ပြန်လည်ဆုံစည်းခြင်း အပိုင်း(၁၀)
Vol. 102 Ch. 1427
“မင်းတို့တွေမှာ ရှားပါးတဲ့ အရင်းအမြစ်တွေ မရှိဘူး။ မင်းတို့ရဲ့ တစ်ခုတည်းသော အားသာချက်က အရေအတွက်ပဲ။ အဲဒါက ငါနဲ့ ဘာမှမဆိုင်ဘူး” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။
“ဒါပေမဲ့ ငါတို့ရဲ့ မိတ်ဆွေဆက်ဆံရေးကြောင့် ခန်းမကို တူညီတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လက်မှတ်ကို လဲလှယ်ခွင့်ပြုမယ်”
“အဲဒါဆိုရင် လုံလောက်ပါပြီ” ရှစ်ချီအန်းက စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်။ တည်ရှိမှုကုသရေးဆေးလုံးက ရှားပါးလှပြီဖြစ်ကာ အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမက တူညီသည့် ပစ္စည်းလဲလှယ်ခွင့်ရမည်ဆိုပါက အကျိုးရှိလိမ့်မည်။
“ဒါနဲ့ အရမ်းကြီးပျော်မနေနဲ့ဦး။ အပေးအယူက မင်းတို့ခန်းမရဲ့ အတွင်းပိုင်းအဖွဲ့သားတွေအတွက်ပဲ” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“ကောင်းပါပြီ” ရှစ်ချီအန်းက တုံ့ဆိုင်းပြီးသည့်နောက်တွင် ပြောလိုက်သည်။ အင်အားစုတစ်ခုနှင့် မပတ်သက်သည့် ကျင့်ကြံသူများက အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမ၏ အစိတ်အပိုင်းအဖြစ် မှတ်ယူနိုင်လေသည်။ သူတို့က တာဝန်များကို လက်ခံကာ ဆုလာဘ်များကို လက်ခံနိုင်၏။ သို့သော်လည်း ခန်းမက ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ထားသည့် အတွင်းပိုင်းအဖွဲ့သားများ ရှိလေသည်။ ဤသည်က တခြားသောအင်အားစုများ သို့မဟုတ် မိသားစုများနှင့် တူညီလေ၏။ ပြင်ပအဖွဲ့အသားများကမူ လုံလုံလောက်လောက် ပါရမီရှိပါက အတွင်းပိုင်းအဖွဲ့သား ဖြစ်လာနိုင်သည်။ သို့သော် သူတို့က ခန်းမနှင့် တစ်လျှောက်လုံး ချည်နှောင်ထားရမည် ဖြစ်၏။
“နားလည်လို့ တော်သေးတာပေါ့” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။ နှစ်ဦးသားက နာရီပိုင်းခန့် စကားစမြည်ပြောပြီးသည့်နောက်တွင် ရှစ်ချီအန်းက ပြန်သွားလေသည်။ ထိုအပေးအယူနှင့် သူမက စစ်ဆေးမှုထဲ နေရာတစ်ခုရပြီဖြစ်ကာ ခဏအတွင်း သူမ၏ အဆင့်အတန်းကို မြှင့်တင်နိုင်လိမ့်မည်။ ထို့ကြောင့် သူမသည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားလေ၏။
