← Chapters

တတိယ ညဂီတ

Vol. 36 Ch. 537

တတိယ ညဂီတ

Vol. 36 Ch. 537

လရောင်အောက်၌ ဂီတသံက တဖြည်းဖြည်းနှင့် တိုးလာသည်။

ရှီရာက မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ပြီး ပင့်သက်ရှိုက်လိုက်သည်။ “အစ်ဇဘယ်လာ။ ဒီသံစဉ်က အတော်လေး သာယာကြည်နူးစရာပဲ။”

အစ်ဇဘယ်လာက ဗျတ်စောင်းကို မျက်နှာလွှားပေါ်မှ အသာလေး ချလိုက်သည်။ “ဒီသီချင်းရဲ့နာမည်က “လောကအဆုံးသတ်”တဲ့။ အဲဒီလူ ကျွန်မကို သင်ပေးတုန်းက လောကကြီးအဆုံးသတ်သွားရင်တောင် ကျွန်မဘေးမှာ ရှိနေမယ်လို့ ပြောခဲ့တယ်။”

“ဟုတ်လား။” ဆံပင်ရွှေရောင်နှင့် မင်းသမီးက အေးစက်စက်နှင့်ပြုံးပြီး ဂီတကြောင့် ပျောက်ကွယ်သွားသော သူ၏မျက်လုံးထဲမှ အေးစက်မှု ပြန်ရောက်လာသည်။ “ဒါဆိုရင် သူ ရှင့်ကို ချိုချိုသာသာ ပြောတဲ့အချိန်တိုင်း ကျွန်မရဲ့ လက်မောင်းထဲမှာ တစ်ပုံစံတည်း ပြောခဲ့တာကိုလည်း ရှင် သိမှာပေါ့။”

ထိုစကား၏ ဆိုလိုချက်မှာ သူက စွပ်ပြုတ်အကျန်များသာ သောက်နေရခြင်းပင် ဖြစ်သည်။ အစ်ဇဘယ်လာ၏ လှပသော မျက်လုံးများ ကျုံ့သွားသည်။ ကြည့်ရတာ ဒီတော်ဝင်မင်းသမီးက ငတုံးမဟုတ်တဲ့ပုံပဲ။ သူက ငါထင်ထားတာထက် ပိုပြီးတော့ နားလည်တယ်။

မစ်-လျို့ဝှက်သတင်းအချက်အလက်က အစိမ်းရောင်မျက်လုံးများကို လှည့်ပြီး သက်ပြင်းချလိုက်သည်။ “ကျွန်မက ဘယ်လိုလုပ် တော်ဝင်မင်းသမီးကို ယှဉ်နိုင်မှာလဲ။ တော်ဝင်မင်းသမီးက အနိုင်ရရင်ပဲဖြစ်ဖြစ်၊ ရှုံးနိမ့်ရင်ပဲဖြစ်ဖြစ်၊ အောင်နိုင်သူ တစ်ယောက် ပါပဲ။ အနည်းဆုံးတော့ မင်းသမီးက ဘုရင်မနေရာကို ရနိုင်တယ်။”

“တိုက်ပွဲမှာ သေသွားတဲ့ မင်းသမီးပဲ ရှိတယ်။ အသက်ရှင်လျက် ရှုံးနိမ့်သွားတဲ့ ဘုရင်မဆိုတာ မရှိဘူး။” ရှီရာ၏ ခရမ်းရောင်မျက်လုံးထဲ၌ ပြတ်သားသော အရိပ်အယောင် တစ်ခု လက်ခနဲ ဖြစ်သွားသည်။ သို့သော်လည်း သူက အောက်ကျမခံဘဲ အချစ်ပြိုင်ဘက်အား တန်ပြန်တိုက်စစ်ဆင်လိုက်သည်။ “သေရေးရှင်ရေးကို ပြောနေရင်းနဲ့မှ. ..... မိစ္ဆာထောင်ခြောက်ပန်း ပြန်လည်ရှင်သန်တာက မြို့တော်ရဲ့ စိတ်အားထက်သန်နေကြတဲ့ ပျားတွေ၊ လိပ်ပြာတွေအတွက် တကယ့်သတင်းကောင်းပဲ။”

အပြန်အလှန် ထေ့ငေါ့ပြောနေကြရင်း အမျိုးသမီးနှစ်‌ယောက်က တိုက်ခိုက်ချင်စိတ်များ ဖြစ်ပေါ်လာဟန်တူသည်။ ခရမ်းရောင်နှင့် အစိမ်းရောင် မျက်လုံးကြား၌ မမြင်နိုင်သော လျှပ်စီးပွင့်များ ရှိနေပြီး တကျည်ကျည် အသံထွက်နေ၏။

“အခုက နောက်ကျနေပြီ။ မအိပ်ရင် မျက်တွင်းနက်နေဦးမယ်။ အဲဒီလူကို မင်းသမီး ဘယ်လို မြူဆွယ်မှာလဲ။” အစ်ဇဘယ်လာ သမ်းဝေလိုက်ပြီး အသာလေး ဦးညွှတ်လိုက်သည်။ “ဒါဆို ကျွန်မ အရင်ဆုံး သွားလိုက်ပါဦးမယ်။ စိတ်အားတက်ကြွနေတဲ့ တော်ဝင်မင်းသမီး။”

ထို့နောက် သူက ရှီရာကို လျစ်လျူရှုပြီး ထွက်သွားလိုက်သည်။

“အစ်ဇဘယ်လာ..”

