စစ်ပွဲစပြီ ၂
Vol. 124 Ch. 1730
ရှီမာယူယူနှင့် ဟုန်ဝေတို့သည် ခန်းမတစ်ခုလုံးကိုပတ်သွားပြီး ဆေး စိုက်ခင်းရှိသည့်အနောက်ဘက်သို့ လာလိုက်သည်။
“ဒီမှာဆေးပင်ကောင်းတွေ အများကြီးပဲ” ဟုန်ဝေသည် ဆေးခင်းထဲမှ ဆေးပင်များကို ကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် လက်များကိုပွတ်လိုက်သည်။ သူမ၏ တောက်ပသောမျက်လုံးများသည် ဟိန်းသံလေးနှင့်ပင် ဆင်တူသေး သည်။
“အဲဒါတွေက မင်းအတွက် သုံးမရတာကို ဘာလို့ယူသွားချင်နေတာလဲ” ရှီမာယူယူသည် သူမကိုကြည့်လိုက်သည်။
“ဟီးဟီး ကျွန်မမလိုပေမဲ့ ရောင်းလိုက်ရင် ပိုက်ဆံရမယ်လေ” ဟုန်ဝေ ပြန်ဖြေလိုက်သည် “ကျွန်မ အဲဒါတွေခူးလိုက်မယ် ပြန်ရောက်ရင် ခွဲကြတာပေါ့”
ရှီမာယူယူသည် ဆေးပင်များကို ကြည့်လိုက်သည်။ ထိုဆေးပင်များသည် ရှားပါးသော်လည်း သူမ စိတ်ဝင်စားလှသည်မဟုတ် “မလိုဘူး မင်းပဲယူပါ”
သူမသည် ဆေးခင်းကိုဖြတ်လျှောက်သွားပြီး အနက်ပိုင်းတွင်ရှိသော ဆေးခင်းငယ်တစ်ခုဆီသို့ သွားလိုက်သည်။ ထိုနေရာသည် သူမ၏ ပန်းတိုင်ပင် ဖြစ်သည်။
ဆေးခင်း အတွင်းဆုံးပိုင်းတွင် တခြားဆေးခင်းများတွင် မရှိသည့် ဆေးပင် များရှိသည်။ ထိုဆေးခင်းတွင် ပုပြီး ရုပ်ဆိုးသောအပင်များသာရှိသည်။
“ဒါကဖီးနစ်နိဗ္ဗာန်ပဲ…”
သူမ ရှေ့တိုးလိုက်သည်။ သို့သော် ဝိညာဉ်အတားအဆီးက ပိတ်ပင်ထား လေသည်။
“ဒီလူတွေက သူတို့ ရတနာကိုကာကွယ်ဖို့ ဘာလို့များ အတားအဆီးတွေ သုံးကြတာလဲမသိဘူး” သူမသည် နှုတ်ခမ်းတွန့်လိုက်သည်။ ထိုအရာများသည် သူမအတွက် အသုံးမဝင်ပေ။
သူမသည် ဟိန်းသံလေးကို ဆင့်ခေါ်ပြီး စာချုပ်စွမ်းအားကို သုံးလိုက် သည်။ စစ်မြေပြင်တွင် အလံဝေ့ယမ်းကာ အော်ဟစ်နေသော ဟိန်းသံလေး သည် ရုတ်တရက် ရှိနေရာမှ ပျောက်သွားသည်။ ရှားကျောင်ထျန်နှင့် တခြားသူ များ အံ့ဩသွားကြလေသည်။
“ယူယူ ငါ့ကိုဘာလို့ခေါ်တာလဲ ငါ စစ်ပွဲမှာ ပျော်နေတာကို” ဟိန်းသံလေး သည် ရှီမာယူယူကိုမြင်သောအခါ တီးတိုးပြောလေသည်။
“ဒီမှာ ဝိညာဉ်အတားအဆီးရှိတယ် ငါ့ကိုဝင်ဖို့ ကူညီပေးဦး” ရှီမာယူယူ ပြောလိုက်သည်။
“ယူယူ ဒါကဘာလဲ ရုပ်ဆိုးလိုက်တာ” ဟိန်းသံလေးသည် ဖီးနစ်နိဗ္ဗာန်ကို စိုက်ကြည့်လေသည်။
“အံ့ဖွယ်ဆေး”
“ဒါက ဖီးနစ်နိဗ္ဗာန်လား ဘာလို့ ထင်ထားတာနဲ့မတူတာလဲ” ဟိန်းသံလေး သည် အထင်သေးစွာပြောလေသည်။
