← Chapters

ယုံကြည်မှုပိုင်နက်

Vol. 36 Ch. 527

ယုံကြည်မှုပိုင်နက်

Vol. 36 Ch. 527

ချန်လွေ့ ထိုသို့ပြောပြီးသည်နှင့် ဝိုင်းရံနေသူများက ဘာမှမပြောကြသော်လည်း သူတို့က သေသေချာချာ လေ့ကျင့်ထားသကဲ့သို့ပင် မျက်လုံးထဲ၌ လှောင်ပြောင် သရော်မှုများ တစ်ပြိုင်နက်တည်း ပြသလိုက်ကြသည်။

ဒီလူက စဉ့်တီတုံးပေါ်က အသားတုံး ဖြစ်နေပြီကို အရှက်မရှိ ကြွားလုံးထုတ်ရဲ သေးတယ်။

ထိုသူများမှာ အထူးမှော်ပုံစံကွက်များရှိသော စီကာလီ၏ အထူးချွန်ဆုံး အကြောက်တရား ကင်းမဲ့သည့် စစ်သည်များဖြစ်ကြသည်။ သူတို့က တိုက်ခိုက်ရာ၌ တော်သလို ခုခံရာ၌လည်း တော်ကြသည်။ သူတို့က နတ်ဆိုးအရှင်သခင် အဆင့်ကိုပင် ချုပ်တည်းနိုင်သည်။ သူတို့အရှေ့မှ နတ်ဆိုးဧကရာဇ်အဆင့်ကိုမူ ပြောစရာပင် မလိုချေ။ သခင်ဖြစ်သော စီကာလီသည် မူလက ငါးအကြီးကြီးကို ဖမ်းချင်ကြောင်း ပြောခဲ့သည်။ သို့သော်လည်း ပုစွန်အသေးလေး ရောက်လာခဲ့လေသည်။ ထို့အပြင် ၎င်းမှာ မိုက်မဲပြီး အဆင်အခြင်မဲ့သော ပုစွန်ငယ်လေး ဖြစ်နေသည်။

သိပ်သည်းသော တောနက်ရိုင်းတစ်ခုဖြစ်လျှင် ထိုပုစွန်က ကံကောင်းပြီး လွတ်မြောက်နိုင်သေးသည်။ သို့သော်လည်း ချိပ်ပိတ်လုနီးပါး ဖြစ်နေသော ဤခန်းမ၌ ထွက်လမ်းမရှိပေ။ သခင်ကိုယ်တိုင်ပင် လှုပ်ရှားစရာ မလိုလောက်ပေ။

ထွက်လမ်းမရှိသော ထိုခန်းမထဲ၌ ချန်လွေ့သည် အနည်းဆုံး ထောင်ချီသော ကြမ်းတမ်းသည့်ရန်သူများကို တစ်ယောက်တည်း ရင်ဆိုင်နေရလေသည်။ သူတို့သည် သာမန်လူများ မဟုတ်ကြဘဲ စီကာလီကိုယ်တိုင် နှစ်ပေါင်းများစွာ စုဆောင်းထားသော တကယ့်အင်အားစု ဖြစ်ပေသည်။ ထို့အပြင် သူတို့နောက်တွင် ချန်လွေ့ကို ရန်လိုလျက် စိုက်ကြည့်နေသော လျို့ဝှက်ဆန်းကြယ်သည့် ရန်သူတစ်ယောက်လည်း ရှိနေသည်။

အခြေအနေ အရေးမသာလှသော်လည်း ချန်လွေ့၏ လှိမ့်တက်လာသော တိုက်ခိုက်ချင်စိတ်နှင့် သက်ဖြတ်ချင်စိတ် မလျော့ပါးသွားခဲ့ဘဲ ပို၍ပင် ပြင်းထန်လာ၏။ သူ၏ အငွေ့အသက်က အလျင်အမြန်ပင် ထိုးထောင်တက်သွားသည်။

“အသေလည်းရတယ်။ အရှင်လည်းရတယ်။” စီကာလီက တင်ပျဉ်ခွေထိုင်နေရင်း လေးတွဲ့စွာ ပြောလိုက်သည်။ သူကိုယ်တိုင် လှုပ်ရှားရန် မရည်ရွယ်ထားပေ။

ဒိုင်းကာစစ်သည်များက လက်ထဲမှဒိုင်းကာများကို ထောင်လိုက်ကြပြီး ဒိုင်းကာပေါ်မှ မှော်အမှတ်အသားများသည် အဝါဖျော့ရောင်အလင်း တောက်ပလာကာ ဖျက်ဆီး၍မရသော တစ်ခုတည်းအဖြစ် ‌‌ပေါင်းစည်းသွားပုံရသည်။ အကြောက်တရား ကင်းမဲ့သော စစ်သည်များက အတော်လေး ယုံကြည်ချက် ရှိကြသည်။ ရှေ့မှ နတ်ဆိုးဧကရာဇ်အဆင့်က ထိပ်သီးပိုင်း၌ ဖြစ်သည့်တိုင် ထိုခံစစ်အခြေအနေကို စွမ်းအားအကုန် သုံးသည့်တိုင် အနိုင်ယူနိုင်မည် မဟုတ်ပေ။

