မြို့တော်၏ လေကြောင်းဗိုလ်ခြေ
Vol. 34 Ch. 508
အမှောင်လမှ မထွက်သွားခင် ချန်လွေ့သည် လရောင်ခံတပ် တံတိုင်းများ အပေါ်၌ အစောင့်အရှောက်နွယ် အများအပြား စိုက်ထားခဲ့သည်။ ယခုတွင် သူတို့က အံ့အားသင့်စရာ တစ်ခုအနေဖြင့် ပေါ်ထွက်လာပြီး မမျှော်လင့်ထားသော ရလာဒ်များကို ရရှိစေသည်။
အစောင့်အရှောက်နွယ်များ၏ အကူအညီနှင့် မယ်ဒူဆာနှင့် အခြားလေးသမား၏ အင်အားကြီး ပစ်ခတ်မှုများကြောင့် ချဉ်းကပ်လာသော ရန်သူအင်အားစုများကို ရှင်းပစ်လိုက်နိုင်သည်။ စစ်တပ်အခင်းအကျင်းများနှင့် နတ်ဆိုးအဆောင်ဗိုလ်ခြေတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သည်။ သူတို့၏ ရှေ့တက်နှုန်းမှာ အလိုလို နှေးလာသည်။
မြို့တော် ညွန့်ပေါင်းစစ်တပ် ရှေ့တန်း၏ တပ်မှူး ဂရန့်က အတော်လေး မြင်မကောင်း ရှုမကောင်း ဖြစ်နေသည်။ အဝေးတွင်ရှိသော ဗဟိုစစ်တပ်၏ တဲအိမ်ကြီးမှ လာနေသော ဒေါသအကြည့်ကို နောက်မလှည့်ကြည့်ဘဲနှင့် သူ ခံစားမိနေသည်။
တိုက်ပွဲ မစခင်မှာပင် အသေအကြေများမှာ ထင်ထားသည်ထက်ပင် ကျော်လွန်နေသည်။ သူ့ဘက်မှ ချဉ်းကပ်လာသော လေးသမားများက စစ်သည် လက်တစ်ဆုပ်စာကို သတ်ပစ်နိုင်ခဲ့သည့်အတွက်ကြောင့်သာ ရန်သူများ အသေအကြေ အနည်းငယ် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ စိတ်ထဲ၌ တွက်ချက်ကြည့်မည်ဆိုရင် တိုက်ပွဲ၌ သေဆုံးခဲ့သူ အရေအတွက်မှာ သောင်းနှင့်ချီလေသည်။
ဂရန့်က တိတ်တိတ်လေး သက်ပြင်းချသည်။ အမှန်တကယ်၌ ယခုတစ်ခေါက် သူ၏ ညွှန်ကြားမှုများတွင် အမှား မရှိခဲ့ပေ။ အမှောင်လက ညွန့်ပေါင်းစစ်တပ်သို့ “ရုတ်တရက် ပြောင်းလဲမှု” အများအပြား ယူလာ၍သာ ဖြစ်သည်။ ထို “ရုတ်တရက်ပြောင်းလဲမှု” များမှာ မတော်တဆ မဟုတ်ဘဲ ဖြစ်တတ်သောသဘော ဖြစ်သည်။ အမှောင်လ မပြောနဲ့ ငါ့အရှေ့မှာရှိတဲ့ ခံတပ်ကိုတောင် လွယ်လွယ်နဲ့ အနိုင်ယူလို့မရဘူး။
အခုလက်ရှိ အတားအဆီးတွေကို ကြုံတွေ့နေရပေမဲ့ လရောင်ခံတပ်ကို သိမ်းပိုက်ဖို့ အတွက်က ပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ အရှင် အိုဆိုင်ဒန် တစ်ခါပြောဖူးတယ်။ ငါတို့က မတိုက်ရင်လည်း မတိုက်ဘူး။ တိုက်ရင်လည်း မိုးကြိုးလို အရှိန်အဟုန်နဲ့ ရှင်းပစ်မယ်။ အခုတော့ အသေအကြေတွေနဲ့ တိုက်ပွဲအခြေအနေတွေကို မမျှော်လင့်ထားတာတွေ ဖြစ်နေတယ်။ ဒါက အရှင် ရီဂျန့် ရဲ့ ဂုဏ်သတတင်းကိစ္စပဲ။ အဲဒီအချိန်မှ ခံတပ်ကို ငါတို့ ဖြိုခွင်းနိုင်မယ်ဆိုရင် ညွန့်ပေါင်းစစ်တပ်ရဲ့ ရှေ့တန်းတပ်မှူးနဲ့ လက်ထောက်တပ်မှူး နေရာကို ထိန်းထားဖို့ ခက်ခဲလိမ့်မယ်။
ထို့ကြောင့် ဂရန့်က ထိုစိတ်အနှောင့်အယှက်ဖြစ်စရာ အတွေးများကို အလျင်အမြန် ဖယ်ရှားပြီး စစ်မြင်ပြင်ကို အာရုံစိုက်ထားလိုက်သည်။ သူက စစ်သည်တစ်ယောက် ဖြစ်သည်။ စစ်ပွဲပြီးရင် ဘာပဲဖြစ်ဖြစ် စစ်မြေပြင်မှာ ရန်သူကို အနိုင်ရဖို့အတွက် ငါ အကောင်းဆုံး လုပ်မယ်။
