သီချင်းတစ်ပုဒ်
Vol. 36 Ch. 535
“မင်းသမီး ရှီရာ...”
ပိုးဇာလွှား ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ရှီရာအနားတွင် ပေါ်ထွက်လာသည်။ သူက ဝတ်ရုံဝတ်ထားသော်လည်း သူ၏ရဲရဲတောက် ခန္ဓာကိုယ်က အမှတ်မထင် ပေါ်လွင်နေဆဲ ဖြစ်သည်။
“ရှင်ရောက်လာပြီပဲ။” ရှီရာက ကြယ်ကောင်းကင်ကို မော့ကြည့်နေသော အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ “အိုဆိုင်ဒန်က စိန်ခေါ်တဲ့စာ ပို့လိုက်ပြီးတော့ နောက်၃ရက်ကြာရင် တောနက်ထဲမှာ တိုက်ခိုက်ဖို့ ပြောထားတယ်။ ဘယ်လိုထင်လဲ။”
“သူက စောင့်နေတာ။” မျက်နှာလွှားနှင့် အမျိုးသမီး၏အသံက အလွန်ပင် သေချာနေသည်။ “ရန်သူရဲ့ အင်အားက ကျွန်မတို့ထက် သာနေတုန်းပဲ။ ဒါပေမဲ့ ကျွန်မတို့က ရန်သူထင်ထားတာထက် ကျော်လွန်နေတဲ့စွမ်းအားကို ပြသခဲ့လို့ အိုဆိုင်ဒန်ရဲ့ စိတ်ဓာတ်က တုန်လှုပ်နေပြီ။ အဲဒါကြောင့် သူက အတွင်းရေး ရှင်းပစ်တာကို စောင့်နေတာ။ အနောက်ဘက်က ချောင်းမြောင်းတိုက်ခိုက်မှာကို စောင့်နေတာ။ ဒါမှမဟုတ် တခြားတစ်ခုခုပေါ့။ အတိုချုံးပြောရမယ်ဆိုရင် သူက တိုက်ခိုက်ဖို့အတွက် အချိန်ကောင်းကို စောင့်နေတာ။”
ရှီရာ ခေါင်းညိတ်လိုက်သည်။ “ကျွန်မတို့လည်း စောင့်နေတာ။”
“ဟုတ်တယ်။ ကျွန်မတို့ကလည်း အနောက်ဘက်ကို စောင့်နေသလို တောင်ဘက်ကိုလည်း စောင့်နေတယ်။ ငှက်တောင်ဖြူနယ်မြေကနေ ကျွန်မ သတင်းရထားတယ်။ သူတို့က ကျွန်မတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ။ ခရီးစဉ် အရဆိုရင် အစီအစဉ်က မြို့တော်အဆင့်ကို ရောက်နေပြီ။”
“သိပ်ကောင်းတယ်။ ဒါဆိုရင် ကျွန်မတို့မှာ မျှော်လင့်ချက်နည်းနည်း ပိုရှိပြီ။” ရှီရာ၏စိတ်ဓာတ် လန်းဆန်းသွား၏။ သူ၏ ခရမ်းရောင်မျက်လုံးထဲ၌ အံ့အားသင့်မှု အရိပ်အယောင် လက်ခနဲ ဖြစ်သွားပြီး ပြန်လည်တည်ငြိမ်သွားခဲ့သည်။ “ဘယ်လိုပဲဖြစ်ဖြစ် နောက်၃ရက်ကြာပြီးရင် တိုက်ခိုက်ရမယ့် အဆုံးသတ်တိုက်ပွဲက ရလာဒ်အတွက် အဓိက သော့ချက်ပဲ။ ရန်သူက အတော်လေး အင်အားကြီးတယ်။ အဲဒါကြောင့် ကျွန်မတို့က နည်းနည်းလေးမှ အမှားလုပ်လို့မရဘူး။”
“ဟုတ်လား။” မျက်နှာလွှားနှင့် အမျိုးသမီးက ထူးဆန်းသော မျက်နှာအမူအရာ ပြသလိုက်သည်။ “တော်ဝင်မင်းသမီးက တကယ် စိတ်ရှုပ်ထွေးနေတာပဲ။ မင်းသမီးက စိတ်လှုပ်ရှားနေတာ သေချာတယ်။ ဒါပေမဲ့ စိုးရိမ်တဲ့အမူအရာ ပြသနေတယ်။ မင်းသမီးက အဲဒီလူအကြောင်းကို ကြားချင်နေတာ သိသာနေတာပဲ။ ဒါပေမဲ့ စိတ်ထဲမှာ မရှိသလို ဟန်ဆောင်နေတယ်...”
