← Chapters

အဆောင်ပစ္စည်းရဲ့ တကယ့်ပိုင်ရှင်လား

Vol. 36 Ch. 533

အဆောင်ပစ္စည်းရဲ့ တကယ့်ပိုင်ရှင်လား

Vol. 36 Ch. 533

နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း နှစ်ယောက်လုံး မလှုပ်ရှားကြပေ။ သို့သော်လည်း ကြောက်မက်ဖွယ်ရာကောင်းသော အငွေ့အသက်နှစ်ခုက ချန်လွေ့ကို လုံးဝ အသေမှတ်ထားသည်။ သူ တစ်ခုခု လှုပ်ရှားသည်နှင့် မိုးကြိုးကဲ့သို့ အမြန်နှုန်းဖြင့် အသတ်ခံရမည်မှာ သေချာပေသည်။

“မင်းက သွေးမြေကျကလား။ ဒါမှမဟုတ် အမှောင်လကလား။”

ပထမဆုံး စပြောသူမှာ ဘယ်ဘက်မှ မဟာနတ်ဆိုးမိသားစု နတ်ဆိုးအရှင်သခင် ဖြစ်သည်။ သူ၏မျက်နှာက အိုမင်းနေပြီး ဆံပင်နှင့် မုတ်ဆိတ်များအားလုံး ဖြူဖွေးနေကာ အားနည်းပုံရသော်လည်း သူ၏လက်များက အလွန်ဖြူနေပြီး အသက်အရွယ်နှင့် မလိုက်ဖက်ပေ။ ချန်လွေ့က ထိုသူအား သက်လတ်ပိုင်း တော်ဝင်မိသားစု နတ်ဆိုးအရှင်သခင်အဆင့်ထက်ု ပို၍ပင် သတိထားနေသည်။

ပါရမီ အကန့်အသတ်များကြောင့် သာမန်နတ်ဆိုးများအတွက် တစ်ဆို့မှုကို ဖောက်ထွက်ရန် ခက်ခဲလှသည်။ အဆင့်မြင့်လေလေ တော်ဝင်မိသားစု၏ အချိုးအစား ပိုများလေလေ ဖြစ်သည်။ ချန်လွေ့သည် တော်ဝင်မိသားစုမဟုတ်သော နတ်ဆိုး အရှင်သခင်အဆင့် ထိပ်သီးပိုင်းတစ်ယောက်ကို ယခုမှ တွေ့ဖူးခြင်း ဖြစ်သည်။ ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တွင် ပါရမီများနှင့် တော်ဝင်မိသားစု၏ အားသာချက်များ မရှိသော်လည်း မျိုးရိုးစဉ်ဆက် ကြံ့ကြံ့ခံမှုနှင့် ကြီးမားသော အသိဉာဏ်တို့ ရှိကြသည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် အတွေ့အကြုံတို့မှာ သေချာပေါက် အတော်လေး ကြောက်စရာကောင်းလှသည်။

ထိုအဘိုးအိုက အသေအချာပင် အဓိကအချက်ကို ပြောခဲ့လေသည်။

“အမှောင်လ သွေးနီဗိုလ်ခြေ လက်ထောက်တပ်မှူး အက်ဂ်ယော ပါ။” ချန်လွေ့က စိတ်ကို လုံးဝအေးအေးထားပြီး သူတို့နှစ်ယောက်အား မသိုသိပ်သလို မောက်လည်း မမောက်မာဘဲ အရိုအသေပေးလိုက်သည်။

“အမှောင်လကကိုး။” အဘိုးအို ခေါင်းညိတ်လိုက်ပြီး သူ၏အနီရောင်မျက်လုံးထဲ၌ သွေးရောင်အလင်း လက်ခနဲ ဖြစ်သွားသည်။ သူက လက်ခလယ်ကို တောက်လိုက်ရာ အားကောင်းသော ထက်မြက်သည့် ချီစွမ်းအားတစ်ခုက ချန်လွေ့ထံ ရောက်လာသည်။ ၎င်း၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ထက်မြက်လှသောအသံက လေထဲသို့ ဖြတ်သွားပြီး ဝီခနဲအသံနှင့်အတူ ချန်လွေ့ဆီ အမြန်သွားလိုက်သည်။

နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း အဘိုးအိုက ချန်လွေ့ အရိုအသေ ပြုသည်ကို အခွင့်ကောင်းယူကာ အမှန်တကယ်ပင် သတ်ဖြတ်ခြင်း တိုက်ကွက်ကို တိတ်တဆိတ် ပြုလုပ်ခဲ့လေသည်။