ငါ့အနေနဲ့ အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမကို ရောက်ရှိလာမဲ့ ကပ်ဘေးမှာ ဂိုဏ်းရဲ့ အမြှောက်ဆံအဖြစ် ပြောင်းလဲနိုင်မဲ့ နည်းလမ်းများ ရှိမလား…
ဝမ်ဝေ့က လောဘကြီးနေမိသည်။ ထို့ကြောင့် သူက ကပ်ဘေးကို ရှင်သန်လိုရုံသာမကဘဲ တတ်နိုင်သမျှ ဆုံးရှုံးမှုလည်း နည်းပါးစေလို၏။ အကယ်၍ သူသာ ခန်းမကို ကိုယ်ပိုင်ကြေးစားအုပ်စုအဖြစ် ပြောင်းလဲပစ်ပါက ထိုသို့သော အရာမျိုးက ဖြစ်နိုင်ခြေ ရှိပေသည်။
ဒီအတွေးက လုံးဝဖြစ်နိုင်ခြေ မရှိတာတော့ မဟုတ်ဘူး…
ဝမ်ဝေ့က စဉ်းစားလိုက်သည်။
အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမရဲ့ အကြီးမားဆုံးတန်ဖိုးက လေလွင့်ကျင့်ကြံသူတွေအားလုံးရဲ့ ယုံကြည်မှုပဲ
အာဏာရှင်များက ခန်းမ၏ စွမ်းအားကို ကန့်သတ်ဖို့ရာအတွက် လေလွင့်ကျင့်ကြံသူများကို ပြုစုပျိုးထောင်ဖို့ တူညီသည့် အဖွဲ့ကို တည်ထောင်ဖို့ ကြိုးစားခဲ့ဖူးသည်။ သူတို့၏ ကြွယ်ဝလှသည့် အရင်းအမြစ်များဖြင့် အာဏာရှင်များသည် ခန်းမကို အောင်အောင်မြင်မြင် တည်ထောင်နိုင်သင့်သော်လည်း ကံဆိုးစွာဖြင့် လေလွင့်ကျင့်ကြံသူများသည် တူညီသည့်အရာတစ်ခုရှိနေလေ၏။ ထိုအရာသည် ဂိုဏ်းများ သို့မဟုတ် မျိုးနွယ်များအပေါ် မယုံကြည်မှုနှင့် မုန်းတီးမှုတို့ ဖြစ်ပေသည်။ ထို့ကြောင့် ထိုချဉ်းကပ်မှုသည် သက်ရောက်မှုအနည်းငယ်သာ ရှိပြီး ကျရှုံးမှုအဖြစ်ပင် မှတ်ယူနိုင်လေ၏။
တကယ်လို့ ငါသာ သူတို့ရဲ့ ရှေးဦးစံပြနှစ်ယောက်ထဲက တစ်ယောက်ကို သုတ်သင်ပြီးတော့ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲရမယ်ဆိုရင် လေလွင့်ကျင့်ကြံသူရဲ့ အခြေစိုက်စခန်းကို ရယူပြီးတော့ အဲဒီယုံကြည်မှုကို အသုံးချနိုင်လိမ့်မယ်။ အဲ့လိုဆိုရင် ငါက သူတို့တွေကို စွမ်းအား၊ အာဏာနဲ့ အရင်းအမြစ်တွေကို မျှားခေါ်ပြီးတော့ အမြှောက်ဆံအဖြစ် ပြောင်းလဲနိုင်တယ်။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုအစီအစဉ်က ရှေးဦးစံပြရုပ်သေးရုပ်အဖြစ် ပြုစုပျိုးထောင်ခြင်းကလွဲ၍ ကျန်အရာအားလုံးက ဖြစ်နိုင်ခြေ ရှိလေသည်။ ဝမ်ဝေ့က တစ်ရက်ကျ ရှေးဦးစံပြဖြစ်လာဖို့ ယုံကြည်ချက်ရှိနေသော်လည်း ထိုဖြစ်စဉ်က ကြာမြင့်မည်ဖြစ်ကြောင်း နားလည်လေ၏။ ရှေးဦးစံပြဖြစ်လာခြင်းနှင့် ရှေးဦးစံပြကို ပြုစုပျိုးထောင်ရခြင်းက ကွဲပြားသည့် ကိစ္စများ ဖြစ်ပေသည်။
