သံတစ်ချောင်းစိုက်ခြင်း
Vol. 35 Ch. 524
အမှောင်လနယ်မြေ၊ လရောင်ခံတပ်ရှိ -
မြို့တော်စစ်တပ်၏ အခြေစိုက်စခန်း၌ ဖြစ်သည်။
ထိုင်ခုံပေါ်မှ မျက်နှာမည်းမှောင်နေသော ရီဂျန့် အိုဆိုင်ဒန်ကို ကြည့်ရင်း ဗိုလ်ချုပ်များနှင့် လော့ဒ်များ စကားမပြောရဲကြပေ။
ယခင်ညက ခုခံမှုမရှိသော လရောင်ခံတပ်ကို သိမ်းပိုက်ပြီးတော့ ညွန့်ပေါင်းစစ်တပ် လက်ထောက်တပ်မှူးအသစ် ပယ်လောသည် မြို့တော်၏ လက်ရွေးစင်ဗိုလ်ခြေ သုံးဖွဲ့နှင့် မိုးပျံတိမ်ဗိုလ်ခြေကို ဦးဆောင်ပြီး ရှုံးနိမ့်သွားသော စစ်တပ်နောက်လိုက်ဥာ ဒီကိုမြို့ကို တိုက်ခိုက်ခဲ့ကြသည်။
သို့သော်လည်း ထိုဝင်ရောက်စီးနင်းခြင်း၏ ရလာဒ်မှာ လုံးဝ မထင်မှတ်ထားသည့် အရာ ဖြစ်သည်။ ပယ်လောသည် ဒီမြို့၌ မသေမျိုးစစ်သည် ၅သိန်းကျော်၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ ရန်သူကို လိုက်နေသော ပထမဗိုလ်ခြေနှင့် မိုးပျံတိမ်ဗိုလ်ခြေတို့က “ရှုံးနိမ့်သွားသောစစ်တပ်” နှင့် မသေမျိုးတို့၏ ညှပ်တိုက်ခြင်းကို ခံခဲ့ရသည်။ စစ်တပ်တစ်ခုလုံး သုတ်သင်ခံလိုက်ရ၏။ အရုဏ်တက်ချိန်၌ တပ်မှူးပယ်လောက ဒုတိယ ဗိုလ်ခြေနှင့် တတိယဗိုလ်ခြေကို ဦးဆောင်ပြီး စစ်သည်လက်ကျန် ၃၀၀၀၀ အောက်ဖြင့် ဝိုင်းရံတိုက်ခိုက်မှုမှ ဖောက်ထွက်နိုင်ခဲ့သည်။
ညွန့်ပေါင်းစစ်တပ်၏ လက်ထောက်တပ်မှူးနှင့် ထိုဝင်ရောက်စီးနင်းခြင်း၏ တပ်မှူးဖြစ်သူ ပယ်လောက ဒဏ်ရာအပြင်းအထန် ရနေပြီး သတိလစ်သွားခဲ့သည်။
ပထမဗိုလ်ခြေတပ်မှူး ယီဖာ နှင့် လက်ထောက်တပ်မှူး ခီရီတို့ မည်သည့်နေရာ ရောက်နေသည်ကို မသိရသေးပေ။
မိုးပျံတိမ်ဗိုလ်ခြေတပ်မှူး ရိုမတီ မည်သည့်နေရာ ရောက်နေသည်ကို မသိရပေ။
ဒုတိယဗိုလ်ခြေတပ်မှူး ဖရန့်ဇ် အသတ်ခံလိုက်ရပြီး လက်ထောက်တပ်မှူး တိုရိုစ်လည်း အသတ်ခံလိုက်ရသည်။
တတိယဗိုလ်ခြေတပ်မှူး နူးကယ်က အနည်းငယ် ဒဏ်ရာရခဲ့ပြီး လက်ထောက်တပ်မှူး လွန်ဂျင်းက နေရာတွင်ပင် အသတ်ခံခဲ့ရသည်။
နတ်ဆိုးအရှင်သခင်အဆင့် သုံးယောက်ဖြစ်သော စတေလာ၊ ဘရိုကို နှင့် စတီဘယ် တို့က ရှုံးနိမ့်ကာ ပြန်ဆုတ်ခွာခဲ့ရပြီး ဒဏ်အရာအနည်းငယ် ရရှိခဲ့သည်။
နတ်ဆိုးအရှင်သခင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် ပီဂါဆက် မည်သည့်နေရာ ရောက်နေသည်ကို မသိရသေးပေ။
ထိုကဲ့သို့ “နေရာမသိရသော” အခြေအနေများမှာ ပုံမှန်အားဖြင့် အရေးနိမ့်လှသည်။ တော်တော်ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပဲ။ ဒါတွေက လော့ဒ်တွေရဲ့ အမြောက်စာတွေ မဟုတ်ဘူး။ မြို့တော်ရဲ့ တကယ့်လက်ရွေးစင်ဗိုလ်ခြေတွ။ နတ်ဆိုးဧကရာဇ်အဆင့် ဗိုလ်ချုပ်တွေနဲ့ နတ်ဆိုးအရှင်သခင်အဆင့် ပီဂါဆက်တောင် စတေးခံခဲ့ရတယ်။
အကယ်၍ လရောင်ခံတပ်ကို တိုက်ခိုက်သော ယခင်တိုက်ပွဲက အိုဆိုင်ဒန်ကို အသံကျယ်ကျယ်နှင့် ပါးရိုက်သကဲ့သို့ ဖြစ်နေခဲ့လျှင် ဒီကိုမြို့ တိုက်ပွဲမှာ သွားကျွတ်သည်အထိ အထိုးခံရခြင်းပင် ဖြစ်သည်။ ၎င်းမှာ မတော်မတရား အကြီးကြီး ရှုံးနိမ့်မှုတစ်ခုပင်။
မူလက ဒီကိုမြို့နှင့် လရောင်ခံတပ်ကြားမှ အကွာအရေးအရ အခြေအနေ မကောင်းလျှင် စစ်ကူပေးရန် ဖြစ်နိုင်သည်။ သို့သော်လည်း ရန်သူက ၎င်းကို အသေအချာ စဉ်းစားထားပြီး နေရာနှစ်ခုကြားမှ အဆက်အသွယ်ကို တမင်ဖြတ်တောက်ထားခဲ့သည်။ ကင်းထောက်သွားသော အကူအညီတောင်းသော စစ်သည်များကို ခြွင်းချက်မရှိ တားဆီးထားခဲ့သည်။ ဝိုင်းရံခံထားရာမှာ ပယ်လော ထွက်လာပြီးသည့်အခါမှသာ ယခုတစ်ခေါက် စစ်ကူများလွှတ်ခြင်းက အသုံးမဝင်ကြောင်း သိသွားခဲ့သည်။
“အရှင်မင်းကြီး။ မသေမျိုးစစ်တပ်က ဒီကိုမြို့ကနေ ဆုတ်ခွာသွားပြီလို့ ကင်းထောက်က သတင်ပို့တယ်။ ဒါပေမဲ့....”
