သစ္စာဖောက်တာလား
Vol. 34 Ch. 501
ဆာမိုအာ၏ အိပ်မက်လှလှများ တာရှည်မခံခဲ့ပေ။ ညနက်ပိုင်း ဆူညံသံက သူ့ကို ရုတ်တရက် နိုးသွားစေသည်။ တစ်စုံတစ်ယောက်က မြို့ထဲ၌ မိုးရှို့ခဲ့ပုံရသည်။ ဆာမိုအာ မျက်မှောင်ကြုတ်လိုက်သည်။ ဒါ အမှောင်လကကောင်တွေပဲ ဖြစ်ရမယ်။ ဒါက ဘယ်တော့ အဆုံးသတ်မှာလဲ။ စစ်တပ်တစ်ခု၏ စောင့်ကြပ်မှု အောက်မှာ ရှိနေတဲ့ မော်ဒိုမြို့ကို မင်းတို့ ပြန်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား။
“ဗိုလ်ချုပ်။” လက်ထောက်တပ်မှူး လိုင်ရာစ်က အလောတကြီး သတင်းပို့လာသည်။ “မြို့ထဲက အရေးပါတဲ့ နေရာတွေမှာ မီးလောင်နေတယ်။ စစ်တန်းလျား အနီးမှာလည်း အဆိပ်ငွေ့တွေ အများကြီး ပေါ်ထွက်လာတယ်။ ပြီးတော့ စစ်သည်တွေ အများကြီး အဆိပ်မိကုန်ပြီ။”
“ချီးပဲ။” ၎င်းကို အမှောင်လက ပြုလုပ်ပြန်ခြင်းဖြစ်ကြောင်း ဆာမိုအာ သိသည်။ ဒီရန်သူတွေက စစ်တပ်ရဲ့ပြိုင်ဘက် မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုမျိုး နှောင့်ယှက်တာက တကယ် စိတ်ရှုပ်စရာကောင်းတယ်။ မြို့ထဲမှာ သူလျှိုတွေ အများကြီး ကျန်နေသေးတဲ့ပုံပဲ။
“မီးသတ်ဖို့နဲ့ အစောင့်တွေ တင်းကြပ်ဖို့ ကျုပ် လူလွှတ်ပြီးပြီ။ ဒါပေမဲ့ အဆိပ်မိတဲ့ စစ်သည်တွေကိုတော့ တော်တော်လေး ကိုင်တွယ်ရ ခက်ခဲနေတယ်။ ပုံမှန် အဆိပ်ဖြေ ဆေးရည်က အလုပ်မဖြစ်ဘူး။ မှော်စွမ်းအားနဲ့ပဲ ထိန်းလို့ရတယ်။ ဒါပေမေဲ့ ကျုပ်တို့မှာ မှော်ပညာရှင်တွေ နည်းနည်းပဲ ရှိတယ်။ အဆိပ်မိတဲ့ စစ်သည်တွေ အများစုက နယ်မြေနှစ်ခုက....”
“ငါတို့ရဲ့ဗိုလ်ခြေက စစ်သားတွေကို အရင်ကူညီပေးဖို့ မှော်ပညာရှင်ကိုပြောလိုက်။” ငရဲဟိုက်ဒြာဗိုလ်ခြေမှ စစ်သည်အနည်းငယ်သာ အဆိပ်မိကြောင်း ကြားသည့်အခါ ဆာမိုအာက အနည်းငယ် စိတ်အေးသွားခဲ့သည်။ နာမည်ရယူရန် သူ့နောက်လိုက်ကြသော လူနှစ်ယောက်ကိုမူ သူ၏နှလုံးသားနက်နက်ထဲမှ အထင်သေးလေသည်။
“သိပါပြီ။ ဗိုလ်ချူပ်။”
လိုင်ရာစ် ပြန်ဖြေပြီး ထွက်သွားရန် ပြင်လိုက်စဉ် စစ်သည်တစ်ယောက်က အလျင်အမြန် သတင်းလာပို့သည်။ “ဗိုလ်ချုပ်။ မြို့တောင်ဘက် တောနက်ထဲမှာ လူတွေနဲ့မြင်းတွေ တစ်အုပ်ကြီးကို တွေ့တယ်။ ကြည့်ရတာ ရန်သူရဲ့ အဓိကအင်အားစု ဖြစ်မယ် ထင်တယ်။”
ယခင်နေ့ရက်များ၌ ဆာမိုအာက အမှောင်လ၏ ဆက်တိုက် နှောင့်ယှက်မှုကြောင့် ဒေါသထွက်နေခဲ့သည်။ သူက ရန်သူ၏အနာအား မထိနိုင်မည်ကို စိုးရိမ်နေစဉ် ရန်သူ၏ အဓိကအင်အားစု ချဉ်းကပ်လာကြောင်း ကြားသည့်အခါ ချက်ချင်းကို လက်သီးကို ဝှေ့ရမ်းလိုက်သည်။ “အခုပဲ ရန်သူကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြ။”
ဆာမိုအာက အလောတကြီးနှင့် စစ်တပ်တစ်ခု စီစဉ်ပြီးနောက် တောင်ပိုင်း တောနက်ထဲသို့ အမြန်ပြေးသွားတော့သည်။ ထင်ထားသည့်အတိုင်းပင် ရန်သူ၏ စစ်တပ်မှာ နဂိုပြောက်ကျားတပ်ထက် များပြားသည်။ သိပ်သည်းလှသော မီးတိုင်များကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး သောင်းနှင့်ချီ ရှိနိုင်သည်။ သို့သော်လည်း ဆာမိုအာ၏ စစ်ရေးအင်အားနှင့်ယှဉ်လျှင် နည်းလွန်းနေသေးသည်။
