ပြီးတော့ ငါ ... ။
Vol. 22 Ch. 258
ရှည်လျားသော ၀တ်ရုံရှည်နှင့် ဆံပင်ရှည်များကို ချည်နှောင်ထားကာ အသက် သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ယောက် သစ်ပင်ကြီးအောက်၌ ရပ်နေသည်။
ဤသည်မှာ စုဟုန်လီဖြစ်ချေ၏။ မဟာကျိုးမင်းဆက်တွင် နှစ်ပေါင်းများစွာတိုင် ထိပ်တန်းအဆင့်ကျွမ်းကျင်သူ (၁၀)ဦးစာရင်း၌ ပထမနေရာ သိမ်းပိုက်ထားသူ ဖြစ်သည်။
ဧကရာဇ် ဥသျှောင်နှင့်အတူ မဟာကျိုးမင်းဆက်၏ မဏ္ဍိုင်ညီနောင်အဖြစ် လူသိများ၏။
ဤအခိုက်တွင် စုရီသည် ယခင်ဘဝ နှစ်ပေါင်း (၁၈၀,၀၀၀) ကျင့်ကြံမှု အတွေ့အကြုံ ရှိခဲ့သော်လည်း မုန်းတီးမှုနှင့် ဒေါသသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။
ဤသည်မှာ ဖျောက်ဖျက် မရသော စွဲလမ်းမှုတစ်ခုဖြစ်၏။ ထက်မြက်သော ဆန္ဒနှင့် ကြီးမြတ်သော ဉာဏ်ပညာရှိလျှင်ပင် ဥပါဒါန်ကို ဖြေရှင်းရခက်နေသည်။
သို့သော် စုရီ၏ မျက်လုံးများသည် နှင်းများကဲ့သို့ ငြိမ်သက်နေပြီး ယခင်အတိုင်းပင် ထူးခြားမှုမပြချေ။
“ ဂျိန်း ... ။ ”
မိုးသည်းထန်စွာရွာပြီး တောင်လေများပြင်းစွာ တိုက်ခတ်နေခဲ့သည်။ မနက်ခင်းဖြစ်သော်လည်း ကောင်းကင်သည် မှောင်စပြုလာသည်။
ရံဖန်ရံခါတွင် မိုးကြိုးများသည် ကောင်းကင်မှဆင်းသက်ပြီး တောင်နှင့်မြစ်ကို ငွေရောင်များ ပက်ဖြန်းပေး၏။
ဤသည်မှာ နှစ်ပေါင်း အတော် ကြာပြီးနောက် သားအဖနှစ်ဦး ပြန်ဆုံကြခြင်း ဖြစ်သည်။ သို့သော် လေထုသည် အလွန် စိတ်ပျက်စရာ ကောင်းနေချေ၏။
“ မင်း ... မနေ့က ကျောက်စိမ်းမြို့ကို ပြန်ရောက်လာတယ်ဆိုတဲ့ .. သတင်းကြားတာနဲ့ ဒီကိုမင်းလာမယ်ဆိုတာ ငါသိတယ်၊ ဒါကြောင့် ငါကြည့်ဖို့ လာခဲ့တာ။ ”
စုဟုန်လီအသံက ပေါ့ပေါ့ပါးပါးပေပင်။ ကြီးစိုးမှုနှင့် ဖိနှိမ်မှု မည်သည့် စိတ်ခံစားချက်မျှ မပါရှိချေ။ ယင်းသည် လျစ်လျူရှုခြင်းမည်၏။
လက်ထဲတွင် ထီးမကိုင်သော်လည်း မိုးရေစက်များက သူ့ကို မထိချေ။ ခေါင်းအထက် သုံးပေအကွာတွင် မမြင်နိုင်သော အတားအဆီး တစ်ခုရှိနေသကဲ့သို့ ပြန့်ကျဲသွားသည်။
သို့သော် စုရီအမြင်၌ ဤမြင်ကွင်းသည် လုံးဝခြားနားသည်။ တစ်ဖက်လူသည် မြေပြင်ရှိ တောင်များ၊ မြစ်များစသည့် အရာအားလုံးနှင့် ပေါင်းစည်းထားသည်။
