အခန်း (၃၆၆)
Vol. 25 Ch. 366
သို့သော် စစ်ထူချင် ၊ ရှောင်ဟောင် နှင့် ရှောင်ဖန်တို့က နက်နဲခြင်းမူလမိုင်းတွင်းမှ ဝေစုအား မလိုချင်ခဲ့သည်မှာ ကောင်းသောအချက်ဖြစ်၏။
ထိုအစား သူတို့၏ ဝေစု (၈၀%) အား ရွှမ်ယွမ်မင်းဆက်မှ စိတ်ဝိညာဉ်အရင်းအမြစ် (၁)သိန်းကျော်နှင့် လဲလှယ်ခဲ့သည်။
လက်ရှိအချိန်တွင် ရွှမ်ယွမ်အင်ပါယာ၏ သိုလှောင်ခန်းက ဗလာဖြစ်လုနီးပါး ဖြစ်သွားသည့်တိုင် မကြာခင် နက်နဲခြင်းမူလမိုင်းတွင်းမှနေ၍ အရင်းအမြစ်များ ပြန်လည်စုဆောင်းနိုင်ပေလိမ့်မည်။
ထို့ကြောင့် တစ်ခဏမျှ နာကျင်ခံစားခဲ့ပြီးနောက် နက်နဲခြင်းမူလမိုင်းတွင်း အုပ်ချုပ်သူ ပြန်လည်ငြိမ်သက်သွားခဲ့သည်။
သို့သော် ရွှမ်ယွမ်အင်ပါယာ၏ ကောင်းကင်ထက်၌ မုန်တိုင်းတစ်ခုပေါ်လာ၏။
အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတစ်ယောက် ကောင်းကင်ထက်၌ ထွက်ပေါ်လာသည်။ သူ့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက အလွန်ခိုင်ခံ့သည့် ကျောက်ဆောင်ကြီးတစ်ခုအလားပင်။ ကောင်းကင်ထက်မှ နတ်ဘုရားအလင်းရောင်များ ဖြာကျနေသကဲ့သို့ဖြစ်နေ၏။
ထိုလူငယ်၏ အငွေ့အသက်အား ခံစားမိသည်မှာ ရွှမ်ယွမ်အင်ပါယာနန်းတော်တစ်ခုတည်းမဟုတ်ပေ။ ရွှမ်ယွမ်အင်ပါယာကြီးတစ်ခုလုံးဖြစ်၏။ သူ၏ အငွေ့အသက်က ရွှမ်ယွမ်အင်ပါယာကြီးတစ်ခုလုံးမှ သန်းနှင့်ချီသော လူများအား အသက်ရှူရပ်သွားစေမတတ်ပင်။
“ ငါ့တပည့်တွေ ဘယ်ရောက်သွားကြပြီလဲ…”
ထိုလူငယ်က သာမန်အတိုင်းပြောလိုက်သည်။ သူ၏လေသံက ကြမ်းတမ်းခြင်းမရှိသော်လည်း ရွှမ်ယွမ်အင်ပါယာမှ လူများ၏နားထဲ၌ မိုးခြိမ်းသံအလားပင်။
ထိုလူငယ်က စစ်ထူချင်တို့၏ဆရာဖြစ်ဟန်ရပြီး ကောင်းကင်ဘုရင်အဆင့် သို့မဟုတ် ကောင်းကင်ဘုရင်အထက်မှ ကြောက်မက်ဖွယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ရမည်။
နက်နဲခြင်းမူလမိုင်းတွင်းအား အုပ်ချုပ်သူ မြေပေါ်သို့ ချက်ချင်းလဲကျသွားပြီးနောက် တုန်ယင်နေသော လေသံဖြင့်
“ နတ်ဘုရား… နတ်ဘုရားရဲ့တပည့်တွေ အနောက်ပိုင်းနယ်မြေက ဟွမ်ဖူမိသားစုကို သွားကြပါပြီ…”
“လက်ရှိမှာ ဟွမ်ဖူမျိုးနွယ်က ကမ္ဘာပေါ်က လူငယ်သူရဲကောင်း (၁၀) ယောက်ကိုရွေးချယ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁) သိန်းကျော်ကတည်းက စုဆောင်းထားတဲ့ စိတ်ဝိညာဉ်အရင်းအမြစ် (၁၀) သန်းကိုပေးလိမ့်မယ်လို့ကြေငြာထားတယ်…”
“အိုး… နားလည်ပြီ…”
