← Chapters

အသူရာချောက်နက်လော့ဒ် နှင့် စေတန်

Vol. 36 Ch. 529

အသူရာချောက်နက်လော့ဒ် နှင့် စေတန်

Vol. 36 Ch. 529

ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းအငွေ့အသက် လှိမ့်တက်လာ၏။ ချန်လွေ့၏ လက်ရှိ စိတ်ဝိညာဉ်စွမ်းအားအဆင့်ဖြင့် ထိုအငွေ့အသက်တွင် တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော အမုန်းတရား ပါဝင်နေကြောင်း သေသေချာချာ ခံစားမိသည်။

မီးတောက်များ ဖုံးလွှမ်းနေသော မဟာဓားတစ်လက် ကိုင်ထားသည့် ကြောက်မက်ဖွယ် ပုံရိပ်တစ်ခုက ချန်လွေ့၏ မှတ်ဉာဏ်ထဲ ပေါ်ထွက်လာပြီး သူ သိမ့်သိမ့်တုန်သွားသည်။

ဒါက နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်ကိုတောင် ချက်ချင်း သတ်နိုင်တဲ့ ကြောက်စရာ တည်ရှိမှုတစ်ခုပဲ။

ရှေးဟောင်း အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်းမှာ ပိုင်နက်တိုင်းပြည်က ဖန်တီးထားသော အိပ်မက်တစ်ခုဖြစ်သော်လည်း ၎င်းသည် အတိတ်မှ အသူရာချောက်နက် မိသားစုနှင့် အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်းအကြား တကယ့်စစ်ပွဲကို သရုပ်သကန်ပြုထား လေသည်။ အမှန်တကယ်တွင် အသူရာချောက်နက် မိသားစု စွမ်းအားမှာ ပုံရိပ်ယောင်ထဲမှထက် သာလွန်သည်။ အသူရာချောက်နက် ထက်အောက်စဉ်စနစ်၌ ထိပ်တန်းတစ်ဦး ဖြစ်သည့်အလျောက် မဟာဓားကိုင်ထားသော ကြောက်မက်ဖွယ်ရာ ပုံရိပ်က နတ်ဆိုးအရှင်သခင်တစ်ယောက်ကို ချက်ချင်းသတ်ပစ်နိုင်သောစွမ်းရည် ရှိသည်မှာ သေချာပေသည်။

ယခု ချန်လွေ့အရှေ့မှ ပေါ်ထွက်လာသည်မှာ ပုံရိပ်ယောင် မဟုတ်ပေ။ အတိအကျပြောရလျှင် ၎င်းမှာ ကျတ်တီးတောင်တန်းမှ လိုဏ်ဂူတစ်ခု မဟုတ်ဘဲ သလင်းကျောက်တောင်ကြား အောက်ခြေ၌ ချန်လွေ့ ကြုံတွေ့ခဲ့ရသည့် တကယ့် အသူရာချောက်နက်နှင့် ဆင်တူနေသည်။ ၎င်းကို သွေးနီရောင် ချော်ရည်များက ဝိုင်းရံထားပြီး ထွက်ပေါက်မရှိပေ။

ချန်လွေ့အတွက် တစ်ခုတည်းသော လွတ်လမ်းမှာ သလင်းကျောက်တောင်ကြားရှိ အသူရာချာက်နက်မှ ထွက်ပြေးသကဲ့သို့ပင် [ ကြယ်ဂိတ် ] ကို အသုံးပြုရန်သာ ဖြစ်သည်။ သို့သော်လည်း [ ကြယ်ဂိတ် ] ၏ အနီးဆုံးအမှတ်မှာ ငှက်တောင်ဖြူမြို့၌ ဖြစ်သည်။ ငှက်တောင်ဖြူမြို့သို့ သူပြန်သွားသည်နှင့် ယနေ့လုပ်ရပ်မှာ လုံးဝကျရှုံးသွားပြီ ဖြစ်သည်။ စီကာလီ နိုးလာသည်နှင့် ထိုအခြေစိုက်စခန်းကို သေချာပေါက်စွန့်ခွာပြီး နောက်တစ်ခါ ရှာတွေ့ရန် ခက်ခဲသွားမည် ဖြစ်သည်။ ထို့သို့ဆိုလျှင် ငှက်တောင်ဖြူနယ်မြေအတွက် အကြံအစည်တစ်ခုလုံး သဲထဲရေသွန် ဖြစ်သွားပေမည်။ ၎င်းသည် အမှောင်လ၏ သေရေးရှင်ရေးကိုပါ တည့်တည့် သက်ရောက်နိုင်သည်။

သိပ်မကြာခင်က ရှေ့မှ ဖျက်ဆီးခြင်း အငွေ့အသက်သည် အတော်လေး ဝေးနေဆဲ ဖြစ်သော်လည်း ချက်ချင်းပင် နီးကပ်လာသည်။ ချန်လွေ့က အံကြိတ်ပြီး [ ကြယ်ဂိတ် ] ကို အသက်မသွင်းခဲ့ပေ။ သူ၏လက်ထဲ၌ ထူးဆန်းသော မြွေပုံသဏ္ဌာန် ထွင်းထားသည့် အနီရောင်တံဆိပ်ပြားတစ်ခု ရှိသည်။ ၎င်းမှာ ဆက်ခ်ရက်တောင်တွင် သူ့ကို စေတန် ပေးခဲ့ခြင်း ဖြစ်သည်။

