← Chapters

ဒီကိုမြို့ကို သိမ်းပိုက်ခြင်း

Vol. 35 Ch. 513

ဒီကိုမြို့ကို သိမ်းပိုက်ခြင်း

Vol. 35 Ch. 513

ရိုမတီ ဦးဆောင်သော မီးပျံတိမ်ဗိုလ်ခြေက သိမ်းပိုက်ပြီးသော လရောင်ခံတပ်ကို ဖြတ်သွားပြီး ဒီကိုမြို့ဘက်သို့ ပျံသန်းသွားကြသည်။ ပယ်လောက အမြန်နှုန်းတစ်ခုနှင့် အခင်းအကျင်းကို ထိန်းသိမ်းထားပြီး ဗိုလ်ခြေသုံးခုကို ဦးဆောင်ကာ သူတို့နောက်သို့ လိုက်သွားသည်။

လေတပ်ဗိုလ်ခြေ၏ အဓိကတာဝန်မှာ ချောင်းမြောင်းတိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် လမ်းတစ်လျှောက်ရှိ ချောင်းမြောင်းတိုက်ခိုက်မှုများကို ရှာဖွေရန် ဖြစ်သည်။ အမှောင်လ၏ ဧရာမ နဂါးနှစ်ကောင်ကို ကြောက်ရွံ့သည့်အတွက် သူတို့က ဒီကိုမြို့သို့ မဆင်မခြင်နှင့် မသွားရဲကြပေ။ ထိုအစား သူတို့က လူခွဲကာ အသေအချာ လိုက်ရှာပြီး ရံဖန်ရံခါ အလင်းစက်လုံးများ ပစ်ချကြသည်။

အလင်းစက်လုံးမှာ ရိုးရှင်းသော မှော်ပစ္စည်းတစ်ခု ဖြစ်သည်။ အလင်းရောင်က အချိန်အတိုင်းအတာတစ်ခုအထိ ကြာရှည်ရှိနိုင်သည့်အတွက် ညတိုက်ပွဲများ၌ သုံးကြလေ့ ရှိသည်။ သို့သော်လည်း ၎င်းသည် [ အမှောင်ကောင်းကင် ] ကဲ့သို့ မှော်ပညာမျိုးကို မထွင်းဖောက်နိုင်ပေ။

အလင်းစက်လုံးများက ချောင်းမြောင်းတိုက်ခိုက်သူများနှင့် ရှုံးနိမ့်သွားသော စစ်သည်များ ပုန်းအောင်းနေသော နေရာများကို တွေ့နိုင်မည် ဖြစ်သော်လည်း ထိုကဲ့သို့ နေရာဖြန့်ကျက်ခြင်းက ဒီကိုမြို့အား မြို့တော်စစ်တပ် ချဉ်းကပ်လာသည်ကို သတိထားမိသွားနိုင်ပေသည်။ သို့သော်လည်း ပယ်လောက ယခုတစ်ခေါက်၌ ဒီကိုမြို့ကို အလစ်တိုက်ခိုက်ရန် မစီစဉ်ထားသည့်အတွက် ၎င်းတို့ကို လုံးဝ ဂရုမစိုက်ပေ။ သူ ဦးဆောင်လာသော ဗိုလ်ခြေသုံးခုမှာ ထိုလော့ဒ်များ‌ ခေါ်ဆောင်လာသော မစည်းလုံးသည့် စစ်သည်များ မဟုတ်ဘဲ လက်နက်အပြည့်တပ်ဆင်ထားသော တကယ့်တိုက်ခိုက်ရေး အင်အားစု ဖြစ်လေသည်။