နတ်ဆိုးအရှင်သခင်အဆင့် ဆိုလျှင်ကော လုပ်နိုင်မည်လား။

အားကောင်းသော မှော်လှိုင်းများက မှော်ပညာရှင်အဖွဲ့ထဲ၌ ထလာသည်။ အရောင်မျိုးမျိုးရှိသော မီးတောက်များ စတင်ထွန်းလင်းလာလေသည်။

သို့သော်လည်း ထိုမီးတောက်များကို မူလက အရုပ်ဆိုးပြီး နက်မှောင်သော မြေအောက်နှင့် မသက်ဆိုင်သည့် ကြယ်ရောင်ကဲ့သို့ အလင်းများက လွှမ်းမိုးလိုက်သည်။ ထိုအလင်းရောင် ပေါ်ထွက်လာသည်နှင့် နေရာအနှံ့မှ အမှောင်ထုများ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

ချန်လွေ့က ရန်သူကို အာရုံစိုက်ရန်အတွက်သာမက သတ်ဖြတ်ချင်စိတ်များကြောင့် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို ချက်ချင်းပင် အသုံးပြုလိုက်သည်။ သူခိုးဓားပြများ အဖြစ် ဟန်ဆောင်ခဲ့သော ထိုအကြောက်တရားကင်းမဲ့သည့် စစ်သည်များသည် ထိုစဉ်က မက်စီမိုမြို့တွင် ရေတွက်၍မရသော ပြစ်မှုများကို ကျူးလွန်ခဲ့သည်။ သူတို့က မီးရှို့၊ သတ်ဖြတ်၊ မုဒိန်းကျင့်ပြီး မကောင်းမှုမျိုးစုံ ပြုလုပ်ခဲ့ကြသည်။ သူတို့က အလွန်အမင်း ရက်စက်သော နည်းများကိုလည်း အသုံးပြုခဲ့သည်။ အသက်ကြီးသူများနှင့် ကလေးများကိုပင် အလွတ်မပေးခဲ့ပေ။ သူခိုးဓားပြတိုင်း၌ ကလေးတစ်ယောက်၏ ဦးခေါင်းဖြင့်ပြုလုပ်ထားသည့် ဝိုင်အိုးများ ရှိနေခြင်းက ငှက်တောင်ဖြူနယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သူခိုးဓားပြကပ်ဘေးက ကြွယ်ဝပြီး ကြီးမားလှသော မြို့တစ်မြို့၌ သိန်းချီသော လူဦးရေကို သုံးပုံနှစ်ပုံ ရုတ်ချည်း လျော့ကျသွားစေခဲ့သည်။ ရှင်ကျန်သူများက မြို့သစ်သို့ ရွှေ့ပြောင်းသွားကြသည့်တိုင် အလွန်ကြီးမားသော ဆုတ်ယုတ်မှုများ ခံစားခဲ့ရသည်။ မက်စီမိုမြို့သည် နှစ်၁၀၀အတွင်း ယခင်ကဲ့သို့ ပြန်လည် ကြွယ်ဝချမ်းသာနိုင်တော့မည် မဟုတ်ပေ။

၎င်းတို့အားလုံးမှာ လျို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ရန်အတွက် စီကာလီ၏ “သံသယ”သာ ဖြစ်သည်။ မည်သည့် အပြစ်မဲ့သူများ သေသွားကြောင်းကို မည်သူမှ မသိကြပေ။ ယခုတွင် စီကာလီက ထိုကဲ့သို့ အဖြစ်ဆိုးမှာ ငှက်တောင်ဖြူနယ်မြေရှိ မက်စီမို တစ်မြို့တည်းသာ မဟုတ်ကြောင်း ကိုယ်တိုင် ဝန်ခံခဲ့လေသည်။

ပြည်သူများ၏ နှလုံးသားထဲ၌ သူတို့အပေါ် ပေးဆပ်ထားသော ထိုမွန်မြတ်သည့် လော့ဒ်တွင် ကြောက်စရာအကောင်းဆုံး နတ်ဆိုးထက် ပို၍အကျည်းတန်သော မျက်နှာအစစ်အမှန် ရှိနေလေသည်။

ရှေ့မှ နတ်ဆိုးနှင့် လက်ပါးစေများကို မြင်ရသည့်အခါ ချန်လွေ့၏ စိတ်ထဲ၌ စကားတစ်လုံးသာ ရှိသည်။ သတ်ပစ်။