ရှီရာက ထိုအမျိုးသမီးသည် ရုတ်တရက်ကြီး ထိုကဲ့သို့ အတင့်ရဲသော စကားများ ပြောလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူ၏မျက်နှာ ရုတ်တရက် အေးစက်သွားပြီး ရက်စက်သော သတ်ဖြတ်ချင်စိတ်တစ်ခုကို မဖုံးကွယ်ထားဘဲ ထုတ်ဖော်လိုက်သည်။
မျက်နှာလွှားနှင့် အမျိုးသမီးက နဖူးအရှေ့မှ အညိုရောင်ဆံပင်တစ်မျှင်ကို ပွတ်သပ်လိုက်သည်။ “တော်ဝင်မင်းသမီးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကျွန်မ ဝင်မပါရဲပါဘူး။ ဒါပေမဲ့ မင်းသမီးက ဒီတိုက်ပွဲကို ယုံကြည်ချက်မရှိတာ သေချာတယ်။ ပြီးတော့ မင်းသမီးရဲ့စိတ်က ရှုပ်ထွေးနေတယ်။ ဒါပေမဲ့ မင်းသမီးက သေသေချာချာ ပြင်ဆင်ထားပြီးတော့ ယုံကြည်ချက်ရှိတဲ့ စစ်နတ်ဘုရားမလိုမျိုး ဟန်ဆောင်နေတယ်။ ဒီလိုမျိုး လှည့်ဖျားတဲ့ တပ်မှူးမျိုးက မျက်စိမှိတ်ယုံကြည်နေတဲ့ နောက်လိုက်တွေကို ထိခိုက်စေမှာ စိုးရိမ်မိတယ်။”
ယခင် သတ်ဖြတ်ချင်စိတ်က လေညင်းတစ်ခုသာဆိုလျှင် ယခုမှာ မျက်နှာလွှားနှင့် အမျိုးသမီးကို တင်းတင်းကြပ်ကြပ် အသေမှတ်ထားသော ကြောက်မက်ဖွယ်ရာ မုန်တိုင်းတစ်ခု ဖြစ်သွားလေပြီ။ အေးစက်သော အသံ ထွက်ပါ်လာ၏။ “ရှင်က ဘာပြောချင်နေတာလဲ။”
မျက်နှာလွှားနှင့် အမျိုသမီး၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သတ်ဖြတ်ချင်စိတ်ကို အားနည်းချက်မပြဘဲ နှုတ်ဆက်လိုက်သည်။ “ဒီလိုမျိုး အပေါ်ယံ ဟန်ဆောင်မှုတွေကို ဗိုလ်ချုပ်နဲ့ စစ်သည်တွေ မြင်နိုင်တယ်။ ဒါပေမဲ့ အရေးကြီးဆုံးက မင်းသမီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်လဲ ဆိုတာပဲ။ ကြောက်တာလား။ စိုးရိမ်တာလား။ အနိုင်ရဖို့ ယုံကြည်ချက် မရှိဘူး။ ကျွန်မတို့ရဲ့အင်အားက အရေးနိမ့်နေတယ်။ တကယ်လို့ ဒီလိုခေါင်းဆောင်မျိုးက နောက်၃ရက် တိုက်ပွဲမှာ အမိန့်ပေးမယ်ဆိုရင် ရလာဒ်က သေချာပေါက် ရှုံးနိမ့်မှာပဲ။ ကျွန်မပြောတာ မှားလား။ တော်ဝင်မင်းသမီး။”
