုက်ရပြီ။ ဂျို့ရှ်။ မင်း ဘယ်လိုထင်လဲ။”

အိုဆိုင်ဒန်က လိပ်ပြာနီ လော့ဒ်-ဂျို့ရှ်ကို အတော်လေး ယုံကြည်နေဆဲ ဖြစ်သည်။ ထိုနေရာမှာ လိပ်ပြာနီနယ်မြေ၏ “စခန်း” ဖြစ်သည်။ ထို့ကြောင့် သူက ဂျို့ရှ်၏ ထင်မြင်ချက်ကို ဦးစွာ နားထောင်ရပေမည်။

ဂျို့ရှ် မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အသာလေး အရိုအသေပေးပြီး ပြောသည်။ “အရှင်။ ကျုပ်တို့ရဲ့ စစ်တပ်က လုံးဝ အသားစီး ရနေပေမဲ့ ရန်သူကို အထင်သေးလို့ မရနိုင်ဘူး။ ညွန့်ပေါင်းစစ်တပ်နဲ့ဆိုရင် ကျုပ်တို့တွေ အမှောင်လကို ရှင်းပစ်နိုင်မှာ သေချာတယ်။ အဓိကသော့ချက်က ကျုပ်တို့ရဲ့ ဆုံးရှုံးမှုကို လျှော့ချပြီးတော့ အောင်နိုင်မှုကို အမြင့်ဆုံး ဖြစ်စေနိုင်ဖို့ပဲ။”

ထိုစကားလုံးများက အိုဆိုင်ဒန်နှင့် လော့ဒ်များ၏ လက်ခံမှုကို ရရှိခဲ့သည်။ အိုဆိုင်ဒန်က အမှောင်လ၏ အကျိုးအမြတ်များကို အားလုံးနှင့်အတူ မျှဝေမည်ဟု ကြိုတင် ကတိပေးခဲ့သည်။ ထို“မျှဝေမှု”မှာ အသေအချာပင် အိုဆိုင်ဒန်၏ လက်ကျန်များ ဖြစ်သော်လည်း အမှောင်လ၏ ဘဏ္ဍာရေး အရင်းအမြစ်များကို ကြည့်ခြင်းအားဖြင့် “တစ်ဇွန်း” သည်ပင် သိသိသာသာ ကြီးမားပေလိမ့်မည်။ လူတိုင်းက အကျိုးအမြတ်များ လိုချင်ကြသည်။ သို့သော်လည်း သူတို့ ခက်ခက်ခဲခဲ လေ့ကျင့်ထားပေးသော စစ်တပ်က (သလင်းကျောက်နက်ဒင်္ဂါး အများအပြားကိုလည်း သုံးခဲ့ရ) အမြောက်စာ ဖြစ်သွားလျှင် ရရှိမှုများမှာ ဆုံးရှုံးမှုများနှင့် မကာမိနိုင်ပေ။

“အမှောင်လက လိပ်ပြာနီနယ်မြေကို တပ်သားတွေ အများကြီး စေလွှတ်ထားတယ်လို့ နောက်ဆုံးသတင်းရထားတယ်။ အဲဒါက အနည်းဆုံး ဗိုလ်ခြေတစ်ခုစာလောက် ရှိတယ်။ ဒါပေမဲ့ အားလုံးက မော်ဒိုမြို့မှာ စုမနေကြဘူး။ အတော်များများက သွေးမြူတောင်ကြားကို တိုက်ခိုက်နေကြသည်။ မြို့တော် မှော်အရိပ်ဗိုလ်ခြေရဲ့ ဗိုလ်ချုပ် နက်စ်တာနဲ့ နယ်မြေဆက်ခံသူ ဖြစ်လာမယ့် ကျုပ်ရဲ့သား ခါနီတာတို့က သွေးမြူတောင်ကြားကို ကာကွယ်နေကြတယ်။”

