ဆိုးရွားသောဆုံးဖြတ်ချက်
Vol. 35 Ch. 516
ကြောက်မက်ဖွယ်ရာ ဧရာမ မသေမျိုးနဂါးကို မြင်သည့်အခါ ပီဂါဆက်တွင် ဒဏ်ရာကို ကုသရန် အချိန်မရတော့ပေ။ သူက ခန္ဓာကိုယ်က တစ်ချက်လှုပ်ခါပြီး ဝတ်ရုံနက်နှင့် မှော်ပညာရှင်ဆီသို့ တည်တည့် ပြေးသွားတော့သည်။
ထိုမှော်ပညာရှင်သည် စိတ်ဝိညာဉ်နဂါးကို ထိန်းချုပ်နေသော အဓိကသော့ချက် ဖြစ်သည်။ သူ့ကို သတ်လိုက်သည်နှင့် ထိုကြောက်မက်ဖွယ်ရာ မကောင်းဆိုးရွားနှင့် မသေမျိုးစစ်တပ်တို့၏ ဝိညာဉ်များ လုံးဝ ပျောက်ကွယ်သွားပေမည်။
ထိုတိုက်ကွက်ကို ဝတ်ရုံနက်နှင့် မှော်ပညာရှင်က မျှော်လင့်ထားပြီးသား ဖြစ်သည်။ စိတ်ဝိညာဉ်နဂါးက ပီဂါဆက်ကို အလျင်အမြန် တားဆီးလိုက်ပြန်သည်။ မြန်ဆန်သော လှုပ်ရှားမှုနှင့် အရိုးခြောက်နှင့် လုံးဝမတူဘဲ တကယ့်နဂါးလိုမျိုးပင် ဖြစ်နေသည်။
ပီဂါဆက်၏ ကျောဘက်၌ အလင်းရောင်တောင်ပံ သုံးစုံ ပေါ်ထွက်လာပြီး သူ၏ အမြန်နှုန်း ရုတ်တရက် တိုးသွားသည်။ သူက ကောင်းကင်ပေါ်သို့ ပျံတက်သွားရင်း စိတ်ဝိညာဉ်နဂါး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် ညာဘက်ကို ဓားတစ်လက်အသွင်ပြောင်းကာ လေထဲမှအောက်သို့ ခုတ်ပိုင်းလိုက်သည်။ ထိုပုံစံမှာ ချန်လွေ့၏ [ အရှိန်အဝါဓား ] နှင့် အနည်းငယ် ဆင်တူသော်လည်း သက်ရောက်မှုသည် လုံးဝကွဲပြား၏။ [ အရှိန်အဝါဓား ] မှာ မမြင်ရသော ထက်မြက်သည့် ချီစွမ်းအင်ဖြစ်ပြီး ယခု ဖြတ်တောက်မှာ အလွန်ကြီးမားသော တဟုန်ထိုးအားတစ်ခု ဖြစ်သည်။ လှိမ့်တက်နေပြီး ကြီးမားလှသော အားက ကောင်းကင်ကို တုန်ခါစေနိုင်သည့် ဧရာမလက်ဝါးက စိတ်ဝိညာဉ်နဂါး၏ ခေါင်းကို တည့်တည့် ထိသွားသည်။ လေထဲမှပင် ဧရာမခန္ဓာကိုယ် ပြုတ်ကျသွားပြီး မီတာ၁၀၀နီးပါး ရှိသော အက်ကြောင်းများနှင့်အတူ မြေပြင်ပေါ်၌ အလွန်ကြီးမားသော တွင်းချိုင့်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။
ပီဂါဆက်က စိတ်ဝိညာဉ်နဂါးနောက် မလိုက်ဘဲ လေထဲသို့ လက်သီးဖြင့်ထိုးကာ ဝတ်ရုံနက်နှင့် မှော်ပညာရှင်ကို တိုက်ရိုက်တိုက်ခိုက်သည်။ ထိုလက်သီးမှာ ယခင် တိုက်ကွက်လိုမျိုးပင် စွမ်းအားကြီးမားသည်။ ဝတ်ရုံနက်နှင့် မှော်ပညာရှင် အော်ဟစ်လိုက်သည်။ ပတ်ဝန်းကျင်အပူရှိန် ရုတ်တရက် ကျဆင်းသွားပြီး ချက်ချင်းပင် နေရာလွတ်က ထူးဆန်းသော ပျက်ယွင်းမှုတစ်ခု ဖြစ်သွားဟန်တူသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလက်သီးက မှော်ပညာရှင်၏ ခန္ဓာကိုယ်ကို ထိသွားပြီး အပိုင်းအပိုင်း ဖြစ်သွားစေခဲ့သည်။ သို့သော်လည်း နေရာလွတ် ပျက်ယွင်း သွားသည့်အတွက် အပိုင်းပိုင်းဖြစ်သွေားသော ခန္ဓာကိုယ်က ထူးဆန်းစွာပင် မူလအတိုင်း ပြန်လည်ပေါင်းစည်းသွားခဲ့သည်။
ခန္ဓာကိုယ် ပြန်လည်ရရှိပြီးနောက် မှော်ပညာရှင် ကြောက်လန့်ပြီး မောဟိုက်နေခဲ့သည်။
