← Chapters

အခန်း (၃၆၅)

Vol. 25 Ch. 365

အခန်း (၃၆၅)

Vol. 25 Ch. 365

ထိုအချိန်တွင် စစ်ထူချင်နှင့် ရှောင်ဟောင်တို့နှစ်ယောက် လေထဲ၌ ရင်ဆိုင်နေကြချေပြီ။

“ မင်းကို ကျင့်ကြံခြင်းအဆင့်နဲ့ ဖိနှိပ်တယ်ဆိုပြီး မဖြစ်ရအောင် ငါ့ကျင့်ကြံမှုကို အခြေတည်ဝိညာဉ်အဆင့် (၄)ကို ချပြီး မျှမျှတတတိုက်မယ်…”

ရှောင်ဟောင် ပြောလိုက်သည်။

သူ၏ စကားဆုံးသည်နှင့် လက်တွင်းမှ အလံက အနည်းငယ် တုန်ခါသွား၏။

ထို့နောက် သူ၏ ကျင့်ကြံမှုက အခြေတည်ဝိညာဉ်အဆင့်(၄)သို့ ကျဆင်းသွားသည်။

“ လာတော့…”

ရှောင်ဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ ငါးရောင်ချယ် စိတ်ဝိညာဉ်အလင်း…”

ထို့နောက် ‌အလံတွင်းသို့ စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းလိုက်လျှင် အလင်းတန်း(၅)ခု ကောင်းကင်သို့ ထိုးတက်သွားလေသည်။

ထို့နောက် စစ်ထူချင်ရှိရာသို့ ပြေး၀င်သွား၏။

တစ်ဖက်တွင် ရှောင်ဟောင် တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် စွမ်းအားကြောင့် မူလဘုရင်အဆင့် ကျင့်ကြံသူဖြစ်သော ရွှမ်ယွမ် အင်ပါယာမှ မိုင်းတွင်း အုပ်ချုပ်သူ အန်ဖေး၏ မျက်၀န်းများပင် ကျဉ်းမြောင်းသွားလေသည်။

ရှောင်ဟောင်၏ ငါးရောင်ချယ် စွမ်းအားက ဘုရင်အဆင့်သို့ ချဉ်းကပ်နေချေပြီ။ ထို့အပြင် (ရေ၊ မီး ၊ မြေ ၊ လေ ၊ သစ်သား) ဟူသော ဓာတ်ကြီးငါးပါးစွမ်းအားကို အခြေခံထားသည့် ထိုတိုက်ခိုက်မှုက မူလဘူရင်အဆင့်ကျင့်ကြံသူကိုပင် ခေါင်းကိုက်သွားစေနိုင်သည်။

အကယ်၍ ရှောင်ဟောင်သာ အစွမ်းကုန်တိုက်ခိုက်ပါက အန်ဖေးပင်လျှင် ကာကွယ်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။

စစ်ထူချင်၏ ဓားရှည်မှနေပြီး စူးရှသော ဓားအော်သံများ ထွက်ပေါ်လာသည်။

သူမ၏ မျက်၀န်းများက တောက်ပနေခဲ့ပြီး ဓားစွမ်းအားများက နဂါးကြီးတစ်ကောင် အသွင်ပြောင်းလျက် ပြေးထွက်သွား၏။

တိုက်ခိုက်မှုနှစ်ခု တွေ့ဆုံရာတွင်

အုန်း.. ဘန်း…

ပတ်၀န်းကျင်တစ်ခုလုံး လေဆင်နှာမောင်း၀င်မွှေ့သကဲ့သို့ ဖုန်မှုန့်များ ကျောက်ခဲများ ဖုံးလွှမ်းသွား၏။

ထိုအချိန်တွင် ဘေးမှကြည့်နေသော ရှောင်ဖန်၏ မျက်၀န်းထဲ၌ အံ့အားသင့်ဟန်များ ယှက်သန်းလာသည်။