ဤမြေကြီး၊ ဤလေထု၊ ဤမြက်ပင်၊ ဤသစ်ကိုင်း၊ ဤပန်းပွင့်၊ ဤရေပြင် စသည့် အရာရာတိုင်းသည် စုဟုန်လီ ဖြစ်နေ၏။
စုရီက ဂရုမစိုက်သော အသွင်ဖြင့်၊
“ ဘာလို့ မလှုပ်တာလဲ ... ငါစုရီ ကျောက်စိမ်းမြို့ထဲ ခြေချဝံ့ရင် သတ်ပစ်မယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား။ ”
-ဟု ပြန်၍ မေးမြန်းလိုက်သည်။
“ မေလ (၅)ရက်နေ့မှာ ... သစ်ရွက် တစ်ရွက်အသစ်ထွက်လာသလို မင်းကိုဘဝသစ် တစ်ခုပေးမယ်လို့ ငါပြောခဲ့ပါတယ် ... ဒီကတိကို ငါ မဖျက်ပါဘူး။ ”
“ ဒါဆို မေလ(၄)ရက်နေ့မှာ ... စုမိသားစုဆီကို ငါလာလည်ရတော့မှာပေါ့ စောင့်နေပါ။ ”
ထိုသို့ပြောပြီးနောက် စုရီက ဆီစိမ် စက္ကူထီးကို ဆောင်းလျက် ကျောခိုင်း ထွက်ခွာ သွားခဲ့သည်။ တစ်ချက်မျှပင် ပြန်လှည့် မကြည့်တော့ချေ။
ဤလူသည် သူ့အဖေဖြစ်ပြီး သည်ဘဝ အမုန်းဆုံးလူပေပင်။ သို့သော် မေလ(၄)ရက်နေ့ ရောက်ရှိပြီးနောက် အဆုံးသတ်သွားပေမည်။
စုဟုန်လီမှ အနည်းငယ် အံ့သြသွား၏။ စုရီ အေးအေးဆေးဆေး ထွက်သွားတာကို မြင်ချိန်၌ မျက်ခုံးပင့်လိုက်မိတော့သည်။
နောက်ဆုံးတော့ သူ မပြောရသေးချေ။ သူ့တွင် သားဆိုးအတွက် ပြောစရာစကားများစွာ ကျန်ရှိနေသေးသည်။
“ တာအိုအစ်ကို ပြန်ကြရအောင်။ ”
အဆုံးတွင် မိုးရေထဲ လျှောက်လှမ်း လာခဲ့သည်။ မိုးရေစက်များက သူလျှောက်လှမ်း သွားရာ လမ်းတစ်လျှောက် ခေါင်းအထက် သုံးပေအကွာတွင် လွင့်စဉ်ပျံ့ကျဲကုန်၏။
တာအို ဝတ်ရုံဝတ် အဘိုးအိုက တိတ်ဆိတ်စွာဖြင့် မိုးရေထဲ လိုက်ပါလာသည်။ ထို့နောက် စုဟုန်လီထံ မော့ကြည့်ကာ၊
“ မင်းတို့ဆုံတဲ့အခါ ပဋိပက္ခတစ်ခု ဖြစ်လိမ့်မယ်လို့ ငါထင်ခဲ့တာ ... အခုတော့ သူစိမ်းတွေလို ထွက်သွားခဲ့ကြတာပဲ ... တကယ့်ကို အံ့သြမိပါတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
“ တာအိုအစ်ကို ငါသူ့ကိုသတ်ဖို့ ငါလာတာမဟုတ်ဘူး စီရင်ချက်တစ်ခုကို အတည်ပြုဖို့လာတာပါ။ ”
“ ဘာစီရင်ချက်လဲ။ ”
“ ဒီသားဆိုးကို ကမ္ဘာခြားဝိညာဉ်က ပိုင်သွားတာမဟုတ်ဘူး ... တာအိုအစ်ကို မင်းရဲ့ ထင်မြင်ချက် မှန်တယ် ... သူ ရှားပါးအမွေတစ်ခု ရသွားတာဖြစ်မယ်။ ”
တာအိုဝတ်ရုံဝတ် အဖိုးအိုက ခေါင်းညိတ်ပြပြီး၊
