မသေမျိုးမြို့
Vol. 35 Ch. 514
မှုန်မှိုင်းနေသော လရောင်အောက်တွင် ဒီကိုမြို့ ပတ်ဝန်းကျင်ကို လွှမ်းမိုးထားသော [ အမှောင်ကောင်းကင် ] တဖြည်းဖြည်းနှင့် လွင့်မျောသွားပြီး ပါးလွှာသော အနက်ရောင် မြူများထဲ၌ ပုန်းကွယ်နေသော အန္တရာယ်များ တဖြည်းဖြည်း ထင်ရှားလာလေသည်။
အဘက်ဘက်မှ မသေမျိုးအားလုံးက အဆုံးမရှိသော ပင်လယ်တစ်ခု ကဲ့သို့ သိပ်သည်းစွာဖြင့် ရွေ့လျားလာကြသည်။ ၎င်းကိုမြင်သည့်အခါ မြို့တော်စစ်တပ်က အရှက်ရသွားခဲ့သည်။ နဂိုက စစ်သည်အရေအတွက်မှာ မြို့တော်စစ်တပ်၏ အားသာချက် တစ်ခု ဖြစ်သည်။ သို့သော် ယခုတွင် အားနည်းချက်တစ်ခု ဖြစ်သွားလေပြီ။
ပယ်လော အနည်းငယ် သဘောပေါက်လိုက်သည်။ ခုနက အိမ်ဖောက်ခွဲရသည့် အကြောင်းရင်းမှာ သူ၏စစ်သည်များကို သတ်ရန်အတွက်သာမက ဝိုင်းရံရန်အတွက် နေရာအကျယ်ကြီးကို ရှင်းလင်းရန် ဖြစ်သည်။ ရုတ်တရက် ယခင်စစ်သည်များ၏ သတင်းပို့မှုကို သူ ရုတ်တရက် တွေးမိလိုက်သည်။ အိမ်တိုင်းမှာ ဘယ်သူမှ ရှိမနေကြဘူး။ ဧကန္တ....ပြည်သူတွေအားလုံးက မသေမျိုးအဖြစ်ကို ပြောင်းလဲသွားတာလား။
ရက်စက်တတ်သော ပယ်လောသည်ပင် ကြက်သီးထမိသွားသည်။
“မကြောက်နဲ့။ ဒါက အရိုးခြောက်တွေပဲ။ သူတို့ရဲ့ မခိုင်ခံ့တဲ့ အရိုးတွေက ငါတို့လက်ထဲက အထက်ဆုံး ဓားသွားတွေကို မခံနိုင်ဘူး။ ပြီးတော့ သူတို့ရဲ့ သနားစရာ သံချေးတက်နေတဲ့ ဓားတွေက ငါတို့ရဲ့ ချပ်ကာပေါ်မှာ အရာတောင် ထင်နိုင်မှာ မဟုတ်ဘူး။” ပယ်လောက စိတ်အေးအေးထားပြီး သူ့စစ်တပ်၏စိတ်ဓာတ်ကို မြင့်တင်ရန် အသံကျယ်ကျယ်နှင့် အော်ပြောလိုက်သည်။ “ငါတို့က မြို့တော်မှာ အစွမ်းအထက်ဆုံး လက်ရွေးစင်တွေပဲ။ စစ်မြေပြင်မှ အမြောက်စာပဲဖြစ်ရတဲ့ ဒီအမှိုက်တွေကို ငါတို့ ဘာလို့ ကြောက်နေရမှာလဲ။ စစ်သည်တို့။ အမှောင်လရန်သူတွေက သူရဲဘောကြောင်ပြီး ထွက်ပြေးသွားကြပြီ။ ငါတို့ စိုးရိမ်ရမှာကို နာမည်ပိုရဖို့ အခွင့်အရေး မရှိမှာကိုပဲ။ ဒီအရိုးတွေကို ဖျက်ဆီးဖို့အတွက် အစွမ်းကုန်သုံးကြ။”
ထိုမြို့တော်ဗိုလ်ချုပ်များမှာ စစ်တပ်၏ စိတ်ဓာတ်ကို တိုးမြှင့်ပေးရာ၌ ကျွမ်းကျင်သည်ကို ဝန်ခံရပေမည်။ စစ်သည်များ၏ တိုက်ခိုက်ချင်စိတ်များ ရုတ်တရက် မြင့်တက်သွားသည်။ အများစုက မသေမျိုးများနှင့် တိုက်ခိုက်သော အတွေ့အကြုံများ မရှိကြသော်လည်း မသေမျိုးများက ရန်သူကို အားကုန်စေရန်အတွက် အရိုးခြောက် စစ်တပ်အရေအတွက်ကို အမြောက်စာအဖြစ် အသုံးပြုသော အရိုးခြောက်ပင်လယ် နည်းဗျူဟာကို အသုံးပြုကြကြောင်း အားလုံး သိကြသည်။ အရိုးခြောက်များမှာ အဆင့်အနိမ့်ဆုံး မသေမျိုးများ ဖြစ်ကြသည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ မပြောပလောက်ပေ။ မြို့တော်စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းအားဖြင့်ဆိုလျှင် ခုခံခြင်းနှင့် တန်ပြန်တိုက်ခိုက်ခြင်းတို့က ပြဿနာ မဟုတ်လောက်ပေ။
