ငှက်မွှေးဘုရင် ... ။
Vol. 22 Ch. 256
စုမိသားစု စံအိမ်တော်၊ အစိမ်းရောင် စက္ကူထီးကလေးခြံဝင်း မျက်ခင်းပြင်တစ်နေရာ။ စုဟုန်လီတစ်ယောက် စစ်တုရင်ကစားနေ၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာ ပြီးနောက် အဖြူ-အမည်း အရုပ်များစွာသည် ရှေ့တိုးမရနိုင်ဖြစ်ကုန်သည်။
“ ဒီကမ္ဘာမှာ ကိုယ့်ကိုယ်ကို အနိုင်ယူဖို့ အခက်ခဲဆုံးဆိုတာကို စစ်တုရင်ကစားခြင်းနဲ့ ကျင့်ကြံမှုက သက်သေပြနေတယ်။ ”
ထို့နောက် မျက်မှောင်ကြုတ်ကာ သက်ပြင်းချလျက် ဘုတ်ပေါ်ရှိ စစ်တုရင်ရုပ် များကို ရုတ်တရက် လှဲချလိုက်၏။
မလှမ်းမကမ်းတွင် တစ်ချိန်လုံး တိတ်ဆိတ်စွာ ရပ်နေသော တာအိုဝတ်ရုံဝတ် အဖိုးအိုသည် ပြုံးလျက်ဖြင့်၊
“ စစ်တုရင်မှာ အမှားအယွင်းမရှိ ကစားတတ်ဖို့လိုသလို ... ကျင့်ကြံမှုမှာလည်း စိုးရိမ်မှုတွေ ကင်းဝေးဖို့ လိုတယ်။ ”
-ဟု မှတ်ချက်ပြန်ပေး၏။
စုဟုန်လီမှ ပြုံးလျက် မတ်တပ်ရပ်ကာ၊
“ လူတိုင်းက အမှန်တရားကို သိနေတာတောင် မကျင့်သုံးနိုင်သေးပါဘူး စကားနဲ့ ပြောတာလွယ်တယ်၊ တာအိုအစ်ကို မင်းဒီမှာ ရပ်နေတာကြာပြီ ပြောစရာ တစ်ခုခုရှိလား။ ”
တာအိုဝတ်လုံနှင့် အဖိုးအိုက ခေါင်းညိတ်ပြပြီး၊
“ မင်းရဲ့သား မြို့ကို ရောက်လာပြီ။ ”
-ဟု ပြောကြားလိုက်သည်။
ညသည် တဖြေးဖြေး နက်လာသည်၊ ခြံတွင်းရှိ မီးရောင်များ တဖျပ်ဖျပ်ဖျပ်ခတ်နေပြီး လေပြေများ ညင်သာစွာ တိုက်ခတ်နေသည်။
“ ဟား ဟား ဟား ... မျှော်လင့်ထားပြီးသားပါ။ ”
စုဟုန်လီမှ တိတ်ဆိတ်နေရာမှ ရယ်မောလိုက်သည်။
“ ဒီနေ့ရှစ်ဖုန်းလျူက သူ့လက်ကနေ ထွက်ပြေးသွားတယ် ... ဒါတောင်မှ သူ့ဂိုဏ်းရဲ့ တတိယအကြီးအကဲဟွာစန်းက မလှုပ်ရှားဘူး စုရီမြို့ထဲဝင်လာတာကို ရပ်ကြည့်နေခဲ့တယ်။ ”
“ ရှစ်ဖုန်းလျူက တကယ့် အသုံးမဝင်တဲ့ သိမ်းပိုက်သူ တစ်ယောက်ပဲ ... သူ့ခန္ဓာကိုယ်က အုတ်မြစ် နိမ့်ပါးလွန်းပါတယ် ...
