တန်ပြန်တိုက်စစ်ဆင်ခြင်း၏ အစ
Vol. 102 Ch. 1415
“ကျုပ်ကိုလည်း စောင့်ရှောက်ပေးပါဦး” ဝမ်ဝေ့က ယဉ်ကျေးစွာ ခေါင်းညိတ်လိုက်သည်။
“ကျုပ်တို့တွေ ရက်တစ်ရက်ရှာပြီးတော့ ခေါင်းဆောင်အခမ်းအနားကို သတ်မှတ်ရမယ်” ဝမ်စစ်က ထပ်ပြောလိုက်သည်။
“ကျုပ်က အခုမှ ပြန်ရောက်လာကာစပဲ ရှိသေးတယ်လေ။ အာဏာလွှဲပြောင်းဖို့အကြောင်းတွေ မလိုသေးပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“မဟုတ်ဘူး။ အဲဒါတွေက စည်းမျဉ်းတွေ။ ဒီခေါင်းဆောင်ရာထူးက စံပြစမ်းသပ်ချက်အတွက် အကျိုးကျေးဇူးရှိတယ်။ ပြီးတော့ ခင်ဗျားရဲ့ အောင်မြင်မှုတွေကလည်း ဝမ်မျိုးနွယ်ရဲ့ ကံကောင်းမှုနဲ့ ကြမ္မာကို ပိုပြီးအားဖြည့်ပေးနိုင်လိမ့်မယ်”
“ဒီလိုဆိုရင်လည်း ကျုပ် စမ်းသပ်ချက်ကျော်ဖြတ်ပြီးတဲ့အထိတော့ စောင့်ပါဦး”
“ဟုတ်ကဲ့ပါ” ဝမ်စစ်က ခေါင်းညိတ်လိုက်သည်။
“နောက်တစ်ခုအနေနဲ့ ခင်ဗျားလက်အောက်မှာ လူသားမကောင်းဆိုးဝါးနတ်ဘုရားတချို့ကို ရွေးချယ်လို့ရတယ်။ သူတို့အများစုက ခင်ဗျားကို ကိုးကွယ်ယုံကြည်ကြတာဆိုတော့ ခင်ဗျားနဲ့ အတူတူတွဲပြီး အလုပ်လုပ်ချင်နေကြတာ”
“ကောင်းပါပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ လူသားမကောင်းဆိုးဝါးမျိုးနွယ်က ဒိုင်မေးရှင်းအနိမ့်မှာ ဖြစ်တည်လာတဲ့အတွက် ဝမ်ဝေ့ကို ကောင်းကောင်းသိထားကြသည်။ ထို့ကြောင့် သူတိုအား သူ့သာလွန်ကံကြမ္မာတောင်ထိပ်ဆီ ပြောင်းရွှေ့ကာ သူ့လက်အောက်တွင် ထားရှိသည်က အတွေးကောင်း ဖြစ်၏။
“ဆက်ပြောရအောင်” ခေါင်းဆောင်ယွီချိုက်က ဆက်ပြောလိုက်သည်။
“ဒါကတော့ ခေါင်းဆောင်လီယန်းနဲ့ ခေါင်းဆောင်ယန်းတုယီတို့ပါ”
လီယန်းက အနီရောင်နှုတ်ခမ်းရှိပြီး သဘာဝအတိုင်းဆွဲဆောင်မှုရှိသည့်မျက်လုံးများကို ပိုင်ဆိုင်ထားသည့် မိန်းမလှတစ်ဦး ဖြစ်ပေသည်။ ယန်းတုယီကမူ အီမိုပုံစံ အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ဆံပင်၊ အဝတ်အစား၊ မျက်လုံးနှင့် ရတနာအားလုံးက အနက်ရောင်ဖြစ်ကာ သူ့အငွေ့အသက်ကပင် မှုန်မှိုင်းကာ စိတ်ဓာတ်ကျဖွယ် ဖြစ်နေလေ၏။
ဝမ်ဝေ့က သူတို့ကို ဦးညွှတ်လိုက်သည်။ လီယန်းက ချက်ချင်းမေးလိုက်၏။
“ကျွန်မတို့မျိုးနွယ်က ထာဝရဧကရာဇ်တွေက ဘယ်အချိန်တက်လှမ်းလာမှာလဲ။ သူတို့ရဲ့ ထူးကဲတဲ့အခြေအနေကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ အသေးစိတ် ပြောပြလို့များရမလား”