ပယ်လော၏ အမိန့်အောက်တွင် မြို့တော်စစ်တပ်က အလွန်ကြီးမားသော လူအစုအဝေး ပြုလုပ်ကာ တဖြည်းဖြည်း ရွေ့လျားလာသော ရန်သူအင်အားစုများကို ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။
[ အမှောင်ကောင်းကင် ] လုံးဝ ကွယ်ပျောက်သွား၏။ လရောင်က သိပ်ပြီး မတောက်ပသော်လည်း အိမ်မီးလောင်မှုများနှင့် အလင်းစက်လုံးများကြောင့် မသေမျိုးစစ်တပ်၏ အသွင်အပြင်ကို သေသေချာချာ မြင်လိုက်ရသည်။ လူအများအပြားက ပင့်သက်ရှိုက်လိုက်မိသည်။
၎င်းမှာ အမှန်တကယ်ပင် အရိုးခြောက်ပင်လယ် ဖြစ်သည်။ သို့သော်လည်း ထိုအရိုးခြောက်များမှာ ..... သူတို့ မျှော်မှန်းထားသည်ထက် ကျော်လွန်နေ၏။
စစ်မြေပြင်မှာ အမြောက်စာ၊ မခိုင်ခံတဲ့အရိုးတွေ၊ သနားစရာကောင်းပြီး သံချေးတက်နေတဲ့ ဓားတွေ ဟုတ်လား။
အရိုးခြောက်တွေပေါ်က သံချပ်ကာတွေနှင့် ခေါင်းစပ်တွေကို လိပ်ခွံလို့ခေါ်တယ်။ အဲဒါကို ခြေလျင်တပ်ပဲ ဝတ်ဆင်ကြတာ။ သူတို့အားလုံးက ထူထဲတဲ့ ဒိုင်းကာငယ်နဲ့ တောက်ပနေတဲ့ ဓားမောက်ရှည်တွေ ကိုင်ထားကြတယ်။ လခွမ်းပဲ။ သာမန် ခြေလျင်ဗိုလ်ခြေရဲ့ ချပ်ဝတ်တန်ဆာတွေတောင် ဒီထက်မကောင်းဘူး။
ပယ်လောလည်း ကြက်သေသေသွားခဲ့သည်။ ဒါက အားအနည်းဆုံး အရိုးခြောက် စစ်တပ်ရော ဟုတ်သေးရဲ့လား။ အရိုခြောက်တွေအကုန်ကို ချပ်ကာတွေ၊ လက်နက်တွေ ဆင်ထားပေးတယ်။ ဒါက ဘယ်လောက်တောင် ကုန်ကျမှာလဲ မသိဘူး။
အခုက အမှောင်လ ချမ်းသာတာ၊ တုံးအတာကို ရယ်ရမယ့်အချိန်၊ ငိုနေရမယ့် အချိန် မဟုတ်ဘူး။ ဒီလို ချပ်ဝပ်တန်ဆာအပြည့် ဝတ်ဆင်ထားတဲ့ မသေမျိုး စစ်သည်တွေနဲ့ဆိုရင် ဒီညက အကြီးမားဆုံး အိပ်မက်ဆိုးတစ်ခု ဖြစ်လာမှာ စိုးရတယ်။
“ဟားဟားဟားဟား..” ကြက်သီးထစရာ ရယ်သံတစ်ခုက ဒီကိုမြို့ထဲ၌ ပဲ့တင်ထပ်သွားသည်။ ထိုရယ်သံက အဘက်ဘက်မှ လာနေဟန်တူသည်။ သို့သော်လည်း လေသံက တစ်ယောက်တည်းမှ ဖြစ်သည်။ ထိုရယ်သံသည် ကြောက်မက်ဖွယ်ရာနှင့် မအီမသာ ခံစားချက်များကို ပေးစွမ်းနေသည်။ “သက်မဲ့ဝိညာဉ်တွေ လုပ်ဖို့အတွက် အထူးကုန်ကြမ်းတွေ အများကြီးပဲ။ သိပ်ကောင်းတယ်။ ကျေးကျွန်တို့။ မင်းတို့ရဲ့ အနာဂတ် အပေါင်းအဖော်တွေကို သူတို့ ခန္ဓာကိုယ်ပေါ်မှ ပိုနေတဲ့ အသွေးအသားတွေ ဖယ်ရှားပေးလိုက်ကြ။”
အရိုးခြောက်များ၏ အမြန်နှုန်း တဖြည်းဖြည်း တိုးလာပြီး မြို့တော်စစ်တပ်ဆီသို့ ဒီရေသဖွယ် အဘက်ဘက်မှ ပြေးဝင်လာကြတော့သည်။
ရုတ်တရက် စစ်သည်များ၏ အော်သံများနှင့် ဒေါသသံများ ရောက်နေသည့် လက်နက်ချင်းထိသံများ အဆုံးမရှိ ဖြစ်လာသည်။ ထို့နောက် လူစုဝေး၏ အပြင်ဘက်ဆုံး အလွှာတစ်လွှာ ဖယ်ရှားခံလိုက်ရသည်။ အရိုးခြောက်ပင်လယ် ယူဆောင်လာသော ဖိအားမှာ စစ်သည်များ မျှော်လင့်ထားသည်ထက် လွန်ကဲနေသည်။ ချပ်ဝတ်တန်ဆာများ အစွမ်းထက်ရုံသာမက သူတို့၏စွမ်းအားများကလည်း မနိမ့်ကျပေ။ ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်မှာ မသေမျိုးများ၏ ဂုဏ်သတ္တိများ ဖြစ်ပေသည်။ သူတို့က မပင်ပန်းသလို မကြောက်ရွံ့ကြပေ။ နာကျင်မှုလည်း မရှိကြပေ။ ဦးခေါင်း၏ ဗဟိုချက်ကို မချေဖျက်နိုင်လျှင် အခြားနေရာများကို တိုက်ခိုက်ခြင်းသည် သိပ်ပြီး မထိရောက်နိုင်ပေ။ သူတို့၏ ခြေလက်များ ပြုတ်သွားသည့်တိုင် လက်ထဲ၌ ဓားမောက်ရှည်များ ရှိနေသရွေ့ လူများကို အသေခုတ်နိုင်နေသေးသည်။