ချန်လွေ့က အမြဲပင် အာရုံစိုက်ထားခဲ့သည်။ အဘိုးအိုက စွမ်းအားကို လက်ချောင်းတွင် စုစည်းနေသောအခါ ချန်လွေ့၏ စိတ်ဝိညာဉ်စွမ်းအားက ပစ်ချက်၏ ဖြစ်နိုင်သော သွားရာလမ်းကြောင်းကို သိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက ထိုအလစ်တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။

“ဆာ့ရဲ့စွမ်းအားက ကျုပ်ထက် အများကြီး သာတာပဲ။ ဘာလို့ တိုက်ခိုက်ဖို့ ဒီလောက်တောင် လောနေရတာလဲ။”

တော်ဝင်မိသားစုမှ နတ်ဆိုးအရှင်သခင်အဆင့် ပြန်ဖြေသည်။ “မင်းက အမှောင်လက ဆိုတာသိရင် လုံလောက်နေပြီ။ သေခါနီး ပုရွက်ဆိတ်တစ်ကောင်နဲ့ ပေါက်ကရပြောဖို့ လိုလို့လား။”

ချန်လွေ့ တယ်လီပို့ခုန်ပြီးသွားစဉ် အဘိုးအို၏ လက်တောက်မှုက အရှိန်မြန်စွာ ရောက်ရှိလာသည်။ ချန်လွေ့ ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည်။ စကားပြောနေရင်း သူ၏လက်က အလင်းရောင်ဖျော့ဖျော့ တောက်ပသွားပြီး ၎င်းကို ကာကွယ်ရန်အတွက် နူးညံ့သောလှိုင်းတွန့်များ ဖန်တီးလိုက်သည်။

မြန်နှုန်းမြင့် ထက်မြက်သော ချီစွမ်းအင်က နွံအိုင်တစ်ခုထဲ ရောက်သွားသလိုမျိုးပင် ရုတ်တရက် နှေးကွေးသွားသည်။

အဘိုးအိုနှင့် တော်ဝင်မိသားစုမှ နတ်ဆိုးအရှင်သခင်အဆင့်တို့ နှစ်ယောက်လုံးက နတ်ဆိုးဧကရာဇ်အဆင့်သာ ရှိသေးသော ရန်သူတစ်ယောက်က နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်း၏ လက်တောက်စွမ်းအားကို ခုခံနိုင်ရုံသာမက လျို့ဝှက် ဆန်းကြယ်သော နည်းတစ်ခုဖြင့် တော်ဝင်မိသားစု နတ်ဆိုးအရှင်သခင်အဆင့်ထိ ထက်မြက်သော ချီစွမ်းအင်ကို “ပြန်လာ” စေသည့်အတွက် အံ့အားသင့်သွားကြသည်။

အမှောင်လမှ မထွက်လာခင်ကဆိုလျှင် ထိုကဲ့သို့ အမြန်နှုန်းမျိုးကို ချန်လွေ့က [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] နှင့် [ ကြယ်လမ်းလွှဲ ] တို့ သုံထားသည့်တိုင် လိုက်မီနိုင်ရန် ခက်ခဲပေမည်။ သို့သော်လည်း ယခုအချိန်အတောအတွင်း သူက နတ်ဘုရား-တစ်ပိုင်းအဆင့် ဝိညာဉ်စွမ်းအားကိုရရှိခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအားကို S+ အဆင့်အထိ ပြောင်းလဲနိုင်ကာ အသူရာချောက်နက်လော့ဒ်နှင့် တိုက်ခိုက်ခြင်းမှလည်း အဖိုးတန်သော အတွေ့အကြုံများ ရရှိခဲ့သည်။ ၎င်းသည် ခုတ်ချက်နှစ်ချက်သာ ဖြစ်သော်လည်း သေခါနီး အတွေ့အကြုံများ ရရှိခဲ့ပြီးနောက် ချန်လွေ့သည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ရန်သူများနှင့် ထပ်မံရင်ဆိုင်ရသောအခါ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့၌ ဖော်ပြ၍မရအောင် တည်ငြိမ်နေခဲ့သည်။