စေတန်၏ လက်ဆောင် တံဆိပ်ပြားနှင့် နတ်ဘုရား-တစ်ပိုင်းစွမ်းအား၏ တစ်စိတ်တစ်ပိုင်းမှာ စိတ်ကောင်းစေတနာဖြင့် မဟုတ်ကြောင်း ချန်လွေ့ သိသည်။ သို့သော် ယခုတွင် စေတန်ကို ဆင့်ခေါ်ခြင်းမှာ အကောင်းဆုံး အဖြေပင် ဖြစ်သည်။

ချန်လွေ့၏အရှေ့ မီတာ၂၀၀ခန့်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ချန်လွေ့၏ အမြင်ဖြင့် ၎င်းကို သေသေချာချာ မြင်နိုင်သင့်သော်လည်း ဝေဝါးနေ၏။ ၎င်းမှာ နောက်ကျောဘက်၌ အရိုးတောင်ပံရှိပြီး မဟာဓားတစ်လက် ကိုင်ထားသည်။ တစ်ခုတည်းသော ထင်ရှားသည့် ခံစားချက်မှာ ဝိညာဉ်ကိုပင် ဖျက်ဆီးပစ်နိုင်သော အမုန်းတရားမျိုး ဖြစ်သည်။

ဒါက တကယ် အသူရာချောက်နက်လော့ဒ်ပဲ။

ဟာကွက်နတ်ဆိုးဖြစ်ဖြစ်၊ ဒေါသအိုးနတ်ဆိုးပဲဖြစ်ဖြစ် အဆင်ပြေဦးမယ်။ မီးလျှံ စုန်းမနဲ့ တိုးရင်လည်း တိုက်ခိုက်ဖို့ စွမ်းအား ရှိသေးတယ်။ ဒါပေမဲ့ အခု ငါ့အရှေ့မှာ ရှိနေတာက နတ်ဆိုးအရှင်သခင်အဆင့် ဧရာမ သလင်းကျောက်သားရဲ ဒါဇင်လောက်ကို တစ်ချက်တည်း သတ်နိုင်တဲ့ကောင်ကြီး။

အသူရာချောက်နက်လော့ဒ်က [ သရုပ်ခွဲမျက်လုံး ] ၏ အကာအဝေးအတွင်း မရှိသည့်တိုင် ၎င်း၏ စွမ်းအားအကဲဖြတ်မှုသည် “အလွန်အမင်း အန္တရာယ်ရှိပြီး အမုန်းတရား အငွေ့အသက် တစ်ခုတည်းဖြင့် နေရာလွတ်နှင့် အကာအဝေးကို ဖြတ်သန်းနိုင်သည်” ဟူ၍ ဖြစ်လိမ့်မည်မှာ သေချာပေသည်။

ချန်လွေ့က တိတ်တဆိတ် ထိတ်လန့်သွား၏။ သူက လက်ထဲမှ မြွေခေါင်း တံဆိပ်ပြားပေါ်မှ ချက်ချင်းပင် စွမ်းအားကို စုစည်းလိုက်သည်။ တံဆိပ်ပြား အလယ်ဗဟိုက ရုတ်တရက် အနီရင့်‌‌ရောင် လင်းလက်သွားသည်။ ထို့နောက် အသာလေးဖိလိုက်ရာ တံဆိပ်ပြားတစ်ခုလုံး ကွဲကြေသွားတော့သည်။

ဖျက်ဆီးခြင်းအငွေ့အသက် ဝိုင်းရံနေသော ပုံရိပ်က အနားကပ်မလာဘဲ အဝေးမှနေ၍ ကျူးကျော်သူကို ကြည့်နေလိုက်သည်။ ဝေးကွာသော်လည်း မမြင်နိုင်သော သတ်ဖြတ်ချင်စိတ်နှင့် ဖိနှိပ်မှုတို့က ချန်လွေ့၏စိတ်ကို တုန်လှုပ်နေစေသေးသည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ရန်သူတစ်ယောက်ကို ရင်ဆိုင်ရသည့်အခါ သူ၏စိတ်ထဲ၌ အကြောက်တရားမရှိဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။ သို့သော်လည်း သူကြောက်နေလျှင် မြန်မြန်သေမည် ဖြစ်သည်။ ချန်လွေ့က စိတ်ကို လုံးဝ တည်ငြိမ်အောင် ထားလိုက်သည်။ သူ၏ S+ အဆင့် စိတ်ဝိညာဉ်စွမ်းအားကို အပြည့်အဝ အသက်သွင်းပြီး သူ၏စွမ်းအားအကုန်ကို သေခြင်းတရာအား ကိုယ်စားပြုနေသည့် ပုံရိပ်ပေါ်၌ အာရုံစိုက်ထားလိုက်သည်။

