← Chapters

ပြင်းထန်သောတိုက်ပွဲ

Vol. 34 Ch. 509

ပြင်းထန်သောတိုက်ပွဲ

Vol. 34 Ch. 509

လူတိုင်းအရှေ့၌ ပေါ်ထွက်လာသည်နှင့် ဝါညိုရောင်ကြေးခွံများ၊ ပါးနှစ်ဖက်၌ ဆူးတောင်ကဲ့သို့ အရာများ၊ ခေါင်းပေါ်၌ ဦးချိုအတိုတစ်တန်းရှိသော အလွန်ကြီးမားသည့် နဂါးတစ်ကောင် ဖြစ်သည်။ သူက အနက်ရောင်ချပ်ကာ အလွှာတစ်ခုကို ဝတ်ဆင်ထား၏။ သူ၏ ရွှေအိုရောင် မြွေမျက်လုံးများက ကြောက်မက်ဖွယ်ရာ အလင်းရောင်တစ်ခုဖြင့် လင်းလက်နေလေသည်။

ခုနက နဂါးဟိန်းသံတွင် အစွမ်းထက်သော နဂါးမာန် ပါဝင်ပြီး ၎င်း၏ သေစေနိုင်မှုက အရမ်းကာရော ဖြစ်သည်။ လေထဲမှ နတ်ဆိုးသားရဲများဖြစ်စေ၊ မြေပေါ်၌ တိုက်ခိုက်နေသော ခုခံနေသော စစ်သည်များဖြစ်စေ၊ အားလုံး ထိတ်လန့်သွားကြပြီး သူတို့၏ခြေလက်များ ထုံထိုင်းသွားကြသည်။ ဝိုင်းရံလှေကားပေါ်ရှိ ရန်သူတပ်သားများက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ မထိခိုက်သော အရာတစ်ခုမှာ အစောင့်အရှောက် နွယ်များသာ ဖြစ်သည်။ ထိုအခွင့်အရေးကို အသုံးချပြီး ၎င်းက အလျင်အမြန် အသစ်ပြန်ဖြစ်လာကာ ဝိုင်းရံလှေကားများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးလိုက်သည်။

ကြောင်နေသော ဂရစ်ဖင်းများက ကြောက်လန့်စွာဖြင့် နောက်ဆုတ်လာပြီး ရှေ့တက်မတိုးရဲတော့ပေ။ ဝိုင်ဗန်များမှာ တင်းတင်းကြပ်ကြပ် လေ့ကျင့်ထားသော နဂါး-အတုများ ဖြစ်ကြသည်။ သူတို့က နဂါးမာန်ကို ကြောက်ရွံ့ကြသော်လည်း နဂါးစီးနင်းသူ၏ အမိန့်ပေးမှုအောက်တွင် အများအပြား နောက်ပြန်လှည့်ပြီး သတိထားရင်း နဂါးဆီသို့ ရောက်လာကြတော့သည်။

ဧရာမနဂါး တောင်ပံခတ်လိုက်ရာ နာကျင်သောအော်သံများ အဆုံးမရှိ ထွက်ပေါ်လာသည်။ နဂါး၏ လက်သည်းများ၊ သွားများဖြင့်ပင် မတိုက်ခိုက်ရသေးဘဲ ထိသွားသော ဝိုင်ဗန်များက မျှခြေပျက်ကို မြေပေါ် ပြုတ်ကျသွားကြသည်။ ဝိုင်ဗန်များ၏ ခန္ဓာကိုယ်ပေါ်၌ အစိမ်းရောင်အငွေ့များ ထွက်လာသည်။ သူတို့က ကြောက်မက်ဖွယ်ရာ အဆိပ်ဖြင့် တိုက်စားခြင်းခံလိုက်ရပြီး ခဏအကြာ၌ သူတို့၏အရိုးများ ပေါ်လာသည်။

ထိုစဉ် ဝိုင်ဗန်များ၏ တိုက်ခိုက်မှုက နဂါးခန္ဓာကိုယ်က အနက်ရောင်ချပ်ကာကို မဖောက်ထွင်းနိုင်သလို အရာလည်း မဖြစ်စေနိုင်ခဲ့ပေ။ ဝိုင်ဗန်၏ အဆိပ်များမှာမူ အဆိပ်ဘိုးဘေးဖြစ်သော အဆိပ်နဂါးအရှေ့၌ ရယ်စရာတစ်ခုသာ ဖြစ်ပေသည်။

ထိုအချိန်၌ အမှောင်လနောက်ဘက်မှ ချပ်ကာအနက်ဝတ်ထားသော ဝိုင်ဗန်များနှင့် ဂရစ်ဖင်းများက စစ်မြေပြင်သို့ အပြေးအလွှား ရောက်လာကြသည်။ ဝိုင်ဗန်ဗိုလ်ခြေမှ နတ်ဆိုးသားရဲများက မိုးသစ်တောမည်း အခြေစိုက်စခန်း၌ ပါ့ဂ်လီအိုကို အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသည်။ သူတို့၏စိတ်ထဲ၌ ကြောက်ရွံ့နေကြသော်လည်း သူတို့၏ စွမ်းဆောင်ရည်မှာ မြို့တော်မှ လေကြောင်းဗိုလ်ခြေထက် သာလွန်ပေသည်။ သူတို့က အဆိပ်နဂါးကို ရှောင်တိမ်းပြီး ကြောက်လန့်တကြားဖြစ်နေသော မြို့တော်၏ လေကြောင်းဗိုလ်ခြေထံ အမြန်သွားကြတော့သည်။

ရင်ဖိုစရာ လေကြောင်းတိုက်ပွဲတစ်ခု စတင်တော့သည်။ လေထုသည် နတ်ဆိုးသားရဲများ၏ ဟိန်းသံများ ကိုက်သံများနှင့် ပြည့်နှက်နေပြီး မြောက်မြားလှစွာသော အရိပ်များ ပျံသန်းနေခြင်းက လနှစ်စင်း၏ အလင်းရောင်ကိုပင် မှိန်သွားစေခဲ့သည်။

အမှောင်လ၏ လေကြောင်းဗိုလ်ခြေမှာ အရေအတွက်အရ လုံးဝနိမ့်ကျသော်လည်း စွမ်းအားမှာ ၎င်း၏ရန်သူများ ထင်ထားသည်ထက် များစွာလွန်ကဲနေသည်။ လိုအပ်သည့် လှံရှည်များအပြင် အမှောင်လ၏ လေကြောင်းစီးနင်းသူများ၌ ပစ်၍ရသော လှံတိုများလည်း ရှိကြသည်။ ချပ်ကာကိုဖောက်နိုင်သော ပေါက်ကွဲမြားများ ပစ်လွှတ်နိုင်သည့် ဒူးလေးလည်း ရှိကြသည်။ ၎င်းတို့သည် အဝေးမှနေ၍ အားကောင်းသော တိုက်ခိုက်မှုများ ပြုလုပ်နိုင်ပေသည်။

