အစီအစဉ်
Vol. 34 Ch. 506
“ဆာ-လော့ဒ်ရဲ့ စွမ်းအားက တကယ့်ကို လေးစားစရာပဲ။ ကျုပ်ရဲ့ အငွေ့အသက်ကို တမင် ထုတ်လွှတ်လိုက်မှပဲ ရှာတွေ့သွားတယ်။” ချန်လွေ့က တဖြည်းဖြည်း လမ်းလျှောက် ထွက်လာသည်။ သူက ယခုတွင် သူစိမ်းတစ်ယောက်၏ မျက်နှာကို အသုံးပြုနေခြင်း ဖြစ်သည်။
ထိုလျို့ဝှက်ဆန်းကြယ်သောသူ၏ စွမ်းအားမှာ မိမိထက် မနိမ့်ကြောင်း စီကာလီ ခံစားလိုက်ရသည်။ သူက စွမ်းအားကို တိတ်တဆိတ် စုစည်းပြီးနောက် နားနေခန်းမှ အထူးမှော်စက်ဝိုင်းကို အသက်သွင်းရန် ပြင်ဆင်နေလိုက်သည်။ ထို့နောက် သူက မေးသည်။ “မင်း ဘယ်သူလဲ။”
“တယ်လီပို့ မှော်စက်ဝိုင်းကို ဆာ အသက်သွင်းစရာ မလိုပါဘူး။ ဂုဏ်သတ္တိတွေကို ကျုပ် ပြောင်းထားတာ ကြာပြီ။ ခင်ဗျား မဆင်မခြင် လုပ်ရင် စိတ်ကူးကြည့်လို့မရတဲ့ အကျိုးဆက်တွေ ဖြစ်လာလောက်တယ်။” ၎င်းက စီကာလီကို မျက်မှောင်ကြုတ် သွားစေသည်။ ခုနက သူသည် မှော်စက်ဝိုင်း အနှောင့်အယှက် မဖြစ်စေရန်အတွက် ကစားသမားများကို ထွက်သွားရန် တမင်အချက်ပြခဲ့ခြင်း ဖြစ်သည်။ ယခုတွင် တစ်ဖက်လူက သူ့ကို တိုက်ရိုက်ဖော်ထုတ်ခဲ့သည်။ သို့သော်လည်း သူက ချက်ချင်းပင် စွမ်းအားဖြင့် အသက်သွင်းကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် မှော်စက်ဝိုင်းက လုံးဝ မတုံ့ပြန်ခဲ့ပေ။
စီကာလီ အမှန်တကယ် ထိတ်လန့်သွားခဲ့သည်။ ထိုလူက မှော်စက်ဝိုင်းကို တိတ်တိတ်လေး ပြောင်းလဲနိုင်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူက ခဏမျှ မဆင်မခြင် မလုပ်ရဲတော့ပေ။
အမှန်တကယ်၌ အချိန်မရှိသည့်အတွက် ချန်လွေ့က လှည့်ကွက်အနည်းငယ်သာ ပြုလုပ်ခဲ့သည်။ အကယ်၍ စီကာလီသာ ချန်လွေ့ကို မယုံကြည်ဘဲ သုံးလေးခေါက် ကြိုးစားကြည့်လျှင် ဟာကွက်များ ပေါ်သွားပေလိမ့်မည်။
“စိတ်ချပါ။ ဆာ။ ကျုပ်မှာ မကောင်းတဲ့အကြံ လုံးဝ မရှိပါဘူး။” ချန်လွေ့က စီကာလီကို တုံ့ပြန်ရန် စမ်းသပ်ရန် အချိန်မပေးခဲ့ပေ။ သူ ဦးညွှတ်ပြီး ပြောသည်။ “ကျုပ်နာမည်က ဖာကိုပါ။ ကျုပ်က ဆာ-စီကာလီကို အဝေးကနေ လာလည်တာ။ ကျုပ်က စိတ်သိပ်မရှည်တဲ့အတွက် ပိုပြီးတော့ အတင့်ရဲတဲ့နည်းကို သုံးခဲ့တယ်။ ကျုပ်ရဲ့ တောင်းပန်မှုကို ပြသခဲ့အနေနဲ့ ဒါက အသေးအဖွဲ လက်ဆောင်ပါ။ လက်ခံပေးပါ။ ဆာ။”
ချန်လွေ့၏လက်ထဲ၌ သိုလှောင်လက်စွပ်တစ်ကွင်း ပေါ်ထွက်လာသည်။ သူက လက်စွပ်ကို ညင်သာသော စွမ်းအားတစ်ခုဖြင့် ထိန်းချုပ်ပြီး စီကာလီထံ တဖြည်းဖြည်း ပို့ပေးလိုက်သည်။
စီကာလီက လက်စွပ်၏အခြေအနေကို သတိဖြင့် အာရုံခံပြီးနောက် မူမမှန်မှု မရှိကြောင်း အတည်ပြုလိုက်နိုင်သည်။ သူ တစ်ချက်ကြည့်ပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ “ဆာ့ရဲ့ ရည်ရွယ်ချက်ကို မသိပေမဲ့ ဒီလက်ဆောင်က မှန်းဆနိုင်တာထက် ကျော်လွန်နေတယ်။ ပြီးတော့ ဒါကို ချက်ချင်း ငြင်းစရာ အကြောင်း မရှိဘူး။”