“ဒါပေမဲ့ ဘာဖြစ်လဲ။” အိုဆိုင်ဒန်၏မျက်နှာက ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် မည်းမှောင်နေသည်။
“အလောင်းတွေနဲ့ လက်နက်တွေနဲ့ ချပ်ကာတွေကို ရန်သူတွေ ယူသွားတယ်။ ပြီးတော့ အလောင်းတွေ အတော်များများလည်း ပျောက်နေတယ်။”
“ဟမ့်....” အိုဆိုင်ဒန်က စားပွဲကို ထုရိုက်လိုက်ရာ ချက်ချင်းပင် အမှုန့်ဖြစ်သွားသည်။ လူတိုင်း တိတ်ဆိတ်သွားကြ၏။
“အရှင်မင်းကြီး။ မသေမျိုးစစ်တပ်က လက်နက်တွေနဲ့ အလောင်းတွေကို ယူသွားကြတယ်ဆိုတာက ချောင်းမြောင်းတိုက်ခိုက်မှုကနေ သူတို့ အတော်လေး ထိခိုက်သွားလို့ပဲ။ အဲဒါကြောင့် သူတို့ရဲ့စစ်သည်တွေကို ပြန်ဖြည့်တင်းဖို့ အလောင်းတွေ လိုအပ်နေတာ။ အထူးယဇ်ပလ္လင်ရှိတဲ့ နတ်ဆိုးအရှင်သခင်အဆင့် မှော်ပညာရှင်တောင် အလောင်းတွေကို မသေမျိုးပြောင်းလဲဖို့ အချိန်အများကြီး လိုအပ်တယ်။ အခွင့်အရေးက နှစ်ခါမရပါဘူး။ မသေမျိုးစစ်တပ်နောက်လိုက်ဖို့ စစ်တပ်ကြီးတစ်ခု စေလွှတ်ဖို့ ဖြစ်နိုင်လောက်တယ်။ သူတို့ကို မရှင်းပစ်နိုင်ရင်တောင် ကျုပ်တို့ရဲ့ စစ်တပ် စိတ်အင်အားတွေ ပြန်ရလာမယ်လို့ ထင်တယ်။” ဂရန့် ပြောလိုက်ခြင်း ဖြစ်သည်။ လက်ရှိတွင် အိုဆိုင်ဒန် ဒေါသထွက်နေသည့်အတွက် ပထမဆုံး စကားပြောခြင်းမှာ အကြံကောင်း မဟုတ်သော်လည်း တိုက်ပွဲအခြေအနေမှာ အမြဲပြောင်းလဲနေပြီး အခွင့်အရေးမှာ ခဏတာသာ ဖြစ်သည်။ ထို့ကြောင့် သူ စိတ်ထဲ၌ အများအပြား မစဉ်းစားခဲ့ပေ။
“မသေမျိုးစစ်တပ်က လက်နက်တွေ အလောင်းတွေ ယူသွားတဲ့အကြောင်းရင်းကို လူတိုင်း နားလည်ကြတယ်။ မင်း ပြောနေဖို့ မလိုဘူး။” အိုဆိုင်ဒန်က အေးစက်စက်နှင့် ပြောသည်။ “နတ်ဆိုးဘုံစစ်တပ်က အတော်လေး ဉာဏ်များတယ်။ အခု သူတို့ကို ငါတို့ လိုက်မယ်ဆိုရင် ပယ်လောရဲ့ အမှားမျိုး ထပ်မဖြစ်ဘူးလို့ ဘယ်သူ အာမခံနိုင်လဲ။”
ဂရန့်က အကြောင်းရင်းများဖြင့် ပြန်လည်ချေပသည်။ “အရှင်မင်းကြီး။ ဒီကိုမြို့ပြီးရင် လိုင်ရာတောနက်ပဲ။ မြေအနေအထားက ချောင်းမြောင်းတိုက်ခိုက်ဖို့အတွက် မသင့်တော်ဘူး။ အရင်ဆုံး စစ်တပ်တစ်ခုလွှတ်ပြီးတော့ စစ်ဆေးကြည့်လို့ရတယ်။ ပြီးရင် နောက်က စစ်တပ်ကို တိုက်ခိုက်ဖို့ ပြင်ဆင်ခိုင်းထားလိုက်ပါ။”
ဂျို့ရှ်၏အသံ ထွက်ပေါ်လာသ်ည။ “အခု လက်ရှိအခြေအနေအရ အလောတကြီး တိုက်ခိုက်ဖို့ကို အကြံမပေးဘူး။ ကျုပ်တို့စစ်တပ်ရဲ့ စိတ်ဓာတ်က နည်းနည်းလေး ရှုံးရင်တောင် မခံနိုင်တော့ဘူး။ ပယ်လော ကျရှုံးသွားတဲ့ အကြောင်းရင်းက ရန်သူကို လျှော့တွက်ပြီးတော့ အမှောင်လရဲ့ ချောင်းမြောင်းတိုက်ခိုက်တာကို ခံခဲ့ရလို့ပဲ။ အင်အားစု ခြားနားတဲ့တွက် ရန်သူတွေမှာ မသေမျိုးစစ်တပ်ရှိရင်တောင် ကျုပ်တို့တပ်သားတွေနဲ့ တိုက်ခိုက်ရေးစွမ်းအားက အသားစီးရနေတုန်းပဲ။ အရဲမစွန့်ဖို့ ကျုပ် အကြံပြုပါတယ်။ အရင်ဆုံး ဒီကိုမြို့ကို သိမ်းပိုက်ပြီးတော့ ကျုပ်တို့ရဲ့ စွမ်းအင်နဲ့ စိတ်ဓာတ်တွေကို ဖြည်းဖြည်းချင်း ပြန်ပြီးတော့ ဖြည့်တင်းရမယ်။ ပြီးတော့လည်း ရန်သူ့စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းပြီး ဆုံးဖြတ်ဖို့အတွက် စစ်ကူတွေ လွှတ်ရမယ်။ ပြီးမှပဲ နောက်ထပ် လုပ်ရပ်အတွက်ကို ဆုံးဖြတ်ရမယ်။”