“ စုရီက ... အခု အများကြီး ပြောင်းလဲသွားပါပြီ၊ သူ့ကိုကြည့်ဖို့ မှော်မျက်လုံး သုံးခဲ့ပေမယ့် လျှို့ဝှက်ဆန်းကြယ်တာ ဘာတစ်ခုမှ မတွေ့ခဲ့ရဘူး ... ။ ”
ဤအချိန်တွင် သူသည် တိမ်ဖုံးနေသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ခံစားလိုက်ရသည်ကို ပြန်သတိရလာသည်။ နားမလည်နိုင်အောင် ပေပင်။ ထူးဆန်းချေပြီ။
စုဟုန်လီမှ မျက်ဝန်းများ အနည်းငယ် မှေးစင်းသွားပြီး၊
“ တကယ်လား ... ဒါဆို တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလာပြီ။ ”
-ဟု တုန့်ပြန် ပြောကြားလိုက်၏။
တာအိုဝတ်ရုံဝတ် အဖိုးအိုက ခေတ္တမျှတိတ်ဆိတ်နေပြီးနောက် ရုတ်တရက်၊
“ တာအိုမိတ်ဆွေ ... ငါဘာလို့ စုရီကို မစမ်းကြည့်ရတာလဲ။ ”
-ဟု တောင်းဆိုလိုက်သည်။
စုဟုန်လီမှ လက်ဝှေ့ယမ်းကာ၊
“ မလိုပါဘူး ... ဒါက ငါ့ကိုယ်ရေးကိုယ်တာကိစ္စပဲ တာအိုအစ်ကို ... မင်း ဝင်မပါနဲ့ ... ။ ”
-ဟု ငြင်းဆန်လိုက်တော့၏။
ထိုအချိန်တွင် စုရီက ရထားလုံးပေါ် တက်ကာ လေထင်းရှူး စံအိမ်တော်သို့ ပြန်လာ ခဲ့သည်။
“ ဒီလူက ... သူ့ရောင်ဝါကို ဖုံးကွယ်ဖို့ ကောင်းကင်နဲ့ မြေကြီးစွမ်းအားကို ငှားယူတယ် သူ့လျှို့ဝှက်ချက်တွေကို ငါမြင်သွားမှာ စိုးရိမ်နေသလိုပဲ။ ”
စုရီတစ်ယောက် ရထားလုံးပေါ်လှဲလျက် စုဟုန်လီနှင့်တွေ့သော မြင်ကွင်းကို အကြိမ်ကြိမ် မြင်ယောင်နေမိသည်။
ရန်သူသည် အရမ်းသန်မာ၏။ ထို့အတွက် သံသယဖြစ်စရာ မရှိချေ။ ၎င်းသည် မူလတာအို နယ်ပယ် မရောက်သေးသော်လည်း ရောင်ဝါကို ကမ္ဘာကြီးနှင့် ပေါင်းစည်းနိုင်နေ၏။
ယင်းသည် စုဟုန်လီ၏ စွမ်းရည်သည် ထိပ်တန်းအဆင့်တွင် ရှိကြောင်း သက်သေပြရန် လုံလောက်၏။ ထို့အပြင် တာအိုနိယာမများ အပေါ်လည်း နားလည်ထားသည်။
မဟုတ်ပါက သူသည် ရောင်ဝါ အငွေ့အသက်ကို ကောင်းကင်နှင့်မြေကြီးကြား ရောနှောနိုင်မည်မဟုတ်ချေ။
ဤသည်မှာ အပေါ်ယံများသာ ဖြစ်သည်။ မမြင်နိုင်သောဝှက်ဖဲနှင့် စစ်မှန်သော ခွန်အားမှာ ရိုးရှင်းနိုင်မည် မဟုတ်ချေ။
တစ်ချိန်က ထိုသူသည် အမှောင် နတ်ဆိုးတောင်တန်းသို့ ဝင်ရောက်ခဲ့ပြီး ထင်ရှား ကျော်ကြားလာသူ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာခြား ဝိညာဉ်မဟုတ်သော် အမည်မသိ အမွေတစ်ခုခု ရထားပေလိမ့်မည်။
