အခန်း (၃၇၁)
Vol. 25 Ch. 371
ထိုလူငယ်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများအရဆိုလျှင် သေချာပေါက် ကောင်းကင်ဘုရင်တစ်၀က်အဆင့် ကျင့်ကြံသူဖြစ်ရမည်။ အင်ပါယာ တစ်၀က်အဆင့် စွမ်းအားဖြင့် ထိန်းချုပ်ထားမှုမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။
ကောင်းကင်ဘုရင်(၃)ယောက်လည်း ရှေးဟောင်း ကောင်းကင်ဘုရင်တို့၏ အော်သံများကြောင့် ထိတ်လန့်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်ကြသည်။
ထို့နောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် အလွန်အံ့အားသင့်သွားခဲ့ရ၏။
ရွှမ်ယီ၏ ပုံရိပ်က လျှပ်စီးတန်းတစ်ခုအလားပင်။
ဖိနှိပ်မှုမှ ရုန်းထွက်ခဲ့ပြီးနောက် တိမ်ပင်လယ်အား ရုတ်တရက် ဖြတ်သန်းသွားလေသည်။
ထို့နောက် မိန်းမဆန်သော အမျိုးသား၏ ခေါင်းထက်သို့ရောက်လျှင် ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန်း၌ အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာလေခဲ့၏။
“ လှည့်စားနေတယ်တဲ့လား.. ဟမ့်.. ခင်ဗျား ကျုပ်ဆီက ဓားချက်ကို ခံယူပြီးရင် အဲ့ဒီစကား ထပ်ပြောရဲဖို့ မျှော်လင့်ပါတယ်…”
မိန်းမဆန်သည့် အမျိုးသားလည်း ရွှမ်ယီ သူ၏ ထိန်းချုပ်ထားမှုအောက်မှ လွတ်မြောက်သွားမည်ဟု လုံး၀ မမျှော်လင့်ထားခဲ့ချေ။
သို့သော် သူတို့ကြား အဆင့်ကြီးတစ်ခုစာမျှ ခြားနားနေသည့်ဖြစ်ရာ အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိပေ။ ထိုအစား မျက်၀န်းထဲ၌ အေးစက်သော အလင်းတစ်ခု ဖြစ်ပေါ်လာ၏။
ဟမ့်…
ရွှမ်ယီ၏ လုပ်ရပ်ကြောင့် လူအုပ်ကြီးရှေ့တွင် သူ မျက်နှာပျက်ခဲ့ရသည်ဖြစ်ရာ ရွှမ်ယီအား ပထမဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
မိန်းမဆန်သည့် အမျိုးသား လက်တစ်ချက် ဝှေ့ယမ်းလိုက်လျှင် အဇူရာနဂါးမြို့တော်၏ တစ်၀က်လောက်ရှိသော နှင်းနဂါးကြီးတစ်ကောင်ဖြစ်ပေါ်လာပြီး ရွှမ်ယီထံသို့ ပြေး၀င်သွားလေသည်။
သို့သော် ရွှမ်ယီက ခြေတစ်လှမ်းခြင့် နှင်းနဂါးကြီး၏ ဦးခေါင်းထက်သို့ ရောက်သွားကာ တိုင်တောင်ကြီး ကျဆင်းလာသည့်အလား အရှိန်အဟုန်ဖြင့် နင်းချေလိုက်၏။
နှင်းနဂါးကြီး၏ စွမ်းအားနှင့် ခုခံနိုင်စွမ်းများက ကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေသည့်တိုင်အောင် ရွှမ်ယီ၏ ခြေထောက်အောက်၌ တစ်စစီ ကြွေမွသွားခဲ့သည်။