ပီဂါဆက် အသာလေး မျက်မှောင်ကြုတ်လိုက်သည်။ ရန်သူက ခုနကတိုက်ကွက်ကို ပိုင်နက်စွမ်းအားနဲ့ အမှောင်မှော်ပညာ ပေါင်းစပ်ပြီးတော့ ကံကောင်းကောင်းနဲ့ လွတ်သွားတာ ဖြစ်လိမ့်မယ်။ ဒီအကွက်က အတော်လေး လျို့ဝှက်ဆန်းကြယ်ပေမဲ့ မှော်စွမ်းအားကို ပါးနပ်ပြီးတော့ ထွင်တတ်တဲ့ ထိန်းချုပ်နိုင်မှုကို ပြသနေတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ စိတ်ဝိညာဉ်စွမ်းအား အတော်များများ ကုန်ဆုံးရတယ်။ ဒီလှည့်ကွက်နဲ့ ဒုတိယ တိုက်ကွက်ကို ရှောင်တိမ်းဖို့ မဖြစ်နိုင်ဘူး။
နတ်ဆိုးဧကရာဇ်နဲ့ နတ်ဆိုးအရှင်ကြားက အဆင့်ကြီးကို စွမ်းရည်တွေနဲ့ လျို့ဝှက်ဆန်းကြယ်မှုနဲ့ ဖာထေးလို့ မရဘူး။
“စိတ်ဝိညာဉ်နဂါး။ ငါ့ကို ကာကွယ်ပေး။” ဝတ်ရုံနက်နှင့် မှော်ပညာရှင်က အရေးကြီးသော အခြေအနေ၌ ရောက်နေပြီဖြစ်ကြောင်း သိသည့်အတွက် အော်ပြော လိုက်သ်ည။
စိတ်ဝိညာဉ်နဂါး ပေါက်ကွဲထွက်သွားပြန်ပြီး ပီဂါဆက်ကို တိုက်ခိုက်ပြန်သည်။ ပီဂါဆက်က [ အထွတ်မြတ်တောင်ပံ ] ကို ခတ်လိုက်ပြီး လေထဲ၌ အလျင်အမြန် နောက်ဆုတ်သွားသည်။ ၎င်းသည် ရှေ့သို့ ပျံသန်းခြင်းထက်ပင် ပိုမြန်နေသည်။ သူ နောက်ဆုတ်နေရင်း လက်က အလွန်ကြီးမားသော စွမ်းအားတစ်ခုကို စုစည်းနေခဲ့သည်။
“[ မီးတောက်နက်ဥက္ကာပျံ ]...” ပီဂါဆက်၏ပုံရိပ် ရုတ်တရက် ရပ်တန့်သွားသည်။ သူ အော်လိုက်ပြီးနောက် မြောက်မြားလှစွာသော အလွန်ကြီးမားလှသည့် အနက်ရောင် မီးစက်လုံးများ သူ၏လက်နှစ်ဖက်မှ ထွက်လာခဲ့သည်။ မီးစက်လုံးတစ်ခုချင်းစီက လေကို စုတ်ဖြဲနိုင်သော ကြီးမားခမ်းနားလှသည့်စွမ်းအား ရှိသည်။ မီးစက်လုံးများက အနက်ရောင် ဥက္ကာပျံများ ညကောင်းကင်ကို ဖောက်ထွင်းနေသကဲ့သို့ စိတ်ဝိညာဉ်နဂါးထံသို့ ပျံသန်းလာလေသည်။ ၎င်းမှာ ပီဂါဆက်က လူစီဖာတော်ဝင်မိသားစု၏ [ မီးတောက်နက် ] ပါရမီနှင့် ပေါင်းစည်းထားသော တိုက်ကွက်ကြီးတစ်ကွက် ဖြစ်သည်။ ၎င်းတွင် မယုံကြည်နိုင်စရာစွမ်းအား ရှိလေသည်။
ထိုမီးစက်လုံးများ အလျင်အမြန် ချဉ်းကပ်လာသည်။ စိတ်ဝိညာဉ်နဂါးက ၎င်းတို့ကို မရှောင်တိမ်းနိုင်ခဲ့ပေ။ ထိသွားသောအခါ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ တကယ့် ဧရာမနဂါးဆိုလျှင် ယခုတွင် သနားစရာကောင်းအောင် အော်ဟစ်နေလိမ့်မည် ဖြစ်သည်။
ထို့နောက် ပီဂါဆက်က ချက်ချင်းပင် အခြားဘက်သို့ လှည့်လိုက်သည်။ [ အထွတ်အမြတ်တောင်ပံ ] ၏ အရှိန်မြှင့်တင်မှုဖြင့် သူက ဝတ်ရုံနနက်နှင့် မှော်ပညာရှင်ထံ အားကုန်သုံးပြီး ပျံသန်းသွားလိုက်သည်။ စိတ်ဝိညာဉ်နဂါးနဲ့ဆို ပိုင်နက်ကို အသက်သွင်းဖို့က အချိန်ကုန်လိမ့်မယ်။ အဓိကဦးစားပေးက ဒီမှော်ပညာရှင်ကို တစ်ချက်တည်း သတ်ပစ်ဖို့ပဲ။ ဒါက စိတ်ဝိညာဉ်နဂါးနဲ့ မသေမျိုးစစ်တပ်တို့ရဲ့ အန္တရာယ်ကို လုံးဝဖြေရှင်းနိုင်ဖို့ အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပဲ။
ပီဂါဆက်၏ လက်ငါးချောင်းတွင် ဖျက်ဆီးခြင်း [ မီးတောက်နက် ] လောင်ကျွမ်းနေသည်။ ဒီတစ်ခေါက် ဝတ်ရုံနက်နဲ့ မှော်ပညာရှင် ကံကောင်းတော့မှာ မဟုတ်ဘူး။