“တကယ်လို့ လာရတဲ့ ရည်ရွယ်ချက်ကို ပြောရမယ်ဆိုရင် ဆာရဲ့စိတ်ထဲက ထင်မြင်ချက် အသေးလေးဖြစ်အောင် တခြားနည်းလမ်း သုံးဖို့ပါပဲ။” ချန်လွေ့၏ အပြုံးက ပို၍ပင် တောက်ပသွား၏။ “တကယ်လို့ ဆာက ကျုပ်ရဲ့ အတင့်ရဲမှုကို ခွင့်လွှတ်ပေးမယ်ဆိုရင် သင့်တော်တဲ့အချိန်မှာ မြို့တော်လော့ဒ်ရဲ့ စံအိမ်ကို အဖိုးတန်တဲ့ ရင်းနှီးမှု အစအနေနဲ တရားဝင် ကျင့်ဝတ်တွေနဲ့အညီ လာခဲ့မှာပါ။”
“ဆာရဲ့ ရည်ရွယ်ချက်က “ထင်မြင်ချက်အသေးလေး” အတွက်ပဲလား။” စီကာလီ ခေါင်းခါသည်။ “မဟုတ်ဘူး။ ဆာ-ဖာကိုရဲ့ ရက်ရောမှုနဲ့ သတ္တိက ကျုပ်ကို အတော်လေး နက်ရှိုင်းတဲ့ ထင်မြင်ချက်တစ်ခု ပေးခဲ့တယ်။”
ချန်လွေ့က စိတ်ထဲ၌ “လခွမ်းပဲ”ဟု ဆဲလိုက်ပြီး ပုံမှန်အတိုင်းပင် ပြောသည်။ “အရင်က ခင်ဗျားကို တခြားဘယ်သူတွေ ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း အထင်ကြီးအောင် လုပ်ခဲ့လဲဆိုတာ မေးမှာမဟုတ်ဘူး။ ကျုပ်ပြောချင်တာကတော့ ကျုပ်က အရဲတင်းဆုံးတစ်ယောက် ဖြစ်လာမယ် ဆိုတာပဲ။”
“အိုး..” နောက်ဆုံး၌ စီကာလီ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ထွက်လာသည်။ “ဒါဆိုလည်း ဆာ-ဖာကို တရားဝင်လာလည်မှာကို စောင့်မျှော်နေပါ့မယ်။”
“ဆာ လုံးဝ စိတ်ပျက်မှာ မဟုတ်ဘူးလို့ ကျုပ် အာမခံနိုင်တယ်။” ချန်လွေ့က အသာလေး ခေါင်းငုံ့လိုက်သည်။ သူက တံခါးဆီသွားပြီး စီကာလီကို ဖြတ်သွားစဉ် ဘာမျှမရှိသော တံခါးက မည်သည့်အကာအကွယ်မှမရှိဘဲ ဖွင့်ထားဟန်တူသည်။ သို့သော် စီကာလီက ပြုံးလျက်ပင် ရှိနေသည်။ သူ၏မျက်လုံးများ လက်ခနဲ ဖြစ်သွားသော်လည်း မလှုပ်ရှားခဲ့ပေ။ ချန်လွေ့က တံခါးကို ဖွင့်ပြီး ထွက်သွားသည်ကို ကြည့်ပြီးမှသာ သူ၏ ပြုံးနေသော မျက်လုံးများ ပိုမိုနက်ရှိုင်းသွားလေသည်။
သူတို့နှစ်ယောက် ပြောစကားများမှာ ရင်းနှီးပြီး ချောမွေ့နေဟန်တူသည်။ အကယ်၍ “ဖာကို”က အားနည်းသူ တစ်ယောက်သာဆိုလျှင် အသတ်ခံလိုက်ရရင်ရ၊ စီကာလီ၏ စစ်ဆေးခြင်း ခံရရင်ရ ဖြစ်နေလေပြီ။ ညီတူမျှတူ စကားပြောခြင်း၏ အခြေခံမှာ စွမ်းအားကြောင့်ပင် ဖြစ်သည်။
စီကာလီကို ဇဝေဇဝါ ဖြစ်သွားစေသည်မှာ ထိုမဖိတ်ခေါ်ထားသော ဧည့်သည်က တကယ့်ရည်ရွယ်ချက်များကို လုံးဝ မပြသဘဲ ဟန်လုပ်သော လောကဝတ်များသာ ပြသခဲ့ခြင်းပင်။ သို့သော်လည်း ထိုသိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများမှာ အစစ်အမှန် ဖြစ်ပေသည်။
ဒါက တကယ်ပဲ “အထင်အမြင်အသေးလေး” အတွက်လား။ စီကာလီ သရော်ပြုံး ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ မယူချင် ပေးတယ်။ ပိုကြီးမားတဲ့ အကျိုးအမြတ်တွေ မရှိဘူးဆိုရင် တစ်ဖက်လူက ငါ့ကို ဒီလိုမျိုး မြိုးမြိုးမြက်မြက်ပေးမှာ မဟုတ်ဘူး။
သို့သော်လည်း ထိုအထင်အမြင်မှာ အမှန်တကယ် နက်ရှိုင်းလှသည်။ “ဖာကို” မတိုင်ခင် စီကာလီကို နက်ရှိုင်းသောထင်မြင်ချက်တစ်ခု ချန်ရစ်ခဲ့သည့် အင်အားကြီး အဖွဲ့အစည်းတစ်ခုလည်း ရှိသည်။ ဧကန္တ....
ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ သူ့အတွက် တန်ဖိုးကြီးကြီးမားမား ရှိနေသရွေ့ “ဖာကို”က အန္တရာယ်အကြီးကြီး မဖြစ်လောက်ဘူး။ အနည်းဆုံးတော့ လုပ်ကြံသူ ဖြစ်နိုင်တာကို ဘေးဖယ်ထားလို့ရတယ်။ မဟုတ်ရင် သူက ခုနကလိုမျိုး လှုပ်ရှားမှာ မဟုတ်ဘူး။ စီကာလီက စိတ်ထဲ၌ ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုအချိန်မှာပင် အပြင်ဘက်မှ “ဆာ-လော့ဒ် ပေါ်ထွက်လာရန်” ကြိုဆိုသော အသံကျယ်ကျယ်များကို ကြားလိုက်ရသည်။ သူ၏နှုတ်ခမ်းထောင့်များ ကော့တက်သွားပြီး ပွဲကြည့်စင်ဘက်သို့ လမ်းလျှောက်သွား လိုက်သည်။
ချန်လွေ့က စီကာလီ၏ အတွေးများကို မသိပေ။ ခုနက သူ၏လုပ်ရပ်များမှာ အခြေအနေအရသာ ဖြစ်သည်။ တကယ့်အစီအစဉ်မှာ ပိုမို၍ အသေးစိတ် ဆင်ခြင်ပြီး ပိုမိုပြည့်စုံသောသတင်းအချက်အလက်များ လိုအပ်ပေသည်။ အကယ်၍ သူ့တွင် အချိန်အများအပြားရှိလျှင် ဖြည်းဖြည်းချင်း စီစဉ်၍ရသည်။ သို့သော်လည်း ယခုလက်ရှိ၌ အချိန်မရပေ။ ထို့ကြောင့် အလုပ်ပြီးမြောက်မှုကို အမြင့်ဆုံး ဖြစ်စေရန်အတွက် ခြုံငုံ စီစဉ်သောနည်းလမ်းတစ်ခုကို အသုံးပြုရပေမည်။
ပြိုင်ကွင်းမှ ထွက်သွားပြီးနောက် ချန်လွေ့က ငှက်တောင်ဖြူနယ်မြေမှ အမှောင်နတ်ဆိုး စခန်းကို ရှာတွေ့သွားခဲ့သည်။ အစီအမံအချို့ ပြုလုပ်ပြီးနောက် သူက ငှက်တောင်ဖြူမြို့တော်၌ မနေခဲ့ပေ။ ထို့နောက် ဆင်ခြေဖုံးရှိ အမှောင်နတ်ဆိုးထံမှ ရရှိသော ဂရစ်ဖင်းကိုစီးပြီး မြောက်ဘက်သို့ ပျံသန်းသွားသည်။
ထိုဂရစ်ဖင်းတွင် သန္ဓေပြောင်း သွေးမျိုးဆက်ရှိပြီး အတော်လေး အားကောင်းသော ခံနိုင်ရည် ရှိသည်။ ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] ကို အသုံးပြုပြီး ဂရစ်ဖင်းကို အားပေးကာ အရှိန်ကုန် ပျံသန်းစေပြီး စိတ်ထြ၌ အစီအစဉ်ကို စဉ်းစားနေလေသည်။ မှော်မြေပုံ၏ အကူအညီနှင့်အတူ ငှက်တောင်ဖြူနယ်မြေ၏ မြောက်ဘက်ရှိ အီဇ်တာမြို့သို့ ရောက်ရှိရန် အချိန် ၃ရက် ကြာသွားခဲ့သည်။ ၎င်းမှာ မှော်ဆရာခံတပ် တောင်ဘက်နှင့် အနီးစပ်ဆုံးမြို့ငယ်ဖြစ်ပြီး “လုယက်ခြင်း” ခံရသော အဓိကနေရာလည်း ဖြစ်သည်။ ငှက်တောင်ဖြူနယ်မြေ၏ ကာကွယ်ရေးအင်အားစု အရေအတွက်အများအပြားက ထိုနေရာ၌ စခန်းချထားကြသည်။ အနီးအနားမှ မြို့ငယ်နှစ်မြို့နှင့် ပေါင်းလိုက်လျှင် မြို့ထဲမှ စစ်သည်အရေအတွက်မှာ အမှန်တကယ်ပင် တစ်သိန်းကျော်နေ၏။
အီဇ်တာမြို့၌ ချန်လွေ့က စားစရာနှင့် ပိုင်ဆိုင်မှုများ လုယက်ခြင်း၊ မိန်းမခိုးခြင်း၊ သူပုန်များကို သတ်ပစ်ခြင်း အစရှိသော မှော်ဆရာခံတပ်အစောင့်များ၏ ယုတ်မာမှုများ အကြောင်း ကောလာဟလများ ကြားခဲ့ရသည်။ လူတိုင်းက မခံမရပ်နိုင်အောင် ဒေါသထွက်နေကြလေသည်။ ယခုတွင် ထိုနေရာ၌ ငှက်တောင်ဖြူနယ်မြေ အစောင့်များ နေရာချထားသည့်အတွက် မှော်ဆရာခံတပ်အစောင့်များက အမှန်တကယ် “မကျူးကျော်” ရဲကြပေ။
