အခန်း (၃၇၄)
Vol. 25 Ch. 374
ဓားရည်ရွယ်ချက် အဆင့်(၅)ကို နားလည်ထားသော ဓားကျင့်ကြံသူ…
ထို့အပြင် ကောင်းကင်ဘုရင်အဆင့်သို့မရောက်မီ စိတ်ဝိညာဉ်ဒြပ်စင်(၂၄)ခု ဖွဲ့စည်းထားသေး၏။
သို့သော် ထို(၂)ချက်လုံးက ခရမ်းမျက်လုံး အဘိုးအိုအား အလွန်ထိတ်လန့်သွားစေရန် မလုံလောက်သေးပေ။
ထိုအချက်များက ရွှမ်ယီ၏ ကြောက်မက်ဖွယ်အလားအလာကို ဖော်ပြနေသော်လည်း ရှေးဟောင်းမဟာမိတ်က ဂုဏ်သိက္ခာကြီးမားနေဆဲပင်။
သူတို့အနေဖြင့် အနာဂါတ်အလားအလာများကို သိပ်ပြီးစဉ်းစားနေစရာမလိုချေ။ လက်ရှိအချိန်၌ ရှေးဟောင်းမဟာမိတ်က တောင်ပိုင်းတိုက်ကြီး၏ ထိပ်ဆုံး၌ရပ်တည်နေပြီး ဒေသအားလုံးကို အပေါ်စီးမှ ကြည့်ရှုရန် လုံလောက်နေချေပြီ။
ထို့အပြင် အင်ပါယာအဆင့်နှင့် ကောင်းကင်ဘုရင်တစ်၀က် အဆင့်တို့ကြားမှ ကွာဟချက်မှာ အလွန်ကြီးမားလှ၏။
၎င်းအား ကောင်းကင်ကို့ဆန့်ကျင်နေသည့် ကျင့်စဉ်ဖြစ်စေ ၊ အဆင့်(၅) ဓားရည်ရွယ်ချက်ဖြစ်စေ ဖြတ်ကျော်ရန် မလုံလောက်သေးချေ။
ယခုတွင် ထိုနှစ်ခုလုံးက လူတစ်ယောက်တည်းထံ၌ ရှိနေခြင်းဖြစ်၏။
ထိုအချိန်တွင် ဒူးထောက်နေသော ကောင်းကင်ဘုရင် နောက်၌ ဓားအလင်းတစ်ခု လက်ခနဲ ထွက်ပေါ်လာသည်။
ခရမ်းမျက်လုံး အဘိုးကြီး လက်မြှောက်ကာ တားဆီးရန် ကြိုးစားခဲ့သော်လည်း မမှီခဲ့ချေ။
ဖြစ်စဉ်က မျက်တောင်တစ်ခတ်မျှပင် မကြာခဲ့ပေ။
ဓားတစ်ချောင်းက ကောင်းကင်ဘုရင်၏ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး ဆွဲလှည့်လိုက်လျှင် ချက်ချင်း သွေးမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ ရွှမ်ယီ… မင်းပဲကိုး…”
“ မူလဒေသမှာတုန်းက ကျုပ်ပြောခဲ့ပါတယ်… ခင်ဗျားတို့ သင်္ချိုင်းထဲက ထွက်လာတဲ့ အရိုးအိုကြီးတွေကို ကျုပ်သတ်မယ်ဆိုပြီး… အဲ့သတင်းကို ခင်ဗျားတို့ ကြားပြီး ဖြစ်လောက်မှာပါ….”