အိုဆိုင်ဒန်က အသာလေး ခေါင်းညိတ်လိုက်သည်။ ဂျို့ရှ်၏ အဆိုပြုချက်က ပိုပြီးတော့ စိတ်ချရမယ်။ အထူးသဖြင့် “ကျုပ်တို့စစ်တပ်က အသာစီးရနေတုန်းပဲ” ဆိုတဲ့စကားက ငါ့ရဲ့နှလုံးသားကို ဆွဲဆောင်နိုင်ခဲ့တယ်။
“ဒါပေမဲ့....”
“တော်လောက်ပြီ။ ဂရန့်။” ဂရန့်စကားပြော မပြီးသေးခင်မှာပင် ဖြတ်ပြော ခံလိုက်ရသည်။ အိုဆိုင်ဒန်၏မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းနေပြီး အေးစက်စက် အလင်းရောင်များ ထွက်နေသည်။ “အခုလက်ရှိ ပယ်လောက ဒဏ်ရာ အပြင်းအထန် ရထားပြီးတော့ မနိုးသေးဘူး။ မင်းက လက်ထောက်တပ်မှူး ပြန်လုပ်ရမယ်။ အခုလက်ရှိတာဝန်က ဒီကိုမြို့ကို သိမ်းပိုက်ပြီးတော့ စစ်တပ်ရဲ့ စိတ်ဓာတ်ကို တည်ငြိမ်အောင် ကြိုးစားလုပ်ဖို့ပဲ။ သဘောပေါက်လား။”
ဂရန့် အများကြီး ထပ်မပြောဘဲ အလေးပြုလိုက်သည်။ “သဘောပေါက်ပါတယ်။ အရှင်မင်းကြီး။”
အစည်းအဝေးပြီးနောက် ဂရန့်က စစ်သည်များကို ဒဏ်ရာကုသရန်နှင့် စိတ်ဓာတ် တည်ငြိမ်အောင် ပြလုပ်ရန် အမိန့်ပေးခဲ့သည်။ စစ်ရေးအထောက်အပံ့နေရာသို့ သူ ရောက်လာသောအခါ ရိက္ခာများကို ကိုင်တွယ်နေသော ဂျို့ရှ်နှင့် ဆုံလိုက်သည်။
“ဗိုလ်ချုပ်။ ခဏစောင့်ပါ။ တစ်နာရီအတွင်း အထောက်အပံ့တွေ အဆင်သင့် ဖြစ်မှာပါ။”
ဂရန့်က အသာလေး ခေါင်းညိတ်ပြီး ရုတ်တရက် ပြောသည်။ “ဆာ-ဂျို့ရှ်။ ခင်ဗျား ဒီနေ့ အကြံပြုတာကို ကျုပ် တကယ် သဘောမတူဘူး။ ဒီအချိန်၌ အဆက်မပြတ် တည်ငြိမ်အောင်ပဲ လုပ်နေမဘ်ဆိုရင် အမှောင်လကို အချိန်တွေ ပိုပေးသလိုပဲ ဖြစ်နေမယ်။ ကျုပ်တို့တွေ ရီဂျန့် အိုဆိုင်ဒန်ကို အတူတူ နားချကြမလား။”
ဂျို့ရှ် အံ့အားသင့်သွားပြီး အနီးအနားမှလူများကို နောက်ဆုတ်ခိုင်းလိုက်သည်။ ထို့နောက် သူက ပြောသည်။ “ဗိုလ်ချုပ်။ တချို့စကားတွေက မသင့်တော်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် ပြောချင်သေးတယ်။ လိပ်ပြာနီနယ်မြေဆီကို ဆာမိုအာရဲ့ ငရဲဟိုက်ဒြာဗိုလ်ခြေ စေလွှတ်လိုက်တုန်းက ရီဂျန့်နဲ့ ဗိုလ်ချုပ်ရဲ့ အမြင် လုံးဝ ကွဲလွဲနေခဲ့တယ်။ နောက်ဆုံးတော့ ရီဂျန့် စေလွှတ်လိုက်တဲ့ ငရဲဟိုက်ဒြာဗိုလ်ခြေ သုတ်သင်ခံလိုက်ရတယ်။ နောက်တော့ လရောင်ခံတပ်ကို တိုက်ခိုက်တဲ့အခါ ကျုပ်တို့ရဲ့ စစ်တပ်က ခေါင်းခါတဲ့ ခုခံမှုတစ်ခုကို ရင်ဆိုင်ခဲ့ရပြီးတော့ ကြီးကြီးမားမား ထိခိုက်သွားခဲ့တယ်။ ရီဂျန့် အမိန့်ပေးတဲ့အတိုင်း တစ်ခါတည်း အောင်မြင်မှု မဟုတ်ခဲ့ဘူး။ တကယ့်အကြောင်းပြချက်က ကျုပ်တို့ မျှော်မှန်းထားတာထက် ပိုပြီးတော့ကို အမှောင်လစစ်တပ်က ပြသခဲ့လို့ပဲ။ အဓိကဖြစ်တဲ့ လေတပ်ဗိုလ်ခြေနှစ်ခုကို ရီဂျန့် စေလွှတ်တာတောင် ခံတပ်ကို မသိမ်းပိုက်နိုင်ခဲ့ဘူး။ အဲဒါက ဗိုလ်ချုပ်ရဲ့ ညွှန်ကြားမှု မှားယွင်းတာ မဟုတ်ဘူး။ ဒါပေမဲ့ ရီဂျန့်က သူ့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ ခံစားရတဲ့အတွက် ဗိုလ်ချုပ်ကို မယုံကြည်ဘူးဆိုပြီး လက်ထောက်တပ်မှူးနေရာကနေ ဖယ်ရှားခဲ့တာ။ ပြီးတော့ ပယ်လောက ခုခံမှုမရှိတဲ့ လရောင်ခံတပ်ကို သိမ်းပိုက်ခဲ့တယ်။ အမှောင်လရဲ့ ရှုံးနိမ့်သွားတဲ့စစ်တပ်နောက်လိုက်ဖို့အတွက် ရီဂျန့် အမိန့်ပေးတော့ ဗိုလ်ချုပ်က သူ့ကို တားဆီးခဲ့တယ်။ ဒါပေမဲ့ ရီဂျန့်က နားမထောင်ဘဲနဲ့ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားခဲ့ရတယ်။ အခုတော့ ရီဂျန့်က စစ်တပ်ကို ပြန်ပြီးတော့ အားဖြည့်ချင်နေတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်က ကန့်ကွက်ပြီးတော့ ရန်သူနောက်လိုက်ဖို့ အကြံပြုခဲ့တယ်။ ဗိုလ်ချုပ်ရဲ့ ဆုံးဖြတ်ချက် မှားသွားပြီးတော့ စစ်တပ်ရဲ့စိတ်ဓာတ် ပိုနိမ့်ကျသွားရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ရဲ့ နည်းဗျူဟာ အောင်မြင်သွားပြီးတော့ အနိုင်ရသွားခဲ့လျှင် ရီဂျန့်ကို လူတိုင်းအရှေ့မှာ ပါးရိုက်သလို ဖြစ်သွားမယ်။ ဗိုလ်ချုပ်... ကျုပ်ပြောချင်တာကို နားလည်တယ် မဟုတ်လား။”
ဂရန့်က ဂျို့ရှ်ကို ခဏစိုက်ကြည့်ပြီး နောက်ဆုံး၌ သက်ပြင်းချလိုက်သည်။ “ဆာပြောတာကို ကျုပ် နားလည်ပါတယ်။”
“ဗိုလ်ချုပ်က တုံးအတဲ့သူ မဟုတ်ပါဘူး။ ခင်ဗျားကို ရီဂျန့်က အငြိုးထားပေမဲ့ ဘာလို့ လက်ထောက်တပ်မှူးနေရာ ပြန်ခန့်လိုက်တာလဲဆိုတာကို ခန့်မှန်းမိမှာပါ။”
လက်ထောက်တပ်မှူးနေရာ ဆုံးရှုံးပြီး ပြန်လည်ရရှိခြင်းက ကောင်းသော ကိစ္စတစ်ခု မဟုတ်ပေ။ အမှောင်လနှင့်အတူ နောက်ထပ်တိုက်ပွဲများက ပိုမို၍ ခက်ခဲပေလိမ့်မည်။ အနိုင်ရသည်ဆိုလျှင် ရီဂျန့် အိုဆိုင်ဒန်က လူရွေးကောင်းသည်။ ဆုံးရှုံးသွားလျှင် သူက ကြားမှ အပြစ်ဒဏ်ခံရပေမည်။
ဂရန့်က ခါးသက်သက်နှင့်ပြုံးပြီး ပြောသည်။ “ကျုပ်က စစ်တပ်နဲ့ဆိုတာပဲ သိတဲ့ စစ်သည်တစ်ယောက်ပါ။ ကျုပ်က နောက်ဆုံးမှာ အနိုင်ရချင်ရုံပါ။ ဒီထက် မပိုပါဘူး။”
“နိုင်ငံရေး နဲ့ စစ်ရေးမှာ အမှီအခိုကင်းတယ်ဆိုတာ မရှိဘူး....” ဂျို့ရှ်လည်း သက်ပြင်းချလိုက်သည်။ “ထားလိုက်တော့။ ကျုပ်ပြောတာ များသွားပြီ။ အရာအားလုံးကို သေသေချာချာ စဉ်းစားဖို့ ဗိုလ်ချုပ်ကို အကြံပေးချင်တယ်။ ဒီအသုံးဝင်တဲ့ ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံး ကြိုးစားပါ။ အင်ပါယာက ဗိုလ်ချုပ်လိုမျိုး ထောက်တိုင်ကို လိုအပ်တယ်။ ”
ဂရန့်က လေးလေးနက်နက်နှင့် ခေါင်းညိတ်သည်။ “သဘောပေါက်ပြီ။ ကျုပ် ဒီစကားတွေကို မှတ်ထားမှာပါ။ ဆာ-ဂျို့ရှ်ရဲ့ လမ်းညွှန်မှုနဲ့ ရင်းနှီးမှုအတွက် ကျေးဇူးတင်ပါတယ်။”
