← Chapters

မိုးရေထဲတွင် ... ။

Vol. 22 Ch. 257

မိုးရေထဲတွင် ... ။

Vol. 22 Ch. 257

“ ငါ့ရဲ့ လေထင်းရှူးစံအိမ်ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီး ရှိနေတယ်၊ ​​မင်းအပေါ် အထင်လွဲမှာကို မစိုးရိမ်ဘူးလား။ ”

စုရီက ပြုံးကာမေးသည်။

“ မင်းတောင် တစ်ယောက်တည်း မြို့တော်ကိုလာရဲတာ ငါမင်းကိုတွေ့ဖို့ ဘာလို့ မဝံ့ရမှာလဲ။ ”

“ ထိုင်ပါ ... ။ ”

“ တာအိုမိတ်ဆွေ ငါထိုင်ဖို့ မဟုတ်ဘူး၊ မင်းကိုငါတွေ့ပြီးပြီ အခုငါထွက်သွားတော့မယ် အမှောင်က လူ့စိတ်ကို ညစ်နွမ်းစေတယ် မေလ (၄)ရက်နေ့မှာ ... မင်းရဲ့သတင်းကို ငါစောင့်မျှော်နေပါတယ်။ ”

ထိုစကားကို ပြောပြီးနောက် သူမအသွင်သည် အလင်းတန်းတစ်ခုကဲ့သို့ ခြံစည်းရိုးပေါ် ခုန်တက်ကာ ပျောက်ကွယ် သွားတော့သည်။

ဤအမျိုးသမီးသည် သူ့အပေါ် လာကြည့်ခြင်းသာ ဖြစ်၏။ တစ်စုံတစ်ရာ အတွက် သူမ ချိန်ဆနေပုံရသည်။ အဆုံးတွင် မေလ(၄)ရက်​နေ့အထိ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ပုံရ၏။

သူမ ကျော​ပေါ်ရှိဓားသည် မရိုးရှင်းချေ။ တစ်ချိန်လုံး သူ့ကို စောင့်ကြည့်နေခဲ့ကြောင်း သတိထားမိသည်။

ဆိုလိုသည်မှာ ၎င်းသည် လက်နက် တစ်ခုမျှသာမဟုတ်ချေ။ သက်ရှိ ဖြစ်ချေမည်။ ရှေးဟောင်း ဓားဝိညာဉ်တစ်ကောင် ဖြစ်နိုင်၏။

ထိုအ​တွေးက စုရီကို နောက်တရ လာမိစေသည်။ သူမသည်သာ ရန်သူဖြစ်သော် ထိုဓား၏မူလကို စစ်ဆေးခွင့်ရနိုင်ပေမည်။

“ ကြည့်ရတာ မဟာကျိုးရဲ့ ထိပ်တန်း ကျွမ်းကျင်သူတိုင်းက ထူးခြားတဲ့ရတနာတွေ ရှိနေပုံပဲ။ ”

နင်စစ်ဟွာ၏ ခန္ဓာကိုယ်အတွင်းရှိ ချပ်ပိတ်ထားသော စွမ်းအား၊ သွေးကျောက်စိမ်း ဆွဲသီးပိုင်ရှင်မုရှီ၊ ဒြပ်ငါးပါးတာအို ရောင်ဝါကို သိရှိနေသော ရှစ်ဖုန်းလျူနှင့် ယခုရှေးဟောင်း ဓားတစ်လက်ပိုင်ရှင် ယွီရှစ်ချန်တို့သည် ဥပမာများ ဖြစ်သည်။

ထိုသို့ဆိုသော် မဟာကျိုးမင်းဆက်၏ အသန်မာဆုံး စုမိသားစုခေါင်းဆောင် စုဟုန်လီ သည်လည်း စိတ်ဝင်စားစရာ ဇာတ်ကောင် တစ်ကောင်ဖြစ်နေပေ၏။

စုရီက ပြုံးလျက် မတ်တပ်ထရပ်ပြီး တိမ်ထင်းရှူးစံအိမ်ထဲ လှမ်း၀င်သွားတော့သည်။ ထို့နောက် ကုတင်ပေါ် လှဲလျောင်းလျက် အိပ်ပျော်သွားခဲ့၏။

