မေလ(၄)ရက်နေ့ မတိုင်ခင် မသေစေနဲ့။
Vol. 22 Ch. 262
လျှံကျနေသော ရေခွက်လေးသည် ကျောက်စိမ်းမြို့တော်ရှိ ဇိမ်ခံအထွတ်အထိပ် နေရာလေးခုအနက်မှ တစ်ခုဖြစ်သည်။
၎င်းတည်နေရာသည် သဘာဝအတိုင်း မြို့တော်၏ အချမ်းသာဆုံး ဧရိယာတွင်ဖြစ်၏။ ယွီချင်းဇီတို့ သားအမိသည် မျှော်စင်ရှေ့တွင် ထိတ်လန့်တကြား အသက်မဲ့ကုန်သည်။
မြောင်ယွီက အစောင့်တစ်စုနှင့်အတူ အလျင်အမြန် ရောက်ရှိလာသည်။ သို့သော် သူမ စကားပြောခါနီးတွင် ဆဋ္ဌမမင်းသားထံမှ၊
“ မင်းဒီမှာ လုပ်စရာမရှိဘူး၊ ထွက်သွား။ ”
-ဟုမောင်းထုတ်ခြင်း ခံလိုက်ရ၏။
မြောင်ယွီတစ်ယောက် ခေါင်းညိတ်လျက် အစောင့်များကို ချက်ချင်းဆုတ်ခွာရန် အမိန့်ပေး တော့သည်။
“ ဆဋ္ဌမမင်းသား၊ ငါ့ရဲ့စုမိသားစု ကိစ္စတွေအပေါ်မှာ ဝင်စွက်ဖက်ဖို့ ကြိုးစား နေတာလား။ ”
စုပိုင်နင်မှ အေးစက်စွာ မေးသည်။ ဦးလေးယွီတျန်းဟုန် အနားတွင်ရှိနေသဖြင့် သူ့၌ ယုံကြည်မှု အပြည့်ရှိ၏။
စုရီက လက်ကို ဝှေ့ယမ်းပြီး၊
“ ဖန်းယွမ်၊ မင်းနဲ့ ဆဌမမင်းသား ထွက်သွားသင့်တယ်။ ”
-ဟု အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ ... ။ ”
ဖန်းယွမ်က မဆိုင်းမတွ သဘောတူသည်။
“ အရှင်မင်းသား ... ဆရာစုမှာ အစီစဉ်ရှိပါတယ် စိတ်မပူပါနဲ။ ”
ဖန်းယွမ်မှ ခပ်တိုးတိုး ပြောလာသောအခါ ကျိုးကျစ်လီမှ တုံ့ဆိုင်းနေလျက်မှ သက်ပြင်းချ လိုက်ပြီး စကားမပြောတော့ဘဲ ဖန်းယွမ် နှင့်အတူ ဆုတ်ခွာလာခဲ့သည်။.