ဝတ်ရုံနှင့်ရစ်ပတ်ထားသောသူ၏‌ ခြေလှမ်းများ ရပ်တန့်သွားသည်။

“ဂီတသံက အတော်လေး သာယာကြည်နူးစရာ ကောင်းတယ်။”

သို့သော်လည်း တော်ဝင်မင်းသမီးက ခိုင်ခိုင်မာမာနှင့် ထပ်ပြောသည်။ “ငါ သူ့ကို တစ်နေ့ ၁၂ခေါက်လောက် တီးခိုင်းမယ်။”

မျက်နှာလွှားနောက်ကွယ်မှ ခရမ်းရောင် နှုတ်ခမ်းတစ်စုံ အသာလေး ကော့တက်သွားသည်။ သူက နောက်ပြန်လှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်သွားခဲ့သည်။

စစ်တပ်တဲရှေ့မှ ဂီတသံ ပြီးဆုံးသွားခဲ့သည်။ မြို့တော်မှ ဂီတသံလည်း အဆုံးသတ်နား ရောက်တော့မည် ဖြစ်သည်။ အမှောင်လ အနောက်ဘက်၌ နောက်ထပ် ဂီတညတစ်ည တိတ်တိတ်လေး ဖြစ်ပွားတော့ပေမည်။

ကျယ်ပြောလှသော နယ်မြေတစ်ခုအတွက် နေရာအသီးသီး၌ ရာသီဥတု ကွဲပြားသည်မှာ ပုံမှန်သာ ဖြစ်သည်။ ယခုတွင် ရှီလန်တောင်ခြေ၌ လရောင်မရှိဘဲ တိမ်နက်များ ထူထဲနေခဲ့သည်။

ထူထဲသော တိမ်တိုက်များထဲ၌ မိုးကြိုးများ တလက်လက် ဖြစ်နေပြီး ရံဖန်ရံခါ ညအမှောင်ထုကို ထွင်းဖောက်သွားခဲ့ပြီး အေးစက်သော လေနှင့်အတူ မိုးစက်များ ကျဆင်းလာခဲ့လေသည်။

ဂရန့်၏အမိန့်အောက်တွင် လူဦးရေ ၅၀၀၀ရှိသော စစ်တပ်တစ်တပ်မှ ညအမှောင်နှင့်မိုး အကာအကွယ်အောက်တွင် အမှောင်လနယ်စပ်သို့ ဝင်ရောက်လာခဲ့သည်။

ထိုစစ်တပ်မှာ တဲခုလာခံတပ်မှ ဂရန့် ခေါ်လာခဲ့သော လက်ရွေးစင် အစွယ်ကွေးကျားဗိုလ်ခြေ ဖြစ်သည်။ သူတို့က တိုက်ခိုက်ရေး ထူးချွန်သည့်အပြင် သူတို့၏ အမိန့်နာခံမှုက ပို၍ပင် အရေးကြီးသည်။ သူတို့က ဂရန့်၏အမိန့်ကို လုံးဝနာခံသည်။ ဒုတိယ ဗိုလ်ချုပ် ဒိုရင်းရုစ်၏သား ဆာဂီသည်လည်း သူတို့အထဲတွင် ပါဝင်သည်။

နဂိုက ဆာဂီသည် တစ္ဆေနီဗိုလ်ခြေ၌ အရေးပါသော နေရာတစ်ခုကို ရထားပြီး အသက်ငယ်ငယ်ဖြင့်ပင် အမြင့်ဆင့်နတ်ဆိုးအဆင့်သို့ ရောက်ရှိခဲ့သည်။ အသီနာကြောင့် သူက မနာလိုသော ဘဏ္ဍာရေးအရာရှိ၏သား အဲလန်ကို “မှားယွင်းပြီး” သတ်ပစ်ခဲ့သည်။ ထို့ကြောင့် သူက ရာထူးမှ ထုတ်ပယ်ခံရပြီး တဲခုလာခံတပ်သို့ အပို့ခံရကာ ဂရန့်၏ သက်တော်စောင့် ဖြစ်လာခဲ့သည်။ တဲခုလာ ခံတပ်သို့ ရောက်လာပြီးနောက် ဆာဂီက သုညမှ စတင်ခဲ့သည်။ အပတ်တကုန် လေ့ကျင့်ပြီးနောက်တွင် သူက အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်းသို့ ရောက်ရှိခဲ့သည်။ ယခုတစ်ခေါက် အမှောင်လသို့ အဖွဲ့နှင့်အတူ သွားချိန်၌ အကျိုးပြုမှုတစ်ခု ပြုလုပ်ပြီး ထိုစစ်ပွဲ၌ အလှည့်အပြောင်းတစ်ခု ပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့သည်။ သူက ယခင်တိုက်ပွဲများ၌ ပါဝင်ခွင့် မရှိခဲ့ပေ။ နောက်ဆုံး၌ ယခုတွင် အခွင့်အရေး ရလာသည့်အတွက် သူ စိတ်အား တက်ကြွနေခဲ့သည်။