သူ၏စိတ်ထဲ၌ အလွန်အမင်း အန္တရာယ်များသော ခံစားချက်တစ်ခု ရုတ်တရက် လှိမ့်တက်လာပြီး အာရုံစုစည်းမှုမြင့်မားသော စိတ်ဝိညာဉ်စွမ်းအားက ထိုဖက်သို့ ကြောက်မက်ဖွယ်ရာ မဟာဓားလှိုင်းတစ်ခု ရောက်လာကြောင်း ခံစားမိလိုက်သည်။ သူ့ဖက်သို့ အမြန်ရောက်လာသော ပြင်းထန်သည့် သေခြင်းအငွေ့အသက်ပါဝင်သော ကြောက်မက်ဖွယ်ရာ ထက်မြက်လှသည့် ချီစွမ်းအင်ကို ခံစားမိလိုက်ပြီး သူ၏အမြင် ရုတ်တရက် ဝေဝါးသွားခဲ့သည်။ မြေပြင်ပါ်၌ အလွန်ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ လမ်းတစ်လျှောက်ရှိ ချော်ရည်ပူများကလည်း ကြောက်မက်ဖွယ်ရာ လေဖိအားကြောင့် ရေပန်းကဲ့သို့ပင် လွင့်စင်သွားခဲ့သည်။

အကယ်၍ ချန်လွေ့ကို ထိုဓားဖြင့် ခုတ်ပိုင်းမိသွားလျှင် သူ့တွင် [ အသစ်ပြန်ဖြစ်ခြင်း ] နှင့် [ နက္ခတ်သဏ္ဌာန် ] စွမ်းရည်များ ရှိသည့်တိုင် ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့က ထိုကြောက်မက်ဖွယ်ရာ ဓားချီစွမ်းအင်ကြောင့် လုံးဝ ချေမှုန်းခံလိုက်ရပေမည်။

ချန်လွေ့၏စိတ်ထဲ၌ အန္တရာယ်အချက်ပေးချက်တစ်ခု ဖြစ်လာနေစဉ် သူ၏လက်ထဲ၌ အချိန်အတော်ကြာ စုစည်းထားသော အလင်းရောင်တစ်ခု ရုတ်တရက် ပွင့်ထွက်လာသည်။ သူက ချက်ချင်းပင် ၎င်းကို သူ့အရှေ့၌ ကာကွယ်ရန် အသုံး ချလိုက်သည်။ ၎င်းမှာ သူ့အသက်ကို ကယ်တင်ရန် ကြိုတင်ပြုလုပ်ထားသော တိုက်ကွက် တစ်ခု ဖြစ်ပေသည်။ ထက်မြက်သော ချီစွမ်းအင်က သူထင်ထားသည်ထက် သူ့လက်ကို ပို၍မြန်မြန် ထိသွားပြီးနောက် ရပ်တန့်၍မရှိအောင် ကြီးမားလှသောဖိအားက သူ့တစ်ကိုယ်လုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားသည်။ ချန်လွေ့က ဖော်ပြ၍မရသော ကပ်ဘေးတစ်ခုကို ခံစားမိလိုက်ပြီး သူ၏စိတ်စွမ်းအားကို လက်ထဲ၌ အာရုံစိုက်လိုက်၏။ တောင်တန်းများကို ဖြတ်တောက်နိုင်လောက်သည့် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ထက်မြက်သော ချီစွမ်းအင်က လျို့ဝှက်ဆန်းကြယ်သည့် [ ကြယ်လမ်းလွှဲ ] အစွမ်းကြောင့် လမ်းကြောင်း ပြောင်းသွားခဲ့သည်။ အနီးအနားရှိ ကျောက်နံရံများနှင့် မြေပြင်များက ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် အက်ကွဲပြီး ပုံစံပျက်သွားတော့သည်။

အသူရာချောက်နက်လော့ဒ်၏ ရိုးရှင်းသော ဓားလှိုင်းတွင် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ရှိရုံသာမက နောက်ဆက်တွဲမှာလည်း မျှော်မှန်းထားသည်ထက် လွန်ကဲနေပြီး အဆက်မပြတ် ဖြစ်နေ၏။ [ ကြယ်လမ်းလွှဲ ] ၏ ၁၀စက္ကန့် အချိန်အကန့်အသတ် အဆုံးသတ်တော့မည်ဖြစ်ပြီး ထိုဓားစွမ်းအားက အားနည်းနိုင်ချေ မရှိတော့သည့်အတွက် ချန်လွေ့၏ အာရုံကြောများ ပို၍ပင် တင်းမာသွားခဲ့သည်။

ချန်လွေ့၏လက်ထဲမှ အလင်းရောင်သည် နောက်ဆုံး၌ ပျောက်ကွယ်သွားပြီး ဖျက်ဆီး၍ မရသော ထက်မြက်သည့် ချီစွမ်းအင်က ချန်လွေ့၏ခန္ဓာကိုယ်ကို တုံ့ဆိုင်းမှုမရှိဘဲ ချက်ချင်းပင် နှစ်ပိုင်းဖြတ်လိုက်သည်။ မဟုတ်ပေ။ ၎င်းသည် အပိုင်းပိုင်း ဖြစ်သွားခြင်း ဖြစ်သည်။ တိတိကျကျပြောရလျှင် ၎င်းမှာ မရေမတွက်နိုင်သော ယင်ကောင်များ ဖြစ်သည်။

နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ [ နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း ] ပေတည်း။

နတ်ဆိုးယင်ကောင်များ ပျံသန်းသွားပြီး ဓားအရှိန်အဝါ၏ ကြောက်မက်ဖွယ်ရာ အဝန်းအဝိုင်းကို ရှောင်တိမ်းပြီးနောက် ချန်လွေ့၏ ခန္ဓာကိုယ်အဖြစ် ပြန်လည် စုစည်းသွားသည်။ ထိုအချိန်၌ ကြောက်မက်ဖွယ်ရာ ဓားအရှိန်အဝါ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားလေသည်။