မှော်ပညာရှင် ထိတ်လန့်သွား၏။ သူက မရှောင်နိုင်ကြောင်း သိသည့်အတွက် စိတ်ဝိညာဉ်နဂါကို ထိန်းချုပ်ပြီး ပီဂါဆက်ထံ အမြန်သွားခိုင်းရင်း [ မီးတောက်နက်ဥက္ကာပျံ] စွမ်းအားကို ခုခံနေခဲ့သည်။ ပီဂါဆက်က ထိုကပ်ဘေး၏ အရင်းအမြစ်ကို ဖြေရှင်းရန် စိတ်ဆုံးဖြတ်ထားပြီး စိတ်ဝိညာဉ်နဂါး၏ ခပ်ကြမ်းကြမ်း တိုက်ခိုက်မှုများကို လျစ်လျူရှု ထားခဲ့သည်။ သူက [ အထွတ်အမြတ်တောင်ပံ ] စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ပြီး ဝတ်ရုံနက်နှင့် မှော်ပညာရှင်ဆီသို့ တည့်တည့်ပြေးဝင်သွားလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီမှော်ပညာရှင်ကို ငါသတ်နိုင်တာနဲ့ မသေမျိုးအားလုံးကို တားဆီးနိုင်ပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပီဂါဆက်က မှော်ပညာရှင်အရှေ့သို့ ရောက်သွား၏။ ရန်သူက အသေအချာပင် အနီးကပ်တိုက်ခိုက်မှုနှင့် လုံးဝ မရင်းနှီးပေ။ ထို့ပြင် စွမ်းအား ကွာခြားချက်မှာလည်း ကြီးမားလွန်းလှသည်။ ပီဂါဆက်က မှော်ပညာရှင်၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။ အော်သံများကြားထဲ၌ ကြောက်မက်ဖွယ်ရာ မီးတောက်နက်သည် မှော်ပညာရှင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပြာအဖြစ် လောင်ကျွမ်းသွားခဲ့သည်။
သို့သော်လည်း သူထင်ထားသကဲ့သို့ ထိန်းချုပ်သူ သေသွားသောအခါ စိတ်ဝိညာဉ်နဂါး မရပ်တန့်သွားသည့်အတွက် ပီဂါဆက်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ ထိုအစား ၎င်းကို အရှိန်ပိုမြန်လာပြီး ကိုက်လိုက်သည်။ ၎င်း၏ ထက်လှသော သွားများက ပီဂါဆက်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့လေသည်။
ရုတ်တရက် ဖြစ်သွားသည့်အတွက် ပီဂါဆက် တုံ့ပြန်ရန် အချိန်မရခဲ့ပေ။ စုတ်ပြဲသွားသည့် နာကျင်မှု ခံစားရသောအခါမှသာ မည်သို့ဖြစ်သွားကြောင်း သိသွားပြီး သူ အော်ဟစ်လိုက်သည်။ စိတ်ဝိညာဉ်နဂါးက ပီဂါဆက်၏ ခန္ဓာကိုယ်ကို ကိုက်ခဲပြီး အပြင်းအထန် လှုပ်ခါကာ ခုခံမှုအားလုံးကို ရိုက်ဖြိုပြီး ဘေးဖက်သို့ ပစ်ဆောင့်ခဲ့သည်။
ပီဂါဆက်က ကြောက်မက်ဖွယ်ရာ အားတစ်ခုကြောင့် လွင့်ထွက်သွားပြီး မာကြောသော ကျောက်သားပေါ်၌ ကြောက်စရာ လူပုံစံချိုင့်ကြီးတစ်ခု ဖြစ်သွားသည်။ ကြီးမားလှသောအားကြောင့် ကျောက်သားက တဖြည်းဖြည်း အက်ကွဲကာ ပြိုလဲသွား၏။ ပီဂါဆက်၏ခန္ဓာကိုယ်က မြေပေါ်သို့ တည့်တည့်ကျသွားခဲ့လေသည်။
ထိုပြုတ်ကျမှုက သူ၏အရိုးများကိုပင် ကွဲကြေလုမတတ် ဖြစ်သွားစေသည်။ သို့သော် အပြင်းထန်ဆုံးဒဏ်ရာမှာ သူ၏ခန္ဓာကိုယ်ပေါ်မှ သွားရာအချို့ ဖြစ်သည်။ သူ၏ ဘယ်ခြေ၊ ပုခုံးနှင့် အတွင်းအင်္ဂါများအားလုံး အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ အကိုက်ခံ ထားရသော အပေါက်ကြီးမှလည်း သွေးများ အဆက်မပြတ် ထွက်နေ၏။ သူ၏ ပျက်စီးနေသော အင်္ဂါတစ်ဝက်ကလည်း ခန္ဓာကိုယ်မှ ထွက်လာသည်။