တဖြည်းဖြည်း မိုးသည်းလာသည်။ နတ်ဆိုးဘုံရှိ မိုးအများစုမှာ အက်စစ်အနည်းငယ် ပါဝင်သည်။ နတ်ဆိုးများ၏ ခန္ဓာကိုယ်က လူသားများထက် ပိုမိုသန်မာသော်လည်း မိုးရေထဲ၌ ကြာရှည်နေနေရန် မသင့်တော်ပေ။ သို့သော်လည်း ၎င်းသည် အလစ် တိုက်ခိုက်တော့မည့် အစွယ်ကွေးကျား ဗိုလ်ခြေအတွက် အကောင်းဆုံး အကာအကွယ် ဖြစ်သွားခဲ့သည်။

“ဒီတောင်ခါးပန်းပြီးရင် ရှေ့မှာ ဝါလန်ခံတပ်ပဲ။” ဂရန့်က အရောင်တောက်နေသော မှော်မြေပုံကို ဘေးဖယ်ပြီး ငရဲသွေးလှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ “အစွယ်ကွေးကျားဗိုလ်ခြေက စစ်သည်တို့။ အမှောင်လကို အနိုင်ယူနိုင်မယ့် အကျိုးပြုမှုက ငါ့တို့ အရှေ့မှာပဲ။ အိပ်နေသေးတဲ့ ရန်သူတွေကို အိပ်မက်ဆိုးတွေ ပေးလိုက်ကြ။ အရုဏ်မတက်ခင် ဝါလန်ခံတပ်ထိပ်မှာ အစွယ်ကွေးကျားဗိုလ်ခြေရဲ့ အလံ လွှင့်ထူထားရမယ်။”

ဝါလန်ခံတပ်မှာ တောင်ပေါ်တွင် တည်ဆောက်ထားသော အလယ်အလတ်အရွယ် ခံတပ်တစ်ခု ဖြစ်သည်။ ၎င်းကို အမှောင်လသို့ ဝင်ရောက်မည့် တစ်ခုတည်းသော အဓိက လမ်းမကြီးပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ အရှေ့တွင် ကွင်းပြင်ကျယ်ကြီးရှိပြီး အောက်ဆင်းလျှင် ကျဉ်းမြောင်းသွားသည်။ မြေနေရာမှာ တဖြည်းဖြည်း ကျုံ့သွားသော အိတ်ကပ်သဖွယ် ဖြစ်နေသည်။ ထိုခံတပ် တည်ဆောက်ထားသည်မှာ သိပ်မကြာသေးပေ။ ခံတပ်နောက်တွင် အသစ်တည်ဆောက်ထားသော ဝါလန်မြို့ ရှိသည်။ အမှောင်လက မြောက်ဘက်တွင် ရန်သူများကို တိုက်ခိုက်နေပြီး ရန်သူမှာ အင်အားကြီးသော မြို့တော် ညွန့်ပေါင်းစစ်တပ် ဖြစ်သည့်အတွက် အမှောင်လမြို့ကုန်သည်များ ရွှေ့ပြောင်း သွားခဲ့ကြသည်။ သို့သော်လည်း လုံးဝ မထွက်သွားခဲ့ကြဘဲ စောင့်ကြည့်ရန်ပုံစံဖြင့် ဝါလန်ခံတပ်သို့ ရွှေ့ပြောင်းလာခြင်းကြောင့် ဝါလန်မြို့ တည်ဆောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်မြန်သွားစေသည်။ ၎င်းသည် အနောက်ဘက်၌ စီးပွားရေး အချက်အချာ အကျဆုံး နေရာထဲမှတစ်ခု ဖြစ်သွားခဲ့သည်။

တောင်ခါးပန်းကို ကျော်ဖြတ်ပြီးနောက် ဂရန့်က မျက်နှာပေါ်မှ မိုးရေစက်များကို သုတ်လိုက်ပြီး အဝေးမှ အလင်းရောင်ဖျော့ဖျော့ ရှိနေသော ခံတပ်ကို ကြည့်လိုက်သည်။ ဒီတစ်ခေါက် ငါတို့က နတ်ဆိုးဘုရားသခင်က တကယ်ကောင်းချီးပေးတာပဲ။ မိုးမုန်တိုင်းက ငါတို့ ဘယ်မှာရှိနေတာလဲဆိုတာကို ဖုံးကွယ်ပေးနေသလို အမှောင်လရဲ့ ကြောက်စရာ မှော်သလင်းကျောက် အမြောက်ကလည်း တိကျမှုနဲ့ စွမ်းအားအပိုင်းမှာ အတော်လေး အားနည်းသွားလိမ့်မယ်။