တစ်ဆက်တည်းမှာပင် အမှောင်ထဲတွင် ပုန်းနေသော အဘိုးအိုကို သတိရလာပြန်သည်။ ထိုအဘိုးကြီးသည် မူလတာအိုနယ်ပယ်၌ ရှိနေသဖြင့် အံ့ဩမိသည်မှာ အမှန်ပင်။
၎င်းကို စုဟုန်လီသည် ဝှက်ဖဲအဖြစ် သုံးလိုပါက နောင်တရပေမည်။ စုဟုန်လီ ထိုမျှ မမိုက်သင့်ချေ။
မူလတာအိုတွင် အတွင်းပိုင်းသန့်စင်ခြင်း၊ မူလနန်းတော်ဖွဲ့စည်းခြင်းနှင့် ကြယ်စုစည်းခြင်း ဟူ၍ အဆင့်(၃)ဆင့် ခွဲခြားထားသည်။
ယခင် သူနှင့်ဆုံခဲ့ဖူးသော လီချန်နင်၊ ရှစ်ဖုန်းလျူနှင့် အခြားသော မြေကြီးအဆင့် အင်မော်တယ်များသည် အတွင်းပိုင်း သန့်စင်ခြင်းအဆင့်၌သာ ရှိသည်။
ဤတာအိုဝတ်ရုံဝတ် အဖိုးအိုသည် သူပထမဆုံးမြင်တွေ့ဖူးသည့် မူလနန်းတော် အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
၎င်းသည် သူ့ကို စူးစမ်းရန် လျှို့ဝှက် မျက်ဝန်းနည်းစနစ် အသုံးပြုခဲ့သည်။ ထို့ကြောင့် အမြင်တွင် ဂရုမစိုက်ပုံ ပြလိုက်သော်လည်း စိတ်ဝိညာဉ်စွမ်းအားကို အသုံးချကာ ဝိညာဉ်အပေါ် ဖုံးကွယ်ထားခဲ့ရသည်။
ယင်းအစား ထိုအဘိုးအို၏ ဝိညာဉ်စွမ်းအင်များမှတဆင့် ၎င်း၏ကျင့်ကြံမှု အပေါ် တိုက်ရိုက်ကြည့်ရှုခွင့် ရရှိခဲ့သည်။
မူလနန်းတော်အဆင့်သည် ဒါန်တမ်တွင် နန်းတော်ဖွင့်ကာ ဝိညာဉ်စွမ်းအင် သို့လှောင်ရန် ဖြစ်သည်။
ဤနည်းဖြင့် စကြဝဠာကြီးထံမှ အရာခပ်သိမ်းသော စွမ်းအင်များကို အတွင်းသို့ ဆွဲငင်ပြီး ပြင်ပထံ ပြန်၍ထုတ်လွှတ်နိုင်မည်။
သို့သော် မည်မျှပင် အစွမ်းထက်ပါစေ တစ်ဖက်လူသည် မူလတာအိုနယ်ပယ်အဆင့် ကျွမ်းကျင်သူသာ ဖြစ်နေဆဲဖြစ်သည်။ သူ့ကို ကြောက်လန့်ပြီး နောက်ပြန်ဆုတ်အောင် မလုံလောက်ချေ။
“ သခင်လေး၊ ကျွန်တော်တို့ မက်မွန်လမ်းကြားကို ရောက်ပါပြီ။ ”
ရထားလုံး ရပ်သွားသည်။ စုရီတစ်ယောက် အတွေးများမှ လန့်နိုးလာကာ မတ်တပ်ထရပ်ပြီး ရထားပေါ်မှဆင်းလိုက်မိ၏။
မိုးတိတ်သွားပြီးဖြစ်ရာ ကောင်းကင်ကြီး ကြည်လင်လာသည်။ ဆီစိမ်စက္ကူထီးကိုင်လျက် လျှောက်လှမ်းလာစဉ် ခြံဝ၌ လူတစ်စုကို လှမ်းမြင်လိုက်ရသည်။
အဖွဲ့ကို ဦးဆောင်သူသည် ခရမ်းရောင် ရွှေသရဖူနှင့် ပိုးဖဲအင်္ကျီကို ဝတ်ဆင်ထားသည့် ချောမောသောလူငယ်တစ်ဦး ဖြစ်၏။
အရပ်ရှည်ပြီး မြင့်မြတ်သော အသွင် ဆောင်ချေပြီ။ သူ့ဘေးတွင် လူသုံးယောက် ရပ်နေသည်။