“ကြည့်ကောင်းတာ မကောင်းတာ အရေးမကြီးဘူး ဒါက အံ့ဖွယ်ဆေးပဲ” ရှီမာယူယူသည် ပြောရင်းနှင့် ဟိန်းသံလေးကို ဂုတ်မှဆွဲကာ ပေါင်းစည်းလိုက် ပြီး ဆေးခင်းထဲသို့ ဝင်လိုက်သည်။
“ယူယူ အပြင်က ဆေးခင်းမှာ တစ်ခုခုရှိနေတယ်” ဟိန်းသံလေးသည် ဝင်လိုက်သည်နှင့် တစ်ခုခုလွဲနေသည်ကို ခံစားမိပြီး သူမကို သတိပေးလိုက် သည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမ ဂရုတစိုက်လျှောက်သွားရာ မည်သည့် အတားအဆီးမှမတွေ့ရပေ။
သို့သော် သူမ သတိကိုလွှတ်မပစ်ပေ။ ဖီးနစ်နိဗ္ဗာန်မှ တိုက်ခိုက်ချက်ထွက် လာသောအခါ သူမ ရှောင်ရှားလိုက်သည်။
“ယူယူ အဖော်သားရဲပဲ” ဟိန်းသံလေး အော်လိုက်သည်။
ရှီမာယူယူသည် ဖီးနစ်နိဗ္ဗာန်အမြစ်တွင် သေးငယ်သော မြွေလေး ရစ်ပတ် နေသည်ကို ရှင်းလင်းစွာမြင်ရသည်။
“ရွှေမြွေလေး မင်းရှင်းနိုင်တယ်မလား” ရှီမာယူယူသည် ဂရုတစိုက် စစ်ဆေးပြီးနောက် ရေရွတ်လိုက်သည်။
“မရဘူး ဒီကောင်က အရမ်းအားကောင်းတယ် ကြက်သွေးရောင် မီးတောက် လုပ်နိုင်တယ်” ရွှေလေး ပြောလေသည်။
ရှီမာယူယူ သိချင်လာသည်။ ဤအသွင်ပြောင်းမြွေကို ရွှေမြွေလေးပင် မကိုင်တွယ်နိုင်ပေ။ သူ့ရဲ့ ဇစ်မြစ်ကဘာလဲ။
“အံ့ဖွယ်ဆေးတွေရဲ့ အဖော်သားရဲတွေက အရမ်းအားကောင်းကြတယ် ပြီးတော့ သူတို့ရဲ့အားကို ကောင်းကင်ရဲ့စည်းမျဉ်းကကာကွယ်ပေးထားတယ်” ရွှေလေး ရှင်းပြလေသည်။
“အံ့ဖွယ်ဆေးရဲ့ အဖော်သားရဲက ဒီလောက် အားကောင်းမယ်လို့ ထင် မထားဘူး၊ ကြက်သွေးရောင်မီးတောက် မင်းကိုပဲ ဒုက္ခပေးရတော့မယ်” ရှီမာယူယူသည် ကြက်သွေးရောင်မီးတောက်ကို ခေါ်ထုတ်လိုက်သည်။ သူသည် ဟင်္သပဒါးငှက်ဆီမှ အမွေဆက်ခံပြီးနောက် ပို၍တိတ်ဆိတ်နေခဲ့သည်။ သူသည် ဝိညာဉ်စေတီထဲတွင် တိတ်ဆိတ်စွာနေခဲ့သည်။
ဖီးနစ်နိဗ္ဗာန်သည် ဖီးနစ်မျိုးနွယ်နှင့် ဆက်စပ်နေသည်။ ကြက်သွေးရောင် မီးတောက် ပေါ်လာသည်နှင့် အသွင်ပြောင်းမြွေလေးသည် ချက်ချင်းပင် သူ့ဆီ သို့ ချစ်ခင်စွာဖြင့် အနားကပ်လာသည်။ သူသည် မလှုပ်မယှက်နှင့်ပင် မြွေလေး ကိုဖယ်လိုက်သည်။
ရှီမာယူယူ ဆွံ့အသွားသည်။
သူမသည် အသက်ပြင်းပြင်းရှုထုတ်လိုက်သည်။
သူမ လျှောက်သွားပြီး ဖီးနစ်နိဗ္ဗာန်နားမှ မြေဆီလွှာကိုတူးပြီး ဝိညာဉ် စေတီထဲမှ ဝိညာဉ်လေးကို ပေးလိုက်သည်။
“ယူယူ ယူယူ” ဟုန်ဝေသည် စိတ်ပူပန်သော မျက်နှာထားဖြင့် အပြင်မှ ပြေးလာသည်။
“ဆေးပင်အကုန်လုံး ခူးပြီးပြီလား” ရှီမာယူယူ မေးလိုက်သည်။