“စတုတ္ထအဖွဲ့။ ထွက်ခွာဖို့ ပြင်တော့။ သွေးအလံဗိုလ်ခြေနဲ့ ရှာရိုဗိုလ်ခြေ အသင့်ပြင်ထား။ ဆက်သားတွေ .... ဗဟိုစစ်တပ်ကတဲကို ချက်ချင်းသွားပြီးတော့ အရှင် ရီဂျန့်ကို သတင်းပို့လိုက်။ တိုက်ပွဲကို အမြန်ဖြေရှင်းဖို့အတွက် မိုးပျံတိမ်ဗိုလ်ခြေကို စေလွှတ်ဖို့ လိုအပ်တယ်လို့။”
ပထမစစ်တပ်၏ အင်အားစုအားလုံးကို စေလွှတ်ပြီး လေကြောင်း အထောက်အပံ့ကိုလည်း တောင်းဆိုနေခြင်း ဖြစ်သည်။ ယခုတစ်ခေါက် ဂရန့်က အစွမ်းကုန် ထုတ်နေလေသည်။ သူက လရောင်ခံတပ်၏ ခံစစ်ကို အချိန်တိုအတွင်း ဖောက်ထွင်းချင်နေသည်။
ဂရန့်၏တောင်းဆိုချက်က ညွန့်ပေါင်းစစ်တပ်၏ ဗဟိုညွှန်ကြားရေးမှူး တဲအိမ်သို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။ အိုဆိုင်ဒန် သရောပြုံး ပြုံးလိုက်သည်။ “မိုးပျံတိမ် ဗိုလ်ခြေ ဟုတ်လား။ အဲဒါတွေတောင် မလုံလောက်သေးဘူး မဟုတ်လား။ နဂါးစီးနင်းသူ ဗိုလ်ခြေကိုပါ လွှတ်လိုက်ပါလား။ ဒီလိုအစွမ်းအထက်ဆုံး လေကြောင်း အထောက်အပံ့နဲ့ ဆာ-လက်ထောက်တပ်မှူးက ဒီခံတပ်သေးသေးလေးကို ဖြိုခွင်းဖို့အတွက် ဘယ်လောက် ကြာမလဲ မြင်ချင်တယ်။”
ဂရန့်၏အမိန့်မှာ ပြဿနာ မဟုတ်ကြောင်း အိုဆိုင်ဒန်၏စိတ်ထဲ၌ အသေအချာ သိသည်။ သို့သော်လည်း အိုဆိုင်ဒန်က စစ်မချီတက်ခင် ယခုတစ်ခေါက်၌ အမှောင်လကို ရှင်းပစ်ရန် တပ်သားများ စေလွှတ်မည်ဟု အတိအတင်း ကြေညာခဲ့လေသည်။ ယခုတွင် ပထမဆုံး တပ်စခန်းဖြစ်သော လရောင်ခံတပ်သာ ရှိသေးသည်။ တံတိုင်းပေါ်သို့ မတက်ခင်မှာပင် စစ်သည်အများအပြား ဆုံးရှုံးနေပြီ ဖြစ်သည်။ အများစုမှာ လော့ဒ်များ၏ စစ်တပ်များ ဖြစ်ကြသည်။ သူ၏ ရီဂျန့်ဟူသော ဂုဏ်သတင်းဖြစ်စေ၊ လော့ဒ်များအပေါ် သူ၏လုပ်ရပ်၌ဖြစ်စေ တရားမျှတကြောင်းပြရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ထိုတာဝန်ကို တစ်စုံတစ်ယောက်က ယူရပေမည်။
ရှီရာသာဆိုလျှင် တာဝန်ယူမည်ဖြစ်သည်။ သို့သော်လည်း အိုဆိုင်ဒန်က ရှီရာ မဟုတ်ပေ။ သူ လိုအပ်နေသည်မှာ သူယုံကြည်သော ဂုဏ်သြဇာ ဖြစ်သည့်အတွက် ထိုအပြစ်ဒဏ်ကို ဂရန့်သာ ခံရပေမည်။
မြို့တော်ကို စတင်တိုက်ခိုက်ခဲ့သော စစ်တပ်အခင်းအကျင်း ၃ခုနှင့် နတ်ဆိုးအဆောင်ဗိုလ်ခြေတို့က မြို့တံတိုင်းပေါ်တက်ခြင်းများ မအောင်မြင်ပြီးနောက် တိုက်ခိုက်မှု နှေးကွေးသွားသည်။ ထိုအချိန်၌ လရောင်ခံတပ်မှ ခုခံသူများက အဝေးမှ ကောင်းကင်တွင် သိပ်သည်းလှသော အမည်းစက်များကို မြင်လိုက်ရသည်။
“ရန်သူရဲ့ လေကြောင်းဗိုလ်ခြေပဲ။” အသီနာ၏အမူအရာ လေးနက်သွား၏။ “သူတို့တွေ အများကြီး ရှိနေတယ်။”
“ဒါက မိုးပျံတိမ် ဗိုလ်ခြေပဲ။” နက်စ်တာက မြို့တော်၏ ဗိုလ်ခြေနှင့် အရင်းနှီးဆုံး ဖြစ်သည်။ ၎င်းကို စိုက်ကြည့်နေရင်း သူက တအံ့တသြနှင့် ပြောသည်။ “အိုး...သွားပြီ။ နောက်မှာ.... သူတို့က နဂါးစီးနင်းသူ ဗိုလ်ခြေကိုပါ စေလွှတ်လိုက်တယ်။”