သခင့်အရိပ်နည်းစနစ်အတွက် ဒုတိယနေရာလွတ်နေသေးတယ်…
ဝမ်ဝေ့၏ အကြည့်များက တောက်ပလာလေ၏။ အရိပ်အုပ်ချုပ်သူ ပေးထားသည့် နည်းစနစ်က သူ့အား အရိပ်နှစ်ခုကို ပြုစုပျိုးထောင်ခွင့်ပြုထားလေသည်။
ငါက ဝမ်ကျူနဲ့ ပြန်လည်ဆုံစည်းဖို့အတွက် သိမ်းထားတာ။ ဒါပေမဲ့ သူမက အဲဒါကို မလိုလောက်ဘူးလို့ ထင်တယ်
ဝမ်ဝေ့က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ ရှစ်ချီအန်းက ရုပ်သေးရုပ်အတွက် ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပေသည်။ သို့သော် ဝမ်ဝေ့က သူမ၏ ရည်မှန်းချက် ကင်းမဲ့နေမှုအား အာရုံခံမိ၏။
သူမကို စောင့်ကြည့်ရမယ်။ တခြားတစ်ယောက်ကို ရွေးတာလည်း ပိုပြီးတော့ ကောင်းနိုင်တယ်။
ဝမ်ဝေ့က သူ့ငြိမ်းချမ်းလှသည့် ဘဝကို ဆက်လက်ခံစားလိုက်ပြီး လှပသည့် ဥယျာဉ်ထဲတွင် နေထိုင်ကာ ငါးမျှားပြီး ဒဏ်ရာများကို ကုစားနေလေသည်။ နောက်ထပ် ဧည့်သည်ကမူ ဇာမဏီပုံစံများ ရေးထွင်းထားသည့် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မိန်းမလှတစ်ဦးနှင့်အတူ နဖူးအထက် တတိယမျက်လုံးပါရှိသည့် ရုပ်ချောချော လူငယ်လေးတစ်ဦး ဖြစ်ပေသည်။ ထိုအမျိုးသမီးက တိုက်ခိုက်ဖို့ ရောက်လာသလိုမျိုး လေထုမျိုး ပိုင်ဆိုင်ထားလေသည်။
“မင်းက ငါ မှတ်မိသလိုမျိုး အမြဲတမ်း ကြော့ရှင်းနေတာပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။
“ရှင့်ရဲ့ အပြောတွေက အမြဲတမ်း ချိုသာနေတော့တာပဲ။” ဟို့ဖုန်းဟွမ်က ပြန်ပြောလိုက်သည်။
“အမှန်အတိုင်းပြောနေရုံပါ။ ကြည့်လေ မင်းရောက်လာတာနဲ့ ငါ့ရဲ့ ဥယျာဉ်ကြီးက တောက်ပသွားတယ် မဟုတ်ဘူးလား” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“လေလေး လျှော့ပါဦး။ ရှင်က လက်ထပ်ပြီးပြီဆိုတာကို မေ့မထားနဲ့ဦး”
“ဟား ဟား မင်းက ဒီလိုဟာသဉာဏ်မျိုးရှိလိမ့်မယ်လို့ ဘယ်သူကများ ထင်မိမှာလဲ။ လာလေ ထိုင်ကြ။ ဒါနဲ့ စူးစိုက်မတတ်ကြည့်နေတဲ့ အဲဒီလူငယ်လေးက ဘယ်သူများလဲ” ဝမ်ဝေ့က ရယ်မောရင်း မေးလိုက်သည်။
“အဲဒါက ဝမ်ဖုရွှမ်လေ” ဟို့ဖုန်းဟွမ်က မိတ်ဆက်ပေးလိုက်သည်။
“အိုး အမျိုးတွေပဲ”
“ငါက မင်းအမျိုး မဟုတ်ဘူး” ဖုရွှမ်က အေးစက်စက်ပြောလာသည်။
“အတော်လေးကို ရန်လိုနေတာပဲ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်၏။