ဒါက မီတာ၁၀၀က ကြုံရာကျပမ်း ခုတ်ချက်လေး တစ်ချက်ပဲ။

ချန်လွေ့၏ မျက်နှာအမူအရာ ပို၍ လေးနက်သွားသည်။ အသူရာချောက်နက်လော့ဒ် စွမ်းအားက ငါထင်ထားတာထက် ကျော်လွန်နေတယ်။ ကတ်သရင်း၊ ပါ့ဂ်လီအိုနဲ့ အမှောင်ဒြပ်စင်ဘုရင်လိုမျိုး နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းတွေတောင် ငါ့ကို ဒီလို ကြောက်စရာကောင်းတဲ့ ဖိအားမျိုး မပေးနိုင်ခဲ့ဘူး။ ဧကန္တ အသူရာချောက်နက်လော့ဒ်ရဲ့ စွမ်းအားက .....

ဆက်ခ်ရက်တောင်တန်းက မိုင်ပေါင်းသောင်းနှင့်ချီ ဝေးကွာနေဆဲ ဖြစ်သည်။ ချန်လွေ့က စေတန်သည် မည်သည့်အချိန်နှင့် မည်သို့လာမည်ကို မသိသေးပေ။ ယခုတွင် သူက ထိုကဲ့သို့ ဆုံးဖြတ်လိုက်ပြီဖြစ်ရာ သူလုပ်နိုင်သော တစ်ခုတည်းသောအရာမှာ စောင့်ဆိုင်းနေပြီး ထိုကြောက်မက်ဖွယ်ရာ အသူရာချောက်နက်လော့ဒ်ကို ရင်ဆိုင်ရန် ဖြစ်ပေသည်။

ယခုတွင် အသက်ကယ်အစွမ်းနှစ်ခုဖြစ်သော [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] နှင့် [ ကြယ်လမ်းလွှဲ ] တို့ကို အသုံးပြုပြီးပြီ ဖြစ်သည့်အတွက် နောက်ထပ် ခုတ်ပိုင်းချက် ရောက်လာလျှင် ၎င်းကို ရှောင်ရန်နှင့် ခုခံရန် ချန်လွေ့ မသေချာတော့ပေ။

ထို့ကြောင့် သူက အရဲစွန့်ပြီး စတင်တိုက်ခိုက်ရန် ပြင်လိုက်သည်။

ချန်လွေ့၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် မြောက်မြားလှစွာသော ကြယ်ပွင့်များ ပေါ်ထွက်လာပြီးနောက် အမျိုးမျိုးသော ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများ ချက်ချင်း တိုးတက်သွားသည်။ [ ကြယ်စင်စုပိုင်နက် ] ကို သက်ရောက်မှုအချိန်အတွင် ထပ်ကာထပ်ကာ အသက်သွင်းနိုင်သည်။ တစ်ချိန်တည်းမှာပင် အနီးအနားရှိ ချစ်ချစ်တောက်ဖြစ်နေသော အပူကို အေးစက်မှုတစ်ခုက အစားထိုးသွားသည်။ ဆူပွက်နေသော ချော်ရည်ပူများက တဖြည်းဖြည်း တည်ငြိမ်သွားပြီး မယုံနိုင်စရာ ကောင်းလောက်အောင်ပင် အေးခဲသွားခဲ့ကာ အသူရာချောက်နက်လော့ဒ်ထံသို့ ရေခဲများ အလျင်အမြန် ပျံ့နှံ့လာတော့သည်။

ဝေးကွာနေသေးသော အသူရာချောက်နက်လော့ဒ်က မတိုက်ခိုက်သလို ခုခံခြင်းလည်း မပြုလုပ်ပေ။ ၎င်းက ပျံ့နှံ့လာသော ရေခဲကို စိုက်ကြည့်နေရင်း တစ်စုံတစ်ခုကို စဉ်းစားနေဟန်တူသည်။

ချန်လွေ့၏ခန္ဓာကိုယ်က မီးတောက်နက်များ လောင်ကျွမ်းနေပြီး မျက်စိ တစ်မှိတ်အတွင်းမှာပင် အနီရောင် ပြောင်းလဲသွားသည်။ အနီရောင်အလင်းထဲမှ အလွန်ကြီးမားသော မီးသင့်နဂါးတစ်ကောင် ဟိန်းထွက်လာပြီး အသူရာချောက်နက် လော့ဒ်ထံသို့ ကြမ်းကြမ်းတမ်းတမ်း ပြေးဝင်သွားသည်။ ၎င်း၏အဟုန်မှာ မယုံနိုင်စရာ ကောင်းလှသည်။

အသူရာချောက်နက်လော့ဒ် မလှုပ်ရှားသေးပေ။ မီးသင့်နဂါးက သူ၏ခန္ဓာကိုယ်နှင့် နီးကပ်လာသောအခါ အသူရာချောက်နက် လှုပ်ရှားလိုက်ကြောင်း ချန်လွေ့၏ အသိစိတ်က အာရုံခံမိလိုက်သည်။ ထို့နောက် မြေပြင်ပေါ်၌ စိုက်ဝင်နေသော မဟာဓားက ခဏတာ ပျောက်ကွယ်သွားပြီး ချက်ချင်းပင် မူရင်းနေရာသို့ ပြန်ရောက်လာသည်။