ထို့အပြင် ဗိုလ်ခြေထဲ၌ နတ်ဆိုးအရှင်သခင်အဆင့် လေးဦး ရှိသည့်အတွက် လက်ရွေးစင် ဗိုလ်ခြေသုံးခုကို ဦးစီးကာ ဒီကိုမြို့ကို သိမ်းပိုက်ရန် ပယ်လော ယုံကြည်ချက် ရှိနေသည်။ ထို့နောက် သူက လိုင်ရာမြို့ကို တစ်ခါတည်း ကျူးကျော်ပြီး ညွန့်ပေါင်း စစ်တပ်အတွက် ကြီးကြီးမားမား အကျိုးပြုမည် ဖြစ်သည်။ ၎င်းသည် ဂရန့်ကို ဖယ်ရှားပြီး ပယ်လောတူစတန် ဟူသော သူ့ကို ညွန့်ပေါင်းစစ်တပ် လက်ထောက်တပ်မှူးအဖြစ် ခန့်အပ်ခဲ့ခြင်းမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်းကို ရီဂျန့်နှင့် လော့ဒ်အားလုံးထံ သက်သေပြနိုင်ပေမည်။

အကယ်၍ အမှောင်လနယ်မြေကိုပါ တစ်ခါတည်း အနိုင်ယူခဲ့လျှင် ထိုတိုက်ပွဲ အကျိုးပြုမှုတစ်ခုတည်းမှ ဂရန့်ကိုပင် ဖယ်ရှားပြီး တတိယဗိုလ်ချုပ်ဖြစ်လာရန် မဖြစ်နိုင်သည် မဟုတ်တော့ပေ။

“ဗိုလ်ချုပ် ရိုမတီ သတင်းပို့လာတယ်။ ဒီကိုမြို့ မရောက်ခင်အထိ ချောင်းမြောင်း တိုက်ခိုက်ဖို့ကြံနေတဲ့ ရန်သူတွေ၊ ရှုံးနိမ့်သွားတဲ့ စစ်သည်တွေကို တစ်ယောက်မှ မတွေ့ရဘူး။ မိုးပျံတိမ်ဗိုလ်ခြေက အခုလက်ရှိ မြို့နှင့် သိပ်မဝေးတဲ့ တူတောင်မှာ အသင့်အနေအထား ရှိနေကြတယ်။”

ချောင်းမြောင်းတိုက်ခိုက်သူများ မရှိကြောင်း ကြားသည့်အခါ ပယ်လောက ထင်ထားသည့်အတိုင်းဟု စိတ်ထဲ၌ တွေးပြီး ခေါင်းညိတ်လိုက်သည်။ “အမှောင်လက အဲဒီင‌ကြောက်တွေ ပြေးတာ မြန်တယ်။ သူတို့က လရောင်ခံတပ်ကို ထွက်ပြေးသွားတာ ကြာပြီထင်တယ်။ သူတို့က အခု ဒီကိုမြို့မှာ တိုက်ခိုက်ဖို့ စောင့်နေလောက်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ငါတို့လုပ်မှာက အလစ်တိုက်ခိုက်မှာ မဟုတ်ဘူး။ တည့်တည့်ဝင်တိုက်မှာ။ သူတို့တွေ ဘယ်လိုတိုက်ခိုက်မလဲဆိုတာ ငါ မစောင့်နိုင်တော့ဘူး။ ငါ့အမိန့်ကို ကြေညာလိုက်။ အရှိန်တင်ပြီး ချီတက်ကြ။ ပြီးတော့ တူတောင်ကို အမြန်ဆုံးသွား။”

ခဏအကြာ၌ စစ်တပ်က တူတောင်သို့ ရောက်ရှိသွားသည်။ အဝေးမှ အလွန် တောက်ပနေသော ဒီကိုမြို့ကိုကြည့်ရင်း ပယ်လာက ဓားမောက်ရှည်ဖြင့် ညွှန်ပြလိုက်သည်။ “စစ်သည်တို့။ လရောင်ခံတပ်က ရန်သူ့စစ်တပ်တွေ ရှေ့ကမြို့မှာ ရှိနေတယ်။ ငါ့မှာ ပြောစရာ တစ်ခုပဲ ရှိတယ်။ နေထွက်တဲ့အချိန် ဒီကိုမြို့လယ်မှာ အရာရှိတွေနဲ့အတူ ရန်သူ့ခေါင်းခွံတွေနဲ့ အရက်သောက်ချင်တယ်။”

