ယင်-ယန် ဓားအလင်း အကာအကွယ်။
Vol. 22 Ch. 264
“ လီချန်နင်တုန်းကလည်း မင်းလိုပဲ မာနကြီးတယ် ဒါပေမယ့် နောက်ဆုံးမှာတော့ ငါစုရီအတွက် ခြေနင်းကျောက် ဖြစ်ခဲ့ရတာပဲ၊ မင်းလည်း ခြွင်းချက်တော့ မဟုတ်ဘူး။ ”
စုရီက လှောင်ပြုံးဖြင့် တုန့်ပြန်လိုက်၏။ ဤစကားများသည် စုရီပါးစပ်မှ ထွက်လာသော အခါတွင် မည်သူမျှ မေးခွန်း မထုတ်ရဲကြချေ။ အခြားသော မဟာသခင်များသာဆိုက လှောင်ပြောင်မိပေမည်။
“ ခြေနင်းတုံးလား ... ။ ”
ယွီတျန်းဟုန်မှ ပြုံးပြီး တစ်ချက် ပြန်ကြည့်လိုက်ကာ၊
“ ငါ့အမြင်အရတော့ ... မင်းက ခြေနင်းတုံးလောက်တောင် ကံမကောင်းနိုင်ဘူး ဒီလူတွေရဲ့ မျက်လုံးထဲမှာ ဆူဖြိုးနေတဲ့ သားကောင်တစ်ကောင်ပဲ ...
... တစ်ခုပဲ စိတ်ပူမိတယ် ... မင်းကို သတ်ပြီးရင် ငါ့ထံကနေ ဝေစုအဖြစ် လုယက် လာကြမဲ့ မျက်မမြင်တွေ ဘယ်လောက် ရှိနိုင်မလဲ ငါမသိဘူး ...
... လူတိုင်းအမြင်မှာ ကံကောင်းမှု တစ်ခုခုကြောင့် မင်းက မဟာသခင်အဆင့် ကျင့်ကြံမှုနဲ့ ... မြေကြီးအဆင့်အင်မော်တယ်ကို သတ်နိုင်တယ်လို့ ထင်နေကြတယ်။ ”
ဤသည်မှာ ထိပ်တန်းပုဂ္ဂိုလ်အချို့၏ အတွေးအမြင်များကို ကောက်ယူပြခြင်းနှင့် ညီမျှသည်။
စုရီက အလေးအနက်မထားဘဲ ပြုံးလျက်၊
“ ဒါဆို မင်းကိုသတ်ပြီးရင် ... ဘယ်သူ ခြေနင်းတုံး ဖြစ်ချင်သေးလဲ ငါကြည့်မယ် ... ။ ”
-ဟု တုန့်ပြန်လိုက်တော့၏။
နှစ်ယောက်သား စကားစစ်ထိုးခြင်းဖြစ်ခဲ့ သော်လည်း သက်ရောက်မှုသည် ပတ်ဝန်းကျင်ရှိ ကျွမ်းကျင်သူများကို မျက်ခုံးပင့်စေ၏။ ဤသည်မှာ သူတို့အပေါ် ခြိမ်းခြောက် သတိပေးခြင်းမည်သည်။
“ ဟီးဟီး ... ဟား ဟား ဟား ... ။ ”
ယွင်တျန်းဟုန်က ရယ်၏။ ခန္ဓာကိုယ်မှ စူးရှပြီးကြောက်မက်ဖွယ် ရောင်ဝါများ ထွက်ပေါ် လာသည်။ ကောင်းကင်ကို ထိုးဖောက်တော့မည့် ထာဝရဓားတစ်လက်နှင့်တူ၏။
“ စိတ်မပူပါနဲ့ ငါမင်းကို လျှော့တွက်မှာ မဟုတ်ဘူး ... ဂုဏ်သိက္ခာရှိရှိ သေစေဖို့အတွက် အစွမ်းထက်ဆုံး နည်းလမ်းတွေကို ငါသုံးပေးမယ်။ ”
ယွီတျန်းဟုန်မှ လှောင်ပြောင်လိုက်၏။ မျက်လုံးများတွင် တောက်ပသော အရိပ်တစ်ခု ရှိနေသည်။ စကားပြောနေစဉ် လက်တစ်ဖက် မြှောက်လိုက်ပြီး လေထဲဆုပ်ကိုင်လိုက်၏။
“ ဝှစ် ... ။ ”
