နဂါးပြာ
Vol. 36 Ch. 542
မြေပြင်ပေါ်မှ အမှောင်နတ်မိစ္ဆာ မြင်းတပ်က ရှေ့မှ တိုက်ခိုက်နေသော အဖွဲ့ကို တဖြည်းဖြည်း ချဉ်းကပ်လာသည်။ အမှောင်နတ်မိစ္ဆာမြင်းတပ်မှာ မြို့တော်၌ အင်အားအကြီးဆုံး မြင်းတပ်ကြီး ဖြစ်သည်။ မြင်းဖြစ်စေ၊ မြင်းစီးစစ်သည်ဖြစ်စေ၊ အကောင်းဆုံး လက်ရွေးစင်များထဲမှ ဖြစ်သည်။ နှိုင်းယှဉ်ရမည်ဆိုလျှင် နက်စ်တာ၏ မှော်အရိပ်ဗိုလ်ခြေသည်ပင် လောင်းရိပ်မိသွားပေမည်။
မူလက အမှောင်နတ်မိစ္ဆာမြင်းတပ်ဗိုလ်ခြေ ခေါင်းဆောင်မှာ ဗိုလ်ချုပ် အမ်စတီ ဖြစ်သော်လည်း အမ်စတီက မြို့တော် ကျရှုံးသွားသော သတင်းပေါက်ကြား သွားခြင်းကြောင့် အပြစ်ဒဏ်အစားခံလိုက်ရကာ အိုဆိုင်ဒန်၏ ကွက်မျက်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် လက်ထောက်ဗိုလ်ချုပ် လောင်ဒိုက ဗိုလ်ခြေတပ်မှူးအဖြစ် တာဝန်ယူခဲ့သည်။
မသေမျိုးဗိုလ်ခြေ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားအမျိုးမျိုးကို မြင်တွေ့ပြီးနောက် အမှောင်နတ်မိစ္ဆာ ဗိုလ်ခြေက ကျောက်တုံးကြီးဗိုလ်ခြေကို အလောတကြီး မကူညီသလို စတင်၍လည်း မတိုက်ခိုက်ဘဲ ရပ်တန့်နေသည်။ လောင်ဒို၏ အမိန့်အောက်တွင် သူတို့၏ ခန္ဓာကိုယ်မှ အဝါဖျော့ရောင် အလင်းတစ်ခု တစ်ပြိုင်နက်တည်း ထွက်လာသည်။ မှော်အရိပ်ဗိုလ်ခြေ၏ ချီတက်အစွမ်းကဲ့သို့ပင် ၎င်းမှာ အချိန်တစ်ခုအတွင်း သက်ဆိုင်ရာ စွမ်းရည်များကို ကြီးကြီးမားမား တိုးမြှင့်စေနိုင်သည့် မှော်မင်ကြောင်နှင့် အဆင်တန်ဆာ အပေါ်၌ မှီခိုသော အုပ်စုစွမ်းရည် ဖြစ်သည်။
နောက်မှ ပထမညွန့်ပေါင်းဗိုလ်ခြေ မီလာပြီး ရှေ့တန်းမှ ဒိုင်းကာစစ်သည်များက ဘေးနှစ်ဖက်သို့ လူခွဲသွားသည်။ ထို့နောက် အနောက်မှ လူအုပ်ကြီးကိုကာကွယ်ရန် အားကောင်းသော မှော်လှိုင်းတစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ လူဦးရေ ၅၀၀၀ ရှိသော မှော်ပညာရှင်ဗိုလ်ခြေ ဖြစ်နေသည်။ အမှောင်နတ်မိစ္ဆာ မြင်းတပ်ဗိုလ်ခြေမှ စစ်သည် တစ်ယောက်စီ၏ ခန္ဓာကိုယ်မှ တစ်ယောက်ပြီးတစ်ယောက် အရောင်လက်လာသည်။ ယခုတွင် အဝါဖျော့ရောင်မှာ အနီရောင်၊ အစိမ်းရောင် နှင့် အခြားအရောင်များ ပြောင်းသွားသည်။ ၎င်းတို့မှာ အသေအချာပင် အမျိုးမျိုးသော တိုးမြှင့်မှုများ ဖြစ်ပေသည်။
