ပြန်လည်ဆုံစည်းခြင်း အပိုင်း(၄)
Vol. 102 Ch. 1421
“ဒီအကြောင်း သေချာရဲ့လား” ယွီချိုက်က မေးလိုက်သည်။
“သူတို့က ကျုပ်တို့ထက်တောင်မှပဲ ၂၅ နေရာ ပိုပြီးတောင်းနေတာ”
တာအိုအခွင့်အလမ်းဂိုဏ်းက လူအရေအတွက် ၁၁ယောက်လွှတ်ဖို့ စီစဉ်ထားလေသည်။ မျိုးနွယ်ကိုးခုနှင့် ဂိုဏ်းအမှူထမ်းအဖွဲ့မှ တစ်ယောက်စီတို့ဖြစ်ပြီး ဝမ်ဝေ့ပါ ပါလေသည်။
ဝမ်ဝေ့က သူ့ရှေ့တွင်ရှိသော ပုံရိပ်ယောင်ကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်သည်။
“ကိစ္စမရှိဘူး။ ဗိမာန်က လူတွေက အရေအတွက်ပမာဏများတာက သူတို့ကိုပစ်မှတ်ထားနိုင်မယ်ဆိုတာကို သဘောမပေါက်ကြသေးဘူး”
“အင်း နတ်ဆိုးမျိုးနွယ်က သူတို့ရန်သူတွေ စံပြအသစ်၂၅ယောက် ပြုစုပျိုးထောင်ပေးမှာကို ငြိမ်ငြိမ်လေး ကြည့်နေကြမှာတော့ မဟုတ်သေးဘူး” ယွီချိုက်က ခေါင်းညိတ်လိုက်သည်။
“နတ်ဆိုးမျိုးနွယ်တင်မကသေးဘူး တခြားအာဏာရှင်တွေကလည်း ဒါကို ရပ်ကြည့်နေမှာ မဟုတ်ဘူး။ ကျုပ်တို့က အခမ်းအနားအတွက် တာဝန်ယူထားရပြီးတော့ ဒုတိယအရေအတွက်အများဆုံးပဲ အဲ့ဆိုတော့ ကျုပ်တို့ကလည်း ပစ်မှတ် ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် အသင့်ပြင်ထားပါ” ဝမ်ဝေ့ကလည်း ထပ်ပြောလိုက်သည်။
“ခင်ဗျားကော အဲ့ဒီမှာ ရှိနေမှာမလား”
“အားလုံးကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားသွားမယ်ဆိုပေမယ့် ကျုပ်မှာလည်း ကျုပ်အစီအစဉ်နဲ့ကို ရှိသေးတယ်။ ဒီစစ်ဆေးမှုက မရှိးရှင်းဘူးဆိုတာ တစ်စုံတစ်ခုက ပြောပြနေတယ်” ဝမ်ဝေ့က အသိအမှတ်ပြုလိုက်သည်။
“ဒီလိုဆိုရင်တော့ ကျုပ်တို့ရဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ကာကွယ်ထားဖို့ ပြင်ဆင်ထားရလိမ့်မယ်” ယွီချိုက်က ခေါင်းညိတ်လိုက်၏။ ရွေးချယ်ခံထားရသည့်လူအားလုံးက ပါရမီရှင်များဖြစ်သည့်အတွက် သူတို့သည် စံပြစမ်းသပ်ချက်တွင် ကျရှုံးသွားလျှင် ကိစ္စတစ်ခုဖြစ်သော်လည်း စမ်းသပ်ချက်ခံယူဖို့ အခွင့်အရေးမရသေးခင် သေဆုံးသွားသည်က နောက်ထပ်အရာတစ်ခု ဖြစ်ပေသည်။
“ဒါနဲ့ တော်ဝင်နဂါးရေစင်ကို ဘယ်လောက်များများဝယ်စေချင်လဲ”
“တတ်နိုင်သလောက် များများဝယ်ထားလိုက်ပါ။ ဗိမာန်က ကျုပ်တို့ကို အခွင့်ကောင်းယူဖို့မကြိုးစားသရွေ့ပေါ့။ ပြီးတော့ အဆောင်ညှိုနှိုင်းမှုမှာ ဖြည်းဖြည်းချင်းလုပ်ဆောင် … အရမ်းကြီးအလျင်မလိုမိစေနဲ့။ ပြီးရင် အရေအတွက်များများဝယ်ပြီးသွားရင် သူတို့တွေက တန်ကြေးကိုမြှင့်ဖို့ကြိုးစားလိမ့်မယ်။ အဲ့ဒီအခါကျရင် ရပ်လိုက်တော့” ဝမ်ဝေ့က သတိပေးလိုက်သည်။