အနားရှိ တိမ်ပင်လယ်ကြီး ရုတ်တရက် လှိုင်းထလာကာ ကောင်းကင်နှင့် မြေကြီးကြား ပျံ့နှံ့နေသော စွမ်းအင်များက အရူးအမူး စီးဝင်လာသည်။
“ ဘာတွေဖြစ်နေတာလဲ။ ”
လူအုပ်ကြီး၏ တုန်လှုပ်ခြောက်ခြားဖွယ် အကြည့်များအောက်တွင် ဓားအလင်းတစ်လက် ၎င်းလက်ထဲ ထွက်ပေါ်လာ၏။
“ ဝှစ် ... ။ ”
စွမ်းအင်ကိုဆွဲယူပြီး ဓားအဖြစ် ဖွဲ့စည်းလိုက်ခြင်းပေပင်။ ဝတ်ရုံစများ တဖျပ်ဖျပ် လွင့်ပျံလျက် လေထုအလယ် လှမ်းတက်လိုက်တော့၏။
ကျယ်ပြောလှသော သမုဒ္ဒရာကြီး လှိုင်းထန်လာသကဲ့သို့ သွေးနှင့်ချီများ စီးဆင်း နေသံကို ကြားနိုင်သည်။
ရောင်ဝါသည် လွှမ်းမိုးလွန်းပြီး အခြားသောမြေကြီးအဆင့် အင်မော်တယ်များ ကိုပင် အနည်းငယ် ဖိအားပေးနေခဲ့သည်။ လူတိုင်း မျက်ဝန်းများမှေးစင်းသွား၏။
မဟာချင်၏ ဓားဘုရင်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းချေပြီ။
၎င်းဝိညာဉ်သည် ကျောက်တုံးကဲ့သို့ ခိုင်မာကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်မည်။ ကိုယ်လုံးကိုယ်ပေါက်၊ စိတ်ဝိညာဉ်သို့မဟုတ် ကျင့်ကြံမှုအားလုံးသည် အထွတ်အထိပ်သို့ ရောက်ရှိနေ၏။
“ မူလတာအိုနယ်ပယ် ... အတွင်းပိုင်းသန့်စင်ခြင်း အထွတ်အထိပ်အဆင့် ... စိတ်မကောင်းစရာပဲ။ ”
စုရီက သူ့လက်ကို နောက်ပို့လျက်မှ သက်ပြင်းချလိုက်တော့၏။ တစ်ဖက်လူသည် အမှန်ပင်ထိုက်တန်သော ပြိုင်ဘက်ဖြစ်ချေပြီ။ သို့သော် နှမျောစရာပေပင်။
“ စုရီ ... မင်းဟန်ဆောင်နေတာတွေကို စွန့်ပစ်ပြီး ဓားဆွဲပါ၊ မင်းလည်း ဓားသမားဆိုတာ ငါကြားထားတယ် ... မဟုတ်ရင် မင်းအတွက် ဓားဆွဲဖို့ အခွင့်အရေးရနိုင်မှာ မဟုတ်ဘူး။ ”
“ ဒါက မင်းရဲ့ အရည်အချင်းရှိလား-မရှိဘူးလားဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ”
စုရီမှ ယွီတျန်းဟုန်ထံသို့ လျှောက်လှမ်းလျက်၊
“ သတိပေးပါရစေ ... ငါ့ရှေ့မှာဆိုရင် မင်းကိုယ်မင်း ဓားသမားလို့ ... အနာဂါတ်မှာ မခေါ်တာ ပိုကောင်းလိမ့်မယ်။
-ဟု ပြောကြားလိုက်သည်။
“ ရွှပ် ... ။ ”
ထို့နောက် လေခွင်းသံထွက်ပေါ်လာပြီး ဓားမီးတောက်သည် လေဟာနယ်ကို ဖြတ်ကာ စုရီထံ ပျံသန်းလာခဲ့၏။
“ ဂျိန်း ... ။ ”
၎င်းနှင့်အတူ မိုးခြိမ်းသံများ လိုက်ပါလာတော့သည်။ ကောင်းကင်အဆင့် အလယ်အလတ်တန်းစား ဓားရည်ရွယ်ချက်၊ မိုးကြိုးဓား။