မြို့တော်မှ လက်ရွေးစင်စစ်သည်များမှာ အသေအချာ လေ့ကျင့်ထားကြလေသည်။ မသေမျိုးစစ်တပ်၏ ခြိမ်းခြောက်သော အဟုန်ကို ရင်ဆိုင်နေရသော်လည်း သူတို့က စိတ်အခြေအနေကို မြင့်မြင့်ထားထားပြီး တိုက်ခိုက်ရေးကိုလည်း ထိန်းသိမ်းထားဆဲ ဖြစ်သည်။ အသေအကြေ ဖြစ်လာသောအခါ သူတို့က ချက်ချင်း အစားထိုးသည်။ ဆုံးရှုံးမှုများမှာ မနည်းလှသော်လည်း ခံစစ်အခင်းအကျင်းကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
လူစုလူဝေး အလယ်၌ ဒုတိယတပ်မှူး တူလွေ့က စစ်သည်များကို အဆက်မပြတ် ရွှေ့ပြောင်းနေသည်။ သူက တိုက်စစ်နှင့်ခံစစ် အစုအဝေးကို လုံးဝ ခံစစ်အခင်းအကျင်း အဖြစ် တဖြည်းဖြည်း ပြောင်းလဲခဲ့သည်။ ပယ်လောက လေးနက်သော အမူအရာရှိနေပြီး တိုက်ပွဲအခြေအနေကို အဘက်ဘက်မှ စိုက်ကြည့်နေခဲ့သည်။
“ဗိုလ်ချုပ် ပယ်လော။ ကျုပ် အခု လှုပ်ရှားဖို့ လိုပြီလား။” ပယ်လောကို ကာကွယ်နေသော နတ်ဆိုးအရှင်သခင်အဆင့် ပီဂါဆက်က မေးသည်။
“အခုတော့ မဟုတ်သေးဘူး။” ပယ်လောက သာမည မဟုတ်ပေ။ သူက ခဏစဉ်းစားပြီး ခေါင်းခါလိုက်သည်။ “အမှောင်လက တကယ်ပဲ သူတို့ရဲ့ တကယ့် အင်အားစုတွေကို ဖုံးကွယ်ထားတာပဲ။ သူတို့ကို ကိုင်တွယ်ရတာ ထင်ထားတာထက်ကို ပိုခက်နေတယ်။ အင်အားကြီးတဲ့ နတ်ဆိုးအရှင်သခင်အဆင့် နဂါးတွေလည်း ရှိတယ်။ ပြီးတော့ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ မသေမျိုးစစ်တပ် အရေအတွက်တွေလည်း ရှိနေတယ်။ ကျုပ် ဒီတစ်ခေါက် အမှားလုပ်မိသွားတယ်။ ရန်သူက ဒါကို အချိန်အကြာကြီး ပြင်ဆင်ထားခဲ့တာ အသိအသာပဲ။ အခုလက်ရှိ ဆာ-စတီဘယ်နဲ့ တခြားသူတွေကို အဝေးကို ရောက်နေကြတယ်။ အခုလက်ရှိ ဆာ-ပီဂါဆက်က တစ်ဦးတည်းသော နတ်ဆိုးအရှင်သခင်အဆင့်ပဲ။ ဆာက သိုင်းပညာနဲ့ မှော်ပညာကို ကျွမ်းကျင်တဲ့ တော်ဝင်မိသားစုရဲ့ အစွမ်းအထက်ဆုံးထဲကတစ်ယောက်ဆို ကျုပ်သိတယ်။ ခင်ဗျားက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းနဲ့တောင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို စိန်ခေါ်နိုင်တယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေက ဘာကိုမှ မသိရသေးဘူး။ ပြီးတော့ ရန်သူမှာ တခြားနည်းလမ်းတွေ ရှိမရှိကိုလည်း မသိရသေးဘူး။ အဲဒါကြောင့် ဆာ အလောတကြီး မလုပ်သင့်ဘူး။ ခင်ဗျားရဲ့စွမ်းအား အလကား ဖြစ်သွားရင် ဒါမှမဟုတ် ချုပ်နှောင်ခံလိုက်ရရင် ကျုပ်တို့စစ်တပ်ရဲ့ အခြေအနေက ပိုပြီးတော့ အန္တရာယ်များသွားနိုင်တယ်။ ဒီမသေမျိုးတွေကို ခုနကရယ်လိုက်တဲ့ မှော်ပညာရှင်က ထိန်းချုပ်ထားတာ ဖြစ်ရမယ်။ မသေမျိုး မှော်ပညာရှင်တွေက အတော်လေး ဉာဏ်များတယ်။ သူက တစ်နေရာရာမှာ ပုန်းနေမယ်ဆိုတာ သေချာတယ်။ ဆာ။ အခုတော့ ကျုပ်ပြောတာကို သည်းခံပေးပါ။ အဲဒီမှော်ပညာရှင် ပုန်းနေတဲ့ နေရာကို ရှာကြည့်ပြီးတော့ ရန်သူ့ခေါင်းဆောင်ကို တစ်ခါတည်းနဲ့ သုတ်သင်ဖို့ အကောင်းဆုံး ကြိုးစားပေးပါ။ အဲဒီ မှော်ပညာရှင် သေသွားရင် ဒီမသေမျိုးစစ်တပ်လည်း အလိုလို ပြိုလဲသွားမှာပဲ။”
