ပြန်လည်ဆုံစည်းခြင်း အပိုင်း(၅)
Vol. 102 Ch. 1422
ရှောင်စုန့်ရှီက စာချုပ်ပါအကြောင်းအရာများကို ကျေနပ်စွာခေါင်းညိတ်ပြီး တုန့်ဆိုင်းခြင်းမရှိ လက်မှတ်ရေးထိုးလိုက်သည်။
“အခုကစပြီး အရှင်ဝမ်ဝေ့က စောင့်ရှောက်ပေးပါဦး။”
“ကိစ္စမရှိပါဘူး။ စစ်ဆေးမှုအတွက် သွားပြီးတော့ ပြင်ဆင်ထားချေ။ မင်းက တာအိုအခွင့်အလမ်းဂိုဏ်းအနေနဲ့ ဝင်ရမှာ မဟုတ်ဘဲနဲ့ လေလွင့်ကျင့်ကြံသူအနေနဲ့ ဝင်ရမယ်။” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
တာအိုအခွင့်အလမ်းဂိုဏ်းက လူများစွာရှိပြီး ဝမ်ဝေ့က သူတို့အား တခြားသူများထံမှ ပစ်မှတ်မထားစေလိုပေ။ ဆိုလိုသည်မှာ သူက ရှောင်စုန့်ရှီ သို့မဟုတ် ယန်ကောဝေအား သူနှင့်အတူ တိုက်ရိုက်ခေါ်ဆောင်သွားမည် မဟုတ်ပေ။ သူက တခြားသော အင်အားစုများလည်း ထိုသို့ အတူတူလုပ်ဆောင်လိမ့်မည်ဟု ခန့်မှန်းမိ၏။
“ကိစ္စမရှိပါဘူး။ ဒါပေမဲ့ နောက်ထပ် ကိစ္စအသေးလေးတစ်ခုလောက် တောင်းဆိုလို့ရမလား။”
“ဘာကိစ္စလဲဆိုတာပေါ် မူတည်တယ်။”
“ကိစ္စကြီးကြီးမားမားမဟုတ်ပါဘူး။ ဒါပေမဲ့ ဒိုင်မေးရှင်းအနိမ့်မှာကျန်နေခဲ့တဲ့ မိသားစုနဲ့ တွေ့ခွင့်ရနိုင်မလားဆိုတာကို သိချင်လို့ပါ။” ရှောင်စုန့်ရှီက ပြောလာသည်။
ဝမ်ဝေ့က ချက်ချင်း ခေါင်းခါလိုက်သည်။
“သော့ခလောက် မပျောက်ကွယ်သွားခင် … အဲဒီသူကို မဖြေရှင်းပြီးခင်အထိ ဒိုင်မေးရှင်းအမြင့်ကနေ ဒိုင်မေးရှင်းအနိမ့်ကို တိုက်ရိုက်ဆက်သွယ်တာက မဖြစ်နိုင်ဘူး။”
“အဲ့လိုလား။” ရှောင်စုန့်ရှီက မျက်နှာပူမိသွားသည်။ သို့သော်လည်း ထိုအရာသည်ကား သူ သို့မဟုတ် အခြားသူများက ပြောင်းလဲနိုင်သည့်အရာ မဟုတ်ပေ။ ဝမ်ဝေ့က သူ့အား ဂရုစိုက်ပေးဖို့ တစ်စုံတစ်ယောက်ကို ခေါ်ဆောင်ခဲ့ပြီး နောက်ထပ်ဧည့်သည်များဖြစ်သည့် မုန့်ခယ်၊ တုကွန်းနှင့် တခြားသော လူရိုင်းမျိုးနွယ်သုံးယောက်ကို ခေါ်ဆောင်လိုက်သည်။
“မင်းကြည့်ရတာ အခြေနေသိပ်မကောင်းဘူးပဲ။ ဒဏ်ရာတွေက ပြဿနာဖြစ်နေတုန်းလား။” ဝမ်ဝေ့က မေးလိုက်သည်။
“အဲဒီတိုက်ပွဲတုန်းက နည်းနည်းလေး အလွန်အကျွံဖြစ်သွားတဲ့ပုံပဲ။” မုန့်ခယ်က မလုံမလဲပြုံးလိုက်၏။ တုကွန်းကမူ သူ့ကို အေးစက်စက်သာကြည့်လိုက်သည်။