ရှီရာ၏ သတ်ဖြတ်ချင်စိတ်များ တဖြည်းဖြည်း တည်ငြိမ်သွားပြီး မျက်နှာလွှားနှင့် အမျိုးသမီးထံမှ အကြည့်လွှဲလိုက်သည်။
“ကျွန်မက ပြည်သူတွေနဲ့ စစ်သည်တွေ ထင်ထားသလို မတော်ဘူး။ ကျွန်မက နတ်ရွာစံခါနီး ခမည်းတော်ဆီကနေ လော့ဒ်နေရာကို ဆက်ခံထားတာ ၇နှစ်ရှိပြီ။ ကျွန်မက ကြီးမားတဲ့စွမ်းအားလည်း မရှိသလို ထူးချွန်တဲ့ အမိန့်ပေးစွမ်းရည်လည်း မရှိဘူး။ တိုက်ခိုက်ရေးအတွေ့အကြုံလည်း မရှိဘူး။ သူသာမရှိရင် အမှောင်လက ယုတ်ဆုတ်နေတဲ့ အခြေအနေမှာ ရှိနေဦးမှာပဲ။ အခုလိုမျိုး ခက်ခက်ခဲခဲ ရထားတဲ့ ကြွယ်ဝပြီး အင်အားတွေကြောင့် ကျွန်မ စိုးရိမ်နေတယ်။ စိတ်ပူနေတယ်။ ရှုံးမှာ ကြောက်နေတယ်။ ဒါပေမဲ့ ဒါက ရင်ဆိုင်ရမယ့် တိုက်ပွဲတစ်ပွဲပဲ။ ပြီးတော့ ကျွန်မ ဘယ်လိုပဲဖြစ်ဖြစ် ထွက်ပြေးမှာ မဟုတ်သလို လက်လျှော့မှာလည်း မဟုတ်ဘူး။”
“လက်မလျှော့ရုံပဲလား။ မင်းသမီးက စစ်တပ်ကို ဦးဆောင်ပြီးတော့ ဒီစစ်မြေပြင်မှာ ချော်ရည်ပြာနယ်မြေနဲ့ လိပ်ပြာနီနယ်မြေရဲ့ ညွန့်ပေါင်းစစ်တပ်ကို တိုက်ခိုက်ခဲ့တာ ကျွန်မ မှတ်မိတယ်။” မျက်နှာလွှားနှင့် အမျိုးသမီးက အသာလေး ပြုံးလိုက်သည်။ “အဲဒီတုန်းက မင်းသမီး ကြောက်နေခဲ့လား။”
“အဲဒီတုန်းက....” ရှီရာက မျက်နှာလွှားနှင့် အမျိုးသမီး၏ ကြည်လင်သော မျက်လုံးများကို ကြည့်လိုက်ပြီး တစ်ခုခု သဘောပေါက်သွားဟန်တူသည်။
ထိုအချိန်၌ သူက အဲလစ်အတွက် အနောက်ဘက်လမ်းတစ်လမ်း ပြင်ဆင်ပေးခဲ့၏။ ထို့နောက် ထိုသူကို အကြံအစည်ဖြင့် မောင်းထုတ်လိုက်သည်။ သူက အသေခံရန် ဆုံးဖြတ်ချက်ဖြင့် လုံးဝတိုက်ခိုက်ခဲ့သည်။ “အကြောက်တရား” ဟူ၍ မရှိခဲ့ပေ။
နောက်ပိုင်း၌ ထိုသူ ပေါ်ထွက်လာပြီး အံ့သြဖွယ် ကောင်းလောက်အောင်ပင် တိုက်ပွဲကို ပြောင်းလဲခဲ့သည်။ ရှီရာသည် လိပ်ပြာနီစစ်တပ်ဆီသို့ တစ်ယောက်တည်း ချီတက်သွားခဲ့သည့်ပုံရိပ်ကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။
“တော်ဝင်မင်းသမီးအတွက်...”
