← Chapters

“အမှန်တရား”

Vol. 34 Ch. 502

“အမှန်တရား”

Vol. 34 Ch. 502

ယခင်တစ်ခေါက် သင်ခန်းစာ ရထားပြီ ဖြစ်သည့်အတွက် ယခုတစ်ခေါက် ချီတက်ရာ၌ ဆာမိုအာ ပိုမိုသတိထားနေခဲ့သည်။ သူတို့က တဖြည်းဖြည်းနှင့် သွေးမြူ တောင်ကြားသို့ တစ်လှမ်းချင်း ရွေ့လျားလာကြသည်။

ထိုကဲ့သို့ပြင်ဆင်လိုက်ခြင်း၏ ထိရောက်မှုက အတော်လေး သိသာလှသည်။ လမ်းတစ်လျှောက် အနှောင့်အယှက်ပေးကြသော ရန်သူများက သုံးလေးကြိမ် မအောင်မြင်ပြီးနောက် လက်လျှော့လိုက်ရတော့သည်။ ဆာမိုအာက တစ်လှမ်းချင်း နီးကပ်လာပြီး မြို့တော်စစ်တပ်က ခုခံမှုအများအပြားနှင့် မကြုံတွေ့ခဲ့ရပေ။ ထို့နောက် သူတို့က အင်အားအလုံးအရင်းဖြင့် တောင်မဲတောနက်ထဲသို့ ရောက်ရှိသွားကြသည်။ ရှေ့တည့်တည့်တွင် သွေးမြူတောင်ကြား ရှိ၏။

“အမှောင်လက ငါတို့ကို ထိပ်တိုက် မရင်ဆိုင်ရဲဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ တိုက်ခိုက်ရေးစွမ်းအား မရှိလို့။ ဒါမှမဟုတ် သူတို့က ငါတို့ ထောင်ခြောက်တစ်ခုထဲ မျှားခေါ်ဖို့ ကြိုးစားနေတာ။” ဆာမိုအာက ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။

“ဗိုလ်ချုပ်။ ကျုပ်တို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ကျုပ်တို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ရန်သူက အနည်းဆုံး ဗိုလ်ခြေတစ်ခုစာ စေလွှတ်ရမယ်။ ဒါက အမှောင်လနယ်မြေ စုစုပေါင်းအင်အားရဲ့ သုံးပုံတစ်ပုံနဲ့ ညီမျှတယ်။” လိုင်ရာစ် မျက်မှောင်ကြုတ်လိုက်သည်။ “အမှောင်လက ဒီလိုအရဲစွန့်မယ် မထင်ဘူး။ ဒါပေမဲ့ ရန်သူက တော်တော်လေး ဉာဏ်များတယ်။ ပြီးတော့ လှည့်ကွက်တွေလည်း သုံးမှာ သေချာတယ်...”

“မီးနဲ့တိုက်ခိုက်တာမျိုးလား။” ဆာမိုအာ ဆက်ပြောသည်။ ထို့နောက် အနီးအနားရှိ သိပ်သည်းသော တောနက်ကိုကြည့်ပြီး ခေါင်းခါသည်။ “လိုင်ရာစ်။ မင်းစဉ်းစားတာ ကောင်းတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးက မီးနဲ့တိုက်ခိုက်ခံရတတ်တယ်။ ဒါပေမဲ့ ဒီတောင်မဲ သစ်တောက လောင်ကျွမ်းမှုမြင့်မားတဲ့ သစ်ပင်တွေ မရှိတဲ့အတွက် သိပ်ပြီးတော့ လောင်မှာ မဟုတ်ဘူး။ ဒီသစ်တောကို ကျောက်ဘုဇပတ်ပင်တွေနဲ့ အဓိက ဖွဲ့စည်းထားတာ။ ကျောက်ဘုဇပတ်ရဲ့ မီးလောင်မှတ်က အ‌တော်လေး မြင့်တယ်။ ပြီးတော့ ဒါကို မီးကာကုန်ကြမ်းအနေနဲ့ သုံးတတ်ကြတယ်။ နတ်ဆိုးအရှင်သခင် ထိပ်သီးအဆင့်ရဲ့ မီးစွမ်းအားနဲ့တောင် နေရာအကျယ်ကြီး မီးလောင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် စိတ်ပူစရာ မလိုဘူး။”

ဘေးဖက်မှ ဇီတာကလည်း အသာလေး ခေါင်းညိတ်လိုက်သည်။ သူက ရေမှော်ပညာနှင့် လေမှော်ပညာကို ကျွမ်းကျင်ပြီး မီးမှော်ပညာက နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့သည်။ ထို့ကြောင့် ဆာမိုအာ ပြောသည်မှာ မှန်ကန်ကြောင်း သူသိသည်။

“မြို့တော်ရဲ့ ထူးချွန်တဲ့ဗိုလ်ချုပ် ဆိုတဲ့ အတိုင်းပါပဲ။ ဗိုလ်ချုပ်က ဒါကိုတောင် သတိထားမိနိုင်တယ်။” လော့ဒ်တစ်ယောက်က အခွင့်‌ကောင်းယူပြီး ဆာမိုအာကို ချီးမွမ်းလိုက်သည်။