“ငါ အကူအညီဖြစ်နိုင်လောက်တယ်။ ခဏလေးနေဦး။” ဝမ်ဝေ့က ပြောလိုက်သည်။ သူက မုန့်ခယ်၏ခန္ဓာကိုယ်ထဲ ဆုံမှတ် ရာချီကို ထောက်လိုက်သည့်အချိန် သူ ယခင်က သောက်သုံးထားသည့် ကုသရေးဆေးလုံးများက ချက်ချင်းဆိုသလို အာနိသင်ပြလာပြီး သူ့အရှိန်အဝါက တည်ငြိမ်လာသည်။
“ဒါက ...” ဝမ်ဝေ့ကလွဲ၍ တခြားသူအားလုံးက အံ့အားသင့်သွားကြ၏။ သူက ကြုံရာကျပန်းဆုံမှတ်များကို ထိတွေ့လိုက်ခြင်း မဟုတ်ဘဲ မု့န်ခယ်၏ တည်ရှိမှုအပေါ် တိုက်ရိုက်သက်ရောက်မှုဖြစ်စေကာ ယခင်သောက်သုံးထားသည့် တည်ရှိမှုကုသရေးဆေးလုံးများ၏ သက်ရောက်မှုများကို မြှင့်တင်လိုက်ခြင်းသာ ဖြစ်၏။ ထိုသို့သော အသုံးပြုမှုမျိုးက တခြားသူများ၏ တည်ရှိမှုပုံစံကို မြင်တွေ့နိုင်သည့် စွမ်းရည်အသစ်ကြောင့် လွယ်ကူနေခြင်း ဖြစ်သည်။
“အချိန်ရှိပါသေးတယ်။ တကယ်လို့ အကောင်းဆုံး အချိန်မြှင့်တင်ရေးအစီအရင်ကို အသုံးပြုမယ်ဆိုရင် စစ်ဆေးမှုမတိုင်ခင် အထွတ်အထိပ်ကို ပြန်ရောက်လိမ့်မယ်။”
မုန့်ခယ်က သက်ပြင်းချလိုက်သည်။
“ဒီဟာကို ကျုပ် ခင်ဗျားအပေါ် တင်ထားတဲ့ကျေးဇူးကြွေးထဲကို ထည့်ပေါင်းလိုက်ရမယ်။”
ဝမ်ဝေ့က ပြုံးရုံသာပြုံးလိုက်သည်။
“လာရင်းကိစ္စကို ပြောကြတာပေါ့။ စစ်ဆေးမှုအတွက် ရောက်လာတာ။ ဒါက ကျုပ်လိုမျိုးခန္ဓာကိုယ်လေ့ကျင့်သူတွေအတွက် အကျိုးသက်ရောက်မှုရှိလားဆိုတာ သိချင်တယ်။” မုန့်ခယ်က ဆက်ပြောလိုက်သည်။
“မှတ်တမ်းတွေအရတော့ ခန္ဓာကိုယ်လေ့ကျင့်သူတွေအတွက်လည်း အလုပ်ဖြစ်တယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အဲဒါက အဓိကမဟုတ်ဘူး။ ဒီစစ်ဆေးမှုမှာရှိနေတဲ့ အရင်းအမြစ်တွေက ချီလေ့ကျင့်သူတွေအတွက်လို့ ထင်တယ်။ ပမာဏအနည်းငယ်ကပဲ ခန္ဓာကိုယ်လေ့ကျင့်သူတွေအတွက်ပေါ့။”
“အဲ့ဆိုရင် အချိန်ဖြုန်းတီးနေသလို မဖြစ်ဘူးလား။”
“အဲ့လို ဘယ်ဟုတ်ပါ့မလဲ။ တကယ်လို့ အရင်းမြစ်မရှိဘူးဆိုရင်တောင် သာမန်ကျင့်ကြံနိုင်တဲ့ နေရာမျိုးတော့ ရှိသေးတယ်လေ။”