အနက်ရောင် ပိတ်ဦးထုပ်နှင့် အနီရောင် ၀တ်စုံကို ၀တ်ဆင်ထားသည့် အဘိုးအိုတစ်ဦး၊ မုတ်ဆိတ်မွှေး ဖြူဖြူများနှင့် ဓားတစ်လက် ကိုင်ထားသော အမျိုးသား တစ်ဦး၊ တင်းကြပ်သော အဝတ်အစားများဖြင့် ချစ်စဖွယ် အမျိုးသမီးတစ်ဦး စသည်တို့ဖြစ်သည်။
“ မမျှော်လင့်ထားတဲ့ ဒီခရီးစဉ်ကို ... ဆရာစုအနေနဲ့ စိတ်ဆိုးမှာ မဟုတ်ဘူးလို့ ... ငါ မျှော်လင့်ပါတယ်။ ”
သူ ရောက်ရှိလာသည်ကို မြင်သောအခါ ခေါင်းဆောင်လူငယ်မှ အသက်ပြင်းပြင်းရှူကာ ပြုံးလျက် နှုတ်ဆက်လေသည်။
“ မင်းဘယ်သူလဲ။ ”
စုရီက ပြန်၍ မေးမြန်းလိုက်တော့၏။
“ ဆရာစု ... ဒါက ငါတို့ရဲ့ ... တတိယမင်းသား ကျိုးကျစ်ကျန်းပါ သူမင်းကို တွေ့ဖို့ အလည်လာတာ။ ”
လူငဘ်ဘေးရှိ အဘိုးအိုက တောက်ပသော အပြုံးတစ်ပွင့်ဖြင့် မိတ်ဆက်ပေး၏။ အသံသည် စူးရှပြီး မိန်းမဆန်ချေပြီ။ မိန်းမစိုးတစ်ယောက် ဖြစ်ပေ၏။
“ ဒါဆို မင်းက တတိယမင်းသားပဲ ... လမ်းမှာ ချန်ကွာခယ်ကို သတ်ဖို့လွှတ်လိုက်တဲ့ မင်းရဲ့လူတွေကို ငါသတ်လိုက်ပြီ ... မင်း လက်စားချေဖို့ လာတာလား။ ”
စုရီက မျက်ခုံးပင့်လျက် ပွင့်ပွင့်လင်းလင်း မေးမြန်းလာသဖြင့် ကျိုးကျစ်ကျန်း အမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားတော့သည်။
“ ဆရာစု ... မင်းနားလည်မှုလွဲနေပြီ အဲဒါတွေက အတိတ်ကအရာတွေပဲ နောက်ပြီး ငါရဲ့လက်အောက်ငယ်သားတွေက မျက်စိကန်း နေတာမို့ အသက်စွန့်ရတာပါ ... သူတို့အတွက် ထိုက်တန်ပါတယ်။ ”
ပြီးနောက် တတိယမင်းသားက၊
“ ဆရာစု၊ ကျေးဇူးပြု၍ လေထင်းရှူးစံအိမ်ထဲ ဝင်ခွင့်ပြုပါဦး။ ”
-ဟု တောင်းဆိုလိုက်သည်။
“ မင်းပြောစရာရှိရင် ဒီမှာပြောပါ။ ”
စုရီမှ တိုက်ရိုက်ငြင်းသည်။ ယင်းကြောင့် မိန်းမစိုးအဘိုးအိုမှာ မျက်မှောင်ကြုတ်သွား၏။ ဤသည်မှာ မည်သည့် သဘောမည်နည်း။
“ ဆရာစု ... ဒီအရပ်က မဟာကျိုးရဲ့ တော်ဝင်မြို့တော်ပါ၊ မင်းရှေ့မှာ ရပ်နေတဲ့သူက တတိယမင်းသားပဲ ... ငါတို့က မင်းကို ကူညီဖို့ ဒီမှာရှိနေတယ်၊ ဒါဆို မင်းသဘောထားက ဘာလဲ ... လူမှုရေး မရှိဘူးလား။ ”
အမျိုးသမီးက သည်းမခံနိုင်တော့ဘဲ အေးစက်သောလေသံဖြင့် ပြောလာတော့သည်။
“ ငါ့ကိုကူညီဖို့လား ... မင်းဘာကို ဆိုလိုတာလဲ။ ”
စုရီသည်လည်း အံ့သြသွား၏။
“ အဟမ်း ... ။ ”