ပီဂါဆက်လည်း သဘောတူဟန်တူသည်။ “ဗိုလ်ချုပ်ပြောတာ မှန်တယ်။ ဒီလောက် အရိုးခြောက်တွေ အများကြီးကို ထိန်းချုပ်နိုင်တယ်ဆိုတော့ ဒီလူရဲ့စွမ်းအားက အနည်းဆုံးတော့ နတ်ဆိုးအရှင်သခင်အဆင့်ကို နီးကပ်နေလောက်ပြီ။ ကျုပ်ရဲ့ ပိုင်နက်စွမ်းအားကို ဖြန့်ကျက်ပြီးတော့ ရန်သူရဲ့ ထိန်းချုပ်သူကို အာရုံခံပြီး ရှာဖွေကြည့်မယ်။ ရန်သူတွေ အများကြီး ရှိတဲ့အတွက် ဒါက စိတ်စွမ်းအားနဲ့အချိန် အတော်လေး လိုအပ်တယ်။ အဲဒါကြောင့် ဒီအချိန်အတွင်း ဗိုလ်ချုပ်ကို ကျုပ် ကူညီနိုင်မှာ မဟုတ်ဘူး။”
“ဆာ့ရဲ့စွမ်းအားကို လွတ်လွတ်လပ်လပ် အသက်သွင်းလို့ ရပါတယ်။ နှောင့်ယှက် ခံရမှာကို စိတ်မပူပါနဲ့။ အခု ကျုပ်တို့စစ်တပ်က ဒါကို ခုခံနိုင်ပါသေးတယ်။”
ပီဂါဆက် ခေါင်းညိတ်ပြီး တင်ပလ္လင်ချိတ်ထိုင်ကာ မျက်လုံးမှိတ်လိုက်သည်။
လူသန်းနှင့်ချီသော အခင်းအကျင်းက အထူးသဖြင့် တိုက်ပွဲအတွင်း ပြောင်းလဲရန် မလွယ်ကူပေ။ ကံကောင်းစွာပင် တူလွေ့၏ ထူးချွန်သော ညွှန်ကြားမှုနှင့်အတူ အချိန်တိုအတွင်း အခြေအနေနှင့် လိုက်ဖက်သော အခင်းအကျင်းတစ်ခု ဖန်တီးနိုင်ခဲ့သည်။ သို့သော်လည်း မသေမျိုးများ၏ တိုက်ခိုက်မှုအောက်တွင် စက်ဝိုင်းက အနည်းငယ် ကျုံ့လာခဲ့သည်။ စက်ဝိုင်းထဲက စစ်သည်များက မြားပစ်ကြသော်လည်း မသေမျိုးများ အပေါ်၌ သိပ်ပြီးထိရောက်မှု မရှိပေ။
မြို့တော်ဗိုလ်ခြေ၌ လူ၈၀ မှော်ပညာရှင်အဖွဲ့ ရှိသည်။ မှော်တိုက်ခိူက်မှုက လေးများ၊ မြားများထက် မသေမျိုးများအပေါ် ပိုမိုထိခိုက်မှု ရှိသည်။ သို့သော်လည်း ထိုကဲ့သို့ များပြားလှသော အရိုးခြောက်စစ်တပ်အတွက် ၎င်းမှာ ရေပုံးထဲမှ ရေတစ်စက်သာ ဖြစ်သည်။ မှော်ပညာများ ဆက်တိုက် မန်းမှုတ်ပြီးနောက် မှော်ပညာရှင်များသည် မှော်စွမ်းအား ကုန်ခမ်းသွားခြင်းကြောင့် ခဏအတွင်း မသုံးနိုင်တော့ပေ။
မှော်ပညာရှင်များ ရပ်တန့်သွားသည်နှင့် မသေမျိုးစစ်တပ်ဘက်မှ လေးတင်သံများ ထွက်ပေါ်လာသည်။ ကောင်းကင်ပေါ်၌ မြားများ ပျံနေပြီး သတိလက်လွတ် ဖြစ်နေခဲ့သော မှော်ပညာရှင်များ အပါဝင် အသေအကြေ အများအပြား ဖြစ်စေခဲ့သည်။ တိုက်ပွဲကို ညွှန်ကြားနေသော တူလွေ့ ထိတ်လန့်သွားခဲ့သည်။ မသေမျိုးစစ်တပ်မှာ လေးသမားတွေတောင် ရှိနေပြီလား။
ထိုလေးသမားများက အားကောင်းပြီး အရည်အသွေးမြင့်မားသော မြားများကို အသုံးပြုကြသည့်အတွက် မတိကျမှုကို ဖြည့်တင်းပေးနိုင်သည်။ တိကျမှုကို ပြောရမည် ဆိုလျှင် .... မသေမျိုးများက မတော်တဆ ထိခိုက်မည်ကို လုံးဝ မကြောက်ရွံ့ကြပေ။ သူတို့၏လူများက တက်တက်ကြွကြွ လှုပ်ရှားနေဆဲ ဖြစ်သည့်အတွက် သူတို့၏လူများကို မြားထိမထိ ကိစ္စမရှိပေ။