အကယ်၍သာ အခြားသော မဟာသခင်များသာဆိုက ဓားမရောက်မီကပင် ဝိညာဉ်ကွဲကြေသွားပေလိမ့်မည်။
ဤသည်မှာ မြေကြီးအဆင့် အင်မော်တယ် တစ်ပါး၏ ခွန်အားဖြစ်၏။ ခန္ဓာနှင့် ဝိညာဉ်သည် ကောင်းကင်နှင့်မြေကြီးကြား ပေါင်းစပ်ကာ ဖြစ်စဉ်များ ဖော်ဆောင်နိုင်ချေပြီ။
ယွီတျန်းဟုန်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျော်ကြားနေခဲ့သည့် ဓားဘုရင်ဖြစ်သည်။
ကမ္ဘာကြီးကို အံ့အားသင့်စေမည့် ဓားပညာမျိုးဖြင့် ဓားဘုရင်ဘွဲ့ကို ရရှိထား၏။ လူအများ သိချင်သည်မှာ ဤဓားအပေါ် စုရီ မည်သို့ ရင်ဆိုင်ရမည်ကို ဖြစ်ချေပြီ။
“ ချိုး ... ။ ”
စုရီက လက်သီးတစ်ချက် အသာအယာ ပစ်ထုတ်လိုက်သည်။ မဟာသခင်စတုတ္ထအဆင့် ပြီးပြည့်စုံမှုသို့ ရောက်ရှိသွားသော အခြေခံ အုတ်မြစ်မှာ အသက်ဝင်လာသည်။
လက်ရှိခွန်အားသည် ယခင်နှင့် မတူတော့ချေ။ လီချန်နင်ဖြင့် ထပ်မံတိုက်ရပါက ဤလက်သီးတစ်ချက်တည်းဖြင့် အလွယ်တကူ အပိုင်းပိုင်း ခွဲပစ်နိုင်သည်။
“ ဘုန်း ... ။ ”
မိုးကြိုးရည်ရွယ်ချက်များ ပါဝင်နေသော ဓားအလင်းသည် အနက်ရောင် လက်သီးကြီးနှင့် တိုက်မိသွား၏။
ရလဒ်သည် ကျောက်တုံးကြီးငယ် များစွာတို့နှင့် သစ်ပင်ကြီးများစွာကို လွင့်စင်ကာ အရပ်ရပ်သို့ ပျံ့နှံ့သွားစေသည်။ မြေပြင်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာ၏။
“ အရမ်းပြင်းတယ်။ ”
အနားရှိ ရှန်းရှင်းအဆင့် ကိုယ်ခံပညာ ရှင်များနှင့် လူအုပ်ကြီးခမျာ ထိတ်လန့်သွားပြီး လွတ်ရာသို့ ထပ်မံ ဆုတ်ခွာလိုက်သည်။ ဤအရာသည် မဟာသခင်တစ်ပါး ပိုင်ဆိုင်နိုင်သည့် စွမ်းအားပင်လော။
လွင့်မျောနေသော မီးခိုးများနှင့် ဖုန်မှုန့်များကြားတွင် ယွီတျန်းဟုန်တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
သူ၏ ဤဓားသည် ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများဖြင့် ပေါင်းစပ်ထားပြီး ဆယ်စုနှစ်များစွာ ပြင်ဆင်ထားသော ကျွမ်းကျင်မှု ရှိသည်။
သို့သော် တစ်ဖက်လူသည် လက်သီး တစ်ချက်တည်းဖြင့် ချိုးဖြတ်သွားသည်။ ၎င်း၏ လက်သီးသည် သူ့ထက်ပင် တာအိုကျက်သရေ ပါရှိနေသည်။
“ သွား ... ။ ”
ယွီတျန်းဟုန်၏ မျက်ဝန်းများ အေးစက်သွားကာ သူ့ဓားကို ဒုတိယအကြိမ် လွှဲလိုက်ပြန်၏။
“ ရွှပ် ... ။ ”