“ဟုတ်တာပေါ့။” မုန့်ခယ်က ခေါင်းညိတ်လိုက်သည်။ သူက ဤစမ်းသပ်ချက်ကြောင့် စိတ်ထဲ အချေအတင်ဖြစ်နေလေသည်။ အထူးသဖြင့် သူ့ဒဏ်ရာများကြောင့် ဖြစ်သည်။ ယခုသူက ဆိုးကျိုးမရှိသည့် အကျိုးအမြတ်ကို မြင်လိုက်ရသည်။ လူရိုင်းမျိုးနွယ်က လျော့ဈေးရဖို့အတွက် ဝမ်ဝေ့နှင့် အဆက်အသွယ်ကို အသုံးမပြုဘဲ တန်ရာတန်ကြေး အပြည့်အဝ ပေးချေခဲ့သည်။ မုန့်ခယ်က သူ့မျိုးနွယ်ဆီ အလျင်အမြန်ပြန်သွားပြီး စစ်ဆေးမှုမတိုင်ခင် ဝမ်ဝေ့နှင့် ပြန်လည်ဆုံစည်းဖို့ ကတိပေးခဲ့သည်။
ဝမ်ဝေ့ဆီ နောက်ထပ်ရောက်ရှိလာသည့်သူကမူ ဟုန်မိန်လင်း သို့မဟုတ် သူ့အနာဂတ်ဇနီးလောင်း၏ တပည့်လောင်း ဖြစ်ပေသည်။ သူမက တစ်စုံတစ်ယောက်သည် မူလစည်းတံဆိပ်ကုန်းမြေ၏ ရတနာသိုက်ကို မွှေနှောက်သွားကြောင်း လာရောက်ငြီးတွားခြင်းဖြစ်၏။ ဝမ်ဝေ့က သူမနှင့် မူလစည်းတံဆိပ်ကုန်းမြေအား သူတို့အလိုရှိသည့် ဝင်ခွင့်နေရာအား ပေးရန် သဘောတူခဲ့သော်လည်း နောက်ဆုံးတွင် အဖွဲ့ဝင်ငါးယောက်အဖြစ်သာ သတ်မှတ်လိုက်သည်။
ဝမ်ဝေ့ထံ နောက်ထပ် ဧည့်သည်တစ်ယောက် ထပ်ရောက်လာ၏။ ထိုအရာက သူ့ဒဏ်ရာများကို ပိုမိုကောင်းမွန်စေခဲ့သည်။
တကယ့်ကိုထူးဆန်းတဲ့ ပေါင်းစည်းမှုပဲ ...
ဝမ်ဝေ့က ထုံရို့ပင်း၊ မူလိန်နှင့် ယင်ကန်းတို့ကို အတူတူမြင်သည့်အခါ တွေးမိသွားသည်။ သို့သော်လည်း သူတို့အင်အားစုများကို သတိထားမိကာ အတူတူရှိနေရသည့် အကြောင်းအရင်းကို နားလည်သွားလေသည်။ ဝမ်ဝေ့က သူတို့ကို အပြုံးဖြင့် ကြိုဆိုတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို သတိထားမိသွား၏။
“မင်းကိုယ်မင်း မရှင်းပြတော့ဘူးလား။”
“ကျွန်မ ရှင့်ဆီကနေ ဝှက်မထားနိုင်ဘူးဆိုတာကို သိပါတယ်။” ထုံရို့ပင်းက လက်ကို မြှောက်ပြီး သူမလက်မှ ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ သူမက ပထမအဆင့်ကုသိုလ်ရွှေခန္ဓာကိုယ်ကို တည်ဆောက်ထားနိုင်ခဲ့၏။ သူမက ဒိုင်မေးရှင်းအနိမ့်တွင် ကောင်းကင်မိဖုရားဖြစ်ပြီး ဒိုင်မေးရှင်းတစ်ခုလုံးအတွက် အဆောင်ကို သိသိသာသာတိုးတက်အောင် ဖန်တီးသူဖြစ်သည့်အတွက် အဓိပ္ပါယ်ရှိပေသည်။ ထိုကြောင့် သူမက ကုသိုလ်ရွှေခန္ဓာကိုယ်ကို ဖွဲ့စည်းဖို့ရန် အချိန်တစ်ခုသာ ကြာမည် ဖြစ်၏။ သူမ၏ အဖွဲ့အစည်းကြောင့် ထိုအချိန်က အရှိန်မြန်ဆန်သွားခြင်းသာ ဖြစ်သည်။
