အဆုံးအဖြတ်တိုက်ပွဲအစ
Vol. 36 Ch. 540
မနက်စောစောတွင် စစ်တပ်နှစ်ခုလုံးက ထိရောက်သော အကွာအဝေးအတွင်း ရှိနေကြပြီး လိုင်ရာမြို့အရှေ့ကွင်းပြင်ထဲတွင် အချင်းချင်း မျက်နှာချင်းဆိုင်နေကြသည်။
စစ်တပ်နှစ်ခု၏ အရေအတွက်မှာ အတော်လေး ကြီးမားလှသည်။ သိပ်သည်းသော အနက်ရောင်အကွက်ကို ကြီးမားသော အစုအဝေးအလိုက် ပိုင်းခြားထားသလို ဖြစ်နေသည်။ လိုင်ရာမြို့၏ ကျယ်ပြောလှသော မြေပြန့်နေရာကြောင့်သာ မဟုတ်လျှင် ဆံ့လောက်မည် မဟုတ်ပေ။
ကွင်းပြင်ထဲ၌ ပုံမှန်နေကြသော ငှက်များနှင့် သားရဲများ ပျောက်သွားကြသည်မှာ ကြာပြီဖြစ်သည်။ မမြင်နိုင်သော ဖိအားက လူတိုင်း၏မျက်နှာကို လေးနက်နေစေသည်။ ထိုကြောက်မက်ဖွယ်ရာ တိတ်ဆိတ်မှု ပြိုကွဲသွားသည်နှင့် သတ်ဖြတ်ချင်စိတ်များက ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်သွားပေမည်။
ညွန့်ပေါင်းစစ်တပ်၏ ဗဟိုအခင်းအကျင်း၌ တပ်မှူး အိုဆိုင်ဒန်လူစီဖာက အသာလေး မျက်မှောင်ကြုတ်ပြီး သူ၏မျက်နှာ တင်းမာနေသည်။ သူက အပေါ်ယံ၌ လေးနက်ပြီး တည်ငြိမ်နေသော်လည်း အသေအချာကြည့်လျှင် သူ၏ခရမ်းရောင် မျက်လုံးများတွင် ပင်ပန်းမှုများဖြင့် နီရဲနေပေသည်။ သူ တစ်ညလုံး အိပ်မပျော်ခဲ့သည်မှာ သေချာပေသည်။
ညွန့်ပေါင်းစစ်တပ်နှင့် မျက်နှာချင်းဆိုင်တွင် အမှောင်လစစ်တပ် ရှိသည်။ သူတို့အထဲ၌ အမှောင်လ၏တပ်မှူး ရှီရာလူစီဖာက အဖြူရောင် နတ်ဆိုးမြင်းကို စီးနင်ထားပြီး ငွေရောင်ချပ်ကာကို ဝတ်ဆင်ထားသည်။ ၎င်းသည် စစ်တပ်ကို သူ အမှန်တကယ် ညွှန်ကြားသော ဒုတိယအကြိမ် ဖြစ်သော်လည်း တော်ဝင်မင်းသမီးက ယခင် လိပ်ပြာနီနှင့် ချော်ရည်ပြာနယ်မြေတို့၏ ညွန့်ပေါင်းစစ်တပ်ကို ရင်ဆိုင်စဉ်ကထက် ပိုမိုထူးကဲသော တည်ငြိမ်မှုများ ပြသနေခဲ့သည်။
“ရှီရာလူစီဖာ..” အိုဆိုင်ဒန်၏အသံ ထွက်ပေါ်လာပြီး ဆူညံသံအားလုံးကို လွှမ်းမိုးသွားသည်။ “ငါ မင်းကို အညံ့ခံဖို့ နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်။ ငါ မင်းကို ဧကရီနေရာတောင် ပေးနိုင်တယ်။”
ရှီရာ၏ အေးစက်သောအသံက တောနက်ထဲ၌ ပဲ့တင်ထပ်သွားသည်။ “အိုဆိုင်ဒန်လူစီဖာ။ ရှင်က ကြယ်ကြွေတမန်ဓားရဲ့ အသိအမှတ်ပြုတာ မခံရတဲ့ လုယူသူ တစ်ယောက်ပဲ။ ရှင့်ကို ဧကရာဇ်လို့ခေါ်ဖို့ မထိုက်တန်ဘူး။ ပြီးတော့လည်း ရှင်က အခုဆို မြို့တော်ကို ဆုံးရှုံးသွားပြီ။”
ချက်ကောင်းထိသွားသော အိုဆိုင်ဒန်က နောက်ဆုံး၌ ဒေါသထွက်သွား၏။ “ငါ့နောက်လိုက်တဲ့သူ အသက်ရှင်မယ်။ ဆန့်ကျင်တဲ့သူ သေရမယ်။ လူစီဖာ တော်ဝင်မိသားစုရဲ့ နာမည်နဲ့ ငါ ကျိန်ဆိုတယ်။ ဒီခေါင်းမာတဲ့ မိန်းမနဲ့အတူ မင်းတို့အားလုံးကို ငါ မြှုပ်ပေးမယ်။”
နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း၏ဖိအားက ထိုတောနက်ထဲ၌ သိပ်ပြီး သက်ရောက်မှု မရှိပေ။ သို့သော်လည်း အင်ပါယာ၏ အန္တိမအုပ်ချုပ်သူဖြစ်သော အိုဆိုင်ဒန်က မျိုးရိုးနာမည်ဖြင့် ကျိန်ဆိုလိုက်ခြင်းသည် အမှောင်လ စစ်တပ်ကို အနည်းငယ် တုန်လှုပ်သွားစေ၏။