ငှက်တောင်ဖြူနယ်မြေ၏ စစ်သည် တစ်သိန်းနှင့် ရင်ဆိုင်ရသောအခါ မှော်ဆရာ ခံတပ်မှ ဗိုလ်ချုပ်ဂျော့ချ်လည်း အားမလျှော့ရဲပေ။ သူက အီဇ်တာမြို့ မြောက်ဘက် ဘရူဆက်ခ် ချောက်နက်တွင် တပ်စခန်းများနှင့် ရဲတိုက်များ တည်ဆောက်ရန် နဂါးနီဗိုလ်ခြေ၏ ဒုတိယတပ်မှူးနှင့် စွမ်းဆောင်ရည်ရှိသော ဗိုလ်ချုပ် ဖရန်စစ်ကို စေလွှတ်ပြီး သူ၏စစ်တပ်ကို ဦးဆောင်စေခဲ့သည်။ သူတို့က မည်သည့် လှုပ်ရှားမှုမျိုးကိုမဆို တုံ့ပြန်ရန် ပြင်ဆင်ထားကြသည်။
ထိုသတင်းကို သိရှိပြီးနောက် ချန်လွေ့က အီဇ်တာမြို့ကို အေးအေးဆေးဆေး ဖြတ်ပြီး ဘရူးဆက်ခ် ချောက်နက်ရှိရာ မြောက်ဘက်သို့ ရှေ့ဆက်သွာ’လေသည်။
“မင်းက ဘယ်သူလဲ။” တပ်စခန်းအရှေ့၌ ရုတ်တရက် ပေါ်ထွက်လာသော သူစိမ်း တစ်ယောက်နှင့် တွေ့သောအခါ နဂါးနီဗိုလ်ခြေမှ အစောင့်များက ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင် ဖြစ်သွားသည်။ ဒီလူက မှော်ထောင်ခြောက်တွေနဲ့ ကင်းထောက်တွေ စောင့်ကြည့်နေတဲ့အောက်ကနေ တိတ်တိတ်လေး ဖြတ်သွားနိုင်တယ်။ သူက သေချာပေါက် သာမာန်ရန်သူတစ်ယောက် မဟုတ်ဘူး။
“အထင်မလွဲပါဘူး။ ကျုပ်က ဗိုလ်ချုပ်ဖရန်စစ်ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါ။ ဝေဂျူး တောင်ကြားမှာ ခြင်္သေ့သွားဓားကို ကိုင်ဖူးတဲ့ စစ်ဘက်ဆိုင်ရာ အထောက်အပံ့ အရာရှိ ရောက်လာတယ်လို့ ဗိုလ်ချုပ်ကို သတင်းပို့ပေးပါ။ စစ်ဘက်ဆိုင်ရာ အရေးကြီး ကိစ္စတစ်ခုအတွက် ဗိုလ်ချုပ်နဲ့ ကျုပ် တွေ့ဖို့လိုနေတယ်။”
ချန်လွေ့က ဝေဂျူးတောင်ကြား၌ ဖရန်စစ်ကို တစ်ယောက်တည်း ကယ်တင်ခဲ့ဖူးပြီး သွေးရောင်အင်ပါယာ စစ်တပ်ကို ချောင်းမြောင်းတိုက်ခိုက်ရန် လက်ကျန်စစ်သည်များကို ဦးဆောင်ခဲ့ကာ နတ်ဆိုးဧကရာဇ်အဆင့် ပါမီရာကို ဖမ်းဆီးနိုင်ခဲ့ပြီး သွေးရောင်အင်ပါယာ ဗိုလ်ချုပ်နှစ်ယောက်ဖြစ်သော ဘူဘိုဝါနှင့် မက်ခ်တို့ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့သည်။ ထိုစဉ်က သူသည် “နာမည်မဖော်လိုသော စစ်ဘက်ဆိုင်ရာ အထောက်အပံ့ အရာရှိ”ဟူသော သရုပ်ကို အသုံးပြုခဲ့သည်။
အစောင့်ခေါင်းဆောင်က ဝတ်ရုံနှင့်လူသည် မကောင်းသောအကြံများ ရှိဟန် မတူကြောင်း မြင်လိုက်သည်။ သို့မဟုတ်ပါက ဤနေရာသို့ မည်သည့် အကာအကွယ်များ သတိမပြုမိဘဲ ရောက်လာနိုင်သူတစ်ယောက်၏ စွမ်းရည်ဖြင့် တပ်စခန်းကို ဖျက်ဆီးရန် မခက်ခဲပေ။ သူက ချက်ချင်းပင် ကင်းထောက်တစ်ယောက်အား ချောက်နက် ရဲတိုက်ဆီသို့ လွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အခြားတပ်စခန်းများကို သတိကြီးကြီးထားရန် မှော်သတိပေးချက် တိတ်တဆိတ် ပို့လိုက်သည်။