“ကောင်းပါပြီ။ ကျုပ် နားလည်ပါတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ခင်ဗျားက ဉာဏ်ရှိတယ်ဆိုတာ ကျုပ်သိတယ်။ ခင်ဗျားကို ပြောစရာမလိုဘူးဆိုတာလည်း သိတယ်။ ဒါပေမဲ့ လိုလိုမယ်မယ်ပြောရဦးမယ်။ နတ်ဆိုးမျိုးနွယ်နဲ့ ပင်ကိုယ်နတ်ဘုရားကြားက ပဋိပက္ခတွေကို ဝင်ရောက်မပတ်သက်မိစေနဲ့”
“အဲ့ဒီအကြောင်း ပြောနေစရာမလိုပါဘူး” ယွီချိုက်က ပြန်ဖြေလိုက်သည်။ ထိုသို့ဆုံးဖြတ်ချက်မျိုးက အာလူးပူပူတစ်လုံး ကိုင်ဆောင်ထားရသလိုဖြစ်သည့်အတွက် သူ့အနေနှင့် မပတ်သက်လိုပေ။ သူ့အကြီးမားဆုံးလိုအင်ဆန္ဒက ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့ဖြစ်ပြီး ဂိုဏ်း၏ ကံကောင်းမှုကိုအသုံးပြုကာ စံပြတစ်ယောက် ဖြစ်လာစေဖို့ ဖြစ်သည်။
“အဲ့လိုဆိုတော်သေးတာပေါ့။ ဒါနဲ့ ခင်ဗျားကော ဒီစစ်ဆေးမှုမှာ ဝင်ရောက်မှာလား”
“မပါပါဘူး။ ကျုပ်ရဲ့အုတ်မြစ်က သိပ်မနက်ရှိုင်းသေးဘူး။ အဲ့ဆိုတော့ သော့ခလောက်ပျောက်ကွယ်သွားတဲ့အထိ စောင့်ဆိုင်းပြီးမှပဲ စံပြအဆင့် တက်လှမ်းဖို့ကြိုးစားတော့မယ်” ယွီချိုက်က ပြန်ဖြေလာသည်။
“ခင်ဗျား ရွေးထားတာက အခြေအနေကောင်းပဲ။ တကယ်လို့ အခြေအနေတွေက အလျင်မလိုရင် ကျုပ်လည်း အချိန်လိုချင်မိတယ်” ဝမ်ဝေ့က ဝန်ခံလိုက်သည်။ သိပ်မကြာခင် သူတို့က စကားဝိုင်းကို အဆုံးသတ်လိုက်၏။ ယွီချိုက်က အလုပ်များနေပြီး ဝမ်ဝေ့ကမူ သူ့မိတ်ဆွေဟောင်းများ မကြာခင် လာရောက်တော့မည်ကို ခံစားချက်ရနေသည်။ သို့သော်လည်း နောက်ထပ် ရောက်လာသည့်သူကမူ မျှော်လင့်မထားသည့်သူ ဖြစ်နေ၏။
“မင်းက ဟွားရွှယ်မလား။ နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်ရဲ့ ဇနီးလေ” ဝမ်ဝေ့က မေးလိုက်သည်။
“ဟုတ်ပါတယ်”
“သူမနဲ့အတူ အဖမ်းမခံလိုက်ရဘူးလား”
“သူမက ကျွန်မကို ကောင်းကောင်းဝှက်ထားပေးတာ” ဟွားရွှယ်က ပြန်ပြောလာသည်။
“အဲ့ဒီကတည်းက ပုန်းအောင်းနေခဲ့တာပေါ့”
“ဟုတ်ပါတယ်”
“အင်း မင်းက ကံကောင်းတာလား၊ အတော်လေး လုပ်နိုင်စွမ်းရှိတာလား … တစ်ခုခုပဲဖြစ်မယ်။ ဒီကို ဘာအတွက်များရောက်လာတာလဲ” ဝမ်ဝေ့က အဖန်ရည်သောက်ရင်း မေးလိုက်သည်။
“ဝါအာဆီကနေပြီးတော့ သတင်းစကားရရှိလို့ပါ။ သူမက ရှင့်ဆီကနေ အကူအညီတောင်းဖို့ တောင်းဆိုလိုက်လို့ပါ”
ဟုန်ဝါက စာကို သတိမထားမိစေဘဲ ပို့ဖို့ရာ ရာခိုင်းနှုန်းပြည့် မဖြစ်နိုင်ဘူး။ အဲ့ဆိုတော့ ချင်တိုင်းပြည်က သူမကို တမင်ပို့ခိုင်းလိုက်တာပဲ ဖြစ်ရမယ်။ သူတို့တွေက ငါကို သူမကိုကယ်ဖို့ကြိုးစားခိုင်းပြီးတော့ အာဏာရှင်နှစ်ခုကြားက ပဋိပက္ခဖြစ်မှုအဖြစ် ပြောင်းလဲပစ်ချင်တာလား ....
ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် သုံးသပ်လိုက်၏။
“သူမနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာမလိုဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“နောင်အနာဂတ်ကျရင် ချင်တိုင်းပြည်က ငါနဲ့ညှိနှိုင်းယုံကလွဲပြီး ရွေးချယ်စရာမရှိဘူး။ အဲ့ဒီအချိန်ကျရင် အပေးအယူအနေနဲ့ သူမကို ပြန်ပေးဖို့ တောင်းဆိုနိုင်တယ်။ သူမက လူသားနဲ့ကောင်းကင်ဧကရာဇ်ရာထူးကိုတော့ ဆုံးရှုံးကောင်း ဆုံးရှုံးရနိုင်တယ်ဆိုပေမယ့် အသက်ရှင်နေနိုင်သေးတယ်”
ဟွားရွှယ်က ပါးစပ်ဟကာ ပြောလိုသော်လည်း ဘာပြောရမှန်းမသိပေ။
“အဲ့ဒီအချိန်အထိ မင်း ဒီဂိုဏ်းမှာပဲ နေပြီးတော့ သူမပြန်လာတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်နေပေါ့”
ဟွားရွှယ်က သတ္တိကို စုစည်းကာ ပြောလိုက်သည်။
“အဲဒါက ဘယ်လောက်များကြာမှာလဲ”
“ဒါက စောင့်ဆိုင်းရတဲ့ ကစားပွဲဆိုတော့ ယွမ်ခေတ်ကာလထောင်ချီပြီး ကြာနိုင်တယ်”
“အဲ့ဒီမတိုင်ခင် သူမ တစ်ခုခု ဖြစ်သွားခဲ့ရင်ရော”
“အဲ့လိုဆိုရင်တော့ သူမရဲ့ကံကြမ္မာပဲပေါ့” ဝမ်ဝေ့က တည်ငြိမ်စွာ အေးစက်စက်ပြောလိုက်သည်။
“ငါ မင်းကို ကူညီချင်တဲ့အချက်က ငါရဲ့ကောင်းမွန်တဲ့ သဘာဝကြောင့်ပဲ။ လူအများစုက မင်းကို ခိုလှုံခွင့်တောင် ပေးချင်ကြမှာ မဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒါပေမဲ့”
“မင်းက ဉာဏ်ကောင်းတဲ့အမျိုးသမီးပဲ။ အာဏာရှင်တွေကြားက ပဋိပက္ခအကြောင်းကို မင်း နားလည်မှာပါ။ မင်းဇနီးနဲ့ ငါ့ရဲ့ဆက်ဆံရေးက သူမအတွက် ချင်တိုင်းပြည်ကို တိုက်ခိုက်ပေးတဲ့အထိ နက်ရှိုင်းတယ်လို့ မင်း ထင်နေလား”
ဟွားရွှယ်က တိတ်ဆိတ်သွားလေသည်။
“ကျွန်မ နားလည်ပါပြီ”
ဝမ်ဝေ့က ဝမ်ချီအား ဆင့်ခေါ်ကာ ထိုအမျိုးသမီးအား နေရာချခိုင်းခဲ့လိုက်သည်။
တကယ်လို့ သူမသာ ဧကရာဇ်တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ စမ်းသပ်ချက်အတွက် အခွင့်အရေးတစ်ခု ပေးလို့ရတယ်။ သူမက စံပြတစ်ယောက်ဖြစ်လာနိုင်ချေရှိပြီးတော့ ချင်တိုင်းပြည်ကို တိုက်ခိုက်ပြီးတော့ ပြဿနာရှာနိုင်လောက်တယ် ...
