လရောင်ခံတပ်
Vol. 34 Ch. 507
အမှောင်လနယ်မြေ
လရောင်ခံတပ်၌ -
မြို့တော်ညွန့်ပေါင်းစစ်တပ်က လော့ဒ်-သန်းခေါင်နေ လက်ထက်ကတည်းက တည်ရှိခဲ့သော ခံတပ်ကို အဝေးမှ စိုက်ကြည့်နေလိုက်ကြသည်။ စစ်သည် သန်းနဲ့ချီက ဘာကိုဆိုလိုတာလဲ။ ခံတပ်ကနေပြီးတော့ ကြည့်မယ်ဆိုရင် မင်းမြင်ရမှာက မြေပြင် တစ်ခုလုံးကို ဖုံးလွှမ်းနေတဲ့ အဆုံးမဲ့ စတုရန်းပုံ အမည်းကွက်တွေပဲ။
လရိပ်ခံတပ်၌ ခုခံနေသော စစ်သည်များက အသေအချာ လေ့ကျင့်ထားပြီး အရေအတွက် များပြားသည့်တိုင် သူတို့ထက် ၁၂ဆခန့် များပြားသော ရန်သူများကို ရင်ဆိုင်ရာ၌ စိတ်ဖိစီးနေသည်မှာ သေချာပေသည်။
အကယ်၍ ရန်သူက အင်အားအကုန်သုံးပြီး လာရောက်ချေမှုန်းလျှင် အမှောင်လ စစ်တပ်အတွက် လုံးဝရှုံးနိမ့်မှုတစ်ခု ဖြစ်သွားပေမည်။
ရန်သူက မတိုက်ခိုက်သေးပေ။ သို့သော်လည်း ခုခံနေသော စစ်သည်များ၏ နှလုံးသားထဲ၌ လေးလံနေ၏။ သူတို့၏ လက်ဝါးများ ချွေးပြန်နေကြသည်။ သူတို့က အလွန်ကြီးမားသော ဖိအားကြောင့် အချိန်မရွေး ကျိုးပြတ်နိုင်သော လေးသဖွယ် စိတ်ဖိစီးနေကြပေသည်။
သို့သော် အမြင့်ဆုံးစင်ပေါ်တွင် ရပ်နေသည့် ရင်သားပြားချပ်နေသော အမျိုးသမီးတစ်ယောက်ကဲ့သို့ ခြွင်းချက်များလည်း ရှိနေသည်။
“ပိုက်ဆံတွေ အများကြီးပဲ။”
ထိုကောင်မလေးက သူ၏အလုပ်ရှင် ကတိပေးထားသော စျေးနှုန်းအကြောင်း စဉ်းစားရင်း အဆုံးမရှိသော ရန်သူများကို ကြည့်နေလိုက်သည်။ သူက မြေပြင်ပေါ်၌ မရေမတွက်နိုင်သော သလင်းကျောက်နက်ဒင်္ဂါးများကို မြင်နေရသကဲ့သို့ ဖြစ်နေသည်။ သူ၏မျက်လုံးများက အစိမ်းရောင်များ တောက်ပနေလေ၏။
“ငါ ပျံသွားပြီးတော့ ဒီလူအုပ်ကြီးထဲကို [ နဂါးနက်အမြောက်တွေ ] ပစ်လိုက်ရင် ပိုက်ဆံအများကြီး ရမှာလား။”
“မရဘူး။ အိုလီဖီးရက်စ်။ ဒီလိုတိုက်ပွဲမျိုးက အသေးအဖွဲ မဟုတ်ဘူး။ တကယ့် လက်ရွေးစင် စစ်တပ်ရဲ့ စွမ်းအားကို ဘယ်တော့မှ အထင်မသေးနဲ့။” တပ်မှူး အသီနာက ပြောသည်။ “နင် တကယ် အဲလိုမျိုး လုပ်ချင်တယ်ဆိုရင် ပိုက်ဆံ နည်းနည်းလေး ရရင်တောင် အဲဒါကိုသုံးနိုင်ဖို့ ဘဝ ရှိမှာ မဟုတ်ဘူး။”
“ဒီလိုမျိုး ရှိတာလား။” အိုလီဖီးရက်စ် အံ့အားသင့်သွားသည်။ “ဒီလို သာမန်လူတွေကိုတောင် ငါ မကိုင်တွယ်နိုင်ဘူးလား။”
“အတိအကျတော့ မဟုတ်ဘူး။” ခက်ထန်သော အသံတစ်သံ ထွက်လာသည်။ ထိုသူမှာ လိုကီဖြစ်ပြီး ဘရော့ခ်၏ စွမ်းဆောင်ရည်အရှိဆုံးလူတစ်ယောက် ဖြစ်ကာ အရိပ်နက်အင်ပါယာ၏ ဂျာဒယ်ခံတပ်မှ လက်ထောက်တပ်မှူးတစ်ယောက်လည်း ဖြစ်သည်။ လိုကီက ခံတပ်ခုခံမှု၌ အတွေ့အကြုံရှိပြီး ယခုတစ်ခေါက်တွင် ခံစစ် နည်းဗျူဟာ အရာရှိ ဖြစ်လာခဲ့သည်။ အသီနာက ဖခင်ဖြစ်သူ ဗိုလ်ချုပ် ဂျော့ချ်ထံမှ အမွေရထားသဖြင့် ခုခံရာ၌ ဆရာကျနေလေပြီ။ လိုကီ၏ အကူအညီနှင့် ပေါင်းလိုက်သည့် အခါ အမှောင်လ၏ အားအကောင်းဆုံး ညွှန်ကြားရေးမှူး အဖွဲ့ဟု ယူဆ၍ ရနိုင်သည်။