“ကျွန်မ မသိလိုက်ဘူး။ ကျွန်မက တာဝန်တစ်ခု ရှိနေတာ။ အဖွဲ့အစည်းက ကျွန်မကို အခမ်းအနားနဲ့ ပတ်သက်ပြီး ဘာမှမပြောပြခဲ့ဘူး။” ထုံရို့ပင်းက ရှင်းပြလိုက်သည်။
ဝမ်ဝေ့က သူမအား စိုက်ကြည့်လိုက်၏။ ကြည့်ရတာ သူမက အမှန်အတိုင်း ပြောနေပုံပေါ်သည်။ မည်သို့ပင်ဆိုစေကာ သူက ပြောလိုက်၏။
“ငါက ရွေးချယ်ခံဆိုပေမယ့် ကမ္ဘာကြီးကို ကယ်တင်ရမယ့်တာဝန်က အားလုံးရဲ့ တာဝန်ပဲ။ မင်းတို့တွေအားလုံးက ထိုင်ကြည့်နေတုန်း ငါက ငါ့ရဲ့ပျော်ရွှင်မှုနဲ့ အသက်ကို စတေးနေမှာ မဟုတ်ဘူး နားလည်လား။”
“ကျွန်မ နားလည်ပါတယ်။” ထုံရို့ပင်းက အမှားလုပ်ထားသည့် ကလေးတစ်ယောက်လိုမျိုး မသက်မသာခံစားနေရသည်။ မည်သို့ပင်ဆိုစေကာမူ သူမက အခြေအနေကို နားလည်ပြီး တိတ်ဆိတ်စွာနေလိုက်၏။
“ကောင်းပြီ။ အခု ဒီရောက်လာပြီဆိုတော့ မင်းတို့ရဲ့ ကဏ္ဍကို လုပ်ပေါ့။” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“အသူရာသက်ရှိဆီကနေ ယူထားတဲ့ သွေးက ဘယ်မှာလဲ။”
“ဟမ်”
“တစ်ခုခုမှားလို့လား။”
“ကျွန်မ အဖွဲ့အစည်းဆီ ပေးလိုက်ပါပြီ။” ထုံရို့ပင်းက တုန့်ပြန်လိုက်သည်။
ဝမ်ဝေ့က သူမကို ကြည့်လိုက်ပြီး အလဲအလှယ်ဖြင့်ကိစ္စတချို့ကို အဖြေထုတ်နိုင်ခဲ့၏။
“ဒီသွေးစက်က ငါတို့ရဲ့ပဋိပက္ခဖြေရှင်းဖို့ သော့ချက်တစ်ခုပဲ။ မင်းရဲ့အဖွဲ့အစည်းကို အဲဒါ လက်လွှတ်ခိုင်းဖို့ ပြင်ထားလိုက်။”
“ကိစ္စမရှိပါဘူး။ ယေဘုယျအခြေအနေကို ထည့်သွင်းစဉ်းစားတဲ့အခါမှာ နားလည်ပါတယ်။”
“ကောင်းပြီလေ။ ဒါနဲ့ ဘာလို့လာတွေ့တာလဲ။ မင်းတို့တွေကို လျော့ဈေးတော့ မပေးနိုင်ဘူးဆိုတာကို ကြိုပြောထားလိုက်မယ်။”
“ရှင် ဘယ်လောက်ကပ်စေးနည်းလဲဆိုတာ သိပါတယ်။ ကျွန်မက ရှင့်လက်ထဲမှာရှိနေတဲ့ တာအိုလမ်းစဉ်ကျောက်ပြားအတွက် ရောက်လာတာပါ။”
“ငါ သွေးနဂါးဆီက ရထားတဲ့ ပုံပွားကို ပြောတာဆိုရင်တော့ ဟုတ်တယ် … ငါ့လက်ထဲမှာ။” ဝမ်ဝေ့က ပြောလိုက်သည်။
“ပုံပွားလား။”
“ဟုတ်တယ်။”
ထုံရို့ပင်းက သူ့ကို ကြည့်ကာ ထိုသူသည်အမှန်ပြောနေတာလား ကောက်ချက်မချနိုင်ဖြစ်နေလေ၏။
“အဲ့ဆိုရင် မူလကကော ဘယ်မှာလဲ။”
“အဲ့တာက တောင်ပိုင်းချူးတိုင်းပြည်မှာနေမှာပေါ့။ လူရိုင်းမျိုးနွယ်နဲ့ငါနဲ့က ရှုရန်ရဲ့ရတနာသိုက်ကို ဝင်မွှေတုန်းက သူတို့တွေက အများကြီးယူသွားပြီးသွားပြီ။” ဝမ်ဝေ့က တုန့်ပြန်လိုက်သည်။