ရှီရာ၏မျက်လုံးများ ရုတ်တရက် ဝေဝါးသွားသည်။
“ကျုပ်ရဲ့ ရူးမိုက်တဲ့မိန်းမ....”
“ဘာလုပ်ရမလဲဆိုတာ ကျုပ်သိနေလို့ပဲ။”
“ကျုပ်တို့ ယုံကြည်နေသရွေ့ အမြဲတမ်း အတူတူ နေနိုင်သလိုမျိုးပဲ ကျုပ်တို့တွေ နောက်ဆုံး အနိုင်ရမှာ။ ဟုတ်ပြီလား။”
အတိတ်နှင့် ပစ္စုပ္ပန်တို့ ထပ်သွားပြီး ရှီရာ၏ နှလုံးသားထဲ၌ မီးတောက် အသေးလေးတစ်ခု လောင်ကျွမ်းလာကာ ခရမ်းရောင်မျက်လုံးထဲမှ ရေငွေ့များကို အရည်ပျော်သွားစေသည့် မီးတောက်ကြီးတစ်ခုအဖြစ် ကျယ်ပြန်သွားခဲ့သည်။ အေးစက်သော သူ၏နှုတ်ခမ်းကလည်း အသာလေး မြင့်တက်သွားသည်။ မပြတ်သားသော အရိပ်ကို ရင်ဆိုင်ရင်း သူက အသာလေး ပြောလိုက်သည်။ “အင်း...”
ထိုစကားပြောပြီးနောက် ရှီရာ၏ မျက်လုံးများ ပိုမိုကြည်လင်သွားသည်။ သူက မျက်နှာလွှားနှင့် အမျိုးသမီး၏အကြည့်ကို မရှောင်ဘဲ ကြည့်လိုက်သော်လည်း ထိုအမျိုးသမီးက သူ့ကို မကြည့်တော့ဘဲ တစ်ခုခုကို ထုတ်လိုက်သည်။
၎င်းမှာ ဂီတတူရိယာတစ်ခုဖြစ်သော ဗျတ်စောင်း ပင်။
“မင်းသမီးက နည်းနည်းလေး ပိုပြီးတော့ တက်ကြွသွားတဲ့ပုံပဲ။ ဒါဆိုရင် ငယ်သားဖြစ်တဲ့ ကျွန်မက အလုပ်ကြိုးစားပြီးတော့ မင်းသမီးအတွက် သီချင်းတစ်ပုဒ် တီးပေးပါ့မယ်။” မျက်နှာလွှားနှင့် အမျိုးသမီး၏ အစိမ်းရောင်မျက်လုံးထဲ၌ ရန်စသော အငွေ့အသက်တစ်ခု ရှိနေ၏။ “ဒီသံစဉ်ကို သူ သင်ပေးခဲ့တာ။”
နောက်ဆုံးစကားကို ကြားသည့်အခါ ရှီရာ၏ အကြည့်က ရုတ်တရက် ပြင်းထန်သော အရှိန်အဝါတစ်ခု ပစ်လွှတ်လိုက်သည်။ ၎င်းမှာ သတ်ဖြတ်ချင်စိတ် မဟုတ်ဘဲ မိန်းမများအကြားရှိ ရန်လိုမှုတစ်ခု ဖြစ်ပေသည်။
ငရှုပ်ကောင်...