ရွှမ်ယီ လှောင်ရယ်လိုက်၏။
ဖန်ဂျီဓားက သက်တံ့ကဲ့သို့ အလင်းများတောက်ပလာပြီး သမုဒ္ဓရာတစ်စင်းအလား သတ်ဖြတ်ငွေ့များက ပတ်၀န်းကျင်သို့ ပြန့်နှံ့သွားခဲ့သည်။
သူ့ရှေ့တွင်မူ သွေးစီးကြောင်းတစ်ခုရှိနေပြီး ဓားထိပ်မှ သွေးများ တစ်စက်စက်စီးကျနေ၏။
ယခုသူနားလည်ထားသော အဆင့်(၅)ဓားရည်ရွယ်ချက်က စနစ်ထံမှ ရရှိခဲ့ခြင်းမဟုတ်ပေ။ ရှေးဟောင်းဘုရင်များနှင့် တိုက်ခိုက်ရင်း သူကိုယ်တိုင်း နားလည်သွားခဲ့ခြင်းဖြစ်သည်။
ဓားရည်ရွယ်ချက်စွမ်းအားက ကမ္ဘာကြီးနှင့် တစ်သားတည်းဖြစ်နေချေပြီ။
ရွှမ်ယီ စိတ်ကြိုက်လှုပ်ရှားလျှင် ဓားတာအို၌ သူ့ထက် ကျော်လွန်နေသူမဟုတ်ပါက ဓားချက်များကို မြင်နိုင်မည်မဟုတ်ပေ။
“ ခွေးကောင်.. မင်း အရမ်းလွန်နေပြီ.. အဆင့်(၅)ဓားရည်ရွယ်ချက်ကို နားလည်ထားတာနဲ့ ပြိုင်ဘက်ကင်းပြီထင်နေတာလား…”
ခရမ်းမျက်လုံး အဘိုးအို ဒေါသများ ပေါက်ကွဲလာခဲ့သည်။ လေဟာနယ်အတွင်းမှ အလွန်ကြီးမားသည့် စပ်ပုဆိန်ကြီးတစ်ခုထွက်ပေါ်လာပြီး သူ့လက်တွင်း ရောက်သွား၏။
ထို့နောက် ၎င်းအား တင်းကြပ်စွာ ဆုပ်ကိုင်ပြီး ရွှမ်ယီရှိရာသို့ လခြမ်းကွေးပမာ အားကုန် ခုတ်ချလိုက်သည်။
“ အိုး.. အင်ပါယာတစ်၀က်အဆင့်…! ခင်ဗျားရဲ့ နည်းလမ်းတွေက တော်တော်လေး ထူးခြားတာပဲ…”
ရွှမ်ယီက သူထံသို့ လှိုင်းလုံးကြီးပမာ ရောက်လာသည့် တိုက်ခိုက်မှုအားကြည့်ရင်း ပြောလိုက်သည်။
ထို တိုက်ခိုက်မှုအတွင်း၌ တာအိုရုန်းစွမ်းအား တစ်စွန်းတစ်စ ပါ၀င်နေကြောင်း သူတွေ့ခဲ့ရ၏။ ၎င်းစွမ်းအားက ကမ္ဘာတုန်စေမတတ်ပင်။
ဤ အဘိုးအိုလည်း သူ ယခင်သတ်ခဲ့သည့် အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူနည်းတူ ရှေးဟောင်းစစ်မြေပြင်မှ အမွေဆက်ခံထားဟန်ရ၏။
“ ခင်ဗျားတို့အားလုံးကို ရှင်းပြီးတာနဲ့.. ရှေးဟောင်းစစ်မြေပြင်ကို တစ်ခေါက်ပြန်သွားကြည့်ရတော့မယ်…”
“ စောက်ရူး… ငါတို့ ရှေးဟောင်းမဟာမိတ်ရဲ့ စွမ်းအားကို မင်းနားမလည်သေးပါဘူး… မကြာခင် ရှေး အင်ပါယာ ထွက်ပေါ်လာတော့မယ်… အဲ့ခါ မင်းလိုမျိုး ရှေးဟောင်းမဟာမိတ်ကို စော်ကားသူတိုင်း မြှုပ်စရာ မြေမရှိဘဲ သေရလိမ့်မယ်… ပြီးတော့ မင်းတို့ အင်အားစုတွေအားလုံးလည်း ဖျက်ဆီးခံရလိမ့်မယ်….”
ခရမ်းမျက်လုံး အဘိုးအိုက အားရပါးရ ရယ်မောလိုက်ပြီး စပ်ပုဆိန်ဖြင့် ရွှမ်ယီကို ဆင့်ကာဆင့်ကာ တိုက်ခိုက်လိုက်သည်။
ရွှမ်ယီက မုန်တိုင်းကြား၌ တိုင်တောင်ကြီးအလား တည်ငြိမ်စွာနှင့် ထိုတိုက်ခိုက်မှုများအား ဖန်ဂျီဓားဖြင့် ချေဖျက်ရင်း လှောင်ရယ်လိုက်၏။
“ ရှေး အင်ပါယာက ခင်ဗျားတို့ အားကိုးရာလား… ကြည့်ရတာ ဂုဏ်သိက္ခာကြီးမားလှပါတယ်ဆိုတဲ့ ရှေးဟောင်းမဟာမိတ်ကြီးက သူများစွမ်းအားအပေါ်မှာ မှီခိုနေတာပဲ…”
ထို ခရမ်းမျက်လုံး အဘိုးအိုက မူလဒေသမှ လူကဲ့သို့မဟုတ်ချေ။ အမှန်တကယ် အစွမ်းထက်လှသည်။
ထို့ကြောင့် ရှေးဟောင်းမဟာမိတ် ဌာနချုပ်အား ကာကွယ်ရန် တာ၀န်ပေးခံထားရခြင်းဖြစ်မည်။
ခရမ်းမျက်လုံး အဘိုးအိုနှင့် ရွှမ်ယီတို့ ပုံရိပ်များက လျှပ်စီးကြောင်း နှစ်ခုအလား လှုပ်ရှားနေကြ၏။ မျက်စိ တစ်မှိတ်အတွင်း အကြိမ်ရေ (၁၀၀)ကျော် ထိပ်တိုင်ရင်ဆိုင်ခဲ့ကြသည်။
“ မင်းက ရှေးဟောင်း မဟာမိတ်ခေါင်းစွမ်းရဲ့ စွမ်းအားကို နားမလည်သေးဘူးကိုး… သူ အင်ပါယာအဆင့် စွမ်းအားနဲ့ ထွက်ပေါ်လာတာနဲ့ တောင်ပိုင်းတိုက်ကြီးမှာ အစွမ်းထက်ဆုံး အင်ပါယာ ဖြစ်လာမှာဖြစ်ပြီး ဘယ်သူ့ကိုမှ ရှုံးမှာမဟုတ်ဘူး….”