“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က လီကျွင်းနှင့် ယန်းလီလင်း၏ အခြေအနေအား သူတို့ကို ရှင်းပြလိုက်သည်။
“အဲဒါဆိုရင်တော့ အချိန်ခဏကြာဦးမှာပဲ” လီယန်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ ဂိုဏ်းတွင် ရေတွက်ဖို့ရာ ထာဝရဧကရာဇ်များစွာ ရှိသော်လည်း ဒိုင်မေးရှင်းအနိမ့်မှ ထာဝရဧကရာဇ်များက ကွဲပြားပေသည်။ ကြမ္မာက ဒိုင်မေးရှင်းအနိမ့်တွင်ရှိသည့်အတွက် ပါရမီရှင်များမွေးထုတ်ဖို့ ပိုမိုလွယ်ကူစေသည်။ လီယန်းနှင့် ယန်းတုယီတို့ စုဆောင်းထားသည့် သတင်းအချက်အလက်အရ လီကျွင်းနှင့် ယန်းလီလင်းတို့သည် ထိပ်သီးမျိုးစေ့အဖြစ် အရိပ်အယောင်များ ပြသလာပြီဖြစ်သည့်အတွက် သူတို့အတွက် စိတ်လှုပ်ရှားနေကြသည်။
“ကျွန်မတို့မျိုးနွယ်ကြားက စည်းလုံးညီညွှတ်မှုကို ထိန်းသိမ်းပေးထားတာ ကျေးဇူးပါ” ခေါင်းဆောင်လီယန်းက ဝမ်ဝေ့အား ပြောလိုက်သည်။ သူမက သူ ဒိုင်မေးရှင်းအနိမ့်တွင်ရှိထားသည့် ဂိုဏ်းတစ်ခုလုံးကို ဝမ်မျိုးနွယ်၏ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်နိုင်ကြောင်း သိထားသည်။
ဝမ်ဝေ့က သူမကို ခေါင်းညိတ်ပြလိုက်၏။ ယွီချိုက်က သူ့အား တခြားသောမိသားစုများနှင့်လည်း မိတ်ဆက်ပေးလာသည်။
“ဒါကတော့ ခေါင်းဆောင်လော့၊ ခေါင်းဆောင်ရှဲ့၊ ခေါင်းဆောင်ထျန်၊ ခေါင်းဆောင်စု၊ ခေါင်းဆောင်ယင်နဲ့ ခေါင်းဆောင်ကျိုးတို့ပါ” သူတို့ငါးယောက်က ဝမ်ဝေ့ရှေ့တွင် ရပ်နေပြီး ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လာသည်။ သူက ခေါင်းဆောင်ရှဲ့အား ကြည့်လိုက်၏။ ထိုအမျိုးသမီးက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အကြည့်စူးရှလှသည့် အမျိုးသမီးငယ်လေးတစ်ဦး ဖြစ်ပေသည်။
“တကယ်လို့ ကျုပ် မှတ်မိတာသာ မှန်တယ်ဆိုရင် အရိပ်အုပ်ချုပ်သူ ခေါ်လာတဲ့ အထွတ်အထိပ်အကြီးအကဲရဲ့ မျိုးရိုးနာမည်က ရှဲ့လားလို့”
“သူက ကျွန်မတို့ရဲ့ ဘိုးဘေးပါ” သူမက ပြန်ဖြေလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်ပြီး ဘာမှထပ်မမေးတော့ပေ။ ယွီချိုက်က စကားဝိုင်းကို ထပ်မံစတင်လိုက်၏။
“ဒါတွေကတော့ ဂိုဏ်းရဲ့ သက်ဆိုင်ရာကဏ္ဍတွေမှာ တာဝန်ယူထားတဲ့ အကြီးအကဲတွေပါ။ ဒါကတော့ စည်းကမ်းကြီးကြပ်ရေးခန်းမအကြီးအကဲနဲ့ စလိုက်ရအောင်…”