ဂရန့်က ငရဲသွေးလှံဖြင့် ချိန်လိုက်သောအခါ ခြေလျင်တပ်သား ၃၅၀၀က အသံမထွက်ရန် အကောင်းဆုံးကြိုးစားပြီး ခံတပ်သို့ တိတ်တိတ်လေး ချီတက်လာသည်။ မြင်းတပ်သားများကလည်း အကွာအဝေး သေသေချာချာ ထိန်းထားပြီး နောက်မှ လိုက်လာသည်။ ဂရန့်က ရန်သူများ ချောင်းမြောင်းတိုက်ခိုက်မည်ကို အမြဲပင် သတိထားနေပြီး အကွာအဝေးကို တိတ်တဆိတ် တွက်ချက်နေခဲ့သည်။ စစ်တပ်က မှော်သလင်းကျောက်အမြောက် ပစ်နိုင်သော အကွာအဝေးကို ဘေးကင်းကင်းနှင့် ကျော်ဖြတ်နိုင်သွားသောအခါမှသာ သူ စိတ်သက်သာရာ ရသွားသည်။ သူက စစ်သည်များကို အရှိန်တင်ပြီး မြို့ကို တိုက်ခိုက်ရန်အတွက် ပြင်ဆင်ရန် အမိန့်ပေးသည်။

ထို့အချိန်၌ ဂရန့်က မိုးမုန်တိုင်းထဲ၌ ထူးဆန်းသော အဆက်မပြတ် ပစ်လွှတ်သံများကို ရုတ်တရက် ကြားလိုက်ရသည်။ သူ၏စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ရုတ်တရက် လှိမ့်တက်လာပြီး သူ အော်ပြောလိုက်သည်။ “ကာကွယ်ကြ။”

ကံဆိုးစွာပင် နောက်ကျသွားခဲ့လေပြီ။ ဂရန့်တုံ့ပြန်လိုက်သောအခါ အမည်မသိ သတ်ဖြတ်ချင်စိတ်က အမှောင်ထုကို ထိုးဖောက်သွားပြီး အစွယ်ကွေးကျား ဗိုလ်ခြေရှိ ခြေလျင်တပ်သားများထံသို့ ရောက်ရှိသွားသည်။ ‌အော်သံများအရ အနည်းဆုံး စစ်သည် ၃၀၀ခန့် ကျသွားလေပြီ။

ထို့နောက်ချက်ချင်းမှာပင် ယန္တရားသံပတ် တစ်မျိုးမျိုးဖြင့် အလင်းစက်လုံးများကို ပစ်လွှတ်လိုက်ပြီး ပြန့်ကျဲသွားကာ ခံတပ်အရှေ့မှ စစ်မြေပြင်တစ်ခုလုံးကို ရုတ်တရက် လင်းလက်သွားစေသည်။ ၎င်းမှာ ညတိုက်ပွဲများက အသုံးပြုလေ့ရှိသော မှော်ပစ္စည်းတစ်မျိုး ဖြစ်ပြီး အလင်းရောင် အရင်းအမြစ်က အချိန်တစ်ခုအထိ ရှိနေနိုင်သည်။

ဂရန့်၏နှလုံးသား တင်းကျပ်သွား၏။ ရန်သူက တကယ်ပဲ တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာပဲ။

ခုနက ငါ့စစ်သည်တွေကို သတ်ပစ်လိုက်တာ အစွမ်းထက်တဲ့မြားတစ်မျိုးမျိုး ဖြစ်မယ် ထင်တယ်။ ဒါပေမဲ့ လူသားလောကရဲ့ အစွမ်းအထက်ဆုံး နတ်သူငယ်တွေတောင် ဒီလောက် အကွာအဝေးအထိ မရောက်နိုင်ဘူး။ ဝါလန်ခံတပ်မှ ဒုတိယအကြိမ် ပစ်ခတ်လာသည့်အတွက် အဖြေ ချက်ချင်း ပေါ်လာသည်။ ယခုတစ်ခေါက်၌ ဂရန့်က ထိုကြောက်မက်ဖွယ်ရာလက်နက်၏ တကယ့်ပုံအမှန်ကို သေသေချာချာ မြင်လိုက်ရသည်။

၎င်းတို့မှာ ဧရာမလှံကဲ့သို့ “မြားများ” ဖြစ်ကြသည်။ အကွာအဝေး၊ အင်အားနှင့် အမြန်နှုန်းတို့မှာ အလွန်အမင်း မယုံနိုင်စရာကောင်းလှသည်။ ထိုကြောက်မက်ဖွယ်ရာ “မြားများ” အရှေ့တွင် ခြေလျင်တပ်သားများ၏ ဒိုင်းကာများက စက္ကူသဖွယ် ဖြစ်သွားသည်။ ဒိုင်းကာနှင့် စစ်သည်တစ်ယောက်က မြေပြင်ပေါ်သို့ ထိုးစိုက်သွားသည်။ ထို့နောက် ချက်ချင်းပင် မြားအသေးလေးများအဖြစ် ပေါက်ကွဲထွက်သွားသည်။ အနီးအနားရှိ စစ်သည်များ အော်ဟစ်လိုက်ကြပြီး အတော်များများက ချက်ချင်းပင် သေဆုံးသွားခဲ့ကြသည်။ ပေါက်ကွဲသောမြားများက ပို၍ အဆိပ်ပြင်းပုံရသည်။