သူတို့ဘိုးဘေးများမရှိဘဲ ချင်တိုင်းပြည်က စံပြတစ်ယောက်၏ တိုက်ကွက်ဖြင့် ဒုက္ခခံစားရနိုင်ချေရှိသည်။ နှမြောစရာကောင်းလှစွာဖြင့် ဟွားရွှယ်က တာအိုဘိုးဘေးတစ်ယောက်မျှသာ ဖြစ်နေသေး၏။
သူမရဲ့ လူသားနဲ့ကောင်းကင်ဧကရာဇ်အဆင့်အတန်းကို ဆုံးရှုံးလိုက်ရတာက ဟုန်ဝါရဲ့အလားအလာကို လျော့ကျသွားစေပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ မထိုက်တန်တော့ဘူး။ ....
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒါပေမဲ့ ဒါက စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြောင်းတစ်ခုပဲမလား။ သူမရဲ့ ပါရမီကို အတင်းအကြပ်ကို ယူဆောင်သွားခံရပြီးတဲ့နောက်မှ သူမက အလျင်အမြန် ကြီးထွားလာပြီးတော့ သူမကို ထိခိုက်အောင် လုပ်တဲ့လူတွေကို ပြန်ပြီးတော့လက်စားချေဖို့လေ ....
ဝမ်ဝေ့က လှောင်ပြောင်လိုက်သည်။
ပုံမှန်ဆိုရင်တော့ ချင်တိုင်းပြည်လိုမျိုးအင်အားစုက ဒီလိုဖြစ်ရပ်မျိုးနဲ့ တွေ့ဖို့ အရမ်းကိုအားကောင်းလွန်းတယ်။ ဒါပေမဲ့ ရောက်ရှိလာမယ့်ကပ်ဘေးက စစ်တုရင်ခုံကို ပြန်လည်မွှေနှောက်ပစ်မှာဆိုတော့ မဟာချင်က ဒီကိစ္စမှာ ထိခိုက်သွားနိုင်တယ်။ အဲ့ဆိုတော့ ဟုန်ဝါအတွက်လည်း အခွင့်အရေးတစ်ခု ရသွားနိုင်တယ် ....
ဝမ်ဝေ့ လုပ်ဖို့လိုသည့်အရာက ဟုန်ဝါကို ကယ်တင်ပြီး သူမအားပြန်လည်ရပ်တည်နိုင်ဖို့ အနည်းငယ် ရင်းနှီးမြှုပ်နှံဖို့သာဖြစ်၏။ သူမက သူ့၏ ပြိုင်ဖက်တစ်ယောက် ကျရှုံးမှုကို ဆောင်ကျဉ်းပေးနိုင်လိမ့်မည်။
သူမက ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်၏။
ဝမ်ဝေ့က လက်ကိုဝေ့ကာ တစ်စုံတစ်ယောက်ကို ဆင့်ခေါ်လိုက်၏။ ထိုသူက စည်းပိတ်ခံထားရသည့် ဒေါသ ဖြစ်ပေသည်။ သူက သူမအား စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်း ဆရာရဲ့ မျိုးဆက်ကိုကယ်ဖို့ အခွင့်အရေးတစ်ခု ရှိတယ်။ မင်း ကြားချင်လား”
“ဘာအခွင့်အရေးလဲ”
ဝမ်ဝေ့က သေမျိုးဘဝ စစ်ဆေးမှုအကြောင်း သူမအား ရှင်းပြလိုက်သည်။
“ကျွန်မ ပြိုင်မယ်” ဒေါသက တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်၏။ သူမက ဧကရာဇ်မျှသာရှိသေးပြီး စံပြတစ်ယောက်ဖြစ်လာဖို့အခွင့်အရေးက နည်းပါးလွန်းသော်လည်း ကြိုးစားကြည့်ချင်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက ကောင်းကင်ဘုံအဆင့်နှင့် နီးကပ်နေပြီဖြစ်သည့်အတွက် မဖြစ်နိုင်ခြင်း မဟုတ်ပေ။