စစ်သည်တစ်ဦး၏လှံက အရိုးခြောက်စစ်သည်၏ ရင်ဘက်ကို တည့်တည့် ထိုးဖောက်သွားသည်။ သို့သော်လည်း ထိုကဲ့သို့ ပုံမှန်အားဖြင့် သေစေနိုင်သော တိုက်ခိုက်မှုများက အရိုးခြောက်များအပေါ်၌ အသုံးမဝင်ခဲ့ပေ။ အရိုးခြောက်စစ်သည်က လှံကို ဖောက်ဝင်စေလိုက်ပြီး အရှိန်ဖြင့် ပြေးလာကာ မြို့တော်စစ်သည်၏ ပုခုံးကို ခုတ်ပိုင်းလိုက်သည်။
ထက်လှသောဓားသွားက သားရေချပ်ကာကို စိုက်ဝင်ပြီး စစ်သည်၏ ပုခုံးရိုးကို ခုတ်မိသွားသည်။ အဝတ်များမှတစ်ဆင့် သွေးများ ချက်ချင်းထွက်လာတော့သည်။ ဓားမောက်ရှည်ကို မရုတ်သိမ်းနိုင်မှာပင် ဘေးဖက်မှ စစ်သည်တစ်ယောက်က အရိုးခြောက်၏ လက်ကို နှစ်ပိုင်းခုတ်ဖြတ်လိုက်သည်။ ဓားမောက်ရှည်မရှိတော့သော အရိုးခြောက်မှာ ကြမ်းတမ်းနေဆဲ ဖြစ်သည်။ ၎င်းက ပုခုံးဒဏ်ရာရနေသော စစ်သည်၏ဦးခေါင်းကို ဒိုင်းကာဖြင့် တိုက်ခိုက်သည်။ ထိုစစ်သည်း မူးနေရာ၌ သတိပြန်မဝင်လာခင် နောက်ထပ် အရိုးခြောက်တစ်ယောက် ရောက်လာပြီး ထိုစစ်သည်၏ခေါင်းကို ဓားမောက်ရှည်ဖြင့် နှစ်ပိုင်း ဖြတ်တောက်လိုက်ကာ ဘေးဖက်မှစစ်သည်များ၏ မျက်နှာပေါ်သို့ သွေးများ၊ ဦးနှောက်များ စင်သွားတော့သည်။ စစ်သည်၏အမြင် ဝေဝါးသွားသည့်အတွက် ခန္ဓာကိုယ်ကို ဒိုင်းကာဖြင့် အမြန်ကာကွယ်လိုက်သည်။ သို့သော်လည်း သူ၏ခြေထောက် အောက်ဘက်တွင် ခန္ဓာကိုယ်အပေါ်ပိုင်းသာရှိသော အရိုးခြောက်က သူ၏ ညာဘက် ဒူးခေါင်းကို ဖြတ်တောက်လိုက်သည်။ သူ အော်ဟစ်လိုက်ပြီး မြေပေါ်သို့ လဲကျသွား၏။ သူက မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းပိုင်း ဖြတ်ခံလိုက်ရသည်။ နောက်တန်းမှ စစ်သည်များ လာရောက်ကူညီကြရာ မြားမိုးမိသွားပြီး အပစ်ခံရကာ လဲကျသွားတော့သည်။ ထိုစဉ် အရိုးခြောက် စစ်သည်များက မြားထိသော်လည်း ဘာမျှမဖြစ်ကြပေ။ သူတို့က တက်တက်ကြွကြွနှင့် ရှေ့ဆက်သွားနေကြသေးသည်။
ထိုမြင်ကွင်းမှာ တိုက်ပွဲ၏ တစ်မိနစ်သာ ဖြစ်သည်။ ထိုအရိုးခြောက်များက ကိုယ်ပိုင်အသိစိတ် မရှိကြပေ။ သူတို့၏လက်ထဲမှ လှုပ်ရှားမှုများမှာ ငြီးငွေ့ဖွယ်ဖြစ်ပြီး ခုတ်ပိုင်းခြင်းနှင့် ဒိုင်ကာဖြင့်ဝင်ဆောင့်ခြင့် ဟူသော လှုပ်ရှားမှု နှစ်ခုသာ ရှိသည်။ သူတို့က ခုခံ၍ပင် မတတ်နိုင်ချေ။ သို့သော်လည်း ထိုရိုးရှင်းသော တိုက်ခိုက်ပုံစံနှင့် မသေနိုင်ခြင်းတို့က မြို့တော်စစ်တပ်ကို ကြီးကြီးမားမား ထိခိုက်စေခဲ့သည်။ အကယ်၍ ထိုတိုက်ပွဲသာ ထိုအတိုင်း ဆက်ဖြစ်နေမည်ဆိုလျှင် မြို့တော်စစ်တပ် ပထမဆုံး ဖျက်ဆီးခံရမည်မှာ သေချာပေသည်။
ထိုအချိန်၌ အရိုးခြောက်များကြားထဲ၌ အဖွဲ့တစ်ဖွဲ့ ပေါ်လာသည်။ ထိုပုံရိပ်များ၏ အသွင်အပြင်မှာ ပိန်ပါးသော သာမန်လူများနှင့် ဆင်တူသည်။ သူတို့၏ ဒူးအောက်ပိုင်းမှ အစိတ်အပိုင်းများမှာ အထည်ကိုယ်ဒြပ် ရှိဟန်မတူပေ။ သူတို့က ရှေ့သို့ မျောလွင့်နေပြီး အလွန်ပင် ကြက်သီးထစရာ ကောင်းလှသည်။
“အဲဒါက ဘာကြီးလဲ။”
“ဓားတွေက သူတို့ကို လုံးဝ မနာကျင်စေနိုင်ဘူးလား.”