“ဟတ်ချိုး....” အဝေးရှိ မြို့တော်မှ ယောက်ျားတစ်ယောက်သည် လေးနက်သော အမူအရာဖြင့် အစီအစဉ်ကို သေချာရှင်းပြနေသည်။ ရုတ်တရက် နှာချေလိုက်ရာ ခံ့ညားသော အခြေအနေက ရုတ်တရက် ပျက်စီးသွားတော့သည်။
ဘယ်သူ ငါ့ကို သတိရနေတာလဲ။ ချန်လွေ့က ရှက်ရှက်နဲ့ နှာခေါင်းကို ပွတ်သပ်လိုက်သည်။ သူက နောက်ထပ် ညွှန်ကြားချက်အချို့ ပေးပြီးတော့ အချိန်မှတ်စက်ကို ကြည့်လိုက်သည်။ “အခုကစပြီးတော့ လှုပ်ရှားတော့။”
အနီးအနားမှ အနက်ရောင်အရိပ်များအားလုံး တုံ့ပြန်ပြီး အလျင်အမြန် လူခွဲသွားကြသည်။
တစ်ချိန်တည်းမှာပင် မြို့တော်၏ ကင်းလှည့်အဖွဲ့ကလည်း မြောက်ပိုင်း ဆင်ခြေဖုံးမှ တပ်သား အမြောက်အမြားကို ရှာတွေ့သွားခဲ့သည်။ ချပ်ကာနှင့် အလံများကို ကြည့်ရလျှင် ၎င်းမှာ ငှက်တောင်ဖြူနယ်မြေစစ်တပ် ဖြစ်နေသည်။ ငှက်တောင်ဖြူနယ်မြေလော့ဒ် စီကာလီလည်း ထိုစစ်တပ်၌ ပါဝင်နေပြီး စစ်တပ်၏တပ်မှူးလည်း ဖြစ်သည်။
စီကာလီ၏ ပြောကြားချက်အရ သူ့တွင် အရေးတကြီး စစ်ရေးကိစ္စရှိနေပြီး မြို့တော်သို့ ဝင်ရန် လိုအပ်နေသည်။
ထိုသတင်းက ကင်းလှည့်အစောင့်များကို အံ့အားသင့်သွားစေသည်။ စစ်ရေးကိစ္စ ဖြစ်သည့်အတွက် သူတို့ လျစ်လျူရှု မရဲပေ။ သူတို့က စီကာလီနှင့် စစ်သည် ၅၀၀ခန့် ရှိသော မြင်းတပ်ကို မြောက်ဘက်ဂိတ်တံခါးသို့ ချက်ချင်းပင် ဦးဆောင်သွားလိုက်သည်။
အဝေးမှ မြို့တံတိုင်းသို့ ချဉ်းကပ်လာသော သိပ်သည်းလှသည့် မြင်းတပ်ကို မြင်သည့်အခါ မြောက်ဘက်ဂိတ်ရှိ မြို့စောင့်တပ်သားများက အလွန်များပြားသော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသည်။ အစောင့်တပ်မှူး စိုင်မန်က စစ်သည်များအား အရေးပေါ် အကာအကွယ် မှော်စက်ဝိုင်းများကို အသက်သွင်းရန် အလောတကြီး အမိန့်ပေးပြီး ညစစ်ပွဲ အလင်းရောင် ကိရိယာများကို ဖွင့်ကာ ရန်သူကို ရင်ဆိုင်သည်။
ကင်းလှည့်အစောင့်ခေါင်းဆောင်က ရှေ့သို့ အမြန်ထွက်လာပြီး ခံစစ် မှော်စက်ဝိုင်းကိုဖြတ်ကာ စိုင်မန်ကို အခြေအနေ ရှင်းပြလိုက်သည်။
ငှက်တောင်ဖြူနယ်မြေ စစ်တပ်လား။ စိုင်မန် အံ့အားသင့်သွားသည်။ သူ၏အကြည့်က အလင်းရောင်အောက်မှ မြင်းတပ် ဝိုင်းရံထားသော စီကာလီဘက်သို့ ရောက်ရှိသွားသည်။ သူ၏မျက်နှာအမူအရာ အနည်းငယ် သုန်မှုန်နေ၏။