“ကျုပ် ဒီနေ့ ဘာမှ မဟုတ်တာတွေ မပြောခဲ့ဘူး။ ဗိုလ်ချုပ်နဲ့ စစ်ဆေးရိက္ခာတွေကို ဆွေးနွေးနေရုံပါ။” ထိုသို့ပြောလိုက်ပြီးနောက် ဂျို့ရှ်နှင့် ဂရန့်တို့က အချင်းချင်း ပြုံးရင်း ကြည့်လိုက်သည်။
စခန်းထဲမှ ဂရန့်ထွက်သွားသည်ကို ကြည့်ရင်း ဂျို့ရှ်၏မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
ထိုစကားလုံးများက သူတို့ကို ခွဲခွာရန် မလုံလောက်သော်လည်း ဂရန့်၏ နှလုံးသားထဲ၌ သံတစ်ချောင်း စိုက်ပေးနိုင်ခဲ့ပြီဖြစ်ကာ သူ့ကို ပို၍ပင် စိုးရိမ်သွားစေမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ လက်ရှိ၌ မြို့တော်စစ်တပ်ကို ပြန်လည်ဖွဲ့စည်းရန် ရပ်ဆိုင်းထားသည်။ ထို့ကြောင့် အမှောင်လအတွက် အချိန်ဆွဲထားနိုင်လေပြီ။
ကျွန်-သခင်စာချုပ်နှင့် အဆိပ်တို့၏ ထိန်းချုပ်မှုကြောင့် ဂျို့ရှ်က ယခုတွင် အမှောင်လနှင့် လုံးဝ ချည်နှောင်နေခဲ့သည်။ သူ၏အသက်နှင့် အာဏာအတွက် သခင်ဟောင်းဖြစ်သူ အိုဆိုင်ဒန်ကို တတ်နိုင်သမျှ ကန်ထုတ်ရပေမည်။ လက်ရှိ၌ သူက မီးတောက်အသေးလေးကိုသာ ဖြစ်စေနိုင်ခဲ့သည်။ အချိန်ကျလာလျှင် အရေးကြီးဆုံး သူလျှိုဖြစ်သည့်သူက စစ်ပွဲတစ်ခုလုံးကို အဆုံးအဖြတ်ပေးနိုင်သော အဓိကပုဂ္ဂိုလ် ဖြစ်လာပေမည်။
အဝေးတွင်ရှိသော ငှက်တောင်ဖြူမြို့မှ ချန်လွေ့က ဂျို့ရှ်၏ လှုပ်ရှားမှု အသေးလေးကို မသိပေ။ သူက နတ်ဘုရား-တစ်ပိုင်း ဝိညာဉ်ကို ဝါးမျိုပြီး ဝိညာဉ်အငွေ့အသက် တစ်ပိုင်းတစ်စကို [ ဆောင်းပိုင်နက် ] ထဲ ပေါင်းစည်းပြီးနောက် အပျက်အစီး၏ အသိအမှတ်ပြုခြင်းကို အောင်အောင်မြင်မြင်နှင့် ရရှိခဲ့သည်။ သူက မီးအိမ်တစ္ဆေတစ်အုပ်နှင့်အတူ အပျက်အစီးထဲသို့ ဝင်သွားခဲ့သည်။
အပျက်အစီးမှာ အမှန်တကယ်၌ ကျိုးပဲ့နေသော အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်း ရဲတိုက်တစ်ခု ဖြစ်သည်။ စစ်ပွဲအတွင်း အပြင်းအထန် ထိခိူက်မှုနှင့် ကာလရှည်ကာပြီး စွမ်းအင်မရှိခြင်းကြောင့် ပစ္စည်းအများအပြားကို အသုံးမပြုနိုင်တော့ပေ။
လျို့ဝှက်အလုံးပိတ်ခန်း၌ ချန်လွေ့က မီးအိမ်တစ္ဆေတို့၏ နှလုံးသားမီးအိမ်များကို ရှာတွေ့သွားခဲ့သည်။ ထောင်နှင့်ချီ ရှိသော်လည်း အတော်များများက ပျက်စီးနေပြီး အသုံးမဝင်တော့ပေ။
မီးအိမ်တစ္ဆေများ၏ စွမ်းအားအဆင့်အရ မီးအိမ်နှလုံးသားများကို ရွှေ၊ ငွေ၊ သံ ဟူ၍ ကြီးစဉ်ငယ်လိုက် ပိုင်းခြားထားသည်။ နာမည်၏ ပထမဆုံး စကားလုံးမှာလည်း ရွှေ၊ အဖြူ နှင့် အမည်း ဖြစ်သည်။ ဂျင်းနီ၏ မီးအိမ်နှလုံးသားက ရွှေရောင်ဖြစ်ပြီး တူညီသော ရွှေရောင် မီးအိမ်နှလုံးသား ၁၀၀နီးပါးရှိကာ မပျက်စီးသည်က ၃၀ခန့် ရှိသည်။ ၎င်းသည် အင်အားကြီး အထောက်အပံ့တစ်ခု ဖြစ်ပေလိမ့်မည်။ ( မှတ်ချက် ။ ။ ဂျင်းနီနဲ့ ဂျင်းရှာရဲ့ တရုတ်နာမည်ပထမစာလုံးမှာ ရွှေ ဆိုတာ ပါတယ်။ ရွှေရဲ့ တရုတ်ပင်းရင်း အသံထွက်က ဂျင်းနဲ့ဆင်တူတယ်.....)