“ဒီမျိုးဆက်မှာ သူက ဝမ်မျိုးနွယ်ရဲ့ ပါရမီအထူးကဲဆုံး ပါရမီရှင်တစ်ယောက်လေ။ ရှင့်ရဲ့ ကျော်ကြားမှုနဲ့ ဩဇာတိက္ကမက သူ့ထက် ကျော်လွန်သွားတယ်ဆိုတာကို သူက လက်မခံနိုင်ဘူး ဖြစ်နေတာ” ဟို့ဖုန်းဟွမ်က ပုံမှန်အတိုင်း ပြောလိုက်သည်။
“မင်း”
“အကောင်းဆုံးပါရမီရှင်တဲ့လား … ကြည့်ရအောင်” ဝမ်ဝေ့က သူ့ကို ခြုံငုံကြည့်လိုက်သည်။
“ဆယ်ဆင့်မြောက် လူသားမကောင်းဆိုးဝါးအဆင့်၊ အကန့်အသတ်မဖျက်ဆီးနိုင်စွမ်း၊ အဆင့်(၅) တာအိုအုတ်မြစ်၊ ဧကရာဇ်တားမြစ်တိုက်ခိုက်ရေးအဆင့် ရထားပြီးတော့ ကောင်းကင်တားမြစ်တိုက်ခိုက်ရေးအဆင့်မှ ကျရှုံးသွားတာ။ ဝိညာဉ်က ၉၂ရာခိုင်နှုန်း စံပြအဆင့်နဲ့ စိတ်စွမ်းအားကလည်း စံပြအဆင့်။ သူက တကယ်ကို မဆိုးဘူးပဲ”
ဝမ်ဖုရွှမ်က လက်သီးဆုပ်ကာ သူ့ကို ကြည့်လိုက်သည်။ ဝမ်ဝေ့က သူ့ကို ပြောကတည်းက သူသည် သတင်းအချက်အလက်များကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ တည်ငြိမ်လှသည့် ခဲဖြူရောင်မျက်ဝန်းတစ်စုံက သူ့လျှို့ဝှက်ချက်အား ထိုးဖောက်မြင်နိုင်စွမ်းရှိနေဟန်ပေါ်၏။
“ရှင်က သူနဲ့ ယှဉ်လို့မရဘူးဆိုတာကို ပြောထားတယ်။ ရှင်မှ မယုံတာ” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။ ဝမ်ဖုရွှမ်က သူမအား စိုက်ကြည့်ပြီး ချက်ချင်းဆိုသလို စိတ်ငြိမ်အောင် ထိန်းလိုက်၏။ သူ့ယခင်အပြုအမူများက တမင်လုပ်ထားသကဲ့သို့ ဖြစ်သွားသည်။
“မဆိုးဘူးပဲ။ သူက အတွေ့အကြုံ မကြွယ်ဝသေးပေမဲ့ အလားအလာတော့ ရှိတယ်” ဝမ်ဝေ့က ချီးကျူးလိုက်၏။ ဝမ်ဖုရွှမ်၏ အသက်အရွယ်က သူ့ထက် အဆရာချီ ရှိနိုင်သော်လည်း ထိုသူ၏ အတွေ့အကြုံက ဝမ်ဝေ့နှင့် ယှဉ်လိုက်လျှင် နည်းပါးနေသေးသည်က အမှန်အကန်ပင် ဖြစ်၏။
“ဒါနဲ့ ဘယ်လိုလုပ် ရောက်လာတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ကျွန်မက အကြောင်းအရင်းတစ်ခုကြောင့် ရောက်လာတာ။ ပထမတစ်ခုကတော့ ကိုယ်ပိုင်ကိစ္စ။ နောက်တစ်ခုကတော့ တရားဝင်လာပြီး တွေ့ဆုံတာပေါ့။ တရားဝင်ကိစ္စကို စပြီးတော့ ပြောလိုက်မယ်။ ကျွန်မတို့ အဖွဲ့အစည်းက အပေးအယူ လုပ်ချင်တယ်” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။
“ပြောပါ”
“ကျွန်မတို့ရဲ့ လူတစ်ယောက်က သေမျိုးတစ်ယောက်ရဲ့ စစ်ဆေးမှုကို ပါဝင်ဆင်နွှဲခဲ့ဖူးတယ်။ အဲဒါကြောင့် သတင်းအချက်အလက်ကို လဲလှယ်ပြီးတော့ တန်ကြေး လျှော့ပေးစေချင်တယ်” ဟို့ဖုန်းဟွမ်က တိုက်ရိုက်သာ ပြောလိုက်သည်။