အမှောင်လစစ်တပ်က သေသေချာချာ ပြင်ဆင်ထားလေသည်။ ဆာမိုအာ၏ စစ်တပ် ရောက်လာသည်ကို မြင်သည့်အခါ သူတို့ မချဉ်းကပ်ခင်မှာပင် မြားမိုးရွာသည်။ ဆာမိုအာက ရန်သူ၏မြားများက ပစ်နိုင်သော အကွာအဝေး ကျယ်လွန်းကြောင်း မြင်ခဲ့ရသည့်အတွက် မပြင်ဆင်ထားဘဲ မနေခဲ့ပေ။ သူ အမိန့်ပေးလိုက်ရာ ရှေ့တန်းမှ အလွန်ကြီးမားသော ဒိုင်းကာများ ပေါ်ထွက်လာပြီး နောက်မှစစ်သည်များကလည်း ဒိုင်းကာအငယ်များ မြှောက်လိုက်ကြသည်။ ထိုကဲ့သို့ ခံစစ်မှာ အကန့်အသတ် ရှိပေသည်။ ထို့ပြင် အမှောင်ထဲ၌ မြားများကို မြင်နိုင်ရန် ခက်ခဲပေသည်။ မြားတစ်ခေါက်ပစ်ပြီးနောက် စစ်သည်အများကြီး လဲကျသွားခဲ့သည်။ သို့သော်လည်း ယခင် ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် ယှဉ်လျှင် လူသေနှုန်း အတော်လေးလျော့ပါးသွားခဲ့သည်။
.
နတ်ဆိုးဘုံ အဆင့်မြင့် မြားတပ်တွင် သုံးဆင့် အဆက်မပြတ် ပစ်ခတ်ခြင်း နည်းစနစ် ရှိသည်။ မြားသမားများကို အဖွဲ့သုံးဖွဲ့ ခွဲထားပြီး အလှည့်ကျ ပစ်ကြသည်။ အတော် ကြာသည်အထိ မြားမိုးများ အဆုံးမဲ့ဖြစ်နေပြီး ငရဲဟိုက်ဒြာဗိုလ်ခြေကို အနားမကပ် နိုင်အောင် တားဆီးထားနေသည်။ ဆာမိုအာက မြားများအကြား၌ ကြာချိန်ကို တိတ်တဆိတ် တွက်ချက်နေသည်။ ရန်သူများ၏ နောက်ထပ် သုံးချက် ပစ်ခတ်မည်ကို မစောင့်တော့ဘဲ သူက ရှေ့တန့်အား တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
သို့သော်လည်း မြားမိုးကြားထဲ၌ ရန်သူဆီသို့ ရဲရဲဝံ့ဝံ့ ပြေးသွားကြစဉ် မြေပေါ်မှ နားကွဲလုမတတ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ ပေါက်ကွဲမှုအတွင်းရှိ စစ်သည်များ လွင့်ထွက်ကာ ခြေလက်များ နေရာအနှံ့သို့ ရောက်ကုန်သည်။ ၎င်းမှာ စက်ဆုပ်ရွံရှာဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေသည်။
“လခွမ်း။ အဲဒါက မှော်မိုင်းတွင်းနက် ပဲ။” ဆာမိုအာ မနေနိုင်တော့ဘဲ ဆဲလိုက်မိသည်။ နောက်ဆုံး၌ ရန်သူက မည်သည့်အတွက်ကြောင့် တောနက်ထဲ အစောကြီး ရောက်လာသော်လည်း အချိန်တော်ကြာသည်အထိ မတိုက်ခိုက်ကြောင်း သူ သဘောပေါက်သွားသည်။ သိပ်မကြာခင်က မိုင်းတွင်းနက်များကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ခဏရပ်ပြီးနောက် မြားမိုးရွာလာပြန်သည်။
“ငရဲဟိုက်ဒြာဗိုလ်ခြေ။ မကြောက်နဲ့။ ပုံစံအတိုင်းနေနေ။” ဆာမိုအာ အော်ပြော လိုက်သည်။ “ဒုတိယဗိုလ်ခြေနဲ့ တတိယဗိုလ်ခြေ တိုက်ခိုက်ကြ။”
ဒုတိယဗိုလ်ခြေနှင့် တတိယဗိုလ်ခြေက လော့ဒ်နှစ်ဦး၏ စစ်တပ်များ ဖြစ်ကြသည်။ လော့ဒ်တစ်ယောက်က ပြောလိုက်သည်။ “ဗိုလ်ချုပ်။ မှော်မိုင်းတွင်းနက်က အားကောင်းလွန်းတယ်။ ကျုပ်တို့ နောက်လမ်းလမ်းတစ်ခု ရှာသင့်တယ်....”