ရွှမ်ယီ အနည်းငယ်ခေါင်းညိတ်လိုက်ပြီးနောက် ထွက်သွားတော့မည့်ဟန်ဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
သို့သော် နက်နဲခြင်းမူလမိုင်းတွင်းအုပ်ချုပ်သူ သက်ပြင်းမချနိုင်သေးမီတွင် ရွှမ်ယီက ရုတ်တရက် လက်ညိုးဆန့်ထုတ်လိုက်၏။
သူ၏ လက်ချောင်းထိပ်မှ အလင်းတန်းတစ်ခုထွက်ပေါ်လာကာ ရွှမ်ယွမ်အင်ပါယာမြို့တော်ရှိရာသို့ ချက်ချင်းရောက်ရှိသွားသည်။ ရွှမ်ယီ၏ စွမ်းအားကြောင့် တစ်မြို့လုံး တုန်ခါသွားပြီးနောက် အဖြူရောင်ဝတ်စုံဖြင့် ရီယု ချက်ချင်းပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
“ မင်းက ငါ့တပည့်တွေကို ရန်တိုက်ပေးခဲ့တယ်…”
ရွှမ်ယီ၏ အသံကပြန်လည်ထွက်ပေါ်လာပြီး သူ၏ မျက်လုံးများက နက်နဲခြင်းမူလမိုင်းတွင်း အုပ်ချုပ်သူထံသို့ ပြန်လည်ရောက်ရှိသွားသည်။
“ မင်းတို့ နောက်ကွယ်က အင်အားစုခေါင်းဆောင်… သူ့ကို တောင်းပန်ဖို့အတွက် ကောင်းကင်ဒေသ ရွှမ်မိသားစုဆီကို စေလွှတ်လိုက်…”
အနောက်ပိုင်းနယ်မြေက မြောက်ပိုင်းနယ်မြေ ၊ အလယ်ပိုင်းနယ်မြေ နှင့် တောင်ပိုင်းနယ်မြေ တို့နှင့်မတူညီပဲ ထိုနေရာတွင် ကျင့်ကြံခြင်းဂိုဏ်းများမရှိပေ။
အနောက်ပိုင်းနယ်မြေ၏ အုပ်စိုးရှင်များမှာ မိသားစုကြီး (၃) ခုဖြစ်၏။
ဟွမ်ဖူမိသားစုက ၎င်းတို့အထဲမှ တစ်ခုဖြစ်ပေသည်။
ယခုအချိန်တွင် ဟွမ်ဖူမိသားစု၏ အဓိကမြို့တော်ဖြစ်သော အဇူရာနဂါးမြို့တော်ထဲတွင် စိတ်လှုပ်ရှားသံများဖြင့် ဆူညံပွက်လောရိုက်ကာ စည်ကားနေ၏။
အဖက်ဖက်မှ ကျင့်ကြံသူများ အဇူရာနဂါးမြို့တော်ဆီသို့ ပျံသန်းရောက်ရှိလာနေကြ၏။ အခြားဒေသများမှ မူလဘုရင်နှင့် လူသားဘုရင်များပင်ပါဝင်သည်။
သူတို့အားလုံး ဤစုဝေးပွဲကြီးတွင် ပါဝင်ရန် ဟွမ်ဖူမိသားစုမှ ဖိတ်ကြားထားခဲ့ခြင်းဖြစ်၏။
စိတ်ဝိညာဉ် အရင်းအမြစ် ဂျင် (၁၀) သန်းဟူသည့် ပမာဏက ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် သွေးဆောင်ခြင်းခံရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ်အရင်းအမြစ် ဂျင် (၁၀) သန်းဟူသည့်ပမာဏက နတ်ဘုရားအရင်းအမြစ် ဂျင် ထောင်ပေါင်းများစွာဖြင့် လဲလှယ်နိုင်၏။
သို့သော် ဟွမ်ဖူမိသားစု၏ ထိုရက်ရောသော အပြုအမူနှင့် ပတ်သက်ပြီး လူပေါင်းများစွာတို့က စိတ်အားထက်သန်စွာ ဆွေးနွေးနေကြတော့၏။ ယခင်မူလဒေသ ပွင့်လာသည့်အချိန်များတွင်လည်း ဟွမ်ဖူကလန်က ဤကဲ့သို့ အရည်အချင်းရှိသော ပါရမီရှင်များအား ဟွမ်ဖူမိသားစုထဲသို့ သိမ်းသွင်းခြင်းရှိခဲ့ပြီး ၎င်းတို့အတွက် အရေးပါသော အစီအစဉ်တစ်ခုလည်းဖြစ်၏။