နောက်ထပ်နာရီပိုင်းကြာ ဝမ်ဝေ့က အထက်ပိုင်းလူအားလုံးနှင့် တွေ့ဆုံခဲ့ပြီး ဒိုင်မေးရှင်းအမြင့်၏ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းများကို အခြေခံနားလည်သွားသည်။ နောက်ဆုံးတွင် သူက မဟာအကြီးအကဲနှင့် ဂိုဏ်းချုပ်အား အရေးကြီးသည့်အစည်းအဝေးအတွက် နေခဲ့ဖို့ အချက်ပြလိုက်၏။
“ပထမတစ်ခုအနေနဲ့ ခင်ဗျားတို့တွေ ဒီအရာကို ပြီးပြည့်စုံစွာ ပုံတူပွားဖို့လိုအပ်တယ်။ ပိုင်ရှင်က လာပြီး ပြန်မတောင်းခင်ပေါ့” ဝမ်ဝေ့က ပြောရင်း သူ့လက်ဝါးအထက် ရွှေရောင်ကျောက်ပြားတစ်ခု မြောလွင့်နေသည်။ ထိုကျောက်ပြားက ပြင်းထန်သည့် တာအိုစည်းချက်တို့ ထုတ်လွှတ်နေပြီး ယွီချိုက်နှင့် ယန်းရွှယ်တို့အား မျက်မှောင်ကြုတ်သွားစေ၏။
“ဒါက အရည်အချင်းတာအိုအဖွဲ့အစည်းရဲ့ တာအိုလမ်းစဉ်ကျောက်ပြားလား” အကြီးအကဲယန်းရွှယ်က မေးလိုက်သည်။
“ဟုတ်ပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ မုန့်ခယ်က ရှုရန်ကို သတ်ပြီးသည့်နောက်တွင် မြောက်ပိုင်းချူးတိုင်းပြည်မှ အရင်းအမြစ်အားလုံးကို ခွဲဝေခဲ့ပြီး ကျောက်ပြားက သူတို့ဝေမျှခဲ့သည့် ဆုလာဘ်တစ်ခု ဖြစ်ပေသည်။
အကြီးအကဲယန်းရွှယ်က သူမလက်ထဲတွင် ထိုကျောက်ပြားကို ကစားရင်း ပြောလိုက်သည်။
“ကျွန်မတို့တွေမှာ အဆင့်(၁၁)အနေအထားနဲ့ အဆင့်(၁၂)ပစ္စည်းကို သန့်စင်နိုင်တဲ့သူက လက်ရှိ တစ်ဦးပဲ ရှိတယ်။ ဒါပေမဲ့ သူက ဆေးလုံးဖော်စပ်သူ။ ကျွန်မတို့လုပ်နိုင်တဲ့ အကောင်းဆုံးအနေအထားက အတုအယောင် ထုတ်ကုန်တစ်ခုပဲ ဖြစ်လိမ့်မယ်”
“အာဏာရှင်တွေရဲ့ ကံကြမ္မာက ပြန်ရောက်လာပြီဆိုတော့ အဖွဲ့အစည်းက သူတို့ရဲ့ ရတနာကို ပြန်တောင်းဖို့ သိပ်ကြာမှာ မဟုတ်ဘူး” ယွီချိုက်က ပြောလိုက်သည်။
“ဒီလိုဆိုရင်တော့ ကျုပ်တို့တွေ အချိန်ဆွဲထားရမယ်” ဝမ်ဝေ့က ဆုံးဖြတ်လိုက်သည်။
“ဒီအချိန်အတွင်းမှာ ကျုပ်တို့တွေ ပြင်ဆင်ထားမှုတွေ စထားရမယ်”
“အဲဒါက ပြဿနာမဟုတ်ပါဘူး” ယွီချိုက်က ခေါင်းညိတ်လိုက်၏။
“ကျုပ်က လူရိုင်းမျိုးနွယ်ကို ကျုပ်တို့ရဲ့ ပုံတူပွားထားတာကို သူတို့ကိုလည်း ကူးယူခိုင်းမယ်လို့ ကတိခံထားတယ်။ အဲဒါကို မမေ့ပါနဲ့” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။ မုန့်ခယ်က ရှုရန်ကို သတ်ခဲ့သော်လည်း ထိုပစ္စည်းက သူ့လက်ထဲတွင်ရှိနေသည့် အဓိကအကြောင်းအရင်းတစ်ခုကမူ လူရိုင်းမျိုးနွယ်သည် အရည်အချင်းတာအိုအဖွဲ့အစည်းမှ ဖိအားကို တောင့်မခံနိုင်၍ ဖြစ်၏။ သို့သော် တာအိုအခွင့်အလမ်းဂိုဏ်းကမူ တောင့်ခံနိုင်သည်။