“သတ်..သတ်..သတ်ပစ်ကြ။” စစ်သည်များက လက်များနှင့် လက်နက်များ မြှောက်ပြီး အော်ဟစ်လိုက်ကြသည်။ လက်ရွေးစင် ဗိုလ်ခြေသည် ချပ်ဝပ်တန်ဆာ အပြည့်အစုံဖြစ်ပြီး ချပ်ကာပေါ်၌ တောက်ပနေသော အထူးအမှတ်အသားတစ်ခု ရှိသည်။ ၎င်းမှာ မြင်နိုင်မှုနိမ့်ပါးသော အခြေအနေ၌ အချင်းချင်း မတော်တဆ မထိခိုက်စေရန် ဖြစ်သည်။

စစ်တပ်၏စိတ်ဓာတ် မြင့်တက်သွားကြောင်း မြင်သည့်အခါ ပယ်လောက တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ ပထမဗိုလ်ခြေနှင့် မိုးပျံတိမ်ဗိုလ်ခြေ တို့ကလည်း ဒီကိုမြို့သို့ အမြန်သွားကြသည်။

ရှေ့တန်းမှ စစ်သည်များက အရှေ့မှ အကာအကွယ်မှော်စက်ဝိုင်းများကို အသက်ဝင်စေရန်နှင့် ဖျက်ဆီးရန်အတွက် လက်ပစ်ဗုံးကဲ့သို့ အရာများ ပစ်လွှတ်ခဲ့သည်။ သို့သော်လည်း အသက်ဝင်သွားသော လျို့ဝှက်အကာကွယ် အခင်းအကျင်းများစွာ ရှိနေခဲ့သေးသည်။ ပေါက်ကွဲသံများအကြား၌ မီးပွင့်များနှင့် လျှပ်စီးပွင့် လှိုင်းများက လဲကျသွားသော စစ်သည်များ၏ ပုံရိပ်များကို ရောင်ပြန်ဟပ်သွားခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ ၎င်းတိ့က လက်ရွေးစင်စစ်သည်တို့၏ ခိုင်မာသော အရှိန်အဟုန်ကို လုံးဝ မရပ်တန့်နိုင်ခဲ့ပေ။ သူက အလျင်အမြန်ပင် မြို့ထဲသို့ ကျူးကျော်လာသည်။

မြို့ထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အိမ်အများအပြားမှ မီးများ ငြိမ်းကုန်သည်။ ထို့နောက် မြားမိုးရွာလာ၏။ သို့သော်လည်း ဒီကိုမြို့သည် လရောင်ခံတပ် မဟုတ်ပေ။ အကယ်၍ လမ်းတစ်လျှောက်၌ ချောင်းမြောင်းတိုက်ခိုက်မှု မရှိလျှင် ထိုမြို့၏ မြေအခြေအနေ တစ်ခုတည်းဖြင့်ပင် ခုခံရန် အားသာချက် အများအပြား မရှိပေ။

အရည်အသွေးမြင့် အဆင်တန်ဆာများ ဝတ်ဆင်ထားသော မြို့တော်၏ လက်ရွေးစင် စစ်သည်များမှာ ထိုလော့ဒ်များ၏ အမြောက်စာစစ်တပ်ကဲ့သို့ မဟုတ်ပေ။ မြားများ သိပ်သည်းလှသော်လည်း အားကောင်းသော ဒိုင်းကာနှင့် ချပ်ကာတို့၏ ခုခံမှုကို ရင်ဆိုင်ရသည့်အခါ သိသိသာသာ ထိခိုက်မှု မဖြစ်စေခဲ့ပေ။

ဒီကိုမြို့ အစောင့်စစ်သည်များက အသည်းအသန် ခုခံကြသော်လည်း မြို့တော်၏ လက်ရွေးစင် စစ်တပ်က အလွန်အမင်း အင်အားကြီးသော အရှိန်အဟုန်တစ်ခု ရှိနေသည်။ လေထဲမှ မိုးပျံတိမ်ဗိုလ်ခြေနှင့် ပေါင်းလိုက်သောအခါ အမှောင်လ ကာကွယ်ရေး စစ်သည်များက နောက်ဆုံးတွင် ဆုတ်ခွာလိုက်ကြရသည်။ ခဏအကြာ၌ ခံစစ်ကြောင်း ပျက်စီးသွားပြီး မြို့တော်စစ်တပ်က ဒီကိုမြို့သို့ ဒလဟော ရောက်ရှိလာတော့သည်။