ဒါက ဘယ်လိုလက်နက်မျိုးလဲ။ ဒီလိုမျိုး ကြောက်စရာစွမ်းအား ရှိနေတယ်။ ဂရန့်် ထိတ်လန့်သွား၏။ လောက်လေးခွလား။ မဟုတ်ဘူး။ ဒါက သာမန် လောက်လေးခွ မဟုတ်ဘူး။

ပြင်ဆင်ရတာ ရှုပ်ထွေးပြီးတော့ အရှိန်နှေးတဲ့အတွက် လောက်လေးခွက စစ်မြေပြင်မှာ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီးတော့ မှော်သလင်းကျောက် အမြောက်တွေနဲ့ အစားထိုးသွားတယ်။ အခု ဝါလန်ခံတပ်မှာ ပေါ်ထွက်လာတဲ့ လောက်လေးခွလိုမျိုး လက်နက်က ငါထင်ထားထက် ပိုပြီးတော့ သေစေနိုင်သည်။ ဒါက နတ်ဆိုးဘုံရဲ့ လက်ရှိ သာမန်စစ်လက်နက် အသိပညာကို ဖြိုဖျက်လုနီးပါးးပဲ။

ဂရန့်၏မျက်နှာတွင် မိုးရေသာမက ချွေးစေးများနှင့်ပါ ပြည့်နှက်သွားသည်။ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ လောက်လေးခွတွေကို မြို့တော်ညွန့်ပေါင်းစစ်တပ်နဲ့ တိုက်ခိုက်တုန်းက မသုံးခဲ့ဘူး။ အမှောင်လမှာ ဝှက်ဖဲတွေ ဘယ်လောက်တောင် ရှိနေတာလဲ။

“ခြေလျင်တပ်။ လူခွဲကြ။ မြင်းတပ်သားတွေ။ ငါ့နောက်လိုက်ခဲ့။”

လောက်လေးခွက အစွမ်းထက်သော်လည်း ဝါလန်ခံတပ်ကို သိမ်းပိုက်ရန်အတွက် ဂရန့်၏ ဆုံးဖြတ်ချက်ကို မထိခိုက်စေခဲ့ပေ။ သူက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ မြင်းတပ်က နောက်ထပ် လေချွန်သံနှင့်အတူ ခံတပ်သို့ အလျင်အမြန် ချီတက်သွားသည်။ လောက်လေးခွ ပြင်ဆင်ပြီး ပစ်လွှတ်ချိန်မှာ အတော်လေး မြန်လှသော်လည်း ယခုတစ်ခေါက်တွင် အသေအကြေ ပိုမိုနည်းပါးသွားသည်။ တည့်တည့်ထိသောနေရာများ နည်းပါးသွားသော်လည်း ပေါက်ကွဲထွက်သော အဆိပ်မြားများမှာ မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်နေဆဲ ဖြစ်သည်။ စစ်သည်အများအပြား တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သည်။

သူတို့ အနီးကပ်လာကြပြီး ခံတပ်မှ ပစ်လွှတ်လိုက်သော မြားများသည် မိုးသည်းသည်းထဲ၌ ရောနှောနေခဲ့သည်။ မကြာမကြာ မြင်းတပ်သားများ ပြိုလဲကုန်သည်။ သူတို့၏သွေးများ ရောနေသော မိုးရေထဲ၌ သူတို့ နင်းသွားခဲ့ရသည်။ မြင်းတပ်သားများက ဒူးလေးများဖြင့် ပြန်ပစ်ကြပြီး မြားများကို ဆွဲဆောင်သည်။ ခြေလျင်တပ်သားများလည်း အနီးကပ် လိုက်လာကြသည်။

ဂရန့်၏ လက်ထောက်တပ်မှူး လာ့ခ်တိုစ်က တပ်သားများအရှေ့တွင် ဦးဆောင်လာသည်။ သူ၏ ဓားရှည်က အားကောင်းသော အပြာရောင်မီးတောက် တောက်လောင်နေသည်။ သူက ကျယ်လောင်စွာ မန္တန်ရွတ်ဖတ်နေစဉ် ခံတပ်ဆီသို့ လေပွေတစ်ခု ရောက်သွားသည်။ လေပွေယူဆောင်လာသော မိုးက အလွန်အမင်း အေးလှသည်။ ပစ်လွှတ်လိုက်သော မြားများက လေထဲ၌ပင် အေးခဲသွားပြီး တစ်ချောင်းပြီး တစ်ချောင်း မြေပေါ်သို့ ပြုတ်ကျလာသည်။

