တကယ့်စိတ်ဝိညာဉ်နဂါး
Vol. 35 Ch. 515
“ဝုန်း...”
မီးတောက်များနှင့် လျှပ်စီးများ ရိုက်ခတ်မှုက ပြင်းထန်သော အားစက်ကွင်းတစ်ခုကို ဖြစ်စေခဲ့ပြီးနောက် သူတို့နှစ်ယောက် တိုက်ခိုက်သောနေရာမှ ပျံ့နှံ့သွားသည်။ မြေပြင် အပြင်းအထန် တုန်ခါနေပြီး အပျက်အစီးများကလည်း လေဆင်နှာမောင်း တိုက်ခတ်ခံရသကဲ့သို့ပင် လွင့်ထွက်သွားကြသည်။ အဝေးမှ အချိန်မီ မရှောင်တိမ်း နိုင်ခဲ့သော မသေမျိုးအချို့သည်ပင် လှိုင်းဒဏ်ကြောင့် ပြန့်ကျဲသွားခဲ့ကြသည်။
ထို့နောက် လက်ရည်ညီသော ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုများ ထွက်ပေါ်လာသည်။ မည်သူကမှ ပိုင်နက်ကို အသုံးမပြုကြုပေ။ သို့သော်လည်း တိုက်ခိုက်မှုတိုင်းတွင် အစွမ်းအထက်ဆုံး ပိုင်နက်စွမ်းအား ပါဝင်နေသည်။ တစ်ယောက်ယောက်က သတိလက်လွတ်ဖြစ်သွားလျှင် စီးနင်းနေရာမှ ခုတ်ချခံရ နိုင်ပေသည်။
တိုရိုစ်၏ ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များစွာ ရှိနေပြီး သူ၏စွမ်းအားလည်း ကြီးကြီးမားမား ကုန်ဆုံးနေပြီဖြစ်သော်လည်း သူ၏မျက်လုံးထဲမှ တိုက်ခိုက်ချင်စိတ်မှာ ပို၍ပြင်းထန်နေခဲ့သည်။ သူ၏လက်ထဲမှ ကောက်ရိတ်ဓားသည် အံ့သြလောက်ဖွယ်ရာ အရှိန်ဖြင့် လှည့်ပတ်သွားပြီး မှုန်ဝါးဝါးက်ဝိုင်းတစ်ခု ဖန်တီးလိုက်သည်။ ကြောက်မက်ဖွယ်ရာ လေဖိအားအောက်တွင် အနီးအနားရှိမြေပေါ်မှ အဖိခံရသော ကျောက်ပြားများ အမှုန့်ဖြစ်သွားကြသည်။
သူ၏စုစည်းထားသောစွမ်းအား အကန့်အသတ်သို့ ရောက်သွားသောအခါ တိုရိုစ် အော်ဟစ်လိုက်ပြီး လှည့်ပတ်မှုအားနှင့်အတူ သူ၏ ကောက်ရိတ်ဓားကို အထိတ်တလန့် မြင်းစီးစစ်သည်ထံ ဝှေ့ရမ်းလိုက်သည်။ မြေအောက်ထဲ၌ မီးနဂါးတစ်ကောင် ငုပ်လျှိုးနေသကဲ့သို့ပင် မီးလှိုင်းတွန့် ၇ခုက အပြင်းအထန် ရှေ့သို့ ပျံ့နှံ့သွားကြသည်။
အထိတ်တလန့်မြင်းစီးစစ်သည်လည်း အင်အားကြီးသော တိုက်ကွက်တစ်ခုကို စွမ်းအားစုစည်းနေခြင်း ဖြစ်သည်။ သူ၏လက်ထဲရှိ လှံကို အနက်ရောင်စွမ်းအား အများအပြားက ရစ်ပတ်သွားသည်။ ၎င်းက ပတ်ဝန်းကျင်ရှိ အားတစ်ခုခုကို အလျင်အမြန် ဝါးမျိုလိုက်ဟန်တူပြီး ၎င်းကြောင့် နေရာလွတ် မတည်မငြိမ် ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် တိုရိုစ်က တိုက်ခိုက်ကြီးတစ်ကွက် ပြုလုပ်လိုက်ရာ အနက်ရောင် စွမ်းအင်များ လွှမ်းမိုးထားသော လှံကို တိုရိုစ်ထံ လျှပ်စီးသဖွယ် ပစ်လွှတ်လိုက်လေသည်။