“သာမန်နယ်မြေရဲ့ စစ်တပ်က အဆင်ပြေသေးတယ်။ မြို့တော်ရဲ့ လက်ရွေးစင် ဗိုလ်ခြေမှာက အစွမ်းထက်ပုဂ္ဂိုလ်တွေကို ရင်ဆိုင်ဖို့အတွက် အထူးမှော်ထိုးကွင်းတွေကို အသက်သွင်းလို့ရတယ်။ အသက်ကို အသုံးချလို့ရတယ်။ ပေါင်းစပ်ထားတဲ့ အထူးမှော်စက်ဝိုင်းတွေကို အသက်သွင်းလို့ရတယ်။ ဒီမှော်စက်ဝိုင်းက အမြင့်လွှာ အစွမ်းထက်ပုဂ္ဂိုလ်တွေကို ချုပ်ထိန်းပြီးတော့ အချိန်ဆွဲလို့ရတယ်။ အရေအတွက် များလေလေ အင်အားများလေလေပဲ။ မဒမ်-အိုလီဖီးရက်စ်က ချုပ်ထိန်းခံရပြီးတော့ မဒမ်လိုမျိုး စွမ်းအားရှိတဲ့ နတ်ဆိုးအရှင်သခင်တစ်ယောက်က ချောင်းမြောင်း တိုက်ခိုက်မယ်ဆိုရင် မဒမ် အန္တရာယ် ဖြစ်နိုင်ဖို့ရှိတယ်။”
နက်စ်တာက ထပ်ပြောသည်။ “ဒီနည်းလမ်းက ပြိုင်စံရှားတာတော့ မဟုတ်ဘူး။ အကန့်အသတ်တွေ အများကြီး ရှိတယ်။ ဥပမာပြောရရင် မှော်အရိပ်ဗိုလ်ခြေက ချောင်းမြောင်းတိုက်ခိုက်ခံရပြီးတော့ ငရဲဟိုက်ဒြာဗိုလ်ခြေက မီးနဲ့ တိုက်ခိုက်ခံရတုန်းက နောက်ဆုံးတော့ သူတို့တွေ သေသွားကြတာပဲ။ တကယ်တော့ ဒါက လူသားလောကရဲ့ တိုက်ခိုက်ရေးနည်းဗျူဟာတစ်ခုကို အတုခိုးထားတာပဲ။ လူသားတွေရဲ့ တိုက်ခိုက်ရေး စွမ်းအားက ကျုပ်တို့ထက် နိမ့်ကျတယ်။ အမြင့်လွှာ အစွမ်းထက်ပုဂ္ဂိုလ်တွေလည်း အတူတူပဲ။ ဒါပေမဲ့ သူတို့ရဲ့ အခင်းအကျင်းက အတော်လေး လျို့ဝှက်ဆန်းကြယ်ပြီးတော့ နတ်ဆိုးဘုံထက် အများကြီး ပိုအစွမ်းထက်တယ်။ တစ်ခါတလေ သူတို့က တိုက်စစ်နဲ့ ခံစစ်ကို အဆတိုးပွားစေနိုင်တယ်။ လူသားတွေနဲ့ တိုက်ခိုက်တိုင်း ဒီအပိုင်းမှာ ကျုပ်တို့ အများကြီး ရှုံးနိမ့်ခံစားခဲ့ရတယ်။ နောက်တော့ နတ်ဆိုးဘုံက [ မှော်အရိပ်ချီတက်ခြင်း ] လိုမျိုး အခင်းအကျင်းတွေကို စတင်လေ့လာခဲ့တယ်။ ဒါပေမဲ့လည်း လူသားလောကနဲ့ ယှဉ်ရင်တော့ အများကြီး အဆင့်နိမ့်သေးတယ်။ စစ်မှန်တဲ့ လက်ရွေးစင် ဗိုလ်ခြေအချို့ပဲ အစွမ်းထက်ပုဂ္ဂိုလ်တွေနဲ့ ယှဉ်နိုင်ဖို့ စွမ်းရည် ရှိလိမ့်မယ်။”
“မြို့တော် ညွန့်ပေါင်းစစ်တပ်က အစွမ်းထက်ပုဂ္ဂိုလ်တွေကလည်း မဆင်မခြင်နဲ့ မတိုက်ခိုက်ခြင်ကြဘူး။ သူတို့က ချုပ်တည်းခံရပြီးတော့ တိုက်ခိုက်ခံရမှာ ကြောက်တယ်။ ဥပမာပြောရရင် ရန်သူက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်ပြီးတော့ ဒီမှာ ပါ့ဂ်လီအို မရှိရင်တောင် အဲဒီရန်သူကို မှော်စက်ဝိုင်းနဲ့ ချုပ်နှောင်နိုင်ရန် ဒါမှမဟုတ် ငါတို့ စစ်သည်တွေနဲ့ ချုပ်နှောင်နိုင်ရင် အိုလီဖီးရက်စ်တောင် ရန်သူကို ထိခိုက်စေနိုင်ပြီးတော့ သတ်လို့ပါရနိုင်တယ်။” အသီနာက စကားနှစ်ခွန်း ပြောလိုက်သည်။ အမြင့်လွှာ အစွမ်းထက်ပုဂ္ဂိုလ်များမှာ ရှားပါးသော “အရင်းအမြစ်များ” ဖြစ်ကြပြီး အမြောက်စာအဖြစ် အလွယ်တကူ အသုံးမချပေ။ အရေးပိုကြီးသော စစ်တုရင်ရုပ်ဖြစ်လျှင် အရေးကြီသော အချိန်မှသာ ပို၍ရွှေ့သင့်ပေသည်။
အိုလီဖီးရက်စ်က နားလည်သကဲ့သို့ပင် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူ့ဘေးမှလူတိုင်းက အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် နှစ်ယောက်တည်းဖြင့် ထိုကဲ့သို့ အဆင့် တိုက်ပွဲတစ်ခုလုံးကို လွှမ်းမိုးပြီး အလွယ်တကူ လိုက်သတ်ပစ်ရန် မဖြစ်နိုင်အောင် သဘောပေါက်ကြသည်။