ထို့နောက် ပေါက်ကွဲပြီး စိတ်ဝိညာဉ်စွမ်းအား အမှုန်လေးများအဖြစ်သို့ ပြောင်းလဲသွား၏။
ထိုအချိန်တွင် ဟင်းလင်းပြင် ဓားနယ်မြေနှင့် မိစ္ဆာမီးတောက် နယ်မြေတို့ကလည်း တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့သည်။
(၁)..(၂)..(၃)…….(၂၃)…(၂၄)
စိတ်ဝိညာဉ်ဒြပ်စင် (၂၄)ခု ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်အားတောက်ပသွားစေကာ တိမ်မည်းများ ရှင်းလင်းသွားစေ၏။
ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများပင် မနေနိုင်ဘဲ ခေါင်းငုံ့ထားလိုက်ကြရသည်။
ရွှမ်ယီ၏ နောက်ကျော၌ တောက်ပနေသော စိတ်ဝိညာဉ်ဒြပ်စင်(၂၄)ခုအား မြင်လျှင် နှစ်ပေါင်းသောင်းနှင့်ချီ ကျင့်ကြံခဲ့ကြသည့် ကောင်းကင်ဘုရင်များပင် တည်ငြိမ်မနေနိုင်တော့ပေ။
နှလုံးသားအား လျှပ်စီးကြောင်းတစ်ခုဖြတ်သန်းသွားသည့်အလား တုန်ခါသွားခဲ့ကြသည်။
ကောင်းကင်ဘုရင်ချီ၏ နှုတ်ဖျားမှ
“ သူ ကောင်းကင်ဘုရင်အဆင့်ကိုမရောက်သေးဘဲ စိတ်ဝိညာဉ်ဒြပ်စင်(၂၄)ခု ဘယ်လိုဖွဲ့စည်းခဲ့တာလဲ…”
ဟု ရေရွတ်သံထွက်ပေါ်လာ၏။
ဤသတင်းသာ ပျံနှံ့သွားပါက တောင်ပိုင်းတိုက်ကြီးသာမက ကျန်တိုက်ကြီးများပါ တုန်လှုပ်သွားပေလိမ့်မည်။
လူသားဘုရင်အဆင့်၌ စိတ်ဝိညာဉ်ဒြပ်စင်(၂၄)ခု ဖွဲ့စည်းထားခဲ့သည်။
တချို့လူများ ကောင်းကင်ဘုရင်တစ်၀က်အဆင့်၌ ရှိနေခြင်းမှာ ဖွဲ့စည်းထားသည့် စိတ်ဝိညာဉ်ဒြပ်စင် မလုံလောက်သေးသောကြောင့်ဖြစ်၏။
သို့သော် ယခုတွင်မူ…..
ထိုသို့မဟုတ်တော့ချေ။
….
၎င်းအား ပြုလုပ်ရန်အတွက် အလွန်အဆင့်မြင့်သည့် ကျင့်စဉ်တစ်ခု လိုအပ်ရုံမျှမက ပါရမီအလွန်ကောင်းရန်လည်း လိုအပ်သည်။
ကောင်းကင်ဘုရင် မြူခိုး၏ မျက်၀န်းများထဲ၌ အလင်းတစ်ချက်လက်သွားသည်။ သူမက နဂါးကြီးအား အလွယ်တကူဖျက်စီးခဲ့သော အင်မော်တယ် ဓားသမားတစ်ဦးနှင့် ဆင်တူလှသော လူငယ်လေးအား ငေးကြည့်နေခဲ့၏။
စစ်ထူချင် သူမအား ဆရာအဖြစ် အသိအမှတ်မပြုလိုသည်မှာ မဆန်းတော့ချေ။ ထိုလျှို့ဝှက်ဆန်းကျယ်သည့် လူငယ်လေးက လူသားဘုရင်အဆင့်၌ပင် နှိုင်းဆမရလောက်အောက် အစွမ်းထက်နေပြီဖြစ်၏။
သူကျင့်ကြံနေသည့် ကျင့်စဉ်က အင်ပါယာအဆင့် ဖြစ်ရမည်။ ထို့အပြင် အင်ပါယာအဆင့်၌ပင် တော်တော်လေး အဆင့်မြင့်နိုင်၏။