“ဒီလိုပြောရင်လည်း ရပါတယ်” ယွီချိုက်က ခေါင်းညိတ်လိုက်သည်။ ရှေးဦးမျိုးစေ့က ဂိုဏ်းအတွင်း အာဏာများစွာ ရှိလေသည်။ အထူးသဖြင့် အရင်းအမြစ်များကို ခွဲဝေရာနှင့် ပတ်သက်သည့်အခါတွင် ဖြစ်သည်။ တချို့သော ကိစ္စများကမူ ဘိုးဘေးများဆုံးဖြတ်ပေးဖို့ လိုအပ်သော်လည်း သူတို့၏ အရင်းအမြစ်များနှင့် ပတ်သက်ပြီး ကန့်သတ်ချက်ဟူ၍ မရှိသလောက်နီးပါးသာဖြစ်၏။ ထိုနေရာကို ရောက်ရှိဖို့ လိုအပ်ချက်များလည်း ပြင်းထန်လွန်းလှသည်။ ဂိုဏ်း၏ သမိုင်းကြောင်းတစ်လျှောက် သူတို့တွင် ရှေးဦးမျိုးစေ့ သုံးယောက်သာ ရှိခဲ့ဖူးလေ၏။ ရှေးဟောင်းဖျက်ဆီးခြင်း တစ်ယောက်ကသာ နာမည်အတိုင်း နေထိုင်နိုင်ခဲ့သည်။
“ဒုတိယကိစ္စကတော့ ကျုပ် တစ်စုံတစ်ခုကို နားလည်အောင်လုပ်ဖို့ လိုနေတယ်။ ဒါပေမဲ့ ကျုပ်အနေနဲ့ ကိုယ့်ဘာသာကိုယ်ဆိုရင် အရမ်းကြီးကြာပြီး စိန်ခေါ်မှုတစ်ခု ရှိနေတယ်။ ကျုပ်အနေနဲ့ ယွမ်ခေတ်ကာလတစ်ခုအတွင်းမှာ ပြီးမြောက်အောင် လုပ်နိုင်ဖို့ နည်းလမ်းများ ရှိမလား”
အကြီးအကဲယန်းရွှယ်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ထိုအမျိုးသားသည် မည်မျှပါရမီကောင်းကြောင်း သိထားပြီး တစ်စုံတစ်ခုကို နားလည်ဖို့ စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်း ပြောသည့်အခါ ထိုအရာက မည်သည့်အဆင့် ဖြစ်နေမည်နည်း။ သူမက တစ်စုံတစ်ခုတွေးမိသွားကာ ရုတ်ချည်း သဘောပေါက်သွားလေသည်။
“အတွေ့အကြုံဆေးလုံးကို သုံးလို့ရတယ်။ အဲဒါက နားလည်ချင်တဲ့ဟာကို ဖန်တီးထားတဲ့သူရဲ့ အမြင်ကနေ တွေ့ကြုံခွင့်ပြုထားတယ်။ အဲဒါက မိုးမြေဆိုရင်တောင်ပေါ့” အကြီးအကဲယန်းရွှယ်က အကြံပြုလိုက်သည်။
“မဟုတ်ဘူး။ အဲ့လိုလုပ်လို့ မရဘူးလေ။ မှတ်မိသေးလား။ ကျုပ်တို့တွေ နောက်ဆုံးတုန်းက သေမျိုးဘဝစစ်ဆေးမှုကို ဆင့်ခေါ်ဖို့ အတွေ့အကြုံဆေးလုံးကို သုံးခဲ့တယ်လေ”
“နောက်ဆုံးအတွေ့အကြုံ ဆေးလုံးကို သုံးပြီးသွားပြီလေ”
“အိုး ဟုတ်သားပဲ” အကြီးအကဲယန်းရွှယ်က ခေါင်းညိတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမက နောက်ထပ် အကြံပြုချက်ကို မစဉ်းစားနိုင်တော့ပေ။
“တစ်ခုတည်းသော ကျန်ရှိတာက စိတ်ချဲ့ကားဆေးပဲ ကျန်တော့တယ်။ ဒါပေမဲ့ …” ယွီချိုက်က ပြောလိုက်သည်။