သူ စကားပြောမပြီးသေးခင်မှာပင် သတ်ဖြတ်ချင်စိတ်တစ်ခုဖြင့် ဝိုင်းခံလိုက်ရသည်။ ဆာမိုအာ၏ မျက်လုံးများ နီရဲနေ၏။ “ဒီတစ်ခေါက် မင်း သတ္တိကြောင်ရဲဦးမယ်ဆိုရင် အခု မင်းရဲ့ခေါင်းကို ငါ ဖြတ်ပစ်မယ်။”
မရသည့်အဆုံး လော့ဒ်နှစ်ဦးက ရွေးစရာမရှိတော့ဘဲ စစ်တပ်ကို ချီတက်ခိုင်းရ တော့သည်။ တန်ဖိုးတစ်ခု ပေးဆပ်ပြီးနောက် သူတို့က မှော်မိုင်းတွင်းနက်များကို အမြောက်စာများသုံးပြီး ကျော်လွှားနိုင်ခဲ့သည်။ အမှောင်လစစ်တပ်က တိုက်ပွဲက မဆွဲဆန့်ခဲ့ပေ။ သူတို့က မြားများဖြင့် တိုက်ခိုက်နေရင်း နောက်ဆုတ်နေသည်။ သို့သော်လည်း သေစေနိုင်မှုမှာ ယခင်လောက် မပြင်းထန်တော့ပေ။ နီးကပ်လာသော ငရဲဟိုက်ဒြာဗိုလ်ခြေကလည်း မြားများ စတင်ပစ်ခတ်လာပြီး အသေအကြေတချို့ ဖြစ်စေခဲ့သည်။
ဆာမိုအာက ဓားမောက်ရှည်ကိုထုတ်ပြီး စစ်တပ်တစ်ခုလုံးကို တိုက်ခိုက်ရန် အမိန့်ပေးတော့မည် ပြင်လိုက်စဉ် စစ်သည်တစ်ယောက်က ရုတ်တရက် သတင်းလာပို့သည်။ “ဗိုလ်ချူပ်။ သတင်းဆိုးပဲ။ မော်ဒိုမြို့ကို ရန်သူ မြင်းတပ် ရောက်လာတယ်။ စစ်တန်းလျား အလစ်တိုက်ခိုက်ခံရပြီးတော့ စစ်တပ်စားစရာတွေအကုန် မီးရှို့ခံလိုက်ရပြီ။”
“ဘာပြောတယ်။” ဆာမိုအာ အံ့အားသင့်ပြီး ဒေါသထွက်သွားသည်။ “အမှိုက်ကောင်...”
လက်ထောက်တပ်မှူး လိုင်ရာစ်က ကြောက်ရွံ့မှုများ အပြည့် ဖြစ်နေသည်။ “ခုနက မော်ဒိုမြို့ကနေ အမှောင်လစစ်တပ်ကို ငါတို့ မောင်းထုတ်ခဲ့တယ် မဟုတ်လား။ ဒီမြင်းတပ်သားတွေ အများကြီး ဘယ်ကရောက်လာတာလဲ။”
မော်ဒိုမြို့ မသိမ်းပိုက်ခံရခင် နေ့ရက်များ၌ ထောင်ခြောက်အမျိုးမျိုးနှင့် လျို့ဝှက် တယ်လီပို့အမှတ်များ ပြုလုပ်ထားခဲ့သည်ကို ဆာမိုအာ မသိခဲ့ပေ။ တောင်ပိုင်း တောနက်ထဲသို့ အဓိကအင်အားစုကို ဆာမိုအာ ဦးဆောင်သွားစဉ် အမှောင်လစစ်တပ်က ၎င်းတို့ကို အခွင့်ကောင်းယူပြီး စီးနင်းဝင်ရောက်ကို စစ်တပ်စားစရာများကို မီးရှို့ဖျက်ဆီး ခဲ့သည်။
ရိက္ခာအထောက်အပံ့များမှာ စစ်တပ်အတွက် မရှိမဖြစ်အရာ ဖြစ်သည်။ စစ်တပ် ထောက်ပံ့ရေးအရာရှိ၏ သိုလှောင်ပစ္စည်းထဲ၌ အရေးပေါ်စားစရာများ ရှိသော်လည်း အယောက်တစ်သိန်းနီးပါးရှိသော စစ်တပ်အတွက် ၎င်းမှာ ရေပုံးထဲမှ ရေတစ်စက်သာ ဖြစ်လေသည်။ ထိုသတင်းကို ကြားသောအခါ စစ်သည်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ထိုအချိန်၌ မြို့တော်စစ်တပ် နောက်တန်း၌ ဆူပူအုံကြွမှုတစ်ခု ဖြစ်နေသည်။ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်းမျိုး ဖြစ်ဟန်တူသည်။
“အဲဒါ ရန်သူရဲ့ မြင်းတပ်ပဲ။”
“သတိထားကြ။”
အမြန်ရွေ့လျား နေကြသော လူနှင့်မြင်းအဖွဲ့က မြို့တော်စစ်တပ်နောက်တွင် ပေါ်ထွက်လာသည်။ မြင်းတပ်၏ အားကောင်းသော ရွှေ့ပြောင်းနိုင်မှုနှင့် ချီတက်သော အဟုန်တို့ကို ထိုကဲ့သို့ မြေပြန့်၌ ကြီးကြီးမားမား ထုတ်လွှတ်လိုက်သည်။ ချီတက်မှုကြောင့် နောက်ဘက်မှပုံစံ ပျက်စီးသွားခဲ့သည်။
“သူတို့ကို ဝိုင်းထား။” ဆာမိုအာ အော်ပြောလိုက်သည်။ “မြင်းတပ်သားအကုန် ငါ့နောက်လိုက်ခဲ့ကြ။”