ထိုအချိန်၌ နဂါးဟိန်းသံတစ်သံ ထွက်လာပြီး ရှေ့သို့ ပြေးဝင်သွားသော ဂရစ်ဖင်းအချို့ ပြာဖြစ်သွားကြသည်။ အနီးအနားရှိ ဂရစ်ဖင်းများလည်း ကြောက်လန့်သွားပြီး နေရာအနှံ့သို့ ပျံသွားကြတော့သည်။ သေချာသည်မှာ အမှောင်လ၏ ဧရာမ နဂါးနှစ်ကောင် ရောက်ရှိလာလေပြီ။

ပထမဆုံးမှာ ကြောက်မက်ဖွယ်ရာကောင်းသော အဆိပ်နဂါး ဖြစ်သည်။ အနီးအနားရှိ ဂရစ်ဖင်းများကို ခြောက်လွှတ်ပြီးနောက် အောက်ဘက်ရှိ မြို့တော်စစ်သည်များထံသို့ နဂါးအာငွေ့ မှုတ်ထုတ်လိုက်သည်။ သို့သော်လည်း ထိုအချိန်၌ အေးစက်မှုတစ်ခု ပေါ်ထွက်လာသည်။ နဂါးအာငွေ့က ရုတ်တရက် နှေးကွေးသွား၏။ နောက်ဆုံးတွင် ၎င်းက ရေခဲအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထို့နောက် ၎င်းက မြေပြင်သို့ ပြုတ်ကျကာ ကြေမွသွားခဲ့သည်။ အပျက်အစီးများစင်သော စစ်သည် ဒါဇင်ခန့်သာ အဆိပ်ကြောင့် သေသွား၏။

အသက်ကြီးကြီး ဆံပင်အဖြူနှင့် အမျိုးသမီးတစ်ယောက်က လေထဲ၌ ချက်ချင်း ပေါ်ထွက်လာသည်။ သူက ငွေရောင်ဖျော့ဖျော့တောက်နေသော မှော်တောင်ဝှေးကို ကိုင်ထားကာ ‌ရှေ့မှ နဂါးကို ချိန်လိုက်သည်။ လေမုန်တိုင်းငယ်လေးတစ်ခု ပေါ်ထွက်လာကာ ပါ့ဂ်လီအိုထံ ပျံသန်းသွားတော့သည်။

ထိုအမျိုးသမီးမှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော စတေလာပင် ဖြစ်လေ၏။ သူက အကြီးအကဲမိသားစုထဲရှိ အစွမ်းအထက်ဆုံး နတ်ဆိုးအရှင်သခင်အဆင့် များထဲမှ တစ်ယောက် ဖြစ်သည်။ သူက လော့ဒ်-သန်းခေါင်နေ လက်အောက်၌ နံပါတ်တစ် မှော်ပညာရှင် ဖြစ်ခဲ့ဖူးပြီး အိုဆိုင်ဒန်၏ လက်ထဲရှိ အစွမ်းအထက်ဆုံး ဝှက်ဖဲလည်း ဖြစ်သည်။ စတေလာက နေ့ခင်းပိုင်း၌ အဆိပ်နဂါး၏ တိုက်ခိုက်မှုများကို လေ့လာထားခဲ့ပြီး ချက်ချင်းပင် အသေမှတ် မှော်ပညာကို အသုံးပြုလိုက်သည်။

လေမုန်တိုင်းကို တမင်တကာပင် “အိပ်ကပ်”အရွယ်အစား ဖြစ်အောင် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းအတွင်း အစွမ်းထက်မှော်ပညာကို ပါ့ဂ်လီအို သေသေချာချာ ခံစားမိနေသည်။ လေမုန်တိုင်း မချဉ်းကပ်လာခင် အနီးအနားရှိ လေစီးကြောင်း ပျက်ယွင်းပြီး ဖရိုဖရဲ ဖြစ်သွားကာ ပျံရခက်သွားစေခဲ့သည်။