“ကောင်းပြီလေ။ သတင်းအချက်အလက်က အသေးစိတ်လား။ ဒါမှမဟုတ်ဘူးဆိုရင် ငါ ကိုယ်တိုင်ကောက်ချက်ချနိုင်လောက်အောင် အခြေခံကျနေတဲ့ သတင်းအချက်အလက်ကို ရောင်းနေတာလား” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျွန်မတို့တွေက လျှို့ဝှက်ချက်တချို့ကို သိမ်းဆည်းထားတယ်ဆိုပေမဲ့လည်း သတင်းအချက်အလက်က အသေးစိတ်တော့ ကျပါတယ်”
“အဲဒါဆိုရင် ကောင်းပြီလေ။ မင်းတို့တွေက နေရာဘယ်လောက် လိုချင်တာလဲ။ ပြီးတော့ တန်ကြေးဘယ်လောက်ပေးချင်တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“နတ်ဆိုးမျိုးနွယ်နဲ့ အတူတူပဲ။ နေရာ ၂၅ခု။ ကျွန်မတို့က လက်မှတ်တစ်စောင်ကို ဆေးလုံးနှစ်လုံး ပေးမယ်”
“ကြည့်ရတာ မင်းတို့ အဖွဲ့အစည်းရဲ့ သတင်းကွန်ယက်မှာ နည်းလမ်းတွေရှိနေတဲ့ပုံပဲ” ဝမ်ဝေ့က သူမအား သိသလို အကြည့်မျိုးဖြင့် ပြောလိုက်သည်။ နတ်ဆိုးမျိုးနွယ်နှင့် သူ့အပေးအယူ၏ ပါဝင်အကြောင်းအရာများက လျှို့ဝှက်ချက်အဖြစ် ကျန်ရှိနေသင့်သော်လည်း တစ်နေရာမှာ ပေါက်ကြားသွားသည်။
“ကျွန်မတို့မှာလည်း ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်” ဟို့ဖုန်းဟွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ဝမ်ဝေ့က ထိုအကြောင်းကို ထပ်ပြီး မပြောတော့ပေ။
“နေရာ ၂၅ခုနဲ့ ပတ်သက်ပြီးတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ တန်ကြေးကတော့ ဆေးလုံး ၄လုံး ဖြစ်ရမယ်”
“အချိန်ဖြုန်းမနေပဲနဲ့ ဆေးလုံး ၃လုံးပဲ လုပ်လိုက်မယ်လေ”
ဝမ်ဝေ့က ရယ်မောလိုက်၏။
“ကောင်းပြီလေ။ မင်းရဲ့ တိုက်ရိုက်ဆန်တာကို သဘောကျတယ်”
ထို့နောက် နှစ်ဦးသားက စာချုပ်ကို ဖန်တီးပြီး သူတို့ သက်ဆိုင်ရာမျိုးနွယ်များ၏ ကံကောင်းမှုကို အာမခံချက်အနေဖြင့် လက်မှတ်ရေးထိုးလိုက်ကြသည်။
“အဲဒါဆိုတော့ မင်းပြောတဲ့ ကိုယ်ပိုင်ကိစ္စဆိုတာ ဘာများလဲ”
“ရှင်နဲ့ တိုက်ခိုက်ချင်တယ်။” ဟို့ဖုန်းဟွမ်က အလေးအနက် ပြော၍ ဝမ်ဝေ့က အနည်းငယ် သတိလက်လွတ်ဖြစ်သွားမိသည်။
“ဘာလို့ ငါနဲ့ တိုက်ခိုက်ချင်တာလဲ”