ပီဂါဆက်က နောက်ဆုံးခွန်အားကို အသည်းအသည် လောင်ကျွမ်းစေလိုက်သည်။ သူ မတ်တပ်ရပ်ရန် ပြင်လိုက်စဉ် အလွန်ကြီးမားသော ခန္ဓာကိုယ်တစ်ခုက ဖိချလိုက်၏။ ကြက်သီးထစရာ အဖြူရောင် ခြေထောက်က သူ၏ကျောကို အပြင်းအထန် တက်နင်းလိုက်ခြင်းဖြစ်ပြီး အရိုးကျိုးသံများပင် ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက မြေကြီးထဲသို့ နစ်ဝင်သွား၏။ နဂါးများ၏စွမ်းအားမှာ လွန်စွာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ နတ်ဆိုးအရှင်သခင်အဆင့် ခန္ဓာကိုယ်သည်ပင် ထိုကဲ့သို့တိုက်ခိုက်မှု၏ ပြင်းအားကို မခံနိုင်ခဲ့ပေ။ ထိုတိုက်ခိုက်မှုက ပီဂါဆက်၏ နောက်ဆုံး မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့လေသည်။
“နတ်ဆိုးဘုံမှာ ဆိုရိုးတစ်ခု ရှိတယ်။ နည်းနည်းလေးတော့ ခြားတယ်၊ ဒါပေမဲ့ ကမ္ဘာခြားနေတာတဲ့။” ရင်းနှီးသောအသံ ထွက်ပေါ်လာ၏။ ၎င်းမှာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားသင့်သည့် အနက်ရောင်ဝတ်ရုံနှင့် မှော်ပညာရှင် ဖြစ်သည်။
ပီဂါဆက်၏ လည်ပင်းရိုး ကျိုးသွားသည့်အတွက် နောက်သို့ ပြန်မလှည့်ကြည့် နိုင်တော့ပေ။ သို့သော်လည်း သူ၏စိတ်ထဲမှ ထိတ်လန့်မှုက အထွတ်အထိပ်အထိ ရောက်ရှိသွားခဲ့သည်။ ငါ့ရဲ့ [ မီးတောက်နက် ] က ဒီမှော်ပညာရှင်ကို သုတ်သင်ပစ်ခဲ့တာ အသေအချာပဲ။
“တကယ်တော့ မင်းရဲ့စိတ်ကူးက မမှားဘူး။ ငါသေသွားတာနဲ့ စိတ်ဝိညာဉ်နဂါး အပါအဝင် ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ မသေမျိုးစစ်တပ်လည်း ပျက်စီးသွားမှာ။ ကံဆိုးချင်တော့ ... မင်းက ငါ့ရဲ့ [ ကြေးမုံပုံရိပ် ] တွေနဲ့ စိတ်ဇဝေဇဝါ မဖြစ်ဘဲ ငါ့ရဲ့ခန္ဓာကိုယ် အစစ်အမှန်ကို ရှာတွေ့ခဲ့ပေမဲ့ ငါ့ရဲ့တကယ့်ခန္ဓာကိုယ်က ဘာလဲဆိုတာကို မင်းမသိဘူး။ လူစီဖာတော်ဝင်မိသားစုရဲ့ [ မီးတောက်နက် ] က တကယ် အစွမ်းထက်ပေမဲ့ ကိုယ့်ကိုယ်ကို အသေကောင်အဖြစ် ပြောင်းလဲထားတဲ့ မှော်ပညာရှင် တစ်ယောက်အတွက် “ဖျက်ဆီးခြင်း” က “အသက်ဓာတ်” ထက် သိပ်ပြီး ကြောက်စရာ မကောင်းဘူး။ [မီးတောက်နက်] ထက်စာရင် တစ်စုံတစ်ယောက်ရဲ့ နိဗ္ဗာန်မီးတောက်က ငါ့ကို တကယ် ကြောက်ရွံ့စေတဲ့ စွမ်းအားပဲ။”
အသေကောင်အဖြစ် အသွင်ပြောင်းထားတယ်လား။ နောက်ဆုံး၌ ပီဂါဆက် သဘောပေါက်သွားသည်။ အလောင်းအောက်လမ်းပညာရှင်။ ဒီမှော်ပညာရှင်က အလောင်းအောက်လမ်းပညာရှင်ပဲ။
အလောင်းအောက်လမ်းပညာရှင်မှာ အသွေးအသားမရှိဘဲ အရိုးခြောက်ကိုယ်သာ ရှိသည်။ သူတို့က ဝိညာဉ်အမြုတေကို ထည့်စရာတစ်ခုခု၌ သိမ်းဆည်းထားကြသည်။ ဝိညာဉ်အမြုတေ မသေသေးအရွေ့ အလောင်းအောက်လမ်းပညာရှင်က အလောင်းများကို အသုံးပြုပြီး အဆုံးမရှိ ပြန်လည်ရှင်သန်နိုင်သည်။ ထိုဝိညာဉ်ထည့်စရာကို အသက်သေတ္တာဟုလည်း ခေါ်သည်။
[ မီးတောက်နက် ] လောင်ကျွမ်းခဲ့သော ခန္ဓာကိုယ်မှာ အလောင်း အောက်လမ်းပညာရှင် ယာယီအသုံးပြုခဲ့သော ခန္ဓာကိုယ် ဖြစ်သည်။ အကယ်၍ ပီဂါဆက်က သူ့အရှေ့မှ ဝိညာဉ်အခြေအနေကို ဖျက်ဆီးလိုက်သည့်တိုင် အောက်လမ်းပညာရှင်ကို အမှန်တကယ် သတ်နိုင်ဦးမည် မဟုတ်ပေ။
