← Chapters

ယဇ်ပလ္လင်

Vol. 36 Ch. 528

ယဇ်ပလ္လင်

Vol. 36 Ch. 528

[ ဟဲရာဘီးပိုင်နက်] အတွင်း၌ ကြောက်မက်ဖွယ်ရာ တွင်းနက်က ပတ်ပတ်လည်မှ အရာအားလုံးကို ကသုတ်ကရက်နှင့် ဝါးမျိုနေသည်။ အစောင့်အချို့များနှင့် နောက်ပိုင်းမှ ခန်းမထဲသို့ ဝင်ရောက်လာသည့် အကြောက်တရား ကင်းမဲ့သော စစ်သည်များက အလောင်းပါမကျန် တွင်းနက်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

စီကာလီက တိုက်စစ် ခံစစ် ဒါဇင်ကျော်ခန့်ကို အဆက်မပြတ် ပြုလုပ်သည်။ သို့သော် တစ်ခုမှ ထိုကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်းစွမ်းအားကို မတားဆီးနိုင်ပေ။ တွင်းနက် ဝါးမျိုနေသည်မှာ သာမန်စွမ်းအားမဟုတ်ဘဲ သူ နှစ်ပေါင်းများစွာ စုစည်းထားခဲ့သော ယုံကြည်မှုစွမ်းအားကို ဖြစ်နေ၏။

ယုံကြည်မှုစွမ်းအားက စီကာလီ သာမန်နတ်ဆိုးဧကရာဇ်အဆင့် နတ်ဆိုးအရှင်သခင်အဆင့်သို့ တစ်ဟုန်ထိုး တိုးတက်သွားစေခဲ့ပြီး ၅နှစ်အတွင်းမှာပင် ကနဦးပိုင်းကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။ သိပ်မကြာခင်က သူက အလတ်ပိုင်းသို့ အဆင့်တက်သွားဟန်တူသည်။ ထိုအဆင့်သို့ ၅နှစ်အတွင်း‌ ရောက်နိုင်သည့်အတွက် သူ့ကို ပါရမီရှင်ဟုခေါ်ခြင်းမှာ ချဲ့ကားခြင်း မဟုတ်ပေ။ ဟဲရာဘီး၏ အထူးလုပ်ဆောင်ချက်နှင့် “ဆရာသခင်” တစ်ယောက်မှ လက်ဆောင်ကြောင့် နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်ရှိရန်မှာ အနှေးနှင့်အမြန်သာ ဖြစ်သည်။ သူက ဒဏ္ဍာရီလာ နတ်ဘုရား-တစ်ပိုင်း အဆင့်သို့ပင် ‌ရောက်ရှိရန် အခွင့်အရေး ရနိုင်သည်။

စီကာလီက အမြဲပင် သိုသိုသိပ်သိပ်နေပြီး နှစ်ဖက်ခွကာ မြို့တော်ကို စိတ်ရှုပ်စေသည်မှာ အနာဂတ်၌ ထိုးတက်ပြီး နတ်ဆိုးဘုံတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည် အထိ ပြင်ဆင်ထားချင်၍ ဖြစ်ပေသည်။ အစီအစဉ်တစ်ခု အောင်မြင်သည်နှင့် အမှောင်လဖြစ်ဖြစ်၊ အိုဆိုင်ဒန်ဖြစ်စေ စီကာလီကို အညံ့ခံရမည် ဖြစ်သည်။ ကြယ်ကြွေတမန်အင်ပါယာသာမက နတ်ဆိုးဘုံတစ်ခုလုံးပင် သူ့ကို ဦးညွှတ်ရပေမည်။

စီကာလီက ယနေ့တွင် ထိုကဲ့သို့ ရန်သူမျိုးနှင့် ရင်ဆိုင်တွေ့ရမည်ဟု မထင်ထားခဲ့ဘဲ သူ ခက်ခက်ခဲခဲနှင့် စုဆောင်းထားခဲ့သော ယုံကြည်မှုစွမ်းအားက အမှန်တကယ်ပင် ရန်သူ၏ “စားစရာ” ဖြစ်သွားခဲ့လေသည်။