အင်အားကြီး တိုက်ခိုက်မှုနှစ်ခုက အချင်းချင်း မချေပသွားကြဘဲ ဖြတ်သန်းသွား၏။
ထိုအချိန်၌ လှိုင်းတွန့်၇ခုက မြေပြင်ထဲမှ ရုတ်တရက်ထွက်လာပြီး အထိတ်တလန့် မြင်းစီးစစ်သည်ကို ထိတွေ့သွားကာ ကောင်းကင်ထဲသို့ ပျံတက်နေသော မီးတောက်များ ကလည်း ပိုင်နက်စွမ်းအားပါဝင်သော ထက်မြက်လှသည့် ကြောက်မက်ဖွယ်ရာ ချီစွမ်းအင် အဖြစ်သို့ ပေါက်ကွဲထွက်သွားသည်။ အထိတ်တလန့် မြင်းစီးစစ်သည်ကို လှံရှည်ကို ပစ်လွှတ်၇န်အတွက် စွမ်းအားအကုန် သုံးပြုခဲ့ပြီးပြီဖြစ်ရာ မရှောင်တိမ်းနိုင်တော့ပေ။ သူက မြင်းနှင့်အတူ ပြိုလဲသွားပြီး အပိုင်းပိုင်း ပြန့်ကျဲသွားတော့သည်။
လှံရှည်ရောက်လာသောအခါ ခုနက တိုက်ကွက်ကြီးတစ်ခုကြောင့် တိုရိုစ်လည်း အားအင်ကုန်ခမ်းနေသော်လည်း မဟာနတ်ဆိုး၏ တယ်လီပို့ခုန်သော ပါရမီရှိ ရှိနေသေးသည်။ ဝိညာဉ်ထွင်းဖောက်သော မရဏ အငွေ့အသက် ထုတ်လွှတ်နေသည့် မြင်းစီးစစ်သည်၏ လှံရှည်ကို ရင်ဆိုင်ရသည့်အခါ တိုရိုစ်ကို လက်ကျန်စွမ်းအားကို လောင်ကျွမ်းပစ်ပြီး တယ်လီပို့ ခုန်လိုက်ကာ ဖွန်နဂါးနှင့် အဝေးသို့ ထွက်သွားလိုက်သည်။
တိုရိုစ် တယ်လီပို့ခုန်ပြီးပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးသောအခါ၌ သူ၏ဝိညာဉ်ကို မရဏအငွေ့အသက်က အသေမှတ်ထားပြန်သည်ကို ရုတ်တရက် ခံစားလိုက်မိသည်။ သူ၏အရှေ့၌ လှံတစ်လက် ချက်ချင်းပင် ပေါ်ထွက်လာသည်။ သူ သတိပြန်ဝင်ခင်မှာပင် အေးစက်သော သေခြင်းတရားက သူ၏နှလုံးသားမှ ကျောဘက်သို့ ဖောက်ထွက်သွားတော့သည်။
အနက်ရောင်စွမ်းအင်များ ရှိနေသော လှံက တဖြည်းဖြည်းနှင့် ခိုင်မာသည့် ပုံရိပ်တစ်ခု အဖြစ်သို့ ဖွဲ့စည်းသွားသည်။ လှံကိုကိုင်ထားသူမှာ ခုနက အထိတ်တလန့် မြင်းစီးစစ်သည် ဖြစ်သည်။ သူ၏ခန္ဓာကိုယ် ဘာမှမဖြစ်သော်လည်း သူ၏ချပ်ကာ ပျက်စီးနေခဲ့သည်။ ခုတ်ပိုင်းခံရသည့်ဒဏ်ရာကြောင့် သူ၏ခန္ဓာကိုယ်မှ အနက်ရောင် စွမ်းအင် အမြောက်အမြား မကြာမကြာ လျှံထွက်နေလေသည်။
တိုရိုစ်၏မျက်လုံးများ ကျုံ့သွားပြီး နောက်ဆုံး၌ သူ ရှုံးနိမ့်သွားရသော အကြောင်းရင်းကို သဘောပေါက်သွားသည်။ သို့သော်လည်း သူ ပြန်လည် မတိုက်ခိုက် နိုင်တော့ပေ။ လှံ၏ မရဏအငွေ့အသက်က သူ၏အတွင်း အတွင်းအင်္ဂါများနှင့် တစ်ကိုယ်လုံးကို အလျင်အမြန် ပျံ့နှံ့သွားပြီး သူ၏နောက်ဆုံး အသက်ဓာတ်ကို ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ဝါးမျိုလိုက်လေသည်။