သို့သော်လည်း အစွမ်းထက်ပုဂ္ဂိုလ်များမှာ အစွမ်းထက်သူများ ဖြစ်နေကြသေးသည်။ အသင့်တော်ဆုံး အခြေအနေသို့ ရောက်လာသောအခါ သူတို့က အခန်းကဏ္ဍအကြီးကြီး၌ ပါဝင်နိုင်ပြီး အခြေအနေကိုပါ ပြောင်းပြန်လှနိုင်ပေသည်။ ၎င်းကို ငြင်း၍ မရပေ။
လရောင်ခံတပ် အရှေ့ဘက်မှ မြေပြင်၌ လုံးဝမပြန့်နေသည့်အတွက် မြို့တော်၏ စစ်တပ်က တိုက်ခိုက်ရန် ကြောက်မနေကြပေ။ သူတို့က အလုံးအရင်း တိုက်ခိုက်ရန် အခင်းအကျင်းကို ထပ်မံပြင်ဆင်နေကြသေးသည်။
လူများလျှင် အရေးသာသော်လည်း အခြားတစ်ဖက်၌ အမိန့်ပေးရ ခက်ခဲသည်။ အထူးသဖြင့် လော့ဒ်များ၏ စစ်တပ်များကို အမိန့်ပေးရ ပိုခက်ပေသည်။ ရှေ့တန်းတပ်မှူး ဂရန့်က ဆက်သားမှတစ်ဆင့် အလျင်အမြန် အမိန့်ပေးလိုက်သည်။ “ညာတောင်ပံ အခင်းအကျင်း။ အမြန်လှုပ်ရှား။”
“ရှေ့တန်း စစ်လက်နက်အဖွဲ့။ အကွာအဝေးကို ချက်ချင်းတိုင်းပြီးတော့ မှော်သလင်းကျောက်အမြောက်တွေ ထောင်ဖို့ ပြင်ဆင်ထား။”
“မှင်စာဗိုလ်ခြေ။ လောက်လေးခွကို တပ်ဆင်ပြီးတော့ စစ်ဆေးထား။”
“…”
ညွန့်ပေါင်းစစ်တပ်က မှော်သလင်းကျောက်အမြောက် တပ်ဆင်ရန် ပြင်ဆင်နေစဉ် လရောင်ခံတပ်မြို့တော်တံတိုင်းက ရုတ်တရက် အနီရောင်အလင်း အပြွတ်လိုက်ကို ပစ်လွှတ်လိုက်ကြပြီး မြေပြင်ကလည်း အပြင်းအထန် တုန်ခါသွားခဲ့သည်။ ဝုန်း ဝုန်း ဝုန်း...
ရှေ့တန်းမှ မှော်သလင်းကျောက်အမြောက်များနှင့် လောက်လေးခွအချို့က ထိုကြောက်မက်ဖွယ်ရာ စွမ်းအားဒဏ်ကြောင့် ကျိုးပြတ်ကုန်သည်။ ထို့အပြင် စစ်တပ်၏ အခင်းအကျင်းအရှေ့၌လည်း ချက်ချင်းပင် အလွန်ကြီးမားသော အပေါက်ကြီးများ ပေါ်ထွက်လာသည်။ ထိုပစ်လွှတ်မှုမှာပင် အနည်းဆုံး စစ်သည် ၂၀၀၀ အသတ်ခံလိုက်ရ၏။
အမှောင်လရဲ့ မှော်သလင်းကျောက်အမြောက်။
ဂရန့် အံ့အားသင့်သွားသည်။ သူတို့ရဲ့ ပစ်နိုင်တဲ့ အကွာအဝေးက ဝေးလွန်းတယ်။ အစွမ်းထက် လွန်းတယ်။ ဒါက ဘယ်လို မှော်သလင်းကျောက်အမြောက်မျိုးလဲ။
မြို့တော်က ယူလာတဲ့ မှော်သလင်းကျောက်အမြောက်က နတ်ဆိုးဘုံမှာ အဆင့်မြင့်ဆုံးပဲ။ ပြီးတော့ အဲဒါကို ယန္တရားဆရာသခင်က အဆင့်မြှင့်ထားတယ်။ ဒီနေရာမှာ တပ်ဆင်တာက ပစ်နိုင်တဲ့အကွာအဝေးကို အခွင့်ကောင်းယူပြီးတော့ ရန်သူကို ဟန့်ထားဖို့အတွက် အင်အားကြီးတိုက်ခိုက်မှု အရင်လုပ်ဖို့ပဲ။ ဒီအားသာချက်က အမှောင်လရဲ့ မှော်သလင်းကျောက်အမြောက်အရှေ့မှာ အားနည်းချက်တစ်ခု ဖြစ်သွားမယ်လို့ မထင်ထားခဲ့ဘူး။ အမှောင်လက ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ လက်နက်တစ်ခုကို ရလာတာလဲ။
ထိုအမြောက်ဖြင့် အပစ်ခံရသော ထိုအခင်းအကျင်းများက ကြက်သေသေသွား ခဲ့ကြသည်။ ရုတ်တရက် ဖြစ်ပျက်သည်ကို သဘောပေါက်သွားပြီးနောက် သူတို့ ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားကြတော့သည်။