ထိုအချိန်တွင် ဆုလာဒ်များရှိခဲ့သော်လည်း အဖိုးအတန်ဆုံးမှာ စိတ်ဝိညာဉ်အရင်းအမြစ် ဂျင် (၁) သန်းမျှသာဖြစ်၏။
ယခုတစ်ကြိမ်တွင်မူ ဟွမ်ဖူမိသားစုက စိတ်ဝိညာဉ်အရင်းအမြစ် ဂျင် (၁၀) သန်းထိထုတ်သုံးလာရာ နောက်ကွယ်မှ အကြောင်းပြချက်များအား လူတိုင်းသိချင်လာကြသည်။
ထိုအချိန်တွင် သတင်းတစ်ခုက လျှင်မြန်စွာ ပျံ့နှံ့လာခဲ့၏။
“ ဒါက ဟွမ်ဖူမိသားစုရဲ့အဓိကကျောရိုးဖြစ်တဲ့ ကောင်းကင်ဘုရင် ဟွမ်ဖူပေါင် အဆုံးမဲ့ပင်လယ်တိုက်ပွဲမှာ ကျရှုံးသွားလို့ပဲ… ဒါကြောင့် ဟွမ်ဖူမိသားစုအနေနဲ့ သူတို့ရဲ့ ပင်မကျောရိုးကြီးကို ဆုံးရှုံးသွားပြီလို့ပြောနိုင်တယ်… အဲ့ဒါကြောင့် အချိန်တိုလေးအတွင်းမှာ ကောင်းကင်ဘုရင်တစ်ယောက်ကို ပျိုးထောင်ဖို့အတွက် သူတို့ စိတ်ဝိညာဉ်အရင်းအမြစ်တွေကို သုံးချင်နေကြတာ…”
ထိုသတင်းအားကြားပြီးနောက် အစပိုင်းတွင် ပဟေဠိဖြစ်နေသည့် လူများအားလုံး နားလည်သဘောပေါက်သွားကြသည်။
အဆုံးမဲ့ပင်လယ်တိုက်ပွဲမှ ဟွမ်ဖူပေါင်၏ သေဆုံးမှုက ဟွမ်ဖူမိသားစုအတွက် ထိုးနှက်ချက်ကြီးတစ်ခုဖြစ်ခဲ့သည်။
သို့သော် မူလဒေသ အနောက်ပိုင်းနယ်မြေမှ အုပ်စိုးသူအဖြစ် ဟွမ်ဖူမိသားစု၏ ရာထူးမှာ အနည်းငယ်မျှ လှုပ်ခါခြင်းမရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုရင် ဟွမ်ဖူပေါင်၌ မဟာမိတ်များစွာ ရှိနေဆဲဖြစ်သောကြောင့်ဖြစ်၏။
ထိုမဟာမိတ်များက ရေတိုအနေဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမည်ဖြစ်ပြီး ရေရှည်ဆိုလျှင် နှစ်ပေါင်းရာနှင့်ချီကြာပေလိမ့်မည်။
ထိုကောင်းကင်ဘုရင်များအနေဖြင့် ဟွမ်ဖူမိသားစုတွင် ပြသနာတစ်ခုခုရှိလာသည်နှင့် အပြေးအလွှားကူညီကြမည်ဖြစ်၏။
သို့သော် ၎င်းတို့က ပြင်ပအင်အားများသာဖြစ်ပြီး မိမိကိုယ်ပိုင်မဟုတ်လေရာ စိတ်ချရခြင်းမရှိချေ။
ထို့ကြောင့် ဟွမ်ဖူကလန်အနေဖြင့် နှစ်ပေါင်း (၁) သိန်းတိုင်တိုင်စုဆောင်းသိမ်းဆည်းထားခဲ့သည့် စိတ်ဝိညာဉ်အရင်းအမြစ်များအား ထုတ်သုံးရန် ဆုံးဖြတ်ခဲ့သည်။
သူတို့ အဓိက လိုအပ်သော အရာမှာ အလွန်အစွမ်းထက်သော ပါရမီရှင်တစ်ဦး ဟွမ်ဖူမိသားစုထံ ပူးပေါင်းလာရန်ပင်။
ယခုအချိန်တွင် အဇူရာနဂါးမြို့တော် လေ့ကျင့်ရေးကွင်း၌ ဒေသအသီးသီးမှ အပြေးအလွှားရောက်ရှိလာကြသော ပါရမီရှင်များပြည့်နှက်နေခဲ့သည်။