ဓားအလင်းသည် ကောင်းကင်ကို ထိုးဖောက်နေသော သက်တံကြီးတစ်စင်းကဲ့သို့ ထိုးတက်သွားသည်။ လေနှင့်မိုးခြိမ်းသံများ တိမ်ပင်လယ်အတွင်း ပဲ့တင်ထပ်နေ၏။
ဤဓားသည် ယွီတျန်းဟုန်၏ တာအိုအယူအဆအပေါ် အောင်မြင်မှုများကို ထုတ်ဖော်ပြသနေခဲ့သည်။
လူတို့၏စိတ်နှလုံးကို အေးစက်စေသော ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်လက် ဖြစ်ချေ၏။
“ ဝှစ် ... ။ ”
သို့သော် စုရီသည် တိမ်းရှောင်ခြင်းမပြုဘဲ ရှေ့သို့ ဆက်တိုးလာသည်။ မိုးကြိုးဓား ရောက်ရှိ လာသောအခါ သူ့လက်ချောင်းများဖြင့် ဓားကဲ့သို့ ခုတ်ပိုင်းချလိုက်သည်။
ထိုဓားအလင်းသည် သုံးပေမျှသာ ရှည်လျားသော်လည်း ၎င်းအတွင်း၌ ရန်လိုသော အနက်ရောင် အငွေ့အသက်တစ်ခုပါရှိသည်။
“ ရွှပ် ... ။ ”
ကြည်လင် ပြတ်သားသော တာအိုတေးသံများနှင့်အတူ စုရီ၏အနက်ရောင် ဓားအလင်းသည် မိုးကြိုးဓားကို အမှန်တကယ် နှစ်ပိုင်းခွဲသွားခဲ့၏။
ထက်ရှလွန်းသော ဓားတစ်လက်မှ ကြီးမားကျယ်ပြန့်သော တောင်ကြီးတစ်လုံးကို ခွဲထုတ်လိုက်သလိုပေပင်။
အရွယ်အစား ကွာဟမှုသည် အာရုံခံစားမှုအတွက် ကြီးမားလှချေပြီ။ မိုးကြိုး ဓားရည်ရွယ်ချက်ခမျာ မတည်မငြိမ် ဖြစ်လာတော့၏။
အဆုံးတွင် စုရီဓားရည်ရွယ်ချက်သည် ကျောက်တုံးကြီးကဲ့သို့ ခိုင်မာပြီး မြေကြီးအဆင့် အင်မော်တယ်တစ်ပါး ဖြေရှင်းနိုင်သည့် အရာမျိုး မဟုတ်ချေ။
“ ဓားရည်ရွယ်ချက်ကို သန့်စင်တဲ့အခါ ကြီးမားခိုင်ခံ့တိုင်း ပိုကောင်းတာ မဟုတ်ပါဘူး ဓားက ... ဓားနဲ့ပဲ တူရမယ်။ ”
စုရီမှ မှတ်ချက်ပေးလိုက်၏။ အရိုင်းမြေကိုးပါး၏ ပထမဓားသခင်အနေဖြင့် ဓားတာအိုအသိအမြင်ကို ယွီတျန်းဟုန်မှ ယှဉ်နိုင်စရာ မရှိချေ။
“ ဟိတ် ... ။ ”
စကားဆုံးသည်နှင့် စုရီအသွင်မှာ တဖျပ်ဖျပ်ခတ်လာပြီး ယွီတျန်းဟုန်ရှေ့သို့ ပြေးတက်သွားချေပြီ။
သုံးပေရှည်သော အနက်ရောင် ဓားအလင်းတွင် လျှို့ဝှက်ဆန်းကြယ်သော တာအိုတေးသံများ လိုက်ပါလာ၏။
ဟုန်ချန့်ချန်၊ ယွင်ကျန့်ချုံးနှင့် ရှစ်ဖုန်းလျူတို့သည် ထိုဓားကိုမြင်ပြီးနောက် စုရီထံ အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
ဓားရည်ရွယ်ချက်၊ နတ်အာရုံ၊ တာအိုကျက်သရေနှင့် အမည်မသိ ဆန်းကြယ် လွန်းသော စွမ်းအင်ကို ပေါင်းစပ်ထား၏။
တန်ခိုးတော်သည် ကောင်းကင်၌ လွတ်လွတ်လပ်လပ် ပြေးလွှားနေသော မြင်းရိုင်း တစ်ကောင်ကဲ့သို့ ရိုင်းစိုင်းပြီး အတားအဆီးမဲ့ ချေနေပြီ။