မှော်ပညာရှင်၏ ချောက်ချားဖွယ် ရယ်သံ ထွက်လာပြသည်။ “ဒါနဲ့ ဧရာမနဂါး အရိုးအတွက် တစ်စုံတစ်ယောက်ကို ငါတကယ် ကျေးဇူးတင်ချင်တယ်။ ဒါပေမဲ့ ဒီတိုက်ပွဲအရတော့ ဒီအပြောင်မြောက်ဆုံးလက်ရာက တိုးတက်ဖို့ လိုသေးတယ်။ အခု ငါ တစ်ခုကို တုံ့ဆိုင်းနေတယ်။ ငါ အရဲစွန့်ပြီးတော့ နတ်ဆိုးအရှင်သခင်အဆင့်ကို မသေမျိုး အဖြစ် ပြောင်းလဲလိုက်ရင် ကောင်းမလား။ ဒါမှမဟုတ် နတ်ဆိုးအရှင်သခင်အဆင့် အရှင်လတ်လတ်ကိုပဲ ငါ့ရဲ့ ရက်ရောတဲ့ သခင်ဆီ ပေးလိုက်ရင် ကောင်းမလား။”
ပီဂါဆက်၏နားများက မှော်ပညာရှင်၏ ချောက်ချားဖွယ်ရယ်သံကို မကြားနိုင်တော့ပေ။ သူက နောက်ဘက်မှ ကြောက်မက်ဖွယ်ရာ ဖိအားကိုပင် မခံစားနိုင်တော့ပေ။
ဒါက တကယ်ပဲ ဆိုးဆိုးရွားရွား ဆုံးဖြတ်ချက် အမှားတစ်ခုပဲ.....
ဒီမှော်ပညာရှင်ရဲ့ အရင်လုပ်ရပ်တွေက တမင်တကာ ဟန်ဆောင်နေခဲ့တာ....
စစ်တပ်အဝိုင်းခံထားရလို့ ငါ အောင်မြင်ဖို့ အလောမကြီးနေဘူးဆိုရင်...
အစကတည်းကနေ ခက်ခက်ခဲခဲ တိုက်ခိုက်ဖို့ ငါ စိတ်ရှည်ရှည်နဲ့ ပြင်ဆင်ထားခဲ့ရင်...
အဲလိုမဟုတ်ခဲ့လို့ ပယ်လောရဲ့စစ်တပ်က ကြံရာမရတဲ့ အခြေအနေမှာ တကယ် ပိတ်မိနေခဲ့ပြီ....
အမှောင်လမှာ ပုန်းကွယ်နေတဲ့ ကြောက်စရာစွမ်းအားတွေ ဘယ်လောက်တောင် ရှိနေတာလဲ....
သွေးများ စီးကျနေရင်း ပီဂါဆက်၏ အသိစိတ် စတင်ဝေဝါးလာသည်။
ပယ်လော၏ စစ်တပ် ကြံရာမရ ဖြစ်နေစဉ်မှာပင် ငှက်တောင်ဖြူနယ်မြေရှိ တခြားတစ်ဖက်မှ ချန်လွေ့ကလည်း မြူအေး စိမ့်မြေသို့ ရောက်ရှိလာခဲ့သည်။
နာမည်အတိုင်းပင် မြူအေးစိမ့်မြေက အဖြူရောင်မြူများဖြင့် ဝိုင်းရံခြင်း ခံထားရပြီး အပူချိန်လည်း အလွန်အမင်း နိမ့်ကျပေသည်။ မြေပြင်ပေါ်၌ ရေခဲချိုင့်များကို အချိန်မရွေး မြင်တွေ့နိုင်ပေသည်။
ချန်လွေ့က ရေခဲတောင်၊ မီးတောင်နှင့် ပင်လယ်ကမ်းခြေ ကဲ့သို့သော နေရာအမျိုးမျိုး၌ လေ့ကျင့်ထားခဲ့သည်။ ထို့ကြောင့် သူက ထိုကဲ့သို့ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်မျိုးကို အလွယ်တကူ နေသားကျနိုင်သည်။ သို့သော်လည်း ထိုနေရာ၌ အင်အားကြီးသော သတ္တဝါအချို့ ရှိနေဟန်တူသည်။ ဂရစ်ဖင်းက အစွန်အဖျားနားသို့ ရောက်သောအခါ၌ ရှေ့ဆက်ပျံသန်းရန် ငြင်းဆန်ခဲ့သည်။ အတင်းသွားခိုင်း၍ မရကြောင်း သိသည့်အတွက် ချန်လွေ့က အောက်ဆင်းပြီး ဂရစ်ဖင်းကို လွတ်လွတ်လပ်လပ် ထွက်သွားစေလိုက်သည်။
တာဝန်ပြီးသွားသည်နှင့် [ ကြယ်ဂိတ် ] ကိုသုံးပြီး ငှက်တောင်ဖြူမြို့တော်သို့ ပြန်ရန်မှာ တဒင်္ဂသာ ဖြစ်သည်။