ထိုညတွင် အတိတ်တစ်ခုကို အိမ်မက်မက်ခဲ့သည်။ မည်းမှောင်စိုစွတ်နေသော အခန်းထဲတွင် အမျိုးသမီးတစ်ဦးထိုင်နေ၏။

ဖယောင်းတိုင်မီးတောက်သည် သူမ၏ ဖြူဖျော့ဖျော့ အသွင်အပြင်ကို ပြသနေခဲ့သည်။ စားပွဲပေါ်တွင် ခေါက်ဆွဲပြုတ် တစ်ပန်းကန်နှင့် ကလေးငယ် တစ်ယောက်ထိုင်နေ၏။

“ ရီအာ ... ဒီနေ့က မင်းမွေးနေ့ပဲ၊ မင်းငယ်သေးပေမယ့် အမေ့မှာ ပြောစရာတွေ ရှိသေးတယ် ... အဲဒါတွေကို မင်းစိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားရမယ် နားလည်လား။ ”

“ မေမေပြောပါ။ ”

“ ရီအာက လိမ္မာတယ် ... နောင်မှာ အမေမရှိတော့ရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ် တတ်နိုင်သမျှ အသက်ရှည်အောင်နေပါ နားလည်လား။ ”

လေးနှစ်အရွယ် ကလေးငယ်က အားတက်သရော ခေါင်းညိတ်ပြလေသည်။ အမျိုးသမီးက သက်ပြင်းချလျက်၊

“ မင်းကို ဆွဲချခဲ့တာ အမေပဲ ... အမေ့အတွက်ကြောင့်သာ မဟုတ်ရင် မင်းဒီလို ဒုက္ခရောက်နေမှာ မဟုတ်ဘူး ... ။ ”

သူမ စကားပြောနေစဉ် မျက်ရည်များ စီးကျလာပြီး လဲကျသွားသည်။ လေးနှစ်အရွယ် ကောင်လေးက မတ်တပ်ထရပ်ကာ သူမကို ပွေ့ထူလျက် မျက်ရည်များသုတ်ပေး၏။

“ မေမေ၊ ဘာလို့ငိုနေတာလဲ ရီအာမှာ အနာမရှိပါဘူး အခုအချိန်ကစပြီး မေမေ့ စကား နားထောင်မယ် ...

... ကိုယ့်ကိုယ်ကို ဂရုစိုက်မယ် ... ပြီးတော့တစ်နေ့မှာ အခွင့်အရေးရရင် ရောဂါကို ကုသပေးဖို့ ဖေဖေ့ကို တောင်းဆိုမယ် ... ။ ”

“ ကောင်းပြီ မေမေယုံတယ်။ ”

အမျိုးသမီးက စိတ်သက်သာရာရစွာ ပြုံးလိုက်ပြီး လေးနှစ်အရွယ် ကောင်လေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်၏။

ထို့နောက် သူမအငွေ့အသက်သည် တဖြည်းဖြည်း ယုတ်လျော့လာကာ အဆုံးတွင် အေးစက်သွားတော့သည်။

ဤသည်မှာ ဖျောက်ဖျက် မရနိုင်သော ပုံရိပ်များဖြစ်ချေ၏။ ထို့နောက် အိပ်မက်ထဲတွင် မြင်ကွင်းများ ရုတ်ချည်းပြောင်လဲသွားပြန်သည်။

“ ဖြန်း ... ။ ”

မျက်နှာကို ပါးရိုက်ခံရပြီး ဆယ်ပေအကွာသို့ ပြုတ်ကျသွားသည်။

“ ဟမ့် ... ဒီတိရစ္ဆာန်မအတွက် ငါ့ကို မင်းလက်စားချေဖို့ ကြံစည်နေတာ ငါသိတယ် ... ငါ့ရဲ့သွေးတွေ မင်းသွေးကြောထဲ စီးဆင်း နေခဲ့လို့သာ ငါမင်းကို မသတ်ခဲ့တာ မဟုတ်ရင်ကြာပြီ။ ”