ဤဓားမျိုးသည် မြေကြီးအဆင့် အင်မော်တယ်တစ်ပါးလက်မှ ထွက်လာသကဲ့သို့ ရင်သပ်ရှုမောဖွယ် ကောင်း၏။
“ ရေဒြပ်စင် တာအိုရောင်ဝါ ... ၊ တာအိုကျက်သရေနဲ့ ဓားရည်ရွယ်ချက် ... ဒီလူ တကယ် ကြောက်စရာကောင်းတယ်။ ”
အဖြူရောင်ဝတ်ရုံနှင့် ယွီရှစ်ချန်မှ စိတ်လှုပ်ရှားစွာဖြင့် ခပ်တိုးတိုး ညည်းတွားလိုက် တော့သည်။
ထိုအချိန်တွင် စုရီကို ရင်ဆိုင်နေရသော ယွီတျန်းဟုန်အမူအရာသည် ချက်ချင်း လေးနက် လာ၏။
“ အမှောင်ကမ္ဘာမှ ဝိညာဉ်သန့်စင်ခြင်း မိုးကြိုးဓား။ ”
သူ့အင်္ကျီလက်များ တဖျပ်ဖျပ်ခတ်ပြီး ရောင်ဝါမှာ ကောင်းကင်ပေါ် ပျံတက်သွားသည်။ တစ်ဆက်တည်းမှာပင် မိုးကြိုးဓားအလင်း တစ်ချက် လင်းလက်သွား၏။
“ ဂျိန်း ... ။ ”
အမှောင်ကမ္ဘာကြီး၌ မိုးခြိမ်းသံများ မြည်ဟည်းလျက် လူသေများ၏ ဝိညာဉ်များကို သန့်စင်နိုင်သော ဓားပေပင်။ ထိုမြင်ကွင်းသည် မြင်ရသူတိုင်းအပေါ် တုန်ယင်သွားစေ၏။
ရေနှင့်မီးသည် သဟဇာတ မဖြစ်ချေ။ သွယ်ဝိုက် ဆန့်ကျင်နေသော ဓားရည်ရွယ်ချက် နှစ်ခုသည် တစ်ခုနှင့် တစ်ခု ထိပ်တိုက် တွေ့ကုန်ကြ၏။
“ ဝုန်း ... ။ ”
သာမန်မျက်စိဖြင့် မြင်နိုင်သော အဖျက်စွမ်းအားလှိုင်းတစ်ခု ကောင်းကင်တခွင် ပျံ့ကားသွားသည်။
စုရီဓား၏ ရေဓားရည်ရွယ်ချက်သည် ချက်ချင်းပေါက်ကွဲသွားသကဲ့သို့ ယွီတျန်းဟုန်၏ မိုးကြိုးဓားသည်လည်း မိုးအဖြစ် ရွာကျ၏။
အဆုံးတွင် ယွီတျန်းဟုန်သည် ထိတ်လန့် တုန်လှုပ်သွားသော အသွင်အပြင်မျိုးနှင့် မျက်နှာ ချက်ချင်းပြောင်းသွားသည်။
“ ဟမ့် ... ။ ”
အဘယ့်ကြောင့်ဆိုသော် သူသည် ရေဓားရည်ရွယ်ချက်ကို တားနိုင်ခဲ့သော်လည်း ပြိုင်ဘက်သည် သူနှင့်သုံးပေအကွာသို့ ရောက်ရှိနေပြီဖြစ်၏။
မဆိုင်းမတွဘဲ၊
“ ထွက်လာခဲ့ ... ။ ”
-ဟု နှင်းဖြူဓားကို ဆင့်ခေါ်လိုက်ရသည်။ တောက်ပလွန်းသော ဓားရောင်ဝါများ ရုတ်ချည်း ထွက်ပေါ်လာသည်။
၎င်းရောင်ဝါသည် ငွေလျှပ်စီးကဲ့သို့ ကောင်းကင်ပေါ် ထိုးတက်သွားကာ တိမ်များ ဆုတ်ခွာလျက် လေဟာနယ်အေးခဲသွား၏။
နှင်းဖြူနဂါးကြီး တစ်ကောင်က မိုးကြိုး မုန်တိုင်းအတွင်း ထွက်ပေါ်လာပြီး ကောင်းကင် အနှံ့ တိမ်ညိုများ ချက်ချင်းစုရုံးလာသည်။