ထို့နောက် ဂျို့ရှ်၏လက်ထဲ၌ ရေခဲသလင်းကျောက် အမျှင်တစ်ခု ပေါ်လာသည်။ သူက သဲစားပွဲပေါ်မှ သက်ဆိုင်ရာ နေရာတစ်ခုကို ထောက်လိုက်သည်။ “သွေးမြူ တောင်ကြားက တောင်မဲသစ်တောမှာ ရှိတာ။ မြေအနေအထားက အန္တရာယ်များတယ်။ ခုခံရ လွယ်ကူပြီးတော့ တိုက်ခိုက်ရ ခက်ခဲတယ်။ အရင်တစ်ခေါက် လော့ဒ်စစ်ပွဲ ရှုံးနိမ့်သွားတော့ ခါနီတာကို သွေးမြူတောင်ကြားမှာ အမှောင်လကို ပြန်တိုက်ခိုက်ဖို့ အရေးပါတဲ့ အချိန်းအချက် နေရာအဖြစ် စစ်တပ်အထောက်အပံ့တွေ သိုလှောင်ဖို့နဲ့ ခံတပ် တည်ဆောက်ဖို့ ပြောခဲ့တယ်။ ဗိုလ်ချုပ် နက်စ်တာရဲ့ စီးနင်းတိုက်ခိုက်မှု ကျရှုံးသွားတော့ ခါနီတာက သူ့ကို စစ်ကူပေးခဲ့ပြီးတော့ အမှောင်လနယ်မြေကနေ သွေးမြူတောင်ကြားကို ဆုတ်ခွာခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့ အမှောင်လက လိပ်ပြာနီနယ်မြေကို ကျူးကျော်လာတယ်။ သူတို့က အခု တိုက်ပွဲ အပြင်းအထန် ဖြစ်နေပြီ။ ကျုပ် စစ်ကူတွေ နှစ်ခေါက် စေလွှတ်ခဲ့တယ်။ ဒါပေမဲ့ အမှောင် တပ်သားအရေအတွက်ကို မှန်းဆတာ မှားယွင်းပြီးတော့ စစ်ဘက်ရေးရာအင်အားလည်း နည်းနေတဲ့အတွက် ရှုံးနိမ့်ခဲ့ရတယ်။ အခုက အရေးကြီးတဲ့အချိန် ရောက်နေပါပြီ။ တပ်ဖွဲ့တွေလွှတ်ပြီး ကယ်တင်ပေးဖို့ အရှင့်ကို တောင်းဆိုပါတယ်။”

“ဂရန့်။ မင်းရဲ့အမြင်ကို ငါ ကြားချင်တယ်။” အိုဆိုင်ဒန် ပြန်မဖြေဘဲ ဘေးဖက်မှ ညွန့်ပေါင်းစစ်တပ်၏ ဒုတိယတပ်မှူးကို ကြည့်လိုက်သည်။

နတ်ဆိုးဘုံ အင်ပါယာက ဗိုလ်ချုပ် ၃ဦး တည်ဆောက်ပုံကို အကောင်အထည် ဖော်ထားသည်။ အင်ပါယာ၏ အထူးချွန်ဆုံး ဗိုလ်ချုပ် ၃ဦးက စစ်တပ်၏ အင်အားကို ဆုပ်ကိုင်သည်။ ကြယ်ကြွေတမန်အင်ပါယာ၏ ပထမဗိုလ်ချုပ်မှာ ဂျော့ချ်ဝေးလ်စ် ဖြစ်ပြီး လော့ဒ်- သန်းခေါင်နေက ခန့်အပ်ထားခဲ့သည်။ အသီနာ၏ ဖခင်ဖြစ်သူ ဝေးလ်စ်သည် စစ်ဗျူဟာခင်းနိုင်ရုံသာမက ရှုံးနိမ့်နေရာမှလည်း အနိုင်ရရှိနိုင်သည်။ ထို့ပြင် သူ့ကို စစ်တပ်ကလည်း အတော်လေး လေးစားကြသည်။ အိုဆိုင်ဒန် အာဏာရလာသည့်တိုင် ဗိုလ်ချုပ်ဂျော့ချ်၏ နေရာကို မလှုပ်ခါနိုင်ခဲ့ပေ။

ဒုတိယဗိုလ်ချုပ် ဒိုရင်းရုစ်သည် နဂိုက အင်ပါယာ၏ တတိယဗိုလ်ချုပ် ဖြစ်သည်။ သူက အိုဆိုင်ဒန်ထံ အညံ့ခံသော စစ်တပ်၏ ပထမဆုံး ကိုယ်စားပြု ဖြစ်သည်။ လူသားလောကသို့ လော့ဒ် သန်းခေါင်နေနှင့်လိုက်သွားသော ယခင် ဒုတိယဗိုလ်ချုပ် သေဆုံးသွားပြီးနောက် ဒိုရင်းက ဒုတိယဗိုလ်ချုပ်အဖြစ် အိုဆိုင်ဒန်၏ ရာထူးတိုးခြင်းကို ခံခဲ့ရသည်။ သူ၏ စစ်ရေးပါရမီနှင့် ဂုဏ်သြဇာတို့မှာ အတော်လေး နိမ့်ကျသော်လည်း လက်ရှိ၌ သူက မြို့တော်တွင် နေနေသည်။

သူ့အရှေ့မှ ဂရန့်ဘရိုင်ယန်မှာ အိုဆိုင်ဒန်ကိုယ်တိုင် တိုးမြှင့်ထားပေးသော တစ်ပန်းသာသည့် လူတော်တစ်ယောက် ဖြစ်သည်။ သူက အင်ပါယာ၏ အနောက်မြောက်ဘက်ရှိ အရိပ်နက်အင်ပါယာနှင့် ကပ်လျက်ဖြစ်သော တဲခုလာခံတပ်ကို စောင့်ကြပ်နေခဲ့သည်။ ယခုတစ်ခေါက် သူ့ကို အိုဆိုင်ဒန်က ညွန့်ပေါင်းစစ်တပ်၏ လက်ထောက်တပ်မှူးအဖြစ် ခန့်အပ်ခဲ့သည်။