ခန်းမထဲမှ အလင်းရောင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ဖြောင့်မတ်နေသော တိုင်လုံးကြီးများကလည်း တွင်းနက်၏ ကြောက်မက်ဖွယ်ရာ ဝါးမျိုအားကြောင့် ကွေးသွားခဲ့သည်။ ပုံရိပ်မှာ အလွန်ပင် ထူးဆန်းလှပြီး ပိုင်နက်တစ်ခုလုံးက အဆက်မပြတ် စတင်တုန်ခါလာသည်။

စီကာလီ၏နှလုံးသား ပို၍ပင် တုန်လှုပ်သွား၏။ ဟဲရာဘီး၏ သူ၏ အကြီးမားဆုံး မှီခိုအားထားရာဖြစ်ကာ အလွန်ကြီးမားသော လျို့ဝှက်ချက်တစ်ခုအတွက် အရေးပါသော စွမ်းအားအရင်းအဖြစ်တစ်ခုလည်း ဖြစ်သည်။ ယခုတွင် သူက ဟဲရာဘီးကိုပင် ဆုံးရှုံး ပေတော့မည်ဖြစ်ရာ မည်သည့်အတွက်ကြောင့် နှလုံးသား မကြေကွဲဘဲ နေနိုင်မည်နည်း။

တွင်းနက်က အရာအားလုံးကို ဝါးမျိုနေဟန်တူသည်။ [ ဟဲရာဘီးပိုင်နက် ] စွမ်းအားက အဆုံးစွန်အထိ မှေးမှိန်နေပြီ ဖြစ်သည်။ စီကာလီ ဘာမှ မလုပ်နိုင်တော့ပေ။ ယခုအချိန်တွင် သူလုပ်နိုင်သောအရာ တစ်ခုတည်းမှာ ထိုတွင်းနက်၏ ဝါးမျိုခြင်းကို မခံရရန်အတွက် ကိုယ်ကိုယ့်ကိုယ် ကာကွယ်ရန်သာ ဖြစ်သည်။

“ဝုန်း....”

အပြင်းအထန် တုန်ခါမှုများပြီးနောက်တွင် အလွန်ကြီးမားသော ခန်းမက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ မြေပြင်ပေါ်မှ တိုင်လုံးများနှင့် အဆောက်အအုံများ ပျောက်ကွယ်သွားသည်။ နောက်ဆုံး၌ တွင်းနက်က တဖြည်းဖြည်း ကျုုံ့သွားပြီးနောက် ဝါးမျိုခြင်းစွမ်းအားလည်း အလျင်အမြန် အားနည်းသွားတော့သည်။

“မဖြစ်ရဘူး။” စီကာလီက နှလုံးသားကွဲကြေသော အော်သံတစ်သံ ပြုလုပ်လိုက်ပြီး သူ၏ ဒွါရပေါက်များမှာ သွေးများယိုကျလာတော့သည်။ သူ၏ပိုင်နက်နှင့် ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းမှာ ဟဲရာဘီးနှင့် ပေါင်းစည်းထားခြင်း ဖြစ်သည်။ ယခုတွင် ဟဲရာဘီးက လုံးဝ ဝါးမျိုခံလိုက်ရပြီ ဖြစ်သည့်အတွက် သူ၏ယုံကြည်မှုစွမ်းအား ပျောက်ကွယ်သွားရုံ သာမက ခန္ဓာကိုယ်နှင့် ဝိညာဉ်သည်ပင် အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ ထိုဒဏ်ရာများနှင့်စာလျှင် ပို၍ သိသာထင်ရှားသည်မှာ သူ၏ စိတ်တွင်းမှ အကြောက်တရားနှင့် နောင်တတရားပင် ဖြစ်သည်။ စွမ်းအားနှင့်နေရာ ထိပ်ဆုံးသို့ တက်လှမ်းရန် မျှော်လင့်ချက်နှင့် လျို့ဝှက်ဆန်းကြယ်သော သခင်၏ အမိန့် ...... အားလုံး ပြီးဆုံးသွားလေပြီ။