“ မင်းက ငါ့အမေကိုသတ်ခဲ့သလား ဖြေပါ။ ”

စုရီက သူ့နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်လိုက်ပြီး အေးစက်သော အသံဖြင့် မေးလိုက်၏။ သူ့မျက်ဝန်းမှ သွေးများ စီးကျကာ နှလုံးသားတစ်ခုလုံး နာကျင်လှသည်။

သားတစ်ယောက်ထံမှ ဤကဲ့သို့ မေးခွန်းထုတ်ခံရသောအခါ စုဟုန်လီခမျာ မျက်မှောင်ကြုတ်လိုက်၏။

“ မင်းလို ပုန်ကန်တတ်တဲ့ သားဆိုး တစ်ယောက်ကို ဘာလို့ရှင်းပြရမှာလဲ ... မင်းကို ထပ်မတွေ့ပါရစေနဲ့ ... မဟုတ်ရင်သားကို သတ်မိတဲ့ဖခင် ဖြစ်မိလိမ့်မယ်။ ”

ထိုသို့ပြောပြီးနောက် အရပ်ရှည်ရှည်နှင့် ကြီးစိုးသော အသွင်အပြင်သည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။

၎င်းအသံသည် အမြဲပဲ့တင်ထပ်နေပြီး စကားလုံးတိုင်းသည် နှလုံးသားကို ထိုးသော ဓားများပေပင်။

ရုတ်တရက် ထိုမြင်ကွင်များ အားလုံး ပူဖောင်းများကဲ့သို့ ပျောက်ကွယ်သွားပြီး စုရီ ခမျာ တကိုယ်လုံး တဆတ်ဆတ်တုန်လျက် အိပ်ပျော်နေရာမှ နိုးထလာ၏။

မျက်လုံး ဖွင့်ကြည့်လိုက်ချိန်၌ မနက်ခင်း အလင်းရောင်ပင် ရောက်ရှိနေချေပြီ။ သို့တိုင် အမှောင်ခန်းအတွင်းမှ မြင်ကွင်းကို မမေ့နိုင် သေးချေ။ ဤသည်မှာ သူ့နှလုံးသား၏ နတ်ဆိုးတစ်ကောင်ပေပင်။

ထို့နောက် ရေချိုးကိုယ်လက်သန့်စင်ပြီး ဆံပင်ရှည်များ သစ်သားဆံညှပ်ဖြင့် ချည်နှောင် လိုက်သည်။

ကောင်းကင်ပေါ် မော့ကြည့်လျက် ဆီစိမ်စက္ကူထီးတစ်လက်ကို ကောက်ကိုင်ကာ လေထင်းရှူးစံအိမ်မှ လှမ်းထွက်ပြီး ရထားလုံး တစ်စင်းငှားရမ်းလိုက်၏။

နာရီဝက်ကြာတွင် ရထားလုံးသည် မြောက်တံခါးမှ ထွက်ပြီး တောင်ကုန်းတစ်ခု၌ ရပ်တန့်သွားသည်။

စုရီက ရထားပေါ်မှဆင်းကာ ရွှေစက္ကူတစ်ရွက် ရထားထိန်းထံ ပေးအပ်လျက်၊

“ ဒီမှာ ခဏစောင့်ပါ။”

-ဟု မှာကြားလိုက်သည်။ ရထားထိန်းသမားက ပြုံးရွှင်သွားတော့၏။

ဤသည်မှာ သူ့မိခင်ကို မြှုပ်နှံထားသော တောင်ကုန်းဖြစ်သည်။ ထိုစဉ် မိုးသည်းထန်စွာ ရွာသွန်းလာ၏။

စက္ကူထီးကို ထုတ်ဆောင်းလျက် အချိန်အတော်ကြာအောင် လျှောက်လှမ်းပြီး အုတ်ဂူတစ်လုံးရှေ့တွင် ရပ်လိုက်သည်။

နေရာတိုင်းတွင် ပေါင်းပင်များ ပေါက်ရောက်နေကာ အုတ်ဂူအနား၌ ထင်းရူး တစ်ပင်ကို စိုက်ပေးထား၏။