လက်ရှိ [ ကြယ်လမ်းလွှဲ ] မှာ ကတ်သရင်းထံမှ သင်ယူထားခဲ့သော ပျော့ပျောင်းသည့် ရေစွမ်းအားနှင့် ပေါင်းစည်းထားခြင်း ဖြစ်သည်။ ၎င်းသည် စွမ်းအား ပိုမိုကြီးမားပြီး ထိန်းချုပ်မှု ပိုမိုတိကျလာသည်။

ထက်မြက်သော ချီစွမ်းအင်က တော်ဝင်မိသားစု နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း၏ လည်မျိုသို့ ရောက်တော့မည့်အချိန်၌ အနက်ရောင်အလင်း ဖျော့ဖျော့လေး တောက်ပနေသော လက်ဝါးတစ်ခုက ၎င်းကို ခုခံလိုက်သည်။ ထိုချီစွမ်းအင်က လက်ဝါးကို ထိသွားသောအခါ သတ္တုသံတစ်သံ ထွက်သွားခဲ့သည်။ တော်ဝင်မိသားစု နတ်ဆိုး အရှင်သခင်အဆင့်က လက်ဝါးတွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ သူက မျက်မှောင်ကြုတ်ပြီး လက်ဝါးကို လှန်လိုက်ရာ လေထဲ၌ ဧရာမလက်ဝါးပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ချန်လွေ့ကို တောင်တစ်လုံးသဖွယ် ဖိလိုက်သည်။

သို့သော်လည်း ထက်မြက်သော ချီစွမ်းအင်ကဲ့သို့ပင် ဧရာမလက်ဝါးက ရန်သူကို ထိတော့မည့်အချိန်၌ အဘိုးအိုထံသို့ ထူးဆန်းစွာပင် ပြန်ရောက်ရှိသွားသည်။ အဘိုးအိုက ထိုဧရာမလက်ဝါးထံမှ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။ သူက လက်ချောင်းများကို အဆက်မပြတ် ‌တောက်လိုက်ပြီး ထိုဧရာမလက်ဝါးကို အစိတ်စိတ် အမွှာမွှာ ပြုလုပ်ရန်အတွက် မရေမတွက်နိုင်သော ထက်မြက်သည့် ချီစွမ်းအင်များကို ပစ်လွှတ်ခဲ့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့နှစ်ယောက်က တိုက်ကွက်များစွာ ဖလှယ်ခဲ့ကြသည်။ လျို့ဝှက်အလုံပိတ်ခန်း တလက်လက်မီးတောက်များ အလျင်အမြန် တောက်ပနေပြီး ထက်မြက်သော အသံများနှင့် လှိုင်းဒဏ်များ ရောနှောနေသည်။ ကံကောင်းစွာပင် အဆောင်ပစ္စည်းရှိသော အခန်းမှာ အလွန်အမင်း ခိုင်မာလှသည်။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း၏ အစွမ်းသည်ပင် အက်ကြောင်း အနည်းငယ်သာ ဖြစ်စေခဲ့သည်။

လက်ရည်ညီနေသော အခြေအနေက တော်ဝင်မိသားစု နတ်ဆိုးအရှင်သခင်နှင့် အဘိုးအိုတို့ကို အံ့အားသင့်စေခဲ့သည်။ ချန်လွေ့က [ ကြယ်လမ်းလွှဲ ] သည် ၁၀စက္ကန့်သာ အသုံးပြု၍ရပြီး အချိန်ကုန်တော့မည်ဖြစ်ကြောင်း သိသည်။ ထို့နောက်တွင် စက္ကူကျားရုပ်က မူလပုံစံသို့ ပြန်ရောက်သွားမည် ဖြစ်သည်။ ထို့ကြောင့် သူက ချက်ချင်းပင် စကားပြောလိုက်သည်။

“ခဏနေပါဦး။ ကျုပ်က တိုက်ခိုက်ရမှာလည်း မကြောက်ဘူး။ သေရမှာလည်း မကြောက်ဘူး။ ကျုပ်က ဒီအဆောင်ပစ္စည်းရဲ့ ကံကြမ္မာနဲ့ .... ပြီးတော့ အင်ပါယာ တစ်ခုလုံးရဲ့ ကံကြမ္မာနဲ့ပါ သက်ဆိုင်နေတဲ့ စကားနည်းနည်း ပြောချင်ရုံပါ။”