နောက်ထပ် လော့ဒ်တစ်‌ယောက်ကလည်း သံယောင်လိုက်သည်။ “အမှောင်လကို ချီတက်တဲ့နေရာမှာ ဗိုလ်ချုပ်က အတောက်ပဆုံးကြယ်ပွင့်ပဲ ဖြစ်ရမယ်။ ဗိုလ်ချုပ်နဲ့အတူ ကျုပ်တို့သွားရတာ အားသာချက်ကြီး တစ်ခုပဲ။”

အမှန်တကယ်၌ ဆာမိုအာက သစ်တောထဲသို့ စစ်တပ်အား ဦးမဆောင်ခင် လမ်းပြကို တမင်မေးခဲ့စဉ်က ကျောက်ဘုဇပတ်၏ ဝိသေသလက္ခဏာများကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ဆာမိုအာက “တောက်ပသောကြယ်ပွင့်” ကဲ့သို့ ချီးမွမ်းမှုများကို အပေါ်ယံ၌ နှိမ့်ချခဲ့သော်လည်း သူ၏စိတ်ထဲတွင် ၎င်းကို ယုံကြည်နေသည်။ ဆာမိုအာ ပြောလိုက်သည်။ “ဒီလှည့်ကွက်တွေကို ဖော်ထုတ်ပြီးတော့ အမှောင်လရဲ့ အင်အားနဲ့ တိုက်ခိုက်ရေးစွမ်းအားက တကယ်တမ်း ဒီထက်မပိုတော့ဘူး။ တကယ်လို့ အမှောင်လက သူတို့ရဲ့အင်အား သုံးပုံတစ်ပုံကို တကယ်အရဲစွန့်ရဲမယ်ဆိုရင် သူတို့အားလုံကို ရှင်းပြီးတော့ အရှင်ရီဂျန့်ဆီကို လက်ဆောင်အနေနဲ့ ပေးလို့ရမယ်။”

ဆာမိုအာ ထင်ထားသည့်အတိုင်းပင် သွေးမြူတောင်ကြားကို ဝိုင်းတိုက်ခဲ့သော အမှောင်လစစ်တပ်က အဆင့်ဆင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဆက်လက် မတိုက်ခိုက်ရဲတော့ဘဲ နောက်ဆုတ်သွားခဲ့ကြသည်။ မြို့တော်စစ်တပ်က သွေးမြူတောင်ကြား အနီးသို့ အလျင်အမြန် ပြေးလာကြသည်။ အဝေးမှကြည့်လျှင် တောင်ကြားဝင်ပေါက်ကို အမှောင်လစစ်တပ်က ဝိုင်းရံထားကြောင်း မြင်နိုင်ပေသည်။

စစ်ကူများ ရောက်လာကြောင်း သူတို့ သိသွားသကဲ့သို့ပင် သွေးမြူတောင်ကြား၌ လှုပ်ရှားမှုများ ရှိလာသည်။ တိုက်ခိုက်သံများလည်း နီးကပ်လာသည်။ ရှေ့နှင့်နောက်တွင် ရန်သူများကို မြင်လိုက်ရသည့်အခါ တောင်ကြား ဝင်ပေါက်ကို ဝိုင်းရံထားသော အမှောင်လစစ်တပ် လူစုကွဲသွား၏။ ထို့နောက် မြင်းတပ်ဖွဲ့များက အနီဖျော့ရောင် မြူများကြားထဲမှ ပြေးထွက်လာကြလေသည်။

အလင်းရောင် မြင်းတပ်၊ ဒိုင်းကာငယ်၊ ဓားမောက်ရှည်။ “ဝိုင်းတိုက်ကြတဲ့” စစ်သည်တွေက တကယ်ကြီး နက်စ်တာနဲ့ ခါနီတာ ဦးဆောင်တဲ့ မှော်အရိပ်ဗိုလ်ခြေ ဖြစ်နေတယ်။

သို့သော်လည်း အဝေးမှ မြင်းတပ် မချဉ်းကပ်နိုင်ခင်မှာပင် သူတို့ကို လာကယ်သော “မဟာမိတ်စစ်တပ်”က ကောင်းကင်ပေါ်သို့ မြားများ ရုတ်တရက် ပစ်လွှတ်နေသည်ကို သူတို့ မြင်လိုက်ရသည်။ မြင်းတပ်သား အနည်းငယ် သတိလက်လွတ်ဖြစ်သွားပြီး မြင်းပေါ်မှ ပြုတ်ကျကုန်သည်။

နက်စ်တာ အံ့အားသင့်သွားပြီး အော်ပြောလိုက်သည်။ “မပစ်နဲ့။ ငါက မြို့တော်ရဲ့ မှော်အရိပ်ဗိုလ်ခြေက နက်စ်တာလူစီဖာပါ။ ဒီမှာ ဗိုလ်ချုပ်က ဘယ်သူလဲ။”

“နက်စ်တာ။” ဆာမိုအာက စစ်သည်များအား အပစ်ရပ်ခိုင်းပြီး မျက်မှောင်ကြုတ် လိုက်သည်။ သူ၏လှောင်ရယ်သံက သစ်တောတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။ “မင်းငါ့ကို မှတ်မိသေးလား။”