အဝါဖျော့ရောင်အလင်းက အမှောင်နတ်မိစ္ဆာ မြင်းတပ်ဗိုလ်ခြေ၏ အစွမ်းအထက်ဆုံး [ နတ်မိစ္ဆာ ] ပညာရပ်ဖြစ်သည်။ တိုးမြှင့်စွမ်းရည်က [ မှော်အရိပ် ချီတက်ခြင်း] လောက် မကောင်းသော်လည်း မှော်ပညာရှင်ကပေးသည့် အမျိုးမျိုးသော တိုးမြှင့်မှုများကို စစ်တပ်တစ်ခုလုံးထံ ဖြန့်ဝေကာ နှစ်ဆတိုးစေနိုင်သည်။ မှော်ပညာရှင် ဗိုလ်ခြေ၏ ထောက်ပံ့မှုနှင့်အတူ စွမ်းအားက မှော်အရိပ်ဗိုလ်ခြေထက် သာလွန်သွားသည်။ ၎င်းမှာ မြို့တော်ရှိ ဗိုလ်ခြေများ အားလုံးထဲတွင် ကြောက်စရာ အကောင်းဆုံး စွမ်းအားပင် ဖြစ်လေသည်။
[ နတ်မိစ္ဆာ ] အခြေအနေကို အသက်သွင်းခဲ့သော အမှောင်နတ်မိစ္ဆာ မြင်းတပ် ဗိုလ်ခြေက မြားပုံစံ အခင်းအကျင်း ဖွဲ့စည်းခဲ့သည်။ သူတို့က ထက်မြက်သော လှံများကို အတူတကွ ကိုင်ထားလိုက်ကြပြီး အံ့အားသင့်ဖွယ်ရာ အဟုန်နှင့်အတူ ရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားကြတော့သည်။
ထိုအချိန်၌ ကျောက်တုံးကြီးဗိုလ်ခြေမှာ မသေမျိုးမြင်းတပ်၏ တိုက်ခိုက်မှုကို ခံရပြီးနောက် ငါးပုံတစ်ပုံအောက်သာ ကျန်တော့သည်။ လောင်းဘော်တွန်က အမှောင်နတ်မိစ္ဆာမြင်းတပ်ဗိုလ်ခြေနှင့် အလွန်ရင်းနှီးသည့်အတွက် နောက်မဆုတ်ဘဲ မဟာမိတ်အင်အားစုများထံ မချဉ်းကပ်ခဲ့ကာ စစ်သည်များကို အင်အားအကုန်သုံးပြီး အချိန်ဆွဲထားရန် အမိန့်ပေးခဲ့သည်။ သူကိုယ်တိုင်က ဒဏ်ရာအပြင်းအထန် ရထားခဲ့သော်လည်း ဦးဆောင်တိုက်ခိုက်ခဲ့သည်။ သူက နောက်မှလိုက်နေသော နတ်ဆိုးဧကရာဇ်အဆင့် သွေးစုပ်ကောင်ကြောင့် သေလုနီးပါး ဖြစ်သော်လည်း ဘယ်တော့မှ နောက်မဆုတ်ခဲ့ပေ။ ယခုတွင် အမှောင်နတ်မိစ္ဆာ မြင်းတပ်ဗိုလ်ခြေက စတင်ချီတက်လာသည့်အတွက် သူက စစ်သည်များကို လူခွဲပြီး အရှိန်ကုန် နောက်ဆုတ်ရန် အမိန့်ပေးသည်။
[ နတ်မိစ္ဆာ ] ၏ တိုးမြှင့်မှု အပြည့်အဝနှင့်အတူ မြားပုံစံ အခင်းအကျင်းတွင် အလွန် စွမ်းအားကြီးသော အရှိန်အဟုန်တစ်ခု ရှိနေသည်။ ချပ်ကာအပြည့် ဆင်ထားသည့် မြင်းတပ်၏ ဝိသေသေလက္ခဏာများနှင့် ပေါင်းလိုက်သောအခါ မသေမျိုးမြင်းတပ်က ဖျက်ဆီးခံရလုနီးပါး ဖြစ်သွားခဲ့သည်။ အမှောင်နတ်မိစ္ဆာ မြင်းတပ်ဗိုလ်ခြေတစ်ခုလုံး ဖျက်ဆီး၍မရနိုင်သော မြားတစ်စင်းသဖွယ် ဖြစ်နေသည်။ နောက်မှ အရိုးခြောက် ပင်လယ်သည်ပင် နတ်မိစ္ဆာ၏ ထက်မြက်သောမြားများကို မခံနိုင်တော့ပေ။ ထိုကဲ့သို့ ချီတက်သော လမ်းကြောင်းမှာ အဓိကအားဖြင့် အလျားလိုက်နှင့် ဒေါင့်ဖြတ် ဖြစ်သည်။ အကယ်၍ တည့်တည့်သွားလျှင် အားနည်းသော ဘေးနှစ်ဖက်က မသေမျိုးများ၏ အလွယ်တကူ ဝိုင်းရံခြင်းကို ခံရပေလိမ့်မည်။