မိုးပျံတိမ်ဗိုလ်ခြေမှာ အဓိကအားဖြင့် သန္ဓေပြောင်း ဂရစ်ဖင်း အများအပြား ပါဝင်သော နတ်ဆိုးသားရဲ အများအပြားဖြင့် ဖွဲ့ထားထားသည့် လေတပ် ဖြစ်သည်။ အရေအတွက်မှာ စီးနင်းသူ ၅၀၀၀ ကျော်သည်။ သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်များမှာ ထူးချွန်ပြီး ဝိုင်းရံတိုက်ခိုက်ရာ၌ တော်သည်။ နဂါးစီးနင်းသူ ဗိုလ်ခြေမှာ ဝိုင်ဗန်စီးသော နဂါးစီးနင်းသူများ ဖြစ်ကြသည်။ စီးနင်းသူ ၁၅၀၀၏ တိုက်ခိုက်ရေးမှာ အတော်လေး ပြင်းထန်လှပေသည်။
အသီနာ မျက်မှောင်ကြုတ်ပြီး ပြောသည်။ “တောင်နောက်မှာ ဝိုင်ဗန်ဗိုလ်ခြေက အသင့်ရှိနေပြီးသားပဲ။ ကျွန်မတို့ရဲ့ ဝိုင်ဗန်တွေက ရန်သူတွေနဲ့ ဆင်တူတယ်။ ဒါပေမဲ့ ဂရစ်ဖင်းကတော့ စီးနင်းသူ ၁၀၀၀ပဲ ရှိတယ်။ ဒါက အရေအတွက်အရတော့ လုံးဝ နိမ့်ကျနေတယ်။”
နက်စ်တာ ခေါင်းညိတ်သည်။ “နဂါးစီးနင်းသူဗိုလ်ခြေရဲ့ တပ်မှူးကို ဆယ်လ်ဂါလို့ ခေါ်တယ်။ သူက မှော်ပညာနှင့် သိုင်းပညာကို အထူးလေ့ကျင့်ထားတယ်။ သူက နတ်ဆိုး အရှင်သခင်အဆင့် ကနဦးပိုင်းစွမ်းအား ရှိသည်။ သူရဲ့စရိုက်က ကြမ်းတမ်းပြီးတော့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အတော်လေး အားကောင်းတယ်။ မိုးပျံတိမ်ဗိုလ်ခြေရဲ့ တပ်မှူးကို ရိုမတီလို့ ခေါ်တယ်။ သူ့စွမ်းအားအဆင့် ကျုပ်နဲ့ အတူတူပဲ။ သူက အတော်လေး ဉာဏ်များပြီးတော့ ကိုင်တွယ်ရ ခက်ခဲတယ်။ သူ့ရဲ့လက်အောက်မှာ အတော်လေး စွမ်းအားကြီးတဲ့ မန်တီကိုးအဖွဲ့တစ်ခုလည်း ရှိတယ်။”
“နင်ဘာလို့ ဒီလောက်အများကြီး ပြောနေတာလဲ။” လေသံမာမာ တစ်သံ ထွက်လာသည်။ “သူတို့ကို ငါ့တာဝန် ထားလိုက်ပါ။”
အသီနာနှင့် အခြားသူများ ခေါင်းလှည့်ကြည့်လိုက်သည်နှင့် ပြတ်သားသော အမူအရာနှင့် ခိုင်မာသော မျက်လုံးများနှင့် မိန်းမလှကို မြင်လိုက်ရသည်။ အပြတ်သားဆုံးမှာ သူ၏လေသံ ဖြစ်သည်။ “အသီနာ။ ငါ့အတွက် ပိုက်ဆံရေပေးဖို့ မမေ့နဲ့။”
ထိုစကားက အသီနာကို ပြောစရာစကား မဲ့သွားစေသည်။ သို့သော်လည်း ဆုလာဒ် အများအပြားရလျှင် သတ္တိရှိသော နဂါးများ ရှိလာမည်ဟူသော အမှန်တရားကို သူသိနေ သေးသည့်အတွက် ခေါင်းညိတ်လိုက်သည်။ “ဒါဆို နင်အရင်သွားပြီး တိုက်ခိုက်ထား။ ဝိုင်ဗန်ဗိုလ်ခြေက ခဏနေ ရောက်လာလိမ့်မယ်။ လေတပ်က ကိုယ်တွယ်ရ ခက်ခဲတယ်။ ငါ ပိုက်ဆံကို နှစ်ဆ တိုးပေးမယ်။”
ထိုမိန်းကလေး၏ ခပ်မိုက်မိုက် အမူအရာက ရုတ်တရက်ပင် ရွှင်ပသော အပြုံးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။ သူက အသီနာ၏လက်ကို ကိုင်လိုက်သည်။ “အသီနာ။ နင်က အကောင်းဆုံးဆိုတာ ငါသိသားပဲ။”
“သတိထားဦး။” အိုလီဖီးရက်စ်သည် အလွန်အစွမ်းထက်ကြောင်း အသီနာ သိသော်လည်း ရန်သူများ များလွန်းလှသည်။ မစ်-နဂါးနက်ကိုယ်တိုင် မကိုင်တွယ် နိုင်သော နတ်ဆိုးအရှင်သခင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များလည်း ရှိသည်။ “ပိုက်ဆံပိုရဖို့အတွက် လောဘသိပ်မကြီးနဲ့။ အနက်ရောင်နဲ့စီးနင်းသူတွေက ငါတို့ဘက်ကဆိုတာ မမေ့နဲ့။ သူတို့ကို မရောမိလိုက်စေနဲ့။ ပါ့ဂ်လီအို။ တောင်နောက်ဘက်ကို ချက်ချင်း သွားပေးပါ။”