“နှစ်၃၀၀ကြာအောင် ကျွန်မတို့က လူမဆန်တဲ့ အရေးယူမှုနဲ့ ခေါင်းပုံဖြတ်ခံနေရတဲ့ ကျတ်တီးမြေ အမှောင်လမှာ နေခဲ့ရတယ်။ အသက်ရှင်ဖို့အတွက် ကျွန်မတို့က အရှက်ခွဲမှုတွေကို သည်းခံပြီးတော့ ဂုဏ်သိက္ခာတွေကို အနင်းခံခဲ့ရတယ်။ နောက်ဆုံး တစ်နေ့ကျတော့ ကျွန်မတို့က ကိုယ်ပိုင်အင်အားနဲ့ လုံ့လဝီရိယကို သုံးပြီးတော့ ဆင်းရဲမှုနှင့် ငတ်မွတ်မှုကို အနိုင်ယူနိုင်ခဲ့တယ်။ ကျွန်မတို့က ဂုဏ်သိက္ခာနဲ့ ခေါင်းမော့လာနိုင်တယ်။ ကျွန်မတို့က စားစရာအကျန်တွေကို တောင်းခံစရာ မလိုတော့ဘူး။ ကျွန်မတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုနဲ့ နေနိုင်လာတယ်။ ဒါပေမဲ့ ဒီအချိန်မှာ အင်ပါယာကို လုယူခဲ့တဲ့ ဒီသူပုန်က၊ ဒီလိုရက်စက်၊လောဘကြီး၊ မောက်မာပြီးတော့ အရှက်မဲ့တဲ့ သစ္စာဖောက်က ကျွန်မတို့ရဲ့ ခက်ခက်ခဲခဲ ရထားတဲ့ ရလာဒ်တွေကို လုယက်ချင်နေတယ်။ သူက ကျွန်မတို့ရဲ့ ခန္ဓာကိုယ်နဲ့ သိက္ခာတွေကို ထပ်ပြီးတော့ နင်းချင်နေတယ်။ သူက ကျွန်မတို့မှာ ရှိတဲ့ အရာအားလုံးကို ဖျက်ဆီးချင်နေတယ်။ ကျွန်မကို ပြောပါ။ ဗိုလ်ချုပ်တို့။ စစ်သည်တို့။ ညီအစ်ကို၊ မောင်နှမတို့။ သူ့ကို ဒီလိုလုပ်ခွင့် ပေးမှာလား။”
“မပေးပါဘူး။” အမှောင်လစစ်တပ်၏ သပ်ရပ်ပြီး ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။ ထိုအဟုန်မှာ ယခင် လော့ဒ်တိုက်ပွဲနှင့် လုံးဝကွဲပြားနေပြီး တိုက်ခိုက်ချင်စိတ်များနှင့် သတ္တိများ ပြည့်နှက်နေသည်။ အိုဆိုင်ဒန်၏ ကျိန်ဆိုမှုက ယူဆောင်လာခဲ့သော အနုတ်သဘော ခံစားချက်များ ချက်ချင်း ပျောက်ကွယ်သွား၏။
ရှီရာက တော်ဝင်အလံကို မြင့်မြင့်မြှောက်လိုက်သည်။ “ကျုပ်မတို့က အသက်တွေ စတေးရရင်ရမယ်။ ဒါပေမဲ့ နတ်ဆိုးဘုရားသခင်အရှေ့မှာ ကြယ်ကြွေတမန်အင်ပါယာရဲ့ ဘိုးဘေးတွေကို ပြန်တွေ့တဲ့အခါ ဂုဏ်ယူစွာနဲ့ ခေါင်းကို မော့နေနိုင်ဦးမှာပဲ။ သွေးနီမီးလျှံ အလံရဲ့ ဆက်ခံသူတွေ။ ကျွန်မတို့ရဲ့မျက်လုံးက တိုက်ခိုက်ချင်စိတ်တွေနဲ့ လောင်ကျွမ်းနေ ပြီးတော့ ကျွန်မတို့ရဲ့ ထက်လှသော ဓားတွေက မခိုင်ခံ့တဲ့ ရန်သူကို ဖျက်ဆီးပစ်ဖို့ အသင့်ဖြစ်နေပြီ။ တော်ဝင်အလံရဲ့ စိတ်ဆန္ဒက ကျွန်မတို့ကို ရှေ့ဆက် လမ်းပြပေးလိမ့်မယ်။ လော့ဒ်-သန်းခေါင်နေရဲ့ အမွေအနှစ်က ကျွန်မတို့ကို အမြင့်မြတ်ဆုံး ဂုဏ်ကျက်သရေနဲ့ သတ္တိတွေ ပေးစွမ်းလိမ့်မယ်။ စစ်သည်တို့။ အမှောင်လအတွက် တိုက်ခိုက်ကြ။ အင်ပါယာအတွက် တိုက်ခိုက်ကြ။”
“တိုက်ခိုက်ကြ။ တိုက်ခိုက်ကြ။ တိုက်ခိုက်ကြ။”
အမှောင်လစစ်တပ်၏ စိတ်ဓာတ်ရေးရာ တစ်ဟုန်ထိုး တက်သွားသည်။ လက်နက်နှင့် ဒိုင်းကာများ၏ တစ်ပြိုင်နက် အသံများက ကွင်းပြင်တစ်ခုလုံးကို အနည်းငယ် တုန်သွားစေသည်။ ၎င်းသည် မြို့တော်စစ်တပ်၏ စိတ်ဓာတ်ရေးရာကိုလည်း တုန်လှုပ်သွား စေခဲ့သည်။