သူမ ဖန်တီးထားသော ကျင့်စဉ်က ၎င်းနှင့်ယှဉ်လျှင် ဘာမှမဟုတ်တော့ချေ။
နောက်ဆုံးတွင် အင်ပါယာတစ်၀က်အဆင့်ထံမှ ဖိအားကို ရွှမ်ယီအလွယ်တကူရှောင်တိမ်းနိုင်ခဲ့ခြင်းအား နားလည်သွားတော့သည်။
၎င်းတို့အကြား ကျင့်ကြံမှုကွာဟချက် အလွန်ကြီးမားသော်လည်း စွမ်းအားများကမူ သိပ်ပြီး ကွာခြားမှုမရှိချေ။
ထိုအပြင် အရေးကြီးဆုံးအချက်မှာ ရွှမ်ယီက အလွန်အဆင့်မြင့်သော အင်ပါယာအဆင့် ကျင့်စဉ်အား ကျင့်ကြံထားပြီး သူ၏ စိတ်ဝိညာဉ်ဒြပ်စင်များအတွင်း အလွန်သန့်စင်ကာ သိပ်သည်းသည့် စွမ်းအားများပါ၀င်နေသည်။
၎င်းက မိန်းမဆန်သော အမျိုးသားထက် နိမ့်ကျခြင်းမရှိချေ။
တစ်ခုတည်းသော ခြားနားချက်မှာ စိတ်ဝိညာဉ်စွမ်းအင် ပမာဏဖြစ်၏။ သို့သော် အရည်အသွေးက အတူတူသာဖြစ်သည်။
ဤသို့ဖြစ်နေသည့်တိုင်အောင် ရွှမ်ယီ စိတ်ညစ်နေခဲ့သေး၏။
ကောင်းကင်ဒေသ၌ ချင်အင်ပါယာကိစ္စအား ရှင်းလင်းခဲ့ပြီးနောက် စနစ်မှရှိထားသည့် နတ်ဘုရားအရင်းအမြစ် လက်ကျန်များအား အသုံးပြုကာ ရွှမ်မိသားစု၌ တစ်လကြာ ကျင့်ကြံနေခဲ့သည်။
စိတ်ဝိညာဉ်ဒြပ်စင် (၂၄)ခု ဖွဲ့စည်းခဲ့ပြီးနောက် ရွှမ် ဘိုးဘေး(၁၁) ယူဆောင်လာသော ပြသနာရောက်ရှိလာခဲ့၏။
အကယ်၍ သူသာ ချင်အင်ပါယာပြသနာပြီးကတည်းက ရွှမ်မိသားစု၌ ခဏကျင့်ကြံပြီး ရှေးဟောင်းစစ်မြေပြင်သို့ တန်းသွားခဲ့လျှင် ယခုထက် များစွာပို၍ အစွမ်းထက်နေမည်ဖြစ်သည်။
သို့သော် စိတ်ဝိညာဉ်ဒြပ်စင်(၂၄)ခုက ထိုရှေးဟောင်းမဟာမိတ် အရှင်သခင်ဆိုသူအား ဖြေရှင်းရန် လုံလောက်၏။
“ စိတ်ဝိညာဉ်ဒြပ်စင် (၂၄)ခုလား… သေချာတယ်.. လျှို့ဝှက်ချက်တစ်ခုခု ရှိကိုရှိရမယ်…”
ရှေးဟောင်းမဟာမိတ် အရှင်သခင် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ ထို့နောက် ချက်ချင်း ပြန်လည် တည်ငြိမ်သွားပြီး ရေရွတ်လိုက်၏။
ရွှမ်ယီအားကြည့်နေသော မျက်၀န်းများထဲ၌ အလွန်စိတ်အားထက်သန်မှုနှင့် လောဘများ ပြည့်နှက်လာခဲ့သည်။
“ ဟားဟား.. မင်းကို မသတ်ရုံတင်မကဘူး.. မင်းမသေဖို့ပါ ဂရုစိုက်မှရတော့မယ်…”
“ ဟို (၃)ယောက်…”
ရွှမ်ယီ၏ စွမ်းအားကြောင့် မှင်သက်နေသော ကောင်းကင်ဘုရင်(၃)ယောက်တို့ ယခုမှ ပြန်လည်သတိ၀င်လာကြ၏။
“ အစီအရင်တစ်ခုချပြီး သေချာ ပိတ်ဆို့ထားစမ်း… ကျန်တဲ့လူတွေ ဘယ်သူလွတ်လွတ် ဂရုစိုက်မနေနဲ့… ဒါပေမယ့် ဒီကောင်လေး.. သူတော့ လုံး၀ လွတ်သွားလို့မရဘူး….”