“ ဘာလဲ ဓားတစ်လက် ထွက်လာတာနဲ့ ဒီလိုဖြစ်စဉ်မျိုးတွေ ရှိလာတာလား ... ။ ”
ဓားရောင်ဝါတစ်ခုတည်းသည် ကောင်းကင်နှင့် မြေကြီးကြား နိယာမများကို ပြောင်းလဲရန် လုံလောက်နေ၏။
ထိုရတနာသည် မည်သည့် အဆင့် ဖြစ်မည်နည်း။ လူတိုင်း လေနှင့်မိုးကြား နဂါးဖြူ တစ်ကောင်ကို မြင်လိုက်ရသည်။
“ ဒါပဲ ... ။ ”
စုရီမျက်လုံးများ လင်းလက်သွားသည်။ လွန်ခဲ့သောသုံးရက်က ဤဓားကို မြင်ထားဖူး၏။ မရိုးရှင်းကြောင်း သူ ပြောနိုင်သည်။
၎င်းအပေါ်တွင် မိုးကြိုးအမိန့်တော် ရေးထွင်းကာ ပြိုင်ဘက်ကင်း ပါဝင်ပစ္စည်းများ အသုံးပြုထား၏။ မူလတာအိုအဆင့် ဝိညာဉ်လက်နက်ပေပင်။
ဤသည်မှာ သာမာန် မူလတာအိုအဆင့် လက်နက်သခင်များ သန့်စင်နိုင်သည့် အရာမျိုး မဟုတ်ချေ။
ဓားတာအိုနှင့် အမိန့်တော်များကို ကျွမ်းကျင်သော ကျင့်ကြံသူတစ်ဦးသာလျှင် ဖန်တီးနိုင်မည်။
အမှောင်နတ်ဓား အစွမ်းထက်ရသည့် အကြောင်းရင်းသည် ဓားကိုသွန်းလုပ်ထားသော မရဏကမ္ဘာမှ နတ်သစ်သားနှင့် ဝိညာဉ် ဝါးမြိုခြင်း အမိန့်ကြောင့် ဖြစ်၏။
“ သေလိုက်စမ်း ... ။ ”
စုရီမှ လက်ဓားဖြင့်သာ တိုက်ခိုက် ခဲ့ခြင်းဖြစ်၏။ ကောင်းကင်မှ ကြယ်မြစ်တစ်စင်း ပြုတ်ကျလာသည်။
ဤဓားသည် ယခင်ထက် ပိုမို အားကောင်းနေပြီး လေဟာနယ်ကိုပင် ပြိုကျ လာစေ၏။ သာမန် မြေကြီးအဆင့် ကျွမ်းကျင်သူ တစ်ယောက်သည်သာ ဤဓားဖြင့်ရင်ဆိုင်ပါက ချက်ချင်း အသတ်ခံရပေမည်။
သို့သော် ယွီတျန်းဟုန်သည် သာမန် ကျွမ်းကျင်သူ မဟုတ်ချေ။ မဟာချင်မင်းဆက်၏ ဓားဘုရင်တျန်းဟုန်ဖြစ်၏။
နှင်းဖြူဓား ထွက်ပေါ်လာသည်နှင့် သတ်ရန်လာနေသည့် စုရီထံခုတ်ချပစ်လိုက်၏။ လျှပ်စီးများ လက်လာပြီး ဓားနတ်ဘုရားကဲ့သို့ ရောင်ဝါများ လွှမ်းခြုံလာလေသည်။
“ ထန် ... ထန် ... ။ ”
ဓားအလင်းနှစ်လက် ပြေးထွက်လာပြီး နှစ်ဦးသား အကြိမ်ပေါင်းမြောက်များစွာ ဆက်၍ တိုက်ခိုက်နေခဲ့တော့၏။
တိုက်ပွဲကောင်းကင်တွင် မိုးကြိုးနှင့် လျှပ်စီးများစွာ တဟုန်းဟုန်း မြည်ဟည်းလျက် မိုးကြိုးမုန်တိုင်းတစ်စင်း ဖွဲ့တည်လာသည်။
တိမ်ပင်လယ်အတွင်း ရေဒြပ်စင်တာအိုရောင်ဝါမှ မိုးကြိုးမုန်တိုင်းများ အပေါ် ဖြိုခွဲနေခဲ့၏။
“ ဂျိန်း ... ။ ”
နတ်ဘုရားများကြား ရန်ပွဲတစ်ခုပေပင်။ မျက်စိတ်တမှိတ်အတွင်း လှုပ်ရှားမှုပေါင်းများစွာ ပြီးမြောက်ခဲ့၏။