“အို့...” ချန်လွေ့ သတိလက်လွတ်ဖြစ်သွားစဉ် သူ၏ခြေထောက်က ဒူးခေါင်းအထိ ရွှံ့ထဲသို့ နစ်ဝင်သွားသည်။ သူက မြူဖုံးစိမ့်မြေ ပတ်ဝန်းကျင်နှင့် ရင်းနှီးသော်လည်း မြူအေးစိမ့်မြေသို့ ယခုမှ ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သည်။ ဖိနပ်ထဲ စိမ့်ဝင်နေသော ရွှံ့ရည်များမှာ သက်တောင့်သက်သာ ခံစားချက်တစ်ခု မဟုတ်ပေ။ အထူးသဖြင့် ထိုကဲ့သို့ လမ်းလျှောက်နေရသည့်အတွက် ကပ်စေးစေး ခံစားချက်မှာ အတော်လေး ဆိုးရွားလှသည်။ သို့သော်လည်း ချန်လွေ့ ဂရုမစိုက်ပေ။ လက်ထဲမှ မှော်မြေပုံအတိုင်း ရှေ့သို့ မြန်မြန်သွားသည်။ မြေပုံအတိုင်းဆိုလျှင် လမုပင်တောအုပ်ကို ဖြတ်သွားပြီးနောက် လို့ဘ်တောင် မိုင်းတွင်းကို တွေ့နိုင်မည် ဖြစ်သည်။
ရုတ်တရက် ချန်လွေ့ ရပ်တန့်သွားသည်။ သူ၏ ပုံရိပ်က မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
“ရွှီး...ရွှီး..ရွှီး....” ခုနက သူ့နေရာသို့ မြားများ ရောက်ရှိလာသည်။
သစ်ပင်များအရှေ့၌ ချန်လွေ့၏ပုံရိပ် ပေါ်ထွက်လာခဲ့သည်။ သူက ကွေ့ကောက်နေသော ပုံရိပ်တစ်ခု အမြန်နောက်ဆုတ်သွားနေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ခန္ဓာကိုယ်အထက်ပိုင်း၌ ဗလာကျင်းလုနီးပါး အမျိုးသမီးခန္ဓာကိုယ်ဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းမှာ မြွေဖြစ်သည်။ သူက လက်ထဲ၌ လေးတစ်လက် ကိုင်ထား၏။ မယ်ဒူဆာပဲ။
ဒီမြူအေးစိမ့်မြေမှာ မယ်ဒူဆာတွေ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ ချန်လွေ့က ရှီလန်တောင်ရှီ မြေအာက် မယ်ဒူဆာမျိုးနွယ်၏ သခင် ဖြစ်သည်။ သူက အပြင်လူများ ကြောက်ရွံ့သော ထိုကဲ့သို့ “နတ်ဆိုးသားရဲများ” အပေါ်၌ ရွံရှာသော ခံစားချက် မရှိဘဲ လှိုက်လှဲသော ခံစားချက်သာ ရှိလေသည်။
လမ်းတစ်လျှောက်၌ မဆင်မခြင်လုပ်နိုင်သည့် နတ်ဆိုးသားရဲများကို ရှောင်ရှားရန် အတွက် ချန်လွေ့က နတ်ဆိုးဧကရာဇ်အဆင့် အငွေ့အသက်ကို တမင်တကာ ထုတ်လွှတ်ခဲ့သည်။ ထိုမယ်ဒူဆာများက နတ်ဆိုးဘုရင်အဆင့်သာ ဖြစ်သော်လည်း သူ့ကို စတင်တိုက်ခိုက်ရဲသည်။ သူ့ကို ကျူးကျော်သူဟု မြင်နေသည်မှာ သေချာပေသည်။
“အထင်မလွဲပါနဲ့။ ကျုပ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။” ချန်လွေ့က အနီးဆုံးမှ မယ်ဒူဆာအား [ သရုပ်ခွဲမျက်လုံး ] ဖြင့် ဆက်သွယ်စကားပြောကြည့်သည်။
မယ်ဒူဆာ၏ပုံရိပ် ရပ်တန့်သွားပြီး ချန်လွေ့ကို စိုက်ကြည့်လိုက်သည်။ ရွှေရောင် မြွေမျက်လုံးက ရုတ်တရက် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပသွားသည်။ ချန်လွေ့ အနည်းငယ် ထုံသွားသော်လည်း သက်ရောက်မှု မရှိခဲ့ပေ။
ချန်လွေ့က ရှီလန်တောင် မြေအောက်လောကမှာကဲ့သို့ လူသစ်တစ်ယောက် မဟုတ်တော့ပေ။ သို့မဟုတ်ပါက မယ်ဒူဆာ၏ ပါရမီစွမ်းအား အပြည့်ပါသော ထိုအကြည့်က သူ့တစ်ကိုယ်လုံး ကျောက်ဖြစ်သွားစေလိမ့်မည်။ ယခုတွင် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် တစ်ဖက်လူရဲ့ ကျောက်ဖြစ် အကြည့်က အစွမ်းမရှိတော့ပေ။
ကျောက်ဖြစ်ခြင်း အသုံးမဝင်ကြောင်း မြင်သည့်အခါ ထိုမယ်ဒူဆာက အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သူ့အနောက်မှ မယ်ဒူဆာက ချန်လွေ့ကို တားဆီးရန်အတွက် အဆက်မပြတ် မြားပစ်နေခဲ့သည်။ ချန်လွေ့ ခဏစဉ်းစားပြီး သူ့နောက်သို့ မလိုက်ခဲ့ပေ။ သူက မြေပုံထဲ၌ ပြထားသည့်အတိုင်း လို့ဘ်တောင် မိုင်းတွင်းရှိရာသို့ ဆက်လက် သွားလိုက်သည်။