“ မင်းကစုရီလား တိုက်ဆိုင်လိုက်တာ မြို့အပြင်ဘက် ကျိုးကျိတောင်တန်မှာ မင်းကို သုံးရက်နေရင် ငါစိန်ခေါ်မို့ စီစဉ်ထားတယ် မင်းလက်ခံရဲလား။ ”
ထိုအချိန်တွင် ယွီတျန်းဟုန်မှ စုရီကိုစိုက်ကြည့်ကာ ပြောကြားလိုက်လေသည်။ ဤအမျိုးသားသည် ဘုန်ကြီးဟုန်ကျိပြောသော ယွီတျန်းဟုန်ဖြစ်ကြောင်း စုရီမှ မှန်းဆနိုင်၏။
လွန်ခဲ့သည့် ကိုးနှစ်က မဟာချင် ဖရိုဖရဲဝိညာဉ်ပင်လယ်တွင် ကြီးမြတ်သော ကံကြမ္မာကို ရရှိခဲ့သူဖြစ်သည်။
“ ဘာလို့ မဝံ့ရမှာလဲ ... နောက်သုံးရက်နေရင် မင်းကိုသေခွင့်ပေးမယ်။ ”
“ ဟမ့် ... စုရီ လီချန်နင်ကို ... မင်းသတ်နိုင်တိုင်း မြို့တော်မှာ မင်းလုပ်ချင်တာ မှန်သမျှ လုပ်နိုင်တယ်လို့ ... တကယ် ထင်နေတာလား။ ”
ယွီချင်းဇီမှ သက်ပြင်းချလိုက်ပြီး၊
“ ဒီတိရစ္ဆာန်ကို စောစောတည်းက သတ်သင့်တယ်။ ”
-ဟု ညည်းတွားလိုက်တော့၏။
“ လူသေတစ်ယောက်နဲ့ စကားပြောပြီး အချိန်ဖြုန်းနေစရာ မလိုပါဘူး သွားရအောင်။ ”
ယွီတျန်းဟုန်မှ မာနကြီးစွာဖြင့် ခေါင်းရမ်းလျက်ပြောကာ လှည့်ထွက်ရန်ပြင်၏။
“ မင်းထွက်သွားလို့ ရပေမယ့် သူတို့နေရမယ်။ ”
သို့သော် စုရီမှ ပေါ့ပေါ့ပါးပါး ပြောကြားလာတော့သည်။ ထိုစကားကြောင့် ယွီတျန်းဟုန်တစ်ယောက် မျက်မှောင်ကြုတ်ပြီး ပတ်ဝန်းကျင်ဝိုက် ဝေ့ကြည့်လိုက်၏။
“ ဒီမှာလူတွေရှိတယ် ... မင်းနဲ့ငါ တိုက်ပွဲဖြစ်လာရင် ပေ(၁၀၀) ပတ်လည်အတွင်း အပျက်အစီးတွေ ဖြစ်ကုန်လိမ့်မယ် ... ဒီအကျိုးဆက်ကို ဧကရာဇ်ကျိုးက လက်ခံမယ်ထင်နေလား။ ”
“ မင်းကြောက်ရင် အခု ထွက်သွားပါ။ ”
စုရီမှ ၎င်းကို လျစ်လျူရှုလျက် ယွီချင်းဇီနှင့်စုပိုင်နင်ထံ ပြန်စိုက်ကြည့်ကာ၊
“ နောက်ဆုံးတော့ မင်းတို့နှစ်ယောက်ကို ငါတွေ့ခွင့်ရပြီ ... ဒါဆို မင်းတို့ကို ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ။ ”
“ ဟား ဟား ဟား ... မင်း ဘာလိုချင်နေတာလဲ စုရီ၊ ဒီမှာလူသတ်ဖို့ သတ္တိရှိလား။ ”
စုပိုင်နင်က ဒေါသဖြင့် ရယ်၏။
“ စုဟုန်လီနဲ့ အဝေးမှာ မင်းကို သတ်ဖို့ ငါစိတ်မဝင်စားဘူး ငါ့ကို သုံးကြိမ်ကန်တော့ရင် မေလလေးရက်နေ့အထိ မင်းကိုအသက်ရှင်ခွင့် ငါပေးနိုင်တယ်။ ”
“ မင်း ... ။ ”