“ကောင်းမွန်တဲ့ ရွေးချယ်မှုပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ယောက်ကို ခေါ်ကာ သူမအတွက် စီစဉ်ပေးခိုင်းလိုက်သည်။ ဒေါသနှင့်ဟွားရွှယ်တို့ကို ဖြေရှင်းပြီးသည့်နောက်တွင် သူက ဒိုင်မေးရှင်းအနိမ့်မှ ပါရမီရှင်တချို့ကို ဆင့်ခေါ်ဖို့ အတွေးရလာမိသည်။ ထို့ကြောင့် သူက အဆောင်ကို အသုံးပြုကာ လူနှစ်ယောက်ကို ဆက်သွယ်လိုက်၏။ ထိုလူများက ရှောင်စုန့်ချီနှင့် ယန်ကောဝေတို့ ဖြစ်သည်။
“မင်း ကြည့်ရတာ အတော်လေး ဆိုးရွားနေတာပဲ” ဝမ်ဝေ့က ဖရိုဖရဲဖြစ်နေသည့် ယန်ကောဝေကို ကြည့်ကာပြောလိုက်၏။
“ပြီးတော့ ပင်ပန်းနေတဲ့ပုံပဲ” သူက ရှောင်စုန့်ချီကိုပြောလိုက်သည်။
“ကျုပ်တို့ကို လှောင်ဖို့ခေါ်လိုက်တာလား” ယန်ကောဝေက မေးလိုက်သည်။
“ငါ အဲ့လောက်ကြီး အားယားမနေဘူး။ မင်းတို့အတွက် အပေးအယူတစ်ခု ရှိတယ်” ဝမ်ဝေ့က ပြောလိုက်၏။
“ကျုပ်တို့ကို ဂိုဏ်းထဲ ခေါ်ချင်တာလား” ရှောင်စုန့်ချီက မေးလိုက်၏။
“အဲ့တာကြောင့် ဉာဏ်ကောင်းတဲ့သူတွေကို သဘောကျတာ။ ယန်ကောဝေ … မင်းအတွက်တော့ ရွေးချယ်စရာ နှစ်ခုရှိတယ်။ လွတ်လွတ်လပ်လပ်နေပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ဧည့်အကြီးတစ်ယောက်ဖြစ်လာ ဒါမှမဟုတ်ဘူးဆိုရင်တော့ ငါ့ကိုခစားပြီးတော့ တရားဝင်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာ”
“ကျုပ် အမေကို ကယ်နိုင်မှာလား” ယန်ကောဝေက ချက်ချင်းမေးလာသည်။
“သူမက ဘာဖြစ်လို့လဲ”
“သူမက ထာဝရဇာမဏီဆီ သူမရဲ့ ဝိညာဉ်ကို ပေးလိုက်တာ။ သူသေဆုံးသွားတော့ တန်ပြန်သက်ရောက်မှုက သူမကိုသတ်လုနီးပါးဖြစ်သွားတယ်လေ။ အကောင်းဆုံးကြိုးစားပြီးတော့ သူမကိုကယ်တင်ခဲ့ပေမယ့် သူမရဲ့ ဝိညာဉ်က အတော်လေးပျက်စီးသွားတယ်။ စံပြအဆင့် အရင်းအမြစ်တွေကပဲ သူမကို ကယ်တင်ပေးနိုင်မှာ”
“သေချာပြောနိုင်ဖို့အတွက်ကိုတော့ သူမနဲ့ အရင်ဆုံးတွေ့ရဖို့လိုတယ်။ ဒါပေမဲ့ ဆေးလုံးတချို့မကုစားနိုင်တဲ့ အရာမျိုးတော့ မဟုတ်တဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲ့ဆိုတော့ ခင်ဗျား ကျုပ်ကို ကူညီမှာလား”
