← Chapters

စကားစစ်ထိုးဘုရင်

Vol. 36 Ch. 534

စကားစစ်ထိုးဘုရင်

Vol. 36 Ch. 534

နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း အစောင့်အရှောက် နှစ်ယောက် အံ့အားသင့်နေသည်ကို ကြည့်ရင်း ချန်လွေ့ အကြံတစ်ခု ရသွားပြီး ထပ်ပြောသည်။ “အခု ရီဂျန့် အိုဆိုင်ဒန်က လော့ဒ်-သန်းခေါင်နေရဲ့ မျိုးဆက်တွေကို အမှောင်လဆီ ဘာလို့ နှင်ထုတ်ခဲ့တာလဲဆိုတာ ခင်ဗျားတို့ သဘောပေါက်လောက်ပါပြီ။”

ထိုစကားမှာ အသေအချာပင် နောက်ထပ် အရေးကြီးသတင်းတစ်ခုပင် ဖြစ်သည်။ အိုလီဗာနှင့် ကိုဝင်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် အချင်းချင်း၏ မျက်လုံးထဲ၌ ထိတ်လန့်မှုကို တွေ့လိုက်ရသည်။

“ရီဂျန့် အိုဆိုင်ဒန်က လော့ဒ်-သန်းခေါင်နေရဲ့သားတော် ဂါရမ်းကို အမှောင်လဆီ နယ်နှင်လိုက်တယ်” နှင့် “လော့ဒ်-သန်းခေါင်နေရဲ့ မျိုးဆက်တွေက ကြယ်ကြွေတမန်ဓားရဲ့ အသိမှတ်ပြုခံရတာကို အိုဆိုင်ဒန် သိသွားပြီးတော့ အိမ်ရှေ့မင်းသားကို တမင် နယ်နှင်လိုက်တယ်” တို့မှာ လုံးဝမတူညီသော အရာနှစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ အိုဆိုင်ဒန် ကိုယ်တိုင်က ကြယ်ကြွေတမန်ဓား၏ အသိအမှတ်ပြုခြင်းကို မခံရနိုင်ခြင်းပင်။

တော်ဝင်မိသားစုအတွင်း အာဏာလုယက်မှုများ၊ အာဏာတစ်လှည့်စီဖြစ်မှုများမှာ အင်ပါယာ တစ်ခုအတွက် အထူးအဆန်း မဟုတ်ပေ။ အင်အားစုအများအပြားက ထိုကဲ့သို့ အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းကို လက်ခံကြသော်လည်း အဆောင်ပစ္စည်း၏ အသိအမှတ် ပြုခံရသော ဆက်ခံသူ၏ အရေးပါပုံမှာ လုံးဝကွဲပြားပေသည်။

အဆောင်ပစ္စည်းမှာ အင်ပါယာ၏ သင်္ကေတဖြစ်ပြီး အင်ပါယာကို ကာကွယ်ရမည့် ရတနာလည်း ဖြစ်သည်။ အဆောင်ပစ္စည်း၏ဆန္ဒက အင်ပါယာတစ်ခုလုံး၏ အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းကို ကိုယ်စားပြုပြီး အင်ပါယာကို အစိုးရသူမှာ အဆောင်ပစ္စည်း၏ အသိအမှတ်ပြုခြင်းကို ခံရပေမည်။ ၎င်းမှာ နတ်ဆိုးဘုံ၏ ရိုးရာသာ မဟုတ်ဘဲ အင်ပါယာ၏ အုပ်စိုးသူများအကြား ယှဉ်ပြိုင်ရန်အတွက် မရှိမဖြစ် အရာတစ်ခုလည်း ဖြစ်သည်။ အိုဆိုင်ဒန်သည် ကတ်သရင်းနှင့် ရိုင်ဇန်တို့ကို မယှဉ်နိုင်ရခြင်းမှာ စွမ်းအားကြောင့်သာမက အဆောင်ပစ္စည်း၏ အသိအမှတ်ပြုခြင်း သည်လည်း အလွန်အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။