လေပွေကြောင့် ခံတပ်တံတိုင်းများက ရေခဲအလွှာအထူဖြင့် အမှန်တကယ် အေးခဲသွားပြီး ခုခံနေသော စစ်သည်များကလည်း ရေခဲရုပ်ထုများ ဖြစ်သွားကြသည်။ အခြားလောက၌ဆိုလျှင် ရေခဲမြို့က တိုက်ခိုက်သူများအတွက် ပိုမိုခက်ခဲသော်လည်း ယခုနေရာမှာ မှော်လောက ဖြစ်သည်။ မုန်တိုင်းပြီးနောက် ရေခဲဖြင့်ပြုလုပ်ထားသော တိမ်တိုက်လှေကားများက မြို့တံတိုင်းအရှေ့၌ အမှန်တကယ် ပေါ်ထွက်လာလေသည်။

လာ့ခ်တိုစ်သည် သိုင်းပညာနှင့် မှော်ပညာကို အထူးပြုသော သန္ဓေပြောင်း သွေးမျိုးဆက်ရှိသည့် အမှောင်နတ်သူငယ် ဖြစ်သည်။ သူက ရေနှင့်လေ မှော်ပညာကို ကျွမ်းကျင်ပြီး နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။ မယုံနိုင်စရာ သက်ရောက်မှုမှာ အဓိကအားဖြင့် မိုးသည်းသော ရာသီဥတု အားသာချက်ကြောင့် ဖြစ်လေသည်။ အစွယ်ကွေးကျားဗိုလ်ခြေမှ ခြေလျင်တပ်သားများက အထူးလက်အိပ်များကို ဝတ်ဆင်ထားကြပြီး သူတို့၏ ဘွတ်ဖိနပ်တွင်လည်း တံတိုင်းကိုတက်ရန် ကြိုတင်ပြင်ဆင်ထားသော ဆူးချွန်ကဲ့သို့ ပစ္စည်းများ ပါရှိသည်။

ကံဆိုးစွာပင် အစွယ်ကွေးကျား ဗိုလ်ခြေ၏ ခြေလျင်တပ်ဖွဲ့ မချဉ်းကပ်နိုင်ခင်မှာပင် ထိုရေခဲလှေကားများ အလျင်အမြန် အရည်ပျော်သွားကာ ပန်းထွက်သော ရေတိုင်လုံးများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုရေတိုင်လုံးများက အဆိပ်ရှိဟန်တူသည်။ အစင်ခံလိုက်ရသော စစ်သည်များထံမှ အစိမ်းရောင် အငွေ့များ ထွက်လာသည်။ နာကျင်သော အော်သံများက အဆုံးမဲ့ ဖြစ်နေသည်။

လာ့ခ်တိုစ် မျက်မှောင်ကြုတ်လိုက်သည်။ ရေခဲလှေကားကို အဆိပ်အဖြစ် ပြောင်းလိုက်တဲ့ရန်သူက မှော်ပညာ မန်းမှုတ်တဲ့နေရာမှာ အားနည်းတယ်။ ဒါပေမဲ့ ရေဒြပ်စင်တွေကို ထိန်းချုပ်တဲ့စွမ်းရည်က ငါ့ထက်သာတယ်။ ဒီလိုရန်သူမျိုးနဲ့ဆို မှော်ပညာနဲ့ ခံတပ်ကို တက်ဖို့က ‌‌တော်တော်လေး ခက်ခဲမှာပဲ။

လောက်လေးခွ၏ ယန္တရားသံပတ်အသံများ ထွက်လာပြန်ပြီး အစွယ်ကွေးကျား ဗိုလ်ခြေမှ စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် ပြိုလဲကုန်သည်။ နီးလာသည်နှင့်အမျှ ကျဉ်းမြောင်းလာသော မြေနေရာက တိုက်ခိုက်သူများအတွက် အတော်လေး အရေးနိမ့်စေသည်။

ဂရန့်၏စိတ်ထဲ၌ အတွေးတစ်ခု ရုတ်တရက် ရောက်လာသည်။ ရန်သူရဲ့ ခံစစ်က တော်တော်လေး တင်းကြပ်ပြီးတော့ ထိရောက်တယ်။ သူတို့က အစွယ်ကွေးကျား ဗိုလ်ခြေရဲ့ အလစ်တိုက်ခိုက်မယ့် အစီအစဉ်နဲ့ စစ်သည်အင်အားတွေ အားလုံးကို သိထားသလိုပဲ။ မဟုတ်မှလွဲရော....