တွင်းနက်ပျောက်ကွယ်သွားပြီးနောက် အနက်ရောင်ချပ်ကာနှင့် ကြောက်စရာ ရန်သူက စီကာလီအရှေ့တွင် ပေါ်ထွက်လာသည်။ မျက်နှာကာနောက်မှ ထူးဆန်းသော မျက်လုံးနှစ်လုံးကို ကြည့်လိုက်သောအခါ ဝိညာဉ်ပင် သုတ်သင်ခံရသည့် ခံစားချက်ကို စီကာလီ ခံစားလိုက်ရသည်။ သူ ကြောက်လန့်တကြား ဖြစ်နေစဉ် အနက်ရောင် ချပ်ကာက မူလ ကြယ်ရောင်ပုံစံသို့ ပြန်ပြောင်းသွားသည်။ သူ၏မျက်လုံးထဲမှ ဖျက်ဆီးခြင်း အငွေ့အသက်သည်လည်း ပျောက်ကွယ်သွားပြီး ဓားသွားကဲ့သို့ ‌ဒေါသ အဖြစ် ပြောင်းလဲသွားသည်။

ထိုအချိန်၌ ချန်လွေ့ ဒေါသထွက်သွားရသည်မှာ အဓိကအားဖြင့် အသူရာကြောင့် ဖြစ်သည်။ သူ [ တော်ဝင်ကြယ်အသွင်ပြောင်း ] ကို အသုံးပြုတိုင်း အသူရာ၏ စိတ်စွမ်းအား ကြီးကြီးမားမား တိုးမြှင့်သွားကာ ဖိနှိပ်ရန်ခက်ခဲသည်။ ယခုတစ်ခေါက်က သူက စိတ်ထဲ၌ ပြင်ဆင်ထားသော်လည်း စိတ်စွမ်းအားကို လောင်ကျွမ်းစေပြီး အမှန်တကယ် ထွက်လာမည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။

စိတ်စွမ်းအားကို လောင်ကျွမ်းစေခြင်းမှာ အသက်ဓာတ်ကို လောင်ကျွမ်းစေခြင်းနှင့် ဆင်တူသည်။ အသူရာက ယုံကြည်မှုစွမ်းအား ပါဝင်သော ဟဲရာဘီးကို တစ်ခါတည်း ဝါးမျိုရန်အတွက် ခန္ဓာကိုယ်ကို ယာယီလွှမ်းမိုးရန် ထိုကဲ့သို့ ကြံမိကြံရာ နည်းလမ်းကို အသုံးပြုခဲ့ဖြင်း ဖြစ်သည်။

ဟဲရာဘီးကို ဝါးမျိုခဲ့သော အသူရာက အသိစိတ်ထဲ၌ ကြီးကြီးမားမား ဆုတ်ယုတ်မှု တစ်ခုဖြစ်သွားပြီး အိပ်မောကျသွားဟန်တူကြောင်း ချန်လွေ့ အာရုံခံမိသည်။ သူက အချိန်တစ်ခုအထိ ထွက်လာပြီး ပြဿနာ မရှာလောက်တော့‌ပေ။ သို့သော်လည်း ချန်လွေ့က စိတ်ထဲ၌ ပို၍ပို၍ မသက်မသာ ခံစားရလာသည်။ အသူရာက ငတုံး မဟုတ်ပေ။ ဟဲရာဘီးကို ဝါးမျိုရန်အတွက် ထိုကဲ့သို့ ကြီးကြီးမားမား ပေးဆပ်ခဲ့သည့်အတွက် သူ တစ်ခုခုကို ကြံစည်နေရပေမည်။