လွန်ခဲ့သော စက္ကန့်အနည်းငယ်ကဆိုလျှင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း နှစ်ယောက်က ထိုကဲ့သို့ အားနည်းသောသူနှင့် ပေါက်ကရပင် ပြောနေမည် မဟုတ်ဘဲ ခုနက အဘိုးအိုကဲ့သို့သာ ရုတ်တရက် လှုပ်ရှားမည် ဖြစ်သည်။ သို့သော်လည်း ယခုတွင် ချန်လွေ့၏ စွမ်းအားမှာ ထိုကဲ့သို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ ဒီလိုစွမ်းအား၊ ဒီလိုတည်ငြိမ်မှုမျိုးနဲ့ ခုနက ငါတို့နှစ်ယောက်ကို အာရုံမိတာနဲ့ဆိုရင် သူက ဘယ်လိုလုပ် နတ်ဆိုးဧကရာဇ်အဆင့်ပဲ ဖြစ်နိုင်မှာလဲ။

သူတို့အရှေ့မှ ရန်သူသည် သူတို့ကို အခွင့်ကောင်းယူရန်အတွက် အားနည်းချင် ယောင်ဆောင်နေသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် သေချာပေါက် ဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး နောက်ဆုံး၌ ရပ်တန့်လိုက်ကြသည်။

“တစ်မိနစ် အချိန်ရမယ်။” အဘိုးအိုက ပြောသည်။

ထိုအချိန်၌ [ ကြယ်လမ်းလွှဲ ] အချိန်ပြည့်သွားခဲ့သည်။ ချန်လွေ့လည်း စိတ်ထဲ၌ သက်သာရာရသွားပြီး ခေါင်းခါလိုက်သည်။ “တစ်မိနစ်က နည်းလွန်းတယ်။ ကျုပ် မီအောင် ပြောနိုင်မှာ မဟုတ်လား။ ၅မိနစ်လောက် လုပ်ရအောင်။ ဟုတ်ပြီလား။”

နတ်ဆိုးအရှင်သခင်နှစ်ယောက်က သူ့ကို အင်အားကြီးသော ရန်သူတစ်ယောက် အဖြစ် သတ်မှတ်ထားခဲ့သည်။ ထိုကဲ့သို့ နိမ့်ကျသော စျေးဆစ်မှုကို ကြားသည့်အခါ သူတို့က ထူးထူးဆန်းဆန်း ကြည့်လိုက်ကြသည်။ သို့သော်လည်း နောက်ဆုံး၌ မကန့်ကွက်ခဲ့ပေ။

“အမှောင်လ သွေးနီဗိုလ်ခြေ လက်ထောက်တပ်မှူး အက်ဂ်ယော ပါ။”

ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သည့်အခါ ယခုတစ်ခေါက်၌ နတ်ဆိုးအရှင်သခင် နှစ်ယောက်က မဆင်မခြင် မလုပ်ဘဲ ပြိုင်ဘက်ဖြစ်သူကို လေးစားသည့်အနေဖြင့် နာမည်များ ပြောလိုက်သည်။

“တော်ဝင်အကြီးအကဲ အိုလီဗာလူစီဖာ။”

“အကြီးအကဲမိသားစု ကိုဝင်တိုရို။”

ထိုဆံပင်အဖြူနှင့် အဘိုးအိုမှာ အမှန်တကယ်ပင် အကြီးအကဲမိသားစုများထဲ၌ အစွမ်းအထက်ဆုံးထဲမှ တစ်ယောက်ဖြစ်သော ကိုဝင်ဖြစ်ကြောင်း ချန်လွေ့ သိသွားခဲ့သသည်။

တိုရိုမိသားစုမှ နောက်ထပ် နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းဖြစ်သော ဗာနင်မ်က အရိပ်နက်အင်ပါယာ၏ တတိယဗိုလ်ချုပ် ခရောဖို့ဒ်ကို အမှောင်လ လေလံပွဲ၌ လုပ်ကြံခဲ့သည်။ ဇိုလာ၏ မှော်ပညာနှင့် အဖမ်းခံရပြီးနောက် သူက အမှောင်လထံ ဘက်ပြောင်းသွားခဲ့သည်။ ၎င်းမှာ တိုရိုမိသားစုအတွက် ကြီးမားသော အရှက်ရစရာ တစ်ခုဟု ပြောနိုင်ပေသည်။ ထို့ကြောင့် ချန်လွေ့သည် အမှောင်လမှ ရောက်လာကြောင်း ကြားသည့်အခါ သူ့ကို သတ်ပစ်ရန် အဘိုးအို မတုံ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ခေါက်တွင် အိုဆိုင်ဒန်က အစွမ်းထက်သော အကြီးအကဲ အများအပြားကို ခေါ်သွားခဲ့သည်။ အိုလီဗာနှင့် ကိုဝင်တို့မှာ မြို့တော်နောက်ကွယ်မှ အကြီးအကဲမိသားစု၏ အဓိကအင်အားစု ဖြစ်၏။