ထို့ကြောင့် အိုဆိုင်ဒန်က ရီဂျန့်ဟူသောဘွဲ့ကိုသာ အမြဲ အသုံးပြုခဲ့ရသည်။ သူက ဧကရာဇ်အဖြစ် ပလ္လင်ပေါ်သို့ တရားဝင် မတက်ရောက်နိုင်ပေ။ ထို့ကြောင့် ဗိုလ်ချုပ် ‌ဂျော့ချ်ကဲ့သို့ သူများက အိုဆိုင်ဒန်ကို လူသိရှင်ကြား ဆန့်ကျင်ပြီး မေးခွန်းထုတ်ရန် အကြောင်းရင်း လုံလုံလောက်လောက် ရှိပေသည်။

အခု “အက်ဂ်ယော” ပြောတာကို နားထောင်ပြီးတော့ အိုဆိုင်ဒန်က အာဏာကို လုယူဖို့အတွက် အဆောင်ပစ္စည်းရဲ့ဆန္ဒကို လျစ်လျူရှုခဲ့တာပဲ။ သူက အိမ်ရှေ့မင်းသား ဂါရမ်းကို နယ်နှင်ပြီးတော့ အဆောင်ပစ္စည်းရဲ့ အသိအမှတ်ပြုတာ မခံရအောင်လို့ အပြင်းအထန် ဖိနှိပ်ခဲ့တယ်။ ဒါက ပုံမှန် အာဏာတစ်လှည့်စီဖြစ်တာ မဟုတ်တော့ဘူး။ ဒါက အင်ပါယာတစ်ခုလုံးရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်။ ဒါက အင်ပါယာ တစ်ခုလုံးကို အိုဆိုင်ဒန် လိမ်ညာနေခဲ့တာပဲ။

“အင်ပါယာရဲ့ အကြီးအကဲက အန္တိမကျက်သရေကို ဆိုလိုတာ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒါက ကျက်သရေထက် ပိုပြီးတော့ အရေးကြီးတဲ့ တာဝန်ယူမှု ရှိတယ်။ အဲဒါက အဆောင်ပစ္စည်းကို အစွမ်းကုန် ကာကွယ်ဖို့။ အင်ပါယာကို စောင့်ရှောက်ဖို့။ အကြီးအကဲမိသားစုတွေထဲမှာ အသက်နဲ့သစ္စာဆိုထားတဲ့ မူလရည်ရွယ်ချက်ကို ဘယ်နှစ်ယောက် မှတ်မိကြသေးလဲ မသိဘူး။”

ချန်လွေ့က အင်ပါယာသုံးခုအကြောင်း ဘာမှမသိသော လူသစ်တစ်ယောက် မဟုတ်တော့ပေ။ အကြီးအကဲနှစ်ယောက်၏ နှလုံးသားထဲ၌ တုံ့ဆိုင်းမှုကို မြင်သည့်အခါ ချန်လွေ့က အခြေအနေကို အခွင့်ကောင်းယူပြီး အမြင့်တွေ ရပ်နေရန် စကားတစ်ခွန်း ဆိုခဲ့ခြင်း ဖြစ်သည်။

အိုလီဗာနှင့် ကိုဝင်တို့က တစ်ချိန်တည်းမှာပင် တိတ်ဆိတ်သွားကြသည်။ ၅မိနစ် ကုန်ဆုံးသွားသော်လည်း သူတို့က အချိန်အကန့်အသတ်ကို မေ့လျော့သွားဟန်တူသည်။ သူတို့တစ်ယောက်မှ လှုပ်ရှားချင်စိတ် မရှိကြပေ။ အမှန်တကယ်၌ အဆောင်ပစ္စည်း၏ တုံ့ပြန်မှုကို မြင်ပြီးနောက် အစောင့်အရှောက်များ၏ တိုက်ခိုက်ချင်စိတ်နှင့် သတ်ဖြတ် ချင်စိတ်များ မရှိတော့ပေ။ ယခု သူတို့စဉ်းစားနေသော တစ်ခုတည်းသောအရာမှာ ထိုကိစ္စကို မည်သို့ချေဖျက်ပြီး ဖြေရှင်းရန် ဖြစ်သည်။ ၎င်းမှာ အဆောင်ပစ္စည်းနှင့် သက်ဆိုင်နေရုံသာမက အကြီးအကဲမိသားစု၊တော်ဝင်မိသားစုနှင့် အင်ပါယာ တစ်ခုလုံး၏ ကံကြမ္မာနှင့်ပင် သက်ဆိုင်နေလေသည်။