“အင်ပါယာအတွက်တိုက်ခိုက်ကြ”ဟု ရှီရာ အော်ပြောလိုက်သောအခါ ညွန့်ပေါင်း စစ်တပ်မှ စစ်သည်များ၏ ယုံကြည်ချက်များ ယိမ်းယိုင်လာသည်။ လော့ဒ်-သန်းခေါင်နေ သေဆုံးသွားသည်မှာ နှစ်ပေါင်း၃၀၀ ကြာပြီဖြစ်သော်လည်း နတ်ဆိုးဘုံ၏ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်နှင့် ထိပ်တန်းစစ်နတ်ဘုရား ဒဏ္ဍာရီလာ ပြည်သူများ၏ နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေဆဲ ဖြစ်သည်။ ညွန့်ပေါင်းစစ်သည်တို့က ယခင်က တိုက်ပွဲအဆက်ဆက် ရှုံးနိမ့်ခဲ့ပြီး မြို့တော်ကိုလည်း ရှီရာအား ထောက်ခံသော ဗိုလ်ချုပ် ဂျော့ချ်က သိမ်းပိုက်ထားခဲ့သည်။ စစ်သည်များက မလုံမလဲ ခံစားလာရသည်။ လော့ဒ်-သန်းခေါင်နေ၏ မျိုးဆက်ဖြစ်သော သွေးနီးမီးလျှံအလံကို ဆက်ခံထားသည့် မင်းသမီးရှီရာနှင့် အမှောင်လစစ်တပ်၏ အင်အားကြီး အဟုန်ကို ရင်ဆိုင်နေရရင်း သူတို့၏ တိုက်ခိုက်ချင်စိတ်များက အဆုံးစွန်အထိ ဖိနှိပ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။
ယခုအတိုင်းသာ ဆက်သွားလျှင် အမှောင်လ၏ စိတ်ဓာတ်ရေးရာကို မလှုပ်ခါခင်မှာပင် သူ၏ဘက်မှ အရင်ဆုံး စိတ်ဓာတ်ကျသွားပေလိမ့်မည်။ ထိုအချိန်၌ စကားပြောစရာ မရှိတော့ပေ။ သူက ရှေ့တန်းမှ ခြေလျင်တပ်အား တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
ထိုခြေမြန်တပ်တွင် စစ်သည် နှစ်သောင်းခန့်ရှိပြီး လော့ဒ်များ၏စစ်တပ်မှ ရွေးချယ်ထားသော လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့ကို သစ်ပင်စိမ်း ဗိုလ်ခြေ၏ လော့ဒ်-ဆူဒါက အမိန့်ပေးသည်။ သူတို့က သားရေဒိုင်းနှင် ချပ်ကားများ ဝတ်ဆင်ထား၏။ သူတို့ထဲတွင် တိုက်ခိုက်ရေးစွမ်းအား ပြင်းထန်သော လေးသမား ၅၀၀၀ ရှိသည်။ အိုဆိုင်ဒန်က ထိုခြေလျင်တပ်ကို အရင်စေလွှတ်ပြီး အခြေအနေကို စမ်းသပ်ရန် ကြိုးစားနေသည်မှာ အသေအချာပင် ဖြစ်သည်။
ခြေမြန်တပ်က ထောင့်မှန်စတုဂံပုံစံ အခင်းအကျင်းများ ဖွဲ့စည်းလိုက်ကြပြီး အမှောင်လ စစ်တပ်ဆီသို့ ညီညာသော ခြေလှမ်းများဖြင့် ချီတက်လာကြသည်။ ရှီရာက အမြန် တုံ့ပြန်သည်။ စစ်သည် သုံလေးတန်းက သူတို့ကို ကြိုဆိုလိုက်သည်။ ရှေ့တန်းမှ စစ်သည်များမှာ အစွမ်းအထက်ဆုံး နွားတစ်ပိုင်းများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံး အလွန်ကြီးမားသော ဒိုင်းကာအရှည်ကြီးများကို ကိုင်ဆိုင်ထားကြသည်။ ဒိုင်းကာ၏ အမြင့်ကြောင့် အနောက်မှ အခြေအနေကို မြင်နိုင်ရန် ခက်ခဲလှသည်။ လေးသမားများ ရှိနိုင်ပေသည်။
