ခရမ်းရောင်လေ သို့မဟုတ် ဧကရာဇ်ချီ။
Vol. 22 Ch. 255
“ ကျေးဇူးတင်ပါတယ် ဆရာစု။ ”
ဆရာစုသည် ဤကိစ္စကို ဂရုမစိုက်မှန်း နားလည်လိုက်သဖြင့် ချန်ကွာခယ်တစ်ယောက် စိတ်သက်သာရာ ရသွားသည်။
“ လုထောင်လျူနဲ့ တခြားသူတွေကို ငါသတ်လိုက်ပြီး ... မင်းဂိုဏ်းက ငါ့အပေါ် ရန်ငြိုးဖွဲ့မှာ သေချာတယ်။ ”
စုရီက ချန်ကွာခယ်ကို ကြည့်ပြီး ပြောကြား၏။ ထို့ကြောင့် ချန်ကွာခယ်ခမျာ ချက်ချင်း မျက်နှာပြောင်းသွားသည်။ ခဏကြာ၌ ကူကယ်ရာမဲ့သော အပြုံးမျိုးဖြင့်၊
“ ဆရာစု ... မင်းက ငါ့ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့လူပါ ... ဒီလို ကျေးဇူးကန်းတဲ့ အရာမျိုး ဘယ်တော့မှ ငါလုပ်မှာ မဟုတ်ဘူး။ ”
-ဟု တုန့်ပြန်လိုက်သည်။
“ မင်းကြားနေဖို့ သိပ်အဆင်ပြေမှာ မဟုတ်ဘူး လူတွေရဲ့အပြုအမူထက် နှလုံးသား ကိုပဲ ငါကြည့်တယ် ... မင်းဆရာက ငါ့ကို ရန်သူအဖြစ် သတ်မှတ်ရင် ငါစိတ်ဆိုးမှာ မဟုတ်ဘူး ... မင်းလက်စားချေနိုင်တယ်။ ”
( ဆရာစု မင်းနောက်နေတာလား ငါတို့ခွန်အားနဲ့ ဘယ်လိုလုပ်ပြီး ဒါမျိုးစဉ်းစား ဝံ့မှာလဲ။ )
ထိုစကားကြောင့် ချီလျန်ကြွယ်၊ ချင်ကျင်းနှင့်ချန်ကွာခယ်တို့မှာ ကူကယ်ရာမဲ့ ကုန်သည်။ သူတို့ခွန်အားဖြင့် ဆန္ဒရှိလျှင်ပင် မည်သို့ လက်စားချေဝံ့မည်နည်း။
“ ကျီး ... ။ ”
ဤအခိုက်တွင် မီးလျှံ ကြိုးကြာငှက် တစ်ကောင် ရုတ်ချည်းပေါ်လာပြီး ဆံပင်ဖြူဖြူ အဖိုးအိုတစ်ဦး ရောက်ရှိလာ၏။
“ မင်္ဂလာပါဆရာ။ ”
အဖိုးအိုကို မြင်သည်နှင့် ချန်ကွာခယ်တို့ သုံးယောက်က ချက်ချင်း နှုတ်ဆက်တော့သည်။ ဤသည်မှာ လျှို့ဝှက်နဂါးဓားဂိုဏ်း၏ တတိယ အကြီးအကဲ ဟွာစန်းဖြစ်၏။
နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော မြေကြီးအဆင့် အင်မော်တယ် တစ်ပါးပေပင်။ ချန်ကွာခယ်တို့၏ ဆရာသခင်ဖြစ်၏။
ကွင်းပြင်ရှိ စစ်သည်အချို့သည် ၎င်း၏ဂုဏ်ကျက်သရေကို အသိအမှတ်ပြုပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
“ ဝှစ် ... ။ ”
အဘိုးအိုဟွာစန်းက ကြိုးကြာပေါ်မှ ခုန်ဆင်းကာ၊
“ ဘာဖြစ်နေတာလဲ။ ”
-ဟု မေးမြန်းလေသည်။
ချင်ကျင်းက ချက်ချင်း ရှေ့သို့လှမ်းတက်သွားပြီး ဖြစ်ပျက်ခဲ့သမျှကို လေသံတိုးတိုးဖြင့် ရှင်းပြနေ၏။
“ ငါ့စကားကို သတိရပါ၊ ငါက လူတစ်ယောက်ရဲ့ အပြုအမူကို မကြည့်ဘူး နှလုံးသားကိုပဲ ကြည့်တယ်။ ”
စုရီက ၎င်းတို့စကားဝိုင်း ပြီးသည်အထိ စောင့်ဆိုင်းရန် စိတ်မဝင်စားသဖြင့် ချန်ကွာခယ် အပေါ် မှာကြားပြီး လှည့်ထွက်သွားသည်။
ချန်ကွာခယ်တစ်ယောက် မျက်နှာနီရဲလျက်၊
“ ဆရာစု၊ မင်း ... ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး ... စိတ်ချပါ။ ”
-ဟု ကတိပေးတော့သည်။
“ ဆရာရဲ့အမိန့်ကို မနာခံတာဟာ တပည့်တစ်ယောက်အတွက် ပြစ်မှုကြီးတစ်ခုပဲ ငါ့ကိုဆန့်ကျင်ရင်တော့ သစ္စာမဲ့ရာကျမယ် ...