ဓားအသုံးပြုနေချိန် စစ်ထူချင်၏ အငွေ့အသက်က သူမတို့ဆရာ ရွှမ်ယီနှင့် အလွန်ဆင်တူလှ၏။ သို့သော် ၎င်းက ခံစားချက်မျှသာဖြစ်ပြီး ထိုကိစ္စအား အတည်ပြုရန်အတွက်မူ သူမ အလွန်တွန့်ဆုတ်နေခဲ့သည်။

ဤသို့ဖြင့် ကောင်းကင်ထက်၌ တိုက်ပွဲဆက်လက် ဖြစ်သွားနေ၏။ သူတို့ နှစ်ယောက်က အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူမျှသာ ဖြစ်ကြသော်လည်း တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးမှ ထိပ်တန်း ပါရမီရှင်များဖြစ်ကြပေသည်။

သို့ဖြစ်ရာ ရံဖန်ရံခါ ထွက်ပေါ်လာသည့် စွမ်းအား လှိုင်းများက အန်ဖေး( မိုင်းတွင်း အုပ်ချုပ်သူ)၏ အမူအရာကိုပင်ပြောင်းသွားစေသည်။

အစောပိုင်းတွင် စစ်ထူချင်က သူမ နောက်ကွယ်မှ အင်အားစု အလွန်ကြီးကျယ်ကြောင်း ပြောကြားခဲ့၏။ သို့သော် သူက ထိုကိစ္စအား စိတ်ထဲသိပ်ပြီး အလေးမထားခဲ့ချေ။

ယခုတွင် ရီယု ( အဖြူ၀တ်လူငယ်) ရန်တိုက်ပေးနေစဉ် မတားခဲ့သည့်အပေါ် အလွန် နောင်တရနေပြီဖြစ်၏။

အဆိုးဆုံးအနေဖြင့် ရွှမ်ယွမ် အင်ပါယာ ဝေစုထဲမှ တစ်ချို့တစ်၀က်အားခွဲပြီး ၎င်းတို့အား ပေးရခြင်းသာရှိမည်။

ယခုတွင်မူ ၎င်းတို့အကြား မည်သူ အနိုင်ရပါစေ ရွှမ်ယွမ် အင်ပါယာအတွက် အခြေအနေကောင်းမည်မထင်ပေ။

ရှုံးနိမ့်သွားသူအနေဖြင့် ရွှမ်ယွမ် အင်ပါယာအပေါ် ရန်ငြိုးမထားရန်သာ ဆုတောင်းနေရတော့၏။

သတင်းမပေါက်ကြားစေရန် ၎င်းတို့အား သတ်ရမည်လော…?

သူတို့အနေဖြင့် ယခုထက် သတ္တိ (၁၀)ဆ ပိုကောင်းလျှင်တောင် ထိုသို့ မလုပ်ရဲချေ။

ထို့အပြင် ၎င်းတို့ထံ၌ အဆင့်(၅)တိုက်ခိုက်ရေး မှော်ရတနာများ ပိုင်ဆိုင်ထားကြသည်။

မူလဘုရင် သို့မဟုတ် လူသားဘုရင်အဆင့် ထံမှ တိုက်ခိုက်မှုအား ကာကွယ်ရန် အကာအကွယ် မှော်ရတနာ သို့မဟုတ် သတ်ဖြတ်ရန် လျှို့ဝှက် ရတနာများ မပိုင်ဆိုင်ထားဟု သူ့အား ရိုက်ပြောလျှင်တောင် ယုံမည်မဟုတ်ပေ။

မိုင်းတွင်း အုပ်ချုပ်သူ (အန်ဖေး) ၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ အဆင်မပြတ် ပြေးလွှား လှုပ်ရှားနေပေသည်။

ထိုအချိန်တွင် ကောင်းကင်ထက်မှ တိုက်ပွဲက ပြီးလုနီးပါး ဖြစ်နေချေပြီ။

ရှောင်ဟောင်က ငါးရောင်းချယ် အလံကို အားကိုးပြီး စစ်ထူချင်နှင့် (၁)နာရီ နီးပါး ယှဉ်တိုက်နိုင်ခဲ့သည်။