ခြေလျင်တပ်ကို တိုက်ဖို့ လေးသမားတွေ သုံးတာလား။ အိုဆိုင်ဒန် သရော်ပြုံး ပြုံးလိုက်ပြီး မြို့တော်၏ ကျောက်တုံးကြီးဗိုလ်ခြေကို စေလွှတ်ကာ နောက်ဘက် အကွာအဝေးတစ်ခုမှ လိုက်သွားစေသည်။ ကျောက်တုံးကြီးဗိုလ်ခြေကို ချပ်ကာ အထူစားများ ဝတ်ဆင်ထားသည့် ခြေလျင်တပ်သားများနှင့် လှံသမားများနှင့် ဖွဲ့စည်းထားပြီး ဗိုလ်ချုပ် လောင်းဘော်တွန်က ညွှန်ကြားသည်။ ရန်သူက သူပုန် နက်စ်တာ ဦးဆောင်သော မှော်အရိပ် မြင်းတပ်ကို စေလွှတ်သည့်တိုင် သူတို့ အနိုင်ယူနိုင်မည် ဖြစ်သည်။
ကြီးမားသော စစ်မြေပြင်ပေါ်မှ ထိုကဲ့သို့ တပ်သားများမှာ မောက်စ်ဖြင့်ဆွဲပြီး လိုသလို ထိန်းချုပ်၍ရသော အချိန်အစစ်အမှန် နည်းဗျူဟာဂိမ်း မဟုတ်ပေ။ လူရာနှင့်ချီကို အမိန့်ပေးခြင်းက လူထောင်သောင်းချီကို အမိန့်ပေးခြင်းနှင့် လုံးဝကွာခြားသည်။ တပ်သား ပိုများလေလေ၊ အမိန့်ပေးရ ပိုခက်ခဲလေလေ ဖြစ်သည်။ တပ်မှူးတစ်ယောက် အနေနဖြင့် လိုသလိုလုပ်ရန် ခက်ခဲလေ့ရှိသည်။ ရှေ့မှစစ်သည်များ ထွက်ပြေးသွားလျှင် သူတို့ မဆုတ်ခွာချင်သည့်တိုင် ရွေးစရာမရှိပေ။ သို့မဟုတ်ပါက သူတို့သည် သေသည်အထိ အနင်းခံရပေလိမ့်မည်။ ၎င်းမှာ ရှုံးနိမ့်သောစစ်တပ်၏ လုံးဝပြိုလဲခြင်းဟူသောအရာ ဖြစ်သည်။
လက်ရွေးစင်တပ်သား ပိုများလေလေ၊ အမိန့်ကို ပိုမိုဆောင်ရွက်နိုင်လေလေ ဖြစ်ပြီး တပ်မှူးများက ပိုမိုအမိန့်ပေးနိုင်ကာ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးစွမ်းအားကို အလိုရှိသလို စိတ်ရှိသလို အသုံးပြုနိုင်ပေမည်။ ၎င်းသည် ထူးချွန်သော အမိန့်ပေး စွမ်းရည်သာမက တင်းကြပ်သော လေ့ကျင့်ရေးလည်း လိုအပ်ပေသည်။
အိုဆိုင်ဒန်နှင့် ရှီရာတို့က စစ်တုရင် ကစားသူ နှစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူတို့က ကိုယ်ပိုင် စစ်တုရင်ရုပ်များကို ထုတ်ပြီး စစ်တုရင်ရုပ်များက အချင်းချင်း တိုက်ခိုက်ကြရသည်။ စစ်တုရင်ကစားသူ၏ စေလွှတ်ခြင်းအပြင် စစ်တုရင်ရုပ်၏ တပ်သားအမျိုးအစားနှင့် တပ်မှူးကလည်း အလွန်အရေးပါသည်။ ပြောရမည်ဆိုလျှင် ယေဘုယျအားဖြင့် လေးသမားများက လှံသမားများကို ထိန်းနိုင်သည်။ လှံသမားများက မြင်းတပ်ကို ထိန်းနိုင်တယ်။ မြင်းတပ်က ခြေလျင်တပ်ကို ထိန်းနိုင်တယ်။ သို့သော်လည်း ဗိုလ်ချုပ်က မြင်းတပ်ကို ကောင်းကောင်း ညွှန်ကြားနိုင်လျှင် လှံသမားများကို အနိုင်ယူနိုင်သည်။
စစ်ပွဲသည် ရိုးရှင်းသော အရေအတွက် ကစားပွဲတစ်ခု မဟုတ်ပေ။ မြို့တော်၏ စစ်တပ် အသီးသီးမှ တပ်မှူးအများစုမှာ တိုက်ပွဲများ၌ အတွေ့အကြုံရှိခဲ့သော နာမည်ကျော် ဗိုလ်ချုပ်များ ဖြစ်ကြသည်။ အိုဆိုင်ဒန် ကိုယ်တိုင်က ရှီရာထက် အတွေ့အကြုံ ပိုရှိသည်။ ထို့ပြင် မြို့တော်စစ်တပ်ကလည်း အရေအတွက် သာလွန်နေဆဲ ဖြစ်သည်။ သူတို့က အနိုင်ရနိုင်ချေ ပိုမြင့်ပေသည်။
အပေါ်ယံ၌ အမှောင်လ၏ လက်ရှိအားသာချက်မှာ စိတ်ဓာတ်ရေးရာ ဖြစ်သော်လည်း ၎င်းမှာ အလွန်မတည်ငြိမ်သော အရာတစ်ခု ဖြစ်သည်။ တိုက်ပွဲ အခင်းအကျင်းက ညွန့်ပေါင်းစစ်တပ်၏ အဟုန်ကို တိုးမြှင့်ပေးနိုင်သည်နှင့် အမှောင်လ စစ်တပ်၏ စိတ်ဓာတ်ရေးရာက တဖြည်းဖြည်း လျော့ကျသွားမည် ဖြစ်သည်။ ထို့နောက်တွင် အနိုင်ရရန် မခက်တော့ပေ။ ယုတ်စွအဆုံး အိုဆိုင်ဒန်၏အမြင်၌ ထိုသို့ ဖြစ်သည်။