ချန်လွေ့က ၎င်းကို သတိထားမိသွားသော်လည်း မတားဆီးခဲ့ပေ။ ခဏအကြာ ဒုတိယတပ်မှူး ဖရန်စစ်ကိုယ်တိုင်က လူတစ်စုနှင့်အတူ အမြန်ရောက်လာသည်ကို မြင်သည့်အခါ ထိုခေါင်းဆောင် အံ့အားသင့်သွားခဲ့သည်။
ချန်လွေ့က ခေါင်းမှဝတ်ရုံကိုချွတ်ပြီး ထိုနေ့က ဖရန်စစ်မြင်ခဲ့သော မျက်နှာကို ပြသလိုက်ရာ ဖရန်စစ်ကို အံ့အားသင့်ပြီး ပျော်ရွှင်လျက် ရှေ့နှစ်လမ်း တိုးလိုက်သည်။ သူက အရင်ဦးစွာ စစ်တပ်ပုံစံဖြင့် အလေးပြုလိုက်သည်။ “ကျုပ်တို့ ပြန်တွေ့ပြန်ပြီ။ ဆာ စစ်ဘက်ဆိုင်ရာ အထောက်အပံ့ အရာရှိ။”
ဖရန်စစ်က လူစီဖာ တော်ဝင်မိသားစုမှဖြစ်ပြီး နဂါးနီဗိုလ်ခြေ၏ ဒုတိယတပ်မှူး ဖြစ်ကာ ဗိုလ်ချုပ်ဂျော့ချ် လက်အောက်ရှိ သဘောအကျဆုံး ဗိုလ်ချုပ် ဖြစ်သည်။ ယခုတွင် သူက ထို “စစ်ဘက်ဆိုင်ရာ အထောက်အပံ့ အရာရှိ”လေးကို အမှန်တကယ်ပင် အလေးပြုခဲ့လေသည်။ ဖရန်စစ်ခေါ်လာသော စစ်သည်အများအပြားက ထိုစဉ်က ဝေဂျူးတောင်ကြား၌ တိုက်ပွဲဆင်နွှဲခဲ့ဖူးသည်။ သူတို့ကလည်း ချန်လွေ့ကို စိတ်ရင်းနှင့် လေးစားမှုများ ပြသကြလေသည်။ ၎င်းက အဖွဲ့ခေါင်းဆောင်နှင့် တပ်စခန်းမှ စစ်သည်များကို ကြောင်တောင်တောင် ဖြစ်သွားစေခဲ့သည်။
ချန်လွေ့လည်း အလေးပြန်ပြုပြီး ရှေ့တက်ကာ ဖရန်စစ်ကို ပွေ့ဖက်လိုက်သည်။ ထို့နောက် ရိုးရိုးရှင်းရှင်း ပြောသည်။ “အရေးကြီးကိစ္စအတွက် ကျုပ် ဗိုလ်ချုပ် ဂျော့ချ်နဲ့ တွေ့ဖို့ လိုအပ်တယ်။”
“ကျုပ် အခုပဲ လိုက်ပို့မယ်။” ဖရန်စ်က ချန်လွေ့၏ သရုပ်မှာ မရိုးရှင်းကြောင်း သိသည်။ ထိုသူက ဗိုလ်ချုပ်ဂျော့ချ်၏ ခြင်္သေ့သွားဓား ဆုချခြင်း ခံထားရသည့်အတွက် ဗိုလ်ချုပ် အယုံကြည်ရဆုံးသူ ဖြစ်သည်မှာ သေချာသည်။ ထို့ကြောင့် သူက ချက်ချင်း သဘောတူလိုက်၏။ သူတို့နှစ်ယောက်က ချောက်နက် ရဲတိုက်သို့ ပြန်လာပြီးနောက် မြန်ဆန်သော မြင်းနှစ်စီးဖြင့် မှော်ဆရာခံတပ်သို့ အမြန်ပြန်သွားလိုက်ကြသည်။
ဗိုလ်ချုပ်ဂျော့ချ်က ဖရန်စစ်၏စာကို ကြိုတင်၍ လက်ခံရရှိခဲ့သည်။ သူက ချန်လွေ့အား ခံတပ်၏ ညွှန်ကြားရေးမှူးဌာနသို့ ချက်ချင်း ဖိတ်ခေါ်လိုက်သည်။
“ဗိုလ်ချုပ်ဂျော့ချ်။ မဒမ်-ဂလိုရီယာ။” အပြင်လူများ မရှိသည့်အတွက် ချန်လွေ့က နဂိုမျက်နှာ ပြန်ပြောင်းပြီး ယောက္ခမနှင့် မဒမ်-နဂါးနီကို အရိုအသေပြုလိုက်သည်။
မတွေ့ရသည်မှာ အတော်ကြာပြီးနောက်တွင် ဗိုလ်ချုပ်ဂျော့ချ်က အနည်းငယ် မျက်တွင်းချောင်နေ၏။ အမြဲပင် လှပပြီး စေတနာကောင်းသော ဂလိုရီယာသည်ပင် စိုးရိမ်နေလေသည်။
