အခန်း (၃၆၃)
Vol. 25 Ch. 363
တခဏမျှ မေးမြန်းခဲ့ပြီးနောက် စစ်ထူချင် မည်သည့်နေရာသို့ ထွက်သွားကြောင်း သိလိုက်ရသည်။
“ ရွှမ်ယွမ်အင်ပါယာ…”
ထိုအမည်အားကြားလျှင် ရွှမ်ယီ အံ့အားသင့်သွား၏။
ရှောင်ဟောင်တို့ မောင်နှစ်မလည်း ထိုနေရာသို့ သွားကြခြင်းဖြစ်သည်။
ဒါက တိုက်ဆိုင်မှုတစ်ခုပေလော…?
ရွှမ်ယီ၏ အမူအရာက တဖြည်းဖြည်းပိုထူးဆန်းလာခဲ့သည်။
ရှောင်ဟောင်တို့ မောင်နှစ်မ နှင့် စစ်ထူချင်တို့ တစ်ယောက်ကိုတစ်ယောက် မသိကြပေ။
ထိုနေရာ၌ မတော်တဆတွေ့ဆုံမိပြီး အခန့်မသင့်ဘဲ ထသတ်နေကြပါက မည်သို့လုပ်မည်နည်း။
….
ရွှမ်ယွမ်အင်ပါယာ၏ တောင်ဘက်နယ်စပ် ကီလိုမီတာ(၁)ထောင်၀န်းကျင်က လူမရှိသူမရှိသော နယ်မြေတစ်ခုဖြစ်သည်။
ထိုနေရာမှ မြေက အခြားနေရာများနှင့်မတူပေ။ ၎င်းက ကြေးနီရောင်သန်းနေခဲ့ပြီး နက်နဲခြင်းမူလ မိုင်းတွင်းမှ ကြွယ်၀သော စိတ်ဝိညာဉ်စွမ်းအားများကြောင့် ထိခိုက်သွားသည်ဟု ဆိုကြ၏။
နက်နဲခြင်းမူလ မိုင်းတွင်း၌ ရှောင်ဟောင် နှင့် ရှောင်ဖန်တို့ သက်ပြင်းချလိုက်ကြသည်။
နက်နဲခြင်းမူလ မိုင်းတွင်းရှိ ကန့်သတ်အစီအရင်များက သူတို့အပေါ် အကျိုးသက်ရောက်မှုမရှိပေ။
သို့သော် လမ်းတစ်လျှောက်ကြုံခဲ့ရသည့် စိတ်ဝိညာဉ်နတ်ဆိုးများစွာတို့က သူတို့ (၂)ယောက်အား တော်တော်လေး ဒုက္ခများစေခဲ့သည်။
ဤနေရာမှ စိတ်ဝိညာဉ်နတ်ဆိုးများအား မည်သူမှ လာမသတ်ကြသည်ဖြစ်ရာ ၎င်းတို့က တော်တော်လေးအဆင့်မြင့်နေကြပြီဖြစ်၏။
၎င်းတို့အား အလွယ်တူ သတ်နိုင်သော်လည်း အရေအတွက် အလွန်များပြားခြင်းက သူတို့အား ခေါင်းကိုက်စေခဲ့သည်။
ကံကောင်းစွာဖြင့် သူတို့ခရီးပန်းတိုင်က သိပ်မဝေးလှ၍ တော်တော့၏။
ဂရား…
မိုင်းတွင်း၏ အနက်ရှိုင်းဆုံးအပိုင်းမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
ရှောင်ဟောင်နှင့် ရှောင်ဖန်တို့ (၂)ယောက် ရေနဂါးအဖြစ် ပြောင်းလဲလုနီးပါးဖြစ်နေပြီဖြစ်သည့် ကောင်းကင် စိတ်ဝိညာဉ်နတ်ဆိုးနှင့် ရင်ဆိုင်နေကြ၏။
ဓားအလင်းနှစ်ခုက လျှပ်စီးကြောင်း(၂)ခုအလား ထွက်ပေါ်လာသည်။
တစ်ခဏအတွင်း ကောင်းကင်စိတ်ဝိညာဉ် နတ်ဆိုး ထက်ပိုင်းပြတ်သွားခဲ့၏။
“ နောက်ထပ် ဘယ်လောက်ကျန်သေးလဲ…”