သစ်တောထဲ ခဏကြာ ပတ်သွားပြီးနောက် သူ့အရှေ့တွင် မယ်ဒူဆာများ ပေါ်ထွက်လာပြန်သည်။ ယခုတစ်ခေါက် အရေအတွက်မှာ ယခင်ကထက် ပိုများပြီး သူတို့အားလုံးက ဘာမှမရှင်းပြဘဲ တိုက်ခိုက်ကြတော့သည်။
လမုပင်သစ်တောက မယ်ဒူဆာပိုင်နက် ဖြစ်ဖို့များလေသည်။ သို့သော်လည်း ထိုနေရာမှာ မိုင်းတွင်းနယ်မြေသို့ ရောက်ရှိရန် အမြန်ဆုံးလမ်း ဖြစ်နေသည်။ ထိုလမ်းကို ချန်လွေ့ ရွေးချယ်ခဲ့ခြင်းမှာ အချိန်ကုန်သက်သာချင်၍ ဖြစ်သည်။ သို့သော်လည်း ယခုတွင် သူထင်ထားသည်ထက် အချိန်ပိုကုန်တော့မည် ဖြစ်သည်။
မယ်ဒူဆာများ၏ မြားများနှင့် ဓားမောက်ရှည်များအားလုံးကို သတ္တုဖြင့် ပြုလုပ်ထားသော်လည်း ချပ်ဝတ်တ်ဆာများမှာ ရှီလန်တောင်မှ မယ်ဒူဆာမျိုးနွယ်စုထက် အများကြီး ပိုဆိုးသည်။ သို့သော်လည်း သူတို့၏စွမ်းအားမှာ အခြေခံအားဖြင့် ရှီလန်တောင်မှ မယ်ဒူဆာမျိုးနွယ်စုထက် ပိုမြင့်သည်။ အားအနည်းဆုံးမှာ အမြင့်ဆင့် နတ်ဆိုးသာ ဖြစ်သည်။ နတ်ဆိုးဘုရင်အဆင့် အနည်းငယ်နှင့် မဟာနတ်ဆိုးဘုရင်အဆင့် နှစ်ယောက်ပင် ရှိနေပြီး အတော်လေး အင်အားကြီးသော မျိုးနွယ်စုတစ်ခု ဖြစ်ဟန်တူသည်။
ရှီလန်တောင် မြေအောက်လောကမှ မယ်ဒူဆာမျိုးနွယ်စု အားနည်းခြင်း မဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀က ဂလော်ဖင်း ထိန်းချုပ်ခဲ့သော မြေဒြပ်စင်ကောင်များကို တိုက်ခိုက်ရင်း လက်ရွေးစင် အမြောက်အမြား ဆုံးရှုံးသွားခဲ့၍ ဖြစ်သည်။ တင်မ်၏ ယောက္ခမဖြစ်သူ မယ်ဒူဆာ ဘုရင်မပင် သေဆုံးသွားခဲ့သည်။
[ သရုပ်ခွဲမျက်လုံး ] နှင့် ဆက်သွယ်ကြည့်ခြင်း မအောင်မြင်သည့်အခါ ချန်လွေ့က အချိန်နှင့်စွမ်းအင် အလကားမဖြစ်ချင်တော့ပေ။ သူက အထိရောက်ဆုံး ဆက်သွယ်ရေး နည်းလမ်းဖြစ်သော လက်သီးကို ရွေးချယ်လိုက်သည်။
ထိုမယ်ဒူဆာများနှင့် သူ့၏စွမ်းအားအကြား အလွန်ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသည်။ ထို့ပြင် ချန်လွေ့က မယ်ဒူဆာများ၏ တိုက်ခိုက်ပုံများကို အလွန်ရင်းနှီးသည်။ သူ၏ခန္ဓာကိုယ် လှုပ်ရှားမှုမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ တစ်ချက်လှုပ်ရှားတိုင်း မယ်ဒူဆာတစ်ယောက် ရှုံးနိမ့်သွားသည်။ ခဏကြာပြီးနောက် သူ၏အရှေ့မှ မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း မယ်ဒူဆာမှလွဲ၍ ကျန်သောသူများအားလုံး လဲကုန်သည်။ ချန်လွေ့က သူတို့ကို မသတ်ပစ်ရန် စွမ်းအားကို သေသေချာချာ ထိန်းချုပ်ထားခဲ့သည်။ ချန်လွေ့က သူတို့ကို သတိလစ်အောင်သာ ပြုလုပ်ခဲ့သည်။
ချန်လွေ့က မယ်ဒူဆာ၏ မျက်လုံးများမှ ကျောက်ရုပ်ဖြစ်စေသော အကြည့်ကို လျစ်လျူရှုပြီး ခုတ်ပိုင်းလိုက်သော ဓားမောက်ရှည်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ကို လှုပ်ရမ်းလိုက်ရာ ဓားမောက်ရှည်ကို မကိုင်နိုင်တော့သော မယ်ဒူဆာက ထက်အောင်ပြောင်းပြန် ဖြစ်သွားသည်။ နောက်ဆုံး၌ သူက မြွေခန္ဓာကိုယ်ဖြင့် မျှခြေညီအောင် ထိန်းသိမ်းနိုင်ခဲ့သည်။