ဂျော့ချ်က လောကဝတ်များကို ကျော်ပြီး တစ်ခါတည်း မေးသည်။ “ချန်လွေ့။ အမှောင်လ အခြေအနေက ဘယ်လိုလဲ။ ဒီတစ်ခေါက် မှော်ဆရာခံတပ်ကနေ အကူအညီတောင်းဖို့ ရောက်လာတာလား။”
ချန်လွေ့ စကားမပြောခင်မှာပင် ဂလိုရီယာက ဒေါသတကြီးနှင့် အော်ပြောသည်။ “အဲဒီ အရှက်မရှိတဲ့ မျိုးမစစ်ကောင် အိုဆိုင်ဒန်။ သူ ငါ့ရဲ့ချစ်သမီးလေး အသီနာကို ထိခိုက်အောင် လုပ်ရဲရင် နဂါးနီဗိုလ်ခြေကို ဦးဆောင်ပြီးတော့ မြို့တော်ကို ချေမှုန်းပစ်မယ်။”
“မဒမ်။ စိတ်မပူပါနဲ့။ ကျုပ် ထွက်လာတုန်းက အမှောင်လ အခြေအနေ တည်ငြိမ်နေတုန်းပါပဲ။ အဲဒီမတိုင်ခင် ကျုပ်တို့က အိုဆိုင်ဒန်ရဲ့ စစ်ရေးစိတ်ဓာတ်ကိုလည်း လျော့အောင် လုပ်ခဲ့တယ်...”
အမှောင်လ၏ အောင်နိုင်မှုနှစ်ခု အခြေအနေကို ချန်လွေ့ ပြန်ပြောပြသည်။ ဂျော့ချ်က နားထောင်နေရင်း အသာလေး ခေါင်းညိတ်ပြီး ဂလိုရီယာကို လက်ခုပ်တီးကာ အော်ဟစ်လိုက်သည်။ “ချန်လွေ့။ မင်းက တကယ် တစ်ခုခုပဲ။ ငါတို့မိသားစုရဲ့ အသီနာက လူမှန်ကို ရွေးချယ်ခဲ့တာပဲ။ အမှောင်လကို စစ်ချီတက်တဲ့အခါ အိုဆိုင်ဒန် ကိုယ်တိုင် ဦးဆောင်တာ ငါသိပြီးတော့ မင်းကို ကူညီချင်ခဲ့တယ်။ ဒါပေမဲ့ ဂျော့ချ်က ငြင်းခဲ့လို့။”
“ငြင်းတာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ လှုပ်ရှားလို့ မရလို့။” ချန်လွေ့ ခေါင်းခါသည်။ “အခုလက်ရှိ ငှက်တောင်ဖြူနယ်မြေရဲ့ တပ်သား တစ်သိန်းက ခံတပ်ကို ချဉ်းကပ်လာပြီး စောင့်ကြည့်နေတယ်။ အဲဒါက အဆင်ပြေနေသေးတယ်။ ပိုပြီးအရေးကြီးတာကတော့ သွေးရောင်အင်ပါယာရဲ့ သံလက်သီးနယ်မြေကလည်း စစ်သည်အများအပြား စတင် စုဆောင်းနေတာပဲ။ သဘောတူညီချက်ဆိုတာ ရှိပေမဲ့လည်း သွေးရောင်အင်ပါယာက ငါတို့အင်ပါယာကို မျက်စိကျနေတာ အတော်ကြာပြီ။ အထူးသဖြင့် အခုအခြေနေမှာ သူတို့တွေ သဘောတူညီမှုကို ချိုးဖောက်ပြီးတော့ ကျူးကျော်ဖို့ စစ်တပ်စေလွှတ်နိုင်ချေ ကိုလည်း သတိမပြုလို့ မရဘူး။ အဲဒီလို ဖြစ်တာနဲ့ မှော်ဆရာခံတပ်က နှစ်ဖက်စလုံးက တိုက်ခိုက်ခံရတဲ့ အန္တရာယ်ကို ရင်ဆိုင်ရမှာပဲ။ ခံတပ်ပြိုလဲသွားတာနဲ့ ငါတို့တွေ ချေမှုန်းခံနိုင်ပြီးတော့ သွေးရောင်အင်ပါယာရဲ့ ခေါင်းဆောင်ကလည်း အတားအဆီးမရှိဘဲ ဝင်ရောက်လာပြီးတော့ ကြယ်ကြွေတမန်အင်ပါယာရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လိမ့်မယ်။ အဲဒါကြောင့် ငါတို့တွေ ဒီတစ်ခေါက် လှုပ်ရှားလို့မရဘူး။”
မှော်ဆရာခံတပ် အခြေအနေမှာ အလွန်ပြင်းထန်နေကြောင်း ယခုမှ ချန်လွေ့ သိသွားခဲ့သည်။ သူ အတွေးထဲ တိတ်ဆိတ်နေ၏။
“ချန်လွေ့။ မင်းက နိုင်ပွဲအသေးလေးနှစ်ခု ရထားပေမဲ့ အိုဆိုင်ဒန်ရဲ့ သန်းနဲ့ချီတဲ့ တပ်သားတွေအတွက် ဒါက ကြီးမားတဲ့ ပြဿနာ မဟုတ်လား။ တကယ့် စမ်းသပ်ချက်က မရောက်လာသေးဘူး။ ငါ မင်းကို အခုလက်ရှိ အခြေအနေမှာ ပစ္စည်းအထောက်အပံ့တွေ ပိုပြီးတော့ မထောက်ပံ့ပေးနိုင်ဘူး။ မင်းကိုယ်မင်းပဲ အားကိုးလို့ရမယ်။”