မသေမျိုးစစ်တပ်တွင် အသေအကြေ အများအပြား ရှိသော်လည်း အကြောက်တရား မရှိသလို စိတ်ခံစားလျက်လည်း မရှိသည့်အတွက် တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်လာနေသေးသည်။
အမှောင်နတ်မိစ္ဆာ မြင်းတပ်ဗိုလ်ခြေက မသေမျိုးပင်လယ်ထဲ၌ ဘယ်မှညာသို့ ရပ်တန့်၍မရသော အဟုန်ဖြင့် ချီတက်သည်။ မြင်းတပ်ကို ဝိုင်းရံရန် ကြိုးစားသော အရိုးခြောက်များ နင်းခြေခံလိုက်ရပြီး အပိုင်းပိုင်း ဖြစ်သွားသည်။ မြားပစ်သည့်တိုင် ခုခံမှု တိုးမြှင့်ထားသော မြင်းတပ်သားများကို ဖောက်ထွင်းနိုင်ရန် ခက်ခဲလှသည်။
နောက်ဆုတ်နေသော ကျောက်တုံးကြီးဗိုလ်ခြေမှ စစ်သည်များက မရှောင်တိမ်း နိုင်သည့်အတွက် မြင်းတပ်ကြောင့် ထိခိုက်သွားရသော်လည်း အများစုမှာ ပထမ ညွန့်ပေါင်း ဗိုလ်ခြေ အခင်းအကျင်းနားသို့ ကပ်လာသည်။ သူတို့က အခင်းအကျင်းကို ပူးပေါင်းပြီး ဖြည်းဖြည်းဆေးဆေး ဆက်လက်ရှေ့ဆက်သည်။
မြင်းတပ်ကြီးက အရှိန်အဟုန်ကို ပြသနေကြောင်း မြင်သည့်အခါ အိုဆိုင်ဒန်၏ တင်းမာသော မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူက ဒုတိယနှင့် တတိယ ညွန့်ပေါင်း ဗိုလ်ခြေများအား ထွက်ခွာရန် ပြင်ဆင်ထားခိုင်းလိုက်သည်။
မြေပြင် ရုတ်တရက် တုန်ခါသွားပြီး မသေမျိုးပင်လယ်အောက်မှ ၁၀မီတာခန့် မြင့်မားသော အလွန်ကြီးမားသည့် အရာများ ပေါ်ထွက်လာသည်။ ၎င်းတို့တွင် မျှော်စင်ငယ်လေးများကဲ့သို့ အထပ်များစွာရှိပြီး အရိုးခြောက်အမျိုးမျိုးဖြင့် ပြုလုပ်ထားကာ ဘီးများတပ်ဆင်ထားရင်း အောက်မှ မသေမျိုးများက တွန်းနေကြသည်။ အရိုးခြောက် မျှော်စင်အထပ်တိုင်း၌ အရိုးခြောက်အများအပြား ရှိသည်။ ခေါင်းဆောင် ဖြစ်ဟန်တူသော ဝတ်ရုံနက်နှင့် ထူးကဲသည့် မှော်ပညာရှင်တစ်ယောက်က အလယ်မှ အရိုးခြောက်မျှော်စင်၌ ရှိနေသည်။
ထိုမှော်ပညာရှင်၏ အမိန့်အောက်တွင် အရိုးခြောက်မျှော်စင်များပေါ်ရှိ အရိုးခြောက်များအားလုံး စတင်တိုက်ခိုက်လာသည်။ ညွန့်ပေါင်းစစ်တပ်ကို ထိတ်လန့် သွားစေသည်မှာ မှော်ပညာတိုက်ခိုက်မှု ဖြစ်နေခြင်းပင်။
အရိုးခြောက် မှော်ပညာရှင်တွေပဲ။
အရိုးခြောက်တွေက မသေမျိုးထဲမှာ အဆင့်အနိမ့်ဆုံးဖြစ်တဲ့ အမြောက်စာတွေ မဟုတ်ဘူးလား။ ဘယ်လိုလုပ် မှော်ပညာရှင် ဖြစ်သွားတာလဲ။