ရှောင်ဟောင်က နှဖူးမှချွေးများအား သုတ်လိုက်ပြီး ရှောင်ဖန်အား မေးလိုက်သည်။
ရှောင်ဖန်က သူမ စုဆောင်းလာခဲ့သည့် သတင်းအချက်အလက်များအား ပြန်စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်ကာ
“ (၂)ကောင် ကျန်သေးတယ်…”
နှစ်ယောက်သား စကားပြောနေသော်လည်း လက်များကမူ နှေးကွေးခြင်းအလျင်းမရှိချေ။ ကောင်းကင်စိတ်ဝိညာဉ် နတ်ဆိုးအတွင်းမှ စိတ်ဝိညာဉ် အရင်းအမြစ်အား ထုတ်ယူခဲ့ကြ၏။
သူတို့ နှစ်ယောက်က မူလဒေသသို့ရောက်ကတည်းက မည်သည့်နေရာကိုမှ မ၀င်ရောက်ခဲ့ကြပေ။ နက်နဲခြင်းမူလ မိုင်းတွင်းသို့ တန်းလာခဲ့ကြသည်။
ထို့ကြောင့် သဘာ၀အတိုင်း ရွှမ်ယွမ်အင်ပါယာမှ ထုတ်ထားသည့် တာ၀န်နှင့် ဆုလာဘ်များအကြောင်းမသိခဲ့ကြချေ။
ထိုအချိန်တွင် တာ၀န်လက်ခံထားသည့် စစ်ထူချင်တို့အဖွဲ့ နက်နဲခြင်းမူလ မိုင်းတွင်းရှိရာသို့ ရောက်လာကြသည်။
“ မိန်းကလေး စစ်ထူချင်.. မင်း ငါအကြံပေးတာ စဉ်းစားမယ်မလား…”
ရွှမ်ယွမ် အင်ပါယာမှ တာ၀န်ကိုလက်ခံထားသူများ ဘေးချင်းယှဉ်ရပ်နေခဲ့ကြပြီး ထိုအထဲမှ အဖြူ၀တ်လူငယ်တစ်ဦးက စစ်ထူချင်အား မီးတောက်မတတ် မျက်၀န်းများဖြင့် ကြည့်နေခဲ့သည်။
သူ၏ စကားသံက အလွန်ရိုးသားဟန်ရှိနေသော်လည်း သူ၏ မျက်လုံးများကမူ ထိုသို့မဟုတ်ပေ။ စစ်ထူချင်၏ ခန္ဓာကိုယ်အား ပေါက်ထွက်မတတ် အထက်အောက် စုံဆန်ကြည့်နေခဲ့သည်။
ထိုလူက ပြင်ပ ဒေသတစ်ခုမှ လာသူဖြစ်ကာ မူလဒေသသို့ရောက်ရန် ဒေသအများအပြား ဖြတ်ကျော်လာခဲ့သည့် ပါရမီရှင်တစ်ဦးလည်းဖြစ်၏။
သူက မူလဒေသသို့ လေ့ကျင့်ရန် ရည်ရွယ်၍ ရောက်လာခြင်းဖြစ်သည်။
စစ်ထူချင်အား စတွေ့လိုက်ကတည်းက မှင်သက်ကာ အံ့ဩသွားခဲ့၏။ စမ်းသပ်မှုမှ သူမ၏ စွမ်းအားအကြောင်း ကြားလိုက်ရလျှင် ပို၍ အံ့အားသင့်သွားခဲ့လေသည်။
ထို့နောက် စိတ်အားထက်သန်စွာဖြင့် စစ်ထူချင်အား သူ၏ ဂိုဏ်းနှင့် စတင်မိတ်ဆက်ပေးတော့သည်။
“ ကျုပ်တို့ ဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီးပဲ… ကျုပ်ထက် သန်မာတဲ့လူတွေဆိုတာ ရေလို့တောင်မရဘူး… မိန်းကလေး စစ်ထူချင်အတွက် အဲ့မှာ ပြိုင်ဘက်တွေ အများကြီး တွေ့နိုင်မှာဖြစ်ပြီး လေ့ကျင့်မှုနဲ့ တိုးတက်မှုအတွက် အများကြီး အထောက်အကူဖြစ်မှာ အသေအချာပဲ….”