သားအမိနှစ်ယောက် ဒေါသတကြီး ဖြစ်သွားကာ မျက်နှာပျက်ကုန်၏။ သူတို့နားကို သူတို့ မယုံနိုင်လောက်အောင်ပေပင်။
စုရီသည် သူ့တို့အပေါ် ဤသို့အရှက်ခွဲ ဝံ့လိမ့်မည်ဟု မထင်ထားချေ။ ယွီတျန်းဟုန်မှ အေးစက်စက် အကြည့်ဖြင့်၊
“ မင်းကို ဒီမှာ သတ်စေချင်နေတာလား စုရီ။ ”
-ဟု မေးမြန်းလာသည်။
စကားလုံးတိုင်းတွင် တုနှိုင်းမဲ့ လူသတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်ကာ လေထုကို အေးခဲသွားစေသည်။
လမ်းသွားလမ်းလာများ ခမျာ မျက်နှာပြောင်းသွားပြီး ထိတ်လန့်တကြားနှင့် ဝေးဝေးသို့ ဆက်တိုက် ဆုတ်ခွာသွားသည်။ ပေတစ်ရာအတွင်း လူသူကင်းရှင်းသွား၏။
စုရီက ယွီတျန်းဟုန်ကို လျစ်လျူရှုလျက် သားအမိနှစ်ယောက်ထံကြည့်ကာ ရုတ်တရက်၊
“ ဒူးထောက် ... ။ ”
-ဟု အမိန့်ပေးလိုက်တော့သည်။ "
စကားဆုံးချိန်၌ သားအမိနှစ်ယောက်၏ စိတ်ဝိညာဉ်တွင် ပြင်းထန်သော နာကျင်မှုများ ခံစားလာရပြီး မြေပြင်ပေါ်ညွှတ်ကျသွား၏။
ထိုအချိန်တွင် လေထုသည် တိတ်ဆိတ် ငြိမ်သက်သွားသည်။ ကျိုးကျစ်လီ၊ ဖန်းယွမ်၊ မြောင်ယွီနှင့် ရပ်ကြည့်နေသော လူအုပ်ကြီးခမျာ ဦးရေပြားများ ထုံကျင်သွား၏။
ဝါကျတစ်ကြောင်း စကားလုံး နှစ်လုံးမျှသာဖြင့် ယွီချင်းဇီနှင့် သူ့သားတို့ကို လူအများရှေ့တွင် အရှက်ခွဲခဲ့သည်။
“ မင်းသေချင်နေတာပဲ။ ”
ဤအရာက ယွီတျန်းဟုန်၏ နှလုံးသားသွေးများကို ပွက်ပွက်ဆူစေကာ စုရီထံသို့ ဓားဖြင့် ခုတ်ပိုင်းမိစေသည်။
တစ်ဖက်လူသည် ဤမျှအထိ ကြီးစိုးပြလိမ့်မည်ဟု သူ မမျှော်လင့်ထားမိချေ။ သူ့မျက်စိရှေ့တွင် သူ့ညီမနှင့်သူ့တူကို ဒူးထောက်ခိုင်းထား၏။
“ ရွှပ် ... ။ ”
ဓားအလင်းသည် မှောင်မိုက်ပြီး ကြောက်စရာကောင်းကာ ကောင်းကင်တခွင်ကို တောက်ပသွားစေသည်။
လေဟာနယ်သည် ထိုအလင်းကြောင့် အလွယ်တကူ ကြေမွသွားသော ကင်းဗတ်စ တစ်ခုကဲ့သို့ ပေပင်။
ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများကြောင့် လေထုအတွင်းသို့ ကျောက်တုံး အပိုင်းအစများ လွင့်ပျံတက်လာသည်။
“ ဝုန်း ... ။ ”
စုရီက ပြန်မကြည့်ဘဲ လက်သီးတစ်ချက် ပစ်ချလိုက်သည်။ ဓားအလင်းမှ ပေါက်ကွဲလျက် သူ့ရှေ့ သုံးပေအကွာသို့ ပြုတ်ကျလာ၏။
“ ဟမ့် ... ဒီခွန်အားလောက်နဲ့ ... ငါ့ခေါင်းကိုဖြတ်ဖို့ ခြိမ်းခြောက်ဝံ့သလား။ ”