ညွန့်ပေါင်းစစ်တပ်က ခြေမြန်တပ်က ရှေ့တက်ချီတက်လာပြီး အနောက်တွင် ကျောက်တုံးကြီး ဗိုလ်ခြေ၏ ခြေလျင်တပ်ကြီးက အကွာအဝေး တစ်ခုခြားထားပြီး လိုက်လာသည်။ လက်ရှိအန္တရာယ်ကင်းသော အကွာအဝေး၌ အရှိန်တင်ရန် မလိုသေးပေ။ သို့သော်လည်း အိုဆိုင်ဒန်က မြင်းတပ်ကို ပြင်ဆင်ထားရန် တိတ်တဆိတ် အမိန့်ပေးထားခဲ့သည်။ ရှီရာရဲ့ ညွှန်ကြားရေး အတွေ့အကြုံနဲ့ဆိုရင် တရစပ် ပြောင်းလဲမှုတွေကို ခုခံဖို့ ခက်ခဲမှာ သေချာတယ်။ သူ ပျာယာခတ်သွားရင် စစ်တပ် တစ်ခုလုံး ချီတက်လာမှာပဲ။ အဲဒီအချိန် ငါက နဂါးတွေကို ထိန်းထားဖို့ပဲ လိုတယ်။ အမှောင်လစစ်တပ်ကို အနိုင်ယူပြီးရင် အခြေအနေအားလုံး အဆင်ပြေပြီ။
ခြေမြန်တပ်နောက်မှ ခြေလျင်တပ်ကြီးကို မြင်သည့်အခါ ရှီရာက သူတို့ကို ရင်ဆိုင်ရန်အတွက် စစ်တပ်တစ်တပ် မစေလွှတ်ခဲ့ဘဲ တစ်ခုခုကို ပြင်ဆင်နေသကဲ့သို့ပင် အလွန်ကြီးမားသော ဒိုင်းကာများ လှုပ်ရှားလာသည်။ ခဏအကြာတွင် လောက်လေးခွ တစ်ခုပြီးတစ်ခုကို မှင်စာစစ်သည်များ တွန်းလာသည်။ အလွန်ကြီးမားသော ဒိုင်းကာများကလည်း ရှေ့ဆက်မသွားတော့ဘဲ ရပ်တန့်လိုက်ကြသည်။
လောက်လေးခွတွေက ချို့ယွင်းချက် အမျိုးမျိုးကြောင့် မှော်သလင်းကျောက် အမြောက်တွေနဲ့ အစားထိုးခံလိုက်ရတာ။ ဒီလိုစစ်လက်နက်မျိုးက ဆုတ်ယုတ်တဲ့ နေရာတွေမှာပဲ ရှိတော့တာ။ အခု အမှောင်လက ဒီလိုအရေးကြီးတဲ့ စစ်မြေပြင်မှာ သတ်ဖြတ်မှုစွမ်းအား နိမ့်ကျတဲ့ လောက်လေးခွကို တကယ်ကြီး အသုံးပြုခဲ့တယ်။ ရှီရာက ဘယ်လောက်ပဲ မစွမ်းဆောင်နိုင်ပါစေ၊ ဒီလိုရူးမိုက်တဲ့ ဆုံးဖြတ်ချက်ကို ချမှာ မဟုတ်ဘူး။ အိုဆိုင်ဒန် မျက်မှောင်ကြုတ်လိုက်သည်။
ဆူဒါနှင့် လောင်းဘော်တွန်တို့ကလည်း လောက်လေးခွကို မြင်လိုက်သည်။ ထိုအချိန်၌ ရှေ့မှ ခြေမြန်တပ်သည် ပုံမှန်လောက်လေးခွများ၏ ပစ်ကွင်းနှင် ဝေးနေသေးသည်။ ထို့ကြောင့် သူ ကြောက်မနေပေ။ သူက လောက်လေးများ၏ ပထမအကြိမ် ပစ်ခတ်မှုကို ခုခံပြီးမှသာ အမြန်သွားဖို့ပြင်ဆင်ရန် စစ်တပ်ကို အနည်းငယ် အရှိန်လျှော့ရန် အမိန့်ပေးခဲ့သည်။
သို့သော်လည်း ဆူဒါ၏ အရှိန်လျှော့ရန် အမိန့်ပေးမှုမှာ အတွေ့အကြုံအရ အမှားအယွင်းတစ်ခု ဖြစ်နေခဲ့သည်။ သူ မလုပ်သင့်ဆုံးမှာ ထိုလောက်လေးခွများကို သူသိဖူးသော သာမန်လက်နက်များနှင့် အကဲဖြတ်ခြင်းပင် ဖြစ်သည်။ ခြေလျင်တပ်က “အန္တရာယ်ကင်းသောအကွာအဝေး”၌ ရှိနေစဉ် ထိုလောက်လေးခွများ စတင်ပစ်ခတ် တော့သည်။ အုန်းခနဲ စက်သံများ ကလောက်ကလောက် တစ်သံပြီးတစ်သံ ထွက်လာပြီး လေထဲမှ လေတိုးသံများ ထွက်လာသည်။
လောက်လေးခွများ ပစ်လိုက်သည်နှင့် ဆူဒါ၏ အသံက နောက်ဆုံးတွင် ကြောက်လန့်နေသော အငွေ့အသက်တစ်ခု ပါဝင်နေခဲ့သည်။ “လူခွဲကြ။”