မီးအိမ်တစ္ဆေ၏ [ထာဝရရှင်သန်နိုင်သောခန္ဓာကိုယ်] က အစွမ်းထက်သော်လည်း ပြန်လည်ရှင်သန်ခြင်းက အဆုံးမဲ့ မဟုတ်ပေ။ ရွှေမီးအိမ်များကို လေးကြိမ် အသက်သွင်း နိုင်သည်။ ငွေမီးအိမ်များကို သုံးကြိမ် ပြန်လည်အသက်သွင်းနိုင်ပြီး သံမီးအိမ်များကို နှစ်ကြိမ် ပြန်လည်အသက်သွင်းနိုင်သည်။ ပြန်လည်အသက်သွင်းနိုင်သော အရေအတွက် ကျော်လွန်သွားလျှင် နှလုံးသားမီးအိမ် အက်ကွဲသွားပြီး တန်ဖိုးကြီးကြီးနဲ့ မပြင်ဆင်ပါက အလုပ်လုပ်တော့မည် မဟုတ်ပေ။
ရရှိထားသော မှတ်ဉာဏ်ထဲမှ မီးအိမ်နှလုံးသားကို ပြန်လည်ပြင်ဆင်၍ ရရုံသာမက အထူးကုန်ကြမ်းများနှင့် စွမ်းအင်အသွင်ပြောင်းမှတစ်ဆင့် ပြန်လည်ပုံသွင်းပြီး အဆင့်တိုး၍ရကြောင်း ချန်လွေ့ သိရှိထားသည်။ အဆင့်တိုးခြင်းတစ်ခုတိုင်းက အတော်လေး ခက်ခဲလှပြီး အဆင့်မြင့်လေလေ ပိုခက်လေလေပင် ဖြစ်သည်။ အဆင့်တိုးခြင်း မအောင်မြင်ခဲ့လျှင် မီးအိမ်နှလုံးသားက တစ်ဆင့်ပြန်ကျသွားမည် ဖြစ်သည်။ ရွှေမီးအိမ်က ငွေမီးအိမ်သို့ အဆင့်ကျသွားပြီး ငွေမီးအိမ်က သံမီးအိမ်သို့ အဆင့်ကျသွားပေမည်။ သံမီးအိမ် အဆင့်တိုးခြင်း မအောင်မြင်လျှင် တစ်ခါတည်း ကွဲကြေသွားပေမည်။
ပြောရမည်ဆိုလျှင် ရွှေမီးအိမ်နှလုံးသားအဆင့်မှာ အမြင့်ဆုံးဖြစ်နေပြီ ဖြစ်သည်။ အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်း၌ အဂ္ဂိရတ်ပညာရှင်တစ်ယောက်က လျို့ဝှက်နည်းလမ်း တစ်ခုကို အသုံးချပြီး အကန့်အသတ်ကို ကျော်လွန်သော ကြက်သွေးရင့်ရောင် မီးအိမ်နှလုံးသားအဖြစ် အသွင်ပြောင်းကြည့်ခဲ့သည်။ ကံဆိုးစွာပင် အောင်မြင်နိုင်မှုက အလွန်အမင်း နည်းပါးလှသည်။ ကျရှုံးသွားလျှင် တစ်ခါတည်း ပျက်စီးသွားပေမည်။
ချန်လွေ့က ပိုင်နက်တိုင်းပြည် ပုံရိပ်ယောင်ကို မြင်တွေ့ခဲ့ပြီး ထိုမီးအိမ်တစ္ဆေများက သခင်ဖြစ်သူကို လုံးဝနာခံသော အစေခံမလေးများ ဖြစ်ကြကြောင်း သဘောပေါက်သည်။ သူတို့က စစ်မြေပြင်၌ အင်အားကြီး တပ်သားများ ဖြစ်ရုံသာမက အိပ်ယာပေါ်၌လည်း အလှပဂေးများ ဖြစ်ကြသည်။ သို့သော်လည်း ပုံရိပ်ယောင်များမှာ ပုံရိပ်ယောင်သာ ဖြစ်သည်။ အမှန်တကယ်၌ သူ ထိုကဲ့သို့ မတွေးရဲပေ။ သူ့တွင် [ နှစ်သွယ်လေ့ကျင့်ခြင်း ] နှင့် နဂါးတစ်ကောင်၏ သက်လုံရှိသည့်တိုင် ထိုကဲ့သို့များပြားလှသော မီးအိမ်တစ္ဆေ အလှပဂေးများနှင့် ရင်ဆိုင်ရသည့်အခါ သေလုမျောပါး ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် မိန်းမအများအပြား သူ ခေါ်လာခဲ့လျှင် အမြဲသဘောထားကြီးခဲ့သော အသီနာသည်ပင် သူ့ကို သတ်ပစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ယခုတွင် ချန်လွေ့က သူတို့၏သခင် ဖြစ်သွားသည့်အတွက် ဖုံးကွယ်ထားစရာ မလိုအပ်တော့ပေ။ သူက မီးအိမ်တစ္ဆေများအရှေ့၌ အရှိန်အဝါသစ်သီး အမြောက်အမြား ထုတ်ပြခဲ့သည်။ ထိပ်တန်းအဆင့် စွမ်းအင်အမြုတေကဲ့သို့ ကိစ္စကောင်းများက ထိုလှပသောမျက်လုံးများကို တလက်လက် တောက်သွားစေခဲ့သည်။ မီးအိမ်တစ္ဆေများအားလုံး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