“ယူယူ ကျွန်မအစ်ကိုတို့ မတော်တဆဖြစ်နေပြီ သူတို့ကိုသွားရှာရမယ်” ဟုန်ဝေ အလောတကြီးပြောလေသည် “ဒီမှာပဲနေ ထွက်မသွားနဲ့နော် အဲဒီကိစ္စ ပြီးသွားရင် လာခေါ်မယ်”
“ဘာဖြစ်တာလဲ ငါလည်းလိုက်မယ်လေ” ရှီမာယူယူ ငြင်းဆန်လိုက် သည်။
“မရဘူး ကျွန်မတာဝန်က ရှင့်ကိုကာကွယ်ဖို့ပဲ ရှင့်ကို ဒီမှာတစ်ယောက် တည်းထားခဲ့တာကိုက အမိန့်ကိုဆန့်ကျင်တာဖြစ်နေပြီ ရှင့်ကို အဲဒီကိုခေါ်သွား လို့ကတော့ ကျွန်မအစ်ကိုကိုဘယ်လို သွားဖြေရှင်းတော့မလဲ”
“ရှင့်အားက ရှင့်အစ်ကိုရဲ့အားထက် ကောင်းလို့လား သူတောင် အဲဒီဟာ တွေကိုမရှင်းနိုင်တာ ရှင်သွားလည်း အသုံးမဝင်ဘူး ကျွန်မပါလိုက်ရင် အားတော့ရှိသွားတာပေါ့” ရှီမာယူယူ သူမကို ဖျောင်းဖျလိုက်သည် “အန္တရာယ် ရှိလာရင် ကျွန်မဘာသာတော့ ကာကွယ်နိုင်ပါတယ်”
ဟုန်ဝေသည် စဉ်းစားပြီးရင်း စဉ်းစားပြီးနောက် သဘောတူလိုက်သည်။
“သွားရင်းနဲ့ ကျွန်မရှင်းပြမယ်” သူမသည် ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင် ပြီး ကွင်းပြင်ဆီသို့ပျံသွားလိုက်သည်။ လမ်းတစ်လျှောက် ဘေးနှစ်ဖက်တွင် အလောင်းများ ပုံနေသည်။
အရင်က ကြီးပွားတိုးတက်သော သူတော်စင်မြို့တော်သည် သွေးပင်လယ်ဖြစ်နေချေပြီ။
ရှီမာယူယူသည် အလောင်းများကို ကြည့်လိုက်သည်။ တစ်ခဏတော့ သူမ စိတ်သည် မိန်းမောမိသွားသည်။
ထိုသေဆုံးမှုများ၏ အကြောင်းအရင်းများထဲမှ တစ်ခုမှာ သူမကြောင့် ဖြစ်သည်။ သူမ ထန်းယွမ်ကိုပေးလိုက်သော အဆိပ်ကြောင့်သာမဟုတ်လျှင် ပညာရှိစံအိမ်တော်ကို ယခုလိုအလွယ်တကူ ဆွဲချနိုင်မည်မဟုတ်ပေ။
သူမသည် အမှားလုပ်မိလိုက်သည်ဟု မခံစားရပေ။ သို့သော် သေဆုံးမှု များနှင့် ရင်ဆိုင်လိုက်ရသောအခါ စိတ်ထဲတွင် အပြစ်မကင်းသလိုခံစားလာရ သည်။
“အစ်ကိုတို့က ကွင်းထဲမှာ ပိတ်မိနေတယ်လို့ ကျွန်မရဲ့ပိုးကောင်လေး ပြောတယ်” ဟုန်ဝေ၏ အသံမှာတုန်ယင်နေသည် “ချုံးကျိက ကျွန်မအစ်ကို သစ္စာဖောက်တာကို သိသွားပြီး ကျွန်မအစ်ကိုကို ဒဏ်ရာရအောင်လုပ်ထား တယ်”
“ဘယ်လိုဖြစ်ပြီးလဲ” ရှီမာယူယူ အံ့ဩသွားသည် “ငါတို့လူနည်းတယ် အနက်ဝတ်လူတွေကို သွားတိုက်ခိုက်လို့မရဘူး”
“အဓိကက ချုံးကျိပဲ သူက ယုံကြည်မှုစွမ်းအားနဲ့ အတားအဆီးလုပ်ထား တယ် ကြီးမြတ်သောဝူလင်းတောင် ဘာမှမလုပ်နိုင်တော့ဘူး အခု သူတို့ ကွင်း ထဲကနေမထွက်နိုင်တော့ဘူး ကျွန်မတို့သူ့ကိုမနိုင်နိုင်ဘူး”