ရာနှင့်ချီသော အစွမ်းထက် မှော်ပညာများက တလက်လက် အရောင်များ တောက်ပနေသော အလင်းရောင်အလယ်ဗဟိုသို့ တစ်ဟုန်ထိုး ရောက်လာသည်။ မှော်ပညာရှင်က စစ်တပ်၌ အားအကောင်းဆုံး ထိခိုက်မှုကို ထုတ်ပေးနိုင်သည်။ ထိုမှော်ပညာရှင်များ၏ အနိမ့်ဆုံးမှာ နတ်ဆိုးဘုရင်အဆင့် ဖြစ်ပြီး အမြင့်ဆုံးမှာ မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်သည်။ ပြောရမည်ဆိုလျှင် တစ်ဦးချင်း၌ နတ်ဆိုးဧကရာဇ်အဆင့်အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။ သို့သော်လည်း မဟာနတ်ဆိုးဘုရင်အဆင့် မှော်ပညာရှင် အယောက်၂၀သာဆိုလျှင် နတ်ဆိုးဧကရာဇ် အဆင့်သည်ပင် လျစ်လျူရှု မနိုင်တော့ပေ။ လက်ရှိတွင် ချန်လွေ့အရှေ့၌ နတ်ဆိုးဘုရင်အဆင့် အထက်ရှိ မှော်ပညာရှင် ၂၀၀ကျော် ရှိနေသည်။ အယောက် ၈၀မှာ မဟာနတ်ဆိုးဘုရင်အဆင့်ဖြစ်ပြီး အားလုံးမှာ အသေအချာ လေ့ကျင့်ထားပြီး ပူးပေါင်းဆောင်ရွက်မှုရှိကာ မဟာဒိုင်းစစ်သည်များ၏ အထူးခံစစ်အခင်းအကျင်းဖြင့် ကာကွယ်ခြင်း ခံထားရသည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို ကြောက်မက်ဖွယ်ရာ ကောင်းသည်ဟုသာ ဖော်ပြ၍ ရနိုင်တော့သည်။

ထိုကဲ့သို့ အင်အားကြီးသော မှော်ပေါင်းစည်းမှုတစ်ခုက တောက်ပသော အလင်းရောင်ပေါ်သို့ ကျရောက်သွားသောအခါ အနည်းငယ် တုန်ခါရုံသာ ဖြစ်စေခဲ့ပြီး မဖောက်ထွင်းနိုင်ခဲ့ပေ။ အလင်းရောင်အစုအဝေးက ရုတ်တရက် ကျယ်ပြန့်သွားပြီး မှော်တိုက်ခိုက်မှုများအားလုံးကို ပြန်ကန်သွားစေသည်။ အလယ်၌ ထူးဆန်းသော ချပ်ကာတစ်ခု ဝတ်ထားသည့် ယောက်ျားတစ်ယောက်၏ ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။

တော်ဝင်ပြီး ကျက်သရေရှိသော ချပ်ကာပေါ်၌ ကြယ်ရောင်ဖျော့ဖျော့လေး စီးဆင်းနေသည်။ တည်ငြိမ်အေးချမ်းသော ကြယ်ရောင်အောက်တွင် တလက်လက် တောက်ပမှုတစ်ခု ရှိနေဟန်တူသည်။ ထိုသူက မလှုပ်ရှားဘဲ ရပ်နေသော်လည်း ကြယ်တာရာ ကောင်းကင်ထက်မှ ငုံ့ကြည့်နေသကဲ့သို့ ဂုဏ်သိက္ခာတစ်ခု ရှိနေလေသည်။

ထိုကဲ့သို့ မွေးရာပါဂုဏ်သိက္ခာနှင့်ယှဉ်လျှင် စီကာလီ၏ ယခင်အမူအရာမှာ အရှက်မဲ့သော တုံ့ရှစ်နှင့် တူနေသည်။ (တရုတ်သမိုင်းထဲက ရုပ်ဆိုးတဲ့မိန်းကို ပြောတာပါ)

စီကာလီ အံ့အားသင့်သွားသည်။ သူက ချက်ချင်း မတ်တပ်ရပ်ကာ လွှတ်ခနဲ ပြောလိုက်သည်။ “[ ယုံကြည်မှုချပ်ကာ ] ပဲ။”

အကြောက်တရားကင်းမဲ့သော စစ်သည်များက အသေအချာ လေ့ကျင့်ထားကြသည်။ သူတို့၏ ထိတ်လန့်မှုမှာ ခဏသာ ဖြစ်သည်။ ချပ်ကာနှင့် လူများက အလွန်ကြီးမားသော ဒိုင်းကာများ ကိုင်ထားလျက်ပင် ရှိနေပြီး မှော်ပညာရှင်များကလည်း ဒုတိယအကြိမ် ပစ်လွှတ်ရန်အတွက် အလျင်အမြန် ပြင်ဆင်နေကြသည်။ ရုတ်တရက် လူတိုင်း၏ခန္ဓာကိုယ်များက အနည်းငယ် နစ်ဝင်သွားသလို ခံစားလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များ သုံးလေးဆ တိုးမြင့်သွားပြီး အတွင်းအင်္ဂါများနှင့် သွေးဖိအားများက ရုတ်တရက် တိုးသွား၏။ မှော်ပညာရှင်များ စုစည်းနေသော မှော်စွမ်းအားများ ချက်ချင်း ပျောက်ကွယ်ကုန်သည်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် မှော်စွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားကို အလျင်အမြန် ပြောင်းလဲလိုက်ရသည်။ အဆိုးဆုံးမှာ ချပ်ကာနှင့်လူများ ဖြစ်ကြသည်။ မြေဆွဲအားစက်ကွင်း၌ ချပ်ကာ၊ ဒိုင်းကာနှင့် အထူးခုခံမှု စွမ်းအားတို့က သေစေနိုင်သော ဝန်ထုတ်ဝန်ပိုးများ ဖြစ်လာကြသည်။ တစ်ယောက်စီက ယိုင်တိယိုင်တိုင် ဖြစ်နေပြီး မလှုပ်ရှားနိုင်တော့ပေ။ အချို့က ဒိုင်းကာနှင့် ချပ်ကာများကြောင့်ပင် အပြင်းအထန် ဒဏ်ရာရသွားကြသည်။