... သူ့ကိုယ်သူ ရွယ်တူချင်း သာလွန်သယောင် ခံယူထားပြီး အရည်အချင်း ညံ့ဖျင်းပါတယ် ... သူ့အလားအလာက ကန့်သတ်ချက် ရောက်နေပြီ။ ”
ထို့နောက် စကား ခေတ္တရပ်လိုက်ပြီး၊
“ ဟွာစန်းလည်း သတိကြီးပြီး ရဲစွမ်းသတ္တိ ကင်းမဲ့နေတယ် သူတို့နှစ်ယောက်လုံး ငါ့သားဆိုး တစ်ယောက်ကို သေတဲ့အထိ မတိုက်ဝံ့တာ မဆန်းပါဘူး ... ။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
ဤမှတ်ချက်သည် ပေါ့ပေါ့ပါးပါးနှင့် သဘာဝကျ၏။ တာအိုဝတ်လုံနှင့် အဖိုးအိုသည် ၎င်းကို စိတ်မဝင်စားခဲ့ချေ။ ယင်းအစား၊
“ ဧကရာဇ်ကျိုးက စုရီနောက်လိုက်ဖို့ နဂါးအရိပ်စစ်သည်တော်တွေကို သုံးနေတယ် ဒါပမေယ့် ပေတစ်ရာအကွာလို့ ကန့်သတ်ချက် ပါရှိတယ် အရေးယူဖို့ စိတ်ကူးရှိပုံမရဘူး။ ”
-ဟု ဆက်လက် ပြောကြားလာ၏။
ထိုသတင်းစကားကြောင့် စုဟုန်လီမှ ပြုံးသည်။ လက်နှစ်ဖက်ကို နောက်ပို့လျက် အရှေ့ကောင်းကင်ထံ မော့ကြည့်၏။ ထိုအရပ် ကောင်းကင်ယံ၌ မြူများရစ်သိုင်းနေသည်။
“ လွန်ခဲ့တဲ့ ဆယ်နှစ်တာ ကာလအတွင်း လောကီရေးရာတွေကို ငါလျစ်လျူရှုပြီး နေထိုင် ခဲ့တယ် ... ဒီကာလတွေအတွင်းမှာ ငါ့ခွန်အားကို ဘုရင်မင်းမြတ်က တစ်ချိန်လုံးစုံစမ်းခဲ့တယ် ...
... အခု ဒီအခွင့်အရေးကို အသုံးချပြီး ငါ့ကျင့်ကြံမှု ဘယ်လောက် တိုးတက်နေလဲ သူ သိနိုင်မယ်လို့ ထင်နေတယ်။ ”
တာအိုဝတ်ရုံဝတ်အဖိုးအိုက၊
“ ရွှေခေတ် မရောက်ခင် မင်းရဲ့ခွန်အားကို ထုတ်ပြဖို့ဆိုတာ စောလွန်းပါတယ် မလိုလားတဲ့ အပိုဒုက္ခတွေ ဖြစ်လာမှာကို ငါကြောက်မိတယ် မဟာရှရဲ့ ကျင့်ကြံသူတွေက မိုးပြာတိုက်ကြီး အနှံ့ ခရီးနှင်နေကြတာ မင်းလည်းအသိပဲ။ ”
“ အဆင်ပြေပါတယ် ... ငါ ဒီသားဆိုးကို ကိုင်တွယ်ဖို့အတွက် ငါ့ခွန်အားတွေ အကုန်သုံးဖို့ မလိုအပ်ပါဘူး။ ”
စကားဆုံးသည်နှင့် တာအိုအဖိုး၏ တုန့်ပြန်မှုကို မစောင့်တော့ဘဲ လှည့်ထွက်သွား တော့သည်။ သို့သော်၊
“ နောက်ကျနေပြီ တာအိုအစ်ကို၊ မင်းကိုယ်မင်း ဂရုစိုက်ပါ။ ”
-ဟု မှာကြားလိုက်သည်။
တာအိုဝတ်လုံနှင့် အဖိုးအိုသည် အံ့အားသင့်သွားပြီးနောက် ခေါင်းယမ်းလိုက်၏။ ဤသည်မှာ မိသားစုအရေး ဖြစ်သည်။ သူ သည့်ထက်ပို၍ ပါဝင်ရန် မသင့်ချေ။