“ရှေ့တန်းက နောက်ကို မီတာ ၁၀၀ ချက်ချင်းဆုတ်။ အခင်းအကျင်းကို ထိန်းထား။ ပျာယာမခတ်နဲ့။” ဂရန့် အော်ပြောလိုက်ပြီးနောက် သံတော်ဆင့်ကလည်း အမိန့်ပေးဗုံ စတင်တီးခတ်တော့သည်။ သို့သော်လည်း ရှေ့တန်းစစ်သည်အများအပြားမှာ လော့ဒ်များ၏ စစ်သည်များ ဖြစ်ကြသည်။ သူတို့သည် မြို့တော်၏ ဗိုလ်ခြေကဲ့သို့ မလေ့ကျင့်ခံရပေ။ အထူးသဖြင့် ဒုတိယအခေါက် အမြောက်ပစ်သောအခါ သူတို့က နောက်သို့ အသည်းအသန် ဆုတ်ခွာကြလေတော့သည်။ နောက်မှစစ်တပ်က နောက်မဆုတ်နိုင်တော့ဘဲ ကြားညှပ်ကာ ပိတ်သိပ်သွားတော့သည်။ အကယ်၍ ဂရန့်က ဥပဒေစိုးမိုးရေးအဖွဲ့အား အခင်းအကျင်းကို နှောင့်ယှက်သော စစ်သည်အချို့ကို သတ်ရန် ပြတ်ပြတ်သားသား မဆုံးဖြတ်ခဲ့လျှင် ရှေ့တန်းစစ်တပ်၏ အခင်းအကျင်းက ပြိုလဲလုမတတ် ဖြစ်သွားပေလိမ့်သည်။
သို့သော်လည်း မြို့တော်၏ တိုက်ရိုက်ဗိုလ်ခြေက ပို၍ပင် တည်ငြိမ်နေကြသည်။ သူတို့က အခင်းအကျင်းကို ထိန်းသိမ်းထားကြပြီး နောက်ဆုံး၌ အန္တရာယ်ကင်းသော နေရာသို့ ဆုတ်ခွာသွားကြသည်။
ထိုကဲ့သို့ မှော်သလင်းကျောက်အမြောက် နှစ်ချက်ဆင့် ပစ်ခတ်မှုက ဖိနှိပ်ခံရသော အမှောင်လ၏ စိတ်ဓာတ်ကို တက်ကြွသွားစေပြန်သည်။ လရောင်ခံတပ်မှ စိတ်လှုပ်ရှားသော အသံတစ်သံ ထွက်လာ၏။
“အခုတော့ အမှောင်လက ဘယ်လောက်အစွမ်းထက်လဲဆိုတာ သိပြီပေါ့။”
“မြို့တော်က အဲဒီမြေးလေးတွေရဲ့ တုံးအချက်ကို ကြည့်ပါဦး။”
“ဗိုလ်ချုပ်ပြောတာ မှန်တယ်။ သူတို့က ခေါင်းဆောင်မရှိတဲ့ သိုးငယ်လေးတွေပဲ။ လူတွေအများကြီးက ဘာသုံးလို့ရလို့လဲ။”
“…”
စစ်သည်များ စိတ်ဓာတ်ပြန်လည်အားတက်သွားကြောင်း မြင်သည့်အခါ အသီနာနှင့် ဗိုလ်ချုပ်များက အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။ သို့သော်လည်း သူတို့က သတိလက်လွတ် မနေရဲကြပေ။ မှော်သလင်းကျောက်အမြောက်များမှာ အနှိုင်းမဲ့ မဟုတ်ပေ။ ၎င်း၏ ပစ်နိုင်သော အကွာအဝေးမှာ အတော်လေး အသေဖြစ်လှသည်။ အဓိအားဖြင့် အနီးကပ်မှ ရန်သူများကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ တိုးမြှင့်ထားသော မှော်သလင်းကျောက် အမြောက်မှာ အစွမ်းထက်လှသော်လည်း အအေးခံချိန် ပိုကြာသည့်အတွက် ဆက်တိုက် ပစ်လွှတ်တိုက်ခိုက်၍ မရနိုင်ပေ။
အိုဆိုင်ဒန်သည် တောင်နံဘေးပေါ်ရှိ ဗဟိုစစ်တပ် တဲအိမ်မှနေ၍ ထိုမြင်ကွင်းကို ကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။ အမှောင်လရဲ့ မှော်သလင်းကျောက် အမြောက်က မမျှော်လင့်ထားလောက်အောင် အစွမ်းထက်တာပဲ။ ဒါပေမဲ့ ဆုံးရှုံးသွားတဲ့ တပ်သားအများစုက လော့ဒ်တွေရဲ့ ညွန့်ပေါင်းစစ်တပ်ကပဲ။ နဂိုကတည်းကလည်း သူတို့ကို အမြောက်စာတွေ အနေနဲ့သုံးဖို့ စီစဉ်ထားတာပဲလေ။
ပြန်လည်စုစည်းပြီးနောက် သူ့စစ်တပ်၏ စိတ်ဓာတ်ရေးရာ ကျဆင်းသွားကြောင်း ဂရန့် သိလိုက်သည်။ ရန်သူကိုတိုက်ခိုက်ရန် မှော်သလင်းကျောက်အမြောက်ကို အသုံးပြုသော သူ၏ နည်းဗျူဟာက အသုံးချ၍မရသည်မှာ သေချာပေသည်။ သို့သော်လည်း တိုက်ပွဲတစ်ခုလုံးမှာ စတင်ရုံသာ ရှိနေသေးသည်။