ချပ်ကာအဆင်တန်ဆာ ခြားနားချက်မှာ နတ်ဆိုးသားရဲများအပေါ်၌ သိသာလှ၏။ အမှောင်လ၏ အားအနည်းဆုံး ဂရစ်ဖင်းကိုပင် ချပ်ကာ ပေးဝတ်ထားသည်။ ထိုချပ်ကာမှာ အထူးကုန်ကြမ်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ပေါ့ပါးပြီး မာကျောသည့်အတွက် ပျံသန်းသော အမြန်နှုန်းကို ကြီးကြီးမားမား ထိခိုက်မှုမရှိပေ။ တစ်ဖက်တွင်မူ မြို့တော်၏ လေကြောင်းဗိုလ်ခြေ၌ လက်ရွေးစင်ဝိုင်ဗန်အချို့နှင့် မန်တီကိုးများလွှဲ၍ ကျန်ရှိသော နတ်ဆိုးသားရဲများမှာ ကိုယ်လုံးတီးနီးပါးဖြစ်ပြီး စီးနင်းသူ ထိန်းချုပ်ရန် အထောက်အကူ ဖြစ်စေဖို့ရာ ဇက်ကြိုးသာ ပါရှိလေသည်။

ထိုချပ်ကာအဆင်တန်ဆာမှာ အမှန်တကယ်၌ ကြွယ်ဝခြင်း တိုက်ပွဲတစ်ခု ဖြစ်သည်။ အရေအတွက်ကို လျစ်လျူရှုပြီး ချပ်ကာအဆင်တန်ဆာကိုသာ ကြည့်လျှင် အမှောင်လ၏ လေကြောင်းဗိုလ်ခြေက အစွမ်းအထက်ဆုံးဟု ထင်မိပေမည်။ ၎င်းမှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းအား ထိုးနှက်မှုတစ်ခု ဖြစ်သွားမည်မှာ သေချာပေသည်။ ထိုကဲ့သို့ တကယ့်စစ်မြေပြင်၌ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းကိုသာ ရင်းရသည် မဟုတ်ဘဲ အသက်ကိုလည်း ရင်းရ၏။

အမှောင်လသည် ချပ်ဝပ်အဆင်တန်ဆာများ၌ သာလွန်ရုံသာမက ဝိုင်ဗန်များ၏ တစ်ကောင်ချင်း စွမ်းအား၌ပင် သာလွန်သည်။ ဝိုင်ဗန်များ၏ စွမ်းအားမှာ မြို့တော်မှ ဝိုင်ဗန်များထက် အသေအချာပင် အားပိုကောင်းသည်မှာ သေချာသည်။ ဝိုင်ဗန် အများအပြားက မီးမှုတ်ခြင်း၊ အဆိပ်ငွေ့များထုတ်ခြင်း၊ ခံနိုင်ရည်နှစ်ဆတိုးခြင်း၊ ပျံသန်းနှုန်း နှစ်ဆတိုးခြင်း အစရှိသော အထူးစွမ်းရည်များ ရှိကြသည်။ တစ်ကောင်ချင်းသာ တိုက်ခိုက်မည်ဆိုလျှင် သူတို့က ရန်သူများကို သေသည်အထိ နှိပ်စက်နိုင်ပေသည်။

သန္ဓေပြောင်း ခေါင်းနှစ်လုံး မန်တီကိုးကို စီးနေသော မြို့တော်၏ မိုးပျံတိမ်ဗိုလ်ခြေ တပ်မှူး ရိုမတီက အနည်းငယ် အံ့အားသင့်သွားသည်။ သူက အမြင်မှားနေသည်ဟုပင် ထင်မိလိုက်သည်။ တောက်။ ဒါတွေက ဝိုင်ဗန်တွေရော ဟုတ်ရဲ့လား။ တစ်ကောင် နှစ်ကောင်ပဲဆိုရင် အဆင်ပြေသေးတယ်။ ဒါပေမဲ့ ဘာလို့ အားလုံးက အစွမ်းထက် နေကြတာလဲ။

အမှောင်လ၏ ဝိုင်ဗန်များက မည်သည်ကို စားထားကြောင်း ရိုမတီသိလျှင် သိပ်ပြီး အံ့အားသင့်သွားမည် မဟုတ်ပေ။ မဟုတ်။ ထိုအဖြေက သူ့ကို ပို၍ပင် ထိတ်လန့် သွားစေနိုင်ပေ။ တစ်ယောက်‌ယောက်က နတ်ဆိုးသားရဲတွေကို အစာကျွေးတယ်လား။ ပြီးတော့ သူတို့က ရာထောင်ချီ ရှိနေတယ်။

သို့သော်လည်း ရိုမတီက ၎င်းကို စဉ်းစားရန် အချိန်မရှိပေ။ ယခု သူ အာရုံစိုက်ရန် လိုအပ်နေသည်မှာ ကြောက်မက်ဖွယ်ရာနဂါးကို ဖြစ်သည်။ သူခံစားမိသော အငွေ့အသက်က သူ၏ နဂါးဧကရာဇ်အဆင့်ထက် များစွာသာလွန်နေသော်လည်း သူ၏ အမိန့်အောက်တွင် မန်တီးကိုးအဖွဲ့ဝင် ဒါဇင်ခန့်က မီးပျံတိမ်ဗိုလ်ခြေ၏ လက်ရွေးစင် ဂရစ်ဖင်း ၁၀၀၀ ကို ဦးဆောင်ပြီး နဂါးကို ဝိုင်းရံလိုက်ကြသည်။

ထိုဂရစ်ဖင်းများအားလုံးက မှော်မင်ကြောင် တစ်မျိုးမျိုးကို အသက်သွင်းလိုက်၏။ လျို့ဝှက်ဆန်းကြယ်သောစွမ်းအားက နဂါး၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ခုခံနိုင်ရုံသာ ရှိသည်။ နဂါး၏စွမ်းအားနှင့်မာန်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့်အတွက် ချုပ်နှောင်ရုံသာ ချုပ်နှောင်နိုင်ခဲ့လေသည်။

ထိုကဲ့သို့ အခင်းအကျင်းသည်ပင် ကြာကြာမခံခဲ့ပေ။ ထိုးချက်တိုင်း၌ ဂရစ်ဖင်းများ ဒဏ်ရာရသွားပြီး အသတ်ခံလိုက်ကြရသည်။ သူတို့လုပ်နိုင်သည်မှာ ရန်သူများကို အမြန်ဆုံး ပိတ်မိစေပြီး မြေပြင်မှ တပ်သားများအား အချိန်ဆွဲကာ အစွမ်းထက် ပုဂ္ဂိုလ်များထံမှ စစ်ကူကို စောင့်နေခြင်းပင် ဖြစ်လေသည်။