ရှေးဟောင်းမဟာမိတ် အရှင်သခင်၏ နှုတ်ခမ်းထောင့်၌ ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ သူ့ကို အသက်ရှင်လျက်ဖမ်းပြီး သူ့ဆီက ကျင့်စဉ်ရအောင် ယူရမယ်… ပြီးမှ သတ်လည်း နောက်မကျသေးပါဘူး…”
စကားဆုံးသည်နှင့် ရှေးဟောင်းမဟာမိတ် အရှင်သခင်၏ ခန္ဓာကိုယ်က ချက်ချင်းတောက်ပလာပြီး နေရာမှ ပျောက်ကွယ်သွားလေသည်။
လျှပ်စီးကြောင်းတစ်ခုအလား ရွှမ်ယီရှေ့သို့ရောက်သွား၏။
ထို့နောက် ညာလက်အား ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
“ အရှုံးပေးစမ်း… ကောင်းကင်ကို အက်ကွဲစေမယ့် ဓမ္မတေးသံ…”
ရွှီ…
အလွန်ထူးဆန်းသည့် စူးရှသော အသံတစ်ခုထွက်ပေါ်လာသည်။
၎င်းက အဇူရာနဂါးတစ်မြို့လုံးသို့ ပျံ့နှံ့သွားပြီး ကြားလိုက်ရသူတိုင်း ၎င်းတို့ဝိညာဉ်အား လျှပ်စီးကြောင်းဖြင့် တို့လိုက်သကဲ့သို့ ခံစားလိုက်ရ၏။
ပါးစပ်အဟောင်းသားဖြင့် မှင်သက်သူက မှင်သက် ၊ ကြောင်စီစီဖြင့် လမ်းလျှောက်သူက လမ်းလျှောက် ဖြစ်သွားလေသည်။ ၎င်းတို့ စိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ တဒင်္ဂမျှ ကွဲကွာသွားခြင်းဖြစ်၏။
ဟွမ်ဖူ မိသားစုဘက်မှ ကောင်းကင်ဘုရင်(၃) ယောက်လည်း မိန်းမောသွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ဘုရင် ပိုင်ထန် အံကြိတ်ကာ ဟစ်အော်လိုက်၏။ ပြီးလျှင် ငွေနှင့် ကြေးရောစပ်ထားသည့် ခေါင်းလောင်းတစ်လုံးအား ထုတ်ယူလိုက်သည်။
ထို့နောက် ခေါင်းလောင်းသံက ပတ်၀န်းကျင်သို့ ဖြာထွက်သွားပြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုအား တွန်းလှန်လိုက်၏။ ကောင်းကင်ဘုရင် ပိုင်ထန် အပြည့်အ၀ သတိပြန်လည်လာပြီး သူ၏မိတ်ဆွေ နှစ်ယောက်အား မိန်းမောနေရာမှ လှုပ်နှိုးလိုက်သည်။
သို့သော် ရွှမ်ယီကမူ ကောင်းကင်အက်ကွဲခြင်း ဓမ္မတေးအောက်၌ နစ်မြုပ်နေသည့်အလား ငြိမ်သက်နေခဲ့၏။
“ ဒုက်ခပဲ…”
ကောင်းကင်ဘုရင်ချီ၏ အမူအရာ အပြင်းအထန်ပြောင်းလဲသွားလေသည်။