“အဲ့တာက မင်းရွေးချယ်မှုပေါ် မူတည်တယ်။ တကယ်လို့ မင်း ပထမဟာကို ရွေးချယ်မယ်ဆိုရင် မင်း လိုအပ်မယ့်ဆေးလုံးကို ရနိုင်မယ့်နေရာကို ပြောပြပေးမယ်။ တကယ်လို့ မင်းက ငါ့ကိုခစားဖို့ ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ငါရဲ့ အရင်းအမြစ်တွေကနေပြီးတော့ မင်းဆီကို ချေးပေးမယ်”
“ဒုတိယတစ်ခုကို ရွေးတယ်” ယန်ကောဝေက ပြောလိုက်သည်။ သူနှင့်တစ်ချိန်က ပြိုင်ဖက်ဖြစ်ခဲ့သူတစ်ဦးကို ခစားဖို့ရာ သူ့မာန ထိခိုက်သော်လည်း သူ့အမေကို ကယ်တင်နိုင်ဖို့ မည်သည့်အရာကမှ အရေးမကြီးပေ။ ထို့အပြင် ဝမ်ဝေ့က သူ့မျိုးဆက်၌ အားလုံးကို ကျော်လွန်သွားသည့် ဒဏ္ဍာရီလာတစ်ခု ဖြစ်လာခဲ့သည်။
“ကောင်းပြီလေ။ ဂိုဏ်းကိုလာခဲ့။ ငါတို့တွေ စာချုပ် ချုပ်ဆိုကြတာပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ ယန်ကောဝေဖြစ်စေ သို့မဟုတ် ရှောင်စုန့်ချီဖြစ်စေ နှစ်ဦးလုံးက မှန်မှန်ကန်ကန် ပြုစုပျိုးထောင်နိုင်လျှင် ထိပ်တန်းစံပြဖြစ်လာဖို့ အခွင့်အရေးရလေသည်။ ထို့ကြောင့် သူတို့ထံတွင် ရင်းနှီးမြှုပ်နှံဖို့က ထိုက်တန်လေ၏။
ဝမ်ဝေ့က ယန်ကောဝေနှင့် စကားဝိုင်းကို အဆုံးသတ်ပြီး ပိုင်ရှယ်မျိုးနွယ်၏ အရင်အုပ်ချုပ်သူကိုသာ အာရုံစိုက်ထားလိုက်သည်။
“ကျုပ်အတွက် တခြားတစ်ခုရှိနေပုံပဲ” ရှောင်စုန့်ချီက ပြောလာသည်။
“မင်းက ပင်လယ်မျိုးနွယ် ဒါမဟုတ် နတ်ဆိုးမျိုးနွယ်ကို ဘာလို့မပူးပေါင်းတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။ ပင်လယ်မျိုးနွယ်က ထိပ်တန်းမျိုးနွယ်တစ်ခုဖြစ်ပြီး ရှေးဦးစံပြတစ်ယောက် ရှိထားလေသည်။
“ပင်လယ်မျိုးနွယ်က ကျုပ်တို့မျိုးနွယ်ခြားကို ဘယ်လိုဆက်ဆံလဲဆိုတာ တွေ့ကြုံပြီးသားလေ” ရှောင်စုန့်ချီက လှောင်ပြောင်ကာပြောလိုက်သည်။ သူ့ယခင်အတွေ့အကြုံများက သူသည် ထိုအင်အားစုများထံ ဝင်ရောက်ခြင်းထက် လေလွှင့်ကျင့်ကြံသူအဖြစ် နေဖို့ ရွေးချယ်ခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်သည်။
“နားလည်လို့ရပါတယ်။ မင်းသာ လုံလုံလောက်လောက် စတေးနိုင်မယ်ဆိုရင် ထာဝရဧကရာဇ်ဖြစ်လာဖို့ ဒုတိယအခွင့်အရေး ရနိုင်မလားလို့ မေးခဲ့ဖူးတာ မှတ်မိတယ်မလား” ဝမ်ဝေ့က ပြောလိုက်၏။
ရှောင်စုန့်ချီက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
“မှတ်မိပါတယ်”