မီးသင့်နဂါး၏ ပြေးဝင်နေသော အရှိန်အဟုန် ရုတ်တရက် ရပ်တန့်သွားပြီး အချိန် အေးခဲသွားဟန် တူသည်။ နောက်ထပ် မျက်စိတစ်မှိတ် အတွင်းမှာပင် အလွန်ကြီးမားသော မီးသင့်နဂါး၏ခေါင်း ပြတ်သွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးက ဇစ်ဖွင့်လိုက်သလို ဖြစ်သွားပြီး မူမမှန်သော အကွေးကြောင်းများအဖြစ် သပ်သပ်ရပ်ရပ် ကွဲထွက်သွား၏။ [ဆောင်းပိုင်နက်] ကြောင့် အေးခဲသွားသော ရေခဲသည်လည်း အလျင်အမြန်ပင် စတင် အက်ကွဲလာကာ အက်ကွဲမှုအတိုင်း ပျော်ဝင်သွားသည်။ ၎င်းတို့ကို ဆူပွက်နေသော သွေးနီရောင် ချော်ရည်ပူများဖြင့် အစားထိုးသွား၏။

[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] အခြေအနေ၌ [ ကြယ်စင်စုပိုင်နက် ] နှင့် [ဆောင်းပိုင်နက်] ပေါင်းစည်းထားသော အစွမ်းအထက်ဆုံး [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] တိုက်ကွက် လုံးဝ ရှုံးနိမ့်သွားခဲ့ရသည်။ ကြောက်မက်ဖွယ်ရာ ဓားချီစွမ်းအင်က မီးသင့်နဂါးကို ချေမှုန်းပစ်ပြီးနောက် ချန်လွေ့ထံသို့ မီးတောက်လောင်လျက်ပင် အရှိန်ဖြင့် ရောက်ရှိလာသည်။

ဒီဓားရဲ့စွမ်းအားက အရင်တစ်ခေါက်ထက် အများကြီး ပိုသာတာပဲ။

ချန်လွေ့က စီကာလီနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် [ မီးသင့်နဂါး သတ်ဖြတ်ခြင်း ] သည် စွမ်းအားအမြောက်အမြား ကုန်ဆုံးစေခဲ့သည်။ [ တော်ဝင်ကြယ် အသွင်ပြောင်းခြင်း ] ကလည်း အရေးပေါ်အခြေအနေ ဖြစ်လာသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော ဒုတိယဓားချက်ကို ရင်ဆိုင်နေရပြီး [ ကြယ်လမ်းလွှဲ ] နှင့် [ နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း ] တို့ကို အသုံးပြု၍ ထပ်မရတော့သောကြောင့် အခြေအနေမှာ အလွန်အမင်း အရေးကြီးနေလေပြီ။ ကံကောင်းစွာပင် ချန်လွေ့တွင် နတ်ဆိုးဘုံရှိ အဆောင်ပစ္စည်း ၇မျိုးထဲမှ တစ်မျိုးဖြစ်သော ထင်ယောင်မှားနတ်ဆိုးဒိုင်း၏ “တစ်ဝက်” ရှိနေသေးသည်။

သူက စိတ်ကို စေစားလိုက်ရာ ရိုးရှင်းသော ပုံစံကွက်များရှိသည့် ရွှေအိုရောင် ဒိုင်းကာတစ်ခု ချန်လွေ့၏လက်ထဲ၌ ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌လည်း ဖောက်ထွင်းမြင်ရသော အပြာရောင် ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။ အကာအကွယ်ဒိုင်းကာ အသက်သွင်းလိုက်ချိန်တွင် လျင်မြန်လှပြီး ထက်မြက်သော ဓားချီစွမ်းအားက မီးသင့်နဂါးကို လုံးဝ အနိုင်ယူပြီးသွားလေပြီ။ ထို့နောက် ၎င်းက မရပ်တန့်ဘဲ အကာအကွယ်ဒိုင်းကာဆီသို့ နုတ်နုတ်စင်းပြီး ရွှေအိုရောင်ဒိုင်းကာကို အပြင်းအထန် ခုတ်ပိုင်းလိုက်သည်။

“ချွမ်း.....”

လေထဲမှ မမြင်နိုင်သော ထက်မြက်သည့် ဓားချီစွမ်းအားနှင့် ဒိုင်းကာ၏ တုန်ခါသံတို့ကြောင့် အနီးအနားမှ ချော်ရည်ပူများ လှိုင်းထသွားသည်။ ချန်လွေ့က သူ၏ခန္ဓာကိုယ်ကို တစ်စုံတစ်‌ယောက် ဆွဲခေါ်သွားသလို ခံစားလိုက်ရသည်။

နတ်ဆိုးဒိုင်းက ထိခိုက်မှုကို စုပ်ယူပြီး ခန္ဓာကိုယ်အင်အား ဖြည့်ပေးနိုင်သော်လည်း ထိုတိုက်ခိုက်မှု၏ ဖိအားက ကြီးမားလွန်းလှသည်။ ကြယ်ရောင်ချပ်ကာက ပထမဆုံး အကြိမ်အဖြစ် အက်ကွဲသွားသည်။ အပိုင်းအစများက လေထဲသို့ ပြန့်ကျဲသွားပြီး လမ်းတစ်လျှောက်သို့ ကွယ်ပျောက်သွားသည်။ ချန်လွေ့၏ခန္ဓာကိုယ်က အလွန်ကြီးမားသော အားကြောင့် မြောက်မြားလှစွာသော ချော်ရည်ပူထဲတွင် အတွန်းခံလိုက်ရသည်။ ၎င်းဖြတ်သွားသောနေရာတိုင်း ချော်ရည်ပူများက ဖိအားကြောင့် ခွဲထွက်သွားပြီး ကျောက်နံရံတစ်ခုသို့ရောက်မှသာ ရပ်တန့်သွားခဲ့သည်။