***
ထိုအချိန်တွင် ညဉ့်နက်သည်အထိ စုရီတစ်ယောက် ကြိမ်ကုလားထိုင်ပေါ်တွင် အနားယူနေခဲ့၏။
ဤခြံဝင်းသည် အလွန်သာယာပြီး ဆိတ်ငြိမ်၏။ မြင့်မားသော ထင်းရှူးပင်များ၊ ပန်းခင်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ ရေကန်ငယ်များ၊ မဏ္ဍပ်များပါရှိသည်။
သူ မရောက်ခင် ခြံဝင်းကို ရှင်းလင်း ပေးထားခဲ့ပြီး အိပ်ယာခင်းနှင့် အသုံးအဆောင် ပစ္စည်းများကို လှဲလှယ်ပေးထား၏။
ဤအခိုက်တွင် စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကြုတ်ကာ လေထုထဲ ဖမ်းဆွဲပစ်၏။
“ ဒီလျု သာယာလှပတဲ့ ညမျိုးကို ပိုးဟပ်ကောင်တွေက ဖျက်ဆီးချင်နေကြတယ် စိတ်ပျက်စရာပဲ ... ။ ”
သုံးမီတာအကွာရှိ မြင့်မားသော ထင်းရှူးကြီးထံမှ ထင်းရှူးအရွက်များ ညာလက် ဖဝါးအတွင်း ပျံသန်းလာသည်။
“ သွား ... ။ ”
ထို့နောက် လက်ရမ်းလိုက်ရာ အစိမ်းရောင်ဓားပျံများအလား အရပ်ရပ်သို့ ဖြန့်ထွက်ပျံသန်းကုန်တော့၏။
“ အား ... ။ ”
လေထင်းရှူးစံအိမ်နှင့် မီတာသုံးဆယ် အကွာရှိ ခြံတံခါးဝတွင် တောင်းရမ်းနေသော သူတောင်းစားခမျာ မြေပြင်ပေါ် ခွေကျသွား၏။ သူ့ပါးပြင်သို့ ထင်ရှုးပင် အရွက်ချွန်တစ်ချောင်း စိုက်ဝင်နေသည်။
နာကျင်လွန်းသဖြင့် သူတောင်းစားခမျာ အော်ဟစ်ညည်းညူလျက် ရုတ်တရက် မတ်တပ် ထရပ်ကာ လှည့်ပြေးတော့၏။
တစ်ချိန်တည်းမှာပဲ မက်မွန်လမ်းကြား၌ သကြားလုံးရောင်းနေသော အဘိုးအိုသည်လည်း လည်ပင်းကို ထင်းရှူးရွက်ချွန် စိုက်ဝင်ကာ တုန်တုန်ယင်ယင်ဖြစ်သွားသည်။
ထိုအဘိုးကြီးနှင့် ဆယ်ပေအကွာတွင် စစ်ယူနီဖောင်း၀တ်ထားသော အမျိုးသမီးတစ်ဦး နာကျင်စွာ လဲကျနေခဲ့၏။
ဤနည်းဖြင့် လေထင်းရှူး စံအိမ်၏ ပေတစ်ရာပတ်လည်အတွင်း အလားတူသော မြင်ကွင်းများ ဖြစ်ပွားလာခဲ့သည်။
ပေတစ်ရာအပြင်ဘက် အမှောင်ရိပ် အတွင်း၌ ပုန်းအောင်းနေသော လူအချို့သည် အဆိုပါမြင်ကွင်းများကြောင့် ကျောရိုးများ အေးစက်သွားကြ၏။
“ ထွက်သွားကြစမ်း ... ငါ့ကို ထပ်နှောက်ယှက်တဲ့ လူတိုင်း ချွင်းချက်မရှိ သေခြင်းပဲ ... ။ ”