“လေးတွေ၊ မြားတွေကလည်း အသုံးမဝင်ဘူး။ သူတို့က မသေနိုင်ဘူးလား။”
“သတိထားကြ။ အဲဒါတွေက တစ္ဆေတွေ။ သူတို့က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ကြီးကြီးမားမား လျှော့ချနိုင်တယ်။”
“ချီး။ တစ္ဆေတွေ အများကြီးပဲ။”
တစ္ဆေမှာ အသက်ရှင်နေစဉ်အတွက် စိတ်ဝိညာဉ်စွမ်းအား ကောင်းခဲ့သော အလောင်းမှ အသွင်ပြောင်းထားသည့် မသေမျိုး ဖြစ်သည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ခုခံမှုကို ကြီးကြီးမားမား ခုခံနိုင်ပြီး တစ်ခါတရံ၌ လုံးဝပြီးနိုင်သည်။ သာမန် တပ်သားများ အတွက် ၎င်းသည် သေချာပေါက် မသေမျိုး အိပ်မက်ဆိုးတစ်ခု ဖြစ်သည်။ တစ္ဆေကို ကိုင်တွယ်ရန် အကောင်းဆုံးမှာ မှော်ပညာရှင်များ ဖြစ်ကြသည်။ သို့သော်လည်း ယခုတွင် လက်ကျန် မှော်ပညာရှင်ဒါဇင်ခန်းက အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့သည်။ မှော်ပညာရှင်တစ်ယောက်က မိုးကြိုးမုန်တိုင်းတစ်ခုကို မန်းမှုတ်ပြီးတော့ စိတ်ဝိညာဉ် စွမ်းအား အသုံးဝင်သွားသည့်အတွက် သတိလစ်သွားလေသည်။
ရှေ့တန်း၌ မှော်ပညာနှင့် သိုင်းပညာကို အထူးပြုသော နတ်ဆိုးဘုရင်အဆင့် ခေါင်းဆောင်များ၏ ချပ်ကာထဲတွင် မြားအများအပြား စိုက်ဝင်နေကြသည်။ သူ့လက်အောက်မှ စစ်သည်များ အားအင်ကုန်ခမ်းနေသည်ကို မြင်သည့်အခါ သူက ဒေါသဖြင့် အော်လိုက်သည်။ သူ့လက်ထဲမှ လက်နက်လည်း တလက်လက် အရောင်တောက်လာပြီး ရန်သူ့အလယ်ထဲသို့ ပြေးဝင်သွားတော့သည်။ တိုက်ကွက်ကြီး တစ်ခုနှင့်တူ မီတာ ဒါဇင်ခန့်အတွင်း အရိုးခြောက်များနှင့် တစ္ဆေများ ပြန့်ကျဲပြီး ပျောက်ကွယ်ကုန်သည်။ သို့သော်လည်း ထိုလွတ်သွားသော “စက်ဝိုင်း”မှာ ရှေ့သို့ တက်လာကြသော မသေမျိုးများကြောင့် မျက်စိတစ်မှိတ်အတွင်း ပြန်ပြည့်သွားခဲ့သည်။ နောက်ဆုတ်ရန် အချိန်မရှိသော ဗိုလ်ချုပ်များက စွမ်းအားအကုန်ဖြင့် ရန်သူများကို သတ်ပစ်ခဲ့ကြပြီးနောက် မသေမျိုးပင်လယ်ထဲ၌ အလျင်အမြန် နစ်မြုပ်သွားတော့သည်။
ထိုကဲ့သို့ပမာဏ တိုက်ပွဲတစ်ခုအတွင်း မဟာနတ်ဆိုးဘုရင်အဆင့် စွမ်းအားဖြင့်ပင် များပြားလှသောရန်သူကို အနိုင်ယူရန် ခက်ခဲပေသည်။ ပိုင်နက်စွမ်းအားရှိသော အမြင့်လွှာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များသာ အမှန်တကယ် ပြောင်းလဲမှု ပြုလုပ်နိုင်ပေသည်။
စက်ဝီုင်းအပြင်ဘက်ရှိ နတ်ဆိုးဧကရာဇ်အဆင့် ဗိုလ်ချုပ် တိုရိုစ်က ဒုတိယဗိုလ်ခြေ၏ တပ်မှူး ဖြစ်သည်။ သူက ရဲရင့်ပြီး တိုက်ခိုက်ရာ၌ ကျွမ်းကျင်သည်။ လက်ရှိ၌ သူက မသေမျိုးဒီရေကို ခုခံရန်အတွက် ရှေ့တန်းမှ စစ်သည်များကို ဦးဆောင်ပေးနေသည်။ အမြင့်လွှာ အစွမ်းထက်ပုဂ္ဂိုလ်၏ စွမ်းအားမှာ အမှန်တကယ် သန်မာလှသည်။ တိုရိုစ်က သန္ဓေပြောင်း ဖွတ်နဂါးတစ်ကောင်ကို စီးထားသည်။ သူ၏ လက်ထဲမှ ကောက်ရိတ်ဓားကိုလည်း လေထဲသို့ လွှဲရမ်းနေသည်။ ခုတ်ချက် တစ်ခုတိုင်းက မသေမျိုးအများအပြားကို ရှင်းလင်းသွားစေသည်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို လျှော့ချနိုင်သော တစ္ဆေများပင် ပိုင်နက်စွမ်းအားပါဝင်သော အကြွင်းမဲ့စွမ်းအားကို မခုခံနိုင်ပေ။ သူတို့အားလုံး တဖြည်းဖြည်းနှင့် ပြာဖြစ်သွားကြသည်။