သူလျှိုပဲ။ တစ်ယောက်ယောက်က အလစ်တိုက်ခိုက်မယ့် အချက်အလက်တွေ အားလုံးကို ရန်သူဆီ ပြောပြလိုက်တာ ဖြစ်မယ်။

ဒါက လုံးဝကို ကြိုတင်ပြင်ဆင်ထားတဲ့ ထောင်ခြောက်တစ်ခုပဲ။ အစွယ်ကွေးကျား ဗိုလ်ခြေ ဝင်လာဖို့ စောင့်နေတဲ့ ထောင်ခြောက်ပဲ။

ငါအပါအဝင် ဒီအစီအစဉ်ကို လူသုံးယောက်ပဲ သိတယ်။ တစ်ယောက်က ရီဂျန့် အိုဆိုင်ဒန်။ နောက်တစ်ယောက်က ........ ။ ဂရန့် သိမ့်သိမ့်တုန်သွား၏။ သူက ဝါလန်မြို့ကို သိမ်းပိုက်ရန် မျှော်လင့်ချက် မရှိတော့ပေ။ ယခုတွင် သူက ထွက်ပြေးချင်စိတ်သာ ရှိသည်။ ရှုံးနိမ့်တဲ့အတွက် အပြစ်တင်ခံရရင်တောင် ကြောက်စရာအကောင်းဆုံး သစ္စာဖောက်ကို ဖော်ထုတ်ရမယ်။

“နောက်ဆုတ်ကြ။ လိုင်ရာမြို့ကို ချက်ချင်း ပြန်ဆုတ်ခွာကြ။”

ဂရန့်က လက်ကျန်တပ်သားများဖြင့် အလျင်အမြန် နောက်ဆုတ်နေစဉ် နက်မှောင်ပြီး သိပ်သည်းသော ပုံရိပ်များ ရုတ်တရက် ပေါ်ထွက်လာပြီး လမ်းပိတ်လိုက်သည်။

အလင်းစက်လုံးအောက်၌ ရန်သူများက အရပ်ရှည်ပြီး သန်မာကြသည်ကို မြင်နိုင်ပေသည်။ သူတို့အားလုံးက ချိန်းကြိုးချပ်ကာများ ဝတ်ဆင်ထားကြပြီး ပုဆိန်၊ တူနှင့် ကောက်ရိုက်တုတ်များကဲ့သို့သော လက်နက်များကို ကိုင်ထားကြသည်။ အထင်ရှားဆုံးမှာ နွားခေါင်းကြီးများပင် ဖြစ်လေသည်။

“ပြိဿတွေ။” ဂရန့် အံ့အားသင့်သွားသည်။ အနည်းဆုံး ပြိဿ ၂၀၀၀လောက် ရှိတယ်။ ဒါက အဖွဲ့ကြီးတစ်ဖွဲ့ပဲ။ သူတို့က ဒီနေရာမှာ တစ်ခါမှ မပေါ်လာတတ်ဘူး။ မယ်ဒူဆာနဲ့ ဝိုင်ဗန်ဗိုလ်ခြေအပြင်ကို အမှောင်လမှာ ပြိဿဗိုလ်ခြေပါ ရှိနေတာလား။

ပြိဿနဲ့ မယ်ဒူဆာတွေက အသိဉာဏ်မြင့်မားတဲ့ နတ်ဆိုးသားရဲတွေပဲ။ သူတို့ကို ဝိုင်ဗန်လိုမျိုး ယှဉ်အောင် လုပ်လို့မရဘူး။ ကြယ်ကြွေတမန်အင်ပါယာမှာတောင် ဒီလို အထူးအဖွဲ့မျိုး မရှိဘူး။ အမှောင်လမှာ တကယ်ကြီး ဒီလိုရှိနေမယ်လို့ မထင်ထားခဲ့ဘူး။

ထိုအချိန်၌ ဝါခန်ခံတပ်တံခါး ပွင့်သွားပြီး လူအုပ်ကြီးတစ်ဖွဲ့ အော်ဟစ်ကာ ချီတက်လာသည်။ သူတို့က အစွယ်ကွေးကျားဗိုလ်ခြေအား နှစ်ဖက်မှ ဝိုင်းရံကာ ရှင်းပစ်ချင်နေကြသည်။

ကြံရာမရ အခြေအနေ ဖြစ်နေသည့်အတွက် ဂရန့်၏နှလုံးသား နစ်မွန်းသွားခဲ့သည်။ သူက ငရဲသွေးလှံကို မြှောက်လိုက်သည်နှင့် မီးတောက်များ ဝိုင်းရံသွားပြီး မဟာနတ်ဆိုး တိုက်ပွဲအသွင်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သူက အော်ပြောလိုက်သည်။ “အစွမ်းကုန် ဖောက်ထွက်ကြ။”

မြင်းတပ်သားများက လှံကိုမြှောက်ပြီး လမ်းကိုပိတ်ထားသော ပြိဿများထံ ချီတက်ကြသည်။ ပြိဿအားလုံးကို ရင်ဘတ်ကိုထုပြီး အော်ပြောလိုက်သည်။ သူတို့၏ ခြေထောက်အောက်တွင် ထူးဆန်းသော အနီရောင်လျှံတစ်ခု ပေါ်ထွက်လာပြီး မြင်းတပ်ထံသို့ အဟန့်အတားဖြစ်စေသော ခြေလှမ်းများဖြင့် လမ်းလျှောက်လာကြသည်။