“ဗိုလ်ချုပ် စိုင်မန်။ ကျုပ်ကို မှတ်မိလား။ ကျုပ်တို့က စန္ဒာအေး စားသောက်ဆိုင်မှာ အတူတူ သောက်ခဲ့ဖူးတယ်လေ။” စီကာလီက မြင်းစီးရင်း ရှေ့သို့တက်လာသည်။
“တကယ် ငှက်တောင်ဖြူနယ် နယ်မြေလော့ဒ်-စီကာလီ ဖြစ်နေတာပဲ။” စိုင်မန် အသာလေး ဦးညွှတ်လိုက်ပြီး ခံစစ်မှော်စက်ဝိုင်းများကို ချက်ချင်း မဖွင့်ပေးခဲ့ပေ။
“ကျုပ်က ဗိုလ်ချုပ်နဲ့ တကယ် စကားပြောချင်ပါတယ်။ ဒါပေမဲ့ အခု စစ်ရေး အခြေအနေက အရေးကြီးနေတယ်။ မြို့ဂိတ်တံခါးကို ဖွင့်ပြီးတော့ ကျုပ်ရဲ့စစ်တပ်ကို ပေးသွားခွင့်ပြုပါ။ ဗိုလ်ချုပ် စိုင်မန်။”
စိုင်မန်က မျက်မှောင်ကြုတ်ပြီး ပြောသည်။ “ဆာ-စိုင်မွန်။ ဘယ်လိုစစ်ဆေးကိစ္စမျိုးက ငှက်တောင်ဖြူနယ်မြေရဲ့ စစ်တပ်အကုန် စေလွှတ်ဖို့ လိုအပ်တာလဲ။ ကျုပ် ဘာလို့ စစ်တပ်ရေးရာဌာနကနေ အမိန့်မရတာလဲ။ တောင်းပန် ပါတယ်။ ဒါက ကျုပ် တာဝန်ပါ။ အဲဒါကြောင့် သေသေချာချာ မေးရပါမယ်။”
စီကာလီက မြင်းပေါ်မှ ခုန်ဆင်းပြီး တစ်ယောက်တည်း လမ်းလျှောက်သွားကာ ပြောသည်။ “ဒီကိစ္စက လျို့ဝှက်ချက်ဆိုတော့ ဒီမှာပြောဖို့ မသင့်တော်ဘူး။ အကာအကွယ် မှော်စက်ဝိုင်း အရင်ဖွင့်လိုက်တာပေါ့။”
စိုင်မန် ခဏစဉ်းစားပြီး စစ်သည်များအား အကာအကွယ် မှော်စက်ဝိုင်းကိုဖွင့်ရန် အမိန့်ပေးလိုက်သည်။ စီကာလီက အစောင့်များက ရပ်နေကြရန် အမိန့်ပေးခဲ့သည်။ သူက စိုင်မန်ထံ ရောက်လာပြီး ပုခုံးကိုပွေ့ဖက်လိုက်ကာ ထောင့်တစ်နေရာသို့ ခေါ်သွားသည်။ သူက စွမ်းအားကို စုစည်းပြီး အပြင်ဘက်မှ အသံများကို ကာရံထားလိုက်သည်။
“ဗိုလ်ချုပ် စိုင်မန်။ ကျုပ်တို့က မိတ်ဆွေဟောင်းတွေပဲ။ အမှောင်လကို ရီဂျန့်ရဲ့ ညွန့်ပေါင်းစစ်တပ် တိုက်ခိုက်တဲ့သတင်းကို ခင်ဗျားသိလား မသိဘူး။”
စိုင်မန် ခေတ္တ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကျုပ် နည်းနည်း ကြားပါတယ်။”