ခရမ်းမျက်လုံး အဘိုးအို၏ လေသံက အေးစက်နေသော်လည်း ၎င်းက ရင်ထဲမှ စိုးရိမ်မှုနှင့် စိတ်ပျက်အားငယ်မှုများအတွက် ကာဗာတစ်ခုသာဖြစ်၏။
“ မင်းရဲ့ ပါရမီက အရမ်းထူးခြားတယ်… အကယ်၍ မဟာမိတ် ခေါင်းဆောင်ဆီက လမ်းညွှန်မှုကို ရတာနဲ့ အခုထက် အများကြီးပိုပြီး အစွမ်းထက်လာမှာ အသေအချာဘဲ…”
“ အခု တိုက်ခိုက်မှုကို ရပ်ပြီး ငါတို့ ရှေးဟောင်းမဟာမိတ်ကို ၀င်လိုက်ပါ… မင်းကို အနာဂါတ် ရှေးဟောင်းမဟာမိတ်ခေါင်းဆောင်အဖြစ် ပျိုးထောင်ပေးပြီး တောင်ပိုင်းတိုက်ကြီးကို အုပ်စိုးစေလိမ့်မယ်….”
“ တောင်ပိုင်းတိုက်ကြီးကို အုပ်စိုးဖို့လား…”
ရွှမ်ယီ မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
“ ခင်ဗျားတို့ ကမ်းလှမ်းမှုက အဲ့တာပဲလား… တကယ့် ဟာသပဲ…”
သူ့အနေဖြင့် တောင်ပိုင်းတိုက်ကြီးနှင့်ပတ်သက်ပြီး များစွာ စွဲလမ်းမှုမရှိချေ။
သူ့ စိတ်ထဲတွင် စနစ်မှ အဓိကတာ၀န်ဖြစ်သော ပါရမီအမှတ်(၅၀၀)ကျော်သော တပည့်အား ရှာဖွေရန်သာ အာရုံစိုက်ထားသည်။ တောင်ပိုင်းတိုက်ကြီး၌ လုံး၀ ရှာမတွေ့ပါက ပို၍ အဆင့်မြင့်သော ကျန်တိုက်ကြီးများသို့ ခြေဆန့်ရင် စဉ်းစားထား၏။
ရှေးဟောင်းမဟာမိတ်အဖွဲ့၏ ကမ်းလှမ်းမှုက သူ့အား အနည်းငယ်မျှ ဆွဲဆောင်နိုင်စွမ်းမရှိချေ။
ဝုန်း…
ရွှမ်ယီအား ဗဟိုပြုပြီး ဟင်လင်းပြင်ဓားနယ်မြေနှင့် မိစ္ဆာမီးတောက်နယ်မြေတို့က ပတ်၀န်းကျင်သို့ ပြန့်ကားထွက်ပေါ်လာ၏။
နောက်ကျောဘက်တွင် စိတ်ဝိညာဉ်ဒြပ်စင် (၂၄)ခုကလည်း ကြယ်များအလား တစ်ဖျတ်ဖျတ် တောက်ပေနေလေသည်။
နယ်မြေစွမ်းအားနှစ်ခုနှင့် စိတ်ဝိညာဉ်ဒြပ်စင် (၂၄)ခု စွမ်းအား အလုံးစုံ ဖန်ဂျီဓားအတွင်းသို့ စီး၀င်သွား၏။
ဓားအသွား၌မူ ဓားရည်ရွယ်ချက် အဆင့်(၅)ကို အစွမ်းကုန် စုစည်းထားလေသည်။
ထို့နောက် ဖန်ဂျီဓားက ခရမ်းမျက်လုံး အဘိုးအို၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုအား ချိူးဖျက်၀င်ရောက်သွား၏။
“ နေပါဦး.. ငါတို့ ဆွေးနွေးလို့ရပါသေးတယ်… တစ်ဖက်သေမှ ရမဲ့ အနေအထားမဟုတ်သေးပါဘူးကွာ…”
ခရမ်းမျက်လုံး အဘိုးအို အလွန်ထိတ်လန့်သွားပြီး ညှိနှိုင်းစကားဆိုလိုက်သော်လည်း ရွှမ်ယီက အခွင့်အရေးမပေးတော့ချေ။