ထိုစကားပြောလိုက်သည်နှင့် အလွန်ကြီးမားသော လှံကဲ့သို့ လောက်လေးများက ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ထူထဲသောအခင်းအကျင်းသို့ ပျံသန်းသွားကာ ခြေလျင်တပ်သားများ၏ ပျက်စီးလွယ်သော သားရေဒိုင်းများနှင့် ချပ်ကာများကို အလွယ်တကူ ဖောက်ထွင်းသွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် အလွန်ကြီးမားသော မြားများက ဝုန်းခနဲ ပေါက်ထွက်ကုန်သည်။ မရေမတွက်နိုင်သော မြားများမှာ အစွမ်းရောင် အငွေ့များကြားထဲ၌ ပျံ့နှံ့ကုန်သည်။ အငိုက်မိသွားသော အနီးအနားမှ စစ်သည်များကို မြားထိသွားပြီး အော်ဟစ်လိုက်ကြသည်။
အစိမ်းရောင်အငွေ့သည် မြားကဲ့သို့ပင် အဆိပ်ရှိသည်။ စစ်သည်များ၏ ခန္ဓာကိုယ်က အလျင်အမြန်ပင် စတင်ပျက်စီးလာ၏။
ဝါလန်ခံတပ်သို့ ဂရန့်တိုက်ခိုက်သောအခါ မိုးသည်းထန်သောကြောင့် လောက်လေး၏ အဆိပ်ငွေ့က သက်ရောက်မှု မရှိခဲ့ပေ။ သို့သော်လည်း ယနေ့ကဲ့သို့ ရာသီဥတု၏ ၎င်း၏ အစွမ်းအထက်ဆုံးကို ပြသနိုင်ခဲ့လေသည်။
ဆူဒါနှင့် လောင်းဘော်တွန်တို့သာမက ညွန့်ပေါင်းစစ်တပ်မှ အိုဆိုင်ဒန်နှင့် အခြားသူများပင် မျက်နှာအမူအရာ ပျက်သွားကြသည်။ ထိုကဲ့သို့ ပစ်ကွင်းကျယ်ပြီး စွမ်းအားကြီးသော ထူးဆန်းသည့် လောက်လေးမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ အမှောင်လက တကယ်ကြီး ဒီလိုကြောက်စရာကောင်းတဲ့ လူသတ်လက်နက်တစ်ခုကို အမြဲတမ်း ဖုံးကွယ်ထားနေခဲ့တာပဲ။
တစ်ကြိမ်ပစ်ခတ်ပြီးနောက် သိပ်သည်းစွာ စုဝေးနေကြသည့်အတွက် စစ်သည် ၂၀၀၀ခန့် ပြိုလဲကုန်သည်။ ထိုလောက်လေးခွများကို ဝန်ချီစက် အသေးစားနှင့် ဆင်တူသော ပစ္စည်းတစ်မျိုးမှတစ်ဆင့် အလွန်ကြီးမားသော မြားများဖြင့် အလျင်အမြန် ထည့်နိုင်သည်။ အားနည်းသော မှင်စာစစ်သည်များပင် ၎င်းကို အသုံးပြုနိုင်သည်။ ပုံမှန် လောက်လေးခွများကဲ့သို့ ကိုင်တွယ်ရခက်ခဲပြီး မြားဖြည့်ရန် နှေးကွေးခြင်းမျိုး မရှိပေ။
ဒုတိယတစ်ခေါက် ပစ်လွှတ်လိုက်ပြန်ရာ အသက်ပေါင်း ၁၀၀၀ခန့်ကို သိမ်းယူသွားသည်။ ခြေမြန်တပ်မှ စစ်သည်များ ကြောက်ရွံ့လာသော်လည်း ပြန်ဆုတ်ရန် အမိန့်မရသည့်အတွက် နောက်ဆုတ်ခွင့်မရှိပေ။ သို့မဟုတ်ပါက သူတို့က စစ်ဥပဒေ စိုးမိုးရေး အဖွဲ့က တစ်ခါတည်း ခေါင်းဖြတ်သတ်မည် ဖြစ်သည်။ ဆူဒါ၏ အမိန့်ကြောင့် ခြေမြန်တပ်က ရှေ့သို့ အတင်းချီတက်ကြသည်။ သူတို့နောက်မှ လောင်းဘော်တွန်က အရှိန်တင်ရန် အမိန့်ပေးသည်။ လောက်လေးများ၏ စွမ်းအားမှာ ထင်ထားသည်ထက် လွန်ကဲနေသည်။ သံဒိုင်းကာများ ပါရှိသော ကျောက်တုံးကြီးဗိုလ်ခြေသည်ပင် ကြောက်မက်ဖွယ်ရာ စွမ်းအားရှိသော အလွန်ကြီးမားသည့် မြားများကို မခုခံနိုင်ခဲ့ပေ။ အလွန်ကြီးမားသော မြားများနှင့်စာလျှင် အဆိပ်ငွေ့က ပို၍ပင် ကြောက်စရာကောင်း၏။