“အမှောင်လက ကျုပ်တို့စစ်တပ်ရဲ့ အင်အားနဲ့ အ‌တော်လေး ကွဲပြားတယ်။ ပြောရရင် သူတို့က လရိပ်ခံတပ်မှာ နေနေပြီးတော့ ကာကွယ်နေရမှာ။ သူတို့က သာမန်လမ်းကို ဆန့်ကျင်ပြီးတော့ အရင်တိုက်ခိုက်လာတာက မရိုးရှင်းလောက်ဘူး။ သူတို့မှာ ရည်ရွယ်ချက် ၃ခု ရှိမယ် ထင်တယ်။ ပထမတစ်ခုက မှော်အရိပ်ဗိုလ်ခြေကို သူတို့ အနိုင်ယူချင်တယ်။ ကျုပ်တို့ရဲ့စစ်ကူတွေကို ခြုံခိုတိုက်ခိုက်ဖို့ သူတို့ ပြင်ဆင်ထား လောက်တယ်။ သူတို့က အောင်နိုင်မှုတွေကို အသုံးချပြီးတော့ အမှောင်လရဲ့ စစ်သည်တွေနဲ့ ပြည်သူတွေကို အားတက်စေချင်တာ။ တစ်ချိန်တည်းမှာပဲ ကျုပ်တို့ရဲ့ စစ်တပ်ကို စိတ်အားလျော့ကျစေချင်နေတာ။ ဒုတိယတစ်ခုက အမှောင်လရဲ့ ဒေသတွင်း ခုခံမှုတွေ ဆုံးရှုံးမှုကို လျှော့ချဖို့အတွက် သူတို့က စစ်မြေပြင်ကို လိပ်ပြာနီနယ်မြေဆီ ရွှေ့ပြောင်းချင်နေတာ။ တတိယတစ်ခုကတော့ ကျုပ်တို့ စစ်တပ်ရဲ့ ချီတက်မှုကို နှောင့်ယှက်ဖို့၊ အချိန်ဆွဲဖို့နဲ့ အမှောင်လရဲ့ ခံစစ်ပြင်ဆင်မှုအတွက် အချိန်ပိုဆွဲဖို့ နည်းဗျူဟာတွေ သုံးမှာပဲ။”

ထိုခွဲခြမ်းစိတ်ဖြာမှုမှာ အတော်လေး ပြတ်သားလှသည်။ လော့ဒ်များက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ အိုဆိုင်ဒန်ကလည်း ‌လေးစားအားကျမှု ပြသခဲ့သည်။ “ဒါဆိုရင် ငါတို့အခု ဘာဆက်လုပ်သင့်တယ်လို့ မင်း ထင်လဲ။”

“အမှောင်လရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်က အချိန်ဆွဲပြီးတော့ ကျုပ်တို့ကို ယာယီ အာရုံပြောင်းဖို့ပဲ။ ဒီနည်းလမ်းကြောင့် ကျုပ်တို့တွေ အလှည့်စား မခံရသင့်ဘူး။ ရန်သူရဲ့ အကြံအစည်ကို နင်းခြေဖို့အတွက် အကြွင်းမဲ့အင်အားကို အသုံးချရမယ်။ အခုလက်ရှိ ညွန့်ပေါင်းစစ်တပ်က ခရီးအဝေးကြီး သွားပြီးတော့ ပင်ပန်းနေတယ်။ စစ်တပ်ကို ခဏလောက် နားခိုင်းပြီးတော့ အရင်းအမြစ်တွေ၊ အထောက်အပံ့တွေ ပြင်ဆင်ဖို့ ကျုပ် အကြံပေးတယ်။ ပြီးရင် အကောင်းဆုံး အခြေအနေကို ချိန်ညှိပြီးတော့ စစ်တပ်တစ်ခုလုံးကို စေလွှတ်ပြီး လရိပ်ခံတပ်ကို အရှိန်အဟုန်နဲ့ ချီတက်မယ်။ ပြီးတော့ အမှောင်လကို တစ်ခါတည်းနဲ့ အလဲထိုးမယ်။ မော်ဒိုမြို့မှာ အခိုင်အမာ နေနေတဲ့ ရန်သူတွေကတော့ ကျုပ်တို့ရဲ့ သန်းနဲ့ချီတဲ့ စစ်တပ်အတွက် လမ်းတစ်လျှောက်မှာရှိတဲ့ ဖုန်မှုန့်ကလွဲပြီးတော့ ဘာမှမဟုတ်ဘူး။ သူတို့တွေကို တစ်ချက်တည်းနဲ့ အပျောက် ရှင်းပစ်နိုင်တယ်။ ဘာမှကြောက်စရာ မရှိဘူး။”