လေဒြပ်စင်ကျွမ်းကျင်သော နဂါးပြာသာဆိုလျှင် ထိုလေမုန်တိုင်းမှာ ဘာမျှမဟုတ်ပေ။ အာငွေ့တစ်ချက်တည်းဖြင့် ပျောက်ကွယ်စေနိုင်၏။ သို့သော်လည်း ပါ့ဂ်လီအိုမှာ အဆိပ်နဂါး ဖြစ်နေသည်။ သူက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းနှင့် အဆိပ်ခတ်ခြင်း၌ ကျွမ်းကျင်သော်လည်း မှော်ပညာကို ရင်ဆိုင်ရာ၌ အရေးနိမ့်နေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် သူက နတ်မိမယ်နဂါး၏ ချုပ်နှောင်ခြင်း ခံခဲ့ရလေသည်။

နဂါးခန္ဓာကိုယ်မှာ ကြီးမားလွန်းပြီး မှော်ဒြပ်စင် ရန်သူများအရှေ့၌ ပစ်ခတ်ရန် လွယ်ကူကြောင်း ပါ့ဂ်လီအို သိသည်။ သူက ခန္ဓာကိုယ်ကို လှုပ်ခါပြီး ချက်ချင်းပင် လူသား ခန္ဓာကိုယ်အသွင်သို့ ပြောင်းလိုက်သည်။ ထို့နောက် လက်သီးများကို လျှပ်စီးကဲ့သို့ပင် ဝှေ့ရမ်းလိုက်ရာ ကြောက်မက်ဖွယ်ရာ လေဖိအားက အမှန်တကယ်ပင် လေမုန်တိုင်းကို နှစ်ပိုင်းဖြစ်သွားစေခဲ့လေသည်။

ထိုကဲ့သို့ မှော်ပညာကို ခွန်အားသက်သက်ဖြင့် ဖျက်ဆီးနိုင်ခြင်းက စတေလာကို တိတ်တိတ်လေး တုန်လှုပ်သွားစေသည်။ သို့သော်လည်း ဝါရင့် နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်သည့်အလျောက် သူ မကြောက်နေပေ။ လက်တစ်ချက် ဝှေ့ရမ်းလိုက်ရာ မြောက်မြားလှစွာသော ကြက်ခြေခတ် အရည်လဲ့မှော်သလင်းကျောက်များ ပါ့ဂ်လီအို တစ်ဝိုက်၌ ပေါ်ထွက်လာသည်။ အဆိပ်နဂါး ပတ်ပတ်လည်မှ အလင်းယိုင်နေခြင်းကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ရေခဲအလွှာ လှောင်ချိုင့်တစ်ခု ဖြစ်ဟန်တူသည်။

ပါ့ဂ်လီအိုက ယခင်နည်းလမ်းအတိုင်း တိုက်ရိုက် တိုက်ခိုက်နေဆဲ ဖြစ်သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားက လှောင်ချိုင့်ကို အမှုန့်ဖြစ်သွားစေသည်။ သို့သော်လည်း စတေလာက စိတ်ဝိညာဉ်စွမ်းအားဖြင့် လှောင်ချိုင့်ကို အဆက်မပြတ် အားဖြည့်ပေးကာ ခိုင်မာစေခဲ့သည်။ ထိုနည်းလမ်းဖြင့် ပါ့ဂ်လီအိုကို ရှင်းပစ်ရန် မဖြစ်နိုင်ပေ။ စတယ်လာ၏ ရည်ရွယ်ချက်မှာ ရန်သူ၏ အင်အားအကြီးဆုံး တိုက်ခိုက်ရေးစွမ်းအားကို ထိန်းထားရန် ဖြစ်သည်မှာ သိသာလှပေသည်။