ထို့နောက် ချက်ချင်းမှာပင် အထိတ်တလန့် မြင်းစီးစစ်သည်ကို လှံကို ရုတ်သိမ်းလိုက်ပြီးနောက် တိုရိုစ်၏ ခန္ဓာကိုယ်လည်း ဗလာနတ္ထိ ဖြစ်သွားဟန်တူသည်။ သူ ပြိုလဲပြီး သေဆုံးသွားခဲ့သည်။
ဒုတိယဗိုလ်ခြေတပ်မှူး တိုရိုစ်က တိုက်ပွဲအတွင်း အသတ်ခံခဲ့ရလေသည်။
အနက်ရောင် မြင်းစီးစစ်သည်က ဒုတိယဗိုလ်ခြေစစ်သည်များ အရှေ့၌ ပေါ်ထွက်လာပြီး ဗိုလ်ခြေတပ်မှူး တိုရိုစ်ပိုင်ဆိုင်သော ကောက်ရိတ်ဓားကို မြှောက်ပြလိုက်ရာ စစ်သည်များ၏ တိုက်ခိုက်ချင်စိတ်များ ချက်ချင်းနီးပါးပင် ထိုးကျသွားခဲ့သည်။ တစ်ဖက်တွင်မူ မသေမျိုးများက ၎င်းတို့အားလုံးကို လျစ်လျူရှုနေပြီး ဒီရေကဲ့သို့ ဆက်လက်ရှေ့တက်နေကြသည်။
တိုရိုစ်က တိုက်ပွဲအတွင်း ပထမဆုံး ကျရှုံးသွားခဲ့သော နတ်ဆိုးဧကရာဇ်အဆင့် မဟုတ်ပေ။ သိပ်မကြာခင်က စက်ဝိုင်းအခင်းအကျင်း တောင်ဘက်၌ ရှိသော နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းဖြစ်သည့် တတိယဗိုလ်ခြေ တပ်မှူး လွန်ဂျင်းလည်း တိုက်ပွဲအတွင်း သေဆုံးသွားခဲ့သည်။ တိုရိုစ်ကဲ့သို့ သိက္ခာရှိရှိနှင့် နှစ်ဦးချင်းတိုက်ပြီး သေဆုံးသွားခြင်းမဟုတ်ဘဲ အလစ်တိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးသွားခဲ့လေသည်။ ထိုတိုက်ခိုက်မှုကို ဖြူဖျော့သော ကြောက်စရာမျက်နှာရှိသည့် ထူးဆန်းသော မသေမျိုး တစ်ယောက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သူက အညိုရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အလွန်အမင်း မြန်ဆန်လှသည်။ ၎င်းမှာ ကောလာဟလထဲမှ သွေးစုပ်သတ္တဝါ ဖြစ်ဟန်တူသည်။ လွန်ဂျင်းသည် သွေးအားလုံး အစုပ်ခံရပြီး သေဆုံသွားခဲ့လေသည်။ ပိုင်နက်ကို အသက်သွင်းရန်ပင် နောက်ကျသွားခဲ့သည်။
ဒီမသေမျိုးစစ်တပ်မှာ တကယ်ကြီး နတ်ဆိုးဧကရာဇ်အဆင့် ခေါင်းဆောင် တစ်ယောက်ထက် ပိုပြီးတော့ ရှိနေတာပဲ။ သတင်းဆိုးတစ်ခုပြီးတစ်ခုက ပယ်လော၏ နှလုံးသားကို ပို၍ပင် တုန်လှုပ်သွားစေခဲ့သည်။ ယခုတွင် စစ်တပ်၏စိတ်ခွန်အား ဆိုးဆိုးရွားဝါး ယိုင်နဲ့သွားပြီဖြစ်ပြီး စက်ဝိုင်းအခင်းအကျင်းလည်း ကျုံ့လာသည်။ ၎င်းသည် ပြိုလဲတော့မည့်ဆဲဆဲ ဖြစ်နေလေသည်။