လိပ်ပြာနီ လော့ဒ်-ဂျို့ရှ်က ချက်ချင်း ဆန့်ကျင်သည်။ “ဗိုလ်ချုပ် ဂရန့် ဆိုလိုတာက ဗိုလ်ချုပ် နက်စ်တာနဲ့ ခါနီတာကို လက်လျှော့ဖို့လား။ မြို့တော်ဗိုလ်ခြေနဲ့ ကျုပ်ရဲ့ လိပ်ပြာနီနယ်မြေ စစ်သည်တွေ အခုလက်ရှိမှာ အံကြိတ်ပြီးတော့ သွေးမြူတောင်ကြားကို ခုခံနေကြတာ။ ဒါပေမဲ့ ကျုပ်တို့မှာက သန်းနဲ့ချီတဲ့ တပ်သားတွေရှိနေပြီးတော့ သူတို့ကို သွားမကယ်ရဲကြဘူးလား။ ရီဂျန့်ရဲ့ ဂုဏ်သြဇာက ဘယ်မှာလဲ။ ညွန့်ပေါင်းစစ်တပ်ရဲ့ စိတ်ဓာတ် ဘယ်မှာလဲ။ ကျုပ်တို့က စစ်သည်တွေရဲ့ သွေးတွေကို အလကား အဖြစ်ခံမှာလား။”

ဂရန့်က ဂျို့ရှ်၏ ခံစားချက်ပြင်းထန်သော မျက်နှာကိုကြည့်ပြီး အသာလေး ပြန်ဖြေသည်။ “စစ်ပွဲရဲ့ နောက်ဆုံးရည်ရွယ်ချက်က အနိုင်ရဖို့ပဲ။”

လော့ဒ်များ ‌ရေရွတ်လိုက်ကြပြီး အိုဆိုင်ဒန် မျက်မှောင်ကြုတ်သွားသည်။ နက်စ်တာက ငါ့ရဲ့ တော်ဝင်မိသားစု လူယုံတော် တစ်ယောက်ပဲ။ စီးနင်းတဲ့အစီအစဉ် ပျက်စီးသွားတာ ဒေါသထွက်စရာ ‌ကောင်းပေမဲ့ အမှောင်လရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှု အောက်မှာ အခုအထိ သူ တောင့်ခံထားနိုင်တာက အလျှော့မပေးတဲ့ တိုက်ခိုက်ချင်စိတ်ကို ပြသနေတယ်။ ပြီးတော့လည်း လိပ်ပြာနီလော့ဒ်ရဲ့ ဆက်ခံသူက အဲဒီမှာ ရှိနေတယ်။ ငါ ဒါကို လျစ်လျူရှုလိုက်မယ်ဆိုရင် လော့ဒ်တွေကို စိတ်ပျက်သွားစေလိမ့်မယ်။

အင်ပါယာကို ထိန်းချုပ်သူတစ်ယောက် ဖြစ်သည့်အလျောက် စစ်ဘက်ရေးရာ သာမက နိုင်ငံရေးကိုလည်း လျစ်လျူရှု၍ မရနိုင်ပေ။ သူကို ၎င်းကို အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ထိပ်တန်း အကျိုးပြုမှု အနေနဲ့ မော်ဒိုမြို့ဆီ စစ်တပ်ကို ဦးဆောင်၊ လိပ်ပြာနီနယ်မြေရဲ့ ဆုံးရှုံးသွားတဲ့မြေကို ပြန်ယူပြီးတော့ သွေးမြူတောင်ကြားမှာရှိတဲ့ နက်စ်တာကို ဘယ်သူ ကယ်တင်ချင်လဲ။”

အရပ်မြင့်မြင့်နှင့် တော်ဝင်မိသားစုဝင်တစ်ယောက်က ချက်ချင်း မတ်တပ်ရပ် လိုက်သည်။ “အရှင်။ ဆာမိုအာက ကျုပ်ရဲ့ ငရဲဟိုက်ဒြာ ဗိုလ်ခြေနဲ့အတူ ဒီတာဝန်ကို ထမ်းဆောင်ချင်ပါတယ်။”

မြို့တော်မှဗိုလ်ခြေ ဦးဆောင်သည်ကို မြင်သည့်အခါ ကြားခံနယ်မြေနှစ်ခုက လော့ဒ်များကလည်း လိုက်သွားချင်ကြောင်း ဖော်ပြကြသည်။ ငရဲဟိုက်ဒြာဗိုလ်ခြေမှာ အဓိက အင်အားစု ဖြစ်သည့်အတွက် ထိပ်တန်းအကျိုးပြုမှုများကို ဝေမျှရာ၌ ပြဿနာ မဖြစ်လောက်ပေ။