ရိုမတီက အရေးကြီးသော အခိုက်အတန့်များ၌ နဂါးကို စွမ်းအားသုံးကို နှောင့်ယှက်သည်။ သူက လက်ရွေးစင်များ ဆုံးရှုံးမှုကို လျှော့ချရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း နဂါး၏ ခုခံစွမ်းအားမှာ အလွန်ပင် မယုံနိုင်စရာကောင်းလှသည်။ ချပ်ကာကိုမပြောနှင့်၊ တောင်ပံများကိုပင် သူ၏မှော်မြားဖြင့် မဖောက်ထွင်းနိုင်ပေ။

“မိန်းမလှလေး။ အားရဲ့လား။ ကိုယ်တို့တွေ တိတ်ဆိတ်တဲ့နေရာကိုသွားပြီးတော့ ဘဝအကြောင်းတွေ၊ သဘောကျတာတွေကို ပြောကြမလား။” ရှင်းလင်းပြီး သြဇာ ပြည့်ဝသော အသံတစ်သံ ရိုမတီ၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ သူ နောက်လှည့်ကြည့်လိုက်ရာ ဝိုင်ဗန်စီးထားသော ယောကျားတစ်ယောက်က သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

ထိုဝိုင်ဗန်သည် သန္ဓေပြောင်းဘုရင်ဖြစ်ကြောင်း ရိုမတီ မြင်လိုက်ရသည်။ ဒီဝိုင်ဗန်ရဲ့ စွမ်းအားက နတ်ဆိုးဧရာဇ်အဆင့်တောင် ရောက်နေပြီ။ငါ့ရဲ့ ခေါင်းနှစ်လုံး မန်တီကိုး ကိုတောင် ယှဉ်လို့ရတယ်။ ဒါဆို အဲဒီဝိုင်ဗန်ရဲ့ ကျောပေါ်မှာရှိတာက ရန်သူ့ လေတပ်ဗိုလ်ခြေရဲ့ တပ်မှူးဖြစ်မယ်။

ဒီရန်သူကို ငါသတ်နိုင်ရင် အမှောင်လစစ်တပ်ကို စိတ်ဓာတ်ကို ပြိုလဲသွားစေ နိုင်လောက်တယ်။ ထိုသို့တွေးပြီးနောက် ရိုမတီက ချက်ချင်းပင် ခေါင်းနှစ်လုံး မန်တီကိုးအား ရန်သူထံ အမြန်ပျံသွားခိုင်းလိုက်သည်။

သူတို့နှစ်ယောက် အချင်းချင်း ဖြတ်သွားသောအခိုက်တွင် နတ်ဆိုးဧကရာဇ်အဆင့် နတ်ဆိုးသားရဲနှစ်ကောင်က သုံးလေးကြိမ် တိုက်ခိုက်ပြီးပြီ ဖြစ်သည်။ သူတို့ ကွဲကွာသွားသည်နှင့် မန်တီကိုးနောက်မှ ရိုမတီသည် ရုတ်တရက် နောက်ပြန်လှည့်ကြည့်ပြီး အစွမ်းထက် စွမ်းအားများ ပါဝင်သော မှော်မြား၇ချောင်းကို ချက်ချင်းနီးပါးပင် ပစ်လွှတ်လိုက်သည်။ ပစ်မှတ်မှာ ဝိုင်ဗန်ဘုရင်ကျောပေါ်မှ စီးနင်းသူကို ဖြစ်လေသည်။

ထိုစီးနင်းသူ နောက်လှည့်လိုက်ရာ မှော်မြား၇ချောင်း ရုတ်တရက် ရပ်သွားပြီး တစ်ချိန်တည်းမှာပင် နှစ်ပိုင်းပြတ်သွားကာ မြေပြင်ပေါ် ပြုတ်ကျသွား၏။

ရိုမတီ၏ မျက်လုံးများ အနည်းငယ် ကျုံ့သွားသည်။ သူ၏ မြားပစ်စွမ်းရည်မှာ မြို့တော်၌ အကောင်းဆုံး ဖြစ်သည်။ ခုနက ထို [ မီးတောက် ၇ပွင့် ] တွင် ပြောင်းလဲမှု လေးခု ပါဝင်သည်။ မြားသုံးချောင်းက ရုတ်တရက် အရှိန်မြင့်ပြီး တစ်ချောင်းက ကွေ့ဝိုက်ကာ ဘေးဖက်မှ တိုက်ခိုက်မည် ဖြစ်သည်။ သို့သော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် ရန်သူက မြားများကို ခြွင်းချက်မရှိ ဖြတ်တောက်လိုက်သည်။ ရှောင်တိမ်းခြင်းမဟုတ်။ ဖြတ်တောက်လိုက်ခြင်းပင်။

ဖြတ်သွားခြင်း၊ ပစ်ခတ်ခြင်းနှင့် မြားကို ဖြတ်တောက်လိုက်ခြင်းတို့မှာ စက္ကန့်ပိုင်း အတွင်းမှာပင် ဖြစ်သွားကြသည်။ ဝိုင်ဗန်ဘုရင်နှင့် ခေါင်းနှစ်လုံး မန်တီကိုးတို့က ရစ်ဝဲပြီး နောက်ပြန်လှည့်လာကြသည်။

“မိန်းမလှလေး။ မင်းရဲ့အချစ်ကို ငါလက်ခံပြီးပြီ။ ငါတို့မှာ ဒါကို “ရှေ့ဆက်”ဖို့ မျှော်လင့်ချက် ရှိမယ်လို့ ထင်ပါတယ်။”

ထိုရွှတ်နောက်နောက်အသံက ရိုမတီ၏ ဒေါသကို ပိုမတိုးသွားစေပေ။ ထိုအစား ဆွဲဆောင်မှုရှိသော ခရမ်းပြာနုရောင် နှုတ်ခမ်းက အနည်းငယ် ကော့တက်သွားပြီး သူ၏ အစွမ်းထက်သော တိုက်ခိုက်ချင်စိတ် လှိမ့်တက်လာခဲ့သည်။ သူ၏လက်ထဲရှိ တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ခရမ်းရောင်လျှပ်စီးလေးက တဇက်ဇက်နှင့် လျှပ်စီးကြောင်းအသံများ စတင်ထွက်လာတော့သည်။