ရွှပ်…
ဖန်ဂျီဓားက ခရမ်းမျက်လုံး အဘိုးအို၏ လည်ပင်းအား ပိုင်းဖြတ်သွားပြီး အောက်ပိုင်း ခန္ဓာကိုယ်အား ပြာအဖြစ် ပြောင်းလဲလိုက်သည်။
အနည်းငယ်ကြာပြီးနောက် အလင်းဒေသအား ရွှမ်ယီ ကျောခိုင်းထွက်ခွာသွားတော့၏။
သူ၏ နောက်ကျေဘက်တွင်မူ အလွန်ခမ်းနားသည့် နန်းတော်ကြီးက မီးဟုန်းဟုန်း တောက်ကျန်ခဲ့လေသည်။
ရှေးဟောင်းမဟာမိတ်အဖွဲ့ ဌာနချုပ် သိမ်းပိုက်ခံလိုက်ရပြီး ထိုနေရာမှ ရှေးဟောင်းဘုရင်များအားလုံး အသတ်ခံခဲ့ရသည်။
ရွှမ်ယီ အလင်းဒေသသို့ မသွားမီကပင် ကျန်ဒေသများမှ ရှေးဟောင်းဘုရင်များ သတင်းရခဲ့ကြ၏။ သို့သော် သူတို့ရောက်သွားချိန်တွင်မူ အပျက်အစီးအကြွင်းအကျန်များကိုသာ တွေ့လိုက်ရသည်။
ရှေးဟောင်းမဟာမိတ်အဖွဲ့မှ ကောင်းကင်ဘုရင် (၁၂)ယောက် ၊ လူသားဘုရင် (၃၀)ကျော်တို့၏ ဦးခေါင်းများအား တောင်ငယ်လေးတစ်လုံးအလား စုပုံထားခဲ့သည်။ ထိုဦးခေါင်းတောင်ငယ်လေး ထိပ်တွင်မူ ရှေးဟောင်းမဟာမိတ်မှ မြင့်မြတ် အရှင်သခင်(၃)ဦးအနက် အစွမ်းထက်ဆုံးဖြစ်သော ခရမ်းမျက်လုံး အဘိုးအို၏ ဦးခေါင်းပြတ် ရှိနေ၏။
ရက်အနည်းငယ်အတွင်း သတင်းက တောင်ပိုင်းတိုက်ကြီး တစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး တစ်ဖန် တုန်လှုပ်သွားကြပြန်သည်။
ရွှမ်ယီက မူလဒေသ၌ ရှေးဟောင်းမဟာမိတ်အဖွဲ့မှ လူများအား သတ်ဖြတ်မည်ဟု ကြိမ်းဝါးခဲ့၏။
ထိုအကြောင်းအား လူတော်တော်များများ ကြားသိပြီးဖြစ်ကြသော်လည်း ဒေါသထွက်နေတုန်းပြောခဲ့သော စကားအဖြစ်သာ သတ်မှတ်ခဲ့ကြပြီး သိပ်အလေးအနက်မထားခဲ့ကြချေ။
သို့သော် ရွှမ်ယီက သူ၏ စကားများအား ရက်အနည်းငယ်အတွင်း အကောင်အထည်ဖော်လိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။
ရှေးဟောင်းမဟာမိတ် ဌာနချုပ်နှင့် ဌာနခွဲများစွာကို ရှင်းလင်းခဲ့ပြီး ရှေးဟောင်းကျင့်ကြံသူ (၁၀၀)ကျော်အား သတ်ဖြတ်ခဲ့၏။
ကောင်းကင်ဘုရင်တစ်၀က် အဆင့်ကျင့်ကြံသူ၏ ဓားအောက်၌ အင်ပါယာတစ်၀က်အဆင့်အပါအဝင် ကောင်းကင်ဘုရင်များစွာ အသတ်ခံခဲ့ရသည့် သတင်းက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ အပြင်းအထန် ရိုက်ခတ်သွားခဲ့သည်။