အိုဆိုင်ဒန် ခေါင်းညိတ်ပြီး ဆာမိုအာကို ခေါင်းဆောင်အဖြစ် အမိန့်ပေးကာ လော့ဒ်နှစ်ဦးအား အထောက်အပံ့အနေဖြင့် ပေးခဲ့သည်။ သူက ငရဲဟိုက်ဒြာဗိုလ်ခြေနှင့် စစ်သည် ၉၀၀၀၀ ကျော်သော နယ်မြေနှစ်ခု၏ စစ်တပ်ကို ဦးဆောင်ရမည် ဖြစ်သည်။ သူတို့ကို သွေးမြူတောင်ကြားရှိ မှော်အရိပ်ဗိုလ်ခြေအား ကယ်တင်ရန်နှင့် လိပ်ပြာနီနယ်မြေမှ အမှောင်လ သူပုန်များကို တိုက်ခိုက်ရန် ချက်ချင်း စေလွှတ်ခဲ့သည်။ ကျန်ရှိသော စစ်တပ်က အပြည့်အဝ အနားယူပြီး အမှောင်လကို တိုက်ခိုက်ရန် ပြင်ဆင်ထားကြရပေမည်။

ထိုကဲ့သို့ အိုဆိုင်ဒန် ဆုံးဖြတ်လိုက်သည်ကို မြင်သည့်အခါ ဂရန့် ခဏမျှ တိတ်ဆိတ်သွားပြီး မကန့်ကွက်တော့ပေ။ အကြီးအကဲမိသားစု၏ နတ်ဆိုးအရှင်သခင် အဆင့်တစ်ယောက်ကို စေလွှတ်ပြီး ဆာမိုအာကို ကာကွယ်ရန်အတွက်သာ သူ အကြံပြုခဲ့သည်။

ခဏအကြာ၌ ဆာမိုအာက စစ်သည် ၉၀၀၀၀ကို လိပ်ပြာနီနယ်မြေမှ ဦးဆောင်ပြီး တောင်ဘက်သို့ ဟိတ်ဟန်ဖြင့် ချီတက်သွားတော့သည်။

“ဗိုလ်ချုပ်နဲ့ ဆာတို့။ ဒီနေရာကနေ မိုလင်မြို့ကိုသွားဖို့ လမ်းနှစ်ခု ရှိတယ်။ တစ်ခုက အဓိကလမ်းမပဲ။ ကျုပ်တို့ရဲ့ အမြန်နှုန်းနဲ့ဆိုရင် ၅ရက်ကြာမယ်။ တခြားလမ်းက တောင်ကြားလမ်း။ တာရော့တောင်တန်းကို ဖြတ်သွားကာ။ အဲဒီကနေဆို ရောက်ဖို့ ၃ရက်ပဲ ကြာမယ်။ ဒါပေမဲ့ အန္တရာယ်များတယ်။ ဆာ-ဂျို့ရှ်ရဲ့ စစ်ကူတွေက ဒီလမ်းမှာ ချောင်းမြောင်းတိုက်ခိုက်ခံရပြီးတော့ နောက်ဆုတ်ခဲ့ရတယ်။” ၎င်းကို ပြောသူမှာ လိပ်ပြာနီနယ်မြေနှင့် ပူးတွဲလိုက်ပါလာသော လမ်းပြတစ်ယောက် ဖြစ်သည်။

ဆာမိုအာက မြေပုံကိုဖွင့်ပြီး ခဏကြည့်ကာ ပြောလိုက်သည်။ “တောင်ကြားလမ်းကို သွားမယ်။ သူပုန်တွေအရှေ့ကို ငါ အမြန်ဆုံး ရောက်သွားချင်ပြီ။”

လော့ဒ်တစ်ယောက်ဖြစ်သော ရူဒီက အကြံပေးသည်။ “ဗိုလ်ချုပ်။ ရန်သူတွေ ချောင်းမြောင်းတိုက်ခိုက်မှာကိုလည်း ကျုပ်တို့ စဉ်းစားထားရမယ်။”

“စိတ်မပူပါနဲ့။”ဆာမိုအာက ယုံကြည်ချက်ရှိရှိနှင့် ပြောသည်။ “ဒီလို မြေအနေအထားမျိုးမှာ တပ်သားအသေးလေးတွေပဲ တိုက်ခိုက်လို့ရတယ်။ ကျုပ်တို့ စစ်တပ်ကို ရင်ဆိုင်တဲ့အခါ ရန်သူရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုက သေကြောင်းကြံတာပဲ။ နာမည်ပိုရဖို့အတွက် အမှောင်လစစ်တပ်ကိုတောင် ကျုပ် တွေ့ချင်တယ်။ ပြီးတော့လည်း မြို့တော်ဗိုလ်ခြေရဲ့ တကယ့်အစွမ်းက ဘာလဲဆိုတာ သူတို့ကို မြင်စေချင်တယ်။ ကျုပ်ရဲ့ ငရဲဟိုက်ဒြာ ဗိုလ်ခြေက အဲဒီမောက်မာတဲ့ မြင်းတပ်လို့မျိုး မဟုတ်ဘူး။”