လေကြောင်းဗိုလ်ခြေက အမှောင်လ၏ ခုခံနေသော စစ်သည်များကို စိတ်ဓာတ် တက်ကြွသွားစေသည့်အပြင် ရန်သူ၏တပ်သားများ ဝိုင်းရံခြင်းကိုလည်း ပိုမိုအာရုံစိုက် နိုင်လာကြသည်။ သို့သော်လည်း ဖိအားမှာ ကြီးမားနေဆဲ ဖြစ်သည်။ မြို့တော်စစ်တပ် အခင်းအကျင်းများနှင့် ပုံမှန်ဗိုလ်ခြေများက ဝိုင်းရံမှုကို ဝင်ပါလာသောအခါ မြေပြင်မှ တိုက်ခိုက်မှု ပိုမိုပြင်းထန်လာခဲ့သည်။ အကြောက်တရားကင်းမဲ့သော တိုက်ပွဲများကို မြို့တံတိုင်း နေရာအနှံ့တွင် မြင်နိုင်ပေသည်။ မူရင်း ရန်သူများကို မရှင်းပစ်နိုင်ခင်မှာပင် ဝိုင်းရံလှေကားအသစ်တစ်ခု ထပ်မံထောင်တက်လာပြန်သည်။

ခံတပ်၏ အလွန်ကြီးမားသော သံမဏိဂိတ်တံခါး အရှေ့၌ ခေါင်းတိုက် နတ်ဆိုးသားရဲများက နတ်ဆိုးအဆောင်ဗိုလ်ခြေ၏ လောဆော်မှုအောက်တွင် တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့သည်။ ထိုကဲ့သို့ သားရဲများ၏ အရေပြားမှာ မာကြောလှ၏။ ၎င်းတို့၏ နဖူးတွင် မာကြောသော ချိုတုံးတုံး သုံးချောင်း ရှိပြီး နှိုင်းယှဉ်၍မရသော ခွန်အား ပိုင်ဆိုင်ကြသည်။ သူတို့၏ ဝင်ဆောင့်သော စွမ်းရည်မှာ အတော်လေး မယုံနိုင်စရာ ကောင်းလှသည်။ ၎င်းသည် ခံစစ်အ‌ဆောက်အအုံများ အားလုံးအတွက် အိပ်မက်ဆိုး တစ်ခုပင် ဖြစ်သည်။

ခံတပ်စစ်သည်များက ခေါင်းတိုက်နတ်ဆိုးသားရဲများကို အသည်းအသန် မြားများ ပစ်ကြသည်။ သို့သေုာ်လည်း နတ်ဆိုးအဆောင်ဗိုလ်ခြေက ၎င်းအတွက် ပြင်ဆင် ထားသည်မှာ ကြာခဲ့လေပြီ။ အလွန်ကြီးမားသော သားရဲများကို ချပ်ကာများဖြင့် ဖုံးကွယ်ထားရုံသာမက ‌ဘေးနှစ်ဖက်၌လည်း စစ်သည်များက အလွန်ကြီးမားသော ဒိုင်းကာများကိုင်ပြီး ၎င်းတို့ကို ကာကွယ်ပေးထားကြသည်။ ချပ်ကာဖောက် မြားများသည်ပင် ၎င်းကို မဖောက်ထွင်းနိုင်ပေ။

အခြားတစ်ဖက်၌လည်း အမှောင်လ၏ မှော်သလင်းကျောက်အမြောက်၏ တိုက်ခိုက်နိုင်သော အကွာအဝေးကို ကျော်လွန်သွားသော သွေးအလံဗိုလ်ခြေ၏ မှင်စာစစ်သည်များက အလျင်အမြန်ပင် ဝိုင်းရံသော ပစ္စည်းကိရိယာများကို စတင်တပ်ဆင် တော့သည်။ ယခုတွင် သူတို့၏မဟာမိတ်များက မြို့ထဲသို့ တက်နေကြသည့်အတွက် မှော်သလင်းကျောက်အမြောက်များကို အသုံးပြုလျှင် ကိုယ့်လူများကို အလွယ်တကူ ထိခိုက်နိုင်ပေသည်။ ထို့ကြောင့် မှင်စာများက လောက်လေးခွများကို တပ်ဆင်နေကြ၏။

ယခုတွင် အမှောင်လမြို့တော်၌ တိုက်ပွဲအပြင်းအထန် ဖြစ်နေပြီး မှော်သလင်းကျောက်အမြောက်များကို ပစ်လွှတ်ရန်ပင် ခက်ခဲနေသည်။ ထိုလောက်လေးခွများကို တိုက်ခိုက်ရန်အတွက် ထောင့်ကို ချိန်ညှိရန် အချိန်မရပေ။ အန္တရာယ် အခြေအနေမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။

လေကြောင်းတိုက်ပွဲမှာလည်း အလွန်ပြင်းထန်လှသည်။ အမှောင်လက တစ်ဦးချင်း စွမ်းအား၌ အားသာသော်လည်း အရေအတွက်က ရန်သူထက် များစွာ နည်းပါးသည်။ ထို့ပြင် စီးနင်းသူ၏ အတွေ့အကြုံမှာ ရန်သူများထက် နိမ့်ကျသည်။ သူတို့က ရန်သူ နှစ်ဆ၊ သုံးဆ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခဏခဏ ခံရလေသည်။ သူတို့က ရန်သူများကို ထိန်းထားနိုင်ရုံသာ လုပ်နိုင်ကြသည်။

ခေါင်းတိုက်နတ်ဆိုးသားရဲများ အနီးကပ် ချဉ်းကပ်လာပြီး ၎င်းတို့၏ ခန္ဓာကိုယ်တွင် မြားများ ပြည့်နေသည်။ အလွန်ကြီးမားသာ ဒိုင်ကာများ ကိုင်ထားသည့် စစ်သည်များကိုလည်း မယ်ဒူဆာများကို ပစ်ချလိုက်ကြသည်။ သို့သော်လည်း ခေါင်းတိုက် နတ်ဆိုးသားရဲများ၏ ခြေလှမ်းကို မတားဆီးနိုင်သေးပေ။ မှင်စာစစ်သည်များ၏ အားထုတ်မှုများကြောင့် အဝေးမှ လောက်လေးခွများကို အလျင်အမြန် တပ်ဆင်နိုင်ခဲ့ပြီး မှော်ဆီများ သုတ်ထားသော ‌ကျောက်တုံးများကို အသင့်ပြင်ထားလိုက်ကြသည်။ နွားတစ်ပိုင်းများက ဝိုင်ရိုးကရိုင်းကို အတင်းတွင်းပြီး လောက်လေးခွ၏ စပရင်ကို အနိမ့်ဆုံးအထိ ဖိလိုက်သည်။ မှင်စာစစ်သည်များက ကျောက်တုံးကြီးများကို မီးရှို့ပြီးကြောင်း မြင်သည့်အခါ လောင်ချာကို ဆွဲလိုက်သည်။ “ဖုန်း....ဖုန်း....ဖုန်း...”