ဂရန့်က အားအင်စုစည်းပြီး အော်ပြောလိုက်သည်။ “ရှေ့က ခံတပ်သေးသေးလေးကို မင်းတို့ မြင်လား။ ပျော့ဖတ်နေတဲ့တံတိုင်းတွေကို မင်းတို့ မြင်ကြလား။ အမှောင်လရဲ့ သူပုန်တွေကို အဲဒီနောက်မှာ ပုန်းနေပြီးတော့ ကြက်သီးထနေကြတယ်။ ငါတို့ရဲ့ အကြွင်းမဲ့စွမ်းအားကို ရင်ဆိုင်ရတော့ သူတို့က ပုန်းနေရုံပဲ တတ်နိုင်ကြသည်။ ဘယ်လို နည်းဗျူဟာမဆို အသုံးမဝင်ဘူး။ ငါတို့ရဲ့ ခြေတစ်လှမ်းတိုင်းက ဒီခံတပ်ကို မြေပေါ်ကို ဖြိုလှဲပစ်နိုင်ဖို့ လုံလောက်တယ်။ ညွန့်ပေါင်းစစ်တပ်က စစ်သည်တို့။ ငါ့ကိုပြောကြ။ ငါတို့နောက်မှာ ကြည့်နေတဲ့ အရှင် ရီဂျန့်ကို ပြောလိုက်။ ဒီခံတပ်လေးကို မင်းတို့ ချေမှုန်းပစ်နိုင်ကြလား။”
“ချေမှုန်းနိုင်တယ်။ ချေမှုန်းနိုင်တယ်။ ချေမှုန်းနိုင်တယ်။” ရှေ့တန်းစစ်တပ်၏ လျော့ကျသွားသော စိတ်ဓာတ်များက ဂရန့်၏ အားပေးမှုအောက်တွင် တိုးတက်လာပြန်သည်။ သူတို့က မြေပြင်ကို ဆောင့်နင်းလိုက်ကြပြီး ဒိုင်းကာများကို လက်နက်များဖြင့် ထုရိုက်လိုက်ကြသည်။ စစ်မြေပြင်တစ်ခုလုံးမှာ ထိုအရှိန်အဟုန်မှာ ထိတ်လန့်အံ့အားသင့်ဖွယ်ရာပင် ဖြစ်သည်။ အိုဆိုင်ဒန်က အသိအမှတ်ပြုပြီး အသာလေး ခေါင်းညိတ်လိုက်သည်။
ထိုကဲ့သို့ အရှိန်အဟုန်မျိုးက လရိပ်ခံတပ်မှ ခုခံနေသော စစ်သည်များကို တစ်နည်းတစ်ဖုံ ထိတ်လန့်သွားစေခဲ့သည်။ သို့သော်လည်း ခဏအကြာ၌ လရိပ်ခံတပ်မှ ပိုကျယ်လောင်သောအသံတစ်ခု ပေါ်ထွက်လာသည်။ ထိုအသံက... ပို၍ပင် ထူးဆန်သည်။ ၎င်းမှာ ငရဲခွေး၏ ဟောင်သံ ဖြစ်နေ၏။
ခွေးဟောင်တာလား။
နှစ်ဖက်လုံးမှ စစ်သည်များ တပြိုင်နက်တည်း ကြက်သေသေသွားကြ၏။ ဒါက ဘာကြီးလဲ။
သူတို့ သေသေချာချာ နားထောင်ကြည့်သည့်အခါ ထိုဟောင်သံမှာ အနည်းငယ် မရေမရာ ဖြစ်နေသည်။ ၎င်းတွင် စကားပြောသံများ ရောနှောနေပုံရသည်။ ၎င်းမှာ ခုနက ဂရန့်၏ စိတ်ဓာတ်မြှင့်တင်ခြင်း စကားများဖြစ်ကြောင်း အားလုံးကြားလိုက်ရသည်။ စည်းချက်နှင့် လေသံများမှာ မယုံနိုင်စရာကောင်းလောက်ဆောင် ဆင်တူပေသည်။
“ကိုက်တဲ့ခွေးက မဟောင်တတ်ဘူး။ အမှောင်လက စစ်သည်တော်တို့။ ငါတို့က ဟောင်ပဲ ဟောင်တတ်တဲ့ အဲဒီခွေးတွေကို ကြောက်လား။” ငရဲခွေးဟောင်ပြီးနောက် ယောကျ်ားတစ်ယောက်၏အသံ ဟိန်းထွက်လာသည်။
“မကြောက်ဘူး။” ရယ်သံများကြားထဲ၌ လရောင်ခံတပ်မှ ပို၍သေသပ်သော အသံတစ်သံ ထွက်လာသည်။
အသီနာ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ရိုမန်က တကယ့်ကို တစ်ခုခုပဲ။ သူ့ရဲ့ပြက်လုံးက တကယ်ကြီး ရန်သူရဲ့ ဖိနှိပ်မှုကို လျော့ပါးသွားစေခဲ့တယ်။
ဂရန့် ဒေါသထွက်သွားသော်လည်း မျက်နှာကို တင်းမာထားပြီး တိုက်ခိုက်ရန် အမိန့်တစ်ခု ပေးလိုက်သည်။ “ပထမနဲ့ ဒုတိယ စစ်တပ်၊ တိုင်ပုံစံပြောင်းပြီးတော့ တိုက်ခိုက်။ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေကြ။ ရန်သူရဲ့ မှော်သလင်းကျောက် အမြောက်တွေကို မကြောက်နဲ့။ ပစ်နိုင်တဲ့ အကွာအဝေးကို ကျော်သွားရင် မှော်သလင်းကျောက် အမြောက်တွေက အသုံးဝင်မှာ မဟုတ်တော့ဘူး။ ရှေ့ဆက်သွားရင် အသက်ရှင်မယ့် အခွင့်အရေးတစ်ခု ရှိတယ်။ နာမည်လည်းရမယ်။ ဆုလာဒ်လည်း ရမယ်။ နောက်ဆုတ်ရင် လမ်းဆုံးတစ်ခုပဲ ရှိတယ်။ ဥပဒေစိုးမိုးရေးအဖွဲ့ကို သတိထား။ သူရဲဘောကြောင်ပြီး ပြန်ပြေးလာတဲ့သူတွေကို ခြွင်းချက်မရှိ ခေါင်းဖြတ်ပစ်မယ်။”