“ဆာနှစ်ယောက်။ ကျုပ် ဒီတစ်ခေါက် လျို့ဝှက်အလုံပိတ်ခန်းကို လာရတာက ကြယ်ကြွေတမန်ဓားအတွက်ပါ။”

၎င်းမှာ မဟုတ်မဟတ်နီးပါး ဖြစ်သော်လည်း နောက်ထပ် စကားများက အိုလီဗာနှင့် ကိုဝင်တို့ကို အံ့အားသင့်သွားစေသည်။

“ကျုပ်ကို ကြယ်ကြွေတမန်ဓားပိုင်ရှင်က သူပိုင်ဆိုင်သင့်တဲ့ အဆောင်ပစ္စည်းကို သွားယူဖို့ တာဝန်ပေးထားတာပါ။”

အိုလီဗာနှင့် ကိုဝင်တို့၏ အံ့အားသင့်မှုမှာ ခဏသာဖြစ်ပြီး အထင်သေးမှုအဖြစ်သို့ ပြောင်းလဲသွားသည်။ ကြယ်ကြွေတမန်ဓားဆိုတာ ဘာလဲ။ နတ်ဆိုးဘုံရဲ့ အဆောင်ပစ္စည်း (၇)မျိုးထဲက တစ်မျိုးဖြစ်တဲ့ လူစီဖာတော်ဝင်မိသားစုရဲ့ အန္တိမအဆောင်ပစ္စည်းပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀၀ လော့ဒ်-သန်းခေါင်နေ သေသွားပြီးကတည်းက ရီဂျန့်အိုဆိုင်ဒန် အပါအဝင် ဘယ်တော်ဝင်မိသားစုကမှ အဆောင်ပစ္စည်းရဲ့ အသိအမှတ်ပြုတာကို မခံခဲ့ရဘူး။ “အက်ဂ်ယော”က အခု သူ့ကို ကြယ်ကြွေတမန်ဓားရဲ့ပိုင်ရှင်က တာဝန်ပေးထားတာလို့ ပြောနေတယ်။ ဒီလိုအလိမ်အညာမျိုးက အတော်လေး ရူးမိုက်တယ်။ ကလေးတောင် ယုံမှာ မဟုတ်ဘူး။

“ဒါက တကယ့်ကို မယုံနိုင်စရာပဲ။ ကျုပ်ကိုယ်တိုင်လည်း အစကတော့ ဒီလိုမျိုး သံသယ ရှိခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာခင် အဖြေပေါ်လာတော့မှာပါ။” ချန်လွေ့က “သိုလှောင်လက်စွပ်”ထဲမှ တစ်စုံတစ်ခုကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။ ထိုပစ္စည်း ပေါ်ထွက်လာသောအခါ တုံ့ပြန်မှုမရှိဘဲ လေထဲ၌ လွင့်ပျံနေသော ကြယ်ကြွေတမန်ဓားက အလင်းရောင်ဖျော့ဖျော့ စတင် ထွက်ပေါ်လာသည်။

အိုလီဗာနှင့် ကိုဝင်တို့က တစ်ပြိုင်နက်တည်း ထိတ်လန့်သွားကြသည်။ သူတို့က လျို့ဝှက်အလုံးပိတ်ခန်းကို နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့သည်။ အိုဆိုင်ဒန်က ကြယ်ကြွေတမန်ဓား၏ အသိအမှတ်ပြုခြင်းကို ခံရရန်အတွက် အကြိမ်များစွာ ကြိုးစားခဲ့ကြောင်း သူတို့သိကြသည်။ သို့သော်လည်း ကြယ်ကြွေတမန်ဓားကို အိပ်စက်နေဆဲပင်ဖြစ်ပြီး လုံးဝ မလှုပ်ခဲ့ပေ။ အနားကပ်လာသူကိုပင် တွန်းကန်နေ၏။ သို့သော်လည်း ယနေ့တွင် အံ့သြဖွယ်ရာတစ်ခု ရုတ်တရက်‌ ပေါ်ထွက်လာပြီး သူတို့နှစ်ယောက်က ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ကြသည်။