အကယ်၍ သူက ဆုံးရှုံးမှုကို မစဉ်းစားဘဲ ဖောက်ထွက်ရန် ရွေးချယ်ခဲ့လျှင် အောင်မြင်နိုင်သည့်တိုင် ထိုကဲ့သို့ရလာဒ်ဖြင့် ရီဂျန့် အိုဆိုင်ဒန်ကို မျက်နှာချင်း ဆိုင်နိုင်မည် မဟုတ်ပေ။ ထိန်းချုပ်နေသော မှော်ပညာရှင်ကိုသတ်ပစ်ပြီး မသေမျိုးစစ်တပ်ရန် ဖျက်ဆီးပစ်ရန်မှာ တစ်တခုတည်းသော မျှော်လင့်ချက် ဖြစ်ပေသည်။
ပီဂါဆက်က မသေမျိုးစစ်တပ်ကို ထိန်းချုပ်နေသော မှော်ပညာရှင်အား မျက်လုံးမှိတ်ပြီး အာရုံခံနေခဲ့သည်။ အထိတ်တလန့် မြင်းစီးစစ်သည်များ၊ သွေးစုပ်ကောင်များ ပေါ်ထွက်လာသည့်တိုင် ထူးထူးခြားခြား တုံ့ပြန်မှု မရှိပေ။
စစ်သည်များ အသေအကြေ ပိုများလာသည်ကိုမြင်ရင်း ပယ်လောက အံကြိတ်ကာ စစ်တပ်တစ်ခုလုံးအား မြောက်ဘက်မှဖောက်ထွက်ရန် အမိန့်ပေးမည် ကြံလိုက်သည်။ ထိုအချိန်၌ ပီဂါဆက် ရုတ်တရက် မျက်လုံးဖွင့်ပြီး မတ်တပ်ရပ်လာသည်ကို သူ မြင်လိုက်ရသည်။ ပယ်လောက သူ့ကို ပြန်ကြည့်လိုက်သောအခါ သူ၏ပုံရိပ် ပျောက်ကွယ်သွားခဲ့သည်။
ပီဂါဆက် တစ်ခုခုကို ရှာတွေ့သွားကြောင်း သိသည့်အတွက် ပယ်လောက ချက်ချင်းပင် စိတ်ဝိညာဉ်ကို တက်ကြွစေလိုက်ပြီး ရှေ့တန်းသို့ ကိုယ်တိုင်ရောက်လာကာ တိုက်ပွဲကို ဦးဆောင်တော့သည်။ သူက ခံစစ်ကြောင်းကို တောင့်ခံထားရန်အတွက် စစ်သည်များကို စိတ်ဓာတ်ခွန်အား ပေးလိုက်သည်။
ပီဂါဆက်၏ပုံရိပ်က ချက်ချင်းပင် လေထဲ၌ ပေါ်ထွက်လာသည်။ အောက်ဘက်မှ မသေမျိုးစစ်တပ်ကို လျစ်လျူရှုပြီး သူက စစ်တပ်နောက်ဘက်မှ [ အမှောင်ကောင်းကင် ] ကို ကြည့်လိုက်သည်။ သူ၏ပုံရိပ် ဖျပ်ခနဲ ပျောက်သွားပြီး အငွေ့မည်းဆီသို့ အမြန် သွားလိုက်သည်။
နတ်ဆိုးအရှင်သခင်အဆင့် အမြင်ဖြင့်ပင် [ အမှောင်ကောင်းကင် ] ကို မဖောက်ထွင်း နိုင်သည့်တိုင် နတ်ဆိုးအရှင်သခင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များက မျက်လုံးဖြင့် “မြင်”စရာ မလိုအပ်ပေ။ ပီဂါဆက်က ပိုင်နက်ကို အမှီပြုပြီး ထိုနေရာ၌ အထူး စိတ်ဝိညာဉ် မတည်ငြိမ်မှု တစ်ခုရှိကြောင်း ခံစားမိခဲ့သည်။ ထိုမတည်ငြိမ်မှုက မသေမျိုး စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်မှုကြိမ်နှုန်းကို သက်ရောက်မှု ရှိနေသည်။ ယခုတွင် အငွေ့မည်းသို့ သူ အနီးကပ်လာသောအခါ ခံစားချက် ပိုမိုထင်ရှားလာသည်။ မသေမျိုး မှော်ပညာရှင်က ဒီမှာ ရှိရမယ်။