စုရီက လှောင်ပြောင်လိုက်သည်။ ယွီတျန်းဟုန်မှ စကားဖြင့် မတုန့်ပြန်အားချေ။ အသက်ပြင်းပြင်းရှူပြီး အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်သည်။
“ ဝှစ် ... ဝှစ် ... ။ ”
မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယွီချင်းဇီနှင့် စုပိုင်နင်တို့ခမျာ မြှောက်တက်ပြီး ပေဒါဇင်များစွာ အကွာသို့ လွင့်ကျသွား၏။
“ မင်းတို့ အရင်သွားနှင့်ကြ ... ။ ”
ယွီတျန်းဟုန် တစ်ကိုယ်လုံးတွင် လူသတ်ရောင်ဝါများ ပြည့်နှက်လာပြီး ရောင်ဝါ တဖြည်းဖြည်း မြင့်တက်လာသည်။
ကျိုးကျစ်လီနှင့် အခြားသူများ၏ မျက်နှာများသည်လည်း သိသိသာသာပြောင်းလဲ သွားပြီး လူတိုင်းနောက်ဆုတ်လိုက်ကြ၏။
မြေကြီးအဆင့် ကျွမ်းကျင်သူများ၏ စွမ်းအားသည် တောင်များကို ခွဲ၍ မြစ်များကို ရပ်တန့်နိုင်သည်။
ရှန်ရှင်းသိုင်းသမားများပင် ချွင်းချက် မရှိသေနိုင်၏။ ထို့အပြင် ယွီတျန်းဟုန်ဟူသည် သာမန်မြေကြီးအဆင့် အင်မော်တယ် မဟုတ်ချေ။
မဟာချင်၏ အလွန်ကျော်ကြားသော ဓားဘုရင်တျန်းဟုန် ဖြစ်သည်။ သို့သော် ထိုစုရီမှ စိတ်ဝင်စားပုံမပြချေ။ အဝေးသို့လှမ်းကြည့်ကာ၊
“ မေလ (၄)ရက်နေ့မှာ ... မင်းတို့နှစ်ယောက်ရဲ့ခေါင်းကို ငါဖြတ်မယ်။ ”
-ဟု ပြောကြားလိုက်သည်။
သားအမိနှစ်ယောက်ခမျာ မသက်မသာ ဖြစ်သွား၏။ ကျောက်စိမ်းမြို့တော်တွင် ဤသို့ ဒူးထောက်လိုက်ရခြင်းသည် အလွန် ရှက်စရာ ကောင်းချေပြီ။ ထို့ကြောင့် မနေဝံ့တော့ဘဲ လှည့်ထွက် ပြေးမိကြသည်။
“ ဟိတ် ... ။ ”
စုရီမှ လျစ်လျူရှုထားခြင်းခံရသည့် ယွီတျန်းဟုန်သည် လုံးဝ သည်းမခံနိုင်တော့ချေ။ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ စုရီကို ခုန်ဝင်ခုတ်ပိုင်းချလိုက်သည်။
အနားတဝိုက် လေ၊ မိုးကြိုး၊ လျှပ်စီးနှင့် ငွေနှင်းများ ရစ်သိုင်းလျက် ကြောက်မက်ဖွယ် စွမ်းအားများ လှိုင်းထလာသည်။
ဓားအလင်းသည် လျှပ်စီးကဲ့သို့ မြန်ပြီး မိုးကြိုးကဲ့သို့ ပြင်းထန်သည်။ စကြဝဠာတစ်ခွင် အဆုံးမဲ့ ပဲ့တင်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ အတုမဲ့ မိုးကြိုးဓား။ ”
မိုးကြိုးတာအိုများ ပါဝင်သည့် အလယ်အလတ် ကောင်းကင်အဆင့် ဓားရေး တစ်ရပ်ဖြစ်သည်။