လူခွဲပြီးနောက် လောက်လေး၏ သက်ရောက်မှု အတော်လေး အားနည်းသွား ခဲ့သည်။ သို့သော်လည်း မှင်စာစစ်သည်များ၏ တိကျသော ထိန်းချုပ်မှုအောက်တွင် ထိခိုက်မှု အတော်လေး ပေးစွမ်းနေနိုင်သေးသည်။ ပစ်ချက်တိုင်းက သိသိသာသာ ထိခိုက်မှု ဖြစ်စေခဲ့သည်။
နှစ်ဖက်ကြားရှိ အကွာအဝေး ကျဉ်းမြောင်းလာနှင့်အမျှ အလွန်ကြီးမားသော ဒိုင်းကာအနောက်မှ လေးသမားများ စတင်လှုပ်ရှားတော့သည်။ ရှေ့မှ ခြေလျင်တပ်ဆီသို့ မြားမိုးရွာချလိုက်သည်။ ကျွမ်းကျင်သော သုံးဆင့်ချက် ပစ်ခတ်ခြင်းနှင့် ထက်မြက်သော မြားများက ခြေမြန်တပ်ကို အပြင်းအထန် ထိခိုက်စေခဲ့သည်။ နှစ်ဖက်လုံး မထိခင်မှာပင် ဆူဒါ၏ ခြေလျင်တပ် အသေအကြေက တစ်ဝက်ကျော်သွားခဲ့သည်။
နောက်ဘက်မှ ခြေလျင်တပ်ကြီးကို လောက်လေးများ တိုက်ခိုက်နေသော်လည်း သံချပ်ကာများ ကာကွယ်ထားသည့် ခြေလျင်တပ်ကြီးကို ပေါက်ကွဲသောမြားများက ထိခိုက်မှု အနည်းငယ်သာ ဖြစ်စေသည်။ အတော်လေး ပြဿနာ တက်စေသည်မှာ အဆိပ်ငွေ့ပင် ဖြစ်၏။
မြားအခေါက်ခေါက် ပစ်ပြီးနောက် ခြေမြန်တပ်သား အရေအတွက် သိသိသာသာ ကျဆင်းသွားခဲ့သည်။ ဆူဒါ လုပ်နိုင်သည်မှာ အစွမ်းကုန်သုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်သာ ဖြစ်သည်။ မဟာနတ်ဆိုးဘုရင် လော့ဒ်တစ်ယောက် ဖြစ်သည့် အလျောက် သူက ကိုယ်ပိုင်နယ်မြေ၌ မရိုးမဖြောင့်နေရန်အတွက် သူ၏ခွန်အားကို မှီခို၍ရသော်လည်း စစ်မြေပြင်၌ သူက အမြောက်စာတစ်ခုသာ ဖြစ်သည်။
ခြေမြန်တပ် သေဆုံးခြင်းမှာ အလကား မဖြစ်ခဲ့ပေ။ အကြောင်းမှာ ခြေလျင်တပ်ကြီးက ချဉ်းကပ်လာနေပြီ ဖြစ်သည့်အတွက်ကြောင့်ပင်။ အမှောင်လ မြားများ၏ သေစေနိုင်မှုက အတော်လေး အားနည်းသွားသည်။ ထိုအချိန်၌ အလွန်ကြီးမားသော ဒိုင်းကာအတန်းနောက်ဘက်၌ မီးခိုးအမြောက်အမြားနှင့်အတူ မြင်းခွာသံများ ယဲ့ယဲ့လေး ထွက်ပေါ်လာခဲ့သည်။ ယခုတွင် အမှောင်လက မြင်းတပ်ကို စေလွှတ်တော့မည် ဖြစ်နိုင်ပေသည်။
ကျောက်တုံးကြီးဗိုလ်ခြေ၏ တပ်မှူး လောင်းဘော်တွန်က ပြန့်ကျဲသွားသော အဖွဲ့ကို အမြန်စုစည်းပြီး အရှိန်လျှော့လိုက်သည်။ သူက ရှေ့ဘက်တွင် လှံသမားများကို နေရာချသည်။ သူတို့၏လက်ထဲမှ လှံရှည်များမှာ အထူးပြုလုပ်ထားပြီး ပြင်းထန်သော ရိုက်ခတ်မှုဒဏ်ကို မကျိုးပဲ့ဘဲ ခံနိုင်သည်။ အမြန်မြင်းတပ်အတွက် အရှိန်မြန် ချီတက်ခြင်းက အမြန်နှုန်းနှင့် သေစေနိုင်မှုကို တိုးမြင့်စေနိုင်သော်လည်း ထိုလှံရှည်များဖြင့် ထုတ်ချင်းပေါက်ခံရနိုင်ချေလည်း ပိုများပေသည်။
လောက်လေးခွကို ကာကွယ်ရန်အတွက်မူ စစ်သည်များ စုစည်းလိုက်ရာ မည်သို့ ကိုင်တွယ်ရမည်ကို လောင်းဘော်တွန် သိသွားသည်။ ရန်သူ၏ မြင်းတပ်က အနီးကပ် တိုက်ခိုက်တော့မယ်။ တကယ်လို့ လောက်လေးတွေနဲ့ မြားတွေကို မဆင်မခြင် ပစ်မယ်ဆိုရင် သူတို့ရဲ့စစ်တပ်ကို မတော်တတဆ ထိနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြင်းတပ်တွေက ခြေလျင်တပ်တွေထက် လေ့ကျင့်မှု အခက်အခဲနဲ့ “ကုန်ကျစရိတ်” ပိုသာလွန်တယ်။ ဒါကြောင့် ရန်သူက ရူးမိုက်မှာ မဟုတ်တာ သေချာတယ်။