ပထမနှင့် ဒုတိယ စစ်တပ်ကို လော့ဒ်များ၏ စစ်တပ်နှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လော့ဒ်များက သူတို့သည် အမြောက်စာများဖြစ်ကြောင်း သိကြသည်။ သို့သော်လည်း သူတို့ ဘာမျှမလုပ်နိုင်ပေ။ ဂရန့်က ပြန်ပြေးလာသူများကို ခေါင်းဖြတ်ကို အမိန့်ပေးခဲ့သည် မဟုတ်ပါလား။ ထို့ပြင် ရီဂျန့်အိုဆိုင်ဒန်က နောက်မှ ကြည့်နေလေသည်။ သူတို့က အံကြိတ်ပြီး စစ်တပ်ကို ရှေ့သို့ကာ ဦးဆောင်ရတော့သည်။
သို့သော်လည်း စစ်သည်များက မကြောက်ကြပေ။ လူသားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ၊ အဖွဲ့ကြီးတစ်ခုထဲသို့ ရောက်ရှိသွားသည်နှင့် အခြေအနေအရ အလွယ်တကူ ကူးစက်တတ်ပေသည်။ အထူးသဖြင့် စိတ်အားတက်ကြွမှု၏ လွှမ်းမိုးမှု ခံရသောအခါ ပြိုင်ဘက်ကင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းကို စစ်ရေးစိတ်ဓာတ်ဟု ခေါ်ပေသည်။
“သတ်ကြ။” စတုရန်းပုံ အခင်းအကျင်းနှစ်ခုက တိုင်ပုံစံများအဖြစ် ပြန့်ကျဲသွားပြီး ညာသံပေးကာ ဖုန်များကြားထဲ၌ လရိပ်ခံတပ်သို့ ပြေးဝင်ကြတော့သည်။
“စနေပြီ။” အိုဆိုင်ဒန်က တည်ငြိမ်ပုံရသော မျက်လုံးများဖြင့် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ အမှောင်လကို တစ်ခါတည်း ရှင်းပစ်နိုင်ငသည်နှင့် သူ၏ အကြီးမားဆုံး ပြဿနာ ပြေလျော့သွားမည်ဖြစ်ပြီး ယခင်အခက်အခဲများကိုလည်း ဖြေရှင်းနိုင်ပေမည်။
“နောက်ဆုံးတော့စပြီ။” ရှီရာကလည်း သလင်းကျောက်စက်လုံးကို တိတ်တိတ်လေး စိုက်ကြည့်ရင်း အမှောင်လမြို့တော်ရှိ နန်းတော်ထဲမှ တစ်ပုံစံတည်း ပြောလိုက်သည်။
“မှော်သလင်းကျောက်အမြောက် အဖွဲ့(၁)၊ ပစ်တော့။”
“မှော်သလင်းကျောက်အမြောက် အဖွဲ့(၂)... ပစ်...”
အသီနာ၏ အမိန့်များအောက်တွင် စစ်မြေပြင်သို့ အလင်းစက်လုံများ အစလိုက် ပစ်တော့သည်။ မြောက်မြားလှစွာသော ကြီးမားလှသည့် တွင်းများ ပေါ်ထွက်လာ၏။ ပစ်ခတ်မှုအကွာအဝေးအတွင်းမှ စစ်သည်များက ချက်ချင်းပင် အမှုန့် ဖြစ်သွားကြသည်။ အနီးအနား၌ ခြေလက်ပြတ်နေသူများ ရှိနေသည်။ ၎င်းမှာ ဆိုးဝါးလှသော မြင်ကွင်းတစ်ခု ဖြစ်သည်။ သို့သော်လည်း အခြားသူများမှာ အော်ဟစ်သတ်ဖြတ်နေရင်း ရှေ့သို့ အပြင်းအထန် ချီတက်နေဆဲ ဖြစ်သည်။ အခင်းအကျင်း အတော်လေး ပြန့်ကျဲသွားသည့်အတွက် အသေအကြေများမှာလည်း ယခင်ကထက် ပိုမိုလျော့ပါးသွားခဲ့သည်။
မှော်သလင်းကျောက်အမြောက် စွမ်းအားကြီးလေလေ အအေးပေးချိန် ပိုကြာလေလေ ဖြစ်သည်။ ဂရန့်က ယခင် ပစ်လွှတ်မှု နှစ်ခုအတွင်း အမှောင်လခံတပ်၏ မှော်သလင်းကျောက်အမြောက် အအေးပေးချိန်ကို သေသေချာချာ တွက်ချက်ခဲ့သည်။ ရန်သူ၏ မှော်သလင်းကျောက်အမြောက်များ ပစ်ပြီးသွားပြီ ဖြစ်ရာ ထပ်မံ၍ မသုံးနိုင် တော့သည်မှာ သေချာသည်။ သူက ထိုအခွင့်အရေးကို အရယူပြီး ပိုမိုအင်အားကြီးသော စစ်တပ်ကို စေလွှတ်သည်။