... ဒီအခြေအနေက မင်းအတွက်တော့ တကယ့်ကို မလွယ်နိုင်ဘူး ... ကံကောင်းတာက မင်းမှာ ကျေးဇူးတရားကို သိတတ်တယ် ဒီလောက်ဆို လုံလောက်ပြီ။ ”
စုရီက လှည့်မကြည့်ဘဲ ပြောကြားလျက် ဆက်လျှောက်သွားတော့၏။ ဤမြင်ကွင်းသည် လူတိုင်းအတွက် ထူးဆန်းနေခဲ့၏။
စုရီပုံရိပ် ပျောက်ကွယ်သွားမှသာ ချန်ကွာခယ်နှင့် ချင်ကျင်းတို့ သက်ပြင်းချလျက် သူတို့ဆရာထံ ခိုးကြည့်လိုက်မိသည်။
ဤကာလအတွင်း သူတို့ဆရာသည် သည်းမခံနိုင်ဘဲ ထတိုက်မည်ကို စိုးရိမ်နေခဲ့ခြင်း ပေပင်။
“ ဆရာ ... စုရီကို စုမိသားစု ကိုယ်တိုင် ဆက်ဆံဖို့ အခွင့်အရေးပေးလိုက်တာလား။ ”
ချီလျန်ကြွယ်မှ ပါးနပ်စွာ မေးသည်။ သို့သော် ဟွာစန်းမှ ခေါင်းယမ်းပြပြီး သက်ပြင်းချကာ၊
“ လွန်ခဲ့တဲ့ တစ်နာရီက ... ဒုဂိုဏ်းချုပ် ရှစ်ဖုန်းလျူတစ်ယောက် စုရီထံကနေ ထွက်ပြေး လာခဲ့ရတယ်။ ”
-ဟု ပြန်ဖြေလာ၏။
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက် မိလေသည်။
ရှစ်ဖုန်းလျူသည် ဓားတာအိုကို အထူးကျွမ်းကျင်သော ဂိုဏ်း၏မြေကြီးအဆင့် အင်မော်တယ်တစ်ပါးဖြစ်၏။
ဤအခိုက်တွင် ဆရာဟွာစန်း အဘယ့်ကြောင့် မလှုပ်ရှားရသည်ကို နားလည် လာကြသည်။ သူတို့ဆရာပင် အနိုင်ရရန် မသေချာ။
“ ဒါပေမယ့် ... စိတ်မပူပါနဲ့၊ သူ ကျောက်စိမ်းမြို့တော်ကို ရောက်နေပြီဆိုတော့ သေမှာအမှန်ပါပဲ ,,, ငါတို့ရဲ့ လှုပ်ရှားနေစရာ မလိုတော့ပါဘူး ... ငါတို့လုပ်ရမှာက သူနဲ့ ဆက်ဆံရေးကို လုံးဝ ဖြတ်ပစ်လိုက်ဖို့ပဲ။ ”
ထိုစကားကိုပြောနေစဉ် ချန်ကွာခယ်နှင့် ချင်ကျင်းကို သတိပေးသည့် အကြည့်တစ်စုံဖြင့် လှမ်းကြည့်လိုက်တော့သည်။
***
“ ဒါ ကျောက်စိမ်းမြို့တော်လား ခမ်းနားတယ်။ ”
နာရီဝက်ကြာပြီးနောက် ခမ်းနား ထည်ဝါသော မြို့တော်ကြီး၏ အသွင်အပြင်ကို မျက်စိတစ်ဆုံး မြင်လာရသည်။
မြို့တံတိုင်းသည် ပေရာနှင့်ချီမြင့်မားပြီး ကြီးမားသော နဂါးကြီးတစ်ကောက် ကျောဆန့် နေကဲ့သို့ ရွှေရောင်တောက်ပနေ၏။
မြို့အထက် လေထုထဲတွင် ဖုန်မှုန့်များ လူးလိမ့်မျောပါနေပြီး ဝိညာဉ်စွမ်းအင်များစွာမှာ အံ့မခန်းလှိုင်းထနေ၏။
ထို့အပြင် သာမန်လူများ မြင်ရန် မဖြစ်နိုင်သော ခရမ်းရောင် အခိုးအငွေ့များ သည်လည်း ပါရှိနေသည်။