သို့သော် သူနှင့် စစ်ထူချင်အကြား ကြီးမားသော ပါရမီ ကွာဟချက်တစ်ခုရှိနေ၏။

ထို့အပြင် ရှောင်ဟောင်က လက်ထဲမှ အလံနှင့် ရာနှုန်းပြည့် လိုက်ဖက်မှုမရှိသည့်တိုင် စစ်ထူချင်ကမူ လက်ထဲမှ ဓားနှင့် အလွန် စည်းချက်ကျကာ လိုက်ဖက်ညီနေခဲ့သည်။

“ မင်း.. ဒီတိုက်ခိုက်မှုကို ကာကွယ်နိုင်ရင် ငါရှုံးတာကို လက်ခံလိုက်မယ်…”

ရှောင်ဟောင် အော်ပြောလိုက်၏။

ထို့နောက် ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ စစ်ထူ၏ ဓားချက်ကို တားဆီးခဲ့ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ရှောင်ဟောင် မျက်နှာ တည်သွားပြီး အံ့ကြိတ်လိုက်၏။

စစ်ထူချင်က အသာအယာပြောလိုက်သည်။

“ ရှင် ကျင့်ကြံမှုကို နဂိုအတိုင်း ပြန်ထားလည်း ကိစ္စမရှိဘူး…”

“ ငါ့ကို လာပြီး လျှော့မတွက်နဲ့… နတ်ဘုရား ကျဆုံးခြင်း…”

ရှောင်ဟောင်က ဒေါသကို မြိုသိပ်ရင်း အော်ဟစ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ အပ်စိုက်မှတ်များ အားလုံးတောက်ပလာသည်။ ထို့နောက် ၎င်းတို့အတွင်းမှ စွမ်းအားများ ထွက်ပေါ်လာပြီး ရွှေရောင် ဘောလုံးတစ်လုံးအဖြစ် ဖိသိပ်လိုက်၏။

ထို ရွှေရောင်အလုံးက ပတ်၀န်းကျင်အား မြင့်မြတ်သော အလင်းများဖြင့် ထွန်းလင်း တောက်ပသွားစေသည်။ ထို့နောက် ယခင် ငါးရောင်ချယ် အလင်းများနှင့် ပေါင်းစပ်သွားပြီး ခြောက်ရောင်ချယ်အလင်းဖြစ်သွား၏။

၎င်းတို့က ရှောင်ဟောင်၏ အင်ပါယာအဆင့် ကျင့်စဉ်အောက်တွင် လက်ဖဝါးကြီးတစ်ခုအဖြစ် သိပ်သည်းသွားပြီး စစ်ထူချင်ထံသို့ ပြင်းပြင်းထန်ထန် ၀င်ရောက်သွားလေသည်။

စစ်ထူချင်၏ အမူအရာ နောက်ဆုံးတွင် ပြောင်းလဲသွားချေပြီ။

ရှောင်ဟောင်၏ တိုက်ခိုက်မှုအား သူမက မကိုင်တွယ်နိုင်သောကြောင့် ထိတ်လန့်သွားခြင်းတော့မဟုတ်ပေ။ ထို လေထုအား ဖြတ်သန်းလာသည့် လက်ဖဝါးကြီးအတွင်းမှနေပြီး ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသောကြောင့်ဖြစ်၏။

“ ဟွမ်ကျီ ဆုဒြာ(ကျင့်စဉ်) လား…”

စစ်ထူချင် အံ့အားသင့်စွာ ရေရွတ်လိုက်လျှင် ရှောင်ဟောင်တို့ မောင်နှစ်မလည်း မှင်သက်သွားကြ၏။

သို့သော် ဆက်လက်ဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် ပို၍ပင် အံ့ဩသွားရသည်။