ကျိုးကျစ်ကျန်းမှ ချောင်းခြောက်ဆိုးကာ၊
“ ဆရာစု ... ရိုးရိုးသားသားပြောရရင် မင်းရဲ့အကျိုးစီးပွားအတွက် ... ဒီနေ့ ငါလာခဲ့ တာပါ။ ”
“ ဟုတ်လား ... ပြောပါဦး။ ”
“ ငါတို့ အိမ်ထဲမှာ ပြောကြမလား။ ”
ကျိုးကျစ်ကျန်းမှ ထပ်မံ ကြိုးစား ကြည့်နေသဖြင့် စုရီတစ်ယောက် စကားပြောရန် ပျင်းရိလာခဲ့သည်။ အဆုံးတွင် ကျိုးကျစ်ကျန်းမှ အသက်ပြင်းပြင်းရှူလိုက်ပြီး အိမ်ထဲဝင်ရန် လက်လျော့လိုက်ရ၏။
“ ဆရာစု၊ လက်ရှိအခြေအနေက မင်းအတွက် ဘယ်လောက် အန္တရာယ်ကြီးလဲ ဆိုတာ မင်းသိပါတယ် ... ခြေလှမ်းတိုင်းမှာ သတိမထားရင် မင်းသေလိမ့်မယ်။ ”
စုရီမှ မျက်ခုံးပင့်သွားတော့သည်။ တစ်ဖက်လူသည် အိမ်တံခါးဝသို့လာပြီး သူ့ကို ကျိန်ဆဲနေ၏။ ကျိုးကျစ်ကျန်းမှ ပထမဆုံး အကြိမ် ကျေနပ်သွားသလို ပြုံးကာ၊
“ ဒါပေမယ့် ငါကျိုးကျစ်ကျန်းမှာ ... မင်းအန္တရာယ်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းရှိတယ်။ ”
-ဟု ပြောကြားလိုက်၏။
“ မင်းအရည်အချင်းနဲ့လား ... ။ ”
စုရီမှ ပြုံးပြီး ပြန်မေးသည်။ ဤသို့ ရက်စက်ပြီး မထီမဲ့မြင်ပြုသော အမူအရာသည် အဘိုးအိုနှင့် အခြားနှစ်ယောက်အပေါ် မျက်မှောင်ကြုတ်သွားစေ၏။
“ စုရီ ... မင်းရဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ တတိယမင်းသားကိုယ်တိုင် မင်းရဲ့တံခါးကို ရောက်လာတာပါ ... ဒီလို မရိုင်းပျပါနဲ့။ ”
အဖိုးအိုက ဝင်ရောက်ပြောကြားလာ၏။ ကျိုးကျစ်ကျန်းတစ်ယောက် စုရီစကားကြောင့် အနည်းငယ်ရှက်သွားသော်လည်း ခံစားချက်ကို ကောင်းကောင်းဖုံးကွယ်ကာ၊
“ ဘယ်လိုပဲဖြစ်ဖြစ် ... ငါက တတိယ မင်းသားပါ တော်ဝင်မြို့တော်မှာ အလေးချိန် နည်းနည်း ရှိပါသေးတယ် ...
... ဆရာစုသာ ငါ့ကို ကတိပေးသရွေ့ စုမိသားစု၊ လျှို့ဝှက်နဂါးဓားဂိုဏ်းနဲ့ မင်းအပေါ် ရန်သူလို့ မှတ်ယူထားတဲ့ လူတိုင်း၊ ချက်ချင်း မင်းအနားကနေ ဆုတ်ခွာသွားစေဖို့ ... ငါ ကတိပေးပါတယ်။ ”
“ ဘာကတိကို မင်းလိုချင်တာလဲ။ ”
စုရီက ရယ်ချင်သွားသည်။ ကျိုးကျစ်ကျန်း တစ်ယောက် စုရီအမူအရာအပေါ် ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ထံ ဝေ့ကြည့်ပြီး၊
“ မင်းငါ့အဖေအပေါ် သစ္စာရှိဖို့ ... ပြီးတော့ငါ ... ။ ”
-ဟု ပြောကြားလိုက်တော့သည်။
***