တိုရိုစ်လည်း ဖွန်နဂါးစီးရင် မသေမျိုးစစ်တပ်ထဲ၌ ဘယ်ဘယ်ညာညာ အပြေးသွား နေခဲ့သည်။ သူက ပြိုင်ဘက်ကင်း ဖြစ်နေ၏။ အများအပြား သတ်ပစ်ပြီး စက်ဝိုင်း အခင်းအကျင်းထဲ ပြန်လာပြီးနောက်တွင် ဒုတိယဗိုလ်ခြေမှ စစ်သည်များအားလုံး အော်ဟစ်လိုက်ကြသည်။ စိတ်အားတက်ကြွနေရင်း သူတို့သည် မသေမျိုး အများအပြားကို အနိုင်ယူနိုင်ခဲ့လေသည်။
စစ်သည်များ၏ စိတ်ဓာတ်တက်ကြွနေသည်ကို ကြည့်ရင်း တိုရိုစ်က ကောက်ရိတ်ဓားကို မြင့်မြင့်မြှောက်ပြီး ရန်သံများထံသို့ ထပ်မံချီတက်သွားပြန်သည်။ အမှန်တကယ်၌ ထိုကဲ့သို့ ချီတက်မှုမျိုးမှာ ခွန်အားအများအပြား အသုံးချရသည်။ သို့သော်လည်း ထိုနည်းလမ်းဖြင့်သာ ကျဆင်းသွားသော စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင် လေသည်။ မြို့တော်မှ စစ်သည်များအားလုံးသည် ခက်ခက်ခဲခဲ လေ့ကျင့်ထားကြသော လက်ရွေးစင်များ ဖြစ်ကြသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ခံစားချက် အတက်အကျများ ဖြစ်ပေါ်လာပြီး သူတို့၏ တိုက်ခိုက်မှုကို တိုက်ရိုက်သက်ရောက် နိုင်မည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော်လည်း မသေမျိုးများတွင် စိတ်မရှိကြပေ။ သူတို့အများအပြားကို တိုရိုစ် ရှင်းပစ်လိုက်သည့်တိုင် ရှေ့သို့ ဆက်လက် ချီတက် နေကြသေးသည်။ သူတို့၏ တိုက်ခိုက်မှုများ လုံးဝ မပြောင်းလဲသွားခဲ့ပေ။
တိုရိုစ်က မသေမျိုးအခင်းအကျင်းကို ဆွဲဖြဲရန်အတွက် ဖွတ်နဂါးစီးပြီး ကောက်ရိတ်ဓားကို ဝှေ့ရမ်းနေစဉ် ရှေ့မှ မသေမျိုးအဖွဲ့က ရုတ်တရက် လမ်းဖယ်ပေး နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် တိုရိုစ်အရှေ့တွင် အနက်ရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ အနက်ရောင်ချပ်ကာဝတ်ထားပြီး အနက်ရောင် တစ္ဆေစစ်မြင်းကို စီးနင်းထားသည့် မြင်းစီစစ်သည် ဖြစ်သည်။ ထိုစစ်မြင်းကိုလည်း ချပ်ကာများနှင့် လွှမ်းခြုံထားပြီး လရောင်အောက်၌ ၎င်း၏မျက်လုံးများမှာ ထူထူးဆန်းဆန်း အရောင်တောက်နေလေသည်။
အထိတ်တလန့်မြင်းစီးစစ်သည်ပဲ။ တိုရိုစ်၏ မျက်လုံးများ အနည်းငယ် ကျုံ့သွားသည်။ အကယ်၍ အရိုးခြောက်များက စစ်သည်များဆိုလျှင် အထိတ်တလန့် မြင်းစီးစစ်သည်များမှာ ဘုရင်များ ဖြစ်ကြသည်။ သူတို့သည် မသေမျိုးထဲ၌ အဆင့်အမြင့်ဆုံး ဖြစ်သည်။ သူတို့ကို အထူး ဝိညာဉ်နှင့် အလောင်းတို့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သူတို့က အသက်ရှင်စဉ်က အစွမ်းထက်သော မြင်းစီးစစ်သည်များ ဖြစ်ကြသည်။ စိတ်ဆန္ဒနှင့် ကျိန်စာ တစ်ခုခုကြောင့် သူတို့၏ဝိညာဉ်များ မပျောက်ကွယ်သွားနိုင်ခဲ့ပေ။ သူတို့က မသေမျိုးအဖြစ် ပြန်လည်မွေးဖွားလာပြီး မကျေနပ်မှုနှင့် သတ်ဖြတ်မှုတို့ကို စွမ်းအားအရင်းအမြစ်အဖြစ် အသုံးပြုကြသည်။ သူတို့သည် အသိစိတ်မရှိသော အရိုးခြောက်များကဲ့သို့ မဟုတ်ပေ။ သူတို့က သခင်ဖြစ်သူကို နာခံခြင်းမှလွဲ၍ သီးခြား အသိစိတ် ရှိကြသည့်အပြင် သူတို့အသက်ရှင်ခဲ့စဉ်က စွမ်းအားနှင့် တိုက်ခိုက်ရေး စွမ်းရည်တို့ကိုလည်း ပိုင်ဆိုင်ကြလေသည်။