ဆာမိုအာက နက်စ်တာနှင့် အမြဲပင် ပြဿနာ တက်နေခဲ့သည်။ ယခုတစ်ခေါက် သူက ထိပ်တန်းအကျိုးပြုမှုအတွက်သာမက ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ပြီး နက်စ်တာကို အရှက်ခွဲရန် ရည်ရွယ်ချက်အတွက် ဦးဆောင်တိုက်ခိုက်ခြင်း ဖြစ်သည်။ လော့ဒ် နှစ်ယောက်က နာမည်ရယူရန် ရောက်လာခြင်းပင်။ ဆာမိုအာ သေချာနေသည်ကို မြင်သည့်အခါ သူတို့ မကန့်ကွက်ကြတော့ပေ။

စစ်တပ်က တောင်ကြားလမ်းသို့ စတင်လှည့်လာသည်။ ထင်ထားသည့် အတိုင်းပင် သူတို့က လမ်းတစ်လျှောက်၌ အမှောင်လ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည်။ လူတစ်သိန်းနီးပါး စစ်တပ်ကို ရင်ဆိုင်ရသည့်အခါ ချောင်းမြောင်းတိုက်ခိုက်ကြသည့် စစ်သည် တစ်ထောင်က မြေမျက်နှာသွင်ပြင် အသာစီးမရဘဲ ထွက်ပြေးရုံသာ ပြေးနိုင်ကြလေသည်။

လော့ဒ်နှစ်ယောက်ကလည်း ဆာမိုအာကို ရန်သူအား နတ်ဘုရားသဖွယ် မြင်နိုင်သည့်အတွက် ချီးမွမ်းခဲ့ကြသည်။ ဆာမိုအာက ဂုဏ်ယူစွာဖြင့် သူတို့စစ်တပ်ကို တာရောတောင်တန်းသို့ ဖြတ်သွားစေပြီး နောက်ဆုံး၌ မော်ဒိုမြို့ကို ရောက်လာသည်။

ထိုအချိန်၌ ညမှောင်လုနီးပါး ဖြစ်နေလေပြီ။ စစ်သည်များ၏ ခရီးဝေး သွားလာမှုကြောင့် ပင်ပန်းနွမ်းနယ်နေသည်ကို စဉ်းစားမိပြီး ဆာမိုအာက တိုက်ခိုက်ရန် မဆင်မခြင် အမိန့်မပေးခဲ့ပေ။ ထိုအစား သူက စစ်တပ်ကို ထိုနေရာတွင်ပင် စခန်းချပြီး အနားယူရန် ပြောသည်။ မော်ဒိုမြို့ အခြေအနေကို စုံစမ်းရန်အတွက်လည်း သူက ကင်းထောက်တစ်ယောက် စေလွှတ်ခဲ့သည်။

ညပိုင်း၌ စစ်တန်းလျားမှ အလင်းရောင်အများစု ငြိမ်းကုန်ပြီး စခန်းချရာ၌ မီးတိုင်များသာ ကျန်ရစ်နေသည်။

ရုတ်တရက် အော်သံတစ်သံ ထွက်ပေါ်လာပြီးနောက် ရန်သူတိုက်ခိုက်မှု သတိပေးချက်က အိပ်ပျော်နေပြီဖြစ်သော စစ်သည်များကို နိုးသွားစေခဲ့သည်။

မီးမြားများ သူတို့ထံ အတန်းလိုက် ရောက်ရှိလာခြင်း ဖြစ်သည်။ အပြင်ဘက်စွန်းရှိ စခန်းက မီးလောင်နေပြီဖြစ်ကာ စစ်တန်းလျား ကောင်းကင်သို့ မီးခိုးထူထူများ မြင့်တက်လာနေခဲ့သည်။

ဆာမိုအာနှင့် လော့ဒ်နှစ်ဦး အလျင်အမြန် ထလိုက်ကြသည်။ မီးကို ဖြေရှင်းနေစဉ် သူတို့က လက်ထောက်ဗိုလ်ချုပ်များအား တိုက်ပွဲဝင်ရန် စေလွှတ်လိုက်ကြသည်။

သို့သော် ဆာမိုအာကို စိတ်ဓာတ်ကျသွားစေသည်မှာ ရန်သူ၏ ရည်ရွယ်ချက်က စခန်းကို မီးရှို့ရန်၊ လုယက်ရန် မဟုတ်ဘဲ နှောင့်ယှက်ရန် ဖြစ်နေခြင်းပင်။ လက်ထောက်ဗိုလ်ချုပ်များက တပ်သားများနှင့်အတူ မချဉ်းကပ်နိုင်ခင်မှာပင် ရန်သူများက အဝေးသို့ ဆုတ်ခွာသွားကြသည်။ တစ်ခုတည်းသော အာရုံစိုက်စရာမှာ မီးမြားများကို ပစ်လွှတ်သော လေးများကိုပင် ဖြစ်သည်။ ၎င်းတို့သည် သာမန်လေးများထက် များစွာ သာလွန်ပြီး အထူးပြုပြင်ထားနိုင်ပေသည်။

နောက်လိုက်မှု ကျရှုံးပြီးနောက် ပြန်ရောက်လာသော ဆာမိုအာက အစောင့်များကို နှစ်ဆတိုးပြီး ခုခံမှု အဝန်းအဝိုင်းကို ဖြန့်ကျက်လိုက်သည်။