မသေမျိုး မြင်းတပ်နှင့် လေတပ်ဗိုလ်ခြေ ပေါ်ထွက်လာသော်လည်း ညွန့်ပေါင်း စစ်တပ်က အဆက်မပြတ် အံ့အားသင့်မှုကြောင့် အနည်းငယ် ထုံနေပြီ ဖြစ်သည်။ သို့သော် အမှောင်လ၏ အသေမျိုးစစ်တပ်က ထပ်မံပြီး ပုံမှန်မဟုတ်သော အရာတစ်ခု လုပ်ပြသည့်အခါ မြို့တော်မှ စစ်သည်များက စိတ်ထဲမှ တုန်လှုပ်မှုကို မထိန်းထားနိုင်တော့ပေ။
အမှောင်လက ကြွယ်ဝပေမဲ့ အချိန်က နည်းလွန်းတယ်။ ရည်တို ဗိုလ်ခြေသုံးခု ရှိရင်တောင် မှော်ပညာရှင်ဗိုလ်ခြေနဲ့ မှင်စာဗိုလ်ခြေလိုမျိုး အထူးစစ်သည် အမျိုးအစားက နိမ့်ကျနေတုန်းပဲ။ ဒါပေမဲ့ အမှောင်လမှာက မြို့တော်ထက် မနိမ့်ကျတဲ့ မှင်စာစစ်သည်တွေ ရှိနေသလို စစ်သည် အမျိုးအစားအစုံအလင် ပါဝင်တဲ့ မယုံနိုင်စရာ မသေမျိုးစစ်တပ် တစ်ခုလည်း ရှိနေတယ်။
အရိုးခြောက်မျှော်စင်တွင် အထူးစွမ်းအား တစ်မျိုးမျိုး ရှိနေဟန်တူသည်။ ၎င်းသည် မှော်ပညာရှင်များ၏ ပစ်ကွင်းကို ကြီးကြီးမားမား တိုးမြင့်စေနိုင်ရုံသာမက ထပ်တိုး ကျိန်စာစွမ်းအားကလည်း အမှောင်နတ်မိစ္ဆာ မြင်းတပ်ဗိုလ်ခြေ၏ [ နတ်မိစ္ဆာ ] တိုးမြှင့်မှုကို အဆက်မပြတ် အားနည်းနေစေသည်။ မြင်းတပ်ကြီးအတွက် မှော်ခုခံမှုမှာ နဂိုကတည်းက အားနည်းချက်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ ကျိန်စာစွမ်းအားပါ ထပ်ပါလာသည့်အခါ သူတို့၏ စွမ်းအား ရုတ်တရက် လျော့ကျသွားသည်။ အနီးကပ်တိုက်ခိုက်သော မသေမျိုးများ၏ ဝိုင်းရံမှုကြောင့်လည်း အသေအကြေများ ချက်ချင်း များပြားလာ၏။
“ဟားဟားဟား။ တုန်လှုပ်ကြစမ်း။ မသိနားမလည်တဲ့ကောင်တွေ။ ဒီနေ့တိုက်ပွဲမှာ ဂူရာဒန်မန်မွန်ဆိုတဲ့ ငါ့ရဲ့နာမည်က နတ်ဆိုးဘုံသမိုင်းကြောင်းမှာ မှော်ကွန်းတင်ခံရမယ်။” အလယ်တွင်ရှိသော အရိုးခြောက်မျှော်စင်ရှိ ဝတ်ရုံနက်နှင့် မှော်ပညာရှင်က ကြက်သီးထစရာ ကောင်းလောက်အောင် အော်ရယ်လိုက်သည်။
ညွန့်ပေါင်းစစ်တပ်နှင့် အမှောင်စစ်တပ်မှ မျက်စိကြီးနားကြီးဖြစ်သော စစ်သည်များ အံ့အားသင့်သွားကြသည်။ ဂူရာဒန်မန်မွန်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀တုန်းက နာမည်အကြီးဆုံး မသေမျိုးမှော်ဆရာသခင်။ သူက မသေမျိုးမှော်ပညာကို ဖော်ပြလို့ မရတဲ့ အမြင့်တစ်ခုအထိကို တွန်းပို့ပေးခဲ့တယ်လို့ ပြောကြတယ်။ အဲဒါက လုံးဝသီးသန့် ပညာရပ်တစ်မျိုးနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ နောက်ပိုင်း သူ ပျောက်ကွယ်သွားခဲ့တယ်။ နှစ်၂၀၀၀ကြာပြီးတော့ သူက နတ်ဆိုးဘုံမှာ ပြန်ပေါ်လာမယ် မထင်ထားဘူး။ ပြီးတော့ သူက အမှောင်လဘက်မှာ ရှိနေတယ်။