စစ်ထူချင်က လက်ထံမှ ဓားရှည်အား ဝှေ့ယမ်းလိုက်ရာ ရွှေနဂါးတစ်ကောင် ထွက်ပေါ်လာ၏။

ထို့နောက် ရွှေနဂါးကြီးက ဟိန်းဟောက်လိုက်ပြီး ခြောက်ရောင်ချယ် လက်ဖဝါးနှင့် ဆုံတွေ့သွားလေသည်။

အုန်း…

ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေ၏။

ထိုပေါက်ကွဲမှုကြောင့် ရှောင်ဟောင် ကျောက်ရုပ်တစ်ခုအလား မှင်သက်သွားခဲ့ရသည်။

“ ဒါကို ဘယ်မှာ သင်ထားတာလဲ…”

စစ်ထူချင်၏ ပုံရိပ်က ရှောင်ဟောင်ရှေ့သို့ ရုတ်တရက် ရောက်လာပြီး မေးလိုက်သည်။

ထိုအခါ ရှောင်ဖန်၏ မျက်၀န်းများက အရောင်လက်သွားပြီး စစ်ထူချင်အနားသို့ ရောက်သွားကာ

“ အဲ့မေးခွန်းကို ငါတို့က မေးသင့်တယ် မထင်ဘူးလား…. နင် ဟွမ်ဂျီ ဆုဒြာကို ဘယ်မှာ သင်ခဲ့တာလဲ…”

သုံးယောက်လုံး ထိတ်လန့်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

တခဏအကြာတွင် ရှောင်ဟောင်က စကားစပြောလိုက်၏။

“ ငါ့ဆရာက ရွှမ်ယီပဲ…”

ရှောင်ဟောင်၏ တိုက်ခိုက်မှုကို မြင်ပြီးကတည်းက (၈၀)ရာခိုင်နှုန်းလောက် ခန့်မှန်းထားပြီး ဖြစ်သည့်တိုင် ထိုစကားအားကြားလျှင် စစ်ထူချင် ထိတ်လန့်သွားဆဲပင်။

“ ငါဆရာကလည်း ရွှမ်ယီပဲ…”

ရွှမ်ယီ ဆိုသည့်အမည်က တောင်ပိုင်းတိုက်ကြီး၌ မည်မျှရှိမည်နည်း။ သို့သော် ဟွမ်ဂျီ ဆုဒြာအား သင်ကြားပေးမည့် ရွှမ်ယီကမူ တစ်ယောက်တည်းသာ ရှိနိုင်သည်။

တစ်ဖက်တွင်မူ တိုက်ပွဲအားစောင့်ကြည့်နေသည့် မိုင်းတွင်း အုပ်ချုပ်သူ၏ မျက်နှာကမူ ရှုံ့တွကာ အလွန်ခါးသီးနေချေပြီ။

ရက်အနည်းငယ်အကြာတွင် ရှောင်ဟောင် ၊ ရှောင်ဖန် နှင့် စစ်ထူချင်တို့ ရွှမ်ယွမ် အင်ပါယာမှ ထွက်ခွာသွားကြသည်။

ထိုအခါမှ မိုင်းတွင်း အုပ်ချုပ်သူ လေးပင်စွာ သက်ပြင်းချမိလိုက်၏။

ရွှမ်ယွမ် အင်ပါယာအနေဖြင့် မိမိတို့‌ ဝေစုထဲမှ (၃၀) ရာခိုင်နှုန်းကိုပါ ထိုအဖွဲ့အား ပေးခဲ့လိုက်သည်။

နောက်ဆုံးတွင် ရွှမ်ယွမ် အင်ပါယာ ထိုအကြပ်အတည်းမှ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်၏။

သို့သော် ရွှမ်ယွမ် အင်ပါယာမှ ဗဟာဖြစ်လုနီးပါးဖြစ်သွားသော သိုလှောင်ခန်းကြီးအား ကြည့်မိလိုက်လျှင် အန်ဖေး အသက်ရှု မ၀သလိုပင် ခံစားလိုက်ရသည်။

All Chapters