“ဆိုးကျိုးက အရမ်းကို ပြင်းထန်လွန်းတယ်” အကြီးအကဲယန်းရွှယ်က သဘောမတူပေ။
“အဲဒါကပဲ လုပ်လိုက်ရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။ သူက စိတ်ချဲ့ကားရေးဆေးကို သိထားလေ၏။ ထိုအရာက စိတ်နှင့် အပြင်ဘက်ကြားတွင် အချိန်ကို ချဲ့ကားနိုင်သည့် စံပြအဆင့်ဆေးလုံးတစ်ခု ဖြစ်ပေသည်။ အစွန်းရောက်အခြေအနေတွင် လူတစ်ယောက်၏ စိတ်ထဲ၌ တစ်စက္ကန့်က အပြင်ဘက်တွင် ယွမ်ခေတ်ကာလတစ်သောင်းနှင့် တူညီကြောင်း ပြောနိုင်သည်။ သို့သော်လည်း စိတ်ချဲ့ကားနိုင်စွမ်းက ပိုမိုမြန်ဆန်လေလေ ဝိညာဉ်အပေါ် ဝန်ထုပ်ဝန်ပိုးက ပိုမိုကြီးမားလာလေလေ ဖြစ်၏။
“အိုး ဟုတ်သားပဲ။ ရှင့်ဆီမှာ စံပြဝိညာဉ် ရှိထားတယ်ဆိုတာတောင် မေ့သွားတယ်” ယန်းရွှယ်က ခေါင်းညိတ်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်ကာကွယ်ရေးဆေးလုံးတော့ ပေးထားသင့်တယ်”
“ကိစ္စမရှိဘူး။ တခြားဘာလိုအပ်တာ ရှိသေးလဲ” ယွီချိုက်က ထရပ်ကာ ပြောလိုက်သည်။
“အခုတော့ ဒီလောက်ပါပဲ”
“ကောင်းပါပြီ” သူက ထိုသို့မလုပ်ဖို့ မလိုသော်လည်း ယွီချိုက်က လိုအပ်သည့်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ စုဆောင်းပေးခဲ့သည်။
“ရှင် အလုပ်ရှုပ်နေမယ်ဆိုတာကို သိလို့ သွားလိုက်ပါဦးမယ်။ တစ်ခုခုလိုအပ်နေရင် ခေါ်ဖို့ ဝန်လေးမနေပါနဲ့” အကြီးအကဲယန်းရွှယ်က ပြောပြီးသည့်နောက်တွင် ထွက်ခွာသွားလိုက်၏။
“ဘယ်လိုထင်လဲ” ဝမ်ဝေ့က ဗလာအခန်းအား ကြည့်ကာ မေးလိုက်သည်။ ထို့နောက် အနီရောင်မျက်နှာဖုံးက သူ့အနားတွင် ဒူးတစ်ဖက်ထောက်လျက် ပေါ်ထွက်လာသည်။
“ဝမ်၊ လီနဲ့ ယန်းမျိုးနွယ်တို့ကတော့ ခေါင်းဆောင်ပြန်ရောက်လာတာကို အတော်လေး စိတ်လှုပ်ရှားနေကြတယ်။ ဒါပေမဲ့ တခြား၆ယောက်ကတော့ အဲ့လောက် မဟုတ်ဘူး” ဝမ်ဝေ့က ခေါင်းညိတ်ပြီး သူမအား ဆက်ပြောဖို့ အချက်ပြလိုက်သည်။
“ခေါင်းဆောင်ရဲ့ တည်ရှိမှုက မျိုးနွယ်သုံးခုရဲ့ အာဏာကို ပိုပြီးတော့ ခိုင်မာသွားစေလိမ့်မယ်။ အထူးသဖြင့် ငါးယောက်မြောက် ရှေးဦးစံပြဖြစ်လာပြီးတဲ့နောက်မှာပေါ့” အနီရောင်မျက်နှာဖုံးက ရှင်းပြလိုက်သည်။
“မျိုးနွယ် ၆ခုထဲက အများစုကတော့ ကြားနေဖြစ်တဲ့ပုံပဲ။ စုနဲ့ ကျိုးမျိုးနွယ်ကတော့ ခြွင်းချက်ပေါ့။ သူတို့ရဲ့ ခေါင်းဆောင်က သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေပေမဲ့လည်း ကျွန်မ အာရုံခံမိတယ်”