“ဘက်မှားပြီး တိုက်ခိုက်ရင် မင်းရဲ့ပိုက်ဆံတွေကို နုတ်မယ်။ မင်းတကယ် မထိန်းထားနိုင်ဘူးဆိုရင် တောင်အနောက်ဘက်ကို ငါ အရင်သွားမယ်။ အဲဒီအချိန် ဘက်တီလေးအတွက် မင်းရဲ့အသက်ကို ငါကယ်ချင်ကယ်မယ်။” တစ်ခါမှ စကားမပြောသော ပါ့ဂ်လီအိုက ဝိုင်ပုလင်းကိုင်ထားရင်း စကားပြောလိုက်သည်။ ထိုကဲ့သို့ သာမန်အမူအရာက အဝေးရှိကောင်းကင်မှ တဖြည်းဖြည်း ကြီးလားသော “အမည်းစက်များ”ကို ဂရုစိုက်နေပုံမရပေ။
ယခင်က အိုလီဖီးရက်စ်သည် ဆရာသခင် အဆိပ်နဂါး၏ အိပ်မက်ဆိုး ဖြစ်ခဲ့သည်။ ပါ့ဂ်လီအိုက နတ်ဘုရားသဖွယ် နောက်ယောင်ခံလိုက်သော ပညာရပ်ကြောင့် အမှန်တကယ် စိတ်ဖိစီးခဲ့ရသည်။ ဘက်တီလေး တံခါးပိတ်လေ့ကျင့်ပြီးကတည်းက ငါ ပျော်ပျော်ရွှင်ရွှင် နေရတာ ရှားတယ်။ အဲဒါက မစ်-ကပ်စေးနဲရဲ့ လက်သည်းတွေကြောင့် ပျက်စီးခဲ့ရတာ။ ငါ အမြဲတမ်း အနှောင့်ယှက်ခံခဲ့ရတယ်။ ဘက်တီးလေးနဲ့ အိုလီဖီးရက်စ်တို့ ဆက်ဆံရေးက ညီအစ်မကောင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေလိုမျိုး နီးကပ်လာကြပြီ။ သူတို့နောက်မှာ ကြောက်စရာကောင်းတဲ့ အရူးမတစ်ယောက်လည်း ရှိနေသေးတယ်။ ဆရာသခင် အဆိပ်နဂါးရဲ့ ဘဝက တော်တော်လေး ခါးသီးစရာ ကောင်းနေပြီ။ အခု ငါ အခွင့်အရေး ရပြီ။ ငါ့ကို ငြိမ်ငြိမ်နေတတ်တယ် မထင်အောင်လို့ ကိုယ်ရေးကိုယ်တာ အငြိုးတွေကို လက်စားချေရမယ်။
မစ်-နဂါးနက်ကို ဆရာသခင် အဆိပ်နဂါးကို နှာမှုတ်ပြီး လျစ်လျူရှုလိုက်သည်။ ထိုစဉ် ရိုမန်က နက်စ်တာကို တီးတိုးပြောသည်။ “အဲဒီ ရိုမတီနဲ့ နောက်မှ ငါရှင်းမယ်။”
အိုလီဖီးရက်စ်က ရိုမန်အား သံသယဖြင့် ကြည့်လိုက်သည်။ “နင်က နက်စ်တာကို တောင်းဆိုနေသလိုပဲ။ ရိုမတီက မိန်းမလှ တစ်ယောက်လား။”
ဒီကောင်မလေးက ကြောက်စရာကောင်းလွန်းတယ်။ ဒါကြောင့် ပါ့ဂ်လီအိုက သူ့ကို ရန်သူတစ်ယောက်လို ဆက်ဆံနေတာကိုး။ ရိုမန် ချွေးစေးများ ပြန်သွားသည်။ သူက အလျင်အမြန်ပင် စကားလမ်းကြောင်းပြောင်းပြီး လေထဲမှ ချဉ်းကပ်လာသော နတ်ဆိုးသားရဲများကို ထောက်ပြကာ ပြောသည်။ “သူတို့ ရောက်လာပြီ။”
ကောင်းကင်ပေါ်၌ ပျံသန်းနေသော နတ်ဆိုးသားရဲများက အမြန်ရွေ့လျားနေသော တိမ်မည်းတစ်ခုသဖွယ် ဖြစ်နေပြီး လနှစ်စင်း၏ အလင်းရောင်ကိုပင် ဖုံးကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။ ကောင်းကင်သည် အော်ဟစ်သံများ ပြည့်နှက်နေသည်။ သူတို့ မပျံသန်းလာခင်မှာပင် အမှောင်လ ခုခံသူများအပေါ်၌ ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားများ ဖြစ်စေခဲ့သည်။
“လေတပ်” ရောက်ရှိလာခြင်းက မြို့တော် ညွန့်ပေါင်းစစ်တပ်၏ စိတ်ဓာတ်ကို မိုးထိအောင် မြင့်တက်သွားစေသည်။ ဂရန့်က စတုတ္ထစစ်တပ်အခင်းအကျင်းနှင့် သွေးအလံဗိုလ်ခြေတို့ကို တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေ။ မြို့တံတိုင်းအရှေ့ဘက်မှ တိုက်ခိုက်မှုများ စတင်ပြင်းထန်လာတော့သည်။ အစောင့်အရှောက်နွယ်များက သူတို့ကို မဖိနှိပ်နိုင်တော့ပေ။ အသစ်ပြန်ဖြစ်သော အမြန်နှုန်းက ဖျက်ဆီးခံရသော အမြန်နှုန်းကို မလိုက်မီတော့ဘဲ ၎င်းတို့၏ အသက်ဓာတ်များ တဖြည်းဖြည်း ခြောက်သွေ့သွားခဲ့သည်။