ဒါကြောင့် အမှောင်လမှာ တစ်ခါမှ မကြားဖူးတဲ့ စွမ်းအားကြီး မသေမျိုးတွေ အများကြီး ရှိနေတာကိုး။
အိုဆိုင်ဒန်၏မျက်နှာက ပို၍ပင် မည်းမှောင်သွားသည်။ ဒီလိုမျိုးထူးချွန်တဲ့သူက ငါ့ကို အစွမ်းထက်တဲ့ ရီဂျန့်ကို မရွေးချယ်ဘဲနဲ့ ဘာလို့ ရှီရာလို အားနည်းတဲ့ ကောင်မလေးကို ရွေးချယ်ခဲ့တာလဲ။
မူလက ရပ်တန့်၍မရသော မြားပုံစံအခင်းအကျင်းက အဆက်မပြတ် အားနည်းပြီး နှေးကွေးသွားသည်။ အရိုးခြောက်မျှော်စင်ကို ဖျက်ဆီးရမည်ဖြစ်ကြောင်း လောင်ဒို သိသည်။ သို့သော်လည်း အရိုးခြောက်မျှော်စင်များမှာ ဝေးလွန်းနေသည်။ မျှော်စင်များ အရှေ့တွင် အရိုးခြောက်ပင်လယ်တစ်ခု ရှိနေသည်။ ထို့ပြင် အမှောင်နတ်မိစ္ဆာ မြင်းတပ် ဗိုလ်ခြေ၏ လက်ရှိစွမ်းအားနှင့် အခြေအနေကလည်း အကောင်းဆုံး ဟုတ်မနေပေ။ အကောင်းဆုံး ဖြစ်သည့်တိုင် သူတို့က အရိုးခြောက်ပင်လယ်ကို ဖောက်ဝင်ပြီး အရိုးခြောက်မျှော်စင်များသို့ တစ်ခါတည်း ရောက်ရှိရန် မဖြစ်နိုင်ပေ။
ပထမ ညွန့်ပေါင်းဗိုလ်ခြေ အခင်းအကျင်းက အချိန်မီ တုံ့ပြန်သည်။ မှော်ပညာရှင်များက ဗိုလ်ခြေတပ်မှူး ဝယ်လ်စပန်၏ အမိန့်အောက်၌ စတင် တိုက်ခိုက်သည်။ ထိုမှော်ပညာရှင်များ၏ စွမ်းအားနှင့် အရအတွက်မှာ အရိုးခြောက် မှော်ပညာရှင်များထက် အနည်းငယ် သာလွန်သည်။ အရိုးခြောက်မှော်ပညာရှင်များက ထိုဟာကွက်ကို ဖြည့်တင်းရန်အတွက် အရိုးခြောက်မျှော်စင်၏ အထူးသက်ရောက်မှုများကို အသုံးချသော်လည်း မှော်ပညာရှင်များ၏ တိုက်စစ်နှင့် ခံစစ် မှော်ပညာအမျိုးမျိုး အသုံးပြုရာ၌ မယှဉ်နိုင်ပေ။ သူတို့က ပူးပေါင်းဆောင်ရွက်ရာ၌ ပို၍ပင် မယှဉ်နိုင်ပေ။ မှော်ပညာအတူတူ တစ်ခုတည်းကို ပူးပေါင်း မန်းမှုတ်ကြလျှင် ၁ နှင့် ၁ ပေါင်းခြင်းထက် ပိုများသည့် အဆတိုးပွားသော သက်ရောက်မှုတစ်ခု ထုတ်ပေးနိုင်သည်။ အထူးသဖြင့် အုပ်စုဖွဲ့တိုက်ခိုက်မှု မှော်ပညာဖြစ်သော [ ဥက္ကာပျံမိုး ] သည် မသေမျိုးများကို ကြီးကြီးမားမား ထိခိုက်စေခဲ့သည်။
မြေပြင်ပေါ်၌ မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေသော်လည်း လေတိုက်ပွဲ၌ မသေမျိုးများ၏ အသာစီးရရှိမှုမှာ သိသာလှပေသည်။ နဂါးစီးနင်းသူ ဗိုလ်ခြေကို ဖိနှိပ်ထားနိုင်ပြီး အထူးသဖြင့် အရိုးခြောက်နဂါးနှင့် အထိတ်တလန့် စစ်သည်တို့က ပြိုင်ဘက်ကင်းနေသည်။ နဂါးစီးနင်းသူဗိုလ်ခြေ ခေါင်းဆောင် ဆယ်လ်ဂါက အသည်းအသန် မတိုက်ခိုက်နေခဲ့လျှင် ဗိုလ်ခြေတစ်ခုလုံး ရှုံးနိမ့်နေလောက်မည် ဖြစ်သည်။ နဂါးစီးနင်းသူဗိုလ်ခြေ ဖျက်ဆီးခံရသည်နှင့် မသေမျိုးလေတပ်ဗိုလ်ခြေက မြေပြင်မှ မှော်ပညာရှင်ဗိုလ်ခြေနှင့် မြင်းတပ်အတွက် အိပ်မက်ဆိုး ဖြစ်သွားပေမည်။