“ဆာမိုအာ။” နက်စ်တာ မျက်မှောင်ကြုတ်ပြီး အော်ပြောသည်။ “လာကယ်တဲ့ အတွက် ကျေးဇူးပါပဲ။ အချိန်မဆွဲဘဲနဲ့ ပူးပေါင်းပြီးတော့ ဒီဝိုင်းရံမှုကနေ ဖောက်ထွက် ကြရအောင်။”

“မင်းနဲ့ ပူးပေါင်းရမှာလား။” ဆာမိုအာ၏ အတ္တဆန်သော အမူအရာ ပို၍ပင် ပေါ်လွင်နေသည်။ “ပြီးရင် မင်းက အမှောင်လစစ်တပ်နဲ့ ပူးပေါင်းပြီး ငါ့ရဲ့ စစ်တပ်အထောက်အပံ့တွေကို မီးရှို့၊ ငါ့ရဲ့စစ်သည်တွေကို သတ်ပစ်၊ နောက်ဆုံး ငါ့ကို ခေါင်းဖြတ်ပစ်မှာလား။”

“ဆာမိုအာ။ မင်း ဘာကိုပြောတာလဲ။ အခုအခြေအနေက အရေးကြီးနေတယ်။ ရန်သူတွေ ဝိုင်းရံတာ မပြီးခင်...”

နက်စ်တာ ပြောမပြီးခင်မှာပင် ဆာမိုအာ၏ ရယ်သံက သူ့ကို တားဆီးလိုက်သည်။ “ဟားဟား။ ဝိုင်းရံတာ ဟုတ်လား။ ရန်သူနည်းနည်းလေးက မင်းကို ဒီလောက် အကြာကြီး ဝိုင်းနိုင်တာ ဟုတ်လား။ မင်းငါ့ကို ငတုံးလို့ ထင်နေတာလား။”

နက်စတာက ဒေါသတကြီးနှင့် ပြောသည်။ “ဆာမိုအာ။ အခုက စစ်တိုက်နေတာ။ ကိုယ်ရေးကိုယ်တာ အငြိုးတွေအတွက် အချိန်မဟုတ်ဘူး။ မင်း လက်စားချေချင်တာလား။ မင်းကို ငါ့အသက် ‌ပေးရရင်တောင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ဒီမှာ စစ်သည် ၄၀၀၀ကျော် ရှိနေတယ်။”

“တော်တော့...” ဆာမိုအာက ပြတ်ပြတ်သားသား ပြောလိုက်သည်။ “မှော်အရိပ် ဗိုလ်ခြေက ရှုံးနိမ့်သွားပြီးတော့ ရန်သူဆီမှာ အညံ့ခံခဲ့တယ်။ ဒီအပြစ်က ခွင့်လွှတ်လို့ မရဘူး။ သူပုန်ခေါင်းဆောင် နက်စ်တာကို ဖမ်းပြီးတော့ အမှောင်လနဲ့ မှော်အရိပ် သူပုန်တွေကို ရှင်းလင်းပစ်ဖို့ ငါ့ကို ရီဂျန့် အိုဆိုင်ဒန် အမိန့်ပေးထားတယ်။”

ထိုစကားများ ထွက်လာသည်နှင့် မှော်အရိပ်ဗိုလ်ခြေမှ မြင်းတပ်သားများ ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ ငရဲဟိုက်ဒြာဗိုလ်ခြေအရှေ့၌ လှံရှည်များ ကိုင်ဆောင်ထားသော စစ်သည်အတန်းလိုက် ရောက်ရှိလာပြီး နည်းဗျူဟာတစ်ခုခု ပြင်ဆင်နေသည်မှာ သိသာလှပေသည်။ နောက်မှ မြားသမားကလည်း တပြိုင်နက်တည်း လေးများကို စတင်ဆွဲပြီး ပစ်ခတ်တော့သည်။ မှော်အရိပ်စစ်သည်များ နောက်ဆုတ် လိုက်ရသည်။ ထိုအချိန်၌ မြင်းတပ်သားတစ်ယောက် ပြေးထွက်ပြီး အော်ပြောသည်။ “မပစ်နဲ့။ ငါက လိပ်ပြာနီနယ်မြေရဲ့...”

မြားတစ်စင်း ပျံသန်းလာပြီး သူ၏ရင်ဘတ်ကို ထိသွား၏။ ထိုသူ၏အသံ ရုတ်တရက် တန့်သွားပြီးနောက် မြောက်မြားလှစွာသော မြားများက သူနှင့် သူ့မြင်းကို ဖြူကောင်ဖြစ်အောင် ပစ်လိုက်ကြလေသည်။

ထို့သူက နောက်ဆုံးလက်ကျန်အသက်ကို အသုံးပြုပြီး အော်ပြောလိုက်သည်။ “ကျုပ်တို့ သွေးမြူတောင်ကြားကို စောင့်ကြပ်နေတာ အတော်ကြာပြီ။ စစ်သည်တွေ မရေမတွက်နိုင်အောင် ဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ ကျုပ်တို့ရဲ့ ရိက္ခာတွေ ကုန်လုနီးပါး ဖြစ်သွားတယ်။ ကျုပ်တို့ကို တိုက်ခိုက်တဲ့ရန်သူတွေကို အညံ့ခံမယ့်အစား သေပဲ သေလိုက်မယ်။ ဘာလို့....”