ချန်လွေ့၏ခန္ဓာကိုယ်ပေါ်မှချပ်ကာ ကွဲကြေသွားခဲ့ပြီး သွေးများကလည်း သူ၏ ဒွါရ ၇ပေါက်မှ စီးဆင်းလာပြီး မြင့်မားသော အပူချိန်အောက်တွင် ခြောက်သွေ့သွားသော သွေးစက်များကို ဖုံးလွှမ်းသွားသည်။ နတ်ဆိုးဒိုင်း၌ အရာမထင်သော်လည်း သူ၏ အပြင်းအထန် တုန်ခါနေသော လက်များက ဒိုင်းကာကိုပင် မကိုင်နိုင်တော့ပေ။

ဓားတစ်လက်ရဲ့ စွမ်းအားက ဒီ‌လောက်တောင် ကြီးမားနိုင်တာပဲ။

တတိယအခေါက်သာ ရှိမည်ဆိုလျှင် နတ်ဆိုးဒိုင်းကာဖြင့် တားဆီးနိုင်သော်လည်း ချန်လွေ့ ခုခံနိုင်တော့မည် မဟုတ်သည်မှာ သေချာသည်။ [ ကြယ်ဂိတ် ] ကို သုံးဖို့ တကယ်လိုနေပြီလား။

ဒုတိယခုတ်ချက်ကိုလည်း ခုခံလိုက်ကြောင်း မြင်သည့်အခါ အသူရာချောက်နက်လော့ဒ် ပို၍ပင် အံ့အားသင့်သွားသည်။ သူက နောက်ထပ် ခုတ်ပိုင်းရန် ပြင်လိုက်စဉ် နေရာလွတ် ရုတ်တရက် ပျက်ယွင်းသွားသည်။ လေထဲမှတစ်ဆင့် ထူးဆန်းသော စွမ်းအားလှိုင်းတွန့် ဖြစ်သွားပြီးနောက် ချန်လွေ့၏နှလုံးသား လှုပ်ရှားသွားကာ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] အခြေအနေကို ဖယ်ရှားလိုက်သည်။ နတ်ဆိုးဒိုင်းလည်း ပျောက်ကွယ်သွား၏။

ထိုအချိန်၌ လေထဲရှိ နေရာလွတ်ကို တစ်စုံတစ်ယောက်က စုတ်ဖြဲလိုက်ဟန်တူပြီး မူမမှန်သော အပေါက်တစ်ပေါက် ပေါ်ထွက်လာသည်။ ယောက်ျားတစ်ယောက်၏ ရင်းနှီးပုံရသော ပုံရိပ်တစ်ခုက ချန်လွေ့၏အရှေ့သို့ ရောက်ရှိလာ၏။

မျိုးနွယ် - ဆုံးဖြတ်၍မရနိုင်။

စွမ်းအားအကဲဖြတ်မှု - ဆုံးဖြတ်မှု မရနိုင်။

[ စိစစ်ချက် ] - အလွန်အမင်း အန္တရာယ်ရှိ။

ပြောရမည်ဆိုရင် နေရာလွတ် အက်ကွဲသွားကတည်းက [ သရုပ်ခွဲမျက်လုံး ] သည် အချက်အလက်ကို ပြသနေပြီး ဖြစ်သည်။ ထို့နောက်ပြီးမှသာ ချန်လွေ့က ပုံရိပ်ကို မြင်ခဲ့သည်။ ဆိုလိုသည်မှာ အမြင်မဖွဲ့စည်းခင်အချိန်မှာပင် ထိုပုံရိပ်က အမှန်တကယ် ပေါ်ထွက်နေပြီးလေပြီ။

သာမန်လူတစ်ယောက်သဖွယ်ထင်ရသော လူငယ်တစ်ယောက်က ခန့်ညားသော အသွင်အပြင်များရှိပြီး အသူရာချောက်နက်လော့ဒ်ကဲ့သို့ ကြောက်မက်ဖွယ်ရာ အငွေ့အသက် ရှိမနေပေ။ ထို “သာမန်”လူက ကောင်းကင်နှင့် မြေကြီးကို တစ်သားတည်း ပေါင်းစည်းထားလေသည်။ သူ မည်သည့်နေရာ၌ ရှိနေပါစေ မော့ကြည့်ရသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

ထိုသူမှာ ဆက်ခ်ရက်တောင်မှ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ် စေတန်ပင် ဖြစ်၏။

စေတန်က ချန်လွေ့ကို မကြည့်ခဲ့ပေ။ ပထမဆုံး အကြည့်မှာပင် သူက အဝေးမှ အသူရာချောက်နက်လော့ဒ်အား သူ့ကို စိုက်ကြည့်နေသော သွေးနီရောင် မျက်လုံးများ ကဲ့သို့ပင် ပစ်မှတ်ထားလိုက်သည်။