“ကျွန်မက ရှင့်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ကျွန်မက ဒိုင်မေးရှင်းအနိမ့်မှာ ရှင့်ရဲ့ ခြေလှမ်းတွေအတိုင်း တစ်ဘဝလုံး လိုက်မယ်ဆိုပြီးတော့ ကတိစကားဆိုခဲ့တယ်။ ရှင်က ကျွန်မကို အဝေးမှာ ချန်ထားခဲ့တယ်ဆိုရင်တောင် ကျွန်မတို့ကြားမှာ ကွားခြားချက် ဘယ်လောက်ရှိလဲဆိုတာကို သိချင်သေးတယ်” ဟို့ဖုန်းဟွမ်က တဲ့တိုးသာ ဝန်ခံလိုက်သည်။
“စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က မှတ်ချက် ပေးပြီးသည့်နောက်တွင် သူမအား စိုက်ကြည့်လိုက်သည်။
“ဟမ် ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလာတာပဲ”
“ရှင် ဘာကို မြင်လို့လဲ” ဟို့ဖုန်းဟွမ်က မေးလိုက်သည်။ သူမက သူမ၏ ကောင်းကင်မျက်ဝန်းအတွက် အမြဲတမ်းလိုလို ဂုဏ်ယူခဲ့ပြီး နည်းစနစ်အား အနေအထားတစ်ခုထိရောက်အောင် တွန်းပို့နိုင်ခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့ကို ကြည့်သည့်အခါ မီးခိုးမြူကိုသာ မြင်ရလေသည်။ သူမက သက်ဆိုင်သည့် သတင်းအချက်အလက်ကို မဖတ်နိုင်ပေ။ ထို့ကြောင့် သူက သူမကို ဖတ်နိုင်သည့်အခါ ပိုမိုသိချင်လာမိ၏။
“မင်းရဲ့ ကျင့်ကြံဆင့်က ၇၁ ရာခိုင်နှုန်းပဲ ရှိပြီးတော့ ခွန်အားဂိတ်ပေါက်ကို ဖွင့်ပြီးတော့ အကန့်အသတ်ဖျက်ဆီးနိုင်စွမ်းကို ရယူထားတယ်ဆိုပေမဲ့ မင်းရဲ့ တိုက်ခိုက်ရေးအဆင့်ကတော့ ၉ဆအထိ ရောက်နေပြီ။ ပိုပြီးအရေးကြီးတာက မင်းက တားမြစ်တိုက်ခိုက်ရေးအဆင့်အတွက် လမ်းစဉ်ကို ရှာတွေ့သွားပြီးပြီပဲ”
“ရှင်က အဲဒါကိုတောင် မြင်နိုင်တာလား”
“ဒါက တကယ်ကို ပြောင်မြောက်တဲ့ ချဉ်းကပ်မှုတစ်ခုပဲ။ မင်းရဲ့ သွေးမျိုးဆက် ၅ခုလုံးကို ပေါင်းစည်းပြီးတော့ သက်ရှိအသစ်တစ်ခုအဖြစ် ဖန်တီးဖို့။ မင်းရဲ့ နဂိုသွေးမျိုးဆက်က သိမ်မွေ့သွားရုံတင်မကဘူး။ ဖြစ်စဉ်မှာ ဂုဏ်သတ္တိတစ်ခုကလည်း မင်းရဲ့ တည်ရှိမှုအပေါ်မှာ ထပ်ပြီးတော့ ပေါင်းသွားလိမ့်မယ်။ အဲဒါက မင်းကို ပိုပြီးတော့ မြင့်မားတဲ့ စွမ်းအားကို ရရှိစေလိမ့်မယ်”
“ရှင် အဲဒါကို ဘယ်လိုထင်လဲ”
ဟို့ဖုန်းဟွမ်က အတော်လေး တိတ်ဆိတ်သွားပြီးသည့်နောက်တွင် သက်ပြင်းချလိုက်သည်။
“ကျွန်မက မဟာမြူစက်ဝန်းနဲ့ ကစားနေတုန်း အတွေးရလာမိတယ်။ ကျွန်မက သွေးမျိုးဆက်နဲ့ မျိုးစေ့ ၅ခုကို ဖန်တီးခဲ့တယ်။ အဲဒီဖြစ်စဉ်မှာ သူတို့ကို အမှန်တကယ် ပေါင်းစည်းပြီး ပိုမိုကောင်းမွန်တဲ့ သက်ရှိကို ခေါ်ဆောင်ဖို့ တွေးခဲ့မိတာ”