“သိပါတယ်။” ချန်လွေ့ ခေါင်းညိတ်သည်။ “ဗိုလ်ချုပ်။ စိတ်ချပါ။ အမှောင်လ လုံးဝ ရှုံးနိမ့်သွားရင်တောင် အသီနာရဲ့ လုံခြုံရေးကို ကာကွယ်မယ်လို့ ကျုပ်ရဲ့အသက်နဲ့ ကတိပေးနိုင်တယ်။”
ဂျော့ချ်နှင့် ဂလိုရီယာတို့က အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်သက်သာရာ ရသွားကြသည်။
“ဗိုလ်ချုပ်။ ဒါနဲ့ မှော်ဆရာခံတပ်ရဲ့ စားစရာ ပြတ်လပ်မှုက ပြင်းထန်လား။”
ဂျော့ချ် သက်ပြင်းချလိုက်သည်။ “တကယ် ပြင်းထန်တယ်။ အရင်တစ်ခေါက် မင်း သလင်းကျောက်ဒင်္ဂါး အများကြီး ထောက်ပံ့ပြီးတော့ စစ်တပ်လစာနဲ့ ပတ်သက်ပြီး ပြဿနာ မဖြစ်ခဲ့ဘူး။ နောက်တော့ မင်းဆီကနေ ငါတို့တွေ လရိပ်ဗိုလ်ခြေကတစ်ဆင့် စစ်လက်နက်တွေ အများကြီး ရရှိခဲ့တယ်။ ဒါပေမဲ့ စားစရာက ပြတ်လပ်နေတုန်းပဲ။ ငှက်တောင်ဖြူနယ်မြေ လော့ဒ်-စီကာလီက စစ်တပ်ရိက္ခာတွေကို နှောင့်နှေးသလို ငါ့တို့ဆီ စားစရာတွေ ရောင်းဖို့ကိုလည်း တားမြစ်တယ်။ စီကာလီက ကောက်ကျစ်ပေမဲ့ လူတွေကို ထိန်းချုပ်တဲ့ နည်းလမ်းတစ်ခု ရှိတယ်။ အခုတော့ ငှက်တောင်ဖြူနယ်မြေက လူတွေအားလုံး မှော်ဆရာခံတပ်ကို မုန်းတီးနေကြပြီ။ တကယ်လို့ သွေးရောင်အင်ပါယာက ခံတပ်ကို တကယ် အပြင်းအထန် တိုက်ခိုက်လာရင် ရိက္ခာအထောက်အပံ့မရှိဘဲနဲ့ တောင့်ခံဖို့ ခက်ခဲနိုင်တယ်။”
“ဒီသတင်းကို ငှက်တောင်ဖြူမြို့တော်ကနေ ကျုပ် ကြားပြီးတော့ စားစရာ ဝေစုတစ်ခု ရအောင်လုပ်ဖို့ အမှောင်နတ်ဆိုး အဖွဲ့အစည်းကို ကျုပ် ပြောခဲ့တယ်။ ဒီတစ်ခေါက် ကျုပ် ယူလာတယ်။ အရေအတွက်က အကန့်အသတ်ရှိပေမဲ့ အတိုင်းအတာ တစ်ခုအထိတော့ အသုံးဝင်နိုင်တယ်။ ပြီးတော့ အဂ္ဂိရတ်ပညာ တစ်ဝက်-မဟာဆရာသခင် တစ်ယောက်ရဲ့ လက်ရာဖြစ်တဲ့ မှော်သလင်းကျောက်အမြောက်ရဲ့ တိုးမြှင့်ထားတဲ့ ပုံကြမ်းနှစ်ခု ယူလာတယ်။ ဒါကို မြို့တော်ရဲ့ မှော်အရိပ်ဗိုလ်ခြေပေါ်မှာ စမ်းသပ်ကြည့် ပြီးပြီ။ တော်တော်လေး အစွမ်းထက်တယ်။ ကျန်တဲ့ စစ်လက်နက်တွေနဲ့ သုံးလိုက်မယ် ဆိုရင် ကြောက်စရာကောင်းတဲ့စွမ်းအားကို ထုတ်ပေးနိုင်လိမ့်မယ်။” ချန်လွေ့က ပုံကြမ်းကို ထုတ်ပြီး ဂျော့ချ်ကို ကမ်းပေးလိုက်သည်။
“သိပ်ကောင်းတယ်။” ဂျော့ချ်၏ မျက်လုံးများ အရောင်တောက်သွားပြီး သုံးလေးခါ ဖျပ်ခနဲ ကြည့်သည်။ “ဒါပေမဲ့ ဒီလိုမျိုးတိုးမြှင့်မှုက အတော်လေး ရှုပ်ထွေးတယ်။ မှင်စာစစ်သည်တွေ မရှိဘဲနဲ့ ဒါကို ပြီးစီးအောင်လုပ်ဖို့ ကျွမ်းကျင်ပညာရှင်တွေ အများကြီး လိုအပ်တယ်။ ငှက်တောင်ဖြူနယ်မြေမှာ အင်ပါယာရဲ့ အကောင်းဆုံး လူအရင်းအမြစ် ရှိတယ်။ ဒါပေမဲ့ အခုတော့....”