စကားပြော မပြီးသေးခင်မှာပင် သူ လဲကျသွားခဲ့သည်။

“ခါနီတာ...” နက်စ်တာက ဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်သည်။

သေသည်အထိ အပစ်ခံလိုက်ရသူမှာ လိပ်ပြာနီနယ်မြေ၏ ဆက်ခံသူဖြစ်သော ဂျို့ရှ်၏သား ခါနီတာအယ်ဗင် ဖြစ်သည်။ ဆာမိုအာ ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း ထိခိုက်မှုက ပြီးသွားပြီ ဖြစ်သည်။ ဒီလိုဆိုမှတော့ သူပုန်ဆိုတဲ့နာမည်နဲ့ သူတို့အားလုံးကို သုတ်သင်ပစ်ရမယ်။

မှော်အရိပ်မြင်းတပ်က ကျိုင်းကောင်ပုံစံ မြားများကြားထဲ၌ တစ်လှမ်းချင်း နောက်ဆုတ်သွားကြသည်။ နက်စ်တာက မြား၃ချောင်းဖြင့် တရစပ် အပစ်ခံလိုက်ပြီး စိတ်ပျက်စွာဖြင့် အော်ပြောလိုက်သည်။ “ငါတို့က မတုံ့မဆိုင်းဘဲ အင်ပါယာအတွက် သွေမြေကျခဲ့ရပြီးတော့ ရန်သူရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ရက်ပေါင်းများစွာ တောင့်ခံထားခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့ ငါ့ရဲဘော်ရဲဘက်ရဲ့ သံသယကြောင့် သေရမယ် မထင်ထားခဲ့ဘူး။ ဘာလို့လဲ။”

သူ၏ဖျော့တော့သောအသံက မကျေနပ်ချက်များနှင့် ပြည့်နှက်နေသည်။ မှော်အရိပ် စစ်သည်များအားလုံး ဖော်ပြ၍မရဘဲ ဒေါသထွက်သွားကြသည်။ ငရဲဟိုက်ဒြာဗိုလ်ခြေမှ စစ်သည်များပင် ရင်ထဲထိသွားခဲ့သည်။

“ဆာမိုအာ။ မင်းလို မရှက်မရှိတဲ့ လူယုတ်မာက ငါ့ကို ကိုယ်ရေးကိုယ်တာ အငြိုးအတွက်နဲ့ တကယ်ကြီး ချောက်ချခဲ့တယ်။”

“အရှင် အိုဆိုင်ဒန်။ ခင်ဗျားကို သေတဲ့အထိ သစ္စာခံထားတဲ့ မှော်အရိပ်ဗိုလ်ခြေကို စွန့်လွှတ်လိုက်တာလား။ ဒါက ခင်ဗျားရဲ့ “ယုံကြည်ချက်” နဲ့ “ရွေးချယ်မှု” လား။”

ဆာမိုအာက ဒေါသတကြီး အော်ပြောလိုက်သည်။ “တော်တော့။ သူပုန်ကောင်။ မင်းရဲ့ စကားတွေ အမူအရာတွေ ဘယ်လောက်ပဲ ပါးနပ်ပါစေ၊ အမှန်တရားကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ မင်း အညံ့မခံရင် ခုခံတဲ့သူတွေကို သတ်ပစ်မယ်။”

“ငါတို့ မခုခံရင် မင်းလက်ထဲ ရောက်သွားတာနဲ့ ပျက်စီးကိန်း ကြုံရဦးမှာပဲ။” နက်စ်တာက ကောင်းကင်ကို မော့ပြီး အော်ပြောလိုက်သည်။ “ကောင်းပြီလေ။ သူပုန်ဆိုတဲ့ နာမည်ကို ခံရပြီးတော့ အမှောင်လဘက် ပြောင်းသွားရရင်တောင် ကိစ္စမရှိဘူး။ ဒီနေ့ ငါ့ရဲ့အသက်ကို စတေးရမယ်ဆိုရင်တော့ ငါ့စစ်သည်တွေကို ဒီကနေ အသက်ရှင်ရက် ခေါ်ထုတ်သွားချင်တယ်။”

သူ့နောက်မှ မြင်းတပ်သားများက အတူတကွ ဓားမြှောက်လိုက်၏။ “ဗိုလ်ချုပ်နောက်ကို သေတဲ့အထိလိုက်မယ်။”

ဆာမိုအာ ပေါက်ကရ မပြော‌တော့ဘဲ မြားသမားများအား တစ်ခါတည်း ပစ်ရန် အမိန့်ပေးလိုက်တော့သည်။ နက်စ်တွင်လည်း ရွေးစရာ မရှိတော့ဘဲ တောင်ကြား အဝင်နေရာသို့ ဆုတ်ခွာရလေသည်။