ချောင်းမြောင်းတိုက်ခိုက်မှု လျော့ပါးသွားပြီး သိပ်မကြာခင်၌ သတိလက်လွတ် ဖြစ်နေပြီး အိပ်ပျော်သွားသော စစ်သည်များက နားကွဲလောက်စရာ အသံများ အဆက်မပြတ် ပေါ်ထွက်လာသည့်အတွက် ပြန်နိုးလာကြပြန်သည်။ ယခုတစ်ခေါက် ရန်သူများက မိုးပျံနတ်ဆိုးသားရဲပေါ်မှ မှော်ဗုံးများကို ပစ်ချနေခြင်း ဖြစ်သည်။ ဆာမိုအာ၏ စစ်တပ်က ထိုနေရာ၌ ယာယီစခန်းချထားသည့်အတွက် အဓိကတဲအိမ် အနီး၌သာ အကာအကွယ်မှော်များ ခင်းကျင်းထားသည်။ ကျန်ရှိသော တဲများက ထို “လေဗုံး” များကို မခံနိုင်ပေ။ ဗုံးပေါက်ကွဲမှုများ ဒါဇင်ခန့် ဖြစ်ပွားပြီးနောက် ထိခိုက်မှုများကို ဘေးဖယ်ထားလျှင်ပင် နားကွဲလောက်စရာ အသံက စစ်သည်များကို ကြောက်ရွံ့ သွားစေပြန်သည်။

ပို၍မုန်းတီးစရာကောင်းသည်မှာ ဗုံးပစ်ချသည့် ချောင်းမြောင်းတိုက်ခိုက်သူများက အလွန်ဉာဏ်များပြီး လောဘမကြီးကြခြင်းပင်။ သူတို့က တစ်ခါတည်း ပစ်ချပြီး ဆာမိုအာကို နောက်လိုက်ခွင့်မဘေးဘဲ နတ်ဆိုးသားရဲစီးကာ ပျံထွက်သွားကြသည်။

ခဏအကြာ နှောင့်ယှက်မှုများ ရောက်လာပြန်သည်....

စစ်သည်များ တစ်ညလုံး ကောင်းကောင်း မအိပ်ခဲ့ရပေ။ ဆာမိုအာ၏ မျက်လုံးများပင် နီရဲနေသည်။ ထိုအလစ်တိုက်ခိုက်သူများက ဉာဏ်များရုံသာမက အကြောက်တရားလည်း ကင်းမဲ့ကြသည်။ သူတို့ အဖွဲ့တစ်ဖွဲ့ အသတ်ခံလိုက်ရသော်လည်း အမျိုးမျိုးသော နှောင့်ယှက်မှုများကို အကြောက်အရွံ့မရှိ ဆက်လက်ဆောင်ရွက်ခဲ့ကြ၏။

“စစ်သည်တို့။ မနေ့ညက လူတိုင်း ကောင်းကောင်း မနားရတာ ငါ သိတယ်။ ရန်သူရဲ့ နည်းလမ်းတွေက အတော်လေး စက်ဆုပ်စရာ ကောင်းတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒါက ရန်သူတွေရဲ့ ကြောက်ရွံ့မှုကို ပေါ်လွင်စေတယ်။ သူတို့က ဒီလိုမျိုး နိမ့်ကျတဲ့ လှည့်ကွက်တွေနဲ့ပဲ ငါတို့ကို နှောင့်ယှက်ရဲတာ။” ဆာမိုအာက ဗိုလ်ခြေတစ်ခုကို ဦးဆောင်နိုင်သည့်အတွက် အရည်အချင်း သာမန် မဟုတ်ပေ။ သူက စစ်သည်များအား စိတ်အားတက်ကြွစေရန်အတွက် အသံကျယ်ကျယ်နှင့် ပြောသည်။ “ရှေ့က မော်ဒိုမြို့မှာ ရန်သူတွေ ရှိတယ်။ အမှောင်လရဲ့ မျိုးမစစ်ကောင်တွေကို မြို့တော်ရဲ့ အစွမ်းအထက်ဆုံး ဗိုလ်ခြေက ဒေါသတွေ ပေးမြည်းကြည့်လိုက်။”

ထိုအားပေးမှုက ထိရောက်မှု ရှိနေဆဲ ဖြစ်သည်။ စစ်သည်များက ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပင်ပန်းနေသော်လည်း ပြင်းထန်သော တိုက်ခိုက်ရေးစိတ်ဓာတ်ကို ပြသနေခဲ့သည်။ ဆာမိုအာ၏ ဦးဆောင်မှုအောက်တွင် သူတို့က မော်ဒိုမြို့ဆီသို့ စိတ်အားထက်သန်စွာ ချီတက်သွားကြသည်။