အဝေးမှမြင်ကွင်းကို ကြည့်ရင်း အိုဆိုင်ဒန်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သတင်းအချက်အလက်အရ အမှောင်လရဲ့လေတပ်က အများဆုံး လူ ၂၀၀၀ ပဲ။ အဲဒါက ဘယ်လိုလုပ်ပြီးတော့ မြို့တော်က စစ်သည် ၇၀၀၀ နဲ့ ယှဉ်နိုင်မှာလဲ။ မြေပြင်မှာလည်း စစ်တပ်အခင်းအကျင်း ၅ခုနှင့် အဓိကဗိုလ်ခြေ ၂ခု ရှိနေတယ်။ ဒီလိုမျိုး နှစ်လမ်း တိုက်ခိုက်မှုနဲ့ဆိုရင် လရောင်ခံတပ် ပြိုလဲမှာက အနှေးနဲ့အမြန်ပဲ။
လရောင်ခံတပ်အပေါ်ဘက် ကောင်းကင်ပေါ်ရှိ “တိမ်မည်း”အရှေ့တွင် ပုံရိပ်တစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။ ထိုပုံရိပ်က အကြောက်အလန့်မရှိဘဲ အမြန်သွားနေသည်။ “တိမ်မည်း”နှင့်ယှဉ်လျှင် ထိုပုံရိပ်မှာ မပြောပလောက်ပေ။ သို့သော်လည်း ထိုပုံရိပ် ဖြတ်သွားသောနေရာတိုင်း “တိမ်းမည်း”က ကွဲထွက်နေသော လှိုင်းတစ်ခုသဖွယ် ပြဲထွက်သွားခဲ့သည်။ လမ်းတစ်လျှောက်၌ ဝိုင်ဗန်များနှင့် ဂရစ်ဖင်းများ အဆက်မပြတ် ပြုတ်ကျလာသည်။ အများစုက ထိုပုံရိပ်မှ ထုတ်လွှတ်သော အငွေ့အသက်ကြောင့် ကြောက်လန့်သွားကြသည်။ ထို့ကြောင့် သူတို့ မချဉ်းကပ်ရဲကြပေ။
သန္ဓေပြောင်း ဝိုင်ဗန်ဘုရင်တစ်ကောင်အပေါ်၌ ချပ်ကာမပါဘဲ ထိုင်နေသည်မှာ နဂါးစီးနင်းသူဗိုလ်ခြေတပ်မှူး ဆယ်လ်ဂါ ဖြစ်သည်။ ရန်သူမှာ ကောင်မလေးတစ်ယောက် ဖြစ်ကြောင်း သူ တွေ့လိုက်သည်။ သူက ဝိုင်ဗန်စီးရင်း ပျံသွားကာ မှော်စွမ်းအားကို လည်ပတ်စေရင်း အော်ပြောလိုက်သည်။ “ဒီမိန်းမကို ငါ့တာဝန်ထား။ အားလုံး ခံတပ်ကို တိုက်ခိုက်ကြ။”
အနီးအနားရှိ နဂါးစီးနင်းသူများက ထိုအမိန့်ကို ကြားသည့်အခါ အဖွဲ့များခွဲသွားပြီး လရောင်ခံတပ်သို့ ပျံသွားကြတော့သည်။ ပိုက်ဆံရှာရန်မှာ အိုလီဖီးရက်စ်၏ ထိပ်တန်း ဦးစားပေး ဖြစ်သည်. ထို့ကြောင့် သူက ဆယ်လ်ဂါကို ဂရုမစိုက်ဘဲ နဂါးစီးနင်းသူများ နောက်သို့သာ လိုက်သည်။ သူက ဝိုင်ဗန်များထက် အလွန်လျင်မြန်စွာ ပျံသန်းနိုင်သည်။ သူသွားသောနေရာတိုင်း ဝိုင်ဗန်များ မိုးရွာသကဲ့သို့ ပြုတ်ကျသွားကြသည်။
ထိုနဂါးစီးနင်းသူများနှင့် ဝိုင်ဗန်များအားလုံးကို ဆယ်လ်ဂါက လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုကောင်မလေးကို သူတို့ကို လမ်းတစ်လျှောက်လုံး သတ်ပစ်နေပြီး အသေအကြေ အများအပြား ဖြစ်စေသည်ကို မြင်သည့်အခါ သူ ဒေါသထွက်မိသွားသည်။ သူ၏လက်ထဲ၌ အနီရောင် မီးစက်လုံးများ ပေါ်ထွက်လာပြီး မျက်လုံးပါသကဲ့သို့ပင် အိုလီဖီးရက်စ်နောက်သို့ လိုက်တော့သည်။