ရှေ့သို့ချီတက်နေသော မြင်းတပ်သားတစ်ယောက်က ရန်သူကို လှံဖြင့်ထိုးရန် ပြင်လိုက်ရန် သူ၏ခေါင်း‌ပေါ်၌ အလွန်ကြီးမားသော တင်းပုတ်တစ်လက်က ဒုတ်ခနဲ ပေါ်ထွက်လာသည်။ သူ အော်ချိန်ပင် မရခဲ့ဘဲ အသားပြား ဖြစ်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် ဆင်တူသော မြင်ကွင်းတစ်ခု ဖြစ်သွားသည်။ ထိုပြိဿများ၏ တိုက်ခိုက်ရေးစွမ်းအားက မယုံနိုင်စရာကောင်းအောင် အစွမ်းထက်ပြီး သူတို့၏ ချပ်ဝတ်တန်ဆာများမှာလည်း ဆန်းသစ်လှသည်။ မြင်းတပ်က မြင်းအင်အားကို အသုံးချပြီး လှံဖြင့်ထိုးသောအခါ ပြိဿများ၏ ငွေချိန်းကြိုးချပ်ကာကို မဖောက်ထွင်းနိုင်ခဲ့ကြပေ။

“လာ့ခ်တိုစ်။ မင်း ဖောက်ထွက်ကြည့်။ ငါ ရန်သူတွေကို အချိန်ဆွဲထားပေးမယ်။” ဂရန့် အော်ပြောလိုက်ပြီး ဇက်ကြိုးဆွဲကာ မြင်းတပ်ဆီသို့ အမြန်ပြန်သွားခဲ့သည်။

“နားလည်ပါပြီ။” လာ့ခ်တိုစ်က မြင်းပေါ်မှ ခုန်တက်ပြီး လေထဲ၌ ပျံဝဲနေလိုက်သည်။ သူက မုန်တိုင်းတိုက်နေသော ကောင်းကင်ကို ဓားရှည်ဖြင့် ချိန်လိုက်ရာ လေထဲမှ လျှပ်စီးများက ထူးဆန်းသော အားတစ်ခုကြောင့် ဓားဆီသို့ ရောက်လာသည်။ လာ့ခ်တိုစ်က လျှပ်စီးများ ပြည့်နှက်နေသော ဓားရှည်ကိုမြှောက်ပြီး ပြိဿအုပ်စုထဲသို့ ပျံသွားကာ လေထဲသို့ ခုတ်ပိုင်းလိုက်သည်။

၂၀မီတာအတွင်းရှိ ပြိဿများအားလုံးက အပြာရောင် လျှပ်စီး လက်ခနဲ ဖြစ်သွားသည်ကိုသာ မြင်လိုက်ရပြီး ဗို့ဒ်အားပြင်းသော လျှပ်စီးကြောင်းကြောင့် မခုခံနိုင်ခင်မှာပင် လွင့်ကုန်ကြသည်။ အထူးခံစစ် ချိန်းကြိုးချပ်ကာက လျှပ်စီးအတွက် အထူးကောင်းမွန်သော လျှပ်ကူးပစ္စည်းတစ်ခု ဖြစ်သွားခဲ့သည်။ လျှပ်စီးထိသွားသော ပြိဿများ မြေပေါ်သို့ လဲကျကုန်သည်။ သူတို့၏တစ်ကိုယ်လုံး တုန်ခါနေပြီး မတိုက်ခိုက်နိုင်ကြတော့ပေ။ ပြိဿများ၌ မှော်ခုခံမှု ရှိကြသည်။ သာမန်နတ်ဆိုးများသာ ဆိုလျှင် မီးသွေးတုံးများ ဖြစ်သွားပေလိမ့်မည်။

လာ့ခ်တိုစ်က အောင်အောင်မြင်မြင် တစ်ချက်ထိသွားပြီးနောက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူက မှော်ပညာကို နောက်ထပ် မန်းမှုတ်ရန် ပြင်လိုက်စဉ် အန္တရာယ် တစ်ခုကို ခံစားလိုက်မိပြီး နောက်ပြန်လှည့်ကာ ဓားဖြင့် ခံလိုက်သည်။ မီးပွင့်များ နေရာအနှံ့ လွင့်စင်သွားပြီး သူလည်း ဒယီးဒယိုင်နှင့် နောက်သို့ သုံးလေးလှမ်း ဆုတ်ခွာသွားရသည်။ သူ၏နောက်တွင် သာမန်ပြိဿများထက် ပိုမြင့်သော ပြိဿ တစ်ကောင် ရှိနေပြီး လက်ထဲ၌ အလွန်ကြီးမားသော ဒိုင်းကာတစ်ခုနှင့် ပုဆိန်ကြီး တစ်လက်ကို ကိုင်ထားသည်။ ၎င်း၏ အငွေ့အသက်အရ ၎င်းမှာ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းဖြစ်သော သန္ဓေပြောင်းခေါင်းဆောင် ဖြစ်နိုင်ပေသည်။

All Chapters