မီးတောက်နေသော “ဥက္ကာပျံများ”က အမြင့်သို့ပျံသွားပြီး လေထဲ၌ ထူထဲသော မိုးခိုးကြောင်းတစ်ခု ဖြစ်သွားကာ လရောင်ခံတပ်သို့ ပျံသွားသည်။ ၎င်းတို့က ခံတပ်နှင့် မြို့တံတိုင်းနောက်မှ မြေပြင်ကို ကြောက်မက်ဖွယ်ရာ စွမ်းအားဖြင့် ကြေမွသွားစေသည်။ လောင်ကျွမ်းနေသော ကျောက်စရစ်တုံးများ လွင့်ထွက်သွားပြီး မီးလောင်ထားသော တွင်းနက်ကြီးများ ပေါ်ထွက်လာခဲ့သည်။

မြားမျှော်စင်တစ်ခု ထိသွားပြီး တစ်ဝက်ပြိုလဲသွား၏။ အတွင်းထဲမှ လေးသမားများ အော်ဟစ်ကာ ပြုတ်ကျကုန်သည်။ ထိုမီးလောက်လေးများ၏ သေစေနိုင်မှုမှာ အမှန်ပင် အားကောင်းလှသည်။ လရောင်ခံတပ်မှ ထူထဲသော မိုးခိုးများ စတင်ထွက်ပေါ်လာသည်။

အရေးကြီးသော အခိုက်အတန့်၌ နောက်ထပ်နဂါးတစ်ကောင်၏အသံ ထွက်လာသည်။ နဂါးကို ဝိုင်းရံထားသော လက်‌ရွေးစင် ဂရစ်ဖင်းများက မိုးသီးများသဖွယ် လိမ့်ကျလာကြသည်။ အများစုမှာ ကြောက်မက်ဖွယ်ရာစွမ်းအားအချို့ကြောင့် မြေပေါ်သို့ မကျခင်မှာပင် အရိုးစုများ ဖြစ်သွားကြသည်။

ရိုမတီ၏ ခေါင်းနှစ်လုံး မန်တီကိုးက ဝိုင်ဗန်ဘုရင်ကို အပြင်းအထန် တိုက်ခိုက်နေပြီး နဂါးဟိန်းသံကြောင့် တုန်လှုပ်သွားသည်။ ဝိုင်ဗန်ဘုရင်လည်း တုန်လှုပ်သွား၏။ သို့သော်လည်း ၎င်းက အလျင်အမြန် သတိပြန်ဝင်လာပြီး မန်တီကိုး၏ခေါင်းကို ကိုက်လိုက်သည်။ မန်တီကိုး၏ အသည်းအသန် ရုန်းကန်ပြီး တောင်ပံခတ်ကာ ပျံတက်သွားသည်။ ၎င်း၏ချပ်ကာ လုံးဝစုတ်ပြဲသွားပြီး ဝိုင်ဗန်ဘုရင်၏ လက်သည်းကြောင့် ဖြစ်သော ထိတ်လန့်ဖွယ်ရာ သွေးရာ၄ခု ကျန်ရစ်ခဲ့သည်။

ရိုမတီက လေးကိုဆွဲပြီး သူ့နောက်လိုက်နေသော ဝိုင်ဗန်ဘုရင်ကို ပစ်ရန် ပြင်လိုက်သည်။ ရုတ်တရက် သူ၏ပုခုံးပေါ်၌ အေးစက်စက် ခံစားလိုက်ရသည်။ သူ၏ ပုခုံးချပ်ကာ နှစ်ပိုင်းဖြတ်ပြီး ပြုတ်ကျသွားခြင်းဖြစ်သည်။ သူ၏ပုခုံးပေါ်၌ ဓားရာတစ်ခု ရှိနေပြီး သွေးများ ‌ဒလဟော ထွက်လာသည်။ သူ တိတ်တဆိတ် အံ့အားသင့်သွားသည်။ အပြန်အလှန် ထိတာက ခဏလေးပဲ။ ဒါပေမဲ့ ..... အဲဒီလူက တော်တော်လေး မြန်တယ်။

သူ့ကို ပို၍ပင် အံ့အားသင့်သွားစေသည်မှာ ဧရာမနဂါးက လက်ရွေးစင်ဗိုလ်ခြေ၏ ချုပ်နှောင်မှုမှ ထင်ထားသည်ထက်စောပြီး လွတ်မြောက်လာခြင်းပင် ဖြစ်သည်။ ယခုတွင် သူသည် နောက်မှရန်သူကို အမြန်ရှင်းပစ်ပြီး ဧရာမနဂါးကို ပြန်ထိန်းထားရန် စစ်တပ်အား အမိန့်ပေးရတော့ပေမည်။

ရိုမန်က ဝိုင်ဗန်ဘုရင်ကို စီးနေ၏။ အမှန်တကယ်၌ ဝိုင်ဗန်ဗိုလ်ခြေ၏ တပ်မှူးမှာ အခြားတစ်ယောက် ဖြစ်သည်။ ရိုမန်က ရိုမတီကို ထိန်းထားချင်ရုံသာ ဖြစ်သည်။ ရိုမတီ၏ အကြံကို မြင်ပြီးနောက် ရိုမန်ကို နီးနီးကပ်ကပ်လိုက်လာပြီး သူ့ကို အသက်ရှူခွင့်ပင် မပေးခဲ့ပေ။

ဝိုင်းရံသူများကို ရှင်းပစ်ပြီးနောက် ပါ့ဂ်လီအိုက တောင်ပံဖြန့်ပြီး ထိုးသုတ်လိုက်သည်။ သူ၏ပစ်မှတ်မှာ ခံတပ်ဆီသို့ ချီတက်နေကြသော မြေပြင်မှ မြို့တော် ညွန့်ပေါင်းစစ်တပ်ကို ဖြစ်သည်။ အဆိပ်နဂါးက ပါးစပ်ဟပြီး နဂါးအာငွေ့များကို မှုတ်ထုတ်လိုက်သည်။ ထိုနဂါးအာငွေ့များ၏ အမြန်နှုန်းများ သိပ်ပြီးမမြန်လှသော်လည်း လမ်းတစ်လျှောက်လုံးကို အစိမ်းရောင်မြူတစ်ခု ပျံ့နှံ့သွားစေသည်။