ရုတ်တရက် ချန်လွေ့သည် နီရိုကို တိုက်ခိုက်နေစဉ် အသူရာ၏ နီရို၏ အသွေးအသားနှင့် စွမ်းအားကို ဝါးမျိုခဲ့သော်လည်း နီရိုထံမှ စုပ်ယူခဲ့သော နတ်ဆိုးအရှင်သခင်အဆင့်စွမ်းအားမှာ [ ကြယ်ကူးပြောင်းခြင်း ] သို့မဟုတ် သူ၏ခန္ဓာကိုယ်ကို အသုံးမပြုခဲ့ဘဲ ပျောက်ကွယ်သွားကြောင်း သတိရလိုက်သည်။ ခုနက ဝါးမျိုခဲ့တဲ့ နတ်ဘုရား-တစ်ပိုင်း စွမ်းအားလည်း အတူတူပဲ။ ဒါက လျို့ဝှက် အန္တရာယ်ကြီး တစ်ခု ဖြစ်နေမှာ ငါ စိုးမိတယ်။

ထိုအတွေးများက ချန်လွေ့၏စိတ်ထဲ၌ ခဏသာ ပေါ်လာသည်။ ယခုတွင် အရေးပါသော ရန်သူတစ်ယောက်ကို ဖြေရှင်းရန် ရှိနေသေးသည့်အတွက် ၎င်းကို စဉ်းစားရန် အချိန်မရှိပေ။

ချန်လွေ့၏စိတ် ‌ရွှေ့ပြောင်းသွားသောအခါ မရေတွက်နိုင်သော အရည်လဲ့ကြယ်များ စီကာလီ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ပေါ်ထွက်လာကာ စီကာလီ၏စွမ်းအား သိသိသာသာ လျော့ကျသွားခဲ့သည်။ အကြောက်တရားကင်းမဲ့သော စစ်သည်များကို ရင်ဆိုင်သောအခါ၌ ထိုထူးဆန်းသောပိုင်နက်ကို ချန်လွေ့ အသုံးပြုခဲ့ကြောင်း စီကာလီ မြင်ခဲ့ဖူးသည်။ သို့သော်လည်း ၎င်းတွင် ထိုကဲ့သို့ ပြင်းထန်‌သော အားလျှော့ခြင်း သက်ရောက်မှု ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏ ဒဏ်ရာအပြင်းအထန် ရထားသော ခန္ဓာကိုယ်က ခုခံရန် အတော်‌လေး ခက်ခဲလှသည်။ စီကာလီ တုံ့ပြန်မည်ကို မစောင့်ဘဲ ချန်လွေ့၏ တိုက်ခိုက်မှု ရောက်ရှိလာကာ ပေါင်းစည်းစွမ်းအားက အလွန်ကြီးမားသော လှိုင်းတစ်ခုသဖွယ် ပေါက်ကွဲထွက်သွားသည်။ စီကာလီ ရွေးစရာမရှိတော့ဘဲ [မီးတောက်နက်]ကို အသက်သွင်းကာ လက်ဖြင့် ခုခံလိုက်သည်။ ယုံကြည်မှုစွမ်းအားနှင့် [ဟဲရာဘီးပိုင်နက်] ဆုံးရှုံးထားမှုကြောင့် သူ၏စွမ်းအား ကြီးကြီးမားမား လျော့ကျနေပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ထိုလက်သီးချက်ကြောင့် တုန်လှုပ်သွား၏။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲ၌ အဆက်မပြတ် ပေါက်ကွဲသံများ ထွက်လာသည်။ သူ၏ ချပ်ကာအနီလည်း အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။ ယခုတစ်ခေါက်တွင် ယခင်ကဲ့သို့ အလိုလို ပြန်ကောင်းရန် မဖြစ်နိုင်တော့ပေ။

စီကာလီက သူ၏လက်ရှိအခြေအနေဖြင့် ရန်သူ၏ပြိုင်ဘက် သေချာပေါက် မဟုတ်ကြောင်းကို သိသည်။ သူ အံကြိတ်လိုက်ပြီးနောက် သူ၏လက်ထဲတွင် သွေးနီရောင် ပန်းပွင့်အဖြစ် ချက်ချင်းပွင့်သွားသော ဖောက်ထွင်းမြင်ရသည့် အနီရောင် သလင်းကျောက် အစေ့တစ်စေ့ ပေါ်ထွက်လာသည်။