ငရဲဟိုက်ဒြာဗိုလ်ခြေမှာ အဓိကအားဖြင့် ခြေလျင်တပ်သားများ ရှိကြသော်လည်း မြင်းတပ်သား ထောင်နှင့်ချီ ရှိနေသေးသည်။ ဆာမိုအာ၏ ဦးဆောင်မှု အောက်တွင် သူတို့က အမှောင်လ၏ မြင်းတပ်ဆီသို့ ပြေးသွားကြသည်။
ဦးဆောင်သော ဆာမိုအာက ကြီးမားသောအင်အားကို ပြသခဲ့သည်။ ရန်သူများထံ သူဖြတ်သွားတိုင်း သူ့လက်ထဲမှ ဓားမောက်ရှည်က လေကဲ့သို့ပင် နှစ်ပိုင်းဖြတ်လိုက်သည်။
သို့သော်လည်း ဆာမိုအာက အရေအတွက် အနည်းငယ်ကိုသာ သတ်ပစ်နိုင်ခဲ့သည်။ အမှောင်လ၏ မြင်းတပ် အရည်အသွေးမှာ အတော်လေး မြင့်မားလှသည်။ သူတို့က တိုက်ပွဲကို မဆွဲဆန့်ဘဲ နောက်တန်းကို ခြေဖျက်ရန်အတွက် မြင်းများ၏ အမြန်နှုန်းနှင့် မြေအနေအထားကို အပြည့်အဝ အသုံးချခဲ့သည်။ ငရဲဟိုက်ဒြာ မြင်းတပ်ပင် သူတို့ကို မတားဆီးနိုင်ခဲ့ပေ။
အမှောင်လရဲ့ မြင်းတပ်က တကယ် အင်အားကြီးတာပဲ။
ဆာမိုအာ တိတ်တဆိတ် အံ့သွားသင့်သွားသည်။ ထိုမြင်းတပ်က ဝတ်ရုံကဲ့သို့ ဖုံးကွယ်မှုများနှင့် ဖုံးလွှမ်းထားသော်လည်း ဓားမောက်ရှည်များ ဒိုင်းကာငယ်များမှာ အဖွဲ့အစည်းတစ်ခုခု၏ သီးသန့် ဖြစ်နေသကဲ့သို့ ဖြစ်နေကြောင်း သူက ချက်ချင်းပင် သိရှိသွားခဲ့သည်။
သို့သော်လည်း ဝတ်ရုံဝတ်ထားပြီး မျက်နှာဖုံးတပ်ထားသော အမှောင်လ မြင်းတပ် ခေါင်းဆောင် အပြေးရောက်လာသည့်အတွက် ဆာမိုအား အများကြီး စဉ်းစားမနေခဲ့ပေ။
ဝတ်ရုံနှင့်လူ လက်ထဲမှ ဓားမောက်ရှည်ကို တစ်ချက်ဝှေ့ရမ်းလိုက်ရာ အနက်ရောင် မီးတောက်တစ်ခု ထွက်လာသည်။ လမ်းတစ်လျှောက်ရှိ ငရဲဟိုက်ဒြာဗိုလ်ခြေ စစ်သည်များ အနားမရောက်ခင်မှာပင် ပြာဖြစ်သွားကြသည်။
“[ မီးတောက်နက်] ပဲ။” ရန်သူ၏စွမ်းအားမှာ မိမိနှင့်အတူတူပင် ဖြစ်ကြောင်း ဆာမိုအာ ခံစားလိုက်မိသည်။ သူက မြင်းပေါ်မှ ပျံတက်သွားလိုက်ပြီးနောက် သူ၏ ခရမ်းရောင်မျက်လုံးများက အဖြူအမည်းအဖြစ် ပြောင်းလဲသွားသည်။ ဓားမောက်ရှည်ကို အနက်ရောင်မီးတောက် အလွှာတစ်ခု ရစ်ပတ်သွားပြီးနောက် သူက ရန်သူ၏ [ မီးတောက်နက် ] ကို ခုတ်ပိုင်းလိုက်သည်။ သူ၏လှုပ်ရှားမှုမှာ အလွန်မြန်ဆန်လှသည်။ [ မီးတောက်နက် ] က အပိုင်းပိုင်း ပြတ်ထွက်သွားပြီးနောက် မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
ထိုခုန်လွှားမှုနှင့်အတူ ဆာမိုအာက ထိုသူနှင့် အကွာအဝေး ကျဉ်းမြောင်းသွားသည်။ တစ်ဖက်လူက အားနည်းမှု မပြသဘဲ ဆာမိုအာကို ရင်ဆိုင်ရန်အတွက် မြင်းပေါ်မှ ပျံတက်သွားလိုက်သည်။
ထိုအချိန် ပုံရိပ်တစ်ခု ထိတော့မည့်အချိန်၌ ဆာမိုအာ၏ ဓားမောက်ရှည်မှာ သုံးဆခန့် ကြီးမားသွားပြီး လက်ကိုင်ရှည် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ထိုပြောင်းလဲမှုမှာ ရုတ်တရက် ဖြစ်လွန်းလှပြီး တစ်ဖက်လူက အလိုအလျောက် ဓားကို လည်ပင်းနှင့်ခံသလို ဖြစ်သွားနိုင်ပေသည်။ ဆာမိုအာက ထိုလှည့်ကွက်ဖြင့် ပြိုင်ဘက်များကို အနိုင်ယူခဲ့ဖူးသည်။ ထို့ပြင် သူက ရန်သူကို အမြန်ဆုံး သတ်ပစ်ပြီး သူ့စစ်တပ်ကို စိတ်ဓာတ်ကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်ရန် ဆုံးဖြတ်ထားခဲ့သည်။