ရန်သူက ပီဂါဆက် ချဉ်းကပ်လာသည်ကို အာရုံခံမိပြီး အလျင်အမြန် နောက်ဆုတ်တော့သည်။ ထိုလှုပ်ရှားနေသူမှာ မသေမျိုးနောက်ကွယ်မှ မှော်ပညာရှင် ဖြစ်ကြောင်း ပီဂါဆက် ပိုမိုသေချာသွားခဲ့သည်။ ထို့ကြောင့် သူက ထိုသူနောက် ချက်ချင်း လိုက်တော့သည်။
မှော်ပညာရှင်၏ နည်းလမ်းများမှာ အလွန်ထူးခြားပြီး မရေမရာ ဖြစ်လှသည်။ သူက မြောက်မြားလှစွာသော ကိုယ်ပွားများအဖြစ် နေရာအနှံ့သို့ ကွဲသွားခဲ့သည်။ သို့သော် ၎င်းတို့က ပီဂါဆက်၏ စိတ်ဝိညာဉ်စွမ်းအားကို မရှုပ်ထွေးစေပေ။ မှော်ပညာရှင်၏ ခန္ဓာကိုယ်အမှန်ကို အသေမှတ်ပြီးနောက် သူက တစ်ဖက်လူကို ဖိနှိပ်ပြီး အရှေ့တွင် ပိတ်ဆို့ထားလိုက်သည်။
ထိုအချိန်၌ သူတို့နှစ်ယောက်က [ အမှောင်ကောင်းကင် ] အလွှာများကို ဖြတ်သွားပြီ ဒီကိုမြို့ အပြင်ဘက်ရှိ တောင်နံဘေးရှေ့သို့ ရောက်ရှိလာကြသည်။
၎င်းမှာ အနက်ရောင်ဝတ်ရုံ ဝတ်ထားသော အရပ်မြင့်မြင့် ပိန်ပိန်းပါးပါးနှင့် ယောက်ျားတစ်ယောက် ဖြစ်သည်။ သူ့ကို အနက်ရောင်စွမ်းအင်က ရေးရေးလေး ဖုံးလွှမ်းထားသည်။ သူ၏မျက်နှာ အစစ်အမှန်ကို မမြင်ရပေ။ သူ၏ခန္ဓာကိုယ်က အမှောင်ဒြပ်စင်လှိုင်များကို ရေးရေးလေး ထုတ်လွှတ်နေလေသည်။
“မဖြစ်နိုင်ဘူး။ မင်းက တကယ်ကြီး ငါ့ရဲ့ [ ကြေးမုံပုံရိပ် ] ကို ဖောက်မြင်ခဲ့တယ်။” ဝတ်ရုံနက်နှင့် မှော်ပညာရှင်က အလန့်တကြား ဖြစ်နေပုံရသည်။
ပီဂါဆက်က သရော်ပြုံး ပြုံးလိုက်သည်။ “ဒါက ရိုးရှင်းတဲ့ လှည့်ကွက်လေး တစ်ခုပါပဲ။ မင်းက ဘယ်လိုလုပ် နတ်ဆိုးအရှင်သခင်အဆင့် ပိုင်နက်ရဲ့ အာရုံခံမှုကနေ လွတ်မြောက်နိုင်မှာလဲ။ မင်းက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း မှော်ပညာရှင် တစ်ယောက်ပဲ။ ဒါပေမဲ့ မင်းက မသေမျိုးစစ်တပ် အများကြီးကို ထိန်းချုပ်နိုင်သလို အဆင့်တူ အထိတ်တလန့် မြင်းစီးစစ်သည်နဲ့ သွေးစုပ်ကောင်တွေတောင် ရှိတယ်။ ဒါက ငါ့ကို အံ့အားသင့်သွားစေခဲ့တာပဲ။ အမှောင်ဘက်မှာ နေရအောင် မင်းက ဘယ်လို အကျိုးအမြတ်တွေ ရတာလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ မင်းမှာ ရွေးစရာလမ်း နှစ်ခုရှိတယ်။ တစ်ခုက ဖျက်ဆီးခံရဖို့ပဲ။ နောက်တစ်ခုက အညံ့ခံဖို့။ ငါမင်းကို ရွေးချယ်ဖို့ အချိန် တစ်မိနစ် ပေးမယ်။ ဒါမှမဟုတ် မင်း ကြိုးစားပြီးတော့ ခုခံကြည့်လို့်ရတယ်။”