ထိုအချိန်၌ မြို့တော်ညွန့်ပေါင်းစစ်တပ် အပေါ်ဘက်တွင် အလွန်ကြီးမားသော ပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်။ သူတို့က တောင်ပံခတ်ပြီး ဆယ်လ်ဂါအား ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့်လိုက်နေသော စိတ်ဝိညာဉ်နဂါး အရှေ့သို့ ရောက်လာသည်။
အလွန်ကြီးမားသော အရိပ်နှစ်ခု ပေါ်ထွက်လာခြင်းက အမှောင်လစစ်တပ်ထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ဧရာမနဂါးတွေ။ ပြီးတော့ သူတို့က မြို့တော်စစ်တပ် ဘက်ကနေလာတာ။
အရင်တိုက်ပွဲတွေမှာ အဆိပ်နဂါး ပါ့ဂ်လီအိုနဲ့ နဂါးနက် အိုလီဖီးရက်စ်တို့က အတော်လေး အရေးပါခဲ့တယ်။ သူတို့က အမှောင်လစစ်တပ်ရဲ့ အကြီးမားဆုံး မှီခိုအားထားရာပဲ။ မြို့တော်မှာလည်း နဂါးတွေ ရှိနေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
မြို့တော် ညွန့်ပေါင်းစစ်တပ်၏ စိတ်ဓာတ်ရေးရာ အတော်လေး တိုးမြင့်သွားသည်။ စစ်တပ်ထဲ၌ အမိန့်များ ပြန်ကြားပေးရေးနှင့် စောင့်ကြည့်ရေးကို တာဝန်ယူထားရသော ဂျို့ရှ်က အသာလေး မျက်မှောင်ကြုတ်လိုက်သည်။ ထိုဧရာမနဂါးနှစ်ကောင် အကြောင်းကို သူပင် မသိပေ။ အိုဆိုင်ဒန်က သူ၏ “အယုံကြည်ရဆုံး”သူကိုပင် အတော်လေး သတိထားနေပုံ ရသည်။
အကောင်ကြီးကြီးသည် လေဒြပ်စင် ပိုင်နိုင်သော နဂါးပြာ ဖြစ်ပြီး အတော်လေး ပိန်ပါးကာ အားနည်းသူမှာ နဂါးနက် ဖြစ်သည်။ ဧရာမ နဂါးနှစ်ကောင်က စစ်မြေပြင်ပေါ်သို့ ပျံသန်းလာပြီး အရိုးခြောက်များဖြင့် ပြုလုပ်ထားသော စိတ်ဝိညာဉ်နဂါးကို စိုက်ကြည့်နေလိုက်သည်။
“အတင့်ရဲလိုက်တဲ့ မသေမျိုး။ ခွင့်လွှတ်လို့မရတဲ့ ချိုးဖောက်သူပဲ။ မင်းက တကယ်ကြီး ဧရာမနဂါးတစ်ကောင်ရဲ့ မြင့်မြတ်တဲ့ အလောင်းကို ဒီလိုရွံစရာကောင်းတဲ့ မကောင်းဆိုးဝါးဖြစ်အောင် ဖန်တီးခဲ့တယ်။” နဂါးပြာထံမှ အားကောင်းသော ယောက်ျား အသံတစ်သံ ထွက်လာသည်။ “အခု ငါ ကြေညာတယ်။ မင်းနဲ့ မင်းရဲ့ဖန်တီးရှင်ရဲ့ အသက်ကို ..... ”
“အပိုတွေ ပြောမနေနဲ့။ တော်လိုက်တော့။” နဂါးနက်က စူးရှသော အမျိုးသမီးအသံဖြင့် ပြောလိုက်သည်။