စကားလုံးတိုင်းသည် ထိုပုန်းကွယ် စောင့်ကြည့်နေသူများ၏ စိတ်ဝိညာဉ်ထဲသို့ ဖောက်ထွင်းဝင်ရောက်လာသည်။
ကြီးမားသော တူကြီးတစ်လက်ဖြင့် ထုနှက်လိုက်သကဲ့သို့ မြင်ကွင်းများ မည်းမှောင် ကုန်ကာ ပြိုကျလုနီးပါးဖြစ်ကုန်၏။
များမကြာခင် ပတ်ဝန်းကျင်တစ်ခုလုံး ပြန်၍တိတ်ဆိတ်သွားသည်။ စုရီက သူ့ကိုယ်သူ ပြန်၍ သုံးသပ်နေမိ၏။
ပဉ္စမ မဟာသခင်အဆင့်သို့ ရောက်ရှိပြီးနောက် ဒြပ်ငါးပါး တာအိုရောင်ဝါ ရရှိလာသော် နတ်အာရုံဖြင့် တွဲဖက်နိုင်မည်။
ဤနည်းဖြင့် ပေတစ်ထောင်အကွာမှ ရန်သူများကို သစ်ရွက်များ၊ မြက်ပင်များသုံးကာ သတ်ပစ်နိုင်မည်ဖြစ်၏။
“ အခုတော့ ... ဒဏ်ရာပဲ ပေးနိုင်တယ် ငါ့ခွန်အားက မလုံလောက်သေးဘူး။ ”
စုရီတစ်ယောက် ကြိမ်ကုလားထိုင်၏ လက်ကိုင်ပေါ်လက်ညိုးဖြင့် ခေါက်လိုက်ကာ အတွေးများပျံ့နှံ့သွားသည်။
ယနေ့ ကျောက်စိမ်း မြို့တော်သို့ သူ ရောက်လာသည့် သတင်းသည် သံသယဖြစ်စရာ မရှိလောက်အောင် ပျံ့နှံ့သွားပြီးဖြစ်၏။
သို့သော် မေလ (၄)ရက်နေ့ ရောက်ရန် (၁၉)ရက်ခန့် လိုသေးသည်။ ထိုကာလအတွင်း၌ မဟာသခင် ပဉ္စမအဆင့်သို့ တက်လှမ်းရန် အချိန်လုံလောက်သင့်ချေ၏။
အချိန်အတော်ကြာပြီးနောက် စုရီက မတ်တပ်ထရပ်လိုက်ကာ အခန်းသို့ ပြန်အိပ်ရန် ဆုံဖြတ်လိုက်သည်။
သို့သော် ခြံတံခါးဘက်သို့ လှည့်ကြည့်ပြီး ကြိမ်ကုလားထိုင်ပေါ် ပြန်ထိုင်ချလိုက်တော့၏။ သည်နေ့ ညတာရှည်လွန်းချေပြီ။
“ တာအိုမိတ်ဆွေ၊ ညဥ့်နက်မှ လာမိလို့ ခွင့်လွှတ်ပါ။ ”
စကားလုံးတိုင်းသည် ပုလဲလုံးများ ကျောက်စိမ်းစားပွဲပေါ် ပြုတ်ကျလာသကဲ့သို့ ကြည်နူးစရာဖြစ်၏။
“ နံရံကို ကျော်လာခဲ့ ... ။ ”
စုရီမှ ပြန်၍ အော်ဟစ်လိုက်သည်။ အသံပိုင်ရှင်က တိတ်ဆိတ်သွား၏။ ဤအချိန်၌ ခြံစည်းရိုးကျော်ဝင်ခြင်းသည် လူကြီးလူကောင်း မဆန်ချေ။
“ ဝှစ် ... ။ ”
သို့သော် ချက်ခြင်းပင် ခြံစည်းရိုးပေါ် ခုန်တက်လိုက်ကာ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်ခဲ့သည်။
၎င်းသည် နှင်းကဲ့သို့ ဖြူဆွတ်နေသော ၀တ်စုံဖြင့် ဟောင်းနွမ်းနေသော ဓားတစ်လက် ကျောပိုးထားသည့် အမျိုးသမီးတစ်ဦးဖြစ်၏။
