စီကာလီအစစ်
Vol. 36 Ch. 526
စီကာလီ၏ မျက်နှာအမူအရာ အလျင်အမြန် ပြောင်းလဲသွားပြီး နောက်ဆုံး၌ ပုံမှန်ပြန်ဖြစ်သွားသည်။ ယခုတွင် တစ်ဖက်လူက အကြီးမားဆုံး လျို့ဝှက်ချက်ကို သိနေပြီ ဖြစ်သည့်အတွက် အမှန်အတိုင်းပြောခြင်းက အကောင်းဆုံး ရွေးချယ်စရာ ဖြစ်ပေလိမ့်မည်။ “ဟဲရာဘီးကို ခင်ဗျား ဖျက်ဆီးလိုက်မယ်ဆိုရင် စုဆောင်းထားတဲ့ ယုံကြည်မှုစွမ်းအား အကုန် ကွယ်ပျောက်သွားမယ်။ တကယ့်ခန္ဓာကိုယ်နဲ့ ကိုယ်ပွားတွေလည်း တစ်ချိန်တည်းမှာ ဒဏ်ရာအပြင်းအထန် ရသွားကြမယ်။ ဒါပေမဲ့ သေမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားက တကယ့်ခန္ဓာကိုယ်ကို တစ်ခါတည်း သတ်လိုက်မယ်ဆိုရင်တော့ ကျုပ်တို့ ကိုယ်ပွားတွေလည်း အတူတူ သေသွားမယ်။ ကိုယ်ပွားက တကယ့်ခန္ဓာကိုယ်ရဲ့ ဝိညာဉ်ကို ဝါးမျိုပြီးတော့ တကယ့်ခန္ဓာကိုယ် မဖြစ်လာရင်ပေါ့။”
ဟဲရာဘီးသည် ရှေးဟောင်းအဆောင်ပစ္စည်းတစ်ခု ဖြစ်ပြီး ထယ်တင်းနစ် သိထားသည်က အကန့်အသတ် ရှိသည်။ ယခုတွင် စီကာလီ ရှင်းပြသည်ကို နားထောင်ပြီးနောက် ထိုအကြောင်းကို သိသွားခဲ့လေသည်။
“ကိုယ်ပွားက တကယ့်ခန္ဓာကိုယ်ရဲ့ ဝိညာဉ်ကို ဝါးမျိုနိုင်တာလား။”
“သူက ခုခံနိုင်တဲ့စွမ်းရည် မရှိတော့ရင်ပေါ့။” စီကာလီက ခါးသက်သက်နှင့် ပြုံးသည်။ “သူ့စွမ်းအားက ကျုပ်တို့ အားလုံးထက် သာတယ်။ သူမှာ အင်အားကြီးပြီးတော့ အကြောက်တရားကင်းမဲ့တဲ့ စစ်သည်တစ်ဖွဲ့နဲ့ ဟဲရာဘီး ရှိနေတယ်။ ကျုပ်တို့မှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုအခွင့်အရေးမျိုး ရှိမှာလဲ။”
ချန်လွေ့၏ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း စီကာလီအပ်သော အလုပ်ကို သဘောပေါက်သွားသည်။ အဲဒီလူရဲ့ ပြင်းထန်တဲ့ ရည်မှန်းချက်က လွတ်လပ်မှုရဖို့နဲ့ သူ့အသက်ကို ကယ်နိုင်ဖို့အပြင် ဟဲရာဘီးကိုလည်း ရယူပြီးတော့ ဒုတိယ စီကာလီ ဖြစ်ချင်နေတာပဲ။
ချန်လွေ့ အမြန်စဉ်းစားပြီး မေးသည်။ “ဒါဆို ကျုပ်ကိုပြော။ ခင်ဗျား ဘာကို လိုချင်တာလဲ။”
“အသက်ရှင်ဖို့။ ပြီးတော့ ဒီနယ်မြေကို သီးသန့်အုပ်ချုပ်ဖို့။” စီကာလီလည်း စိတ်ထဲ၌ ခပ်မြန်မြန် တွေးနေခဲ့သည်။ “ပိုပြီးတော့ ရနိုင်ရင်တော့ ကျုပ် သေချာပေါက် ငြင်းမှာ မဟုတ်ဘူး။”
ချန်လွေ့ အသာလေး ခေါင်းညိတ်သည်။ ဒီလူလည်း ရည်မှန်းချက် ကြီးမားတယ်။ ဒါပေမဲ့ သူက ပိုပြီးတော့ သတိထားတယ်။ အခုအခြေအနေမှာတောင် သူက နောက်ဆုံး စံနှုန်းကို အမှန်အတိုင်းပြောဖို့ ဝန်မလေးဘူး။