နဂါးပြာက ချက်ချင်း စကားမပြောတော့ဘဲ အပြာရင့်ရောင် နဂါးအာငွေ့တစ်ခုကို စိတ်ဝိညာဉ်နဂါးထံ မှုတ်ထုတ်လိုက်သည်။ အထိတ်တလန့် စစ်သည်က လက်ကို ဝှေ့ရမ်းလိုက်ရာ လေဟာနယ် အားစက်ကွင်းတစ်ခု ပေါ်လာသည်။ ထိုအားစက်ကွင်းကြောင့် လျင်မြန်လှသော နဂါးအားငွေ့က ရုတ်တရက် နှေးကွေးသွား၏။ သို့သော်လည်း ထိုနဂါးအာငွေ့က မိုးကြိုးအငွေ့အသက်ကို သယ်ဆောင်ထားရုံသာမက မြောက်မြားလှစွာသော ဒဏ္ဍာရီလာအဆင့် လက်နက်များ ကဲ့သို့ပင် အားစက်ကွင်းကို အားကောင်းပြီး ထက်မြက်သော ချီစွမ်းအင်ဖြင့် အပိုင်းပိုင်း ခုတ်ပိုင်းလိုက်လေသည်။ အထိတ်တလန့်စစ်သည်က လက်နှစ်ဖက်ကိုသုံးပြီး အားစက်ကွင်းထဲမှ ကွက်လပ်များကို အဆက်မပြတ် ဖြည့်နေရသည်။ နောက်ဆုံး၌ ၎င်းက နဂါးအာငွေ့၏ ထိကိုင်မရေသော စွမ်းအားကို ဖယ်ရှားလိုက်နိုင်သည်။ သို့သော်လည်း စိတ်ဝိညာဉ်နဂါး၏ ခန္ဓာကိုယ် တစ်ခုလုံးက ကြီးမားလှသော အငွေ့အသက်ကြောင့် နောက်သို့ ၁၀မီတာကျော် ဆုတ်သွားခဲ့ရသည်။
“ဟမ့်။ အတော်လေး အစွမ်းထက်တာပဲ။ နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း အထိတ်တလန့် စစ်သည်ကို ဆာ-ဒန်နီရယ် အခုမှတွေ့ဖူးတယ်။ ကံဆိုးချင်တော့ အဲဒီရွံစရာ မသေမျိုး အငွေ့အသက်က...” နဂါးပြာက အတောမသတ်နိုင်အောင် စကားပြော နေသော်လည်း နဂါးနက်မ၏ ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်သည်ကို ခံလိုက်ရသည်။ နဂါးပြာက စကားဆက်မပြောရဲတော့ဘဲ ယခင်ကထက် ပို၍ပင် အစွမ်းထက်သော နဂါးအာငွေ့ကို မှုတ်ထုတ်လိုက်သည်။
အစိမ်းရောင်စွမ်းအင် အမျှင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး အပြာရောင် အငွေ့အသက်ထံသို့ အမြန်ရောက်လာသည်။ အစိမ်းရောင်စွမ်းအင်က အပြာရောင် အငွေ့အသက်ထဲရှိ ထက်မြက်သော ချီစွမ်းအင်ကြောင့် အလျင်အမြန် ကွဲထွက်သွားသော်လည်း အစိမ်းရောင်စွမ်းအင်ထဲမှ ထူးဆန်းသောမြူနှင်းကြောင့် အပြာရောင် အငွေ့အသက်က တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
“ဒန်နီရယ်..” စိတ်ဝိညာဉ်နဂါးအရှေ့၌ အလွန်ကြီးမားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ချပ်ကာအနက်ရောင် ဝတ်ထားသော အညိုရောင် ဧရာမနဂါး ဖြစ်သည်။