အနက်ရောင်ဝတ်ရုံနှင့် မှော်ပညာရှင်က မည်သို့ လွယ်လွယ်နှင့် အညံ့ခံမည်နည်း။ မြောက်မြားလှစွာသော အရိုးလှံများ သူ၏ပတ်ပတ်လည်၌ ပေါ်ထွက်လာပြီး ပီဂါဆက် ဆီသို့ ပစ်လွှတ်လိုက်သည်။
သို့သော်လည်း ပီဂါဆက်ကို မထိခင်မှာပင် အရိုးလှံများ ရပ်တန့်သွားခဲ့သည်။ ၎င်းတို့က တုန်ခါနေပြီး တဝီဝီ အသံထွက်နေသော်လည်း ရှေ့သို့ တစ်လက်မပင် မရွေ့နိုင်ခဲ့ပေ။ ပီဂါဆက် လက်ဝှေ့ရမ်းလိုက်ရာ အရိုးလှံတစ်ခုက သူ့အရှေ့သို့ အလိုလို ပျံသန်းလာခဲ့သည်။ သူက ၎င်းကို ဆုပ်ကိုင်လိုက်ရာ တစ်မီတာပင်မပြည့်သော အရိုးအဖြစ် ပြန်ပြောင်းသွားသည်။ “အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ မှော်ပညာပဲ။ အရိုးတွေကို အခြေခံထားပြီးတော့ မရဏစွမ်းအားကို အတိုးအချဲ့လုပ်တာ။ ဒီစွမ်းအားက တကယ့်ကို ချီးကျူးစရာပဲ။ ကံဆိုးချင်တော့ ငါက မှော်ပညာရော သိုင်းပညာရော လေ့ကျင့်ထားတာ။ ဒီလိုတိုက်ခိုက်မှုမျိုးကိုတောင် ငါ ရှောင်တိမ်းစရာ မလိုအပ်ဘူး။”
ထိုသို့ပြောပြီးသည်နှင့် သူ၏ပတ်ပတ်လည်ရှိ အရိုးလှံအားလုံး ပေါက်ကွဲပြီး အမှုန့်ဖြစ်သွားကြသည်။
အနက်ရောင်ဝတ်ရုံနှင့် မှော်ပညာရှင်က အသံတိုးတိုးနှင့် မန္တန်တစ်ပုဒန် မန်းမှုန်နေစဉ် အလွန်ကြီးမားသော သွေးနီရောင် လက်ကိုင်ရှည် ကောက်ရိတ်ဓား တစ်လက် ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းက ချက်ချင်းပင် ပီဂါဆက်အရှေ့သို့ ပျံသန်းသွားခဲ့သည်။ ၎င်းက မြောက်မြားလှစွာသော ထက်မြက်လှသည့် ချီစွမ်းအင်အဖြစ် ပြောင်းလဲသွားကာ လေကိုဆုတ်ဖြဲပြီး ပီဂါဆက်ကို ဝိုင်းရံလိုက်သည်။ ၎င်းမှာ အစွမ်းအထက်ဆုံး တစ်ခုတည်း အမှောင်မှော်ပညာ [ အမှောင်သွေးကောက်ရိတ်ဓား ] ပင် ဖြစ်လေသည်။
ပီဂါဆက် သရော်ပြုံးပြုံးလိုက်ပြီး ပြိုင်ဘက်ကင်း အရှိန်အဟုန်ဖြင့် ခန္ဓာကိုယ်ထဲ၌ ချက်ချင်းပင် လှိမ့်တက်သွားတော့သည်။ သူက ၎င်းကို မရှောင်တိမ်းဘဲ တည့်တည့်ပင် လက်သီးဖြင့် ထိုးလိုက်သည်။ ၎င်းက နတ်ဆိုးအရှင်သခင်အဆင့် ပစ်လွှတ်လိုက်သော [ အမှော်သွေးကောက်ရိတ်ဓား ] ဆိုလျှင် ထိုသို့ ပြုလုပ်ရဲမည် မဟုတ်ပေ။ သို့သော်လည်း သူ့အရှေ့မှ မှော်ပညာရှင်သည် နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသာ ရှိသေးသည်။ ၎င်းက နတ်ဆိုးအရှင်သခင်အဆင့်သို့ ခြေတစ်လှမ်းသာ လိုတော့သော်လည်း တကယ့် နတ်ဆိုးအရှင်သခင်အဆင့်နှင့် ကမ္ဘာခြားနေသေး၏။