ဤသည်မှာ သင်္ချိုင်းမဟုတ်ချေ။ ပေါင်းပင်များဖြင့် ဖုံးလွှမ်းနေသော အထီးကျန် အုတ်ဂူတစ်ဂူမျှသာဖြစ်သည်။

ထို့နောက် ရွှံ့ရေထဲတွင် ဒူးထောက်ကာ အုတ်ဂူကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ သူ့တွင် ကျစရာ မျက်ရည် မကျန်တော့ချေ။

“ ဝှစ် ... ။ ”

အချိန်အတော်ကြာ တိတ်ဆိတ်စွာ ဒူးထောက်နေခဲ့ပြီးနောက်ထရပ်ပြီး ညာလက်ကို ဝှေ့ရမ်းလိုက်သည်။

ဓားရောင်ဝါလှိုင်းများ တဟုန်ထိုး လွင့်ထွက်သွားကာ အုတ်ဂူဧရိယာ ပေတစ်ရာ ပတ်လည်အတွင်းရှိ ပေါင်းပင်များကို အမြစ်ကနေ လွင့်ထွက်သွားစေ၏။

“ မေလ (၄) ရက်နေ့မှာ ... စုဟုန်လီဆီသွားပြီး တန်ဖိုးတစ်ခုယူမယ် ... မေလ (၅)ရက်နေ့မှာ ... ရီအာတို့ ပြန်ဆုံကြရအောင်။ ”

ထို့နောက် ဆီစိမ်စက္ကူထီးကို ကိုင်လျက်တောင်ပေါ်မှ တရွေ့‌ရွေ့ဆင်းသက် လာခဲ့သည်။

“ မေမေနဲ့ နေမယ် ... မေမေနဲ့ နေမယ်။ ”

လေးနှစ်အရွယ် ကလေးငယ်က အော်ဟစ်ရုန်းကန်လိုက်၏။ အစေခံများမှ လှောင်ပြုံးဖြင့်၊

“ မင်းအမေ သေနေပြီ ... နေချင်ရင် မင်းလည်း သေလိုက် ဟား ဟား ဟား ... ။ ”

-ဟု ပြန်လည်ပြောကြားလာသည်။

“ ဂျိန်း ... ။ ”

မိုးများ သည်းထန်စွာ ရွာသွန်းလာ၏။ မိုးခြိမ်းသံများညံလျက် ပတ်ဝန်းကျင်တစ်ခုလုံး ဝေဝါးကုန်တော့သည်။

စုရီ အကြည့်များ စူးရှသွား၏။ ယခင်ဘဝတွင် အရိုင်းမြေကိုးပါး၏ အုပ်စိုးရှင် ပထမဓားသခင်ဖြစ်သည်။

လက်ရှိတွင် ရီယုဖေး၏ သား၊ သားဆိုးစုရီဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သားတစ်ယောက်အနေဖြင့် မိခင်အတွက် လက်စားချေသင့်သည်။

တောင်ကုန်းပေါ်က ဆင်းသက်ပြီး ရထားလုံးအနား မရောက်ခင် စုရီမှ ရုတ်တရက် ခြေလှမ်းများရပ်ကာ အဝေးသို့ လှမ်းကြည့် လိုက်၏။

“ ဖျစ် ... ဖျစ် ... ဖျစ် ... ။ ”

ထိုအချိန်တွင် ကောင်းကင်မှ မိုးများ ထစ်ချုန်းရွာလာပြီး မိုးခြိမ်းသံနှင့် လျှပ်စီးအချို့ လင်းလက်သွားသည်။

“ ဂျိန်း ... ဒလိမ်းလိမ်း ။ ”

လျှပ်စီးများနှင့်အတူ သစ်ပင်ကြီး တစ်ပင်အောက်၌ လက်နှစ်ဖက်နောက်ပို့လျက် လူတစ်ယောက် သူ့ထံ လှမ်းကြည့်နေသည်ကို မြင်လိုက်ရချေပြီ။

***

All Chapters