အမှောင်လထံ အညံ့ခံခဲ့သော နက်စ်တာမှာ လောင်းဘော်တွန်၏ မိတ်ဆွေဟောင်းနှင့် ပြိုင်ဘက် ဖြစ်သည်။ သူက ယခင်သိုင်းပြိုင်ပွဲ၌ နက်စ်တာ၏ မှော်အရိပ်ဗိုလ်ခြေကို ရှုံးနိမ့်ခဲ့သည်။ ယခုတွင် သူက အသစ်လေ့ကျင့်ပေးထားသော လှံအခင်းအကျင်းကို ပြသပြီး တကယ့်စစ်မြေပြင်၌ နက်စ်တာ၏ မြင်းတပ်ကို ဖျက်ဆီးနိုင်တော့မည် ဖြစ်သည်။
အမှန်တကယ်ပင် မြင်းတပ်သား အမြောက်အမြားမှာ ဒိုင်းကာ အခင်းအကျင်း၏ ဗဟိုနှင့် ဘေးနှစ်ဖက်တို့မှ အရှိန်ဖြင့် ထွက်လာကြသည်။ နက်စ်တာနှင့် ယှဉ်ပြိုင်ရန် အသင့်ဖြစ်နေသော လောင်းဘော်တွန်က ထိုမြင်းတပ်ကို မြင်လိုက်သောအခါ ပင့်သက်ရှိုက်လိုက်မိသည်။ သူတိုအရှေ့မှ ကျောက်တုံးကြီးဗိုလ်ခြေနှင့် ခြေမြန်တပ်တို့ အားလုံးကလည်း ကြောက်လန့်သော အမူအရာများ ပြသလိုက်ကြသည်။
ဒါက နက်စ်တာရဲ့ မှော်အရိပ်ဗိုလ်ခြေ မဟုတ်ဘူး။
ဇက်ကြိုးကို ကိုင်ထားသော လက်များမှာ အသားများ မဟုတ်ဘဲ အရိုးခြောက်များ ဖြစ်သည်။ သူတို့အောက်မှ မြင်းများကလည်း အဓိကနေရာများမှလွဲ၍ အရိုးများဖြင့် ဖွဲ့စည်းထားလေသည်။
မသေမျိုးတွေ။ အမြောက်စာ အရိုးခြောက်လိုမျိုး မဟုတ်ဘူး။ မသေမျိုး မြင်းတပ်ပဲ။
အထိတ်တလန့် မြင်းစီးစစ်သည် အနည်းငယ်ဆိုလျှင် အဆင်ပြေနိုင်သော်လည်း သူတို့အရှေ့သို့ အရှိန်ဖြင့် ရောက်လာကြသော မြင်းတပ် အရေအတွက်မှာ တစ်သောင်းကျော်သည်။ ၎င်းတို့ကို တစ္ဆေစစ်မြင်းများ စီးထားသော အထိတ်တလန့် မြင်းစီးစစ်သည် ဒါဇင်ခန့်က ဦးဆောင်လာသည်။ သူတို့အားလုံးက အနက်ရောင် ချပ်ကာများ ဝတ်ဆင်ထားပြီး လှံတစ်လက်ကိုင်ထားကာ မသေမျိုးမြင်းတပ်အား ကျောက်တုံးကြီးဗိုလ်ခြေ၏ အစုအဝေးသို့ ချီတက်ရန် ဦးဆောင်နေကြသည်။
ညွန့်ပေါင်းစစ်တပ်ထဲ၌ ပွက်လောရိုက်သွားခဲ့သည်။ မသေမျိုးတွေမှာ ဘယ်တုန်းက မြင်းတပ် ရှိသွားတာလဲ။ ဒီလိုမျိုးရနိုင်ဖို့အတွက် မသေမျိုး မှော်ပညာဗဟုသုတ ဘယ်လောက်တောင် လေးနက်တာလဲ။ နတ်ဆိုးဘုံမှာ ဘယ်တုန်းက ဒီလိုစွမ်အားကြီးတဲ့ မသေမျိုးမှော်ပညာရှင် ရှိသွားတာလဲ။ ပြီးတော့ သူက အမှောင်ဘက်မှာ ရှိနေတယ်။
မြင်းတပ်အရေအတွက်ကို ကြည့်ရတာ ဒီမသေမျိုးမြင်းတပ် ရှိနေတာကြာပြီ ဖြစ်မယ်။ မဟုတ်ရင် ဒီလောက် အလောင်းတွေအများကြီးကို စုစည်းဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ လရောင်ခံတပ်နဲ့ ဒီကိုမြို့ တိုက်ပွဲတွေမှာတုန်းက မသေမျိုးမြင်းတပ်ရော၊ လောက်လေးခွရော မပေါ်ထွက်လာခဲ့ဘူး။
“အဲဒီသောက် သတင်းသူလျှိုတွေတော့....” အိုဆိုင်ဒန် အံကြိတ်လိုက်ပြီး လက်ထဲမှ ဇက်ကြိုးကို ကျစ်ကျစ်ဆုပ်လိုက်သည်။ “ပထမညွန့်ပေါင်းဗိုလ်ခြေ၊ အမှောင်နတ်မိစ္ဆာ မြင်းတပ်ဗိုလ်ခြေ၊ နဂါးစီးနင်းသူဗိုလ်ခြေ။ ချက်ချင်း ချီတက်ကြ။ မှင်စာတပ်ရင်းက လောက်လေးခွတွေ တပ်ဆင်ဖို့ အသင့်ပြင်ထား။”