အထိတ်တလန့်မြင်းစီးစစ်သည်၏ အနက်ရောင်မျက်နှာက ထူးဆန်းသော အနီရောင်အလင်းတစ်ခု လင်းလက်လာပြီး တိုရိုစ်ကို စိုက်ကြည့်လိုက်သည်။ သူ၏ လက်ထဲ၌ အလွန်ကြီးမားသော လှံတစ်လက် ပေါ်ထွက်လာ၏။ ထို့နောက် မြင်းဇက်ကြိုးကို ဆက်ခနဲ ဆွဲလိုက်ရာ စစ်မြင်းက ခွာလေးဖက်ဖြန့်ပြီး တိုရိုစ်ထံသို့ အနက်ရောက်လျှပ်စီးကဲ့သို့ပင် အပြေးသွားတော့သည်။
တိုရိုစ်လည်း အားနည်းမှု လုံးဝ မပြသခဲ့ပေ။ အထိတ်တလန့်မြင်းစီးစစ်သည်ကို နှုတ်ဆက်ရန်အတွက် သူက ဖွတ်နဂါးကို မောင်းလိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် စီးနင်းသူနှစ်ယောက်က အချင်းချင်း ဖြတ်သွားကြပြီး စစ်မြေပြင်မှ နားကွဲလုမတတ် အော်သံများကို လွှမ်းမိုးထားသော တိုက်ခိုက်သံ ထွက်ပေါ်လာခဲ့သည်။ နောက်ဘက်မှ စစ်သည်များက မီးပွင့်များကို ရေးရေးလေး မြင်လိုက်ရပြီး စီးနင်းသူနှစ်ယောက် ပြန်ခွဲသွားကြသည်။ သူတို့က စီးစရာများကို ပြန်လှည့်လိုက်ပြီး အဝေးမှနေ၍ အချင်းချင်း ရင်ဆိုင်လိုက်ကြပြန်သည်။
အထိတ်တလန့်မြင်းစီးစစ်သည်၏ နောက်ဘက်မှ အနက်ရောင်ချပ်ကာ ပွင့်ထွက်သွားပြီး အနက်ရောင်အငွေ့များ စိမ့်ထွက်လာ၏။ သို့သော်လည်း ခဏအကြာ၌ ၎င်းတို့ကို ခန္ဓာကိုယ်ထဲသို့ ပြန်စုပ်သွင်းလိုက်သည်။ တိုရိုစ်၏ ငွေပုခုံးချပ်ကလည်း ပြတ်ထွက်သွားပြီး ပုခုံးတွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်။ ချပ်ကာ၏ အပိုင်းအစများက တိုရိုစ်၏ အသားထဲသို့ပင် စိုက်ဝင်သွားသော်လည်း သူ၏ မျက်နှာ၌ နာကျင်မှု အနည်းငယ်မျှ မပြသပေ။ ထိုအစား သူက အရှေ့မှ အနက်ရောင် မြင်းစီးစစ်သည်ကို လေးလေးနက်နက် ကြည့်နေလိုက်သည်။
တိုက်ကွက်တစ်ကွက်တည်း ဖလှယ်ရုံဖြင့် တိုရိုစ်က စိတ်ထဲက ကိစ္စအများအပြားကို သဘောပေါက်သွား၏။
ပထမဦးစွာ သူ့အရှေ့မှ ထိုအထိတ်တလန့်မြင်းစီးစစ်သည်က စွမ်းအား၊ တိုက်ခိုက်ရေး စွမ်းရည်နှင့် မြင်းစီးစွမ်းရည်တို့၌ သူ့ထက် မနိမ့်ကျပေ။ ဒုတိယအနေဖြင့် အကာအင်္ကျီအပါအဝင် ရန်သူ၏ခန္ဓာကိုယ်မှ အဆင်တန်ဆာများက သူ့ထက် မနိမ့်ကျပေ။ ၎င်းသည် အနည်းဆုံး တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ရှိသည်။ တတိယအနေဖြင့် အထိတ်တလန့်မြင်းစီးစစ်သည်၌ [ အထိတ်တလန့် ] နှင့် ဆင်တူသော စိတ်ဝိညာဉ်စွမ်းအား အနှောင့်အယှက်တစ်ခု ရှိနေပြီး ၎င်းက သူ့အောက်မှ ဖွတ်နဂါးကို တုန်လှုပ်နေစေသည်။ ခုနက အမြန်ပြေးသွားရာ၌ ဖွတ်နဂါး တုံ့ဆိုင်းသွားသည့်အတွက် သူက ရန်သူထက် ဒဏ်ရာအပြင်းအထန် ရရှိသွားခြင်း ဖြစ်သည်။
ဒါက ပြိုင်ဘက်ကောင်း တစ်ယောက်ပဲ။ တိုရိုစ်၏ခန္ဓာကိုယ်ပေါ်၌ အနီရောင် မီးတောက်တစ်ခု တောက်လောက်သွားသည်။ သူ၏လူသားမျက်နှာက မဟာနတ်ဆိုး၏ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးပုံစံ ဖြစ်သွားသည်။ မီးတောက်က ဖွတ်နဂါးကို လွှမ်းခြုံသွားပြီးနောက် ဖွတ်နဂါးကို ဖုံးလွှမ်းထားသော [ အထိတ်တလန့် ] ကို ချက်ချင်း ဖယ်ရှားလိုက်သည်။ တလက်လက် မီးတောက်များ တောက်နေသော စီနင်းသူက အနက်ရောင်လျှပ်စီးထံသို့ တဟုန်ထိုး ပြေးဝင်သွားပြန်သည်။