အဲဒီ ပန်းပွင့်.... ။ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း အမွေအနှစ် စမ်းသပ်ချက်ကို ကြုံတွေ့ခဲ့ပြီးသော ချန်လွေ့အတွက် ထိုပန်းပွင့်မှာ အတော်လေး ရင်းနှီးလွန်းလှသည်။ ထို့ပြင် ယခင်က ထိုကဲ့သို့ “ပန်းပွင့်”မျိုး သူ့တွင် ရှိခဲ့ဖူးသည်။ ဒီပန်းပွင့်ထုတ်လွှတ်တဲ့ ထူးဆန်းတဲ့ အငွေ့အသက်ကို ကြည့်ရရင် ဒါက တကယ့် အသူရာချောက်နက်ပန်းပဲ။

စမ်းသပ်ချက်အတွင်း နောက်ဆုံးတိုက်ပွဲမြင်ကွင်းက ချန်လွေ့၏ စိတ်ထဲ၌ ပေါ်ထွက်လာသည်။ အဆုံးမဲ့သော မကောင်းဆိုးဝါးပင်လယ်၊ အမြုံ၊ မီးလျှံနတ်ဆိုး အမျိုးသမီး၊ အသူရာချောက်နက်လော့ဒ်.....။ ချန်လွေ့ သိမ့်သိမ့်တုန်သွားမိသည်။ ထိုအချိန်၌ စီကာလီ၏ လက်ထဲမှ ထူးဆန်းသော အနီရောင်ပန်းတစ်ပွင့် ကွဲထွက်သွားသည်။ အနီရောင်မြူတစ်ခုက သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ သူ၏ခန္ဓာကိုယ် စတင်တွန့်လိမ်ပြီး အလျင်အမြန် ရောင်ကိုင်းလာသည်။ ထို့နောက် သူက သားရဲတစ်ကောင် ကဲ့သို့ပင် ဟိန်းဟောက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုးတစ်ပိုင်း သားရဲတစ်ပိုင်း မကောင်းဆိုးဝါးက ချန်လွေ့၏အရှေ့တွင် ပေါ်ထွက်လာသည်။ ထိုမကောင်းဆိုးဝါးက ၂မီတာ မြင့်မားပြီး မျက်လုံးအနီရောင်ရှိကာ စီကာလီ၏ အငွေ့အသက်များ အနည်းငယ် ရှိနေသည်။ ထက်မြက်သော အရိုးဆူးချွန်များရှိနေသည့် သူ၏လက်က မြေပြင်ကိုပင် ထိလုနီးပါး ဖြစ်နေပြီး သူ၏ အနက်ရောင် အရေပြားမှာ မီးတောက်ကဲ့သို့ အနီရောင်အလင်းတစ်ခု ထွက်လာနေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ပေါက်ကွဲသော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသည်။

ထိုမကောင်းဆိုးဝါးကို သွေးရူးတန်းရူးနှင့် ဟိန်းဟောက်ပြီး လက်ထဲ၌ ကြောက်မက်ဖွယ်ရာ မီးတောက်များနှင့်အတူ ချန်လွေ့ဆီ ပြေးလာသည်။ ချန်လွေ့ ကြောက်မနေပေ။ လှိမ့်တက်နေသော ပေါင်းစည်းစွမ်းအား ပြောင်းလဲသွားပြီး လှိုင်းကဲ့သို့စွမ်းအားက ရေကန်ကဲ့သို့ နူးညံ့မှုအဖြစ် ပြောင်းလဲသွားကာ သူ့ကို တည်တည်ငြိမ်ငြိမ်နှင့် ကြိုဆိုလိုက်သည်။

အသူရာချောက်နက်ပန်းကို အသုံးပြုပြီး စီကာလီ သန္ဓေပြောင်းသွားပြီးနောက်တွင် သူ၏စွမ်းအားက ပြိုင်ဘက်ထက် သာသင့်သည်။ အထူးသဖြင့် သူ၏ တိုက်ခိုက်ရေး စွမ်းအားက အလွန်အမင်း သန်မာလှသည်။ ရန်သူ၏ နည်းလမ်းများ ထူးဆန်းသည့်တိုင် စီကာလီ သေချာပေါက် အနိုင်ရပေရမည်။ သို့သော်လည်း ရန်သူ၏ ခုခံသော နည်းလမ်းများက အလွန်အမင်း လျို့ဝှက်ဆန်းကြယ်လှသည်။ ထိုပေါက်ကွဲမှုစွမ်းအားက အဆုံးမရှိသော ငြိမ်သက်မှုတစ်ခုထဲ ကျသွားသလို ဖြစ်သွားသည်။ သူ၏စွမ်းအား ချုပ်ထိန်းခံလိုက်ရပြီး အလွန်အမင်း ဒေါသထွက်သွားစေသည်။