ဆာမိုအာ ထင်ထားသကဲ့သို့ပင် လမ်းတစ်လျှောက်၌ နှောင့်ယှက်မှုများ၊ ချောင်းမြောင်း တိုက်ခိုက်မှုများ ရှိနေခဲ့သည်။ သို့သော်လည်း ၎င်းတို့က စစ်တပ်၏ ချီတက်မှုကို မတားဆီးနိုင်ခဲ့ပေ။

ခဏအကြာ၌ စစ်တပ်က မော်ဒိုမြို့သို့ ရောက်ရှိသွားသည်။ ယခုတစ်ခေါက်၌ အမှောင်လက ၎င်း၏ အင်အားစုများကို စုစည်းပြီး မော်ဒိုမြို့၌ နေချင်ပုံရသည်။ အထူးသဖြင့် အသက်သွင်းထားသော မှော်စက်ဝိုင်းများ၊ ခံစစ်အဆောက်အအုံများကြောင့် ငရဲဟိုက်ဒြာဗိုလ်ခြေတို့က ပြင်းထန်သော ခုခံမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းတို့မှာ မြို့တော်ထံ တိတ်တဆိတ် လာရောက်ခိုလှုံခဲ့သော မော်ဒိုမြို့အား ယခင်လည်ပတ်ခဲ့သူ ဂျိုးဆက်ပ်၏ ကျေးဇူးကြောင့် ဖြစ်သည်။ သို့သော်လည်း သူသေပြီးနောက် သူ အပတ်တကုတ် စီမံခဲ့သော ပစ္စည်းကိရိယာများ အားလုံးကို မြို့တော်စစ်တပ်အား ရင်ဆိုင်ရန်အတွက် အသုံးပြုလိမ့်မည်ဟု လုံးဝထင်ထားမည် မဟုတ်ပေ။

ငရဲဟိုက်ဒြာဗိုလ်ခြေမှ စစ်သည်များလည်း ၎င်းကို သည်းခံနေခဲ့သည်။ ပြင်းထန်လှသော တိုက်ခိုက်မှုများအောက်တွင် မှော်စက်ဝိုင်းများနှင့် ခံစစ်အဆောက်အအုံး တစ်ခုပြီးတစ်ခု ပြိုပျက်သွားခဲ့သည်။ နောက်ဆုံး၌ အမှောင်လစစ်တပ် တောင့်မခံနိုင်တော့ဘဲ မော်ဒိုမြို့မှ လုံးဝ ရွှေ့ပြောင်းကြရတော့သည်။

စစ်သည်များ၏ အော်ဟစ်သံများကို နားထောင်ရင်း မော်ဒိုမြို့ကို အောင်အောင်မြင်မြင် ပြန်လည်ရယူနိုင်ခဲ့သော ဆာမိုအာ တက်ကြွအားရသွားသည်။ စစ်သည်များအား မော်ဒိုမြို့ နေရာတိုင်းကို သိမ်းပိုက်ရန် အလျင်အမြန် အမိန့်ပေးနေရင်း ဆုလာဒ်ရရှိရန်အတွက် ဆာမိုအာက အိုဆိုင်ဒန်ထံ တိုက်ပွဲအကြောင်း သတင်းပို့ရန် လူလွှတ်လိုက်သည်။

နောက်တစ်ဆင့်မှာ သွေးမြူတောင်ကြားကို ထောက်ပံ့ပေးရန် ဖြစ်သည်။ အနိုင်ရရှိပြီးနောက် စစ်သည်များ စိတ်အားတက်ကြွသွားသော်လည်း ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ အတော်လေး အားနည်းနေပြီ ဖြစ်သည်။ သူတို့သည် ချက်ချင်းပင် အနားယူရပေမည်။

ဆာမိုအာ၏အကြံမှာ ရက်အနည်းငယ်ကြာ “အနားယူပြီး အားပြန်ဖြည့်ရန်” ဖြစ်သည်။ သူက နက်စ်တာကို ကယ်တင်ရန်အတွက် မစတေးချင်ပေ။ ထို့ပြင် သူက မော်ဒိုမြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့သော မှတ်တမ်း ရရှိထားပြီ ဖြစ်သည်။ ၎င်းက စစ်တပ်၏ စိတ်ဓာတ်ကို တိုးမြှင့်ပေးနိုင်သော ထိပ်တန်းအကျိုးပြုမှုနှင့် ညီမျှသည်။ ထို့ကြောင့် သူတို့ကို “အချိန်မီ” မကယ်နိုင်သည့်တိုင် သူ အပြစ်တင်ခံရမည် မဟုတ်ပေ။

လော့ဒ်နှစ်ဦးနှင့် ဆွေးနွေးပြီးနောက် ဆာမိုအာက ခုခံရန်အတွက် စစ်သည်များအား မော်ဒိုမြို့၌ စခန်းချရန် စီစဉ်လိုက်သည်။ ထို့နောက် သူတို့က အကာကွယ်မျှော်စင်များနှင့် အခြားအဆောက်အအုံများကို ပြင်ဆင်သည်။

ဒီညတော့ ငါတို့ ကောင်းကောင်း အိပ်ရလောက်တယ်။

All Chapters