အဆောင်ပစ္စည်းသည် တစ်ဦးထက်ပို၍ အသိအမှတ်ပြုနိုင်ကြောင်း သူတို့ မေးခွန်းထုတ်နိုင်သော်လည်း လွန်ခဲ့သော နှစ်၃၀၀ လော့ဒ်-သန်းခေါင်နေ သေဆုံးပြီး ကတည်းက ရှီရာသည် ကြယ်ကြွေတမန်ဓားအား တုံ့ပြန်စေခဲ့သော ပထမဆုံးနှင့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ထိုအရာက အဆောင်ပစ္စည်း၏ ပိုင်ရှင်အစစ်ကို လုံးဝ သက်သေပြနေလေပြီ။ ၎င်းမှာ ကြယ်ကြွေတမန်အင်ပါယာ၏ “အုပ်စိုးသူ အလောင်းအလျာ”ကို သက်သေပြခြင်းနှင့် ညီမျှပေသည်။

“ကျုပ်တို့က ဒါကို သာမန်ဓားတစ်လက်လိုမျိုး မှတ်ယူလို့ရတယ်။ ဓားရဲ့ အသိအမှတ်ပြုတာက ဘာကိုမှ မဆိုလိုဘူးထား။ အကြီးအကဲမိသားစုမှာ ကိုယ်ပိုင် အကျိုးအမြတ်တွေ ရှိမယ်ဆိုတာ ကျုပ် နားလည်တယ်။ ဒါပေမဲ့ ဒီအကျိုးအမြတ်ရဲ့ အကြောင်းပြချက်က ကြယ်ကြွေအင်ပါယာတစ်ခုလုံးရဲ့ အကျိုးအမြတ်ပဲ။ ခင်ဗျားတို့ နှစ်ယောက်က အတွေ့အကြုံများတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေပဲ။ ကြယ်ကြွေတမန် အင်ပါယာက အခုဆိုရင် စီးပွားရေး ဆုတ်ယုတ်နေပြီးတော့ စစ်ရေးလည်း အားနည်းနေတယ်။ ရီဂျန့် အိုဆိုင်ဒန်က သူ့ဆန္ဒတွေအတွက်ပဲ ဂရုစိုက်တာ။ အတွင်းကနေ ပိုက်ဆံတွေ စုစည်းတယ်။ လမ်းရိုးမလိုက်တဲ့သူတွေကို ဖိနှိပ်တယ်။ အဆောင်ပစ္စည်းရဲ့ ဆန္ဒကို ဆန့်ကျင်ဖို့ မတုံ့ဆိုင်းဘူး။ သူက ငြိမ်းချမ်းရေးအတွက်နဲ့ အပြင်လူတွေကို ကပ်ဖားပြီးတော့ တခြားသူတွေဆီမှာ သေရေးရှင်ရေးကို ထားထားတယ်။ ဒါက လွန်ခဲ့တဲ့ နှစ်၃၀၀တုန်းက နတ်ဆိုးဘုံမှာ အင်အားအကြီးဆုံး ကြယ်ကြွေတမန် အင်ပါယာလား။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အင်ပါယာပျက်စီးဖို့က အနှေးနဲ့အမြန်ပဲ။ တော်ဝင်မိသားစုနဲ့ အကြီးအကဲ မိသားစုတွေက ဂုဏ်သိက္ခာနဲ့ အကျိုးအမြတ်တွေကို ထိန်းသိမ်းထားနိုင်ဦးမှာလား။”

အိုလီဗာနှင့် ကိုဝင်တို့က အချင်းချင်း ကြည့်လိုက်သည်။ သူတို့က မျက်လုံးမှိတ်၍ပင် ဖြေနိုင်သော်လည်း ထိုအချိန်၌ မဖြေနိုင်ခဲ့ပေ။ ပျက်စီးသွားခဲ့သော အင်ပါယာများမှာ အကောင်းဆုံး ဥပမာပင် ဖြစ်သည်။ ယခင်က ကျက်သရေရှိခဲ့ဖူးသော တော်ဝင်မိသားစုနှင့် မိသားစုများ ပျက်သုဉ်းသွားပြီး ပျောက်ကွယ်သွားကာ ပိုမိုကြီးမားသော အင်ပါယာအောက်၌ လက်အောက်ခံများ ဖြစ်လာခဲ့ကြသည်။ အကျိုးအမြတ်များ၊ ဂုဏ်သိက္ခာများ မည်သို့ ရှိနိုင်မည်နည်း။