ဆာမိုအာ အံ့အားသင့်သွားသည်မှာ ထိုသူ့ကို သူ အတော်လေး ရင်းနှီးနေသလို ခံစားနေရခြင်းပင်။ ထိုသူက ထိုလှည့်ကွက်ကို မြင်ဖူးနေခဲ့သည်။ ထိုသူ၏လက်ထဲ၌ ကြီးမားသော လေးထောင့်ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။ ထို “ရှည်လျားသွားသော” ဓားက လေးထောင့်ဒိုင်းကာကို ဖြတ်သွားပြီးနောက် အနက်ရောင်မီးပွင့်များ ဖြစ်သွားစေသည်။ ၎င်းသည် ဒိုင်းကာပေါ်၌ ခြစ်ရာအသေးလေးသာ ဖြစ်စေခဲ့ပြီး ကြီးကြီးမားမား မထိခိုက်စေခဲ့ပေ။ ထိုစဉ် ဓားမောက်ရှည်တစ်လက်က လျှပ်စီးသဖွယ် မြှောက်တက်လာသည်။
ဆာမိုအာ ထိတ်လန့်သွားခဲ့ပြီး ရှောင်တိမ်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ခြေတစ်လှမ်း နှေးသွားခဲ့သေးသည်။ သူ၏လက်အကာမှ နက်ရှိုင်းလှသော ဒဏ်ရာတစ်ခု ဖြစ်သွားသည်။ မီးတောက်နက်ကြောင့် ချပ်ကာပင် အရည်ပျော်သွားကာ သူ၏ ဒဏ်ရာထဲသို့ စီးဝင်းသွားသည်။ သူ မနေနိုင်တော့ဘဲ နာကျင်စွာဖြင့် ညည်းတွားလိုက်မိသည်။
ဆာမိုအာ၏နှလုံးသား တုန်ခါသွားခဲ့သည်။ ထိုလှည့်ကွက်ကို သူ အရင်းနှီးဆုံး ဖြစ်သည်။ ကြယ်ကြွေတမန်အင်ပါယာ နန်းတော်အရှေ့တိုက်ပွဲ၌ အိုဆိုင်ဒန်၏ အကြည့်အောက်တွင် ပြိုင်ဘက်တစ်ယောက်က ထိုလှည့်ကွက်ကိုသုံးခဲ့ပြီး နောက်ဆုံး၌ သူက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရသည်။
တစ်ဦးချင်း ယှဉ်ပြိုင်မှုသာမက ဗိုလ်ခြေပြိုင်ပွဲ၌လည်း ထိုသူက သူ့ကို အနိုင်ယူခဲ့ဖူးသည်။ ထိုအချိန်မှစ၍ သူက ထိုပြိုင်ဘက်ကို အငြိုးထားကာ တမင်တကာ ဆန့်ကျင်နေခဲ့သည်။
“မင်းပဲ။”
၎င်းကို တွေးနေရင်း ဆာမိုအာ ရုတ်တရက် တုံ့ပြန်လိုက်သည်။ လူစီဖာ တော်ဝင်မိသားစုရဲ့ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်း။ ဒီလိုစွမ်းအားကြီးတဲ့ မြင်းတပ်၊ ရင်းနှီးတဲ့ ဒိုင်းကာငယ် နဲ့ ဓားမောက်ရှည်....ဒါ အဲဒီလူပဲ။
သူ စိတ်ပျံ့လွင့်နေစဉ် မီးတောက်နက်များ ဖုံးလွှမ်းနေသော တစ်ဖက်လူ၏ ဓားမောက်ရှည်က သူ့ရင်ဝထံ တည့်တည့်ရောက်လာသည်။ သို့သော်လည်း ဆာမိုအာကို ထိုဓားမောက်ရှည် မထိခင်မှာပင် သူ၏ပုံရိပ် ရုတ်တရက် နောက်ဆုတ်သွားသည်။ ဆာမိုအာ အရှေ့၌ နောက်တစ်ယောက် ရှိနေခြင်း ဖြစ်သည်။ ၎င်းမှာ ဆာမိုအာကို ကာကွယ်ရန် လိုက်ပါလာခဲ့သော အကြီးအကဲမိသားစုမှ နတ်ဆိုးအရှင်သခင်အဆင့်ဖြစ်သော ဇီတာ ဖြစ်လေသည်။
ဇီတာ၏ စွမ်းအားက ဝတ်ရုံနှင့်ခေါင်းဆောင်ကို အသေမှတ်ထားပြီးနောက် သူ၏ သတ်ဖြတ်ချင်စိတ်ကို ထုတ်လွှတ်လိုက်သည်။ သာမန်အခြေအနေ၌ ဇီတာက ဆာမိုအာ၏ အသက်ကိုသာ ကွယ်ပေးရမည် ဖြစ်သည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ ဇီတာ လှုပ်ရှားချင်ခဲ့သည်။ အမှောင်လရဲ့ မြင်းတပ်က အတော်လေး အင်အားကြီးတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ပြခဲ့တယ်။ ပြီးတော့ ငရဲဟိုက်ဒြာ ဗိုလ်ခြေက အခုလက်ရှိ သူတို့ကို မကျော်လွှားနိုင်ဘူး။ ဒီဝတ်ရုံနဲ့ခေါင်းဆောင်ကို သတ်ပစ်လိုက်မယ်ဆိုရင် ရန်သူတွေ အဟန့်အတား ဖြစ်စေလောက်တယ်။
“နက်စ်တာ..”