မီးအိမ်နှလုံးသား အဆင့်မြင့်လေလေ အသက်ပြန်သွင်းချိန်နှင့် စွမ်းအင် ပိုမို အသုံးပြုရလေလေ ဖြစ်သည်။ ဂျင်းရှာ၏ အကူအညီဖြင့် ချန်လွေ့၏ ဂျင်းနီ၏ ရွှေရောင် နှလုံးသားမီးအိမ်ကို ရှာတွေ့သွားခဲ့ပြီး အရှိန်အဝါ သစ်သီးများနှင့်အတူ ဂျင်းရှာကို ပေးလိုက်သည်။
စိတ်လှုပ်ရှားသွားကြပြီးနောက် မီးအိမ်တစ္ဆေများက အစုလိုက် အလုပ်များနေ ကြတော့သည်။ အချို့က စွမ်းအင်ကုဗတုံးများ ပြုလုပ်ကြပြီး အချို့က အပျက်အစီးထဲမှ ပစ္စည်းများကို ရှင်းလင်းနေကြသည်။ အချို့က အဖော်များကို အသက်ပြန်သွင်းပေးကြပြီး အချို့ကို ပစ္စည်းကိရိယာများကို ပြန်ပြင်နေကြသည်။
ဒီအရှိန်အဝါသစ်သီးတွေက ရဲတိုက်တစ်ခုလုံးကို ပြင်ဆင်ဖို့အတွက် မလုံလောက်ပေမဲ့ အချိန်တစ်ခုကြာပြီးရင် ဒီလို ထိပ်တန်းအဆင့် စွမ်းအင်အမြုတေ ဖန်တီးနိုင်တဲ့ သစ်သီးတွေ ရလာမယ်လို့ သခင် ပြောခဲ့တယ် မဟုတ်လား။ ငါတို့ရဲ့ အဖော်တွေကို ပြန်ပြီးတော့ အသွင်သွင်းနိုင်ဖို့က အနှေးနဲ့အမြန်ပဲ။ အသစ်စက်စက် ရဲတိုက်ကလည်း မြေပေါ်ကို ပြန်ရောက်လာလိမ့်မယ်။
အပျက်အစီးထဲ၌ ချန်လွေ့ကို စိတ်ဝင်စားစေသော အရာများစွာ ရှိသည်။ အထူးသဖြင့် မြင့်မားသော စုစည်းရုပ်သေးကို သူ အတော်လေး စိတ်ဝင်စားနေသည်။ စမ်းသပ်ချက်ထဲ၌ ထိုအရာ၏ တိုက်ခိုက်ရေး ထိရောက်မှုကို သူ မြင်ခဲ့ဖူသည်။ ၎င်းမှာ စစ်ပွဲထဲ၌ အလွန်ကြီးမားသော လူသတ်စက်တစ်ခုသာ ဖြစ်ပေသည်။ သို့သော်လည်း ၎င်းတို့မှာ ပျက်စီးနေသည့်အတွက် ဝမ်းနည်းစရာပင်။ မီးအိမ်တစ္ဆေများက ၎င်းကို အနည်းငယ်သာ ပြင်ဆင်နိုင်သည်။ သို့သော်လည်း အချိန်အကြာကြီး ယူရပေမည်။
စုစည်းရုပ်သေးထက်စာလျှင် ပျက်စီးနေသော ဧရာမ သလင်းကျောက်သားရဲများနှင့် သလင်းကျောက် နတ်ဆိုးသားရဲတို့က မီးအိမ်တစ္ဆေများတို့ကို ဘာလုပ်ရမှန်းမသိ ဖြစ်သွားစေသည်။ သို့သော်လည်း ချန်လွေ့ စိုးရိမ်မနေပေ။ သူ့တွင် စွမ်းဆောင်နိုင်သော သိပ္ပံပညာရှင် မိန်းမတစ်ယောက် ရှိနေလေသည်။ ဇိုလာ၏ အသိပညာနှင့် ရွှေလူသား ထုတ်လုပ်ရာ စံသတ်မှတ်ချက်များကြောင့် နိယာမကို သဘောပေါက်သည်နှင့် ထိုအရာများကို ပြင်ဆင်ရန်မှာ ပြဿနာတစ်ရပ် မဟုတ်လောက်ပေ။
ဆေးရည်အချို့နှင့် ဆေးရည်မည်းများအပါအဝင် အပျက်အစီးထဲ၌ ထူးဆန်းသော အရာများစွာ ရှိနေသည်။ သို့သော် ထိုဆေးရည်များ၏ သက်တမ်း သိပ်မကြာသည်မှာ ဝမ်းနည်းစရာပင် ဖြစ်သည်။ ဆေးရည်မည်းသည်ပင် အနှစ်၁၀၀သာ ခံသည်။ ထို့ကြောင့် ၎င်းတို့သည် အသုံးမဝင်တော့ပေ။ ၎င်းတို့ကို သူ၏မိန်းမဖြစ်သူအား ပြန်လည်အသုံးပြု ခိုင်းပြီး သုတေသန ပြုလုပ်ခိုင်းသည်က ပိုကောင်းပေမည်။ နတ်ဆိုးဘုံသို့ ချန်လွေ့ ပထမဆုံး ရောက်လာစဉ်က ရှေးဟောင်း အဂ္ဂိရတ် မဟာဆရာသခင်၏ အမွေအနှစ် ဆက်ခံသူဟူသော နာမည်ကို ခံခဲ့သည်။ ထိုစကားများက အမှန်တကယ် ဖြစ်လာမည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ သူက ယခုတွင် ထိုနာမည်နှင့် ထိုက်တန်သွားလေပြီ။