“ခင်ဗျားက ဟိုတစ်ယောက်ထက် ပိုပြီးတော့ ရိုးသားတယ်။” ချန်လွေ့၏ လေသံက ပို၍ပင် သတိရှိသွားသည်။ “ဒါဆို ကျုပ် ခင်ဗျားကို ကူညီနိုင်တယ်။ ကျုပ်တို့က ငှက်တောင်ဖြူနယ်မြေကို ထိန်းချုပ်နိုင်တဲ့ လော့ဒ်တစ်ယောက် လိုနေတာ။ သာမန် အခြေအနေတွေမှာ ခင်ဗျားတို့ရဲ့ကိစ္စတွေကို ကျုပ်တို့ ဝင်မရှုပ်ဘူး။ ဒါပေမဲ့ လိုအပ်လာရင်တော့ ခင်ဗျားက ကျုပ်ရဲ့အမိန့်ကို နာခံပြီးတော့ ခင်ဗျားရဲ့ အကြီးမားဆုံး အင်အားနဲ့ အကျိုးပြုပေးရမယ်။ အဲဒါကြောင့် ဒီလော့ဒ်က ကျုပ်တို့ကို ၁၀၀% သစ္စာရှိရမယ်။ သဘောပေါက်လား။”
စီကာလီ၏မျက်လုံးများ အရောင်လက်သွား၏။ ၁၀၀% သစ္စာရှိဖို့ ဟုတ်လား။ လုံးဝ အညံ့ခံတာလား။ ငါ သွေးမြေကျကို နယ်မြေရဲ့ အရင်းအမြစ်တွေအကုန် ထောက်ပံ့ ပေးနိုင်တယ်။ တပ်သားတွေတောင် ထောက်ပံ့ပေးနိုင်တယ်။ ဒါပေမဲ့ ငါ့ရဲ့ ကံကြမ္မာကို တခြားသူဆီ လုံးဝလွဲပေးဖို့ သူ လိုချင်တယ်ဆိုတာက ငါထင်ထားတာထက်ကို အနည်းငယ် ကျော်လွန်နေတယ်။
စီကာလီ တုံ့ဆိုင်းနေသည်ကို ကြည့်ရင်း ချန်လွေ့က အသာလေး ထပ်ပြောသည်။ “နတ်ဆိုးဘုံမှာ စကားတစ်ခွန်းရှိတယ်။ မစိုက်ပျိုးဘဲနဲ့ မရိတ်သိမ်းရဘူး တဲ့။ ရရှိတာနဲ့ ပေးဆပ်ရတာက တစ်ခါတစ်လေ တူညီတတ်တယ်။ အခုလက်ရှိအခြေအနေမှာ ကျုပ်က ခင်ဗျားထက်ပိုပြီးတော့ ရွေးချယ်စရာတွေ ရှိတယ်ဆိုတာ မမေ့နဲ့ဦး။”
စီကာလီ တုန်လှုပ်သွား၏။ နောက်ဆုံးစကားမှာ အဓိက အချက်ပင် ဖြစ်သည်။ တကယ်လို့ အခုငါ ငြင်းလိုက်ရင် တစ်ဖက်လူက တကယ့်ခန္ဓာကိုယ်ကို ဖြေရှင်းပြီးတာနဲ့ သူ့ကို ထောက်ခံတဲ့ တခြားသူကို အမြင့်ရောက်အောင် ထောက်ခံလို့ရတယ်။ အဲဒါက ကိုယ်ကျင့်တရားမရှိတဲ့ ကိုယ်ပွားဖြစ်နိုင်သလို တခြားသူစိမ်းတစ်ယောက်လည်း ဖြစ်နိုင်တယ်။ တကယ့်ခန္ဓာကိုယ်တောင် ဖြစ်နိုင်တယ်။ ဘယ်သူပဲဖြစ်ဖြစ် အဲဒီအချိန်ကျရင် ငါ့မှာ သေချာပေါက် အသက်ရှင်နိုင်ဖို့ နည်းလမ်းမရှိဘူး။
ငါ့အပြင် “ဖာကို”က တခြားသူတွေကို ရွေးချယ်လို့ ရတယ်။ ပြီးတော့ သူ့မှာက ရွေးစရာတွေ အများကြီး ရှိတယ်.......။ စီကာလီ တိတ်ဆိတ်နေ၏။
ချန်လွေ့က သူ့ကို ဆက်လက် ဖိအားမပေးတော့ပေ။
သူက ဆိုဖာပေါ်၌ အေးအေး မှီနေရင်း လက်ထဲမှ သိုလှောင်လက်စွပ်ကိုသာ တည်တည်ငြိမ်ငြိမ်နှင့် ကစားနေခဲ့သည်။ အမှန်တကယ်၌ ၎င်းက မမြင်နိုင်သော ဖိအားတစ်ခု ဖြစ်သည်။ သူက အမှောင်လစစ်ပွဲအကြောင်းကို အလွန်စိုးရိမ်နေသော်လည်း ယခုအခြေအနေ၌ စိုးရိမ်နေသူမှာ စီကာလီ ဖြစ်သည်။ “ဖာကို” မဟုတ်ပေ။
“ကျုပ်က အခု ဟဲရာဘီးကြောင့် ကန့်သတ်ခံရထားတယ်။ ကျွန်-သခင် စာချုပ် ချုပ်လို့မရဘူး။ တကယ်လို့ ခင်ဗျားက တကယ့်ခန္ဓာကိုယ်ကို ဖမ်းလာပြီးတော့ သူ့ဝိညာဉ်ကို ဝါးမျိုခွင့် ပေးမယ်ဆိုရင် ကျုပ် အညံ့ခံပါ့မယ်။” စီကာလီက ခဏတာ တုံ့ဆိုင်းသွားသည်။ “ဟဲရာဘီးအတွက်ကတော့ ကျုပ်ရဲ့ နောက်ဆုံးစံနှုန်းက အဲဒါကို ဖျက်ဆီးပစ်ဖို့ပဲ။”