[ မြေဆွဲအား ]

မြေဒြပ်စင်ဘုရင် ကောင်းချီးပေးခဲ့သော ချန်လွေ့၏ [ မြေဆွဲအား ] ကို ပါရမီ စွမ်းအား တစ်ခုနှင့် ညီမျှသည်။ ကံဆိုးစွာပင် သူက မှော်ပညာနှင့် မရင်းနှီးပေ။ ထို့ပြင် သူ အသက်သွင်းလိုက်သော [ မြေဆွဲအား ] သည်လည်း နတ်ဆိုးဧကရာဇ်အဆင့်ကဲ့သို့ အစွမ်းမထက်ပေ။ S+ အဆင့် စိတ်ဝိညာဉ်စွမ်းအားကို ဖုန်များဖုံးနေသော ပုလဲတစ်လုံးဟု ဖော်ပြ၍ ရနိုင်ပေသည်။ အကယ်၍ ၎င်းကို ဇိုလာ အသက်သွင်းလိုက်လျှင် သူ့အရှေ့မှ လူများ၏အဆင့်က ပိုမြင့်သည့်တိုင် သေဆုံးမှုများနှင့် ဒဏ်ရာရမှု အများအပြား ရှိလိမ့်မည် ဖြစ်သည်။

ရုတ်တရက် ခန်းမ တောက်ပသွားပြီး နေရာလွတ်က သုံးလေးဆ ပိုမိုတိုးသွားဟန် တူသည်။ ထိုတိုင်များကို စတင် ဖောက်ထွင်းမြင်လာရပြီး ထူးဆန်းသော အားတစ်ခု ထွက်လာသည်။ ထိုအားကြောင့် [ မြေဆွဲအား ] သက်ရောက်မှု အလျင်အမြန် လျော့ပါးသွားသည်။ စွမ်းအားအရင်းအမြစ်မှာ စီကာလီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှ ထွက်လာသော အငွေ့အသက်ကို ချန်လွေ့ အတော်လေး ရင်းနှီးနေသည်။ ဒါက ယုံကြည်မှု စွမ်းအားပဲ။

လက်စသတ်တော့ “ဟဲရာဘီး”က တိုင်တွေမဟုတ်ဘဲ ခန်းမတစ်ခုလုံး ဖြစ်နေတာကိုး။

ဖရိုဖရဲဖြစ်နေသော စစ်သည်များက ခံစစ်အနေအရာကို ချက်ချင်း ပြန်မပြောင်း နိုင်ကြသော်လည်း မြေဆွဲအား၏ သက်ရောက်မှု အနည်းဆုံး ခံရသော နတ်ဆိုးဧကရာဇ်အဆင့် ခေါင်းဆောင်နှစ်ယောက်က ပိုင်နက်စွမ်းအားကို ပူးပေါင်း အသက်သွင်းလိုက်ပြီး မှော်ပညာရှင်အဖွဲ့အရှေ့၌ အားကောင်းသော အကာရံတစ်ခုကို ဖန်တီးလိုက်သည်။ နောက်မှ မှော်ပညာများက တိုက်ခိုက်မှုတစ်ခု စတင်ပြုလုပ်ပြန်သည်။

[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] အသုံးမပြုခင်ကဆိုလျှင် နတ်ဆိုးဧကရာဇ်အဆင့် ခေါင်းဆောင်နှစ်ယောက် အမြန်ပြေးဝင်သွားမည်ဖြစ်သည်။ သို့သော်လည်း ချန်လွေ့ ထုတ်လွှတ်သော အရှိန်အဝါက နတ်ဆိုးဧကရာဇ်အဆင့် ခေါင်းဆောင်နှစ်ယောက်ကို အဟန့်အတား ဖြစ်သွားစေသည်။ ထို့ကြောင့် သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ မှော်ပညာရှင်များကို ကာကွယ်နိုင်ရန် ဖြစ်သည်။ ထိုမှော်ပညာရှင်များက ဆန်းကြယ်သော ပညာရပ်များကို အသုံးပြုပြီး အစွမ်းအထက်ဆုံး တိုက်ပွဲတွဲလုံးများ ပြုလုပ်နိုင်သရွေ့ ရန်သူက နတ်ဆိုးအရှင်သခင်အဆင့် ရောက်နေသည့်တိုင် လျှော့တွက်ရဲမည် မဟုတ်ပေ။ မှော်ပညာက ရန်သူကို ချုပ်နှောင်နိုင်သည်နှင့် သူတို့က အခြေအနေကို အခွင့်ကောင်းယူပြီး ထိရောက်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်မည် ဖြစ်သည်။ ယုတ်စွအဆုံး သူတို့သည် သခင်အတွက် အခွင့်အရေးများ ဖန်တီးပေးနိုင်ရန် ရန်သူကို အာရုံလွှဲပေးနိုင်ပေသည်။