“ကျုပ်က မယ်ဒူဆာရဲ့ ရန်သူ မဟုတ်ဘူး။ မင်းတို့ ဘုရင်မကို ကျုပ် တွေ့ခဲ့ချင်တယ်။ ဒီစကားကို သူ့ဆီ အကြောင်းကြားပေးပါ။ ကျုပ် သူ့ကို ဒီကနေ စောင့်နေမယ်။” ချန်လွေ့ အားစိုက်ထုတ်လိုက်ရာ ဓားမောက်ရှည်က ရုတ်တရက် အလုံးဖြစ်သွားသည်။ ခြိမ်းခြောက်မှုမှာ ထင်ရှားလှပေသည်။
မယ်ဒူဆာများက အလွန်အမင်း အသိဉာဏ်မြင့်မားသော သတ္တဝါများ ဖြစ်ကြသည်။ သူက သူ့နှင့်စွမ်းအားတူညီသော မဟာနတ်ဆိုးဘုရင်အဆင့် အပါအဝင် အဖော်များ သတိလစ်နေသည်ကိုကြည့်ပြီး ချန်လွေ့၏လက်ထဲမှ ပုံစံပျက်နေသော ဓားမောက်ရှည်ကို ကြည့်သည်။ နောက်ဆုံး၌ သူ ခေါင်းညိတ်ပြီး လှည့်ထွက်သွားလိုက်သည်။
ခဏအကြာ၌ မယ်ဒူဆာတစ်ဖွဲ့ ရှေ့သို့ ရောက်ရှိလာသည်။ ချန်လွေ့၏အကြည့်က ရှေ့မှ မယ်ဒူဆာထံသို့ ရောက်ရှိသွားသည်။ ထိုတစ်ယောက်မှာ အခြားသူများထက် ပိုမို သန့်စင်သော အသွင်အပြင်နှင့် အသားအရေရှိပြီး ကိုယ်ကျပ် သားရေချပ်ကာကို ဝတ်ဆင်ထားသည်။ သူ၏နောက်ပိုင်း မြွေခန္ဓာကိုယ်၏ ကြေးခွံချပ်ကာမှာ အရောင်စုံပြီး တောက်ပနေ၏။ သူ၏လက်ထဲ၌လည်း ငွေဓားမောက်ရှည် နှစ်လက်ရှိနေပြီး ချန်လွေ့ အလုံးလုံးခဲ့သော ဓားမောက်ရှည်ထက် အရည်အသွေး ပိုကောင်းပေသည်။
ချန်လွေ့ သတိထားမိသည်မှာ သူ၏ရုပ်ရည်ကို မဟုတ်ဘဲ စွမ်းအားကို ဖြစ်သည်။
မျိုးနွယ် - မယ်ဒူဆာ (သန္ဓေပြောင်း)
စွမ်းအားအကဲဖြတ်မှု - A
ပုံမှန်အားဖြင့် မယ်ဒူဆာမျိုးနွယ်စု၏ အထက်ကန့်သတ်ချက်မှာ မဟာနတ်ဆိုးဘုရင် အဆင့် ဖြစ်သည်။ ရှီလန်တောင်မြေအောက်မှ မယ်ဒူဆာဘုရင်မသည် မဟာနတ်ဆိုးဘုရင်အဆင့်၌ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး အဆင့်မတက်နိုင်ခဲ့ပေ။ သို့သော် သန္ဓေပြောင်း သွေးမျိုးဆက်ရှိသော ထိုမယ်ဒူဆာဘုရင်မ၏စွမ်းအားမှာ အမှန်တကယ်ပင် နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းသို့ ရောက်နေခဲ့သည်။ သူ့ကို မယ်ဒူဆာမျိုးနွယ်စု၏ ပါရမီရှင်အဖြစ် သတ်မှတ်၍ ရနိုင်ပေသည်။
မယ်ဒူဆာဘုရင်မလည်း ချန်လွေ့ကို ကြည့်နေပြီး ရှေ့ဆက်သွားကာ ပြောသည်။ “ငါက မြူအေး မယ်ဒူဆာမျိုးနွယ်စုရဲ့ ဘုရင်မပဲ။ ငါတို့ဘာသာစကားကို မင်း နားလည်လား။”
ချန်လွေ့ ခေါင်းညိတ်ပြီး [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ပြန်ဖြေသည်။ “ဟုတ်ပါတယ်။ ဘုရင်မ။”
မယ်ဒူဆာဘုရင်မ၏ မြွေမျက်လုံးများက မြေပြင်ပေါ်၌ လှဲလျောင်းနေသော မယ်ဒူဆာများကို အေးစက်စက် ကြည့်လိုက်သည်။ သူတို့က အသက်အန္တရာယ် မစိုးရိမ်ကြကြောင်းကို သိသွားသည့်အခါ သူ စိတ်အေးသွားပြီး ခေါင်းညိတ်ကာ ပြောသည်။ “မင်း ငါ့လူတွေကို လွှတ်ပေးမယ်ဆိုရင် မြွေသွေးသစ်သီးတချို့ ပေးမယ်။”
မြွေသွေးသစ်သီးလား။ နားလည်မှုလွဲရခြင်း၏ အကြောင်းရင်းကို ချန်လွေ့ ရေးရေးလေး သဘောပေါက်သွားခဲ့သည်။