အသူရာချောက်နက်လော့ဒ် လှုပ်ရှားလိုက်ကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ မြေပြင်ပေါ်၌ စိုက်ဝင်နေသော မဟာဓားက စေတန်ကို ချိန်ထားပြီး ဓားထိပ်ပိုင်း အနည်းငယ် တုန်ခါနေသည်ကိုသာ မြင်လိုက်ရသည်။ ထို့နောက် ပတ်ဝန်းကျင် နေရာလွတ်၌ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်ထွက်လာသည်။ ၎င်းက မျက်စိဖြင့်ပင် မမြင်နိုင်သော အမြန်နှုန်းနှင့် စွမ်းအားတစ်ခုဖြင့် အချက်ပေါင်းရာနှင့်ချီ ခုတ်ပိုင်းလိုက်ခြင်း ဖြစ်ပေသည်။

ချန်လွေ့က တစ်ဖက်၏ လှုပ်ရှားမှုများကို မလိုက်နိုင်တော့သည့်အတွက် မျက်လုံးကို မှိတ်လိုက်မိသည်။ သူက စိတ်ဝိညာဉ်စွမ်းအား အာရုံခံကို အမှီပြုပြီး သွားရာလမ်းကြောင်း အချို့ကိုသာ မြင်နိုင်ခဲ့သည်။

ထိုမြင်ကွင်း၌ သူတို့နှစ်ယောက် အချင်းချင်း ရင်ဆိုင်ကြသည်မှာ သေချာပေသည်။ သို့သော်လည်း အနီးကပ် နေရာလွတ်က မြောက်မြားလှစွာသော သီးခြားနေရာလွတ်များ အဖြစ်သို့ ခွဲထွက်သွားကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။

အသူရာချောက်နက်လော့ဒ်၏ဓားမှာ ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း စေတန်က ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။ ဟင်းလင်းပြင်ထဲ၌ ရပ်နေရင်း သူ မလှုပ်ရှားသော်လည်း အသူရာချောက်နက်လော့ဒ်အား ပုံမှန်မဟုတ်သော အမြန်နှုန်းဖြင့် တိုက်ခိုက်အောင် ပြုလုပ်နိုင်လေသည်။

အသူရာချောက်နက်လော့ဒ်၏ တိုက်ခိုက်မှုမှာ ခုခံခြင်းနှင့် တူနေပြီး မလှုပ်ရှားသော စေတန်က တိုက်ခိုက်နေသည်ဟု ချန်လွေ့ ခံစားနေရသည်။

အသူရာချောက်နက်လော့ဒ်၏ အမုန်းတရားအငွေ့အသက် လျော့ပါးသွားသည်။ နောက်ဆုံး၌ ထိုအငွေ့အသက် ပေါက်ကွဲထွက်ကာ နေရာလွတ်တစ်ခုလုံး အပြင်းအထန် တုန်ခါသွားသည်။ ချန်လွေ့က မျက်လုံးကိုဖွင့်လိုက်ရာ အသူရာချောက်နက်လော့ဒ် ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရသည်။ မီတာ သုံးလေးရာ အတွင်းရှိ အစိမ်းရောင် သလင်းကျောက်များအဖြစ် မယုံနိုင်စရာကောင်းလောက်အောင် အစိုင်အခဲဖြစ်သွားသော သွေးနီရောင်ကျောက်ရည်ပူများသာ ကျန်တော့သည်။ ထိုနေရာတွင် အက်ကြောင်း အများအပြား ရှိနေသည်။ အလယ်ဗဟို၌ အလွန်အမင်း ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ရှိနေပြီး အစိမ်းရောင် သလင်းကျောက်များ ဖုံးလွှမ်းထားနေသည်။ ၎င်းမှာ အသူရာချောက်နက်လော့ဒ် အသတ်ခံရသော သဲလွန်စ ဖြစ်နိုင်ပေသည်။

စေတန်က လက်နှစ်ဖက်ကို အသာလေး မလိုက်ရာ ချန်လွေ့ မူးဝေသွားသည်။ ပတ်ဝန်းကျင်မြင်ကွင်းလည်း ရုတ်တရက်ပင် စိမ်းလန်းစိုပြည်သော တောနက်အဖြစ် ပြောင်းလဲသွား၏။ ဒါက ဆက်ခ်ရက်တောင်နဲ့ နည်းနည်း ဆင်တူတယ်။

ချန်လွေ့က အလွန်ပင် ထိတ်လန့်သွားသည်။ စေတန်က ဒီနေရာကို ဆက်ခ်ရက်တောင် “ရွှေ့”ခဲ့တာလား။ မဟုတ်ဘူး။ ဒါက နိမိတ်ပုံရိပ် ဖြစ်မယ်။ ဒါမှမဟုတ် ပိုင်နက်တိုင်းပြည်လို့ ခေါ်တဲ့အရာ ဖြစ်မယ်။

ဆက်ခ်ရက်တောင် နိမိတ်ပုံရိပ်က အစိုင်အခဲဖြစ်နေသော အသူရာချောက်နက် သွေးပင်လယ်ကို အဆက်မပြတ် ဝါးမျိုနေဟန် တူသည်။ ထို့ပြင် သွေးပင်လယ်ပုံရိပ်လည်း တဖြည်းဖြည်း သေးငယ်လာသည်။