ဤသည်မှာ ဧကရာဇ်ချီ ဖြစ်၏။ ထိုဧကရာဇ်ချီသည် အရှေ့ဘက်မှ ထွက်လာပြီး ဧရိယာတစ်သောင်းကို အုပ်စိုးထားသည်။
မည်သည့် သေမျိုးနိုင်ငံမဆို မြို့တော်တစ်ခုကို တည်ထောင်သည့်အခါတွင် တိုင်းပြည်တည်မြဲစေရန် ဖုန်းရွှေသခင်များ စေလွှတ်ကြရ၏။
၎င်းတို့မှ နဂါးသွေးလွှတ်ကြော ရနိုင်မည် ဝိညာဉ်စွမ်းအင်ကြွယ်ဝသော အရပ်ဒေသများကို ရှာဖွေပေးရသည်။
စုရီအတွက်တော့ ဧကရာဇ်ချီဟုခေါ်သည့် ထိုခရမ်းရောင်လေများသည် သက်ရှိအားလုံး၏ ဆန္ဒများဖြစ်ကြောင်း သိရှိထားသည်။
လူတိုင်း၏ ထောက်ခံမှု ရရှိမှသာလျှင် စစ်မှန်သော ဧကရာဇ်ချီများ ရရှိနိုင်ပြီး နိုင်ငံ၏ ကံကြမ္မာကို ဆက်ခံနိုင်ပေမည်။
ထောက်ခံမှု ဆုံးရှုံးသွားသော် သက်ရှိအားလုံး၏ ဆန္ဒကို ဆုံးရှုံးခြင်းမည်ကာ ဧကရာဇ်ချီ ပျောက်ကွယ်သွားမည်ဖြစ်၏။
လက်ရှိဧကရာဇ်ချီသည် သာမန်အဆင့်သာ ဖြစ်သည်။ ကြည့်ရသည်မှာ ဧကရာဇ်ကျိုးသည် ရှန်ရှင်းအဆင့်၌သာ ရှိပုံရ၏။
ပလ္လင်ပေါ်တွင် ထိုင်ပြီးနောက် မူလတာအိုနယ်ပယ်ကို လျှောက်လှမ်းရန် သူ့အတွက် ခက်ခဲလာပုံပေပင်။
အဘယ့်ကြောင့်ဆိုသော် ပြည်သူများသည် တာအိုရှာဖွေနေသည့် အင်မော်တယ်တစ်ပါးကို မလိုအပ်ချေ။ ၎င်းတို့နှင့် ထပ်တူကျသော ဧကရာဇ်တစ်ပါးကိုသာ လိုအပ်သည်။
မဟုတ်ပါက ပြည်သူအားလုံး၏ စွန့်ပစ်ခြင်းကို ခံရနိုင်မည်။ ဤနည်းဖြင့် လက်ရှိ ဧကရာဇ်ကျိုးသည် တာအိုရှာဖွေရန် ခက်ခဲနေခြင်းဖြစ်သည်။
သို့သော် အရာရာတိုင်းတွင် အခြားတစ်ဖက်ရှိသည်။ မျှော်လင့်ချက် နည်းပါး သော်လည်း သေမျိုးကမ္ဘာ၏ အုပ်စိုးရှင်တစ်ပါး အတွက် ‘အမွှေးတိုင်တာအို’ ဟူသော နည်းလမ်းတစ်ခုရှိသည်။
( အမွှေးတိုင်တာအို - ကိုးကွယ်ခြင်းတာအို။)
ယင်းသည် ရုပ်တုသွန်းလုပ်ကာ အမွှေးတိုင်နှင့် ဆီမီးများ ကပ်လှူပူဇော်စေခြင်း ဖြစ်သည်။ ဤနည်းဖြင့် သက်ရှိအားလုံး၏ ယုံကြည်မှုကို အသုံးချကာ တာအိုရှာနိုင်မည်။
ယင်းသည် ဘုံကျောင်းရှိ ရုပ်ပွားတော်များ အလုပ်လုပ်ပုံနှင့် တူသည်။ ရုပ်တုတစ်ခု အပေါ် လူအများ သက်ဝင်ယုံကြည်လာကြခြင်းကြောင့် ဆန်းကြယ်သော ရောင်ဝါများ ရရှိခြင်းပေပင်။