နဂါးနက်နှင့် သလင်း‌‌ကျောက်နဂါးတို့က မှော်ပညာ၏ အကြွင်းမဲ့ဝိပါက်များ ဖြစ်ကြသည်။ ကံဆိုးစွာပင် အိုလီဖီးရက်စ်က အလွန်ကြီးမားသော စမ်းသပ်ချက်တစ်ခုကို ရင်ဆိုင်နေရသည်။ သူက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ၌တော်သော ရန်သူ နှစ်ယောက်ကို ရင်ဆိုင်နေရသည်။ တစ်ယောက်မှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဘာရိုကို ဖြစ်ပြီး ကျန်တစ်ယောက်မှာ နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း စတီဘယ် ဖြစ်သည်။ ဘာရိုကိုနှင့် အိုလီဖီးရက်စ်တို့က နေ့ခင်းပိုင်း၌ တိုက်ခိုက်ခဲ့ဖူးသည်။ မစ်-နဂါးနက်က အဆင့်ချင်း၌ အနည်းငယ် နိမ့်ကျသော်လည်း နဂါးများ၏ မူလစွမ်းအားကြောင့် လက်ရည်တူနေခဲ့သည်။ ယခုတွင် စတီဘယ်ပါ ထပ်ပါလာသည့် အတွက်ကြောင့် မစ်-နဂါးနက်က ထွက်ပြေးရုံသာ တတ်နိုင်တော့သည်။

သို့သော်လည်း မစ်-နဂါးနက်က ပါးနပ်သည်။ သူက ရန်သူများထက် ပိုမြန်မြန် ပျံနိုင်ကြောင်း သိသည့်အတွက် ထိပ်တိုက်မရင်ဆိုင်ဘဲ စက်ဝိုင်းပတ်ကာ ပျံနေခဲ့သည်။ သူက ပါ့ဂ်လီအိုဘက်သို့ ပျံသန်းသွားနေသည်။ သူတို့က တစ်ခါတစ်ရံ အချင်းချင်း ကူညီကြပြီး အခြေအနေမှာ လွန်ဆွဲပွဲကဲ့သို့ ဖြစ်လာသည်။

အမှောင်လ၏ အစွမ်းထက်ပုဂ္ဂိုလ်များမှာ ချုပ်နှောင်မှုကြောင့် စွမ်းအားများကို မထုတ်နိုင်တော့ပေ။ အောက်မှ ကာကွယ်သူများကလည်း မြို့တော်စစ်တပ်၏ အရှိန်အဟုန်ကိုပင် မတားဆီးနိုင်တော့ပေ။ သူတို့က [ အမှောင်ကောင်းကင် ] အမြောက်အမြားကို ထုတ်လွှတ်ပြီး စတင်ထွက်ပြေးတော့သည်။ အဖွဲ့အနည်းငယ်ကသာ အဆောက်အအုံများနှင့် [ အမှောင်ကောင်းကင် ] တို့ကို အကာအကွယ်ဖြင့် အသုံးချကာ ကြံ့ကြံ့ခံလျက် ခုခံနေကြလေသည်။

အောင်ပွဲမှာ လက်တစ်ကမ်းအလို၌ ဖြစ်နေသည်ကို မြင်နေရသည့်အတွက် ပယ်လာက ဒီကိုမြို့ထဲသို့ ချီတက်ရန် စစ်တပ်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။

အမှောင်လ ကာကွယ်ရေးစစ်သည်များ လုံးဝ ရှုံးနိမ့်သွားပြီး နောက်ဆုတ်လာသည်။ ကောင်းကင်မှ နဂါးနှစ်ကောင်လည်း တိုက်ခိုက်နေရင်း ဆုတ်ခွာလာကြသည်။

“သတိမလွတ်စေနဲ့။ မိုးပျံတိမ်ဗိုလ်ခြေနဲ့ ပထမဗိုလ်ခြေ။ [ အမှောင်ကောင်းကင် ] ကို တိုက်ခိုက်ပြီးတော့ ရန်သူ့နောက်ကို ဆက်လိုက်။ ရန်သူတွေ လိုင်ရာမြို့ဆီ ထွက်မပြေးခင် တားဆီးပြီး တတ်နိုင်သလောက် သတ်ပစ်ကြ။ မိုးပျံတိမ်ဗိုလ်ခြေ။ ချောင်းမြောင်း တိုက်ခိုက်မှုတွေကို သေချာအာရုံစိုက်ထား။”