အိုလီဖီးရက်စ်က သတိလက်လွတ် ဖြစ်သွားဟန်တူသော ဝိုင်ဗန်တစ်ကောင်၏ တောင်ပံကို ဆုပ်ကိုင်လိုက်သည်။ ၎င်း၏ကျောဘက်က အဆက်မပြတ် မီးစက်လုံး တိုက်ခိုက်မှုများကြောင်း လောင်ကျွမ်းသွားခဲ့သည်။ တုန်ခါမှုနှင့် မီးပွင့်များ ပျောက်ကွယ် သွားပြီးနောက်တွင် တောင်ပံများ လောင်ကျွမ်းသွားသည့် ဝိုင်ဗန်က မီးတောက်အဖြစ် ပေါက်ကွဲထွက်သွားတော့သည်။ ညည်းညူသံများနှင့်အတူ ၎င်းက ကျောပေါ်မှ နဂါးစီးနင်းသူနှင့်အတူ ဇောက်ထိုးပြုတ်ကျသွားလေသည်။
အိုလီဖီးရက်စ်က ဆယ်လ်ဂါကို မြင်ဟန်မတူပေ။ သူက တခြားဝိုင်ဗန်ဆီ ပျံသွားလိုက်သည်။
ဆယ်လ်ဂါ၏ အမြန်နှုန်းက အမြဲပင် ပိုမိုနှေးကွေးနေခဲ့သည်။ စီးနင်းသူများက ကောင်မလေး တစ်ယောက်၏ ခုတ်ပိုင်းခြင်းခံနေရပြီး မိမိကဲ့သို့ နတ်ဆိုးအရှင်သခင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို လျစ်လျူရှုသည်ကို မြင်သည့်အခါ သူ ပို၍ပင် ဒေါသထွက်သွားခဲ့သည်။ သူ၏လက်ထဲမှ မှော်အစွမ်းများ တစ်ခုပြီးတစ်ခု ထွက်လာသည်။ သို့သော်လည်း ကံဆိုးစွာပင် အချည်းနှီး ဖြစ်ခဲ့သည်။
ဆယ်လ်ဂါက အလောတကြီးနှင့် ကွင်းဆက်လျှပ်စီးကို သုံးလိုက်သည်။ သို့သော်လည်း အိုလီဖီးရက်စ်က ဘာမှမဖြစ်ဘဲ သူ့အနားမှ ဝိုင်ဗန်နှစ်ကောင်သည် လျှပ်စီးကြောင့် အသတ်ခံလိုက်ရ၏။
အိုလီဖီးရက်စ်က ထိုနှစ်ကောင်အား သူသတ်သည်အဖြစ် မပြောမဆို ရေတွက်လိုက်သည်။ ဆယ်လ်ဂါ ဒေါသူပုန် ထသွားတော့သည်။ ကံကောင်းစွာပင် အိုလီဖီးရက်စ်နောက်သို့ လက်နေသော နဂါးစီးနင်းသူအဖွဲ့က ပါးနပ်၍ တော်သေးသည်။ သူတို့က အိုလီဖီးရက်စ်ကို စက်ဝိုင်းပုံခေါ်သွားပြီး လမ်းတစ်လျှောက်၌ အသတ်ခံရနိုင်မှုကို အရဲစွန့်ကာ ဆယ်လ်ဂါအရှေ့၌ ပေါ်ထွက်လာသည်။
နောက်ဆုံး၌ အိုလီဖီးရက်စ် ချဉ်းကပ်လာသည်ကို ဆယ်လ်ဂါ မြင်သောအခါ ဟိန်းဟောက်လိုက်ပြီး လက်ကို အဆက်မပြတ် ဝှေ့ရမ်းနေကော ဝိုင်ဗန်ဘုရင်ပေါ်မှ လေထဲသို့ ခုန်တက်လိုက်သည်။ အဝေးမှ စီးနင်းသူများက ဆယ်လ်ဂါနှင့် အိုလီဖီးရက်စ်တို့ အနီးရှိ နေရာလွတ်၌ ထူးဆန်းသော ပြောင်းလဲမှုများကိုသာ မြင်ခဲ့ရသည်။ ဖန်ကွဲများက သုံးဖက်မြင် ကုဗလုံးဖြစ်နေပြီး သူတို့နှစ်ယောက်ကို ပတ်ရံလိုက်သလိုမျိုး ဖြစ်နေသည်။ အတွင်းမှ အခြေအနေကို အပြင်မှ မမြင်နိုင်တော့ပေ။ အရည်လည်သော ကုဗတုံးတစ်ခုက ရုတ်တရက် ပေါ်ထွက်လာသလိုမျိုးပင်ဖြစ်နေကာ အသံပါ ပြတ်တောက်သွားတော့သည်။
“နေရာလွတ်စွမ်းအား ပိုင်နက်လား။” အိုလီဖီးရက်စ် အပြင်ဘက်နှင့် လုံးဝသီးခြား ထားသော ထူးဆန်းသည့် နေရာလွတ်ကိုကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားသည်။ မြောက်မြားလှစွာသော အရည်လည်ကြေးမုံများက လေထဲ၌ လွင့်ပျံနေလေသည်။
“ဒါက ငါ့ပါရမီနဲ့ ပိုင်နက် ပေါင်းပြီးတော့ ဖန်တီးထားတဲ့ နေရာလွတ်ဘုံပဲ။ ဒီပိုင်နက်ထဲမှာ အင်အားကြီးတဲ့ ဒြပ်ပေါင်းမှော်ပညာနဲ့ ပျောက်ဆုံးသွားတာ ကြာပြီဖြစ်တဲ့ နေရာလွတ်မှော်ပညာကိုတောင် မြင်ရနိုင်တယ်။” ဆယ်လ်ဂါက သရော်ပြုံးပြုံးလိုက်သည်။ “ငါ ဒါကိုသုံးပြီးတော့ နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းကို သတ်ပစ်ခဲ့ဖူးတယ်။ မင်းက ငါ့ထက် နည်းနည်းလေး အစွမ်းထက်တာတောင် ငါ့ပြိုင်ဘက်မဟုတ်ဘူး။”