သူတို့နှစ်ယောက်၏ မျက်လုံးများက ချန်လွေ့၏လက်ထဲရှိ ပစ္စည်းကို အာရုံစိုက်ထားကြသည်။ ၎င်းမှာ ပုလင်းအသေးလေးဖြစ်ပြီး အထဲတွင် အနီရောင် အရည်များရှိကာ သွေးများ ဖြစ်နိုင်ပေသည်။

ချန်လွေ့က ပုလင်းငယ်လေးနှင့်အတူ ကြယ်ကြွေတမန်ဓားဆီသို့ ချဉ်းကပ်လာသည့် အခါ ၎င်းက အရောင်လက်ရုံသာမက တဝီဝီအသံများလည်း ထွက်လာသည်။ ဓားကိုယ်ထည် စတင်လှုပ်ခါလာပြီး အလွန် “စိတ်လှုပ်ရှား”နေပုံရသည်။

ကြယ်ကြွေတမန်ဓားကို သိုလှောင်ဂိုဒေါင်အထဲတွင် သိမ်းထား၍မရပေ။ ချန်လွေ့က ၎င်းကို ယူပြီး ထွက်ပြေးသွားချင်သော်လည်း အရာတိုင်းတွင် အကန့်အသတ်ရှိကြောင်း သဘောပေါက်သည်။ သူ ပို၍ အနားကပ်သွားလျှင် အစောင့်အရှောက်နှစ်ဦးက အသည်းအသန် မလှုပ်ရှားနိုင်ဟု အာမခံရန် ခက်ခဲပေသည်။ ထို့ကြောင့် သူ ရပ်လိုက်ပြီး ပုလင်းကို အဆို့ပိတ်လိုက်သည်။

ကြယ်ကြွေတမန်ဓား၏ တဝီဝီအသံ အမှန်တကယ် ရပ်တန့်သွားပြီး ယခင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

အိုလီဗာနှင့် ကိုဝင်တို့က သွေးပုလင်းငယ်လေးကို စိုက်ကြည့်နေပြီး အသက်ရှူသံများ ပြင်းထန်လာသည်။ ခဏကြာပြီးနောက် အဘိုးအို ကိုဝင်က ပြောသည်။ “ဒီပုလင်းက....”

ချန်လွေ့က အေးအေးဆေးဆေး ပြန်ပြောသည်။ “ဒါက သွေးကို လတ်လတ်ဆတ်ဆတ် သိမ်းထားနိုင်တဲ့ မှော်ပုလင်းတစ်လုံးပါ .... ”

ပုလင်းအကြောင်း ဘယ်သူက မေးနေလို့လဲ။ အမြဲပင် တည်ငြိမ်နေခဲ့သော တော်ဝင်မိသားစု အကြီးအကဲ အိုလီဗာ မနေနိုင်တော့ဘဲ အော်ပြောလိုက်သည်။ “ဒီပုလင်းထဲမှာရှိတာ ဘယ်သူ့သွေးလဲ။”

ချန်လွေ့၏မျက်နှာ ရုတ်တရက် လေးနက်သွားပြီး ပြန်ဖြေလိုက်သည်။ “လော့ဒ်- သန်းခေါင်နေရဲ့ မြေးတော်၊ အင်ပါယာရဲ့ တော်ဝင်မင်းသမီး၊ အမှောင်လနယ်မြေရဲ့ အုပ်စိုးသူ၊ ပြီးတော့ ကျုပ်နဲ့ စေ့စပ်ထားတဲ့ ရှီရာလူစီဖာရဲ့သွေးပဲ။”

နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းနှစ်ယောက်က ထိုအဖြေကို အကြမ်းအားဖြင့် ခန့်မှန်းမိသော်လည်း စကားဖြင့် အတည်ပြုသည်ကို ကြားရသည့်အခါ ထိတ်လန့်သွားကြသေးသည်။

နှစ်ပေါင်း၃၀၀ကြာအောင် ရီဂျန့် အိုဆိုင်ဒန်က ကြယ်ကြွေတမန်ဓား နိုးထလာအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အကျိုးမထူးခဲ့ဘူး။ အခုတော့ တော်ဝင်မင်းသမီး ရှီရာရဲ့သွေးပုလင်း အသေးလေးက ကြယ်ကြွေတမန်ဓားကို ဒီလိုမျိုး ပြင်းထန်တဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်စေခဲ့တယ်။ အဆောင်ပစ္စည်းရဲ့ ရွေးချယ်မှုက သိသာနေပြီ။ ဒီအချက်ကို ဘယ်သူမှ ငြင်းလို့မရဘူး။