“မှော်ပညာရှင်ဗိုလ်ခြေ။ တိုမြှင့်မှော်ကို အရှိန်တင်။ တတိယစစ်တပ်နဲ့ နတ်ဆိုးအဆောင်ဗိုလ်ခြေ .... ချီတက်တော့။”
ထိုတစ်ခေါက် တိုက်ခိုက်ရေးစွမ်းအားမှာ ပထမတစ်ခေါက်ထက် ပိုကောင်းသည်။ နတ်ဆိုးအဆောင်ဗိုလ်ခြေကို ရန်သူ၏မြားများအား ထိထိရောက်ရောက် ခုခံနိုင်သော ကြီးမားလှသည့် ဒိုင်းကာများနှင့် ဝိုင်းရံလှေကာများ တပ်ဆင်ပေးထားသည်။ လှုပ်ရှားနိုင်မှု အားနည်းချက်ကို အရှိန်တိုးမှော်ပညာဖြင့် ဖြည့်တင်းထားသည့်အတွက် ထိုဗိုလ်ခြေသည် ဝင်စီးပြီး အနီးကပ် တိုက်ခိုက်ရန်အတွက် အင်အားကြီးလက်နက်တစ်ခု ဖြစ်ပေလိမ့်မည်။
တတိယစစ်တပ်နှင့် နတ်ဆိုးအဆောင်ဗိုလ်ခြေတို့ အလျင်အမြန် ချီတက်နေစဉ် လရောင်ခံတပ် တံတိုင်းမှ အဖြူရောင်အလင်းမှ ပစ်လွှတ်လိုက်ကြသည်။ ယခင် မီးတောက်နီ မှော်လင်းကျောက်အမြောက်က ကတော့ပုံ ပစ်ချက်ဆိုလျှင် ယခု အဖြူရောင်ခြည်မှာ ရန်သူ၏အခင်းအကျင်းကို မဟာဓားတစ်လက်ကဲ့သို့ တည့်တည့် ဖြတ်တောက်နိုင်သော မျဉ်းဖြောင့်တစ်ခု ဖြစ်သည်။ ၎င်းက နှေးကွေးစွာဖြင့် ရွေ့လျားနေသေးသည်။ လမ်းတစ်လျှောက်ရှိ ရန်သူအင်အားစုများက ခုခံရန်နှင့် ရှောင်တိမ်းရန်ပင် အချိန်မရှိခဲ့ပေ။ သူတို့က အမှုန်အဖြစ် ပြိုကွဲကာ ပျောက်ကွယ် သွားကြသည်။ ဒုတိယတစ်ခေါက်တွင် ချီတက်လာသော စစ်တပ်များက ယပ်တောင်ပုံစံ များဖြင့် ရှင်းလင်းခံလိုက်ရလေသည်။
“ချီးပဲ။” ဂရန့်က အမှောင်လတွင် နောက်ထပ် မှော်သလင်းကျောက်အမြောက်များ ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ၎င်းမှာ တူညီစွာပင် ကြောက်မက်ဖွယ်ရာ ကောင်း၏။ ထိုတိုက်ပွဲက အမှောင်လက အသေအချာ အပြင်းအထန် ခုခံလိမ့်မည်ဖြစ်ကြောင်း သူ တွေးမိခဲ့သော်လည်း ခုခံမှုက ထိုမျှအားကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူက လရိပ်ခံတပ်ကို မထိနိုင်ခင်မှာပင် အတော်လေး အထိနာနေခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ တခြားနည်း မရှိတော့ပေ။ သူက အနည်းငယ်မျှပင် တုံ့ဆိုင်း၍ မရနိုင်ပေ။
မှော်သလင်းကျောက်အမြောက်က စစ်သည်အများအပြားကို ရှင်းပစ်ခဲ့သော်လည်း ဂရန့် ထင်ထားသည့်အတိုင်းပင် ပစ်နိုင်သော အကွာအဝေးကို ကျော်လွန်သွားသည်နှင့် ၎င်းတို့မှာ အသုံးမဝင်တော့ပေ။ မရဏလမ်းကြောင်းကို ကျော်ဖြတ်သွားခဲ့သော ညွန့်ပေါင်းစစ်တပ်က ခံတပ်ဆီသို့ အားမာန်တက်ကြွလျက် ပြေးလာကြတော့သည်။
လမ်းတစ်လျှောက်ရှိ မှော်ထောင်ခြောက်များနှင့် မှော်စက်ဝိုင်းများက အသုံးဝင်ခဲ့ သော်လည်း ချက်ချင်းပင် ၎င်းတို့ကို လူအုပ်ကြီးက ဖုံးလွှမ်းသွားခဲ့သည်။
လိုကီက အကွာအဝေးကို တိတ်တဆိတ် တွက်ချက်နေရင်း ရန်သူ ချဉ်းကပ်လာသည်ကို တည်တည်ငြိမ်ငြိမ်နှင့် ကြည့်နေသည်။ သူ့လက်ထဲမှ ဓားမောက်ရှည်ဖြင့် ညွှန်ပြလိုက်ရာ ဆက်သားက ချက်ချင်းပင် အချက်ပြတစ်ခု ပို့လွှတ်လိုက်သည်။ မြို့တံတိုင်း နောက်ဘက်၌ လေးသမား သုံးလေးတန်းက လေးများကို အတူတကွ ဆွဲလိုက်ကြပြီး လေထဲသို့ စတင်ပစ်ခတ်တော့သည်။