“ခင်ဗျားက တကယ့်ကို ပါးနပ်ပြီးတော့ တင်းတိမ်ကျေနပ်တဲ့သူပဲ။ အနည်းဆုံးတော့ ကျုပ်ရဲ့အမြင်မှာ ခင်ဗျားက အခု ပါလန်ဒိုနဲ့ အနိုင်ကျင့်တဲ့ ကစားပွဲတွေ ကစားနေတဲ့သူထက် ပိုပြီးတော့ ရိုးသားတယ်။” ချန်လွေ့က တစ်ဖက်လူက ဉာဏ်များပြီး ပြောင်းလဲ၍ ရနိုင်ကြောင်း သိသည့်အတွက် စကားအနည်းငယ်ဖြင့် ဦးညွှတ်ရန် မဖြစ်နိုင်ပေ။ သူက အချက်အလက်များနှင့် စကားပြောရပေမည်။ မျှော်လင့်ချက်အကုန် မပျောက်ကွယ်သွားခင် အရှုံးပေးရန် ငြင်းဆိုခြင်း ဟူသော စကားအတိုင်းပင် ဖြစ်သည်။ စီကာလီ၏ တကယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည်နှင့် အရာအားလုံးကို ကိုင်တွယ်ရန် လွယ်ကူသွားလေပြီ။ သူပြောသည့်အတိုင်းတွင် သူရွေးချယ်နိုင်သောအရာ တစ်ခုထက် ပိုရှိလေသည်။
“ပါလန်ဒို” နှင့် “အနိုင်ကျင့်သောကစားပွဲ”အကြောင်း ကြားသည့်အခါ စီကာလီက စိတ်ထဲ၌ ကြောက်ရွံ့သွားသည်။ သူက လျို့ဝှက်ချက်အားလုံးကို တစ်ဖက်လူ ဖောက်မြင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဒီအခန်းထဲကို ဝင်ပြီးကတည်းက နေရာတိုင်းမှာ ဖိနှိပ်ခံရသလို ငါ ခံစားနေခဲ့ရတယ်။ ငါ့အရှေ့မှာရှိတဲ့ ဖာကိုက စွမ်းအားရော စိတ်ဓာတ်ပိုင်းမှာပါ ငါထင်ထားတာထက် အများကြီး ပိုသာတယ်။ ကြည့်ရတာ ငါ့ရဲ့ အကြီးမားဆုံး ဆန္ဒကို ရနိုင်ဖို့ မဖြစ်နိုင်တော့တဲ့ပုံပဲ။
“ကောင်းပြီ။ အခု တကယ့်စီကာလီအကြောင်း သိတာအကုန် ကျုပ်ကို ပြောပြ....”
သုံးရက်ကြာပြီးနောက် ချန်လွေ့၏ပုံရိပ်က ငှက်တောင်ဖြူနယ်မြေ အရှေ့ဘက်ရှိ မက်စီမို မြို့ဟောင်း၌ ပေါ်ထွက်လာသည်။
မက်စီမိုမြို့သည် အလွန်ကြွယ်ဝသော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့သည်။ လွန်ခဲ့သော ၅နှစ်က ကြောက်စရာ မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် သူခိုးဓားပြတစ်ဖွဲ့ ပေါ်ထွက်လာသည်။ အင်အားကြီးသော နတ်ဆိုးသားရဲများကို စီးနင်းကာ သူတို့က လျင်မြန်စွာဖြင့် ဝင်ထွက်သွားလာခဲ့ကြသည်။ သူတို့သည် မကြာခဏ မစ်စီမိုမြို့ထဲ၌ လုယက်ကာ အစုလိုက်အပြုံလိုက် သတ်ပစ်ပြီး မြို့သူ/သားများကို ဒဏ်ရာများနှင့် သေစေမှုများ ဖြစ်စေခဲ့သည်။ ခံစားရမှုများမှာ ပြော၍မရအောင် ဆိုးရွားလှသည်။ ထိုသတင်းကို လော့ဒ်-စီကာလီ ကြားသောအခါ ဒေါသထွက်သွားပြီး စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ကာ သူခိုးဓားပြ ၃၀၀၀လုံးကို သတ်ပစ်ခဲ့သည်။
သို့သော်လည်း သူခိုးဓားပြများက မစ်စီမို လူနေပတ်ဝန်းကျင်ကို အပြင်းအထန် ထိခိုက်သွားအောင် ပြုလုပ်ခဲ့သည့်အတွက် အခြေအနေမှာ ယခင်လောက် မကောင်းတော့ပေ။ စီကာလီက မက်စီမိုမြို့ အနောက်ဘက်၌ မြို့သစ်တစ်မြို့ တည်ဆောက်ရန် စီမံခဲ့ပြီး ပြည်သူများကို မြို့သစ်သို့ ရွှေ့ပြောင်းစေကာ တည်ငြိမ်သော ဘဝတစ်ခု ပြန်စစေခဲ့သည်။ ထိုမြို့ကို မစ်စီမိုမြို့သစ်ဟု ခေါ်ပြီး စွန့်ပစ်ခံနေရာကို မက်စီမို မြို့ဟောင်းဟု ခေါ်တွင်လေသည်။
နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်သော စီကာလီ ပြောသည့်အတိုင်းဆိုလျှင် ထိုနှစ်က မက်စီမိုမြို့ သူခိုးဓားပြ အဖြစ်ဆိုးကို စီကာလီ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ မြို့ထဲရှိ မုဆိုးများက အနီးအနားရှိ ကျတ်တီးတောင်တန်းထဲတွင် ကံကောင်းပြီး လျို့ဝှက်ချက်တစ်ခု ရှာတွေ့ခဲ့၍ ဖြစ်သည်။ သူတို့ကို သတ်ပစ်ရန် စီကာလီက အစောင့်များအား သူခိုးဓားပြများအဖြစ် ဟန်ဆောင်ခိုင်းပြီး လျို့ဝှက်ချက် ပေါက်ကြားစေနိုင်သည့် မုဆိုးများအားလုံးနှင့် သက်ဆိုင်ရာမိသားစု၊ မိတ်ဆွေများ အားလုံးကို သတ်ပစ်ခဲ့သည်။ ထို့ပြင် သူက မြို့အနှံ့ လူလွှတ်ပြီး လျို့ဝှက်ချက် မပေါက်ကြားသည်ကို အတည်ပြုနိုင်သည်အထိ လိုက်မေးခိုင်းခဲ့သည်။
ခေါင်းဖြတ်ခံရသူများမှာလည်း အပြစ်မဲ့သူများ ဖြစ်ကြသည်။ တကယ့် “သူခိုးဓားပြများ” နှင့် လုံးလုံး မသက်ဆိုင်ပေ။ နောက်ဆုံးတွင် စီကာလီ၏ ဂုဏ်သတင်းကြောင့် သူခိုးဓားပြများ၏ မျက်နှာဖုံးများကို ခေါင်းများအရှေ့၌ ချထားလိုက်ရာ ပြည်သူများက သံသယ မရှိကြတော့ပေ။
မက်စီမိုမြို့ ပြဿနာများကို ဖြေရှင်းပြီးနောက် စီကာလီက “ရုံးခန်းနေရာ”ကို ငှက်တောင်ဖြူမြို့မှ မက်စီမိုမြို့ဟောင်းသို့ ရွှေ့ပြောင်းခဲ့သည်။ သူက နောက်ဘက်တွင်သာ ညွှန်ကြားချက်များ ပေးသည်။ ထို့နောက် အစားထိုးအဖြစ် အသုံးချခံရသော ကိုယ်ပွားများသာ အဓိကမြင်ကွင်းသို့ ရောက်လာကြရသည်။
မက်စီမိုမြို့အကြောင်း အမှန်တရားက စီကာလီအား ဖြေရှင်းချင်သည့် ချန်လွေ့၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာသွားစေခဲ့သည်။ ငှက်တောင်ဖြူနယ်မြေတစ်လျှောက် ထိုကဲ့သို့ ဂုဏ်သတင်းရှိသော အာဏာရှင်လော့ဒ်တစ်ယောက် ဖြစ်သည့်အလျောက် လူထုကို လှည့်စားရန်အတွက် မက်စီမိုမြို့နှင့် ဆင်တူသော စက်ဆုပ်ဖွယ် နည်းလမ်းများကို အသုံးပြုခဲ့ရပေမည်။ အမှန်တကယ်၌ စီကာလီ၏ နယ်မြေကို ဖွံ့ဖြိုးတိုးတက်စေပြီး ပြည်သူများကို သူတော်ကောင်းယောင်ဆောင်လျက် ဖြည့်ဆည်းပေးခဲ့ခြင်း၏ တကယ့် ရည်ရွယ်ချက်မှာ ဟဲရာဘီး၏ ယုံကြည်မှုစွမ်းအားအတွက်သာ ဖြစ်ပေသည်။
နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်စေ ကနဦးပိုင်း ကိုယ်ပွားဖြစ်စေ၊ သူတို့က မစ်စီမို မြို့ဟောင်း၏ လျို့ဝှက်ချက် အစစ်အမှန်အကြောင်းကို အနည်းငယ်သာ သိသည်။ စီကာလီအစစ်က ငှက်တောင်ဖြူမြို့ကို စွန့်ပစ်ပြီး ထိုနေရာသို့ ပြောင်းလာသည်ကို ကြည့်ခြင်းအားဖြင့် ဟဲရာဘီးကို အသုံးပြုကာ လေ့ကျင့်ခြင်းကဲ့သို့ ရိုးရှင်းမည် မဟုတ်ပေ။