ဆာမိုအာက စစ်တပ်ကို ဦးဆောင်ပြီး နက်စ်တာနောက်လိုက်ရန် ပြင်စဉ် သူ၏ မျက်လုံးထဲ၌ အနီရောင်လင်း ရုတ်တရက် လက်သွားကြောင်း ခံစားလိုက်ရပြီးနောက် လေထုသည် ချစ်ချစ်တောက် အပူရှိန်နှင့် ပြည့်နှက်သွားခဲ့သည်။ ဆာမိုအာ၏ မျက်နှာအမူအရာ တမုဟုတ်ချင်း ပြောင်းလဲသွား၏။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နတ်ဆိုး အရှင်သခင်အဆင့် ထိပ်သီးပိုင်း မှော်ပညာရှင်တောင် ကျောက်ဘုဇဘတ်ပင်ကို လောင်ကျွမ်းအောင် မလုပ်နိုင်ဘူးလေ...

ဆာမိုအာက သူ၏နားလည်မှုမှာ သာမန် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း အထိသာ အကန့်အသတ်ရှိကြောင်း မသိခဲ့ပေ။ မှော်ပညာ၊ မှော်စက်ဝိုင်းနှင့် ရှေးမှော်စာ အားလုံးကို ကျွမ်းကျင်သည့် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းအတွက် ကျောက်ဘုဇဘတ်ပင်များကို မီးတောက်သစ်ထက် ပိုမိုလောင်ကျွမ်းအောင် ပြုလုပ်နိုင်သလို နည်းလမ်းတစ်ခုထက်လည်း ပိုရှိပေသည်။

ဇီတာ၏လက်ထဲ၌ အနက်ရောင် တောင်ဝှေးတစ်ခု ပေါ်ထွက်လာသည်။ သူက မြေပြင်ကို ထိလိုက်သည်။ သန့်စင်သည့် ရေဒြပ်စင်စွမ်းအားများ ရှေ့သို့ပျံ့နှံ့သွားပြီး လမ်းတစ်လျှောက်‌ ရေခဲများ ဖြစ်သွားစေသည်။

ပြောရမည်ဆိုလျှင် ထိုကဲ့သို့ အားကောင်းသော ရေဒြပ်စင်ကြောင့် မီးတောက် မည်မျှပင် စွမ်းအားကြီးစေကာမူ ဖိနှိပ်ခံရမည်ဖြစ်သော်လည်း ထူးခြားသောအရာတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုရေဒြပ်စင်က ကျောက်ဘုဇဘတ်ပင်များပေါ်ရှိ မီးတောက်များနှင့်‌ တွေ့သောအခါ မီးတောက်ကို လောင်စာလောင်းသလို ဖြစ်သွား၏။ မီးတောက်က ရုတ်တရက် ၁၀ခန့် ပိုမိုပြင်းထန်သွားပြီး ရေခဲတစ်လျှောက် အလျင်အမြန် ပျံ့နှံ့သွားသည်။ မီးတောက်က အလွန်ပြင်းထန်လှသည့်အတွက် အဝေးမှ မှော်အရိပ်မြင်းတပ်ပင် မချဉ်းကပ်ရဲခဲ့ပေ။ သူတို့က တောင်ကြားထဲသို့သာ နောက်ဆုတ်ခဲ့ရသည်။

ဇီတာ၏အမူအရာလည်း ပြောင်းလဲသွားသည်။ သူ၏ပုံရိပ် လက်ခနဲ ဖြစ်သွားပြီး မီးတောက် အဝန်းအဝိုင်းမှ ထွက်သွားလိုက်သည်။ သူ၏စိတ်ထဲမှ ထိတ်လန့်မှုက ပို၍ပင် ကြီးမားသွားလေသည်။ ဒါက ဒြပ်ပေါင်းမှော်ပညာ နိယာမက ထုတ်လုပ်ထားတဲ့ မီးတောက် တစ်ခုပဲ။ ပြီးတော့ ဒါက မလိုက်ဖက်တဲ့ ဒြပ်စင်တွေဖြစ်တဲ့ ရေနဲ့မီးကို ပေါင်းစပ်ထားတာ။ မီးထဲမှာ ရေကို လောင်ကျွမ်းစေတာ။ ဒါက လုံးဝကို မယုံနိုင်စရာ နည်းလမ်းပဲ။ အမှောင်လမှာ တကယ်ကြီး ဒီလိုစွမ်းအားကြီးတဲ့ မှော်ပညာရှင်တစ်ယောက် ရှိနေတယ်။

ကြောက်မက်ဖွယ်ရာ မီးတောက်သွားကြောင့် စစ်သည်များ မငြိမ်မသက် ဖြစ်သွားကြသည်။ ဆာမိုအာက အကြီးမားဆုံး အန္တရာယ်ကို ချက်ချင်း သဘောပေါက်သွားပြီး အော်ပြောလိုက်သည်။ “မြန်မြန်။ သစ်တောထဲကနေ ချက်ချင်း ထွက်ပြေးကြ။”

ရှေ့တက်ဖို့က မဖြစ်နိုင်တော့ဘူး။ နောက်ဆုတ်လို့ပဲရမယ်။ နောက်မှာက ပိုပြီးတော့ သိပ်သည်းတဲ့ သစ်တော ရှိနေတယ်။ မီးလုံးဝမကူးခင် ဒီအန္တရာယ်ရှိတဲ့ နေရာကနေ မြန်မြန်လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်ရတာပဲ။