မူလတာအိုနယ်ပယ် အတွင်းပိုင်း သန့်စင်ခြင်းအဆင့်ခွန်အားကို ၎င်း၌အပြည့်အဝ ပေါင်းစပ်လိုက်သောအခါ စွမ်းအားသည် ရှစ်ဖုန်းလျူထက် သာလွန်သွား၏။
“ ဂျိန်း ... ။ ”
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွားကာ ကျယ်လောင်သော မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာသည်။ သေမျိုး ကမ္ဘာသို့ ဆက်သက်လာသော မိုးကြိုး နတ်ဘုရားနှင့် တူချေ၏။
“ ဒီဓားမှာ သန့်ရှင်းမှု နည်းနည်းရှိတယ်။ ”
စုရီအမူအရာသည် စိတ်လှုပ်ရှားခြင်း မရှိသကဲ့သို့ ပျော်ရွှင်မှုလည်း မရှိချေ။ ရေကန် တစ်ကန်အလား တည်ငြိမ်နေသည်။
လက်တစ်ဖက် နောက်ပို့လျက် ကျန်တစ်ဖက်ကို တင်းတင်းဆုပ်ပြီး ရုတ်တရက် ပြန်၍ထိုးနှက်ပစ်လိုက်၏။
“ ဝှစ် ... ။ ”
ကြည်လင်တောက်ပသော လက်သီးရိပ်ကြီးသည် တာအိုစည်းချက်နှင့် အဖျက်စွမ်းအားများ ဆောင်လျက် ပြေးထွက်သွားသည်။
“ ဘုန်း ... ။ ”
မိုးကြိုးမုန်တိုင်းကဲ့သို့သော ဓားနှင့် သမုဒ္ဒရာကဲ့သို့သော လက်သီးတို့ တိုက်မိကာ အဖျက်စွမ်းအင်လှိုင်းများသည် ပျံ့ကျဲသွား၏။
အနီးနားရှိ အဆောက်အဦများ ထပ်မံ ပြိုကျသည်။ မီတာတစ်ရာရှည်သော လမ်းသည် ဖုန်မှုန့်များဖြင့် ပင့်ကူမျှင်သဖွယ် အက်ကွဲ ကြေမွသွားခဲ့သည်။
အခိုးအငွေ့နှင့် ဖုန်မှုန့်များကြားတွင် ယွီတျန်းဟုန်ပုံသဏ္ဍာန်သည် ကြီးစိုးမှုပျက်ကာ တဆတ်ဆတ် တုန်နေ၏။
စုရီက မလှုပ်မယှက် ရပ်နေဆဲပေပင်။ သူ့နောက်ကျောရှိ လျှံကျနေသောရေခွက်လေး မျှော်စင်သည် နဂိုအတိုင်းဖြစ်ပြီး ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ချေ။
တစ်နည်းအားဖြင့် ဆိုရသော် ကြောက်မက်ဖွယ် ကောင်းသော ဓားအလင်းကို တိုက်ရိုက်ချေဖျက်လိုက်ခြင်း ဖြစ်သည်။
ဤမြင်ကွင်းသည် ယွီတျန်းဟုန်၏ မျက်ဝန်းများကို မှေးကျဉ်းသွားစေပြီးနောက် နှလုံးသားများ ခုန်ပေါက်သွားစေသည်။
မဟာသခင် စတုတ္ထအဆင့်ဖြစ်သော ဤလူငယ်သည် ကောလဟာလများအတိုင်း အမှန်တကယ် အစွမ်းထက်နေ၏။
သူ့ခွန်အားကို အကုန်အစင် အသုံးပြုထားခြင်း မရှိသော်လည်း နဘ်ပယ်တူ အတွင်းမှ ပြိုင်ဘက်အပေါ် အလွယ်တကူ အနိုင်ယူနိုင်ဆဲဖြစ်သည်။
“ မဟာချင်က မူလတာအိုနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ... တတ်စွမ်းသမျှ ဒါအကုန်ပဲလား ...