ထိုလက်သီ၏ ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် [ အမှောင်သွေး ကောက်ရိတ်ဓား ] တစ်စစီ ပြန့်ကျဲကာ ထက်မြက်သော ချီစွမ်းအားနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
ပီဂါဆက်က ရန်သူအား တမင်တကာ ဟန့်တားချင်ခဲ့သည်။ သို့သော်လည်း ကံဆိုးစွာပင် သူရည်ရွယ်ချက် အလကား ဖြစ်ခဲ့ရသည်။ ပီဂါဆက်က [ အမှောင်သွေး ကောက်ရိတ်ဓား ] ကို ရိုက်ခွဲလိုက်စဉ် မှော်ပညာရှင်က အခွင့်အရေးကို အသုံးချပြီး အငွ့မည်းများ ထုတ်ကာ နောက်ဘက်သို ပြေးသွားလိုက်သည်။
“အချိန်ပြည့်ပြီ။ မင်းလုပ်ရပ်က သေဖို့လမ်းကို ရွေးချယ်ခဲ့တယ်ဆိုတာ ပြသနေတာပဲ။” ပီဂါဆက်၏ပုံရိပ်က အနက်ရောင်အငွေ့အရှေ့တွင် ချက်ချင်း ပေါ်ထွက်လာပြီး မှော်ပညာရှင်ကို သတ်ပစ်ရန် ဟန်ပြင်လိုက်သည်။ ရုတ်တရက် အလွန်အမင်း အန္တရာယ်များသော သတိပေးချက်တစ်ခုက သူ၏စိတ်ထဲသို့ ရောက်ရှိလာသည်။ ရှေ့သို့ လိုက်ဖမ်းနေသော သူ၏ပုံရိပ်က မယုံနိုင်စရာ ကောင်းလောက်အောင်ပင် မက္ကင်းနစ် ဥပဒေသများကို ဖောက်ဖျက်သော လှုပ်ရှားမှုဖြင့် အပေါ်လှန်ကာ နောက်သို့ပျံသန်းသွားလိုက်သည်။
တစ်ချိန်တည်းနီးပါးမှာပင် မြေပြင်မှ အလွန်အမင်း ကြီးမားသော အရာတစ်ခု ဖောက်ထွက်လာသည်။ ပီဂူဆက်က အချိန်မီ နောက်ဆုတ်ခဲ့သော်လည်း စက္ကန့်ဝက် နှေးသွားခဲ့ရာ ဧရာမအရိပ်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူက မီတာ သုံးလေးဆယ် လွင့်ထွက်သွားပြီး လေထဲ၌ အတော်လေး တည်ငြိမ်အောင် ပြုလုပ်လိုက်ရသည်။ သူ၏ မျက်နှာ အနည်းငယ် ဖြူဖျော့နေပြီး နှုတ်ခမ်းထာင့်များ သွေးများ တဖြည်းဖြည်း ယိုစီးလာသည်။ သို့သော်လည်း သူ၏အကြည့်က အလွန်ပင် လေးနက်နေသည်။
သူ့ကို ကြိုဆိုလိုက်သည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် အလွန်အမင်း ကြီးမားလှသော ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။
ဧရာမနဂါးပေတည်း။ အတိအကျပြောရရလျှင် ၎င်းမှာ ဧရာမနဂါးတစ်ကောင်၏ အရိုးခြောက် ဖြစ်သည်။ စွမ်းအင်တစ်မျိုးမျိုးဖြင့် တောင်ပံအမြှေးပါးများအဖြစ်သို့ စုစည်းထားသော တောင်ပံတစ်စုံမှလွဲ၍ ကျန်သောအရာအားလုံးမှာ အရိုးချည်းသာ ဖြစ်သည်။ ကြက်သီးထစရာ အဖြူရောင် အရိုးများကို ထူးဆန်းသော အလင်းရောင် တစ်ခုက ရစ်ပတ်ထားသည်။ အသက်ကို ကိုယ်စားပြုသော အနီရောင်အလင်းက မျက်လုံးပေါက်နေရာ၌ စတင်တောက်ပလာသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ရာကောင်းပြီး ကျောချမ်းဖွယ် အငွေ့အသက်တစ်ခုကို ထုတ်လွှတ် နေလေသည်။