၎င်းကို မြင့်မြတ်သော ရောင်ဝါ၊ နတ်ဘုရားရောင်ဝါများ၊ တန်ခိုးတော်ရောင်ဝါ စသည်ဖြင့် ခေါ်ဆိုနိုင်သည်။
သို့သော် အောင်မြင်မှုနှုန်းသည် သက်ရှိအားလုံး၏ ယုံကြည်ကိုးကွယ်မှုအပေါ် မူတည်နေပြန်သည်။
တိုင်းပြည် ဓနကျဆင်းပြီး ပြည်သူများ ဒုက္ခရောက်လျက် စွန့်ခွာမှုများ ပြုလုပ်လာပါက အကျိုးဆက်သည် တာအိုအုတ်မြစ်ကို ထိခိုက်စေသည်။
ဤနည်းလမ်းကို လက်ရှိဧကရာဇ်ကျိုးမှ အသုံးမပြုထားချေ။ မဟုတ်ပါက မြို့တော်ရှိ ခရမ်းရောင်လေသည် ဤသို့ သာမန် ဖြစ်နေမည် မဟုတ်ကြောင်း ပြောနိုင်သည်။
တဖြည်းဖြည်းနှင့် ခမ်းနားထည်ဝါသော မြို့တံခါးကို လှမ်းမြင်လာရပြီး လူအုပ်ကြီးသည် မြို့တံခါး၌ ဝင်-ထွက် စည်ကားနေသည်။
ထိုမြင်ကွင်းများသည် စုရီအတွက် အမှတ်ရစရာ အတိတ်ကို ပုံပေါ်လာစေသည်။ ဆယ့်လေးနှစ်သားအရွယ် ဆောင်းရာသီတွင် ဤတံခါးမှ ထွက်ခွာလာခဲ့ဖူးသည်။
ထိုစဉ်က နှင်းများ ထူထပ်စွာ ကျဆင်းနေခဲ့ပြီး တစ်ကိုယ်တည်း အေးစက်ကာ အဖော်မဲ့လှသည်။ ယနေ့ ပြန်လာချိန်၌ ထိုကဲ့သို့ အားငယ်နေသော ကောင်လေးတစ်ယောက် မဟုတ်တော့ချေ။
“ ဒီမြို့ရဲ့ အမှတ်ရစရာတွေက တကယ့်ကို မေ့မရနိုင်စရာပါပဲ ... ဒီကြိုးကို ငါမဖြေရှင်းခဲ့ရင် အနာဂတ်မှာ နှောင်ကြိုး ဖြစ်လာလိမ့်မယ်။ ”
ခပ်တိုးတိုး ရေရွတ်လျက် မျက်ဝန်းများ ငြိမ်သက်သွားသည်။ ဤအခိုက်တွင် သူ့စိတ်ထဲ နှစ်ရှည်လများ ဖိနှိမ်ထားခဲ့ရသော အတိတ်၏ နာကျည်းစရာများ ပေါ်လာခဲ့၏။
၎င်းကို ထပ်မံ ချိုးနှိမ်ခြင်း မပြုတော့ချေ။ ဤသည်မှာ သူ့ဘဝ တစိတ်တပိုင်း ဖြစ်သည်။ ထို့ကြောင့် မေလ (၄)ရက်နေ့တွင် အပြီးတိုင် ဖြေရှင်းရပေမည်။
အချိန်အတော်ကြာပြီးနောက် အသက်ရှူသွင်းလျက် လက်ကို နောက်ပို့ကာ လူအုပ်ကြီးနှင့် ရောနှောသွားတော့သည်။
ထိုနေ့တွင် ကျောက်စိမ်းမြို့တော်ထဲသို့ စုရီရောက်ရှိလာသည့် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
နေဝင်ဆည်းဆာအချိန်တွင် တော်ဝင်နန်းတော်ထံမှ လူရိပ်များစွာသည် အထူးအမိန့်ဖြင့် အသက်ဝင်လာတော့၏။
ယင်းသည် ဧကရာဇ်ကျိုးအမိန့်ကို တိုက်ရိုက်လက်ခံရရှိသော နဂါးအရိပ်အစောင့် တပ်သားများဖြစ်ချေပြီ။ မြေပြင်မှ ပစ်မှတ်ကို ရှာဖွေနေသော သိန်းစွန်ရဲများအလားပေပင်။
***