“ကောင်းပြီလေ။ ငါ အခုအဲဒါကို စမ်းသပ်ကြည့်ဖို့ နည်းလမ်းတစ်ခု တွေ့ထားတယ်။ မင်းရဲ့ ပူးပေါင်းမှုလည်း လိုအပ်တယ်” ဝမ်ဝေ့က ထုတ်ပြောလိုက်သည်။
သူက တည်ရှိပုံကြမ်းကို အသုံးပြုကာ တခြားသူများအား ထာဝရလမ်းစဉ်ကို လျှောက်လှမ်းဖို့ အခွင့်အရေး ပေးနိုင်မည်လားသိချင်နေမိသည်။ သူ့စမ်းသပ်ချက်က ရှောင်စုန့်ချီနှင့် အစပြုရမည် ဖြစ်၏။
“အဲ့ဒီဖြစ်စဉ်က စံပြတစ်ယောက်ရဲ့ စတေးမှုလိုအပ်နေတာလား” ရှောင်စုန့်ချီက ပြန်ဖြေလာသည်။
“ဟုတ်တယ်။ စမ်းသပ်ချက်အတွက် လူအား၊ တန်ကြေးအားလုံး ပြင်ဆင်ထားပြီးပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ကျုပ် သဘောတူတယ်။ ဒါပေမဲ့ တောင်းဆိုချက်တချို့တော့ ရှိတယ်” ရှောင်စုန့်ချီက အနည်းငယ် စဉ်းစားပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။
“ပြောပါ”
“ကျုပ်ရဲ့ တောင်းဆိုချက်က ရိုးရှင်းတယ်။ ကျုပ်မိသားစုပဲ။ ဒီစမ်းသပ်ချက်က အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကျုပ်မိသားစုကို ဂရုစိုက်ပေးရမယ်” ရှောင်စုန့်ချီက ပြောလိုက်သည်။
“အဲ့တာက စီစဉ်လို့ရပါတယ်”
“ကျုပ်မိသားစုနှစ်ယောက်လုံးက ဧကရာဇ် ဖြစ်လာရမယ်။ ကျုပ်အမေက သာမန်ဧကရာဇ်ဖြစ်လာရင်လည်း အဆင်ပြေတယ်။ ကျုပ်ညီမကတော့ အကောင်းဆုံးလေ့ကျင့်မှုကို ရရှိပြီးတော့ ထာဝရဧကရာဇ်တစ်ယောက် ဖြစ်လာအောင် အကောင်းဆုံး ပြုစုပျိုးထောင်ပေးရမယ်” ရှောင်စုန့်ချီက ဆက်ပြောလိုက်သည်။
ဝမ်ဝေ့က ငြီးတွားလိုက်၏။
“ငါ အကောင်းဆုံး လုပ်ပေးလို့ရတယ်ဆိုပေမယ့် ဒီကိစ္စမျိုးက အာမခံချက် မရှိဘူးဆိုတာကို မင်းလည်း နားလည်မှာပါ”
“ခင်ဗျားဖက်က အကောင်းဆုံးကြိုးစားမယ်ဆိုတာ ရေးထားဖို့ပဲ လိုချင်တာပါ” ရှောင်စုန့်ချီက ဖြတ်ပြောလိုက်သည်။
“အဲ့ဆို ကိစ္စမရှိဘူး” ဝမ်ဝေ့ကခေါင်းညိတ်လိုက်၏။ ထာဝရဧကရာဇ်များကို ပြုစုပျိုးထောင်ဖို့က ဒိုင်မေးရှင်းအမြင့်တွင် အရင်းအမြစ် ပေါကြွယ်မှုကြောင့် ဒိုင်မေးရှင်းအနိမ့်လောက် ခက်ခဲခြင်း မရှိပေ။ ထို့ကြောင့် သူသည် ရှောင်စုန့်ချီ၏ ညီမအား အကောင်းဆုံးအရင်းအမြစ်များ ရရှိဖို့အတွက် သူ့လုပ်ပိုင်ခွင့်ကို အသုံးပြုနိုင်၏။ ထိုအရာထဲတွင် သူမ၏ပါရမီကို ပြောင်းလဲပေးနိုင်သည့် ရှားပါးသည့်အရာများပင် ပါဝင်နိုင်သည်။
“ကောင်းပြီလေ။ အဲ့ဆိုရင် ကျုပ် တရားဝင် စာချုပ်ချုပ်ဖို့အတွက် လာတွေ့ပါ့မယ်”