“ဒါက မှော်ပညာလေးပါပဲ။ ဘာလို့ အပိုတွေ အများကြီး ပြောနေတာလဲ။ ငါ ပိုက်ဆံရှာမှာကို နှောင့်နှေးအောင် မလုပ်နဲ့။”
အိုလီဖီးရက်စ်၏ အထင်သေးမှုက ဆယ်လ်ဂါကို ဒေါသထွက်သွားစေပြီး သူ၏ ခန္ဓာကိုယ်မှ မြောက်မြားလှစွာသော မီးတောက်များ ပေါက်ကွဲထွက်လာသည်။ သူ မပြီးသေးပေ။ ချက်ချင်းပင် လျှပ်စီး၊ မုန်တိုင်း၊ မီးတောက်၊ ရေခဲနှင့် နှင်းတို့က ပိုင်နက်တစ်ခုလုံးသို့ ပြည့်နှက်သွားခဲ့သည်။ ထိုမှော်ပညာများက “ကြေးမုံ”ကို ထိသွားသောအခါ အလင်းယိုင်ပြီး အလင်းပြန်ကာ အရှိန်နှင့် ပမာဏလည်း ရုတ်တရက် တိုးသွားခဲ့သည်။ ထို့နောက် မှော်ပညာအားလုံးကို အိုလီဖီးရက်စ်ထံ ပစ်လွှတ်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း.....
ပြင်းထန်သော ထိခိုက်မှုများနှင့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ပုံရိပ်တစ်ခု ပျံထွက်လာပြီး ဆယ်လ်ဂါကို လက်သီးဖြင့် ထိုးလိုက်သည်။ ထိုးခံရသော ဆယ်လ်ဂါက ရုတ်တရက် ကြေမွသွားခဲ့သည်။ သို့သော်လည်း ကြေမွသွားသည်မှာ ကြေးမုံတစ်ခုသာ ဖြစ်ပေသည်။
“မင်းက ငါ့မှော်ပညာကို တကယ်ကြီး ထိပ်တိုက် ရင်ဆိုင်နေတာပဲ။ မင်းက တကယ့်ကို နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းပဲ။ မင်းမှာ ခုခံမှုအတွင် အထူးပါရမီ ရှိတယ်မဟုတ်လား။ ကံဆိုးချင်တော့ ဒီပိုင်နက်မှာ မင်းငါ့ကို ထိနိုင်မှာ မဟုတ်ဘူး။” ဆယ်လ်ဂါ၏ပုံရိပ်က အခြားတစ်ဖက်၌ ပေါ်ထွက်လာပြန်သည်။ အိုလီဖီးရက်စ်က အလွန်အမင်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူက ဆယ်လ်ဂါအရှေ့တွင် ရုတ်ချည်း ပေါ်ထွက်လာသည်။ တစ်ချက်တည်းဖြင့် ကြေးမုံ ကွဲကြေသွားပြန်သည်။
“အသုံးမဝင်ဘူး။” ဆယ်လ်ဂါ၏ ရယ်သံက ပိုင်နက်ထဲ၌ ပဲ့တင်ထပ်နေသည်။ ခဏအကြာ မြောက်မြားလှစွာသော ပုံရိပ်များက အိုလီဖီးရက်စ် တစ်ဝိုက်တွင် ပေါ်ထွက်လာသည်။ လှုပ်ရှားနေရင်း မူလက ကြေမွသွားသော ကြေးမုံများ ပြန်ကောင်းသွားပြီး အမျိုးမျိုးသော အစွမ်းထက် တိုက်ခိုက်မှု မှော်ပညာများ ပေါ်ထွက်လာပြန်သည်။ “ဒီနေရာလွတ်မှာ မှော်ပညာက ပိုပိုပြီး အစွမ်းထက်လာမှာ။ မင်းရဲ့ စွမ်းရည်တွေ ကုန်ခမ်းသွားရင် မင်းတော့ ထုခြေခံရပြီ။”
အိုလီဖီးရက်စ်က ဆယ်လ်ဂါ၏ ပိုင်နက်ထဲ ပိတ်မိနေစဉ် မီးပျံတိမ်ဗိုလ်ခြေနှင့် နဂါးစီးနင်းသူဗိုလ်ခြေတို့က မြို့တံတိုင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ မြားများကိုလည်း အပေါ်သို့ မိုးရွာသလို ပစ်လွှတ်ကြသော်လည်း လေထဲမှ နတ်ဆိုးသားရဲများက အမြန် ပျံသန်းနေကြလေသည်။ ထို့ကြောင့် မယ်ဒူဆာများ၌ ချပ်ကာဖောက်မြားများ ရှိသည့်တိုင် ဂရစ်ဖင်းတစ်ကောင်းကို မြားသုံးလေးချောင်းဖြင့် ပစ်ရန် မလွယ်ကူပေ။