“ပါ့ဂ်လီအို။ တကယ် မင်းပဲကိုး။” နဂါးပြာ၏ ဒေါင်လိုက်မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားပြီး အပြင်းအထန် ပြောလိုက်သည်။ “အမှောင်လက အဆိပ်နဂါး တစ်ကောင် ရှာတွေ့ထားတယ်လို့ ဒီစ်ဂျာရိုဆီကနေ ငါကြားတယ်။ အဲဒါက သတ္တိနည်းပြီးတော့ စက်ဆုပ်စရာကောင်းတဲ့ မျိုးမစစ်ကောင် မင်းဆိုတာကို ငါသိသားပဲ။ မင်းက ငါ့ရဲ့ကြီးမားတဲ့စွမ်းအားကို ကြောက်နေပြီးတော့ နှစ်၂၀၀၀ ပျောက်သွားတယ်။ လက်စသတ်တော့ မင်းက ဒီမှာ ပုန်းနေတာကိုး။ အခု ငါတို့ အရင်ကိစ္စတွေကို စာရင်းရှင်းလို့ရပြီ။”
“ငါက မင်းဆီကနေ ပုန်းနေတယ် ဟုတ်လား။ မင်းက မျက်နှာကို ဖင်လိုမျိုး လုပ်နေတာပဲ။ ဟမ့်...” ပါ့ဂ်လီအို အော်ပြောလိုက်သည်။ “မင်းလိုငတုံးက ငါနဲ့ အရင်က ကိစ္စတွေကို စာရင်းရှင်းချင်တာလား။ အဲဒီတုန်းက ငါ ရာနိုင်းရီ၏ ကျောက်မျက်တွေကို ဆုပ်ကိုင်လိုက်တုန်းက မင်း အပေးအယူ လုပ်ချင်တာလေ။ မင်း အရိုက်ခံရသင့်တယ်။”
“ကြယ်မှုန်မျက်လုံးကို ငါအရင်တွေ့ခဲ့တာ။” နဂါးပြာ ဟိန်းဟောက်လိုက်သည်။ “ဒီအကြောင်း မပြောကြရအောင်။ ရာနိုင်းရီကို မင်း သတ်ခဲ့တယ် မဟုတ်လား။ သူနဲ့ငါက နဂါးပြာရဲ့ မျိုးဆက်တွေပဲ။ တကယ်လို့ ကြယ်မှုန်မျက်လုံးနဲ့ ရာနိုင်းရီရဲ့ ရတနာတစ်ဝက် ငါ့ကို ပေးမယ်ဆိုရင် အရင်က ကိစ္စတွေကို ကြေအေးပေးမယ်။”
“အဲဒီတုန်းက မင်းနဲ့ ရာနိုင်းနီ သူသေကိုယ်သေ တိုက်ခိုက်တုန်းက မင်းတို့မှာ နဂါးပြော သွေးမျိုးဆက်ရှိတယ်လို့ ဘာလို့ မပြောခဲ့တာလဲ။ သူ့ကို သတ်ဖို့ ငါမင်းကို ကူညီပေးခဲ့တာ။ အဲဒါကြောင့် မင်းငါ့ကို ကျေးဇူးတင်သင့်တယ်။ မင်းက ငါ့ကို အကျိုးအမြတ်တွေ တောင်းရဲသေးတာလား။” အဆိပ်နဂါးက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “မင်းရဲ့ ရွံစရာအတွေးတွေကို ငါမသိဘူး ထင်မနေနဲ့။ မင်းက ဒီရိုဆီကနေ အကျိုးအမြတ်တွေရထားလို့ ဒီကိုရောက်လာတာ ဖြစ်ရမယ်။ တကယ်လို့ မင်းက အရင်ကိစ္စတွေကို တကယ်စာရင်းရှင်းချင်ရင် ငါ့ကို ချက်ချင်း အလစ်တိုက်ခိုက်မှာပဲ။”
နဂါးနှစ်ကောင်၏အသံက တဖြည်းဖြည်း ပိုကျယ်သထက်ကျယ်လာပြီး အချင်းချင်း ပါးစပ်နှင့် တိုက်ခိုက်ကြတော့မလို ဖြစ်နေကာ စစ်မြေပြင်တစ်ခုလုံးမှ တိုက်ခိုက်သံများကို လွှမ်းမိုးသွားခဲ့သည်။
“တော်တော့..... တောင်ပံရှည်နဲ့ ကောင်နှစ်ကောင်။” နဂါးနက်က နောက်ဆုံး၌ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ပြောလိုက်သည်။ “အဲဒီတုန်းက ကိစ္စကို မေ့လိုက်တော့။ နဂါးအရိုးနဲ့ လုပ်ထားတဲ့ ဒီအကျည်းတန်စရာ မသေမျိုးက ဘာလဲ။ ရှင် ကျွန်မကို သေသေချာချာ မရှင်းပြဘူးဆိုရင် ဒီနေ့ ရှင့်ကို အလွတ်မပေးနိုင်ဘူး။”