အသူရာချောက်နက်မိသားစု မဟုတ်သူများအတွက် အသူရာချောက်နက်ပန်းက စွမ်းအားပိုကြီးစေနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးများမှာ အလွန်ကြီးမားလှသည်။ ခန္ဓာကိုယ်နှင့် ဝိညာဉ်တွင် အချိန်တိုအတွင်း ပြန်ပြင်ဆင်ရန် ခက်ခဲသော ဒဏ်ရာများ ရရှိပေလိမ့်မည်။ ထို့ပြင် သူတို့၏ခွန်အားလည်း ကြီးကြီးမားမား လျော့ကျသွားပေမည်။

စီကာလီက အသူရာချောက်နက်ပန်းကို အသုံးချပြီး ဟဲရာဘီးကို ဝါးမျိုခဲ့သည့် ရန်သူအား သခင်ထံ ရှင်းပြရန်အတွက် အသည်းအသန်ဖမ်းဆီချင်ခဲ့သည်။ သို့သော်လည်း မမျှော်လင့်ဘဲနှင့် သူက အရေးနိမ့်နေသည်။ သူ၏အရှေ့မှ ရန်သူသည် နှစ်ပေါင်းသောင်းချီ ပျောက်ကွယ်သွားသည့် အသူရာချောက်နက်မိသားစုနှင့် တိုက်ခိုက်ရေးအတွေ့အကြုံ ကြွယ်ဝလိမ့်မည်ဟု သူမည်သို့ ထင်ထားမည်နည်း။ ထို့ပြင် ချန်လွေ့က ရှေးဟောင်း သက်ရှိအဖွဲ့အစည်း၏ ဝိညာဉ်ကိုပင် ဆက်ခံထားရာ အသူရာချောက်နက် မကောင်းဆိုးဝါးများ၏ အားနည်းချက်များကို ကောင်းကောင်း နှံ့စပ်လေသည်။

ချန်လွေ့ အသုံးပြုခဲ့သော ပျော့ပျောင်းသည့် စွမ်းအားမှာ ယခင် သလင်းကျောက်တောင်ကြား တိုက်ပွဲ၌ ကတ်သရင်း၏ သိမ်မွေ့သော လွှမ်းမိုးမှုနှင့် ဖယ်ရှားခြင်းတို့ကို အတုခိုးထားခြင်း ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းအားအရ ၎င်းသည် လှိမ့်တက်သော ‌ပေါင်းစည်းစွမ်းအားကဲ့သို့ အစွမ်းမထက်လှသော်လည်း ရန်သူကို ခုခံပြီး ချုပ်ထိန်းရာ၌ နည်းလမ်းကောင်းတစ်ခု ဖြစ်ပေသည်။ စီကာလီ၏တိုက်ခိုက်သောပုံစံနှင့် အငွေ့အသက်မှာ ဒေါသအိုး နတ်ဆိုးများနှင့် အတော်လေး ဆင်တူသည်။ သန္ဓေပြောင်းခြင်းလည်း ဆင်တူသည်။ စမ်းသပ်ချက် နေရာလွတ်အတွင်း၌ ချန်လွေ့က ထိုကဲ့သို့ ပျော့ပျောင်းသောစွမ်းအားနှင့် ပေါင်းစည်း စွမ်းအားကို အသုံးပြုကာ ဒေါသအိုးနတ်ဆိုး ‌ဒါဇင်ခန့်ကို သတ်ပစ်ခဲ့ဖူးသည်။ ထို့ကြောင့် ယခု စီကာလီကို ရင်ဆိုင်ရန် အသုံးပြုရာတွင် ရင်းနှီးပြီး အသုံးဝင်နေခြင်း ဖြစ်သည်။