ဆာမိုအာ အော်ပြောလိုက်ပြီး သူ၏အနီရောင်မျက်လုံးများက ဝတ်ရုံနှင့် ခေါင်းဆောင်ကို စိုက်ကြည့်နေသည်။
ဇီတာလည်း အံ့အားသင့်သွားသည်။ ဒီရန်သူက မှော်အရိပ်ဗိုလ်ခြေရဲ့ တပ်မှူး နက်စ်တာလား။ နက်စ်တာက သွေးမြူတောင်ကြားမှာ အမှောင်လစစ်တပ်ကြောင့် ပိတ်မိနေပြီးတော့ ကယ်တင်ခံရဖို့ စောင့်နေတာ မဟုတ်ဘူး။ ဘယ်လိုလုပ် သူ....
ဝတ်ရုံနှင့်လူ အနည်းငယ် တုန်လှုပ်သွားပြီး ဘာမှ မပြောခဲ့ပေ။ ဇီတာက သူ့ကို ဖမ်းပြီး စုံစမ်းရန် ပြင်လိုက်သည်။ သို့သော်လည်း ပြင်းထန်လှသော မီးတောက်များကို မြင်သည့်အခါ သူ မျက်မှောင်ကြုတ်လိုက်သည်။ မီးတောက်များ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုက ဘယ်ကမှန်းသိ ပေါ်ထွက်လာပြီး သူတို့ကို လက်သီးဖြင့် ထိုးလိုက်သည်။
ဇီတာက ရန်သူလက်သီး၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခံစားမိသည့်အတွက် သတိလက်လွတ် မနေရဲပေ။ သူ၏လက်ထဲ၌ အမှောင်မှော်တောင်ဝှေးတစ်လက် ပေါ်ထွက်လာသည်။ ၎င်းက လေအေးများကို ထုတ်လွှတ်လိုက်ပြီး ရေခဲလက်သီးအဖြစ် သိပ်သည်းသွားကာ ထိုလက်သီးချက်ကို ခုခံလိုက်သည်။
လက်သီးနှစ်ခု ထိသွားသောအခါ ထင်ထားသကဲ့သို့ ကြီးမားလှသော တုန်ခါမှု မဖြစ်လာခဲ့ဘဲ အုန်းခနဲ အသံထွက်လာကာ အားကောင်းသော အားစက်ကွင်းများ ပျံ့နှံ့သွားပြီး လူတိုင်းကို တွန်းထုတ်လိုက်ကြသည်။ နတ်ဆိုးဧကရာဇ်အဆင့်ဖြစ်သော ဆာမိုအာနှင့် ဝတ်ရုံဝတ်ခေါင်းဆောင်သည်ပင် ခြွင်းချက် မဟုတ်ပေ။ အားနည်းသော သူအချို့က ပြာအဖြစ်ပြောင်းလဲသွားပြီး အချို့က ရေခဲများအဖြစ် ပြန့်ကျဲသွားခဲ့သည်။
“ဗာနင်မ်တိုရို။” ဇီတာက မီးတောက်ထဲမှ ပုံရိပ်ကိုကြည့်ပြီး သရော်ပြုံး ပြုံးလိုက်သည်။ “မင်းက တကယ် အမှောင်လဆီမှာ အညံ့ခံခဲ့တာပဲ။ မင်းက တိုရိုမိသားစုနဲ့ ငါတို့ရဲ့ အကြီးအကဲမိသားစု တစ်ခုလုံးကို အရှက်ရစေတယ်။”
ဗာနင်မ်က အမှောင်လလေလံပွဲ၌ မိစ္ဆာသစ်သီးကို လုယူရန် ကြိုးစားခဲ့သော နတ်ဆိုးအရှင်သခင်အဆင့် လုပ်ကြံသူတစ်ယောက် ဖြစ်သည်။ သူက အဖမ်းခံခဲ့ရပြီးနောက် အညံ့ခံခဲ့သည်။ ယခုတွင် သူ့ကို အကြီးအကဲမိသားစုမှဖြစ်သော နတ်ဆိုးအရှင်သခင်အဆင့် ဇီတာက မှတ်မိသွားခဲ့သည်။
“မြန်မြန်လုပ်။” ဗာနင်မ်က ဇီတာ၏ မေးခွန်းကို လျစ်လျူရှုပြီး နောက်ဘက်မှ ဝတ်ရုံနှင့်ခေါင်းဆောင်ကိုသာ အော်ပြောလိုက်သည်။