ထိုမြင်ကွင်းများသည် အခင်းဖြစ်ပွားရာ နေရာရှိ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ အပေါ် တည်ငြိမ်မှု ပျောက်ဆုံးစေသည်။
မည်သူမဆို စုရီအပေါ် မျှော်လင့်ထားပြီး ဖြစ်သော်လည်း ဤမျှအထိ သန်မာလိမ့်မည်ဟု မထင်ထားချေ။
ယွီတျန်းဟုန် ကိုယ်တိုင်ပင် မျက်လုံး၌ အံ့အားသင့်မှု အရိပ်အယောင်များ ရှိနေခဲ့သည်။ မဟာသခင်တစ်ပါးသည် လက်ဗလာဖြင့် သူ၏ တိုက်ခိုက်မှုများကို အမှန်တကယ် တားဆီးနိုင်နေ၏။
တစ်ဖက်တွင် စုရီသည် အလွန် ပျော်ရွှင်နေခဲ့ပြီး တိုက်ပွဲဝင်ဆန္ဒများ သမုဒ္ဒရာ တစ်စင်းကဲ့သို့ မြင့်တက်လာခဲ့သည်။
လှုပ်ရှားမှုတိုင်းသည် ရိုးရှင်းပြီး ခံ့ညားထည်ဝါကာ ဓားသမား၏ အစွယ်ကို ပြသရန် ဦးတည်နေ၏။
“ ကောင်းလိုက်တာ ... ။ ”
စုရီတစ်ယောက် ကျေနပ်စွာဖြင့် အော်ဟစ်လိုက်တော့၏။ ဆံပင်ရှည်ရှည်များ တဖျပ်ဖျပ်ခတ်ကာ လက်ဖဝါးကို ဝှေ့ယမ်းပြီး ခုတ်ချပစ်လိုက်သည်။
အောင်နိုင်ခြင်း ဓားသုတ္တန်၏ ပထမဆုံးသောလှုပ်ရှားမှု ‘ကြယ်တာရာ ဆွဲငင်ခြင်း’ ဖြစ်၏။
ကောင်းကင်ကွဲအက်လာပြီး နဂါးငွေ့တန်းကြီးတစ်ခု ဆင်းသက်လာကဲ့သို့ ဓားရည်ရွယ်ချက် ပွင့်ထွက်သွားသည်။
“ ချိုးဖြတ်စမ်း ... ။ ”
ယွီတျန်းဟုန်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ ရှေးဟောင်း နှင်းဖြူ ဓားသည် ရိပ်ခနဲ ရွေ့လျားသွား၏။
“ ဝှစ် ဝှစ် ဝှစ် ... ။ ”
အသက်တရှိုက်စာအတွင်း (၃၆)ကြိမ် ရွေ့လျားပြီးနောက် သုံးမီတာ အရွယ်အစားရှိ ဓားအလင်းဒိုင်းတစ်ခု ပေါ်လာခဲ့သည်။
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
ထိုနံရံအတွင်း လျှပ်စီးငါးကြင်း နှစ်ကောင်သည် တစ်ကောင်အမြီး-တစ်ကောင် လိုက်ဖမ်းနေ၏။ ယင်-ယန်ပေါင်းစပ်မှု၏ အံ့သြဖွယ် မြင်ကွင်းပေပင်။
“ ဘုန်း ... ။ ”
နဂါးငွေ့တန်းကြီးက ယင်-ယန် ဓားအလင်းဒိုင်းအပေါ် ပြုတ်ကျလျက် ချက်ချင်း လွင့်ပါး ပျောက်ကွယ်သွားတော့၏။
အလင်းဒိုင်းနောက်ကွယ်ရှိ ယွီတျန်းဟုန်တစ်ယောက် သွေးများ ပွက်ပွက်ဆူ လာခဲ့ချေပြီ။
အသက် (၁၇)နှစ်အရွယ် မဟာသခင်တစ်ပါးသည် ဤမျှ ပြင်းထန်သော ဓားကို မည်သို့ ဖန်တီးနိုင်သနည်း။ ယုံနိုင်ဖွယ် မရှိချေ။ ထိုစဉ် စုရီသည် သူ့ကို အသက်ရှူချိန် မပေးလိုဘဲ ထပ်မံ တိုက်ခိုက်လာတော့သည်။
***
Book-22