“ဒုတိယဗိုလ်ခြေ။ လူ၅၀၀ပါတဲ့ အဖွဲ့ ၁၀ဖွဲ့လိုက်။ တစ်ဖွဲ့မှာ ခေါင်းဆောင် တစ်ယောက် ထားထား။ မြို့ထဲမှာ ပုန်းနေနိုင်တဲ့ ရန်သူ့စစ်တပ်ရဲ့ အကြွင်းအကျန်တွေကို ရှာဖွေပြီးတော့ ရှင်းပစ်လိုက်။”

“တူလွေ့။ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီးတော့ ဒီကိုမြို့ဝန်ကို သွားရှာ။ တကယ်လို့ မြို့ဝန်မရှိရင် တခြားအရာရှိတွေလည်း အဆင်ပြေတယ်။ ပြီးတော့ ပြည်သူတွေကို ငြိမ်အောင်လုပ်လိုက်။ ဆန့်ကျင့်တဲ့သူရှိရင် သတ်ပစ်။”

ပယ်လောက အမိန့်တစ်ခုပြီးတစ်ခု ပေးလိုက်သည်။ သူက ကိုယ့်ကိုယ်ကိုယ် တိတ်တိတ်လေး ဂုဏ်ယူသွားသည်။ ဒီတစ်ခေါက် ငါက ဒီကိုမြို့ကို သိမ်းပိုက်ပြီးတော့ ရီဂျန့်ရဲ့ ဂုဏ်သတင်းကို အဖတ်ဆယ်နိုင်ခဲ့တယ်။ ငါ့ရဲ့ ကြီးမားတဲ့အကျိုးပြုမှုက သေချာပေါက် မမြင်ခံရမှာ မဟုတ်ဘူး။ ဒုတိယတပ်မှူးနေရာက ငါ့လက်ထဲကို ရောက်လာလိမ့်မယ်။

ခဏအကြာ၌ စစ်သည်တစ်ယောက် သတင်းပို့လာသည်။ “ဗိုလ်ချုပ် ပယ်လော။ ဗိုလ်ချုပ် တူလွေ့ကို မြို့ဝန်ရှာဖို့ အမိန့်ပေးထားပေမဲ့ အနီးအနားက အိမ်တွေအကုန် ရှာတာတောင် သာမန်ပြည်သူတစ်ယောက်ကိုမှ ရှာမတွေ့ဘူး။”

“တစ်ယောက်မှ မတွေ့ဘူးလား။” ပယ်လော မျက်မှောင်ကြုတ်လိုက်သည်။ “ဒီမြို့က သေးသေးလေး မဟုတ်ဘူး။ အရင်ရထားတဲ့ သတင်းအချက်အလက်တွေအရ လူဦးရေက အတော်လေး ကြီးမားတယ်။ လူတိုင်းထွက်သွားဖို့ မဖြစ်နိုင်ဘူး။ ဒါက ဝန်ထုတ်ဝန်ပိုးတစ်ခုပဲ ဖြစ်စေလိမ့်မယ်။ ဧကန္တ... သူတို့က တစ်နေရာရာမှာ ပုန်းနေကြတာ များလား။”

“အခုလက်ရှိ ဗိုလ်ချုပ် တူလွေ့က စစ်သည်တွေ စေလွှတ်ပြီးတော့ လူခွဲပြီး ရှာနေကြတယ်....”