စစ်ထူချင် ထိုလူငယ်အား စိတ်မရှည်တော့ပေ။
သူမက ခေါင်းယမ်းလိုက်ပြီး အေးစက်စွာဖြင့်
“ အဲ့တာတွေ မလိုဘူး… ငါ့မှာ ကိုယ်ပိုင်ဂိုဏ်းရှိပြီးသား… ပြီးတော့ ငါ့အနာဂါတ်နဲ့ ပတ်သက်ပြီး ငါ့ဆရာကလည်း အသေးစိတ်စီစဉ်ပေးထားတယ်… ပြီးတော့ အဲ့မှာ ပါရမီရှင်တွေလည်း အများကြီးရှိတာမို့ ကျန်တဲ့နေရာကို တကူးတက သွားရှာနေစရာမလိုဘူး… ဒီတော့ ရှင် စိတ်ပူမနေလည်းရတယ်…”
“ ဟမ့်.. ဘယ်လို ဂိုဏ်းမို့လဲ.. ကျုပ် ဂိုဏ်းကို ယှဉ်နိုင်မှာလား…”
အဖြူ၀တ်လူငယ်၏ လေသံက အလွန်မောက်မာနေပြီး သူ့ဂိုဏ်း၌ ကောင်းကင်ဘုရင်များရှိကြောင်းကိုပင် ပြောပြလိုက်၏။
စစ်ထူချင်သာ သူ့ဂိုဏ်းသို့ ၀င်ရောက်ရန်ဆန္ဒရှိပါက ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူထံတွင်လည်း လမ်းညွှန်မှု ရနိုင်မည်ဖြစ်သည်။
“ ကောင်းကင်ဘုရင်လား…”
စစ်ထူချင်က လှောင်ပြုံးလိုက်ပြီး
“ အဲ့တာက ကောင်းကင်ဘုရင်ဘယ်အဆင့်လဲ… အထွတ်အထိပ်အဆင့်လား…? ဒါမှမဟုတ် အင်ပါယာတစ်၀က်အဆင့်ကို ရောက်နေပြီလား…”
အဖြူ၀တ်လူငယ် တံတွေးနင်မတတ်ပင် ဖြစ်သွားရ၏။
ထိုကောင်မလေး ဘယ်လို အရူးစကားတွေလာပြောနေတာလဲ…?
အင်ပါယာ တစ်၀က်အဆင့်တဲ့လား…?
သူ့ဂိုဏ်းတွင်သာ ထိုအဆင့် ကျင့်ကြံသူမျိုးရှိပါက လေ့ကျင့်ရန် နှင့် အရင်းအမြစ်ရှာဖွေရန် အဘယ်ကြောင်း ဤနေရာသို့ လာနေဦးမည်နည်း…?
အင်ပါယာအဆင့်တစ်၀က် ကျင့်ကြံသူအနေဖြင့် သာမန်ဒေသများ မဆိုထားနှင့် ထိပ်တန်းဒေသကြီး(၁၀)ခုကိုပင် စိုးမိုးရန် လုံလောက်သည်။
သို့သော် အဖြူ၀တ်လူငယ်က လက်မလျော့လိုသေးပေ။
သူသာ ပါရမီကောင်းမွန်သည့် လူသစ်တစ်ယောက်အား ဂိုဏ်းထံသို့ ခေါ်ဆောင်လာနိုင်ပါက ဆုလာဘ်များ ရရှိပေလိမ့်မည်။
သူက ချက်ချင်း မကျေမနပ်ဖြင့် ပြန်မေးလိုက်၏။
“ မင်းဆရာရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်မြင့်လို့လဲ.. သူက ကောင်းကင်ဘုရင်တစ်ယောက် မို့လား…”
ထိုအမေးအား ကြားလျှင် စစ်ထူချင် အနည်းငယ်ပြုံးမိလိုက်၏။
မူလဒေသသို့ သူမလာခင် ရှေးဟောင်းကောင်းကင်ဘုရင်ဖြစ်သော ကျိုးပဲ့ဘုရင်အား သတ်ခဲ့သည့် ရွှမ်ယီ၏ သတင်းကို ကြားခဲ့ရသည်။
ကောင်းကင်ဘုရင် ဘာညာ စသည့် ကိစ္စများအား သူမသိပ်မလေးထားခြင်းမရှိချေ။
သို့သော် ထိုအဖြူ၀တ်လူငယ်နှင့် အကျိုးမရှိသော စကားများပြောရင်း အချိန်မဖြုန်းလိုတော့ပေ။
ထို့ကြောင့် ခေါင်းလှည့်လိုက်ပြီး မည်သည့်စကားမှမဆိုတော့ချေ။
သို့သော် ထိုအပြုအမူက အဖြူ၀တ်လူငယ်အား ပြုံးသွားစေသည်။ စစ်ထူချင်က သူ၏စကားတွင် ကျသွားပြီဟု ထင်မှတ်လိုက်ပြီး ဆက်ပြောရန်ပြင်လိုက်သည်။