သို့သော်လည်း ကြောက်မက်ဖွယ်ရာတစ်ခုခု ဖြစ်သွားခဲ့သည်။ ထိုအငွေ့ ဖြတ်သွားတိုင်း စစ်သည်ဖြစ်စေ၊ မြင်းဖြစ်စေ အစိမ်းရောင်အငွေ့အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။ လူအုပ်ကြီးထဲ၌ မရဏ ကြက်ခြေခတ်တစ်ခု ဖြစ်သွားပြီး စစ်မြေပြင်တွင် အငွေ့များ ပြည့်နှက်သွားခဲ့သည်။ နောက်မှစစ်သည်များက အရှေ့မှ အခြေအနေကို မမြင်ကြသည့်အတွက် အတင်းပြေးဝင်လာကြသည်။ ရှေ့မှ စစ်သည်များ ကလည်း မြူထဲသို့ အတင်းတိုးခံရပြီး မအော်နိုင်ခင်မှာပင် ပျောက်ကွယ်သွားကြသည်။ သူတို့ သတိထားမိသွားသောအခါ အသက်ပေါင်းများစွာ ဆုံးရှုံးသွားခဲ့လေပြီ။ စစ်သည် အများအပြား ကြောက်လန့်တကြား ဖြစ်နေတော့သည်။

အဆိပ်နဂါးမှာ ရှားပါးသော နဂါးတစ်မျိုး ဖြစ်သည်။ ၎င်း၏ပါရမီနှင့် စွမ်းအားမှာ အစွမ်းအထက်ဆုံး မဟုတ်သော်လည်း စစ်ပွဲနှင့် အများအပြား သတ်ဖြတ်ရာ၌ ကြောက်စရာအကောင်းဆုံး နဂါးတစ်ကောင် ဖြစ်သည်မှာ သေချာပေသည်။

ပါ့ဂ်လီအိုက မြို့ဂိတ်တံခါးမှ အန္တရာယ်အခြေအနေကို မြင်လိုက်ပြီး ပျံသွားရန် ပြင်လိုက်သည်။ ရုတ်တရက် သူက သတိပေးသော လက္ခဏာတစ်ခုကို အာရုံခံလိုက်မိသည်။ သူ၏ အလွန်ကြီးမားသော ခန္ဓာကိုယ် တွန့်လိမ်သွားပြီးနောက် သူ၏နောက်ဘက်မှ ရှည်လျားသော အမြီးကို ကြာပွတ်သဖွယ် ဝှေ့ရမ်းလိုက်သည်။

ပုံရိပ်တစ်ခုက သူ၏နောက်မှ ချက်ချင်းပင် လက်ခနဲ ဖြစ်သွားပြီး ၎င်းကို ရှောင်တိမ်းလိုက်လေသည်။

“အစွမ်းထက်နဂါး။” ပါ့ဂ်လီအိုအရှေ့၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူက သက်လတ်ပိုင်း ယောက်ျားတစ်ယောက်ဖြစ်ပြီး နောက်ဘက်၌ အလင်းရောင်တောင်ပံ သုံးစုံ ရှိသည်။ သူကလည်း နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ “ကျုပ်က ကြယ်ကြွေတမန်အင်ပါယာက ဒီစ်ဂျာကိုလူစီဖာပါ။ ဒါက နဂါးတွေအတွက် စစ်မြေပြင် မဖြစ်သင့်ဘူး။ တကယ်လို့ ဆာက အခုထွက်သွားမယ် ဆိုရင် အရှင် အိုဆိုင်ဒန်က အကျိုးအမြတ်တွေ အများကြီး ပေးမှာပါ။”

ဒီစ်ဂျာရိုအား ပြန်ဖြေလိုက်သည်မှာ အဆိပ်နဂါး၏ အာငွေ့ပင် ဖြစ်သည်။ ဒီစ်ဂျာရို မျက်မှောင်ကြုတ်ပြီး [ အထွတ်အမြတ်တောင်ပံ ] ဖြင့် ရှောင်လိုက်သည်။ ထို့နောက် သူက အသာလေး အရိုအသေ ပေးသည်။ “ဆာ။ အရင် မတိုက်ပါနဲ့။ ကျုပ်က နဂါးကျွန်းက အကြီးအကဲ ဆက်ဂယ်လာရဲ့ မိတ်ဆွေတစ်ယောက်ပါ။ အဲဒါကြောင့် .... ”

သူ စကားပြော မပြီးသေးခင်မှာပင် ဆယ်လ်ဂါ၏ ပိုင်နက်ဖြင့် ပြုလုပ်ထားသော ကုဗတုံး နေရာလွတ်မှ နောက်ထပ် ထင်ရှားသော နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ နဂိုက ထိုပိုင်နက်အတွင်းမှ အသံများ ထွက်လာနိုင်ရန် မဖြစ်သင့်ပေ။ သို့သော်လည်း နဂါးဟိန်းသံ ထွက်လာခဲ့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အရည်လည်သော ကုဗတုံးနေရာလွတ်က ဖန်သားကဲ့သို့ ကွဲကြေသွားခဲ့ကာ အလွန် ကြီးမားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ဒီစ်ဂျာရို၏မျက်နှာ တမုဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။ နောက်ထပ် နဂါးတစ်ကောင်။

ထိုနဂါးက အဆိပ်နဂါးထက် များစွာ သေးငယ်သည်။ သူက ၈မီတာခန့် ရှည်လျားပြီး အနက်ရောင်ကြေးခွံများနှင့် ဖုံးလွှမ်းထားသည်။ ဝမ်းဗိုက်သာ အနည်းငယ် အနီရင့်ရောင် ဖြစ်နေသည်။ ခြေသည်းလက်သည်းနှင့် ချိုအစွန်းများ၌ ငွေရောင်အလင်းများ တောက်နေ၏။ သူက တောင်ပံကိုခတ်ကာ ဒေါသတကြီးနှင့် ဟိန်းဟောက်နေလေသည်။

ပြန့်ကျဲနေသော နေရာလွတ်ထဲ၌ ပုံရိပ်တစ်ခုက ဒယီးဒယိုင်နှင့် ပျံထွက်လာ၏။ ၎င်းမှာ နဂါးစီးနင်းသူဗိုလ်ခြေ၏ တပ်မှူး ဖြစ်သည်။ သူ့ပုံစံကို ကြည့်ရသည်မှာ ဒဏ်ရာ အပြင်းအထန် ရထားလောက်ပေသည်။ ဆယ်လ်ဂါလက်အောက်မှ ဝိုင်ဗန်ဘုရင်သည် အလွန်အမင်း အသိရှိသည်။ ၎င်းက ချက်ချင်းပင် သခင်ဖြစ်သူကို ဖမ်းလိုက်ပြီး စခန်းသို့ အသည်းအသန် ပျံသွားတော့သည်။