အခြေအနေကို မြင်သည့်အခါ မည်သို့တုံ့ပြန်ရမည်ကို ချန်လွေ့ သိသည်။ သူ၏မျက်နှာပေါ်၌ ရုတ်တရက် မျက်နှာဖုံးတစ်ခု ပေါ်ထွက်လာသည်။ ထိုမျက်နှာဖုံးမှာ အလွန်ပါးလွှာပြီး အ‌ရေပြားနှင့် တူညီလုနီးပါး ဖြစ်နေသည်။ ၎င်းကို မျက်နှာကာ အပြင်ဘက်မှ မမြင်ရပေ။

“ဝါးမျိုလိုက်။”

ချက်ချင်းပင် ခန်းမအနီးရှိ မှော်စွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားအကုန် ချန်လွေ့ထံသို့ ဒီရေသဖွယ် လှိမ့်တက်သွားသည်။ အတိအကျပြောရလျှင် ၎င်းတို့က မျက်နှာဖုံးဆီသို့ တစ်ဟုန်ထိုး စီးဝင်သွားကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မျက်စိ တစ်မှိတ်အတွင်းမှာပင် လုံးဝ ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့သည်။ နတ်ဆိုးဧကရာဇ်အဆင့် ခေါင်းဆောင်နှစ်ယောက်တွင် တစ်ယောက်က မှော်ပညာ ကျွမ်းကျင်သည်။ မူလက ပူးပေါင်းထားသော ပိုင်နက်မှာ ပြီးပြည့်စုံသော်လည်း ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်း စွမ်းအားကြောင့် ချက်ချင်းပင် ပြိုကွဲသွားတော့သည်။

လှုပ်ရှားရန် အခွင့်အရေးကို စောင့်နေသော စီကာလီက ထိတ်လန့်သွားပြန်သည်။ ဒီဝါးမျိုခြင်းက မှော်ပညာရဲ့ ဝိပါက်ပဲ။ ဒါက လူစီဖာ တော်ဝင်မိသားစုရဲ့ ဝိပါက် ပါရမီလား။

မဟုတ်ဘူး။ ဒီလိုပြင်းထန်သော ဝါးမျိုမှုကို သာမန်ပါရမီတွေနဲ့ လုပ်နိုင်မှာ မဟုတ်ဘူး။

သူ စိတ်ပျံ့လွင့်နေစဉ် ချန်လွေ့၏ ပုံရိပ်က ခုခံမှုပြိုလဲနေသော ပိုင်နက်ကို ချက်ချင်း ဖြတ်သွားပြီး အကြောက်တရားကင်းမဲ့သော စစ်သည်များ အများဆုံး စုဝေးနေသော နေရာ၌ ပေါ်ထွက်လာသည်။ သူတို့၏ ပတ်ဝန်းကျင်သည် ကြယ်ပွင့်များ ဖြစ်နေသကဲ့သို့ ပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။ ထို့ပြင် သူတို့၏ စွမ်းအားများက အလျင်အမြန်ပင် စတင်ယိုယွင်းပြီး ယုတ်လျော့လာသည်။

ထို့နောက် ကျယ်လောင်သော အော်သံတစ်သံ ထွက်လာသည်။ “[ ဖျက်ဆီးခြင်း အရှိန်အဝါ တိုက်ကွက် အစစ်အမှန် ]..”

အနီးအနားရှိ အကြောက်တရားကင်းမဲ့သော စစ်သည်အဝိုင်းထဲ၌ တစ်နေရာ တည်းမှာပင် အမြန်ပြောင်းလဲနေသော လခြမ်းပုံ အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။ အမြန်လှုပ်ရှားနေသော လခြမ်းက သေခြင်းအကလိုမျိုးပင် ဖြစ်နေသည်။ ထိုအက အောက်တွင် အသက်နှင့်ဝိညာဉ်များကို နှုတ်ယူသွားလေသည်။ ချပ်ကာအထူ ဝတ်ထားသည့် စစ်သည်များသည်ပင် ထိုကဲ့သို့ ဝိညာဉ်ထဲ စိမ့်ဝင်သော ဖျက်ဆီးမှု ဓားချီစွမ်းအင်ကို မခုခံနိုင်ခဲ့ပေ။ အပေါ်ယံ၌ ချပ်ကာများ တွန့်လိမ်ပြီး ကြေမွသွားကာ ခန္ဓာကိုယ်ပေါ်၌ သေစေနိုင်သော ဒဏ်ရာများ မရှိပေ။ အမှန်အတကယ်၌ သူတို့၏ ဝိညာဉ်များက ထိုတိုက်ကွက်ကြောင့် ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။ မှော်စွမ်းအားများ ဆုံးရှုံးသွားသော မှော်ပညာရှင်များကလည်း ခုခံမှုမရှိဘဲ မရေမတွက်နိုင်အောင် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။