ခေါင်းဆောင်က ချက်ချင်းပင် မြင်းစီးပြီး ခရာတစ်မျိုးကို မှုတ်လိုက်သည်။ ရုတ်တရက် မြင်းတပ်သားအများအပြားအပေါ်၌ အနီရင့်ရောင် အလင်းတစ်ခု ပေါ်ထွက်လာပြီးနောက် သူတို့၏အမြန်နှုန်း ရုတ်တရက် တိုးသွားသည်။ ခဏအကြာ၌ သူတို့က နောက်မှလိုက်နေသော စစ်သည်များနှင့် ပို၍ပို၍ ဝေးလာပြီး မြို့တော်ရှေ့တန်းစစ်တပ်၏ ပိတ်ဆို့မှုမှ ဖောက်ထွက်နိုင်ခဲ့သည်။ သူတို့က အမှောင်လ စစ်တပ်နှင့် ပူးပေါင်းပြီး အလျင်အမြန် ဆုတ်ခွာကြတော့သည်။
“[မှော်အရိပ်ချီတက်ခြင်း] ပဲ။” ဆာမိုအာက ဒေါတသကြီးနှင့် အော်ပြောလိုက်သည်။ ဓားမောက်ရှည်ကို ကိုင်ထားသော သူ၏ လက်ဆစ်များပင် အဖြူရောင် ပြောင်းသွားခဲ့သည်။
ဇီတာက သူ့ကိုတားရန် ပြင်လိုက်စဉ် ဗာနင်မ်၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များ ပြင်းထန်သွားခဲ့သည်။ ထို့နောက် ဥက္ကာပျံကဲ့သို့ မီးတောက်များက ဇီတာထံ ကျလာခဲ့သည်။ ဇီတာ ရှောင်တိမ်းလိုက်လျှင် ထိုကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကြောင့် ဆာမိုအာ ထိခိုက်သွားမည် ဖြစ်သည်။ အသည်းအသန်နှင့် သူက တောင်ဝှေးကို ဝှေ့ရမ်းလိုက်သည်။ လေအေးများက ပိုက်ကွန်ကြီးတစ်ခုအဖြစ် ယှက်ဖွဲ့သွားပြီး မီးတောက်များ ထိသွားသောအခါ တရှဲရှဲ အသံများ ပေါ်ထွက်လာသည်။ သိပ်မကြာခင်၌ နှစ်ဖက်လုံးမှ စွမ်းအားများ အချင်းချင်း ပယ်ဖျက်ကုန်ကြသည်။
ဗာနင်မ်က ဇီတာနှင့် သုံးလေးခေါက် တိုက်ခိုက်ပြီးနောက် အခွင့်အရေးကို မြင်သည့်အခါ ညကောင်းကင်ထဲ ပျောက်ကွယ်သွားတော့သည်။ ဇီတာ ဗာနင်မ်ကို လိုက်မမှီခဲ့ပေ။ သူ စဉ်းစားနေလိုက်သည်။ ဗာနင်မ်ရဲ့ နဂိုစွမ်းအားက ငါ့ထက်နိမ့်ကျတယ်။ အခုတော့ လက်ရည်တူသွားပြီ။ ကြည့်ရတာ အမှောင်လကို အညံ့ခံပြီးတော့ အကြောင်းရင်း တစ်ခုခုကြောင့် သူ့ရဲ့စွမ်းအား တိုးတက်သွားတာ ဖြစ်မယ်။
တစ်ဖက်တွင်လည်း ဆာမိုအာက သူ၏တပ်သားများအား အမှောင်လစစ်တပ်ကို လိုက်ခိုင်းခဲ့သည်။ ရန်သူများ တဖြည်းဖြည်း ဝေးလာနေသည်ကိုကြည့်ရင်း အမှောင်ထဲ၌ အခြားတိုက်ခိုက်မှုများ ရှိနိုင်မနိုင် မသိသည့်အတွက် ဒေါသတကြီးနှင့် သူ ရပ်တန့်လိုက်ရသည်။
ယခုတစ်ခေါက် မြို့တော်စစ်တပ်က ရန်သူ၏ အသေအကြေထက် ပိုမိုဆုံးရှုံး ခဲ့ရသည်။ ရိက္ခာများပင် ရန်သူ၏ မြင်းတပ် စီးနင်းတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းသွား၏။ မော်ဒိုမှ ပြန်ရောက်လာသော ဆာမိုအာ ဒေါသထွက်သွားသည်။
“မြင်းတပ်ကို ဦးဆောင်ခဲ့တာက နက်စ်တာဆိုတာ သေချာလား။”
“သေချာပါတယ်။ ဆာ-ဇီတာ။” ဆာမိုအာက အသေအချာ ပြောသည်။ “သူက ဝတ်ရုံဝတ်ထားပေမဲ့ သူ့ဓားစွမ်းရည်နဲ့ မှော်အရိပ်ဗိုလ်ခြေအတွက် သီးသန့်ဖြစ်တဲ့ [မှော်အရိပ်ချီတက်ခြင်း] ပြီးတော့ ရန်သူ့အလောင်းတွေ ကျန်ခဲ့တဲ့ လက်နက်တွေကို ကျုပ်ရင်းနှီးနေတယ်.......။ သွေးမြူတောင်ကြားရဲ့ အကူအညီတောင်းတာက လျို့ဝှက် ကြံစည်မှုကြီးပဲ ဖြစ်ရမယ်။”