“ဒီလူတွေအားလုံးအနက်မှာ ရှင်က ရှင့်ရတနာသိုက်ကို ပြန်လည်မတိုက်ခိုက်ဘဲနဲ့ ယူခွင့်ပြုမယ်လို့ ယုံကြည်စေချင်တာလား။” ထုံရို့ပင်းက မေးလိုက်သည်။
“ငါ့ဆီရွေးချယ်စရာ မရှိဘူးမလား။ သူတို့ဆီမှာ စံပြအသစ်ကျိမင်ကို နောက်ခံအနေနဲ့ရှိတယ်လေ။ အခုအရေးကြီးတာက အဲ့ဒီခွေးကောင်တွေက မဟာချင်နဲ့ ဆက်နွယ်မှုတချို့ရှိနေတာ။ ငါက နောက်ပိုင်းသူတို့ကို ဖြေရှင်းဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ သူတို့က ငါ့ရဲ့ ဦးစားပေးစာရင်းထဲမှာတော့ မရှိသေးဘူး။”
ထုံရို့ပင်းက ထိုသတင်းကို ကြားသည့်အခါ မျက်မှောင်ကျုံ့လိုက်၏။ ထိုအရာက များစွာဖော်ပြထားသော်လည်း ထိုသူဆီမှ ရောက်လာသည့်အတွက် ထောင်ချောက်တစ်ခု ဖြစ်နေနိုင်သည်။
“ကောင်းပြီလေ။ ကျွန်မတို့ကို သတင်းပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
သူမက အဖွဲ့အစည်းသည် သူတို့ရတနာကို နောက်ယောင်ခံဖို့ အစွန်းရောက်နည်းလမ်းများကို သုံးဖို့လိုအပ်ကြောင်း ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးအနေဖြင့် တာအိုအခွင့်အလမ်းဂိုဏ်း၏ လက်ထဲတွင်ဖြစ်စေ၊ မဟာချင်သူတော်စင်ခုံရုံး၏ လက်ထဲတွင်ဖြစ်စေကာမူ သူတို့၏ အဖွဲ့အစည်းက ထိုအရာကိုပြန်လည်ရရှိဖို့ စစ်ပွဲကို စတင်ပြင်ဆင်ထားနိုင်သည်။
“အကူအညီဖြစ်တာ တော်သေးတာပေါ့။ ဒါနဲ့ မင်း လိုချင်တဲ့အရာက ဒါပဲလား။” ဝမ်ဝေ့က ပြုံးကာမေးလိုက်သည်။
“ဒါပါပဲ။”
သူက ခေါင်းညိတ်ပြီးသည့်နောက်တွင် တိတ်ဆိတ်နေသည့် ခန္ဓာကိုယ်လေ့ကျင့်သူနှစ်ဦးကို အာရုံစိုက်လိုက်၏။
“မင်းတို့တွေ မတွေ့ရတာ ကြာပြီပဲ။”
“ဟုတ်တယ် အတော်လေးကြာပြီ။” မူလိန်က ပြန်ဖြေသော်လည်း ယင်ကန်းကမူ ခေါင်းညိတ်ပြလာသည်။
“ယွမ်ခေတ်ကာလတစ်သောင်းကျော်ပြီ။ ကောင်းပြီလေ ငါတို့နောက်ပိုင်းကျမှ ပြောကြတာပေါ့။ အခု လုပ်လက်စကိစ္စကို အာရုံစိုက်လိုက်ကြရအောင်။ မင်းတို့တွေက အစစ်အမှန်အဆီအနှစ် အဖွဲ့ကို ကိုယ်စားပြုတာလား။”
“ဟုတ်တယ်။”