ချက်ချင်းပင် အနီးအနားရှိ မီတာ ၆၀ အတွင်း၌ လူသေပေါင်း ရာနှင့်ချီ ရှိသွားသည်။ မှော်ပညာကျွမ်းကျင်သော နတ်ဆိုးဧကရာဇ်အဆင့်က ဒဏ်ရာအပြင်းအထန်ရထားပြီး သေလုမျောပါး ဖြစ်နေကာ အခြားနတ်ဆိုးဧကရာဇ်အဆင့်တစ်ယောက်လည်း ဒဏ်ရာ အပြင်းအထန် ရထားသည်။ အကြောက်တရားမရှိသော စစ်သည်များအားလုံး ထိတ်လန့်သွားကြသည်။ မူလက သူတို့သည် ထိုအစုအဖွဲ့ဖြင့် အနည်းဆုံး ရန်သူကို တားဆီးနိုင်မည်ဟု ထင်ထားခဲ့ကြသည်။ ၎င်းမှာ အမှန်တကယ်ပင် အားနည်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

စီကာလီ ထိတ်လန့်ပြီး ဒေါသထွက်သွားသည်။ တကယ့် တိုက်ခိုက်မှု [ မြေဆွဲအား ] ကနေ ဒီလိုကြောက်စရာဝှက်ဖဲ ပိုင်နက်အထိ ငါ အစကတည်းက အထင်သေးခဲ့တဲ့ ရန်သူက ငါ အပတ်တကုတ် လေ့ကျင့်ပေးခဲ့တဲ့ လက်ရွေးစင် စစ်သည်တစ်ဝက်ကျော်ကို အချိန်တိုအတွင်းမှာ သတ်ပစ်ခဲ့တယ်။

ချန်လွေ့၏ သတ်ဖြတ်ချင်စိတ် လုံးဝ မလျော့သွားခဲ့ပေ။ ထိုသူများအားလုံးမှာ သွေးများစွန်းနေပြီး ခွင့်လွှတ်၍ မရသော အပြစ်သားများ ဖြစ်ကြသည်။ သူက အသူရာ အဖြစ်ပြောင်းလဲပြီး သူတို့အားလုံးကို သတ်ပစ်ရန် ဝန်မလေးပေ။

ရုတ်တရက် ချန်လွေ့၏နောက်ဘက်တွင် စီကာလီ၏ ပုံရိပ်က ရုတ်တရက် ပေါ်ထွက်လာသည်။ သူက မီးတောက်နက်များ ဖုံးလွှမ်းနေသော လက်ဖြင့် လက်သီး ထိုးလိုက်သည်။ ချန်လွေ့က ၎င်းအတွက် ပြင်ဆင်ထားသည်မှာ ကြာပြီ ဖြစ်သည်။ ရုတ်တရက် သူလည်း နောက်လှည့်ပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

အလွန်ကြီးမားသော စွမ်းအားများ ပါဝင်သည့် လက်သီးနှစ်လုံး တွေ့ဆုံသောအခါ အနီးအနားရှိ အကြောက်တရားကင်းမဲ့သော စစ်သည်များအားလုံးက ကြောက်မက်ဖွယ်ရာ လေလှိုင်းတစ်ခုကြောင့် လွင့်ထွက်ကုန်သည်။ အားစက်ကွင်းဗဟိုရှိ ပုံရိပ်နှစ်ခုက မတ်မတ် ရပ်နေလျက်ပင် ရှိနေသည်။ သူတို့က လက်ရည်တူနေကြ၏။

စွမ်းအားများ ပယ်ပျက်သွားသောအချိန်၌ ချန်လွေ့နှင့် စီကာလီတို့က တစ်ပြိုင်တည်း လှုပ်ရှားကြသည်။ တိုက်ခိုက်သံများ အချိန်တစ်ခုအထိ ထွက်လာသည်။ အကြောက်တရားကင်းမဲ့သော စစ်သည်များက ပုံရိပ်နှစ်ခု၏ တိုက်စစ်နှင့် ခံစစ် အသံများကိုသာ ကြားနိုင်လေသည်။ ဒဏ်ရာအနည်းငယ်သာ ရထားသော နတ်ဆိုးဧကရာဇ်အဆင့် ‌ခေါင်းဆောင်သည်ပင် ထိုပုံရိပ်နှစ်ခု အလျင်အမြန် လှုပ်ရှားနေသည်ကိုသာမြင်ပြီး အသေးစိတ်လုပ်ရပ်များကို သေသေချာချာ မမြင်နိုင်ခဲ့ပေ။

ချန်လွေ့၏ခန္ဓာကိုယ်က အလွန်ကြီးမားသော လှိုင်းကဲ့သို့ လှိမ့်တက်နေသော အားတစ်ခု ရှိနေပြီး ပေါင်းစည်းအားတစ်ခုကို ပြုလုပ်လိုက်သည်။ စီကာလီက ထိုကဲ့သို့ အားမျိုးနှင့် ယခင်က ခံခဲ့ရဖူးသည်။ သူ နောက်ပြန်ကျွမ်းထိုးပြီး ပေါင်းစည်း လက်သီးချက်ကို ရှောင်တိမ်းလိုက်သည်။ သူ အောက်ရောက်သည်နှင့် အလွန် ကြီးမားသော တလက်လက် အလင်းစက်လုံးက သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

စီကာလီ မရှောင်တိမ်းဘဲ လက်နှစ်ဖက်ဖြင့် ခုခံလိုက်သည်။ [ အရုဏ်ဦးပစ်ချက် ] ကို သူထိလိုက်သောအခါ ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့ပြီး ခြေတစ်လှမ်း၊ နှစ်လမ်း၊ သုံးလှမ်း ဆုတ်လိုက်ရသည်....