အနက်ရောင် ဆံပင်ရှည်များကို မြင်းမြီးတစ်ချောင်းလို မြင့်မြင့် ချည်နှောင်လျက် နူးညံ့သိမ်မွေ့သော မျက်နှာ ပိုင်ဆိုင်သည်။
အရပ်ရှည်ရှည်၊ သွယ်လျပြီး ဖြူဖွေးသော အသားအရည်နှင့် အဝါရောင်ဘူးသီးခြောက်ကို ခါးတွင် ချိတ်ထား၏။
အနီရောင် ဆံပင်ချည်ကြိုးမှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံးတွင် မည်သည့်ရတနာကိုမျှ အလှဆင်ထားခြင်း မရှိချေ။
စစ်မှန်သော နတ်သမီးပေပင်။ ခြံဝင်းထဲ ရပ်နေရုံဖြင့် လမင်းကြီး ထွက်ပေါ်လာသကဲ့သို့ လေထင်းရှူးခြံဝင်းမှာ ကျက်သရေရှိလာ၏။
သူမ မျက်ဝန်းတစ်စုံသည် ကြိမ်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော စုရီထံလှမ်းကြည့်ကာ၊
“ ငါယွီရှစ်ချန်က တာအိုစုကို နှုတ်ဆက်ပါတယ်။ ”
-ဟု ပြောကြားလာ၏။
“ မင်းက ဒဏ္ဍာရီလာ ငှက်မွှေးဘုရင်လား။ ”
ဤသည်မှာ မဟာကျိုးမင်းဆက်ရှိ ဘုရင်ကိုးပါးအနက် အသန်မာဆုံး နံပါတ်တစ် ဘုရင်ဖြစ်သည်။
မဟာကျိုးမင်းဆက်သမိုင်းတွင် အရည်အချင်းအရှိဆုံး ပါရမီရှင်တစ်ပါးအဖြစ် မှတ်တမ်းတင်ထားကြ၏။
တစ်ချိန်က သူမသည် မဟာဝေမင်းဆက် နယ်နိမိတ်ကို ဓားတစ်လက်ဖြင့် ဝင်ရောက်ပြီး ရှန်ရှန်းသိုင်းသမား ကိုးဦးကို သတ်ပစ်ခဲ့သည်။
“ ငါ့ကို ဒဏ္ဍာရီလို့ မခေါ်ထိုက်ပါဘူး ... နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် တာအိုမိတ်ဆွေသာ တကယ့်ဒဏ္ဍာရီပါ နောက်ဆုံးတော့ ...
... မိုးပြာတိုက်ကြီးရဲ့ သမိုင်းမှာ ... မဟာသခင်တစ်ပါးက မူလတာအိုနယ်ပယ် အဆင့် ကျွမ်းကျင်သူကို သတ်နိုင်တာ လူအနည်းငယ်ပဲ တတ်နိုင်ပါတယ်။ ”
“ ငါ့ကို မြှောက်ပင့်မယ်ဆို မနက်မှ ပြန်လာပါ၊ ညဥ့်နက်နေပြီ ဘာကိစ္စလဲ တိုက်ရိုက် ပြောနိုင်တယ် ... ။ ”
စုရီစကားကြောင့် အမျိုးသမီးက မျက်ခုံးပင့်လိုက်၏။
“ မင်းအကြောင်းတွေ ငါအများကြီး ကြားတယ် ... ငါသိချင်တယ် ... ငါတွေ့ချင်တယ် ဒါကြောင့် ငါလာလည်တယ်။ ”
ဤတစ်ကြိမ်၌ စုရီတစ်ယောက် မျက်ခုံးပင့်မိသည့် အလှည့်ဖြစ်သည်။ နတ်သမီး တစ်ပါးသည် အချိန်မတော် ညဉ့်နက်မှ သူ့ကို တွေ့ချင်နေခဲ့သည်လော။
“ စိတ်ဝင်စားစရာပဲ။ ”
***