 သို့သော်လည်း အိုလီဗာနှင့် ကိုဝင်တို့က ထိုသွေးမှာ တော်ဝင်မင်းသမီး ရှီရာထံမှ မဟုတ်ဘဲ ချန်လွေ့၏သွေး “လတ်လတ်ဆတ်ဆတ်” ဖြစ်နေမည်ဟု ထင်ထားကြမည် မဟုတ်ပေ။

သွေးအနည်းငယ် ထုတ်ပြီးနောက် သူက ဖုံးကွယ်သည့်အနေဖြင့် သိုလှောင် ဂိုဒေါင်မှတစ်ဆင့် ထုတ်ယူလိုက်ခြင်း ဖြစ်သည်။ တစ်နည်းပြောရလျှင် သွေး အသိအမှတ် ပြုခြင်းမှာ လုံးဝ အလိမ်အညာတစ်ခုပင်။ အမှန်တကယ်၌ ကြယ်ကြွေတမန်ဓားကို အားကောင်းသော ရှေးမှော်စာများဖြင့် ချိပ်ပိတ်ထားခြင်း ဖြစ်သည်။ ရှီရာကိုယ်တိုင် ရောက်လာသည့်တိုင် အသိအမှတ်ပြုခံရမည် မဟုတ်ပေ။

ထိုလျို့ဝှက်အလုံပိတ်ခန်းသို့ “ချာလီစ်”အဖြစ် ချန်လွေ့ ရောက်လာခဲ့စဉ်က အိုဆိုင်ဒန်ကို “ကူညီ”ပြီး ကြယ်ကြွေတမန်ဓားကို “အဖြေရှာ”ရန် အချိန်အတော်ကြာ ကြိုးစားခဲ့သည်။ ထိုအချိန်၌ ချန်လွေ့သည် ကြယ်ကြွေတမန်ဓားကို ခိုးယူရန် တွေးခဲ့ဖူးသည်။ ကံဆိုးစွာပင် သူက နှစ်ခုလုံး ရယူ၍ မရနိုင်ခဲ့ပေ။ သူက အခွင့်အရေးပင် လုံးဝ မရခဲ့ပေ။ နောက်ဆုံး၌ သူက ရန်ပုံငွေ အများကြီးကိုသာ လိမ်လည်ယူရန် ရွေးချယ်လိုက်သည်။

သနားစရာ ရီဂျန့်အတွက်‌ မျှော်လင့်ချက် အပုံလိုက်ပေးပြီးနောက် “ချာလီစ်”က သွေးမြေကျအဖွဲ့အစည်း၏ တောင်းဆိုချက်ကို လက်မခံနိုင်သည့်အတွက် ဘရော့ခ်နှင့် တိုက်ခိုက်နေရင်း “သူရဲကောင်းဆန်ဆန် စတေးသွား”ခဲ့သည်။ ထိုအချိန်က အဆောင်ပစ္စည်းအပေါ် သူ၏တပ်မက်မှုကို ရပ်တန့်ခဲ့ရပြီး ယနေ့မှသာ သူပြန်ရောက်လာ ခဲ့ခြင်း ဖြစ်သည်။

ကြယ်ကြွေတမန်ဓားပေါ်၌ ထိုကဲ့သို့ ထူးဆန်းသော တုံ့ပြန်မှု ဖြစ်စေခဲ့သည်မှာ အမှန်တကယ်၌ ယခင် ချန်လွေ့ စီစဉ်ထားခဲ့သော ရှေးမှော်စာကို အသက်ဝင်သွားစေသည့် အတွက်ကြောင့်ပင်။

နှစ်၃၀၀ကျော် တိတ်ဆိတ်နေခဲ့သော ကြယ်ကြွေတမန်ဓားအတွက် ထိုကဲ့သို့ ပြင်းထန်သော တုံ့ပြန်မှုက သွေး“ပိုင်ရှင်” တော်ဝင်မင်းသမီး ရှီရာကို အဆောင်ပစ္စည်း အသိအမှတ်ပြုသော သက်သေပင် ဖြစ်လေသည်။

All Chapters