ဆယ်လ်ဂါ၏ ရင်ထဲမှ နောင်တ တရားကို ပြောစရာပင် မလိုပေ။ ဒီကောင်မလေးက တကယ် နဂါးတစ်ကောင် ဖြစ်နေတယ်။ ပြီးတော့ သူက မှော်ပညာရဲ့ ဝိပါက်ဖြစ်တဲ့ နဂါးနက်ပဲ။။

သူ့နေရာလွတ်ဘုံ၏ အစွမ်းထက်ဆုံးအပိုင်းမှာ အဆုံးမဲ့မှော်ပညာနှင့် မှော်စွမ်းအား တိုးမြှင့်ခြင်း ဖြစ်သည်။ သို့သော်လည်း ရှည်လျားသော အလင်းရောင်နှင့် အလင်းပြန်ခြင်း တို့က ထိုကောင်မလေး၏ခန္ဓာကိုယ်ကို ကလိထိုးနေသကဲ့သို့ ဖြစ်နေသည်။ နောက်ဆုံး ထိုကောင်မလေး စိတ်ရှုပ်သွားပြီး ခန္ဓာကိုယ်အစစ်အမှန်သို့ အသွင်ပြောင်းလိုက်သည်။ [နဂါးနက်အမြောက်] ဆိုသည်က နေရာလွတ်တစ်ခုလုံးကို ဖျက်ဆီးသွားပြီး သူ့ကိုပင် ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့သည်။

ဒီစ်ဂျာရိုက နဂါးနက်၏ အငွေ့အသက်ကို ခံစားမိသည့်အခါ ပို၍ပင် ထိတ်လန့်သွားသည်။ နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း နဂါးနက်။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း အဆိပ်နဂါး။ မြို့တော်ကို သစ္စာဖောက်သွားတဲ့ ခရိုဘဲလက်စ်ကလည်း နဂါးတစ်ကောင်နဲ့တူတယ်။ နယ်မြေတစ်ခုမှာ တကယ်ကြီး နတ်ဆိုးအရှင်သခင်အဆင့် နဂါးသုံးကောင် ရှိနေတယ်။ ဧကန္တ.... အမှောင်လနယ်မြေကို နဂါးကျွန်းက နောက်ခံထားပေးတာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒီစ်ဂျာရို အာရုံပျံ့လွင့်နေစဉ် ကြောက်မက်ဖွယ်ရာ အားတစ်ခုက သူ့ကို ဘေးဖက်မှ ထိသွားသည်။ ဧရာမနဂါးက ယောက်ျားတစ်ယောက်အဖြစ်သို့ ပြောင်းလဲပြီး သူ၏ သတိလက်လွတ်ဖြစ်နေခြင်းကို အခွင့်ကောင်းယူကာ အလစ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဒီစ်ဂျာရိုက အလောတကြီးနှင့် ခုခံလိုက်သော်လည်း အချည်းနှီး ဖြစ်ခဲ့သည်။ လက်သီးက ထူးထူးဆန်းဆန်း ကွေ့ဝိုက်သွားပြီး သူ၏နံရိုးကို ထိသွား၏။ ဒီစ်ဂျာရိုက စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး အရိုးကျိုးသံကိုပင် ကြားခဲ့ရသည်။ သူက နာကျင်မှုကို တောင့်ခံရင်း အော်ပြောလိုက်သည်။ “ခဏနေပါဦး။”

ခဏနေလို့ပြောလို့ ငါက ရပ်နေရမှာလား။ ထွီး။ ပါ့ဂ်လီအိုက မည်သည့်အခါကမှ လူကြီးလူကောင်း မဟုတ်ခဲ့ပေ။ ထို့ပြင် စစ်မြေပြင်၌ သူက ဒီစ်ဂျာရို၏ စကားများကို မကြားချင်ယောင်ဆောင်ထားခဲ့သည်။ ထိုလက်သီးချက် အောင်မြင်ပြီးနောက် သူက ချက်ချင်းပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။

ဒီစ်ဂျာရိုက ခံရသော အနေအထားသို့ ရောက်သွားသည်။ သူက ဂုဏ်သိက္ခာကို အမြဲပင် တန်ဖိုးထားခဲ့သည်။ ရန်သူ၏စွမ်းအားမှာ သူထင်ထားသည်ထက် သာလွန်နေ၏။ သာမန်အခြေအနေများ၌ပင် သူက ပြိုင်ဘက်မဟုတ်ပေ။ ထို့ပြင် အနီးအနား၌လည်း နောက်ထပ် နဂါးနက်တစ်ကောင် ရှိနေသည်။ အကယ်၍ သူဆက်နေပြီး တိုက်ခိုက်လျှင် သေဖို့များပေသည်။

ထိုသို့စဉ်းစားပြီးနောက် ဒီစ်ဂျာရိုက နောက်ထပ်လက်သီးနှစ်ချက်ကို ခုခံပြီး ထိုအားကို အခွင့်ကောင်းယူကာ ပြန်သွားလိုက်သည်။ နောက်ဆုံး၌ နောက်က မုန်တိုင်းထန်သော တိုက်ခိုက်မှုမှ လွတ်မြောက်သွားခဲ့သည်။ ပါ့ဂ်လီအို၏ အထင်သေးသော အသံက နောက်မှ ထွက်ပေါ်လာသည်။ “ငါက တစ်ကိုယ်တော် အထီးကျန်နေတဲ့သူပဲ။ နဂါးကျွန်းနဲ့ ငါက ဘာလို့ ပတ်သက်ရမှာလဲ။ မင်းရဲ့ဖင်ကို အဲဒီ ဆက်ဂယ်လာဆီ ရောင်းထားရင်တောင်မှ အသုံးမဝင်ဘူး။”

ဒီလိုမျိုး ရွံစရာကောင်းတဲ့ အရှက်မရှိတဲ့ ရိုင်းစိုင်းတဲ့ နဂါးမျိုးကို ငါတစ်ခါမှ မတွေ့ဖူးဘူး။ အဆိပ်နဂါးပြောလိုက်သော နောက်ဆုံးစကားက ဒီစ်ဂျာဂိုအား နောက်ထပ် သွေးတစ်လုပ် အန်လုနီးပါး ဖြစ်သွားစေခဲ့သည်။ သူ မနေရဲတော့ဘဲ [ အထွတ်အမြတ်တောင်ပံ ] ကို အသက်သွင်းကာ ညွန့်ပေါင်းစစ်တပ်စခန်းကို ပြန်ဆုတ်ခွာသွားတော့သည်။

“ဟေ့ ကောင်မလေး။ လိုက်မနေနဲ့တော့။ အောက်က လောက်လေးခွကို ဖျက်ဆီးပစ်လိုက်။ အဲဒါက တန်ဖိုးရှိတယ်။”