အလွန်ကြီးမားသော အကျိုးရလာဒ်များအပြင် အရေးကြီးသော ပြဿနာတစ်ရပ်ကို ချန်လွေ့ သဘောပေါက်သွားသည်။ ပုံမှန်အားဖြင့် စူပါစနစ်သည် အရာရာစွမ်းသော်လည်း ရံဖန်ရံခါ ခြွင်းချက်များ ရှိသည်။ ထိုစမ်းသပ်ချက်အပြင် သက်တန့်တောင်ကြားရှိ နတ်ဘုရား-တစ်ပိုင်း ပိုင်နက်နှင့် ရင်ဆိုင်စဉ်အခါကလည်း စူပါစနစ်ကို အသုံးပြု၍ မရနိုင်ခဲ့ပေ။ ချန်လွေ့၏ အခြေအနေ၌ အသစ်သဘောပေါက်ခဲ့သော ပိုင်နက်လေးခုကြောင့်သာ မဟုတ်ခဲ့လျှင် စူပါစနစ် မရှိသည်နှင့် သူက သာမန၄် အဆင့်တူတူ အချင်းချင်းထက်ပင် နိမ့်ကျနေသည်။
ယခုတွင် ချန်လွေ့က S အဆင့် စိတ်ဝိညာဉ်စွမ်းအား ရှိနေပြီး ကိစ္စများကို ပို၍ထင်ထင်ရှားရှား အာရုံခံနိုင်ပြီ ဖြစ်သည်။ သူက စမ်းသပ်ချက်အတွင်း စူပါစနစ်ကို အာရုံခံမိခဲ့သော်လည်း အစွမ်းများ အသုံးမပြုနိုင်ခဲ့ပေ။ ပုံရိပ်ယောင်မှ နိုးထပြီးတော့ စူပါစနစ်ကို သူ ပြန်လည် အသုံးပြုနိုင်သွားသည်။ ၎င်းမှာ စူပါစနစ်၏ ပြဿနာမဟုတ်ဘဲ သူကိုယ်တိုင်၏ ပြဿနာ ဖြစ်သည်။
ချန်လွေ့က ရေးရေးလေး သဘောပေါက်သွားသည်။ အချိန်အတော်ကြာသည်အထိ စူပါစနစ်ပေါ် သူ၏အထင်များ လွဲမှားနေခဲ့သည်။ ထိုသဘောပေါက်သွားခြင်းကြောင်း သူက အမြင်ပြောင်းသွားပြီး စူပါစနစ်၏ လျို့ဝှက်ဆန်းကြယ်မှုများကို ပိုမိုလေ့လာ တော့မည် ဖြစ်သည်။
ကံဆိုးစွာပင် အမှောင်လတိုက်ပွဲမှာ အရေးတကြီး ဖြစ်နေပြီး စက္ကန့်တိုင်း အရေးပါလှသည်။ သူက ဖြည်းဖြည်းချင်း လေ့လာရန် အချိန်မရှိပေ။ သူက ငှက်တောင်ဖြူနယ်မြေပေါ်ရှိ အစီအစဉ်ကို ချက်ချင်း ပြန်စရမည်ဖြစ်သည်။
တိုက်ပွဲက လို့ဘ်မိုင်းတွင်းရှိ လိုဏ်ဂူ အများအပြားကို ပြိုလဲသွားစေခဲ့သော်လည်း နဂါးထွင်းစာ၏ အထောက်အပံ့ကြောင့် အဓိကလိုဏ်ဂူ ကျန်ရှိနေသေးသည်။ အသက်ရှင်ကျန်သော မိုင်းလုပ်သား အများအပြားလည်း ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။ ယခုတစ်ခေါက် စီကာလီ အပ်ခဲ့သော အလုပ်မှာ လုံးဝ ပြီးသွားပြီဟု ယူဆ၍ ရနိုင်ပေသည်။ သူက ငှက်တောင်ဖြူနယ်မြေသို့ အမြန်ဆုံးပြန်ရမည် ဖြစ်သည်။
ချန်လွေ့ ခဏစဉ်းစားနေလိုက်သည်။ သူက မီးအိမ်တစ္ဆေအချို့အား မထိခိုက်သော မီးအိမ်တစ္ဆေများကို ပြန်လည်အသက်သွင်းရန်အတွက် အပျက်အစီး၌ နေရစ်ခိုင်းခဲ့ပြီး ကျန်ရှိသော မီးအိမ်တစ္ဆေများကို ရုပ်ဖျက်ခိုင်းကာ မြူဖုံးစိမ့်မြေမှ ထွက်သွားစေပြီး အနီးဆုံး ရွန်နီမြို့သို့ သွားခိုင်းလိုက်သည်။ မီးအိမ်တစ္ဆေများအား အမှာင်နတ်ဆိုး စခန်းတစ်ခုသို့ ခေါ်သွားပေးနိုင်မည့် အမှောင်နတ်ဆိုးသူလျှိုများက ငှက်တောင်ဖြူမြို့၌ အဆင်သင့် ရှိနေကြသည်။
မယ်ဒူဆာမျိုးနွယ်အတွက်မူ ချန်လွေ့နှင့် ယာကော့ဘ်တို့၏ တိုက်ပွဲကို မြင်တွေ့ပြီးနောက် ထိုအင်အားကြီးသော သခင်ခံ လုံးဝ အညံ့ခံလိုက်ကြသည်။ ချန်လွေ့က သူတို့ကို အချိန်မရွေး ထွက်ခွာနိုင်ရန်အတွက် အသင့်ပြင်ထားရန် အမိန့်ပေးခဲ့သည်။
အားလုံးကို စီစဉ်ပြီးနောက် ချန်လွေ့က [ ကြယ်ဂိတ် ] ကိုဖွင့်ပြီး ငှက်တောင်ဖြူ မြို့သို့ ချက်ချင်း ပြန်လာခဲ့သည်။ အစက စီကာလီ သူ့ကို အချိန်၁၀ရက် ပေးသည်။ ယခုတွင် သူက အချိန်စော၍ တာဝန်ပြီးစီးသွားသည်။ သိပ်ကြာခင်က စီကာလီက နောက်ဆုံးဖဲချပ်ကို ပြသလောက်ပေသည်။