မိမိတွင် အကြွင်းမဲ့စွမ်းအားမရှိလျှင် ကိုယ်ပိုင် “စွမ်းအား”ဖြင့် ရန်သူကို “စွမ်းရည်များ”ကို သေချာပေါက် ဖောက်ထွက်နိုင်မည်မဟုတ်ကြောင်း သိသည့်အတွက် စီကာလီက တိုက်ခိုက်နေရင် ပိုမိုစိုးရိမ်လာသည်။ ပို၍ဆိုးရွားသည်မှာ ယခုအတိုင်း ဆက်သွားမည်ဆိုလျှင် အသူရာချောက်နက်ပန်း၏ အချိန်အကန့်အသတ် ကုန်ဆုံးသွားမည် ဖြစ်သည်။ ထို့အချိန်၌ သူ၏စွမ်းအား ကြီးကြီးမားမား လျော့ကျသွားပြီး အသတ်ခံရမည် ကိုသာ စောင့်ဆိုင်းနေရပေတော့မည်။

ထိုအကြောင်းကို စဉ်းစားရင်း စီကာလီ ကြောက်လန့်သွားသည်။ ရုတ်တရက် သူက နောက်ပြန်ဆုတ်ချင်စိတ် ပေါ်လာသည်။ စီကာလီ စိတ်ပြန့်လွင့်နေစဉ် ချန်လွေ့၏ စူးရှသော စိတ်စွမ်းအားက ဟာကွက်ကို တွေ့သွားသည်။ အားကို ဖယ်ရှားပြီးနောက် သူက ခုခံသည့်ပုံစံကို တိုက်ခိုက်သောပုံစံအဖြစ် ပြောင်းလိုက်သည်။ [ အရှိန်အဝါဓားသွား ] က စီကာလီ၏ပုခုံးကို ထိသွားသည်။ စီကာလီ၏ လက်မောင်းက သန္ဓေပြောင်းပြီးတော့ ပိုမိုမာကျောသွားသော်လည်း စွမ်းအားနည်းနေရာ ထိုတိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။ သူ၏လက်မောင်းတစ်ခုလုံးက အရေပြားအပေါ်ယံလွှာတစ်ခုသာ ကျန်တော့ကာ လုံးဝ ပြန်လုနီးပါး ဖြစ်သွားခဲ့သည်။ သူက လက်မောင်းကို ဖုံးထားပြီး ခန်းမထဲမှ အားကုန် ထွက်ပြေးသွားတော့သည်။

ချန်လွေ့သည် တရားခံကို အလွတ်ပေးမည် မဟုတ်ပေ။ သူက စီကာလီနောက်သို့ အနီးကပ် လိုက်သွားသည်။ သူတို့၏အမြန်နှုန်းမှာ အလွန်မြန်လှပြီး လမ်းတစ်လျှောက်ရှိ အစောင့်များက သူ့ကို တားဆီးချိန် မရှိခဲ့ပေ။ စီကာလီက ကြောက်လန့်တကြားနှင့် ပြေး၍ရသမျှ နေရာတိုင်းကို ပြေးနေခဲ့သည်။ သူက လိုဏ်ဂူအပြင်ဘက်သို့ ထွက်မပြေးဘဲ စခန်းအတွင်းနက်နက်ထဲသို့သာ ဆက်လက်ပြေးနေသည်။

ထွက်ပြေးနေရင်း စီကာလီက အသူရာချောက်နက်ပန်း၏ သက်ရောက်မှု အလျင်အမြန် ကွယ်ပျောက်လာသည်ကို ခံစားမိသည့်အခါ ပို၍ပင် ထိတ်လန့်သွားသည်။ သူ ထိန်းချုပ်၍မရဘဲ လမ်းတစ်လျှောက်လုံး ပြေးသွားခဲ့သည်။