ဝမ်ဝေ့က ခေါင်းညိတ်ပြီး အမှတ်အသားပြားကို ကြည့်လိုက်သည်။ သူတို့က သူ့အတွက် အဆင့်အတန်းတစ်ခု ပြင်ဆင်ထားပြီးသည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်ကြောင်း ပြသနေလေ၏။ ကြည့်ရသည်မှာ ဘိုးဘေးယန်းအိုက်၏ အမိန့်ဖြစ်ဟန်ပေါ်သည်။
“တခြားတစ်ခုခုရှိသေးလား”
“မဟာအကြီးအကဲနဲ့ ခေါင်းဆောင်ရှဲ့တို့ကတော့ ကျွန်မတို့ရဲ့ တည်ရှိမှုကို ခံစားမိတယ်”
“အိုး” ဝမ်ဝေ့က မဟာအကြီးအကဲယန်းရွှယ်သည် သူမကို တွေ့သည့်အချက်ကို မအံ့ဩမိပေ။ သူမသည် အရင်တုန်းက စံပြတစ်ယောက်ဖြစ်ခဲ့ဖူးလေသည်။ သို့သော် ခေါင်းဆောင်ရှဲ့ကမူ ကွဲပြားလေ၏။
“သူမက ကျွန်မလိုမျိုး အရိပ်နဲ့ ပတ်သက်နေနိုင်တယ် ” အနီရောင်မျက်နှာဖုံးက ဆက်ပြောလိုက်သည်။
“သူမက အဲဒီအလုပ်ကို ကျွမ်းကျင်တဲ့ပုံပဲ”
“အဲ့လိုလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ဒီမှာ ငါ သီးသန့်ကျင့်ကြံနေတုန်း မင်းကိုယ်မင်း ဂိုဏ်းထဲမှာ နေရာယူထားဖို့ လိုတယ်။ အဲဒီမျိုးနွယ်တွေက အားကောင်းတဲ့ ဘိုးဘေးတွေရဲ့ ကာကွယ်မှုမရှိသေးတဲ့အတွက် အခွင့်အရေးကို အသုံးပြုပြီးတော့ သူတို့ရဲ့ နေရာထဲမှာ ကျူးကျော်ဖို့လုပ်ထား။ သူတို့ရဲ့ ခေါင်းဆောင်ဝတ်တဲ့ အတွင်းခံအရောင်ကစ သိချင်တယ်။”
“ကိစ္စမရှိပါဘူး။ ဒါနဲ့ ကျွန်မ အောက်ခြေစည်းမျဉ်းထားထားရဦးမလား”
“သူတို့အတိုင်းပဲ။ စည်းမျဉ်းအလိုက် ကစားပေါ့” ဝမ်ဝေ့က ညွှန်ကြားလိုက်သည်။
“ငါက သတင်းအချက်အလက်ပဲ လိုချင်တာ။ ဂိုဏ်းရဲ့ စည်းလုံးညီညွှတ်မှုကို ချိုးဖောက်မှာ မဟုတ်ဘူး”
သူက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေသည်။ ဤသည်က ဂိုဏ်းကို ပြန်လာရသည့် အကြောင်းအရင်းထဲမှ တစ်ခုလည်း ဖြစ်၏။
လမင်း၇စင်းခေတ်ကာလက အဆုံးသတ်သွားပြီဖြစ်ရာ ချီတင်းနှင့် အချိန်စားသုံးသူသာ ကျန်ရှိတော့လေသည်။ ချီတင်းက အားနည်းသည့် အခွံ့မျှသာ ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်က အခွံတစ်ခု မဟုတ်တော့သည်နှင့် ပြိုလဲသွားတော့မည်။ ထို့ကြောင့် နောက်ဆုံးသော ခေတ်ကာလ၏ အကြွင်းအကျန်အနေဖြင့် အချိန်စားသုံးသူသာ ကျန်ရစ်လိမ့်မည်။
ဝမ်ဝေ့၏ အစီအစဉ်က အချိန်စားသုံးသူ၏ သေဆုံးမှု ပါဝင်နေလေသည်။ ဆိုလိုသည်မှာ ထိုသူသည် သေဆုံးဖို့ ကံကြမ္မာဖန်လာပြီးသား ဖြစ်၏။
ယခုကား ဂိုဏ်းဆီ ပြန်လာပြီး အနာဂတ်အတွက် ပြင်ဆင်ထားဖို့ အချိန် ကျရောက်လာလေပြီ။