စေတန်က မြေပေါ်သို့ ဆင်းသက်လာပြီး ချန်လွေ့ကို အသာလေး ငေးကြည့်လိုက်သည်။ “စိုင်မွန်....မင်းကို ဒီလိုပဲ ခေါ်တာပေါ့။ မင်းငါ့ကို အံ့အားသင့် စေခဲ့တာပဲ။”

“မင်္ဂလာပါ ဆာ-စေတန်။” ချန်လွေ့က ရိုရိုသေသေနှင့် ဦးညွှတ်ပြီး ခယသော အမူအရာ ပြသလိုက်သည်။ “ဆာ-စေတန်က ချီးမွန်းလွန်းနေပါပြီ။ ခင်ဗျား အချိန်မီ ရောက်လာပြီးတော့ ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးကို မသတ်ခဲ့ဘူးဆိုရင် ကျုပ် သေနေ‌လောက်ပြီ။”

အသူရာချောက်နက်လော့ဒ်နှင့် စေတန်တို့၏ တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် ယခင် ခုတ်ချက် ၂ချက်မှာ အစွမ်းကုန်မဟုတ်ကြောင်း သိနိုင်သည်။ စေတန်က အသူရာချောက်နက်လော့ဒ်ကို လုံးဝရှင်းပစ်နိုင်သည့်အတွက် သူ၏အစွမ်းကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။ ချန်လွေ့က ထိုနတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်၏ လျို့ဝှက် အကြံများရှိကြောင်း သိသော်လည်း မလျစ်လျူရှုရဲပေ။ စေတန်က ချန်လွေ့ကို သတ်ပစ်ရန် လက်တစ်ချောင်း လှုပ်ရန်သာ လိုအပ်ပြီး ချန်လွေ့သည် [ ကြယ်ဂိတ် ] ထဲသို့ပင် အချိန်မီ ထွက်ပြေးနိုင်မည် မဟုတ်‌‌ပေ။

“အဲဒီရန်သူကို ငါ မသတ်ခဲ့ဘူး။ အဲဒါက ပုံရိပ်ယောင်တစ်ခုပဲ။ တကယ်လို့ အဲဒါက တကယ့်ခန္ဓာကိုယ် ဖြစ်သွားရင် ဒီလောက်လွယ်လွယ်နဲ့ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်ဘူး။” စေတန်၏စကားက ချန်လွေ့ကို တိတ်တဆိတ် တုန်လှုပ်သွားစေသည်။ ပုံရိပ်ယောင် ဖြစ်တာတောင် ဒီလိုကြောက်စရာစွမ်းအား ရှိနေပြီ။ တကယ့် အသူရာချောက်နက်လော့ဒ် ဆိုရင် နတ်ဘုရား-တစ်ပိုင်းကိုတောင် ယှဉ်နိုင်လောက်တယ်။ မယှဉ်နိုင်ရင်တောင် နတ်ဆိုးအရှင်သခင်အဆင့်ထက်တော့ အများကြီး သာလွန်မှာပဲ။

ချန်လွေ့က နတ်ဆိုးအရှင်သခင်အဆင့်နှင့်အထက် အဆင့်များအပေါ်သို့ နားလည်မှု အသစ်များ ရရှိခဲ့သည်။သူက စေတန် ဆက်ပြောသည်ကို ကြားရသည်။ “ငါ့ကို အံ့အားသင့်စေတဲ့အရာ သုံးခုရှိတယ်။ ပထမတစ်ခုက မင်းရဲ့အစွမ်းတိုးနှုန်းက ငါထင်ထားတာထက် ကျော်လွန်နေတယ်။ မင်းက ငါ့စွမ်းအားအမြုတေရဲ့ အပိုင်းအစကို ခပ်မြန်မြန်နဲ့ စုပ်ယူနိုင်ခဲ့တယ်။ မင်းရဲ့ စွမ်းအားက တကယ်ကြီး နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းကို ရောက်သွားပြီ။ ပြီးတော့ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကလည်း ပြောင်းလဲမှုတစ်ခုခု ဖြစ်သွားတဲ့ပုံပဲ။ ဒုတိယတစ်ခုက မင်း တကယ်ပဲ အသူရာချောက်နက် မိသားစုကို ပြန်တွေ့ခဲ့တာ။ ဒါက ကံသက်သက်ပဲ ဆိုရင်တော့ တကယ့်ကို မယုံနိုင်စရာပဲ။ တတိယတစ်ခုကတော့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း အတွက်တောင် ခက်ခဲတဲ့ အသူရာချောက်နက်လော့ဒ်၏ တိုက်ခိုက်မှုနှစ်ခုကို မင်း တကယ် ခံနိုင်တာပဲ။”

စေတန် အသာ‌လေး ပြုံးသည်။ “ငါမင်းကို အတင်း မရှင်းပြခိုင်းပါဘူး။ ဒါပေမဲ့ ဒီအသူရာချောက်နက် ပုံရိပ်ယောင်နယ်မြေက ငါ့ပိုင်နက်တိုင်းပြည်က အတော်လေး အရသာရှိတဲ့ သားကောင် ဖြစ်နေတယ်။ မင်းလိုချင်တာ ငါ့ကိုပြော။ လိုအပ်ချက်တစ်ခုကို ငါ ဖြည့်ဆည်းပေးနိုင်တယ်။”

လိုအပ်ချက်လား။ ချန်လွေ့၏စိတ် ရုတ်တရက် လှုပ်ရှားသွားတော့သည်။

All Chapters