သို့သော်လည်း သူ အဆိုးဆုံး ထင်ထားသကဲ့သို့ပင် မြို့တော်စစ်တပ် အလောတကြီး ပြန်ဆုတ်ခွာသွားစဉ် မီးတောက်များက နေရာအနှံ့ ပျံ့နှံ့သွားပြီး နေရာတိုင်းကို မီးတောက်ပင်လယ်တစ်ခုအဖြစ်‌ ပြောင်းလဲသွားစေသည်။

ယခုတွင် ဇီတာက ခုနကကဲ့သို့ မီးကို လောင်စာလောင်းပေးသလို ဖြစ်မည်စိုး၍ မှော်စွမ်းအားကို မဆင်မခြင် မသုံးရဲတော့ပေ။ သူက စစ်သည်များအပေါ်၌ အထောက်အပံ့ မှော်ပညာများကို သုံးရတော့သည်။ ဆာမိုအာက သူသည် ရန်သူ၏လှည့်ကွက်ထဲ ကျရောက်သွားကြောင်း သိလိုက်သည့်အတွက် အမုန်းတရားများ၊ နောင်တများနှင့် ပြည့်နှက်သွားသည်။ သူက အစွမ်းပိုထက်သော စစ်အရာရှိများအား ရှေ့တွင် လမ်းဖွင့်ခိုင်းသည်။ သို့သော်လည်း မီးက ပိုပိုပြီး ပြင်းထန်လာကာ ကျောက်ဘုဇဘတ်ပင်များက အဆုံးမဲ့ လောင်ကျွမ်းနေပုံရသည်။ ပြင်းထန်လှသော အပူချိန်က စစ်သည်အများအပြားကို ပြိုလဲသွားစေသည်။

မြင့်မားသော အပူရှိန်ကြောင့် ဖြစ်ပေမည်။ ရှေ့ကလမ်းမှာ ပုံပျက်နေပြီး အဆုံးမရှိ သကဲ့သို့ စစ်သည်အများအပြား မြင်နေကြရသည်။

နာရီအနည်းငယ်ကြာပြီး နတ်ဆိုးသားရဲများ အမြန်ပြေးထွက်သွားပြီးနောက် တောင်မဲ သစ်တောထိပ်တွင် စမ်းတဝါးဝါးဖြစ်နေသော အဖွဲ့တစ်ဖွဲ့ ပေါ်ထွက်လာသည်။

ထိုအဖွဲ့တွင် လူ တစ်သောင်းခန့် ရှိသည်။ သို့သော်လည်း သစ်တောသို့ ဝင်သွားသော အရေအတွက်နှင့်ယှဉ်လျှင် အတော်လေး နည်းပါးလှသည်။ တစ်ယောက်စီက နှုတ်ခမ်းများကွဲ၊ မျက်နှာနှင့်ခန္ဓာကိုယ် မီးလောင်ထားပြီး အချို့မှာ အလွန်ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရထားကြသည်။ သို့သော်လည်း သူတို့၏ မျက်နှာအမူအရာမှာ အတူတူပင် ဖြစ်သည်။ သူတို့အားလုံးက ကပ်ဘေးမှ လွတ်မြောက်နိုင်သည့်အတွက်သာ စိတ်သက်သာရာ ရနေကြလေသည်။

နောက်ဆုံး၌ သူတို့က အဆုံးအထိ ကြံ့ကြံ့ခံနိုင်ခဲ့ပြီး သေမင်းခံတွင်းဝမှ ထွက်လာနိုင်ခဲ့သည်။ သို့ရာတွင် ရဲဘော်ရဲဘက်များက မီးပင်လယ်ထဲ၌ လောင်ကျွမ်းခဲ့ရသည်။ ဇီတာ၏ မှော်ပညာဖြင့် အပြည့်အဝ ကာကွယ်၍သာ ထိုကဲ့သို့ ဖြစ်လာခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ပြန်ထွက်လာသော အ‌ရေအတွက် ပိုနည်းနေမည် ဖြစ်သည်။

ဆာမိုအာ၏မျက်နှာက ဒေါသနှင့် စိတ်ဓာတ်ကျမှုများ ပြည့်နှက်နေသည်။ ၎င်းမှာ လုံးလုံးလျားလျား ရှုံးနိမ့်မှုတစ်ခု ဖြစ်သည်။ ရန်သူ၏ အဓိကအင်အားစုကို သူ မထိနိုင်ခင်မှာပင် သူ၏တပ်သား ဆယ်ပုံတစ်ပုံသာ ကျန်တော့သည်။ ထိုရှုံးနိမ့်မှုကို အရှင်ရီဂျန့်အား မည်သို့ရှင်းပြရမည်ကို သူ မသိပေ။

ထိုအချိန်၌ ဇီတာ ရုတ်တရက် အသင့်အနေအထား ဖြစ်သွားဟန်တူသည်။ ဆာမိုအာလည်း ၎င်းကို အာရုံခံမိခဲ့သည်။ သူ၏အရှေ့၌ အနည်းဆုံး သုံးသောင်းခန့်ရှိသော လူအများအပြား ပေါ်ထွက်လာလေသည်။