ထို့အချိန်တွင် ရှေ့ဆုံးမှ သွားနေသူထံမှ အော်သံထွက်ပေါ်လာ၏။
“ နက်နဲခြင်းမူလ မိုင်းတွင်း ဘာဖြစ်သွားတာလဲ…”
အားလုံး မိုင်းတွင်းရှိရာသို့ကြည့်လိုက်လျှင် ကီလိုမီတာ(၁၀၀)ခန့်အကွာ၌ မီးခိုးလုံးများ ကောင်းကင်ထက်သို့ မြင့်တက်လာသည်ကို တွေ့လိုက်ရ၏။
ထို့နောက် မြွေသဏ္ဍာန် စိတ်ဝိညာဉ် နတ်ဆိုး တစ်ကောင်းအား လူပုံရိပ် (၂)ခု လိုက်လံတိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။
၎င်းတို့က မိုင်းတွင်း၏ အနက်ရှိုင်းဆုံး အပိုင်းမှ ထွက်လာကြခြင်းဖြစ်ကာ ကောင်းကင်ထက်၌ ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်၏။
“ ဒါက… ကောင်းကင် စိတ်ဝိညာဉ်နတ်ဆိုးက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ(၂)ယောက် လိုက်သတ်တာခံရလို့ ထွက်ပြေးနေတာလား…”
တာ၀န်လက်ခံပြီးရောက်လာကြသည့် ပါရမီရှင်များထဲမှ တစ်ယောက်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
အဖြူ၀တ် လူငယ်က တစ်စုံတစ်ခုအား ပြောရန် ပြင်လိုက်သော်လည်း နှုတ်ဖျားမှ မည်သည့်စကားမီ ထွက်မလာခဲ့ပေ။
နက်နဲခြင်းမူလ မိုင်းတွင်း၏ အနက်ရှိုင်းဆုံးနေရာ၌ ကန့်သတ်ချက် အစီအရင်များနှင့်အတူ နေထိုင်သည့် ကောင်းကင် စိတ်ဝိညာဉ်နတ်ဆိုးအား အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ(၂)ယောက်က မည်သို့ သတ်ဖြတ်နိုင်မည်နည်း။
သို့သော် သူတွေးနေစဉ်မှာပဲ သူတို့ရှေ့ မလှမ်းမကမ်းသို့ ကောင်းကင် စိတ်ဝိညာဉ်နတ်ဆိုးသားရဲ၏ ရုပ်အလောင်းကြီး ပြုတ်ကျလာခဲ့သည်။
ကြေးနီရောင် အကြေးခွံနှင့် ခရမ်းရောင် မျက်လုံးများ…
ဘုရင်တစ်၀က်အဆင့်ထက် ကျော်လွန်နေသည့် အရှိန်အဝါ….
ထိုလက္ခဏာများအားလုံး ရွှမ်ယွမ် အင်ပါယာမှ သေချာပြောပြလိုက်သည့် ကောင်းကင် စိတ်ဝိညာဉ်နတ်ဆိုးနှင့် တစ်ထပ်တည်းကျနေပေသည်။
သို့သော် ထိုကဲ့သို့ ဖြစ်တည်မှုအား အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ(၂)ယောက်က မည်ကဲ့သို့ အနိုင်ယူခဲ့သနည်း…?
“ ဒါ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”
အဖြူ၀တ်လူငယ်၏ မျက်၀န်းများအတွင်း ထိတ်လန့်ဟန်များ ဖြစ်ပေါ်လာ၏။
သူက ကောင်းကင်ထက်မှ ဆင်းသက်လာသူ (၂)ယောက်အား မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေမိသည်။
ထိုအချိန်တွင် စစ်ထူချင်၏ ထူးမခြားနားဟန်ရသော စကားသံက နောက်မှထွက်ပေါ်လာခဲ့သည်။
“ နက်နဲခြင်းမူလ မိုင်းတွင်း ချိုးဖျက်ခံလိုက်ရပြီးပြီနဲ့တူတယ်… ငါတို့ ဘာဆက်လုပ်သင့်လဲ…”