မက်စီမို မြို့ဟောင်းသည် ကျတ်တီးတောင်တန်းများပေါ်၌ တည်ရှိသည်။ ကြောက်မက်ဖွယ်ရာ ဒဏ္ဍာရီများလည်း ရှိ၏။ စွန့်ပစ်ခံရပြီးသည့် အချိန်မှစ၍ မည်သည့် လူများကိုမှ မမြင်ရတော့ပေ။ ချန်လွေ့က မျက်နှာကို ဖုံးကွယ်ရန်အတွက် မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက စွန့်ပစ်ခံထားရသော မြို့ထဲ၌ အချိန်အတော်ကြော လျှောက်သွားကြည့်သည်။ သို့သော်လည်း မည်သည့်သဲလွန်စကိုမှ မတွေ့ခဲ့ရပေ။ ထို့နောက် သူက ကျတ်တီးတောင်တန်းများဆီသို့ လမ်းလျှောက်သွားသည်။
ကျတ်တီးမြေ တောင်တန်းမှာ ငှက်တောင်ဖြူနယ်မြေ အရှေ့ဘက်စွန်းရှိ မရှာဖွေရသေးသော မြေနေရာများကို စုစည်း၍ ခေါ်ဆိုခြင်း ဖြစ်သည်။ ၎င်းသည် အလွန်ကျယ်ပြောလှပြီး တောင်တန်းများမှာ အလွန်အန္တရာယ်များလျက် ကျတ်တီးပြီး အလှမ်းဝေးလှပေသည်။ တောနက်ထဲ၌လည်း ကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲများ ရှိကြပေသည်။
ကိုယ်ပွားနှစ်ယောက်ပေးသော သတင်းအချက်အလက်ဖြင့် ချန်လွေ့က ကျတ်တီးတောင်တန်းရှိ ကျောက်ဆောင်နက်နက်ထဲတွင် ရှာဖွေခဲ့ရာ နောက်ဆုံး၌ အကာအကွယ် မှော်စက်ဝိုင်းတစ်ခု ဖုံးလွှမ်းထားသော လိုဏ်ဂူတစ်ခုကို ရှာတွေ့ခဲ့သည်။ ၎င်းမှာ စီကာလီ၏ “အခြေစိုက်စခန်း” သို့ ဝင်ပေါက် ဖြစ်နိုင်ပေသည်။
သို့သော်လည်း သတင်းအချက်က ထိုထက်မရှိတော့သည်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်။ ကိုယ်ပွားနှစ်ယောက် ရှိသော်လည်း နောက်ထပ် သတင်းအချက်အလက်များ မရှိတော့ပေ။ ထို “အခြေစိုက်စခန်း”၌ မည်သည့်အရာ ဖုံးကွယ်ထားကြောင်း မည်သူမှ မသိကြပေ။
ချန်လွေ့အတွက် လိုဏ်ဂူပတ်ပတ်လည်မှ မှော်စက်ဝိုင်းကို ဖော်ထုတ်ရန် မခက်ခဲပေ။ သို့သော်လည်း အတွင်းမှလူများ သတိထားမိစေရန် အတော်လေး အားထုတ်ခဲ့ရသည်။
လိုဏ်ဂူ၏ မှော်စက်ဝိုင်းကို ဖြတ်သွားပြီးနောက် ချန်လွေ့က လိုဏ်ဂူထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားခဲ့သည်။ နတ်ဆိုးအရှင်သခင်အဆင့် စိတ်ဝိညာဉ် စွမ်းအားဖြင့် သူသည် လမ်းတစ်လျှောက်မှ မရေမတွက်နိုင်သော ထောင်ခြောက်များကို သေသေချာချာ ရှောင်တိမ်းခဲ့သည်။ ထိုလိုဏ်ဂူမှာ အမှောင်လမြို့၌ အမှောင်နတ်ဆိုး ဌာနချုပ်နှင့်ဆင်တူပြီး လျို့ဝှက်ဆန်းကြယ်မှုအားလုံးမှာ မြေအောက်၌သာ ရှိကြသည်။ အောက်သို့ရောက်လေလေ နေရာပိုကျယ်လေလေ ဖြစ်ပြီး လမ်းတစ်လျှောက်၌ မီးအိမ်များ ရှိသည်။ ရှေ့တွင် ကင်းစောင့်များ စတင်ပေါ်ထွက်လာပြီး မှော်မီးအိမ်များမှာလည်း တဖြည်းဖြည်းနှင့် ပိုမိုတောက်ပလာကာ ပုန်းစရာနေရာများ ပိုမိုနည်းလာသည်။
ကံကောင်းစွာပင် ထိုအစောင့်များမှာ အမြင့်ဆင့်နတ်ဆိုးများသာ ဖြစ်သည့်အတွက် ချန်လွေ့က သူတို့ကို သေသေချာချာ ရှောင်တိမ်းနိုင်ခဲ့ပြီး ရှေ့သို့ တိတ်တိတ်လေး ဆက်သွားသည်။