“ဟမ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ အစစ်အမှန်အဆီအနှစ်အဖွဲ့က အင်္သချေအင်ပါယာကမ္ဘာမှာ ခန္ဓာကိုယ်ဘိုးဘေးဆီမှ ဆင်းသက်လာကြခြင်းဖြစ်၏။ ရွှေရောင်ခေတ်ကာလအတွင်း သူတို့က အာဏာရှင်တစ်ယောက် ဖြစ်လာနိုင်မည့် လမ်းစဉ်ပေါ် ကျရောက်ခဲ့သော်လည်း အားကောင်းသည့် ရန်သူတစ်ယောက်ကြောင့် ပျက်သုဉ်းလုနီးပါးဖြစ်သွားရသည်။
ခန္ဓာကိုယ်ဘိုးဘေးက ထိုအချိန်တွင် ထိပ်တန်းစံပြတစ်ယောက်ဖြစ်နေပြီး သူ့အဖွဲ့ကို ကာကွယ်ဖို့အတွက် သူ့အားကောင်းသည့်ခန္ဓာကိုယ်အား ရှေးဦးစံပြအဆင့် ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ထိုရုပ်သေးရုပ်ဖြင့် အဖွဲ့က ကပ်ဘေးအတွင်း အသက်ရှင်ခဲ့လေ၏။ သို့သော်လည်း ခန္ဓာဘိုးဘေး၏ဝိညာဉ်ကမူ ပြန်လည်ဝင်စား၍ သံသရာအတွင်းသို့ ဝင်ရောက်သွားခဲ့ကာ ယနေ့အချိန်ထိ ရှာမတွေ့သေးပေ။ ထိုဖြစ်ရပ်အပြီးတွင် အစစ်အမှန်အဆီအနှစ်အဖွဲ့၏ ကံကောင်းမှုက သိသိသာသာလျော့ကျသွားပြီး အာဏာရှင်ထဲမှ တစ်ယောက် ဖြစ်မလာနိုင်တော့ပေ။
“ဘာလို့များ လာတွေ့တာလဲ။”
“အကြီးအကဲတွေက ဒီစစ်ဆေးမှုက ခန္ဓာကိုယ်လေ့ကျင့်သူတွေအတွက် သက်ရောက်မှုရှိလားဆိုတာကို စစ်ဆေးခိုင်းလိုက်လို့ပါ။” မူလိန်က ပြောလိုက်သည်။
“မင်းက ဒီမေးခွန်းကို မေးတဲ့ ဒုတိယမြောက်လူပဲ။” ဝမ်ဝေ့က မုန့်ခယ်အား ပြောခဲ့သည့်အချက်အလက်ကို တူညီစွာ ပြန်လည်ပြောပြလိုက်သည်။
“တကယ်လို့ ခင်ဗျား ပြောနေတာသာ အမှန်ဆိုရင် ဒီစစ်ဆေးမှုကို ရင်းနှီးမြှုပ်နှံဖို့ သိပ်မထိုက်တန်ဘူးပဲ။” မူလိန်က ငြီးတွားလိုက်၏။
“အဲ့တာက မင်း ဆုံးဖြတ်ရမယ့်အရာပဲ။ ဒါပေမဲ့ မင်းအလိုရှိတယ်ဆိုရင်တော့ မင်းတို့ရဲ့ နာမည်ကျော် စုစည်းထားတဲ့ အဆီအနှစ်ရေစက်နဲ့ လက်မှတ်ကို လဲလှယ်လို့ရတယ်။”
မူလိန်က သူ့အား ကြည့်လိုက်၏။ စုစည်းထားသည့် အဆီအနှစ်ရေစက်က ခန္ဓာကိုယ်ဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ရန်အတွက် ခန္ဓာကိုယ်လေ့ကျင့်သူများကို ကူညီပေးနိုင်မည့် အကောင်းဆုံးအရင်းအမြစ်တစ်ခု ဖြစ်သည့်အတွက် ဝမ်ဝေ့ လိုချင်နေသည့်အကြောင်းအရင်းကို နားလည်ပေသည်။
“ဒီသတင်းကို အကြီးအကဲတွေဆီ တင်ပြပြီးတော့ သူတို့ကို ဆုံးဖြတ်ခိုင်းလိုက်ပါမယ်။” မူလိန်က ပြောလိုက်သည်။
...