ရန်သူရဲ့ အဓိက အင်အားစု။

နောက်ဆုံးတော့ ရောက်လာပြီလား။

လွန်ခဲ့သော သုံးလေးနာရီကဆိုလျှင် ဆာမိုအာက စိတ်လှုပ်ရှားမည် ဖြစ်သည်။ သို့သော်လည်း ယခုတွင် စစ်သည် တစ်သောင်းသာ ရှိတော့သည်။ ထို့ပြင် သူက ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေပြီ ဖြစ်သည်။ ထို့ပြင် သူ၏ ဒဏ်ရာများမှာလည်း အတော်လေး ပြင်းထန်ပေသည်...

ဆာမိုအာက ရှားရှားပါးပါး မဲ့ရွဲ့ပြုံးလိုက်သည်။ မူလက သူသည် ရန်သူ၏ အဓိက အင်အားစုကို ရှာဖွေနေခဲ့သည်။ သို့သော်လည်း ယခုအခြေအနေမှ ၎င်းကို ရင်ဆိုင်ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

မဟုတ်ဘူး။ ဒါက ရန်သူတွေ တမင် ဆင်ထားတဲ့ ထောင်ခြောက်တစ်ခုပဲ။ အစက နှောင့်ယှက်တာရယ်၊ အားနည်းချက်တွေ ပြသတာကနေ နောက်ပိုင်း ရန်သူကို မျှားခေါ်တာတွေ အားလုံးက သေစေနိုင်တဲ့ ဒီအဆုံးသတ် တိုက်ကွက်အတွက်ပဲ။

စစ်မြေပြင်မှာ အလှူခန်းမ မဟုတ်ပေ။ ရန်သူကို သနားခြင်းက ကိုယ့်ကိုယ်ကိုယ် ရက်စက်ခြင်းပင် ဖြစ်သည်။ အမှောင်လက ငရဲဟိုက်ဒြာဗိုလ်ခြေအား အသက်ရှူခွင့်ပင် မပေးခဲ့ပေ။ သူတို့က အလျင်အမြန်ပင် အနီးအနား နေရာများကို ဝိုင်းရံပြီးနောက် တဖြည်းဖြည်း ချဉ်းကပ်လာတော့သည်။

ရှေ့တန်းတွင် အမှောင်လစစ်တပ်၏ မြင်းတပ် ရှိသည်။ သူတို့အားလုံးက ဝတ်ရုံများ ဝတ်ထားကြပြီး ဓားမောက်ရှည်များနှင့် ဒိုင်းကာငယ်များ ကိုင်ဆောင်ထားကြသည်။

ခေါင်းဆောင်မှာ ဝတ်ရုံနှင့် မျက်နှာဖုံး ဝတ်ဆင်ထားသော မြင်းတပ်သား တစ်ယောက် ဖြစ်သည်။ သူ၏တကယ့်မျက်နှာကို သေသေချာချာ မမြင်နိုင်သေငးပေ။ သူက ဓားမောက်ရှည်တစ်လက်နှင့် လေးထောင့်ဒိုင်းကို ကိုင်ထားသည်။ ထူးဆန်းသော ခရာသံတစ်ခု ပေါ်ထွက်လာခြင်းနှင့်အတူ မြင်းတပ်သားများ၏ ခန္ဓာကိုယ်ပေါ်၌ အနီရင့်ရောင်အလင်းတစ်ခု ပေါ်ထွက်လာသည်။ သူတို့၏အမြန်နှုန်း ရုတ်တရက် တိုးမြှင့်သွားပြီး ငရဲဟိုက်ဒြာ ဗိုလ်ခြေအနားသို့ ခဏလေးအတွင်း ရောက်လာကြသည်။

ဆာမိုအာ၊ ဇီတာနှင့် အခြားသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ အားလုံး အံ့အားသင့်သွားကြသည်။ ဒီမြင်းတပ်က အဲဒီညတုန်းက ငါတို့ရဲ့ ရိက္ခာတွေကို မီးရှို့ခဲ့ပြီးတော့ မော်ဒိုမြို့ တောနက်ထဲမှာ ငရဲဟိုက်ဒြာဗိုလ်ခြေနဲ့ တိုက်ခိုက်ခဲ့တဲ့ ရန်သူတွေဆိုတာ အသေအချာပဲ။

“သူပုန်” နက်စ်တာကို အခု သွေးမြူတောင်ကြားမှာ မီးတောက်တွေနဲ့ ပိတ်ဆို့ထားတယ်။ အဲဒါကြောင့် သူ ဒီလိုလာဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့လည်း ဒီမြင်းတပ်ရဲ့ စိတ်ပိုင်းဆိုင်ရာ အသွင်အပြင်နှင့် ပစ္စည်းကိရိယာတွေကို နေ့ဘက်မှာ သေသေချာချာ မြင်ရတယ်။ သူတို့က ခုနက တောင်ကြားအရှေ့က မှော်အရိပ်ဗိုလ်ခြေနဲ့ နည်းနည်း ဆင်တူတယ်။