ချန်လွေ့က စီကာလီနောက်လိုက်နေရင်း အလွန်ကြီးမားသော လိုဏ်ဂူတစ်ခုထဲသို့ ရောက်သွားသည်။ အံ့အားသင့်စွာပင် ထိုလိုဏ်ဂူမှာ အမှန်တကယ် လမ်းဆုံးတစ်ခု ဖြစ်နေသည်။ အလင်းရောင်မှာလည်း မှိန်နေသည်။ အလယ်တွင် စင်မြင့်တစ်ခု ရှိနေပြီး ယဇ်ပလ္လင်တည်ဆောက်ပုံ တစ်ခုခု ဖြစ်ဟန်တူသည်။ လိုဏ်ဂူတစ်ခုလုံးတွင် ပြင်းထန်သော သွေးနံ့များ ပြည့်နှက်နေခဲ့သည်။

စီကာလီက ယဇ်ပလ္လင်သို့ အသည်းအသန် ထွက်ပြေးသွားသည်။ မမျှော်လင့်ဘဲနှင့် သူ၏အမြန်နှုန်း ရုတ်တရက် နှေးသွားပြီး သူ၏သန္ဓေပြောင်းခန္ဓာကိုယ်လည်း မူလအတိုင်း ပြန်ဖြစ်သွားသည်။ အသူရာချောက်နက်ပန်း၏ မူလအာနိသင် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ စီကာလီ အော်ငိုချင်သော်လည်း မျက်ရည်များ ထွက်မလာပေ။ သူ တုံ့ပြန်ရန် အချိန်မရခင်မှာပင် ချန်လွေ့၏ပုံရိပ်က သူ့နောက်တွက် ချက်ချင်း ပေါ်ထွက်လာကာ သူ၏လည်ပင်းကို လက်ဓားဖြင့် ခုတ်ထည့်လိုက်သည်။

စီကာလီ၏ စွမ်းအား ကြီးကြီးမားမား လျော့ကျသွားလေပြီ။ သူက အသံပင် မထွက်နိုင်ဘဲ သတိလစ်သွား၏။ သူ၏ပုခုံးဒဏ်ရာကို မဖိနှိပ်နိုင်တော့ဘဲ သွေးများက မြေပေါ်သို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ ချန်လွေ့က ထိုလိုဏ်ဂူ၏ ထူးဆန်းမှုကို ခံစားလိုက်မိသည်။ သူက စီကာလီကို ဆွဲကိုင်ပြီး ထွက်သွားရင် ပြင်လိုက်စဉ် လိုဏ်ဂူထဲမှ အလင်းရောင် တဖြည်းဖြည်း တောက်ပလာသည်။ မြင်ကွင်းက မူမမှန်ပြောင်းလဲသွားပြီး နေရာအနှံ့၌ အငွေ့ပျံသွားသော သွေးများ လှိမ့်တက်လာပြီး ကြောက်မက်ဖွယ်ရာ သွေးမြစ်တစ်ခုကဲ့သို့ပင် ဖြစ်သွားသည်။

ပုံရိပ်ယောင်လား။ ချန်လွေ့က စိတ်ကို ခပ်မြန်မြန် အာရုံစိုက်လိုက်သော်လည်း သွေးမြစ်က ပျောက်ကွယ်သွားရမည့်အစား ပြောင်းလဲသွားပြန်သည်။ သွေးမြစ်က သွေးနီရောင် ချော်ရည်အဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်လေထုက မွန်းကျပ်သော ဖိနှိပ်မှုများနှင် ပြည့်နှက်သွားသည်။ ချန်လွေ့၏ အမြင်အာရုံသည်ပင် မြင့်မားသော အပူချိန်ကြောင့် ဝေဝါးနေသည်။

ထိုကဲ့သို့ ရင်းနှီးသော မြင်ကွင်းများကို မြင်ပြီး စီကာလီ၏ ယခင်အခြေအနေကို တွေးမိသွားကာ ချန်လွေ့၏ အမူအရာ နောက်ဆုံး၌ ပြောင်းလဲသွားခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်း အငွေ့အသက်တစ်ခုက ကျူးကျော်သူကို ရှာတွေ့သွားသကဲ့သို့ပင် အဝေးမှ တစ်ဟုန်ထိုး တက်လာသည်။

All Chapters