[ အရုဏ်ဦးပစ်ချက် ] ၏ စွမ်းအားက လျို့ဝှက်ဆန်းကြယ်သော အားတစ်ခုကြောင့် အလျင်အမြန် ကျဆင်းလာသည်ကို ခံစားမိသည့်အတွက် ချန်လွေ့ မျက်မှောင်ကြုတ် လိုက်သည်။ စီကာလီက နောက်သို့ ခြေလှမ်း ၆လှမ်း၊ ၇လှမ်း ဆုတ်ပြီးသွားပြီ ဖြစ်သည်။ ထို့နောက် သူက ကျယ်လောင်သော အော်သံနှင့်အတူ လက်နှစ်ဖက်၏ စွမ်းအားကို ထုတ်လွှတ်ကာ အားနည်းနေသော [ အရုဏ်ဦးပစ်ချက် ] ကို ဆွဲဖြဲလိုက်သည်။

“သိပ်ကောင်းတဲ့စွမ်းအားပဲ။ နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းနဲ့တောင် ညီမျှလုနီးပါးပဲ။ အထူးသဖြင့် စိတ်ဝိညာဉ်စွမ်းအားက ပိုပြီးတော့ အားကောင်းတယ်။ မင်းက တကယ် ငါးအကြီးကြီးပဲ။ ခုနက ငါ အကဲဖြတ်တာ မှားသွားတယ်။” စီကာလီ သက်ပြင်းချလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အနည်းငယ် အက်ကွဲနေသော အနီရောင်ချပ်ကာက မြင်နိုင်သော အမြန်နှုန်းဖြင့် အလိုအလျောက်နှင့် အလျင်အမြန် စတင်ပြန်ကောင်းလာပြီး မူလအခြေအနေသို့ မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ပြန်ဖြစ်သွားခဲ့သည်။ “ငါ့ရဲ့စွမ်းအားအမှန်က နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းပဲ ဆိုတာကို မင်းသတိထားမိလောက်မှာပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ မင်းငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းက ငါ့လက်ထဲမှာ သေရမယ်။”

ချန်လွေ့က ခြားနားမှုကို ခံစားမိသည်။ စီကာလီ၏ စွမ်းအားအကဲဖြတ်မှုမှာ S- ဖြစ်သည်။ ချန်လွေ့က [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို အသုံးပြုပြီး နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသို့ မရောက်သေးခင်မှာပင် နတ်ဆိုးအရှင်သခင် ကနဦးပိုင်းဖြစ်သော နီရိုကို သတ်ပစ်နိုင်ခဲ့သည်။ ယခုတွင် သူ့စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိသွားလေပြီ။ သူက နတ်ဆိုးအရှင်သခင် အလတ်ပိုင်းကို ယှဉ်နိုင်လောက်သည်။ သို့သော်လည်း သူသည် စီကာလီကို ခုနက တိုက်ခိုက်သောအခါ၌ သရေသာ ရနိုင်ခဲ့သည်။

“...ဟဲရာဘီးကြောင့်လား။” ချန်လွေ့က အစမ်းသဘော မေးလိုက်သည်။

“ဟုတ်တယ်။ ငါ့ပိုင်နက်က ဟဲရာဘီးနဲ့ ပေါင်းစည်းနေပြီ။” စီကာလီ ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ “ငါ့ခန္ဓာကိုယ်ပေါ်က ချပ်ကာလည်း [ ယုံကြည်မှုချပ်ကာ ] ပဲ။ ငါ့အပေါ်ကို ယုံကြည်နေကြတဲ့ ငှက်တောင်ဖြူ မြို့သူ/သားတွေ အားလုံးကို သတ်ပြီးတော့ ယုံကြည်မှုအရင်းအမြစ်ကို မဖြတ်တောက်နိုင်ရင် ယုံကြည်မှုစွမ်းအား အောက်မှာ ငါ့ရဲ့စွမ်းအားနဲ့ အသက်က အဆုံးမရှိ ဖြစ်နေမှာပဲ။ [ ဟဲရာဘီးပိုင်နက် ] ဖြစ်တဲ့ ဒီခန်းမထဲ မင်းခြေချပြီးတဲ့ အချိန်ကစပြီးတော့ မင်းရှုံးနိမ့်ဖို့ သေချာပြီးသား။ ထွက်ပြေးချင်ရင်တောင် ပြေးလို့ရမှာ မဟုတ်ဘူး။”

စီကာလီ ပြောနေသည်မှာ ချဲ့ကားခြင်း မဟုတ်ကြောင်း ချန်လွေ့ ခံစားမိသည်။ [ ဟဲရာဘီးပိုင်နက် ] စူပါစနစ်နှင့် အနည်းငယ် ဆင်တူသည်။ ပြောရမည်‌ဆိုလျှင် ဤနေရာ၌ ပိုင်နက်တစ်ခုလုံးကို လွှမ်းမိုးသော တိကျပြတ်သားသည့် အားတစ်ခု ရှိမနေပါက စီကာလီသည် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်။