ဂရစ်ဖင်းပေါ်မှ စစ်သည်များကလည်း အောက်ဘက်သို့ မြားများ ပစ်လွှတ်လာကြပြီး ဝိုင်ဗန်များက ခုခံနေသော စစ်သည်များကို ခြေသည်းများ၊ သွားများဖြင့် တိုက်ရိုက် တိုက်ခိုက်ကြတော့သည်။ မြို့တော် ညွန့်ပေါင်းစစ်တပ်ကလည်း တစ်ချိန်တည်းမှာပင် အပြင်းအထန် တိုက်ခိုက်ကြသည်။ ဝိုင်းရံလှေကားတစ်စင်း တံတိုင်းပေါ်၌ အောင်အောင်မြင်မြင် ပေါ်ထွက်လာပြီး အစောင့်အရှောက်နွယ်များနှင့် မြားမိုးရွာခြင်းကို ကြံ့ကြံ့ခံခဲ့သော အောက်ဘက်မှ စစ်သည်များက အသည်းအသန် တက်လာတော့သည်။
လှေကားတစ်ဝက်သို့ ရောက်လာသော မဟာနတ်ဆိုးတစ်ယောက်က တယ်လီပို့ ပါရမီကို အသက်သွင်းပြီး တံတိုင်းထိပ်ပေါ်တွင် ချက်ချင်း ပေါ်ထွက်လာသည်။ သူ မတ်မတ်ရပ်လိုက်သည်နှင့် မြွေကဲ့သို့ ဒေါင်လိုက်မျက်လုံးတစ်စုံကို တည့်တည့် မြင်လိုက်ရသည်။ ထို့နောက် သူ၏ခန္ဓာကိုယ် ထုံသွားပြီး အလျင်အမြန်ပင် စတင် တောင့်တင်းလာသည်။ သူ လုံးဝ ကျောက်ရုပ်မဖြစ်ခင်မှာပင် မယ်ဒူဆာ ဘေးနားမှ နွားတစ်ပိုင်းက ပုဆိန်ဖြင့် နှစ်ပိုင်းဖြတ်လိုက်လေသည်။
ထောင်ထားသော ဝိုင်းရံလှေကား အရေအတွက် တဖြည်းဖြည်း တိုးလာပြီး တံတိုင်းပေါ်သို့ ရန်သူတပ်သားများ ပို၍ပို၍ ရောက်ရှိလာသည်။ လေးသမားများက နောက်ဆုတ်ရပြီး ပစ်လွှတ်ရန်သာ အာရုံစိုက်နေကြသည်။ အနီးကပ် စစ်သည်များက ရဲရင့်စွာဖြင့် ချီတက်ကြပြီး စတင်တိုက်ခိုက်တော့သည်။ ပြဿနာ အဖြစ်ဆုံးမှာ လေထဲမှ တိုက်ခိုက်မှုကို ခုခံရန် ခက်ခဲခြင်းပင်။
“ထိန်းထားကြ။” အသီနာက စီရင်ချက် မဟာဓားကို ပစ်လိုက်ပြီး လေထဲ၌ ဝိုက်သွားကာ စစ်သည်များကို တိုက်ခိုက်တော့မည့် ဝိုင်ဗန်တစ်ကောင်၏ ဘယ်တောင်ပံကို ဖြတ်တောက်လိုက်သည်။ ၎င်း ပျံသန်းသွားသောအခါ အသီနာ ပင့်သက်ရှိုက်ပြီး အလျင်အမြန် ခုတ်ပိုင်းလိုက်ပြန်သည်။ နီးကပ်လာသော ဂရစ်ဖင်းတစ်ကောင် နှစ်ပိုင်းပြတ်သွားခဲ့သည်။ “ငါတို့ရဲ့ ဝိုင်ဗန်ဗိုလ်ခြေ ရောက်လာပြီ။”
သူ ပြောပြီးသည်နှင့် နောက်ဘက်မှ ရှူးရှူးရှဲရှဲ အသံတစ်သံ ရေးရေးလေး ထွက်လာသည်။ နောက်ဆုံးတော့ စစ်ကူတွေ ရောက်လာပြီ။
ထိုဝိုင်ဗန်များထက် ပိုမြန်သော ပုံရိပ်တစ်ခုက ကောင်းကင်ထဲတွင် ပေါ်ထွက်လာသည်။ ထိုပုံရိပ်က ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး စစ်မြေပြင် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ လရောင်ခံတပ်အပေါ်မှ သွားများ၊ ခြေသည်း လက်သည်းများ ထုတ်ပြနေသော ဝိုင်ဗန်နှင့် ဂရစ်ဖင်းများ တစ်ချိန်တည်းမှာပင် တုန်ခါသွားကြသည်။ သူတို့က ထိတ်လန့်စွာဖြင့် နေရာအနှံ့သို့ ပြန့်ကျဲကုန်သည်။ အနီးအနားရှိ အားပိုနည်းသော ဂရစ်ဖင်းများမှာ ထိုဟိန်းသံကြောင့် ကြောက်လန့်သွားပြီး သူတို့၏တောင်ပံများ အားနည်းသွားကာ လေထဲမှပင် မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
အဝေးမှ ညွန့်ပေါင်းစစ်တပ်တွင် အိုဆိုင်ဒန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ နဂါးပဲ။ ပြီးတော့ သူ့က အတော်လေး အစွမ်းထက်တယ်။
နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း။