[ ရုပ်ဖျက်ခြင်း ] နှင့် [ အသက်အောင့် ] အစွမ်းတို့နှင့်အတူ ချက်လွေ့က စီကာလီ၏ တကယ့်ခန္ဓာကိုယ်ရှိသည့်နေရာကို ရှာဖွေနေရင်း ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်နေခဲ့သည်။ ထိုမြေအောက်လောကမှာ အလွန်ပင် ကြီးမားလှသည်။ တောင်တန်းတစ်ခုလုံးကို အခေါင်းဖောက်ထားသကဲ့သို့ ဖြစ်နေသည်။ ထိုစီမံကိန်းအရွယ်အစားမှာ အမှောင်နတ်ဆိုး ဌာနချုပ်များထက် များစွာ သာလွန်ပေသည်။
နောက်ဆုံး၌ ချန်လွေ့သည် အစောင့်တင်းကြပ်ပြီး တောက်ပနေသော ခန်းမတစ်ခုကို ရှာတွေ့သွားသည်။ သူ၏အာရုံခံဖြင့် ထိုနေရာမှ မူမမှန်သော စွမ်းအား အတက်အကျများ လှိမ့်တက်နေသည်ကို ခံစားမိနေသည်။
ချန်လွေ့က အချိန်တစ်ခုအထိ စိတ်အေးအေးထားပြီး စောင့်ကြည့်နေသည်။ နောက်ဆုံး၌ သူက ထောင့်တစ်နေရာကို ရွေးချယ်ပြီး လှုပ်ရှားလိုက်သည်။ သူက ကင်းလှည့်နေသော အစောင့်များထဲမှ နောက်ဆုံးတစ်ယောက်ကို သတ်ပစ်လိုက်သည်။ သူက ထိုသူ၏အလောင်းကို သိုလှောင်ဂိုဒေါင်ထဲ သိမ်းထားပြီးနောက် ခပ်မြန်မြန် ရုပ်ဖျက်လိုက်သည်။ ထောင့်ချိုးကွေ့ပြီးနောက် ထိုအဖွဲ့က ရှေ့ဆက်သွားပြီး နောက်ဆုံး အမှောင်နတ်သူငယ်မှာ အခြားသူဖြစ်နေကြောင်း မသိခဲ့ကြပေ။
နောက်ဆုံး၌ ကင်းလှည့်အဖွဲ့က ခန်းမကို ဖြတ်သွားသည်။ ချန်လွေ့က ခပ်မြန်မြန် ဖျပ်ခနဲ ကြည့်လိုက်သည်။ ခန်းမနေရာမှာ အလွန်အမင်း ကျယ်လှကြောင်း အဝေးမှ သူမြင်လိုက်ရသည်။ ၎င်းမှာ လယ်ကွင်း တစ်ဆခွဲခန့်နှင့် ညီမျှလုနီးပါး ဖြစ်နေသည်။ အတွင်းထဲပ အလွန်ကြီးမားသော တိုင်လုံးကြီးများကို အထူးအစီအစဉ်အတိုင်း စီထားသည်။ မြေပြင်ပေါ်၌ လူတစ်ယောက်က လှုပ်ရှားမှုမရှိ ထိုင်နေသည်။ ချန်လွေ့၏အမြင်ဖြင့် ၎င်းမှာ စီကာလီပုံစံနှင့် လုံးဝတူညီဖြစ်ကြောင်း ပြောနိုင်သည်။ စီကာလီက မျက်လုံးကိုမှိတ်ထားပြီး အနားယူနေလေသည်။
ကံဆိုးစွာပင် အလှမ်းဝေးသည့်အတွက် [ သရုပ်ခွဲမျက်လုံး ] က ထိုသူ၏ စွမ်းအား အသေးစိတ်ကို ရှာမတွေ့နိုင်ပေ။ သို့သော်လည်း ဝိညာဉ်အာရုံခံမှတစ်ဆင့် ထိုစီကာလီမှာ ယခင် သူကြုံတွေ့ခဲ့သော နှစ်ယောက်ထက် ပိုအစွမ်းထက်ကြောင်း ခံစားမိနေသည်။ ၎င်းမှာ စီကာလီ အစစ်အမှန် ဖြစ်နိုင်ပေသည်။
ချန်လွေ့က အလောတကြီး မလှုပ်ရှားခဲ့ပေ။ သူက အဖွဲ့နောက်သို့ သုံးလေးခေါက် လိုက်ပြီး နောက်ဆုံး၌ အခွင့်အရေးတစ်ခုကို ရွေးချယ်ခဲ့သည်။ ခန်းမအပေါက်ကို ဖြတ်သွားစဉ် သူက တိတ်တိတ်လေး ခိုးဝင်လာလိုက်သည်။ သူက သူ၏အငွေ့အသက်ကို အနိမ့်ဆုံးအထိ ဖိနှိပ်ပြီး [ အသက်အောင့် ] အစွမ်းကို အသုံးပြုနေခဲ့သည်။ S+ အဆင့် စိတ်ဝိညာဉ်စွမ်းအားကြောင့် စီကာလီက နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်သည့်တိုင် သူ၏တည်ရှိမှုကို သိနိုင်မည် မဟုတ်ပေ။
ထိုအချိန်၌ ချန်လွေ့က ရုတ်တရက် မကောင်းသောနိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ ပိုအစွမ်းထက်သည့် အငွေ့အသက်များက ခန်းမကို တဖြည်းဖြည်းနှင့် ဝိုင်းရံလာသည်ကို သူ ခံစားလိုက်မိသည်။