အချိန်အတော်ကြာပြီးနောက် ကိုဝင်က လွှတ်ခနဲ ပြောသည်။ “အခြေအနေ အဘက်ဘက်ကို စဉ်းစားမယ်ဆိုရင် ဘာလို့ မင်းသမီးရှီရာက ရီဂျန့် တောင်းဆိုတာကို သဘောမတူခဲ့တာလဲ ..... ”

“ဟာသပဲ။ အရိပ်နက်အင်ပါယာ မတည်မငြိမ်ဖြစ်တုန်းက ‘အခြေအနေ အဘက်ဘက်’အတွက် အဲဒီသူပုန်တွေဆီ ဧကရီကတ်သရင်း ဘာလို့ အညံ့မခံခဲ့တာလဲ။ အဲလိုဆိုရင် အရိပ်နက်အင်ပါယာက ဒီနေ့လို ဖြစ်လာမှာလား။” ချန်လွေ့က အထင်သေးမှုကို မဖုံးကွယ်ဘဲ သရော်ပြုံးပြုံးကာ ပြောလိုက်သည်။ “အဆောင်ပစ္စည်း အသိအမှတ်ပြုတဲ့ အုပ်စိုးသူကမှ စစ်မှန်တဲ့အုပ်စိုးသူပဲ။ အလှပြသက်သက် မဟုတ်ဘူး။ စစ်မှန်တဲ့ အုပ်စိုးသူက အရှက်မရှိတဲ့ သစ္စာဖောက်ဆီမှာ ဘယ်လိုလုပ် အညံ့ခံရမှာလဲ။ အိုဆိုင်ဒန်က ဘာလို့ အဲဒီလို အရှက်မဲ့တဲ့ အကြောင်းရင်းတွေနဲ အမှောင်လကို တိုက်ခိုက်ရတာလဲ။ ဘာလို့ဆို မင်းသမီးရှီရာက အဆောင်ပစ္စည်းရဲ့ ပိုင်ရှင်အစစ် မို့လို့လေ။ သူက ကြယ်ကြွေတမန်အင်ပါယာ ကြီးပွားချမ်းသာဖို့အတွက် စစ်မှန်တဲ့မျှော်လင့်ချက်ပဲ။”

အကြီးအကဲနှစ်ယောက် ပြန်ပြောမည်ကို မစောင့်ဘဲ ချန်လွေ့က ချက်ချင်းပင် အချက်အလက်များကို တိုက်ရိုက်ကိုးကားလိုက်သည်။ “သူက အမှောင်လကို ဦးဆောင်ပြီး ၁၀နှစ်မပြည့်ခင်မှာပင် နှစ်၄၀၀ကြာ ဆုတ်ယုတ်နေခဲ့တဲ့ အမှောင်လကို နတ်ဆိုးဘုံ တစ်ခုလုံးမှာ အင်အားအကြီးဆုံးနဲ့ အကြွယ်ဝဆုံးနယ်မြေတစ်ခု ဖြစ်လာအောင် လုပ်ခဲ့တယ်။ ဒါတောင် အိုဆိုင်ဒန်ရဲ့ နည်းအမျိုးမျိုးနဲ့ အရေးယူမှုတွေအောက်မှာ လုပ်ခဲ့တာ။ အိုဆိုင်ဒန် ဒီလိုမျိုး လုပ်နိုင်လား။ သူက အင်ပါယာကို နှစ်၃၀၀ အုပ်စိုးခဲ့ပြီးတော့ ဘာလုပ်ခဲ့လဲ။ လော့ဒ်တွေရဲ့ ပိုက်ဆံတွေကို လိမ်ညာယူဖို့ ရန်ပုံငွေဆိုတာကြီးကို သုံးခဲ့တာလား။ ငြိမ်းချမ်းရေး တည်တံ့ဖို့အတွက် အင်ပါယာနှစ်ခုကို လက်ဆောင်ပေးတာလား။ အင်ပါယာတစ်ခုလုံးကို လှည့်စားပြီးတော့ အဆောင်ပစ္စည်းရဲ့ဆန္ဒကို ဆန့်ကျင်တာလား။ အင်ပါယာနဲ့ အဆောင်ပစ္စည်းရဲ့ ပိုင်ရှင်အမှန်ကို သတ်ပစ်ဖို့ အရှက်မဲ့တဲ့ ဆင်ခြေတွေ သုံးတာလား။”

နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းနှစ်ယောက်က အလွန်အမင်း အင်အားကြီး သော်လည်း ထိုကဲ့သို့ အားကောင်းသော စကားစစ်ထိုးမှုများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ မခံနိုင်တော့ပေ။ အိုလီဗာက ခုခံရုံသာ တတ်နိုင်သည်။ “ဆာ့ရဲ့ စကားပြောစွမ်းရည်က ခွန်အားထက် ပိုပြီးတော့ ထက်မြက်တာပဲ။” ထို့နောက် သူ ဘာမှ ထပ်မပြောတော့ပေ။

ချန်လွေ့က ထို“ချီးမွမ်းမှု”ကို ဟန်မလုပ်ဘဲ လက်ခံလိုက်သည်။ အင်တာနက် ဖိုရမ်မှာ အုပ်စိုးခဲ့ပြီးတော့ အေစီဂျီမှာ ၁၀နှစ်ကျော် ဖြတ်သန်းခဲ့တဲ့ နည်းပညာ ဆရာကြီး တစ်ယောက်အနေနဲ့ ငါက ရုပ်ပိုင်းဆိုင်ရာ အားနည်းနေတဲ့အချိန် ဘယ်လိုလုပ် စကားစစ်ထိုးတဲ့နေရာမှာ အားနည်းရမှာလဲ။

အချိန်အတော်ကြာပြီးနောက် ကိုဝင်က စိတ်အေးအေးထားပြီး ပြောလိုက်သည်။ “မင်းပြောတဲ့ အချက်အလက်တွေကို ငါ မငြင်းနိုင်ဘူး။ ဒါပေမဲ့ အင်ပါယာက နယ်မြေလိုမျိုး မရိုးရှင်းဘူး။”

“ကျုပ် သ‌ဘောပေါက်ပါတယ်။ ပြီးတော့ ခင်ဗျားတို့နှစ်ယောက်က စိတ်ထဲမှာ လက်ခံရင်တောင် အင်ပါယာနဲ့ ခင်ဗျားတို့မိသားစုရဲ့ အကျိုးအမြတ်အတွက် ဘာမှဖော်ပြလို့ မရတာ ကျုပ်သိတယ်။ ဘယ်လိုပဲပြောပြော ဒါက လက်သီးနဲ့ပဲ စကားပြောတဲ့ လောကကြီးလေ။ ခင်ဗျားတို့ ဘာမှ ဖော်ပြဖို့ မလိုပါဘူး။ ကျုပ်လည်း ဒီနေ့ ကြယ်ကြွေတမန်ဓားကို ယူသွားမှာ မဟုတ်ဘူး....”

အိုလီဗာ မျက်မှောင်ကြုတ်လိုက်သည်။ “ဒါဆို မင်း ဘာလိုချင်တာလဲ။”

“ကျုပ်က တော်ဝင်မိသားစုနဲ့ အကြီးအကဲမိသားစုတွေကို သူတို့ရဲ့ အသက်ဓာတ် ထိန်းသိမ်းထားဖို့ စိတ်ရင်းနဲ့ မျှော်လင့်တာပါ။ အိုဆိုင်ဒန်ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် မစတေးကြပါနဲ့။ အဲဒါက အင်ပါယာရဲ့ အကျိုးအမြတ် အတွက်လည်း ဟုတ်သလို ခင်ဗျားတို့ကိုယ်တိုင်အတွက်လည်း ဟုတ်တယ်။”

ထိုစကားက အလွန်ပင် စိတ်ရင်းပါလှသည်။ အိုလီဗာနှင့် ကိုဝင်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး ပြောသည်။ “အရင်ဆုံး မေးခွန်းတစ်ခု အမှန်အတိုင်းဖြေ။ အခု ငါတို့ နှစ်ယောက် ပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင် မင်း ထွက်ပြေးနိုင်မှာလား။”

ချန်လွေ့ ခဏစဉ်းစားလိုက်ပြီးနာက် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