“လက်ရှိအခြေအနေအရ အစီအစဉ်ရဲ့ ဘယ်အဆင့်အဆင့်ပဲဖြစ်ဖြစ် ငှက်တောင်ဖြူနယ်မြရဲ့ ပြဿနာကို အရင်ဆုံး ဖြေရှင်းမှရမယ်။ စီကာလီက အတော်လေး ခက်ခဲတဲ့လူတစ်ယောက်ပဲ။ ဒါပေမဲ့ ကျုပ် သူနှင့် အဆက်အသွယ် လုပ်ကြည့်နေတယ်။ ရည်မှန်းထားတဲ့အတိုင်း ရနိုင်မယ်လို့ မျှော်လင့်တာပဲ။” ချန်လွေ့ ခဏစဉ်းစားပြီး ပြောလိုက်သည်။ “တကယ်တော့ ဒီတစ်ခေါက်က အရေးအကြီးဆုံး အစီအစဉ်အတွက် အမှောင်လကနေ ကျုပ် ထွက်လာခဲ့တာ။ ဒါ အောင်မြင်မယ်ဆိုရင် အမှောင်လက ဒီစစ်ပွဲမှာ စစ်မှန်တဲ့ အောင်နိုင်မှုတစ်ခုကို ရနိုင်လိမ့်မယ်။”
“စစ်မှန်တဲ့ အောင်နိုင်မှုတစ်ခုလား။” ဂျော့ချ် ထိတ်လန့်သွားခဲ့သည်။ “မင်း ပြောချင်တာက....”
ချန်လွေ့ အသာလေး ပြုံးလိုက်သည်။ “အဲဒီအချိန်ကျရင် အင်ပါယာကို ရီဂျန့်အစား တကယ့် ဧကရီတစ်ယောက်က အုပ်စိုးလိမ့်မယ်။”
ဂျော့ချ် ပင့်သက်ရှိုက်လိုက်ပြီးနောက် သူက စိတ်ကို တည်တည်ငြိမ်ငြိမ် ထားလိုက်သည်။ “မင်းရဲ့အစီအစဉ်ကို ငါ အရင် ကြားချင်တယ်။”
ချန်လွေ့က အစီအစဉ်ပုံကြမ်းကို တိုတိုနှင့် ပြည့်စုံစွာ သရုပ်ဖော်ပြပြီးနောက် ဂျော့ချ်၏ မျက်လုံးများ ပို၍ပင် တောက်ပလာပြီး ခေါင်းညိတ်လိုက်မိသည်။
“ဒါဆိုလည်း ငါ မှော်ဆရာခံတပ်မှာ အသင့်ပြင်ပြီးတော့ မင်းရဲ့ သတင်းကောင်းကို စောင့်နေမယ်။” ဂျော့ချ်၏မျက်နှာက ရုတ်တရက် စိုးရိမ်မှု ပြသလိုက်သည်။ “အခု ငါ တစ်ခုပဲ စိုးရိမ်မိတယ်။”
ချန်လွေ့လည်း တိုးတိုးလေး သက်ပြင်းချလိုက်သည်။ “ကျုပ်လည်း စိုးရိမ်တယ်။”
ဘေးဖက်မှ မဒမ်-နဂါးနီ ဂလိုရီယာက ထူးထူးဆန်းဆန်း မေးလိုက်သည်။ “ရှင်တို့က ဘာကို စိုးရိမ်နေကြတာလဲ။”
“အချိန်..”
“အမှောင်လ...”
ချန်လွေ့နှင့် ဂျော့ချ်တို့က တစ်ချိန်တည်း ပြောလိုက်ကြသည်။ မတူညီသော အဖြေနှစ်ခု ဖြစ်ကြသော်လည်း အဓိပ္ပာယ် အတူတူပင် ဖြစ်သည်။
ထိုအခိုက်တွင် အခြားဘက်မှ အမှောင်လနယ်မြေက အကြီးမားဆုံး စမ်းသပ်ချက်ထဲ ရောက်ရှိလာတော့သည်။
ရီဂျန့်အိုဆိုင်ဒန် ဦးဆောင်သော စစ်တပ်ကြီးက မော်ဒိုမြို့နှင့် တောင်မဲသစ်တောကို ကျော်ဖြတ်လာပြီး တောင်ဘက်တစ်လျှောက်သွားကာ လရိပ်ခံတပ်အရှေ့ရှိ အမှောင်လ၏ ပထမ ခံစစ်ကြောင်းသို့ ရောက်ရှိလာခဲ့သည်။