“ပထမတော့ ဗိုလ်ချုပ် နက်စ်တာနဲ့ မှော်အရိပ်ဗိုလ်ခြေတို့က ရန်သူဆီမှာ အညံ့ခံလိုက်ရတယ်။ ဗိုလ်ချုပ် ဆာမိုအာနဲ့ ငရဲဟိုက်ဒြာဗိုလ်ခြေတို့က တိုက်ပွဲမှာ သေသွားခဲ့တယ်။ ပြီးတော့ ညွန့်ပေါင်းစစ်တပ်က လရောင်ခံတပ်ကို တိုက်ခိုက်ပြီးတော့ တပ်သားတွေ ဆုံးရှုံးခဲ့ရတယ်။ နောက်တော့ ဒီကိုမြို့ ချောင်းမြောင်း တိုက်ခိုက်ခံရတယ်။ လက်ရွေးစင်ဗိုလ်ခြေသုံးခုက ကြီးကြီးမားမား ထိခိုက်မှုတွေ ခံစားခဲ့ရသည်။ မိုးပျံတိမ် ဗိုလ်ခြေတစ်ခုလုံးခြေမှုန်းခံလိုက်ရတယ်။ ဒီတစ်ခေါက် ညွန့်ပေါင်းစစ်တပ်က ခက်ခဲတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတယ်။”
စိုင်မန်က နက်စ်တာနှင့် ဆာမိုအာကိစ္စအကြောင်းကို သေသေချာချာ သိသည်။ လရောင်ခံတပ် တိုက်ပွဲအကြောင်းကိုလည်း သူ အနည်းငယ် သိသည်။ ဒီကိုမြို့ တိုက်ပွဲ အကြောင်းကိုမူ ယခုမှ သူကြားရခြင်း ဖြစ်ပြီး ပင့်သက်ရှိုက်လိုက်မိသည်။
“အခု တိုက်ပွဲအခြေအနေက အရှင် ရီဂျန့်ရဲ့ ဂုဏ်သတင်းကို လုံးဝ ပျက်စီးအောင် လုပ်နေပြီ။ လိပ်ပြာနီနယ်မြေရဲ့ တောင်ပိုင်းကနေတစ်ဆင့် စစ်တပ်ကို ဦးဆောင်ဖို့အတွက် ကျုပ် လျို့ဝှက်အမိန့်တစ်ခု ရထားတယ်။ ပြီးတော့ အမှောင်လရဲ့ အနောက်ဘက်ကို အလစ်တိုက်ခိုက်ဖို့အတွက် အရိပ်နက်အင်ပါယာရဲ့ လိုင်ရာမြို့ကို ကွေ့ပတ်သွားရမယ်။” စီကာလီက လျို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။ “ဒီလျို့ဝှက်အစီအစဉ်က အမှောင်လတစ်ခုလုံးကို တိုက်ခိုက်တဲ့နေရာမှာ အရေးပါတယ်။ အရှင် ရီဂျန့်က အကြီးအကဲ မိသားစုတွေကို အမြဲတမ်း သတိထားနေခဲ့တာ။ သူက အကြီးအကဲ မိသားစုတွေ ဒီအစီအစဉ်ကို မသိစေချင်ဘူး။”
စိုင်မန်က စစ်ဘက်ဆိုင်ရာဝန်ကြီးမှာ အကြီးအကဲမိသားစုဝင် တစ်ယောက်ဖြစ်ပြီး အကြီးအကဲမိသားစုများနှင့် ရီဂျန့်တို့က အတော်လေး တင်းမာသော ဆက်ဆံရေး ရှိနေကြောင်း သိသည့်အတွက် သဘောပေါက်သော အမူအရာ ပြသလိုက်သည်။
“ဗိုလ်ချုပ်က အကြီးအကဲမိသားစုဝင် မဟုတ်ဘဲ ဗိုလ်ချုပ်ဒိုရင်းလက်အောက်က လူတစ်ယောက်ဆိုတာ ကျုပ်သိတယ်။ အဲဒါကြောင့်ပဲ ဒီလောက် အများကြီး ပြောပြတာ။ ဗိုလ်ချုပ် ဒါကို လျို့ဝှက်ထားရမယ်။ ဒီလျို့ဝှက်အစီအစဉ်မှာ မတော်တဆ တစ်ခုခု ဖြစ်မယ်ဆိုရင် ဗိုလ်ချုပ်နဲ့ငြိမှာ။ သဘောပေါက်လား။”