၎င်းတို့အားလုံး အသက် (၃၀) အောက်သာရှိကြသေးပြီး ၎င်းတို့၏ ကျင့်ကြံမှုအခြေခံများက အနည်းဆုံး အခြေတည်ဝိညာဉ်အဆင့် (၄) ၊ (၅) ၌ရှိကြ၏။
၎င်းတို့အထဲမှ တစ်ချို့မှာ အခြေတည်ဝိညာဉ်အဆင့် (၉) သို့ရောက်ရှိနေပြီဖြစ်ပြီး ဘုရင်အဆင့်နှင့် ခြေတစ်လှမ်းမျှသာဝေးတော့၏။
ထိုငယ်ရွယ်ပြီး ဂုဏ်ယူစရာကောင်းသော တည်ရှိမှုများဖြစ်သည့် ပါရမီရှင်များအားလုံး အတူတကွ စုစည်းခဲ့ကြသည်။
ထို့ကြောင့်ထိုနေရာ၌ တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပေါ်နေခဲ့၏။
သို့သော် မည်သူဖြစ်စေ လေ့ကျင့်ရေးကွင်း၏ အလယ်ဗဟို၌ရပ်နေသည့် လူ (၃) ယောက်အား သွား၍ ပြသနာရှာဝံ့ခြင်းမရှိချေ။
ထို (၃) အစုက ရှောင်ဟောင် ၊ ရှောင်ဖန် နှင့် စစ်ထူချင် တို့ဖြစ်ကြပြီး နောက်ထပ် ပြိုင်ပွဲအသစ် စတင်မည့်အချိန်အား တိတ်တဆိတ်စောင့်နေကြသည်။
“ သူတို့က ဘယ်သူတွေလဲ… ဘာလို့ ဒီလောက်တောင် မောက်မာနေကြတာလဲ…”
အဇူရာနဂါးမြို့တော်သို့ မကြာသေးမီအချိန်ကမှ ရောက်ရှိခဲ့သည့် ကျင့်ကြံသူများက ပဟေဠိဖြစ်နေပြီး အသံတိုးတိုးဖြင့် မေးလိုက်ကြသည်။
“ သူတို့ (၃) ယောက်က ဒီတစ်ကြိမ်ပြိုင်ပွဲရဲ့ အစွမ်းထက်ဆုံးလူတွေပဲ… ပဓဏာမတိုက်ပွဲမှာ အလံကိုင်ထားတဲ့တစ်ယောက်က ကျင့်ကြံမှု အဆင့်တူတဲ့ (၅) ယောက်ကို အနိုင်ယူခဲ့တယ်… နောက်တစ်ယောက်က ရောင်စုံဘောလုံးတစ်လုံးနဲ့ သူ့ကို ရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့တဲ့ပါရမီရှင် (၃) ယောက်ကို သတ်ဖြတ်ခဲ့တယ်… နောက်ဆုံးတစ်ယောက်ကကျတော့….”
ထိုရှင်းပြနေသူက စစ်ထူချင်အားကြည့်လိုက်ကာ ခြောက်ကပ်သော လေသံဖြင့် တုန်လှုပ်စွာပြောလိုက်သည်။
“ ဟိုနောက်ကျောမှာ ဓါးလွယ်ထားတဲ့ကောင်မလေး သူက ပဏာမတိုက်ပွဲ အစီအစဉ်တွေမှာ ခုချိန်ထိ သူ့ဓါးကို အသုံးမပြုခဲ့သေးဘူး… အဲ့ဒီအစား သစ်သားဓါးတစ်ချောင်းနဲ့ ပြိုင်ဘက်တွေအားလုံးကို အနိုင်ယူခဲ့တယ်…”
“ ဘာ… ဒီလို အစွမ်းထက်တဲ့ ပါရမီရှင်တွေ… ဟွမ်ဖူမိသားစု မကြာခင် ကျော်ကြားလာတော့မှာပဲ…”
မေးခွန်းအား မေးခဲ့သည့် လူငယ် ပါးစပ်အဟောင်းသားဖြင့် ပြန်လည်တုန့်ပြန်လိုက်သည်။
ထိုအခါ နံဘေးမှ ကျင့်ကြံသူတစ်ယောက်ကဝင်ပြီး
“ ဟုတ်တယ် ပဏာမ အစီအစဉ်တုန်းကပဲ ဒီ (၃) ယောက်စလုံး ဟွမ်ဖူမိသားစုဆီက ဖိတ်ကြားချက် ရထားကြပြီးပြီ… သူတို့ မျိုးရိုးနာမည်ကို ဟွမ်ဖူလို့ပြောင်းပြီး ဟွမ်ဖူမိသားစုထဲကိုဝင်မယ်လို့ပြောလိုက်တာနဲ့ ဟွမ်ဖူမိသားစုက စိတ်ဝိညာဉ်အရင်းအမြစ် ဂျင် (၁) သန်း ချက်ချင်းလွှဲပေးမှာတဲ့…”