သူ စကားပြောပြီးသည်နှင့် အိမ်တစ်လုံး အပြင်းအထန် ပေါက်ကွဲထွက်သွားသည်။ အနီးအနားရှိ သတိလက်လွတ်ဖြစ်နေသော စစ်သည်များက အချို့သေသွားသလို အချို့က ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။ ထိုပေါက်ကွဲမှုက ကွင်းဆက်တုံ့ပြန်မှုတစ်ခုကို အသက်သွင်းလိုက်ဟန်တူသည်။ ထိုနယ်မြေမှ အိမ်အကုန် တစ်ခုပြီးတစ်ခု ပေါက်ကွဲ ကုန်သည်။ မြေပြင် တုန်ခါနေရင်း ခြေပြတ်၊ လက်ပြတ်များကလည်း ပျံဝဲနေ၏။ ပေါက်ကွဲမှု အလင်းရောင်က မြို့တော်စစ်သည်များ၏ ကြောက်လန့်နေသော မျက်နှာများကို အထင်းသား မြင်ရစေခဲ့သည်။

“စစ်သည်အကုန် အိမ်ထဲကနေ ထွက်သွားကြ။” ပယ်လော အော်ပြောသည်။ နတ်ဆိုးဧကရာဇ်အဆင့်စွမ်းအားကို စုစည်းထားသော အသံသည်ပင် နားကွဲလုမတတ် ‌ပေါက်ကွဲမှုထဲ၌ အားနည်းနေဆဲပင် ဖြစ်သည်။

နောက်ဆုံး၌ ‌ပေါက်ကွဲသံများ ငြိမ်သက်သွားလေသည်။ မီးခိုးနှင့် ဖုန်မှုန့်များ ကွယ်ပျောက်သွားပြီးနောက် မီတာသုံးလေးရာ ပတ်လည်ရှိ အဆောက်အအုံအကုန် မြေပြင်သို့ ပြားပြားဝပ်သွားခဲ့သည်။ ထိုကဲ့သို့ ပေါက်ကွဲမှုစွမ်းအားမှာ သာမန်မှော်ပစ္စည်း ပြုလုပ်နိုင်သောအရာ မဟုတ်ပေ။ ထိုကဲ့သို့ ကြီးမားလှသော ပေါက်ကွဲမှုအတွင်း အနည်းဆုံး စစ်သည် ၃၀၀၀ အသတ်ခံခဲ့ရပြီး ဒဏ်ရာရသူကို ပိုများလေသည်။

“အဲဒီ အမှောင်လ သောက်ရူးကောင်တွေ...”

ပယ်လော အံကြိတ်ပြီး ဆဲလိုက်သည်။ သူက ဒဏ်ရာရသူများအား ကုသရန် စီစဉ်ရင်း စစ်တပ်ကို စုစည်းလိုက်သည်။

“ဗိုလ်ချုပ်။ သတင်းဆိုး။” တူလွေ့က အသက်မရှူနိုင်လောက်အောင်ပင် အမြန် ပြေးလာသည်။ “မြို့ပတ်လည်က [ အမှောင်ကောင်းကင် ] အထဲမှာ ရန်သူ့တပ်သားတွေ အများကြီး ပေါ်ထွက်လာတယ်။ ကျုပ်...ကျုပ်တို့ အဝိုင်းခံလိုက်ရပြီ။”

“အဝိုင်းခံရတယ် ဟုတ်လား။ သေချာရဲ့လား။” ပယ်လော အလွန်ထိတ်လန့်သွားပြီး နားကြားမှားသည်ဟုပင် ထင်မိလိုက်သည်။ ရန်သူနောက်ကို လိုက်နေတဲ့ ပထမဗိုလ်ခြေနဲ့ မိုးပျံတိမ်ဗိုလ်ခြေကို ဖယ်လိုက်မယ်ဆိုရင် ဒုတိယဗိုလ်ခြေနဲ့ တတိယဗိုလ်ခြေက လူပေါင်း တစ်သိန်းခွဲ ရှိတယ်။ ဒီလို မြေနေရာမျိုးမှာ ငါတို့ကို ဝိုင်းရံဖို့အတွက် အနည်းဆုံး တပ်သားသုံးဆ လိုအပ်တယ်။

တပ်သား ငါးသိန်း နီးပါးတောင်လား။ အမှောင်လက ဒီလောက်တပ်သားတွေ အများကြီးကို ဘယ်လိုရလာတာလဲ။

“မသေမျိုးတွေ။ မသေမျိုးစစ်တပ်။”

All Chapters