၎င်းမှာ ကြွားလုံးထုတ်ခြင်း မဟုတ်ပေ။ [တော်ဝင်ကြယ်အသွင်ပြောင်ခြင်း] ၊ [ကြယ်ဂိတ်] ၊ [နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း] ၊ နတ်ဆိုးဒိုင်းကာတို့နှင့်ဆိုလျှင် သူအလွန်အမင်း ကံကောင်းပါက ကြယ်ကြွေတမန်ဓားကိုပင် ယူသွားနိုင်ပေသည်။ သို့သော်လည်း ထိုနှစ်ယောက်မှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းများ ဖြစ်ကြသည်။ ထို့ကြောင့် နောက်ဆုံးတစ်ခုမှာ မျှော်လင့်ချက် သိပ်မရှိပေ။ ထို့ပြင် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနှင့် နတ်ဆိုးဒိုင်းကို ထုတ်ပြခြင်းကလည်း ပြဿနာ ပိုမို ဖြစ်နိုင်ပေသည်။

ချန်လွေ့ ကြွားဝါနေခြင်း မဟုတ်ကြောင်း အိုလီဗာ မြင်သည့်အခါ အသာလေး ခေါင်းညိတ်လိုက်သည်။ “ဒီလိုဆိုရင် မင်း သွားလို့ရတယ်။ ဒါပေမဲ့ ကြယ်ကြွေတမန်ဓားကို ထပ်ပြီး မလိုချင်နဲ့တော့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ လျို့ဝှက်အလုံပိတ်ခန်းရဲ့ အစောင့်အရှောက်တွေ။ နောက်တစ်ခါ ငါတို့တွေ အလျှော့ပေးမှာ မဟုတ်ဘူး။”

“ကျေးဇူးပါပဲ။ ခင်ဗျားတို့ရဲ့ စေတနာကို ကျုပ်လက်ခံပါတယ်။ ခင်ဗျားတို့က အဆောင်ပစ္စည်းပိုင်ရှင် တော်ဝင်မင်းသမီးကို မျက်နှာသာပေးနေတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျုပ်က ကြယ်ကြွေတမန်ဓားကို လက်လျှော့မှာ မဟုတ်ဘူး။” ချန်လွေ့ မျက်လုံးလှန်လိုက်သည်။ “ကျုပ်တို့ လောင်းကြမလား။ ၁၀ရက်အတွင်း ဒီဓားကို ရနိုင်ဖို့ ကျုပ် ဖြစ်နိုင်သမျှ အကုန်လုပ်မယ်။ မအောင်မြင်ရင် ကျုပ် အမှောင်လကို ပြန်ပြီးတော့ ဒီကို မင်းသမီးရှီရာ ခေါ်လာပေးမယ်။ ဘယ်လိုလဲ။”

နောက်ဆုံးစကားကို ကြားသည့်အခါ အိုလီဗာနှင့် ကိုဝင်တို့၏ မျက်လုံးများ အရောင်တောက်သွားကြသည်။ ကိုဝင်က သတိထားလျက် မေးလိုက်သည်။ “မင်းနိုင်ရင်ကော။”

“ဆာ-ကိုဝင်က တကယ့်ကို သတိထားတာပဲ။ ကျုပ်ကို တကယ်ကြီး အထင်ကြီးနေတယ်။” ချန်လွေ့ အသာလေး ပြုံးပြသည်။ “ကောင်းပြီလေ။ တကယ်လို့ ကျုပ် ကံကောင်းရင်တော့ ကျုပ်ရဲ့ အရင်ဆန္ဒကို ဆာတို့နှစ်ယောက် ဖြည့်ဆည်းပေးဖို့ ကူညီပေးရုံပါပဲ။”

“ဆန္ဒ ဟုတ်လား။”

“ကျုပ်က အစောင့်အရှောက်တွေ သစ္စာဆိုထားတဲ့အတိုင်း ဖြည့်ဆည်းပေးဖို့ မမျှော်လင့်ပါဘူး။ ပြီးတော့လည်း အိုဆိုင်ဒန်ကို ဆန့်ကျင်ဖို့ ဖိအားမပေးပါဘူး။ ကျုပ်ရဲ့ ဆန္ဒက ဒီတိုက်ပွဲမှာ တော်ဝင်မိသားစုနဲ့ အကြီးအကဲမိသားစုရဲ့ အင်အားတွေကို တည်မြဲဖို့အတွက် ခင်ဗျားတို့နှစ်ယောက် အကောင်းဆုံး ကြိုးစားဖို့။ အဲဒါပဲ။”