... အဟက် ... ဒါမှမဟုတ် မင်းဘာကို ကြောက်နေတာလဲ မင်းရဲ့ခွန်အားတွေ အကုန် မသုံးရဲဘူးလား။ ”
စုရီမှ လှောင်ပြောင်လိုက်သည်။ ဤစကားသည် ယွီတျန်းဟုန်၏ မာနအပေါ် တိုက်ရိုက်ထိ၏။ အသက်ပြင်းပြင်း ရှူလျက် လက်ထဲရှိငွေဓားဖြင့် စုရီထံထိုးညွှန်ပြပြီး၊
“ ဒါဆို ငါ့ဓားကို ထပ်ခံဝံ့သလား။ ”
-ဟု အော်ဟစ်လိုက်သည်။
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
ငွေဓားသည် ရုတ်တရက် တုန်ယင်လျက် လျှပ်စီးများ တဖျစ်ဖျစ်ခတ်ကာ မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းလာတော့သည်။
“ ဟိတ် ... ။ ”
ထို့နောက် လေပေါ်သို့ လှမ်းတက်ကာ ခိုင်းပိုင်းချလိုက်သည်။ သို့သော် ဤအခိုက်တွင် အဖိုးအိုတစ်ဦး သူ့လမ်းတွင် ပေါ်လာ၏။
“ မင်းတို့နှစ်ယောက် ... တော်ဝင်မြို့တော်မှာ ပြသနာရှာနေတာလား။ ”
ဤသည်မှာ ဟောင်းနွမ်းနေသော အဝတ်အစားများဖြင့် ရွှေရောင်တောက်ပသည့် မျက်ဝန်းတစ်စုံကို ပိုင်ရှင်ဖြစ်သည်။
“ ဟုန်ရှန့်ရှန် ... ။ ”
ယွီတျန်းဟုန်မှ ဓားကို ချက်ချင်း ရုတ်လိုက်ရ၏။ ဟုန်ရှန့်ရှန်က ခေါင်းညိတ်ကာ၊
“ တာအိုယွီ ... ၊ မင်းက မဟာချင်ရဲ့ သံတမန်ပဲ မြို့တော်မှာ တစ်စုံတစ်ယောက်ကို ထိခိုက်အောင်လုပ်ချင်ရင် ကျေးဇူးပြုပြီး နှစ်ခါပြန်စဉ်းစားပါ။ ”
-ဟု သတိပေးတော့သည်။
ယွီတျန်းဟုန်မှ မျက်မှောင်ကြုတ်လျက် ငြိမ်သက်သွား၏။ သူ့နှလုံးသွေးများ ပွက်ပွက်ဆူ နေသည်။ လူသတ်ချင်စိတ်များကို ချိုးနှိမ်ကာ မြေပြင်ပေါ် ပြန်၍ဆင်းသက်လိုက်၏။
ထို့နောက် စုရီကို အေးစက်သော အကြည့်ဖြင့် ပြန်ကြည့်ပြီး၊
“ သုံးရက်နေရင် ကျိုးကျိတောင်ထိပ်မှာ မင်းကိုစောင့်နေမယ်။ ”
-ဟု ပြောကြားလျက် လှည့်ထွက်သွားသည်။
သူ့ရုပ်သွင် ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေပြီးနောက် ဟုန်ရှန့်ရှန်မှ စုရီထံ လှည့်လာကာ၊
“ ဒါက တော်ဝင်မြို့တော်ပဲ ... မင်းမှာ ထူးထူးခြားခြား အစွမ်းအစမျိုးတွေ ရှိရင်တောင် မင်းကိုယ်မင်း ထိန်းထားတာ ပိုကောင်းမယ် ... မဟုတ်ရင် အကျိုးဆက်ကို မင်းခံနိုင်မှာ မဟုတ်ဘူး။ ”
-ဟု ပြောကြားလိုက်၏။
“ ငါ့ကို ခြိမ်းခြောက်နေတာလား။ ”
စုရီမှ မျက်ဝန်းများမှေးစင်းလျက် တုန့်ပြန်လိုက်သည်။ ဟုန်ချန့်ချန်မှ အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ချက်ချင်းပင် တည်ငြိမ်မှု ပြန်ယူလျက်၊
“ ကောင်းကင်ဘုံက လူတစ်ယောက်ကို သေစေချင်ရင် ... သူ့ကိုမိုက်မဲစေလိမ့်မယ် စုရီ ငါမင်းကို မကြိုက်ဘူး ... မေ(၄)ရက်နေ့ မတိုင်ခင် မသေစေနဲ့။ ”
-ဟု ပြောပြီး လှည့်ထွက်သွားသည်။
၎င်းပုံရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး စုရီနှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ် သွားလေသည်။
“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ... နောက်ထပ် ကမ္ဘာခြားက ဝိညာဉ်တစ်ကောင်ပဲ။ ”
***