သိနေသူ အများအပြားက အချင်းချင်း ကြည့်လိုက်ကြသည်။ ဒီလိုဆိုရင် အဲဒီညတုန်းက မြင်းတပ်က တကယ်ပဲ နက်စ်တာရဲ့ စစ်သားတွေ မဟုတ်ဘူး။

နက်စ်တာနဲ့ မှော်အရိပ်ဗိုလ်ခြေက တကယ်ပဲ မတရားခံခဲ့ရတာ။ ဆာမိုတာက တကယ်ကြီး တရားဝင်ဆင်ခြေတစ်ခုနဲ့ ကိုယ်ရေးကိုယ်တာအရ လက်စားချေပြီးတော့ နက်စ်တာကို တမင်ချောက်ချခဲ့တာလား။

ဒါက အမှန်တရားလား။

ဇီတာ၏နှလုံးသား ဆတ်ဆတ်တုန်သွားသည်။ သူက ပိုကြီးမားသော လျို့ဝှက်ကြံစည်မှုတစ်ခုထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ယခုတွင် ၎င်းကို စဉ်းစားရန်ပင် အချိန်မရတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ ရန်သူတွေရဲ့ ဝိုင်းရံမှုကို အမြန်ဆုံး ဖောက်ထွက်ပြီးတော့ ဒီချီးထုပ်နေရာကနေ ထွက်ပြေးရမယ်။

ဇီတာ အော်ဟစ်လိုက်ပြီး လေပေါ်မြှောက်တက်သွားကာ မြင်းတပ်ဆီ ပြေးဝင်သွားသည်။ သာမန်အခြေအနေ၌ နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်များက “ပုရွက်ဆိတ်များ”ကို စတင်တိုက်ခိုက်ရန် စိတ်မဝင်စားပေ။ သို့သော်လည်း ယခုတွင် သူ သိပ်ပြီး ဂရုမစိုက်နိုင်တော့ပေ။

ဇီတာ ပျံတက်သွားသည်နှင့် သူ၏စိတ်ထဲ၌ ကြောက်မက်ဖွယ်ရာ အန္တရာယ် ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်လာပြီး မြင်းတပ်ကို လျစ်လျူရှုလိုက်၏။ သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများ မြှောက်တက်သွားပြီးနောက် ခန္ဓာကိုယ် ပတ်ပတ်လည်၌ ရေခဲဒိုင်းကာအလွှာများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့နောက်မှ ရေခဲဒိုင်းကာ အလွှာများ အမှုန့် ဖြစ်သွားသည်။ အင်အားကြီးမားသော ရိုက်ခတ်မှု နောက်ဆက်တွဲက ဇီတာ၏ မျက်လုံးများကို အနက်ရောင် ဖြစ်သွားစေသည်။ သူ၏ပုံရိပ် ရှေ့သို့ လဲကျသွားပြီး မြေပေါ်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားသည်။

သူ၏နောက်ဘက်၌ အမျိုးသမီးတစ်ယောက် ပေါ်ထွက်လာသည်။ ထိုအမျိုးသမီက အနက်ရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားသည်။ သူ၏ခြေထောက်များက အလွန်ရှည်လျားသော်လည်း ရင်ဘတ်မှာတော့ အကွေ့အကောက် အနည်းငယ် ကင်းမဲ့နေ၏။

ဇီတာ မျက်မှောင်ကြုတ်လိုက်သည်။ နောက်ထပ် နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း တစ်ယောက်ပဲ။ ပြီးတော့ သူ့ရဲ့စွမ်းအား အငွေ့အသက်က ငါ့ထက် နည်းနည်းသာတယ်။ သူက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်ဖို့အတွက် တစ်လှမ်းပဲ လိုတော့တယ်။ အရှင် ရီဂျန့်က အရိပ်နက်အင်ပါယာနဲ့ သဘောတူညီမှု လုပ်ထားတာ မဟုတ်လား။ ဘာလို့ အမှောင်လမှာ နတ်ဆိုးအရှင်သခင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီး ရှိနေသေးတာလဲ။

ထိုအမျိုးသမီးက သူ့ကို စဉ်းစားရန် အချိန်မပေးခဲ့ပေ။ သူက မျက်စိတစ်မှိတ် အတွင်းမှာပင် ဇီတာအရှေ့သို့ ပျံလာပြီးနောက် ကြောက်မက်ဖွယ်ရာစွမ်းအားများ ပြည့်နေသော လက်သီးဖြင့် ထိုးလိုက်သည်။

“ဥက္ကာပျံ ပြောင်းပြီးတော့ ပျောက်ကွယ်သွားတော့။ သလင်းကျောက်နက်ဒင်္ဂါး ၁၀၀၀၀ အတွက်။” အသံကို ကြားရသည်မှာ ထိုသူသည် အမှန်တကယ် ကောင်မလေး တစ်ယောက် ဖြစ်နေသည်။

“ကပ်စေးနဲ”ဟူသော ဂုဏ်ပုဒ်တစ်ခုကိုလည်း ပေါင်းထည့်ရပေမည်။

All Chapters