အိုလီဖီးရက်စ်က နေရာလွတ်ဘုံ၏ ကြွင်းကျန်သောစွမ်းအားမှ ဖောက်ထွက်ပြီး ဆယ်လ်ဂါနောက်သို့ လိုက်နေခဲ့သည်။ အဆိပ်နဂါး၏ နောက်ဆုံးစကားကို ကြားသည့်အခါ သူက ချက်ချင်းပင် အောက်မှ မီးလောက်လေးခွဆီသို့ ချက်ချင်းပင် ပျံသန်းသွားသည်။ မစ်-နဂါးနက်၏စွမ်းအားနှင့် ရင်ဆိုင်ရသည့်အတွက် ထိုလောက်လေးခွများက လုံးဝကို အားနည်းနေပြီး အလွန်အမင်း ကျိုးလွယ်သကဲ့သို့ပင် ဖျက်ဆီးခံလိုက်ရသည်။

အိုလီဖီးရက်စ်က အလွန်ပါးနှပ်လှသည်။ သူက မြို့တော် ညွန့်ပေါင်းစစ်တပ်၏ အခြေစိုက်စခန်းကို မတိုက်ခိုက်ရဲဘဲ ပါ့ဂ်လီအိုနောက်လိုက်ကာ ရှေ့တန်းမှ ရန်သူများကို တိုက်ခိုက်လေသည်။

ခံတပ်နယ်မြေ၌ အဆိပ်ငွေ့များ၏ အဟန့်အတားကြောင့် မြို့တော် ညွန့်ပေါင်းစစ်တပ်မှ တိုက်ခိုက်မှုများ သိသိသာသာ လျော့ကျသွားခဲ့သည်။ အသီနာ၏ပုံရိပ် မြို့ဂိတ်တံခါးပေါ်တွင် ပေါ်ထွက်လာသည်။ ပြတ်သားသော အော်သံနှင့်အတူ သူက အမြင့်သို့ခုတ်လိုက်ပြီး စီရင်ချက် မဟာဓားဖြင့် ဝင်လာသော ခေါင်းတိုက် နတ်ဆိုးသားရဲများကို ခုတ်ပိုင်းလိုက်သည်။

မဟာဓားပေါ်၌ နီရဲရဲ အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။ အသီနာကို ဗဟိုပြုပြီး မီတာ၇၀ပတ်လည်၌ ယပ်တောင်ပုံစံ သွေးများနှင့် အသားများ ပျံ့နှံ့သွား တော့သည်။ ရန်သူ၏ခန္ဓာကိုယ်များက ကြောက်မက်ဖွယ်ရာ စွမ်းအားအချို့ကြောင့် ဖိခြေခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။ အလွန်ကြီးမားသော ခေါင်းတိုက် သားရဲများပင် ခြွင်းချက် မဟုတ်ပေ။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ချပ်ကာပင် စုတ်ပြတ်သွား၏။

၎င်းမှာ အဆောင်ပစ္စည်း မဟာဓား၏ ကိုယ်ပိုင်စွမ်းရည်ဖြစ်သော [ စီရင်ချက် ] ဖြစ်လေသည်။

အသီနာ၏ တိုက်ကွက်က မြို့ဂိတ်ခံမှ အကြီးမားဆုံး ခြိမ်းခြောက်မှုကို အောင်အောင်မြင်မြင်နှင့် ရှင်းလင်းပစ်လိုက်နိုင်သည်။ သူက နက်စ်တာ ပစ်ပေးသော ကြိုးကိုယူပြီး အလျင်အမြန်ပင် ပြန်တက်သွားလိုက်သည်။ သူက လမ်းတစ်ဝက်၌ တယ်လီပို့ခုန်ပြီး မြို့တံတိုင်းပေါ်သို့ ရောက်လာကာ သူ့ဆီပစ်လိုက်သော မြားများကို ရှောင်တိမ်းလိုက်သည်။

ဧရာမ နဂါးနှစ်ကောင် သောင်းကြမ်းမှုကြောင့် မြို့တော်၏ လေကြောင်းဗိုလ်ခြေ စတင်ပြိုလဲလာသည်။ လောက်လေးခွနှင့် နတ်ဆိုးသားရဲများကို ဖျက်ဆီးလိုက်နိုင်ခြင်းက ခုခံနေသော စစ်သည်များ၏ စိတ်ဓာတ်ကို တက်ကြွစေခဲ့သည်။ ရုတ်တရက် အခြေအနေ ပြောင်းပြန်ဖြစ်သွား၏။

ရှေ့တန်းစစ်တပ်မှူး ဂရန့်က သေသေချာချာ ကြည့်နေသည်။ ရိုမတီက ချုပ်နှောင် ခံထားရသည်။ ဆယ်လ်ဂါက ဒဏ်ရာ အပြင်းအထန် ရနေသည်။ တိုက်ပွဲကို မဆွဲဆန့်ချင်သော ဒီစ်ဂျာရိုက ရှုံးနိမ့်ပြီး ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင် စတင်မှောင်မည်းလာသည်။ ညတိုက်ပွဲမှာ ညွန့်ပေါင်းစစ်တပ်အတွက် ပို၍ပင် အခွင့်မသာပေ။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ဆုံးရှုံးမှုများ ပို၍ပင် ကြီးမားလာပေလိမ့်မည်။ သူက ချက်ချင်းပင် သက်ပြင်းချလိုက်ပြီး နောက်ဆုတ်ရန် ခရာမှုတ်လိုက်သည်။

ညွန့်ပေါင်းစစ်တပ်စခန်းမှ စစ်သည်များအားလုံး အချင်းချင်း ကြည့်လိုက်ကြသည်။ အမှောင်လနှင့် ပထမဆုံးတိုက်ပွဲမှာ ရှုံးနိမ့်မှုနှင့် အဆုံးသတ်လိမ့်မည်ဟု မည်သူမှ မတွေးထားကြပေ။

လေထဲမှ နတ်ဆိုးသားရဲများ ပျံပြေးသွားပြီး မြေပြင်ပေါ်မှ ရန်သူတပ်သားများ ကလည်း ဒီရေသဖွယ် ဆုတ်ခွာသွားကြသည်ကို မြင်ပြီး အမှောင်လ ခုခံရေးစစ်သည်များက ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။

အဝေးမှ အော်သံများကို ကြားသည့်အခါ မြို့တော်၏ ဗဟိုစစ်ခန်း၌ ညွန့်ပေါင်း စစ်တပ်မှူးဖြစ်သော ရီဂျန့် အိုဆိုင်ဒန်၏ ခရမ်းရောင်မျက်လုံးများက ပိုမိုမည်းမှောင်သွားပုံ ရလေသည်။

All Chapters