ချန်လွေ့ ခပ်မြန်မြန် တွေးလိုက်ပြီးနောက် သတိထားပြီး ခန်းမထဲမှ ပြန်ထွက်သွားရန် ပြင်လိုက်သည်။ စီကာလီက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကာ ပြောသည်။ “မင်း ဒီကိုရောက်လာမှာတော့ ဘာလို့ ပြန်ထွက်သွားချင်ရတာလဲ။”
ထိုအချိန်၌ အပြင်ဘက်မှ အငွေ့အသက်များ ပိုမိုရောက်လာပြီး ခန်းမတစ်ခုလုံး လွှမ်းမိုးသွားခဲ့သည်။
ချန်လွေ့က ထောင်ခြောက်ထဲသို့ ကျရောက်သွားကြောင်း သိသော်လည်း ကြောက်မနေပေ။ သူက ရိုးရိုးရှင်းရှင်းပင် အပြင်ထွက်သွားပြီး အသံသြသြနှင့် ပြောလိုက်သည်။ “ကျုပ်က ဘယ်လိုပဲဖြစ်ဖြစ် ထွက်သွားလို့ မရတော့ဘူး။ မသေခင် ကျုပ် သိချင်တာကို ပြောပြနိုင်မလား။ ဆာ-လော့ဒ်။”
စီကာလီက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ သူက ထိုင်နေသော်လည်း မော့ကြည့်ရသည့် ခံစားချက်မျိုး ပေးနေသည်။ “မင်းမေးချင်တာကို ငါသိတယ်။ မင်းရဲ့ ကိုယ်ယောင်ဖျောက်တာနဲ့ အသွင်ပြောင်းတဲ့ ပညာရပ်က အတော်လေး ကောင်းတယ်။ ကံဆိုးချင်တော့ ဒီခန်းမက သာမန်နေရာ မဟုတ်ဘူး။ မင်းရောက်လာကတည်းက ငါမင်းကို သတိထားမိပြီးသား။ ဒီတိုင်လုံးတွေက တကယ်လို့ ဟဲရာဘီးရဲ့ အစိတ်အပိုင်းပဲ။ ဒါနဲ့ တစ်ယောက်ယောက်က နာမည်ကို အခွံချွတ်ဘီးလို့ မင်းကို ပြောခဲ့တယ်။”
နောက်ဆုံးစကားက ချန်လွေ့ကို ရုတ်တရက် မျက်မှောင်ကြုတ်သွားစေသည်။ လက်စသတ်တော့ စီကာလီက ကိုယ်ပွားတွေအကြောင်း အကုန်လုံးကို သိနေတာကိုး။ သူက ဒီလို အသေးစိတ် သေးသေးလေးတွေကိုတောင် သိတယ်။
ဒါဆို ဒီနေရာက ငါ့ကို “ကြိုဆို”ဖို့အတွက် အစကတည်းက ပြင်ဆင်ထားတဲ့ ထောင်ခြောက်တစ်ခုပေါ့။
အခြေအနေဆိုးနှင့် ရင်ဆိုင်ရသည့်အခါ ချန်လွေ့ ခပ်မြန်မြန် တွေးလိုက်သည်။ စီကာလီရဲ့ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ကိုယ်ပွားက တကယ့်ခန္ဓာကိုယ်ရဲ့ ဝါးမျိုတာကို ခံရတော့မှာ သူက မရဏတံခါးနားကို ရောက်နေပြီ။ အဲဒါကြောင့် နောက်ဆုံး အသက်ရှင်နိုင်မယ့် ကောက်ရိုးတစ်မျှင်ဖြစ်တဲ့ ငါ့ကို သစ္စာဖောက်မှာ မဟုတ်ဘူး။ ငါတို့ အချင်းချင်း မှီခိုနေကြတယ်။ တကယ့်ခန္ဓာကိုယ်ကို မဖြေရှင်းပြီးခင် နတ်ဆိုးဧကရာဇ် အဆင့် ထိပ်သီးပိုင်း ကိုယ်ပွားကလည်း ဒီလိုလုပ်မှာ မဟုတ်ဘူး။ ဒါဆို ဘယ်သူက သတင်းကို ပေါက်ကြားစေခဲ့တာလဲ။
“သိပ်ကို ခေါင်းရှုပ်နေတယ်ပေါ့။ ဟုတ်လား။” စီကာလီက အသာလေး ပြုံးသည်။ “တကယ်တော့ အဖြေက ရိုးရှင်းပါတယ်။ ငါ့မှာ ညီမကောင်းတစ်ယောက် ရှိတယ်။ အဲဒီအရူးက သူ့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကို ထိန်းချုပ်နိုင်ပြီလို့ ထင်နေတာ။ သူ့ဆီကနေ ငါ သတင်းအချက်အလက်တွေ အများကြီး ရခဲ့တယ်။ တကယ်တော့ အဲဒီအရူးက သူ့အတွက် အရုပ်တစ်ရုပ်ပဲ။ ငါမင်းကို လျို့ဝှက်ချက်တစ်ခု ပြောလိုက်မယ်။ သူ့အစ်ကိုဖြစ်တဲ့ ငါက သူ့ရဲ့ တကယ့်သခင်ပဲ။”