“ကြည့်ရတာ ကံကြမ္မာက မင်းကို မျက်နှာသာပေးနေတဲ့ပုံပဲ။ ဒိုင်မေးရှင်းအနိမ့်က အားလုံးထဲမှာ မင်းက အလားအလာအရှိဆုံးဖြစ်လာလိမ့်မယ် ထင်မထားမိဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“အိုး” ထိုစကားများက တခြားတစ်ယောက်ဆီမှ ကြားရလျှင် များစွာ အဓိပ္ပာယ်ရှိမည် မဟုတ်သော်လည်း ဟို့ဖုန်းဟွမ်ကမူ ဝမ်ဝေ့သည် တခြားသူများကို ချီးကျူးတတ်သည့်သူ မဟုတ်ကြောင်း ပြောနိုင်လေ၏။
“အားလုံးက ဒီစစ်ဆေးမှုရဲ့ အခွင့်အရေးကနေ စံပြအဖြစ် ပြောင်းလဲနိုင်မယ်ဆိုပြီးတော့ စုံစမ်းနေကြတာ။ အဲဒါကြောင့် ခိုင်မာတဲ့ အုတ်မြစ်ကို တည်ဆောက်ဖို့ လျစ်လျူရှုခဲ့ကြတယ်” ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ တားမြစ်တိုက်ခိုက်ရေးအဆင့်က ကျင့်ကြံရေးအဆင့်တစ်ခု လွဲချော်ပြီးသည့်နောက်တွင် မရရှိနိုင်ပေ။ ဝမ်ဝေ့က ထိုအရာ ကာမိစေဖို့ နည်းလမ်းကို ရှာမတွေ့သေးပေ။
သူ့မျိုးဆက်တွင်ရှိနေသည့် လူအများစုက အတော်လေး ပါရမီထူးကဲကြ၏။ အကယ်၍ သူတို့အား တားမြစ်တိုက်ခိုက်ရေးအဆင့်ကို သင်ယူဖို့ အချိန်ပေးပြီး များစွာ လေ့လာခွင့်ပေးပါက အောင်မြင်လာနိုင်သည်။
“သူတို့ကို အပြစ်တင်လို့တော့ မရဘူးလေ။ သူတို့က စွမ်းအားကင်းမဲ့ပြီးတော့ စံပြတစ်ယောက်ဖြစ်လာဖို့ အရေးကြီးတဲ့ခေတ်ကာလမျိုးမှာ နေနေကြရတာ။ ပြီးတော့ တူညီတဲ့ မျိုးဆက်မှာရှိနေတဲ့ ရှင်ကလည်း သူတို့ကို ကျော်တက်လွန်းနေပြီလေ”
“ကျင့်ကြံရေးက ပြိုင်ပွဲ မဟုတ်ဘူးလေ။ တူညီတဲ့ ပန်းတိုင်ရှိတဲ့ ခရီးလမ်းတစ်ခုပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“တကယ်လို့ သူတို့တွေက ဒါကို မသိဘူးဆိုရင် သူတို့တွေရဲ့ အလားအလာတွေကို အထင်ကြီးမိသွားတာပဲ ဖြစ်လောက်တယ်”
“ရှင်က အားလုံးထက်ကျော်ပြီးတော့ ရယူဖို့ရာမဖြစ်နိုင်တဲ့ စံနှုန်းတွေကို သတ်မှတ်ထားတယ်ဆိုတော့ ရှင့်အတွက် ပြောဖို့လွယ်တာပေါ့” ဟို့ဖုန်းဟွမ်က သက်ပြင်းချလိုက်၏။
“မင်းက ငါ့ကို အဲ့လောက်ကြီး အထင်ကြီးလိမ့်မယ်လို့ ထင်မထားမိဘူး” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။
“အဲ့လိုကြီး ပြောမနေစမ်းပါနဲ့။ ကျွန်မတို့တွေ တိုက်မှာလား မတိုက်ဘူးလား” ဟို့ဖုန်းဟွမ်က ပြန်လည်ချေပလိုက်သည်။
“ဘာလို့ မတိုက်ပဲ နေရမှာလဲ။”
“ကျွန်မက ဘယ်လောက်ကွာဟနေလဲ မြင်ချင်တာ” သူမက ရေရွတ်လိုက်သည်။
“ကောင်းပြီလေ”