ဇီတာ စဉ်းစားနေလိုက်သည်။ “ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူး။ အခုအချိန် ငါတို့တွေ မဆင်မခြင် မလုပ်သင့်ဘူး။ အရှင်ရီဂျန့်ကို ဆုံးဖြတ်ချက်ချရအောင် သူ့ကို အမြန်ဆုံး သတင်းပို့ရမယ်။”
ဆာမိုအာ ခေါင်းညိတ်သည်။ လက်ထောက်တပ်မှူး လိုင်ရာစ်က ပြောလိုက်သည်။ “စစ်တပ်က အခု ရိက္ခာ ပြတ်လပ်နေပြီ။ ကျုပ်တို့ မလှုပ်ရှားရင်တောင် ဆက်ပြီးတောင့်ခံဖို့ ခက်လောက်တယ်။”
“ဘာမှမဖြစ်ပါဘူး။ မော်ဒိုမြို့ကနေ ငါတို့ စုဆောင်းလို့ရတာပဲ။” ဆာမိုအာ သရော်ပြုံး ပြုံးလိုက်သည်။ “အမှောင်လ ကျူးကျော်သူတွေကို မောင်းထုတ်ဖို့ ငါတို့ ကူညီပေးခဲ့တယ်လေ။ သူတို့က ငါတို့ကို ပေးသင့်တာပေါ့။ မင်း သွားပြီးတော့ အခုပဲ မြို့ဝန်ကို ရှာလိုက်။ သူ့ကို စားစရာတွေ ပေးခိုင်း။ မလုံလောက်ဘူးဆိုရင် စစ်သည်တွေကို ဦးဆောင်ပြီးတော့ အိမ်တိုင်းကနေ လိုက်ယူ။ ခုခံရဲတဲ့သူကို အမှောင်လရဲ့ သူလျှိုအနေနဲ့ အပြစ်ပေးမယ်။”
“ဟုတ်ကဲ့..”
နောက်ထပ်နေ့ရက်များ၌ မော်ဒိုမြို့က မကျေနပ်ချက်များ ပြည့်နှက်နေခဲ့သည်။ စားစရာ အတင်း စုဆောင်းခြင်းအပြင် စစ်သည်အများအပြားက လုယက်ခြင်း၊ မုဒိန်းကျင့်ခြင်းကဲ့သို့သော ရက်စက်ယုတ်မာမှုများ ကျူးလွန်ခဲ့ကြသည်။ ၎င်းမှာ ဆာမိုအာက တမင်တကာ မတားမြစ်သည့်အတွက်ကြောင့် မဟုတ်ဘဲ ၎င်းကို သူက စိတ်ဓာတ်မြှင့်တင်ခြင်းဟု ခေါ်လေသည်။ သူက လိပ်ပြာနီနယ်မြေ၏ ပြည်သူများနှင့် ကောင်းကောင်းမွန်မွန် နေနိုင်ရေးကို လုံးဝ ဂရုမစိုက်ပေ။
“ကူညီ”ရန် ရောက်လာသော မြို့တော်စစ်သည်များနှင့်ယှဉ်လျှင် အမှောင်လ စစ်တပ်က အလွန် စည်းကမ်းရှိလှသည်။ မြို့သူ/သားများ၏ စိတ်ထဲ၌ မြို့တော်မှ စစ်သည်များမှာ ကျူးကျော်သူများနှင့် ပိုတူနေသည်။
အိုဆိုင်ဒန်က တောင်မဲသစ်တောရှိ သွေးမြူတောင်ကြားကို တိုက်ခိုက်ပြီး လိပ်ပြာနီနယ်မြေမှ အမှောင်လစစ်တပ်ကို ရှင်းလင်းရန် အမိန့်ပေးခဲ့သည်ကို ဆာမိုအာ လက်ခံရရှိသည့် အတွက် ကြောက်စရာကောင်းသော နေ့ရက်များ ယာယီ ပြီးဆုံးသွားခဲ့သည်။ ရန်သူထံ အညံ့ခံခဲ့သည်ဟု သံသယရှိသော နက်စ်တာ အတွက်ကိုမူ အိုဆိုင်ဒန်၏ တောင်းဆိုချက်မှာ အရှင်ဖမ်းလာရန် ဖြစ်သည်။
ဆာမိုအာက ချက်ချင်းပင် သူ၏စစ်တပ်အား မော်ဒိုမြို့မှ ထွက်သွားခိုင်းလိုက်ပြီး တောင်ဘက်သို့ ဦးတည်ကာ တောင်မဲသစ်တောသို့ သွားတော့သည်။