“[ ယုံကြည်မှုချပ်ကာ ] ရှိတဲ့ နတ်ဆိုးအရှင်သခင် အဆင့်တစ်ယောက်။ အကောင်းဆုံး စတေးပစ္စည်း တစ်ခုပဲ။ သခင် ပျော်မယ်လို့ ငါ ယုံကြည်တယ်။” စီကာလီ၏ တင်းမာသောအသံက ခန်းမထဲ၌ ပဲ့တင်ထပ်သွားတော့သည်။ “ငါ့ရဲ့ အကြောက်တရား ကင်းမဲ့တဲ့ စစ်သည်တို့။ မင်းတို့ရဲ့ အသက်ဓာတ်စွမ်းအားတွေ ငါ့ကိုပေးကြ။”

[ ဟဲရာဘီးပိုင်နက် ] ထဲမှ အကြောက်တရား ကင်းမဲ့သော စစ်သည်များအားလုံး၏ ခန္ဓာကိုယ်များသည် အလျင်အမြန်ပင် ရှုံ့တွပြီး ခြောက်သွေ့လာကာ အသက်မဲ့သော အလောင်းများ ဖြစ်သွားကြတော့သည်။

“[ စတေးအချုပ်အနှောင် ] ကို အသက်သွင်းလိုက်။”

စီကာလီပြောသော “သခင်”ဖြစ်သူအပေါ် ချန်လွေ့ သံသယဝင်နေစဉ် မြောက်မြားလှစွာသော ချိန်းကြိုးများနှင့် ရစ်ပတ်ခံလိုက်ရသကဲ့သို့ပင် ခန္ဓာကိုယ် ရုတ်တရက် တန့်သွားသည်။ သူသည် အမှန်တကယ်ပင် ၎င်းကို မဖယ်ရှားနိုင်ခဲ့ပေ။

ထိုကဲ့သို့ ချိန်းကြိုးမျိုးတွင် ထူးဆန်းသော အားတစ်ခု ပါရှိသည်။ ၎င်းက အမှန်တကယ်ပင် ချန်လွေ့၏ ဝိညာဉ်နှင့် အသက်ဓာတ်ကို အလျင်အမြန် စုပ်ယူနေလေသည်။ ချန်လွေ့၏ ခန္ဓာကိုယ် တုန်လှုပ်သွား၏။

“ခုနက ငါမင်းနဲ့ တိုက်ခိုက်နေတုန်းက အချုပ်အနှောင်တွေကို ဆင်ထားခဲ့ပြီးပြီ။ အကြောက်တရား ကင်းမဲ့တဲ့ စစ်သည်တွေရဲ့ အသက်တွေ စတေးထားတာလည်းပါတော့ မင်းရဲ့စွမ်းအားနဲ့ ဘယ်လိုမှ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ တုန်လှုပ်စမ်း။ ကြောက်ရွံ့စမ်း။” စီကာလီက ဘဝင်ခိုက်လျက် ရယ်နေသည်။

ထိုအချိန်၌ ချန်လွေ့၏ ချပ်ကာသည် တလက်လက် အရောင်လက်နေမှုမှ ဖျက်ဆီးခြင်း အငွေ့အသက် ထုတ်လွှတ်သော အနက်ရောင် အဖြစ်သို့ ပြောင်းလဲသွားသည်။ ပုံစံမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။

“မှားတယ်။ သူက အကြောက်တရားကြောင့် တုန်လှုပ်နေတာ မဟုတ်ဘူး။ ငါ့ရဲ့ စိတ်စွမ်းအားကို မဖိနှိပ်နိုင်လို့ ဒီလိုဖြစ်နေတာ။” စိတ်ပျက်ဖွယ် ရယ်သံတစ်သံ ထွက်လာသည်။ “သိပ်ကောင်းတယ်။ ယုံကြည်မှုစွမ်းအားတွေ အများကြီးပဲ။ စိတ်စွမ်းအားတွေ အများကို လောင်ကျွမ်းခဲ့ရတာ တန်တယ်။ ဒီစွမ်းအားတွေနဲ့ဆို ငါ တကယ်....”

သူ စကားပြော မပြီးသေးခင်မှာပင် [ စတေးအချုပ်အနှောင် ] ဖြင့် ချုပ်နှောင်ခြင်း ခံစားရသော ချန်လွေ့ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထို့နောက် [ ဟဲရာဘီးပိုင်နက် ] အတွင်း၌ ကြက်သွေးနီရောင် ဖျော့ဖျော့လေး အရောင်တောက်နေသော အလွန်ကြီးမားသည့် တွင်းနက်တစ်ခု ပေါ်ထွက်လာ၏။

ရန်သူ၏စွမ်းအားကို စုပ်ယူ၍ မရရုံသာမက ယုံကြည်မှုစွမ်းအား အပါအဝင် မိမိ၏ စွမ်းအားအကုန် ထိုတွင်းနက်ထဲ ထိန်းချုပ်၍မရဘဲ တစ်ဟုန်ထိုး သွားနေသည်ကို သိသွားသည့်အခါ စီကာလီ ထိတ်လန့်သွားခဲ့သည်။

All Chapters