သူတို့နှစ်ယောက်က တစ်ဖက်လူသည် ကြယ်ကြွေတမန်ဓားကို လောင်းကြေးအဖြစ် အသုံးပြုမည်ဟု ထင်ခဲ့သည်။ သို့သော်လည်း မမျှော်လင့်ဘဲနှင့် ထိုတောင်းဆိုချက်မှာ တောင်းဆိုချက်ဟုပင် ယူဆ၍ မရပေ။ သူတို့၏မျက်လုံးထဲ၌ ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်ထွက်လာလေသည်။

ချန်လွေ့က မရိုးမသားနှင့် အဆောင်ပစ္စည်းနာမည်နှင့် သစ္စာဆိုပြီး စူပါစနစ်၏ သိုလှောင်ဂိုဒေါင်ထဲ၌ တိတ်တိတ်လေး အကြံအဖန် လုပ်လိုက်သည်။ သူ လက်ဝှေ့ရမ်းလိုက်ရာ မှတ်တမ်းတင်ကျောက်တစ်ခု‌ လေထဲ၌ ပျံ့လွင့်လာသည်။

“ကျုပ် အရင် သွားလိုက်ဦးမယ်။ တချို့စကားလုံးတွေက ပြောဖို့ မသင့်တော်ဘူး။ ဒါကို နောက်မှ နားထောင်ပေးပါ။”

ထို့နောက် ချန်လွေ့က တံခါးဆီသို့ လမ်းလျှောက်ကာ အတွင်းအလုံပိတ်ခန်း၌ နယ်နိမိတ်မှ အလျင်အမြန် ထွက်သွားတော့သည်။

မှတ်တမ်းတင်ကျောက်၌ မည်သည်မှ ထူးထူးခြားခြား မရှိကြောင်း ကိုဝင် မြင်လိုက်သည်။ သူ လက်ဝှေ့ရမ်းလိုက်ရာ သူ၏လက်ထဲ၌ မှတ်တမ်းတင်ကျောက် ပေါ်ထွက်လာသည်။ “လက်စသတ်တော့ ဒါက အချိန်သတ်မှတ်ထားတဲ့ သတင်းစကားကိုး။ အဲဒီကောင် ဘယ်လိုလှည့်ကွက်တွေ လုပ်ထားလဲ ကြည့်တာပေါ့။”

“အိုလီဗာ။ တော်ဝင်မင်းသမီးနဲ့ ကြယ်ကြွေတမန်ဓား ..... ”

“ငါက တော်ဝင်မိသားစုကပဲ။ ဒါက လူတစ်ယောက်နဲ့ ဓားတစ်လက် ကိစ္စပဲဆိုရင် ငါဆိုထားတဲ့ အစောင့်အရှောက်သစ္စာကို ဖြည့်ဆည်းဖို့ တုံ့ဆိုင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ စောင့်ရှောက်ချင်တာက အဆောင်ပစ္စည်းတစ်ခုကို မဟုတ်ဘူး။ ပိုပြီးအရေးကြီးတဲ့ အင်ပါယာတစ်ခုလုံးကိုပဲ။”

ကိုဝင် သက်ပြင်းချလိုက်သည်။ “ဟုတ်တယ်။ ခုနကလူ ပြောတဲ့အတိုင်း အိုဆိုင်ဒန်လို လူတွေက အင်ပါယာတစ်ခုလုံးကို ကိုယ်စားပြုနိုင်လား။”

“အာဏာပဲ။” အိုလီဗာ ခဏ တိတ်ဆိတ်သွားပြီးနောက် အဖြေပေးလိုက်သည်။ “ဒီတစ်ခေါက် အမှောင်လကို တိုက်ခိုက်တဲ့စစ်ပွဲက အင်ပါယာ တစ်ခုလုံးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်လောက်တယ်။ တကယ်ပဲ ‌တော်ဝင်မင်းသမီးက အဆောင်ပစ္စည်းရဲ့ ဆန္ဒကို ကိုယ်စားပြုတယ် ဆိုရင်တော့ .... ”