ရှီမာယူယူသည် ချုံးကျိ အစောပိုင်းက ပြောခဲ့သော စကားကို ပြန်အမှတ် ရသွားသည်။ သူသည် ယုံကြည်မှုစွမ်းအားကို ကာကွယ်ရေးအတွက်သာမက တိုက်ခိုက်ရေးနှင့် ချုပ်နှောင်ရေးအတွက်ပါ သုံးနိုင်သည်။
“အခု ဘယ်သူတွေ ပိတ်မိနေလဲ”
“ကျွန်မအစ်ကို ကြီးမြတ်သောဝူလင်း ရွှမ်ချုံးမျိုးနွယ်နဲ့ အသင်းမဟာမိတ် ကလူတွေ”
ရှီမာယူယူ ရင်ဒိန်းကနဲဖြစ်သွားသည်။ ကြီးမြတ်သောဝူလင်းတောင် သူ့ကို မနိုင်ဘူးလား။
ကြီးမြတ်သောဝူလင်းသည် ဖန်ရှင်းတို့ထက်ပင် အားကောင်းသည်။ သူ ပင်လျှင် ကိုင်တွယ်ရန်နည်းလမ်းမရှိပါက သူတို့သွားလိုက်လျှင်လည်း အတူတူ ပင်မဟုတ်ပါလား။
သူတို့သည် ကွင်းပြင်အနီးသို့ အလောတကြီးသွားလိုက်သည်။ လူများ သည် တိုက်နေကြသည်။ တချို့မှာ မျက်လုံးမှိတ်ရင်းနှင့် တိုက်ခိုက်နေကြသည်။ ဟုန်ဝေသည် ခန္ဓာကိုယ်ကိုလှည့်ကာ ကြာပွတ်နီနှင့် တစ်ယောက်ကို အဆုံး သတ်ပေးလိုက်သည်။ သူမသည် ရှီမာယူယူကိုခေါ်ကာ ကွင်းပြင်အပြင်သို့ ရောက်လာသည်။
“ဘုန်း”
အသင်းမဟာမိတ်မှလူများနှင့် ရှေးဟောင်းဝိညာဉ်သားရဲတို့သည် အပြင် မှဝိညာဉ်အတားအဆီးကို တိုက်ခိုက်လေသည်။ သူတို့၏ တိုက်ချက်များသည် ဝိညာဉ်အတားအဆီးကို ကျသွားသော်လည်း အသုံးမဝင်ကာ စုပ်ယူခံလိုက်ရ သည်။
“ယုံကြည်မှုစွမ်းအားက ဒီလောက်အားကောင်းမယ်လို့ ထင်မထားဘူး” ဟုန်ဝေသည် မြင်နေရသော မြင်ကွင်းကြောင့် သက်ပြင်းချလိုက်သည်။ သူမ သည် ပို၍ပင် စိုးရိမ်လာသည်။
ဖန်မင်သည် အသင်းမဟာမိတ်မှလူများကို အမိန့်ပေးနေသည်ကို ရှီမာယူယူ မြင်ရသည်။ သူမ ပြေးသွားလိုက်သည် “ဥက္ကဌဖန် တခြားအသင်း ဥက္ကဌတွေရော”
သူမသည် ကျုံကျန်းဟန်ယွဲ့အသွင်ယူထားသည်ကို အသင်းဥက္ကဌများ သိကြသည်သဖြင့် သူမကိုမြင်သည်နှင့် မှတ်မိကြသည်။
“လောင်ရှားနဲ့ လောင်ဟော်က အဲဒီမှာရှိတယ် တခြားလူဒါဇင်လောက် လည်းရှိကြတယ် ငါတို့ဒါကိုမဖျက်နိုင်ရင် သူတို့ထွက်နိုင်မှာမဟုတ်ဘူး”
ရှီမာယူယူသည် အထဲမှအဖြစ်အပျက်ကို မမြင်ရပေ။ သို့သော် သူ့အသံမှ တစ်ဆင့် အခြေအနေမှာ အလွန်ဆိုးနေသည်ကို သူ သိသည်။ သာမာန်တိုက်ပွဲ သာဆိုလျှင် အသံထွက်နေရမည်။ သို့သော် လှုပ်ရှားမှုပင်မရှိသဖြင့် သူတို့ တိုက်ခိုက်မှုများသည် အသုံးမဝင်ပေ။
“အာ…”
အထဲမှ မရင်းနှီးသော အော်သံထွက်လာသည်။ ရှီမာယူယူသည် မျက်မှောင်ကြုတ်လိုက်သည်။ အသံသည် ဝူလင်းယူ၏ အစားထိုးလူဖြစ်သည်။
ဟုန်ဝေသည် ထိုအော်သံကိုကြားသည်နှင့် တည်ငြိမ်မှုများပျောက်ကာ ဝိညာဉ်အတားအဆီးကို အဆက်မပြတ်တိုက်ခိုက်တော့သည်။
***