ပီဂါဆက်၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုတစ်ခု ရှိနေသည်။ သူက နဂါးများကို ထိုကဲ့သို့ ပုံစံဖြင့် တစ်ခါမျှ မတွေ့ဖူးပေ။ ဒါကလည်း ဒီမသေမျိုးမှော်ပညာရှင် အသွင်ပြောင်းထားတဲ့ သတ္တဝါတစ်ကောင်ပဲလား။ နတ်ဆိုးဧကရာဇ်အဆင့် မှော်ပညာရှင်လေးက တကယ်ကြီး နတ်ဆိုးအရှင်သခင်အဆင့် နဂါးတစ်ကောင်ကို အသွင်ပြောင်းနိုင်တယ်လား။ ဒါက လုံးဝကို မယုံကြည်နိုင်စရာပဲ။
ထိုထူးဆန်းသောနဂါးသည် ဧရာမနဂါး၏ နဂါးမာန်ကို ပိုင်ဆိုင်ရုံသာမက ၎င်းကို ယှဉ်နိုင်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ ခုနက သူ့နံရိုးကို ကျိုးသွားစေသော ကြောက်မက်ဖွယ်ရာ ထိခိုက်မှုကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ တကယ့် နတ်ဆိုးအရှင်သခင်အဆင့် မကောင်းဆိုးရွားဖြစ်ကြောင်းကို မြင်နိုင်ပေသည်။
ထို့အပြင် ထိုတိုက်ခိုက်မှုတွင် သူ၏အသက်ဓာတ်ကို ကြီးကြီးမားမား လျော့ကျစေပြီး သူ၏စွမ်းအားကို အားနည်းစေနိုင်သော ထူးဆန်းသည့် စွမ်းအားတစ်ခုလည်း ပါဝင်နေဟန်တူသည်။
ကံကောင်းစွာပင် လူစီဖာတော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီဖြစ်သော [ အလင်းအမှောင်နှလုံးသား ] က အမျိုးမျိုးသော အလင်းအမှောင်ဒြပ်စင်များကို စုပ်ယူနိုင်လေသည်။ သူ၏အားနည်းချက်မှာ ခဏသာခံပြီး အလျင်အမြန်ပင် စတင် ကွယ်ပျောက်သွားတော့သည်။
“မင်းကို ငါ့ရဲ့အစွမ်းအထက်ဆုံး အပေါင်းအဖော်ဖြစ်တဲ့ စိတ်ဝိညာဉ်နဂါးနဲ့ မိတ်ဆက်ပေးမယ်။” ဝတ်ရုံနက်နှင့် မှော်ပညာရှင်က ကြက်သီးထစရာကောင်းအောင် ရယ်လိုက်သည်။ “စိတ်ဝိညာဉ်နဂါး”၏ မျက်လုံးထဲရှိ အနီရောင်အလင်း လက်ခနဲ ဖြစ်သွားပြီး အေးစက်သော သတ်ဖြတ်ချင်စိတ်က ပီဂါဆက်ကို အသေမှတ်ထားလိုက်၏။
၎င်းမှာ ရှီလန်တောင်မှ ချွဲကျိကောင်၏ မိတ္တူဗာရှင်း မဟုတ်ဘဲ နာမည်အကျော်ဆုံး မသေမျိုးမှော်ပညာရှင်၏ မြောက်မြားလှစွာသော စမ်းသပ်ချက်များပြီးနောက် အမြင့်ဆုံး “လုပ်ငန်းသက်” အောင်မြင်မှု ဖြစ်လေသည်။
၎င်းသည် စစ်မှန်သော စိတ်ဝိညာဉ်နဂါးတစ်ကောင် ဖြစ်ပေသည်။