“မင်း ဒီလိုပြောတာကိုကြားတော့ ငါတို့မိသားစုရဲ့ ဗာနင်မ်က အမှောင်လဘက် ရောက်သွားတာကို ရှက်စရာလို့ ရုတ်တရက် မခံစားရတော့ဘူး။ နတ်ဆိုးဘုံမှာ ရှေးစကား တစ်ခွန်းရှိတယ်။ ကြက်ဥတွေအကုန်လုံးကို ခြင်းတောင်းထဲ မထည့်သင့်ဘူးတဲ့။”

“မိတ်ဆွေ။ ဒီစကားကို ငါဖြန့်လိုက်မှာ မကြောက်ဘူးလား။” အိုလီဗာ အသာလေး ပြုံးလိုက်သည်။ “တကယ်တော့ သေချာပေါက် အနိုင်ရမယ့်တိုက်ပွဲက စိုးရိမ်စရာတွေ အများကြီး ယူလာပေးမယ်လို့ ငါ စိတ်ထင်နေတယ်။ မယုံနိုင်စရာတွေ ဖြစ်လာနိုင်တယ်။ ခုနက ငါတို့မျက်လုံးအရှေ့မှာ ပေါ်ထွက်လာတဲ့ အံ့သြဖွယ်ရာလိုမျိုးပေါ့....”

၈မှတ်။ ဟိုတယ်သို့ ပြန်ရောက်လာသော ချန်လွေ့က ထိုနေ့အတွက် သူ၏ သရုပ်ဆောင်မှုကို အမှတ်ပေးလိုက်သည်။ ကြယ်ကြွေတမန်ဓားကို ငါ မရခဲ့ပေမဲ့ ကံကောင်းမယ်ဆိုရင် အတိုးနဲ့ ပြန်လာဖို့က မဖြစ်နိုင်တာ မဟုတ်တော့ဘူး။

အဓိကနေရာကနေ ပါဝင်ခဲ့တဲ့ စူပါစနစ်က တကယ့်ကို မယုံနိုင်စရာ ရတနာ တစ်ခုပဲ။ သိုလှောင်ဂိုဒေါင် လုပ်ဆောင်ချက် တစ်ခုတည်းက အတော်လေးကို အဆင်ပြေနေပြီ။ ငါ သိပ်ပြီးတော့ မအားတာတော့ နှမြောစရာပဲ။ မဟုတ်ရင် ငါ စိတ်အေးအေးထားပြီးတော့ စိတ်ဝိညာဉ်ဖြတ်တောက်မှုကြောင့်ဖြစ်တဲ့ လုပ်ဆောင်ချက် ကျရှုံးမှုတွေ မဖြစ်အောင်လို့ စူပါစနစ်ရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကို ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း လေ့လာကြည့်မှာ။

“မြို့တော်ရဲ့ ညစားသောက်ပွဲ စတော့မယ်...” မျက်လုံးပိတ်ထားသော ချန်လွေ့က မျက်လုံးကို ဖွင့်လိုက်သည်။ သူက မှော်အချိန်မှတ်ပစ္စည်းကို ထုတ်ယူပြီး ပြတင်း‌ပေါက် အပြင်ဘက်မှ ကြယ်ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏နှလုံးသားထဲမှ ဝတ်စုံဖြူ ဝတ်ထားသော ရွှေရောင်ဆံပင်နှင့် မိန်းမလှတစ်ယောက် ပေါ်ထွက်လာသည်။ “ဒါကို မြင်ရဲ့လား။ ကျုပ်ရဲ့ တော်ဝင်မင်းသမီး။”

အမှောင်လနယ်မြေ လိုင်ရာမြို့ရှိ စစ်ဘက်ဆိုင်ရာ ဗဟိုတဲအိမ် အပြင်ဘက်၌ -

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက ကြယ်ရောင်များ တလက်လက်တောက်နေသော ကောင်းကင်ကို မော့ကြည့်ရင်း သူ၏ ပုံမှန်အားဖြင့် ဂရုမစိုက်သော ခရမ်းရောင် မျက်လုံးထဲတွင် တမ်းတသော အငွေ့အသက်တစ်ခု ပေါ်ထွက်လာလေသည်။

All Chapters