ချန်လွေ့၏ “တီထွင်မှု”ဖြစ်သော လက်မစွပ် ဝတ်ပြီးသောအခါ လေးသမားများက မြားများကို အလွန်လျင်မြန်စွာ ပစ်လွှတ်နိုင်လာသည်။ ခံတပ်ပေါ်မှ မြားမိုးရွာတော့သည်။ ထိုကဲ့သို့ များပြားလှသော မြားများအောက်တွင် မြို့တော်ညွန့်ပေါင်းစစ်တပ်မှ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားတော့သည်။
ခံတပ်တံတိုင်းအပေါ်၌ ကျက်သရေရှိသော အမျိုးသမီးပုံရိပ်များ ပေါ်ထွက်လာ၏။ တစ်ယောက်စီက လေးများနှင့် ဧရာမ မြားကျည်ဆောက်များ ကိုင်ဆောင်ထားကြသည်။ “ကျက်သရေ”ရှိသော ဆိုသည်မှာ အပေါ်ပိုင်းကို ဆိုလိုခြင်း ဖြစ်သည်။ အောက်ပိုင်းကို “တွန့်လိမ်”နေသည်ဟုပင် ဖော်၍ရနိုင်ပေသည်။ ၎င်းတို့မှာ မယ်ဒူဆာ စစ်သည်များပင် ဖြစ်ကြ၏။
ထိုမယ်ဒူဆာအဖွဲ့က နဂိုကတည်းက လရိပ်ဗိုလ်ခြေမှ ဖြစ်ကြသည်။ ယခုက သူတို့ ရွှေ့ပြောင်းလာကြခြင်း ဖြစ်သည်။ လိုကီ အော်ပြောလိုက်ရာ မယ်ဒူဆာများက ချပ်ကာ အပေါ့စားများဝတ်ပြီး လေးများကို ညီညီညာညာ ဆွဲလိုက်ကြသည်။ ထို့နောက် သူတို့က ပစ်မှတ်ကို တည့်တည့်ချိန်ပြီး ပစ်ကြတော့သည်။ မယ်ဒူဆာများ၏ မြားပစ်စွမ်းရည်မှာ နတ်ဆိုးဘုံရှိ အကောင်းဆုံးထဲ၌ ဖြစ်သည်။ မိစ္ဆာသစ်သီးဖြင့် တိုးမြှင့်ပြီးနောက်တွင် မြားတိုင်းနီးပါးကပင် အသက်တစ်ခုကို နုတ်ယူနိုင်လေသည်။
သို့ရာတွင် ညွန့်ပေါင်းစစ်တပ်က အရေအတွက် များပြားလှပြီး မြားမိုးအောက်မှာပင် မြို့တံတိုင်းသို့ စစ်သည်အများအပြား ချဉ်းကပ်လာကြသည်။ နတ်ဆိုးအဆောင် ဗိုလ်ခြေက မြားများကို ကာကွယ်ရန်အတွက် ချပ်ကာအကြီးစားများနှင့် ဒိုင်းကာများကို အသုံးပြုခဲ့ ကြသည်။ သူတို့က ဝိုင်းရံလှေကားများကို တပ်ဆင်ပြီးနောက် မြို့တံတိုင်းပေါ် ထောင်ရန် ပြင်လိုက်သည်။
ရုတ်တရက် မြေပြင်ပေါ်၌ ဆူးများပါသည့် မြောက်မြားလှစွာသော ဧရာမ အစိမ်းရောင်နွယ်များ ပေါ်ထွက်လာသည်။ ကြောက်မက်ဖွယ်ရာ အပင်များက လိမ်ယှက်သွားပြီး ဧရာမမြွေများကဲ့သို့ပင် အလျင်အမြန်ကြီးထွားပြီး ပျံ့နှံ့လာကြသည်။ သူတို့က ချဉ်းကပ်လာသော ရန်သူများနှင့် ဝိုင်းရံလှေကားများကို ရစ်ပတ်လိုက်သည်။
ထိုနွယ်များက အစွမ်းထက်လှပြီး အထူးဂုဏ်သတ္တိအချို့ ရှိနေဟန် တူသည်။ ရစ်ပတ်ခဲ့ရသော ရန်သူများက ဝိုင်းရံလှေကားကဲ့သို့ မကျိုးကြေသွားသည့်တိုင် ခဏအကြာ ခုခံမှုမရှိတော့ဘဲ သေသည်အထိ လည်ပင်းညှစ်သတ်ခံလိုက်ရ၏။
ညွန့်ပေါင်းစစ်တပ်ကို ထိတ်လန့်သွားစေသည်မှာ ထိုကြောက်မက်ဖွယ်ရာ အပင်၏ အဖြတ်ခံလိုက်ရသော အစိတ်အပိုင်းက အဆုံးမရှိသကဲ့သို့ပင် အသစ်ပြန်ဖြစ်နေသေးသည့် အတွက်ကြောင့်ပင် ဖြစ်သည်။
အစောင့်အရှောက်နွယ်- အကာအကွယ် အပင်ကြီးမျိုး။
ဂုဏ်သတ္တိ - အသစ်ပြန်ဖြစ်ခြင်း။ သတိမေ့စေခြင်းနှင့် ချုပ်နှောင်ခြင်း။ ပျိုးထောင်ပြီး ၁၀စက္ကန့်အကြာ အပင်ပေါက်သည်။ ရင့်သန်လာရန် ၂၄နာရီ ကြာသည်။ မည်သည့် မြေမျိုးမဆို၌ စိုက်ပျိုးနိုင်သည်။ ရန်လိုသော သတ္တဝါများကို အလိုအလျောက် တိုက်ခိုက်ပြီး တိုက်ခိုက်မှု အတိုင်းအတာကို ချိန်ညှိ၍ရသည်။