သခင် ဟုတ်လား။ ထိုစကားက ချန်လွေ့အား မုန်းစရာ ရန်သူတစ်ယောက်ကို တွေးမိသွားစေသည်။ ချက်ချင်းပင် သူ၏မျက်လုံးထဲမှ အေးစက်မှု လှိမ့်တက်သွားသည်။ ထို့နောက် စီကာလီ၏ အပြုံးနေသော မျက်နှာက ပို၍ပင် မသတီစရာ ဖြစ်သွား၏။
“မင်း ဒီလောက် သိပြီးမှတော မင်းရဲ့အဆုံးသတ်က ဘာလဲဆိုတာကို သဘောပေါက်ပြီပေါ့။” စီကာလီက အနည်းငယ် နောင်တရသွားဟန် ပြသလိုက်သည်။ “ငါက ငါးအကြီးကြီးကို ဖမ်းချင်ခဲ့တာ။ ဒါပေမဲ့ နတ်ဆိုးဧကရာဇ်ဆင့်လေးပဲ ဖြစ်နေမယ် မထင်ထားခဲ့ဘူး။ ဒါပေမဲ့ မင်းကလည်း စတေးခံ ဖြစ်လို့ရပါတယ်။”
ထိုအချိန်၌ ခန်းမအပြင်ဘက်မှ လူတစ်စု ရောက်လာကြသည်။ သူတို့ကို နတ်ဆိုးဧကရာဇ်အဆင့် ခေါင်းဆောင်နှစ်ယောက် ဦးဆောင်လာသည်။ ထိုအစောင့်များ၏ စွမ်းအားမှာ အတော်လေး ထူးခြားလှသည်။ သူတို့အားလုံးက ခိုင်မာသော ချပ်ကာများနှင့် ဒိုင်းကာများကို ဝတ်ဆင်ထားကြသည်။ သူတို့၏မျက်နှာများတွင် ကြောက်စရာ မျက်နှာဖုံးများ တပ်ထား၏။
အထင်ရှားဆုံးမှာ လူ၂၀၀ခန့်ရှိသော မှော်ပညာရှင်အဖွဲ့ ဖြစ်သည်။ ထိုမှော်ပညာရှင် အဖွဲ့မှာ သိပ်ပြီး မကြီးလှသော်လည်း အနိမ့်ဆုံးအဆင့်မှာ နတ်ဆိုးဘုရင်အဆင့်သို့ ရှိသည်။ ထိုအဆင့် တိုက်ခိုက်ရေးစွမ်းအားမှာ အင်ပါယာအဆင့် မှော်ပညာရှင် ဗိုလ်ခြေထက် မနိမ့်ပေ။
စီကာလီက ယုံကြည်ချက်ရှိရှိနှင့် ပြုံးလိုက်သည်။ “မင်းက သွေးမြေကျရဲ့ လူသတ်သမားဆိုတာ ငါသိတယ်။ ဒါကြောင့် အညံ့ခံတာလိုမျိုး လှည့်ကွက်တွေကို ငါ လက်ခံမှာ မဟုတ်ဘူး။ မင်းမှာ အဆုံးသတ် တစ်ခုပဲ ရှိတယ်။ မခုခံရင် မင်းကိုငါ မြန်မြန် သတ်ပေးမယ်။”
ချန်လွေ့၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် အေးစက်သွားသည်။ သူ၏မျက်လုံးမှ အေးစက်မှုများကလည်း ရုတ်တရက် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
“ဒါတွေက အရင်တုန်းက မက်စီမိုမြို့မှာ မကောင်းတာတွေ လုပ်ခဲ့တဲ့ တကယ့် သူခိုးဓားပြတွေ မဟုတ်လား။ သူတို့က တခြားနေရာတွေမှာလည်း တူညီတဲ့ ပုံစံတွေ လုပ်ခဲ့တယ်လို့ ကျုပ် ထင်တယ်။”
ထိုစကားက စီကာလီကို အနည်းငယ် အံ့အားသင့်သွားစေသည်။ “အဲဒီတော့ ဘာဖြစ်လဲ။ အခုအချိန် မင်းမှာ ဒီလိုပျင်းစရာတွေမေးဖို့ အားနေသေးတာလား။ အချိန်ဆွဲတာက အသုံးမဝင်ဘူး။ သေမှာကို အေးအေးဆေးဆေးလေး လက်ခံလိုက်။”
ချန်လွေ့ ပြုံးလိုက်သည်။ ဒေါသထွက်သွားသော အပြုံးပေတည်း။ သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲ ထွက်သွား၏။ “ဟုတ်တယ်။ သေမှာကို အေးဆေးလေး လက်ခံလိုက်.....ဒါပေမဲ့...သေရမှာက ခင်ဗျားပဲ။”