ပတ်သက်မိသည့်အတွက် စိုင်မန်က ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ “စစ်တန်းလျားက ဗိုလ်ချုပ် ဒိုရင်းကို သတင်းပို့လိုက်မယ်။ သူ့ဆီက အမိန့်ကိုရရင် ကျုပ် ဆာ့ရဲ့ စစ်တပ်ကို ဝင်ခွင့်ပေးမယ်။ ဒါက စည်းမျဉ်းပါ။ ကျုပ်အတွက် ခက်ခဲအောင် မလုပ်ပါနဲ့။ ဆာ။”
စီကာလီ အသာလေးပြုံးလိုက်ပြီး စိုင်မန်၏ပုခုံးကိုပုတ်ကာ အသံလုံစွမ်းအားကို ဖယ်ရှားလိုက်သည်။ “ကိစ္စမရှိပါဘူး။ ဗိုလ်ချုပ်ကိုယ်တိုင် သွားတဲ့အတွက် ကျေးဇူးတင် ပါတယ်။ ကျုပ် ခင်ဗျားကို ဒီမှာ စောင့်နေမှာပါ။”
မြို့တော်ဂိတ်တံခါးမှ ထွက်သွားပြီး သိပ်မကြာခင်၌ စိုင်မန်က အလွန် ကျယ်လောင်သော အသံတစ်သံကို ရုတ်တရက် မြို့ထဲမှ ကြားလိုက်ရသည်။ သူက ကင်းလှည့်နေသော စစ်သည်တစ်ယောက်ကို တားလိုက်ရာ အရက်ဆိုင်နယ်မြေ၌ မီးလောင်နေကြောင်း သိလိုက်ရသည်။ အနီးအနားရှိ အိမ်များ မီးစွဲနေပြီဖြစ်သည်။
ခဏတာ လမ်းလျှောက်သွားပြီးနောက် အပြင်မြို့တွင်သာမက အတွင်းမြို့မှာပါ ပေါက်ကွဲသံများနှင့် မီးလောင်သော သတင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဗိုလ်ချုပ် ဒိုရင်း၏ စံအိမ်ပါ မကျန်ပေ။
အရက်ဆိုင်ဘဲဆိုရင် ဘာမှမဟုတ်ဘူး။ အခု နေရာတွေအများကြီးက တစ်ချိန်တည်းမှာ မီးလောင်ကုန်တယ်။ တစ်ယောက်ယောက်က တမင် မီးရှို့နေတာပဲ ဖြစ်ရမယ်။ ဘာကြောင့်မှန်းမသိ စိုင်မန်က မကောင်းသော နိမိတစ်ခု ခံစားရလာသည်။
ထိုအချိန်၌ မြေပြင်မှ တုန်ခါမှုတစ်ခုကို သူ ခံစားလိုက်ရသည်။ ထောင်နှင့်ချီသော တပ်သားနှင့် မြင်းများ ပြေးနေသကဲ့သို့ပင်။ ညပိုင်းဖြစ်သည့်အတွက် အထူးသဖြင့် ထင်ရှားနေသည်။ စိုင်မန်က ခေါင်းကို ချက်ချင်း နောက်လှည့်လိုက်ရာ အသံမှာ သူ စခန်းချထားသော မြောက်ဘက်ဂိတ်တံခါးမှ ဖြစ်နေသည်။ သူ၏မျက်နှာ ရုတ်တရက် အလွန်အမင်းဖြူဖျော့သွားတော့သည်။
မြောက်ဘက်ဂိတ်တံခါး၌ မြင်းတပ်ဖွဲ့များက ခုခံနေသော စစ်သည်များ၏ အလောင်းများပေါ်သို့ အလျင်အမြန် ကျော်ဖြတ်သွားပြီးနောက် မြို့တော်ထဲသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။ သူတို့၏နောက်သို့ အရေအတွက် မသိရသော အလွန်ကြီးမားသည့် စစ်တပ်တစ်တပ်က လိုက်လာလေသည်။