စိတ်ဝင်စားစရာကောင်းလာသော တိုက်ပွဲများ
Vol. 36 Ch. 543
“ငါ သေသေချာချာ ရှင်းပြရန် မင်းအလွတ်ပေးမှာလား။ ငါ့ကို ဥပေါက်ခါစ ထင်နေတာလား ကောင်မလေး။” ပါ့ဂ်လီအိုက ရွံစရာကောင်းအောင် ပြုံးလိုက်သည်။ “မင်းကို ငါ သိတယ်။ မင်းက နဂါးကျွန်းရဲ့ ဘာသွေးမျိုးဆက်ဆိုလားရဲ့ အကြီးဆုံး မိန်းကလေး မဟုတ်လား။ ငါ့ကိုဖိနှိပ်ဖို့ နဂါးကျွန်းရဲ့ အဲဒီအဓိပ္ပာယ်မရှိတဲ့ စည်းမျဉ်းတွေ မသုံးနဲ့။ ငါက လျှောက်သွားနေတဲ့ အထီးကျန် တစ်ကိုယ်တော်သမားပဲ။ အဲဒါတွေကို ငါ လိုက်နာမှာ မဟုတ်ဘူး။ ဒီအရိုးခြောက်က ငါ့ရန်သူရဲ့ဟာပဲ။ ငါသူ့ကို အစေခံ လုပ်လိုက်တာ။ ဒီလိုရှင်းပြတော့ ဘယ်လိုလဲ။ အပိုတွေ ပြောမနေနဲ့တော့။ ဒီတိုက်ပွဲမှာ ဝင်ပါချင်တယ်ဆိုရင် လက်သီးနဲ့ပဲ စကားပြောတော့။”
ထိုနဂါးကျွန်းမှ မိန်းကလေးက သူ့ကိုမိသွားသည့်အတွက် စိတ်ဝိညာဉ်နဂါးမှာ ဝမ်းနည်းဖွယ် အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း ပါ့ဂ်လီအိုသိသော်လည်း နဂါး နှစ်ကောင်က မကောင်းသော အကြံများဖြင့် ရောက်လာခြင်း ဖြစ်သည်။ ထို့ပြင် သူ၏ ရန်သူဟောင်းလည်း ရောက်လာသည့်အတိုင် သေချာပေါက် တိုက်ခိုက်ရပေမည်။ စိတ်ဝိညာဉ်နဂါး၏ အရင်းအမြစ်မှာ ချန်လွေ့ထံမှ ဖြစ်သည်။ ထို့ကြောင့် သူက ကိစ္စတစ်ခုလုံးကို ခေါင်းခံလိုက်၏။
“သိပ်ကောင်းတယ်။” နဂါးနက်၏ စူးရှသောအသံသည် အတော်လေး ဆိုးဝါးနေပြီး ၎င်း၏ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်လိုက်သည်။
“မိန်းမ။ ဒေါသမထွက်ပါနဲ့။ ဒီကောင့်ကို ကိုယ့်တာဝန် ထားလိုက်ပါ။” နဂါးပြာ ဒန်နီရယ်က အံကြိတ်ပြီး ပြောသည်။ “ဒီတစ်ကိုယ်လုံး အညိုရောင်နဲ့ ဦးနှောက်မရှိတဲ့ ကောင်ကို နဂါးထွင်းစာရဲ့ မှော်ပညာ မြည်းခိုင်းလိုက်မယ်။ မင်း စိတ်ကောက်နေသေးရင် ဘေးကနေ အလစ်တိုက်လို့ရတယ်။ သူ့ကို အတူတူ ရိုက်ကြတာပေါ့။”
ထိုနဂါးပြာမှာ အတော်လေး အရှက်မဲ့လှသည်။ အပေါ်ယံ၌ သူက တစ်ယောက်ချင်း အကြံပြုနေဟန်တူသော်လည်း အမှန်တကယ်၌ နှစ်ယောက် တစ်ယောက် ဖြစ်သည်။ နဂါးနက်က မလှုပ်ရှားသည့်တိုင် ပါ့ဂ်လီအိုအပေါ်၌ စိတ်ပိုင်းဆိုင်ရာဖိအား အတော်လေး ဖြစ်စေပြီးနောက် သူအနိုင်ရနိုင်ချေ ပိုများပေလိမ့်မည်။
အဆိပ်နဂါးမှာ အစွမ်းထက်ပြီး အနီးကပ်တိုက်ခိုက်ရာ၌ထူးချွန်ကာ အဆိပ်ပြင်းသည်။ သလင်းကျောက်နဂါး၏ ခန္ဓာအမျိုးအစားသည်ပင် သူ့ကို မခုခံနိုင်ပေ။ သို့သော်လည်း သူက မှော်ပညာ၌ အားနည်းသည်။ သူက ခွန်အားနည်းသော နဂါးနက် တစ်ကောင်ကို ရင်ဆိုင်ရလျှင် အသာစီးရနိုင်သော်လည်း လေဒြပ်စင်စွမ်းအားဖြင့် မွေးဖွားလာသော နဂါးပြာကို ရင်ဆိုင်ရသည့်အခါ များစွာ နိမ့်ကျနေပေလိမ့်မည်။ ထို့အပြင် ဒန်နီရယ်က နဂါးထွင်းစာ၌လည်း ကျွမ်းကျင်သည်။
ထိုဧရာမနဂါးနှစ်ကောင်မှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းများ ဖြစ်ကြကြောင်း ပါ့ဂ်လီအို သိသည်။ ယခင်က ဒန်နီရယ်၏စွမ်းအားသည် သူ့ကို ယှဉ်နိုင်ခဲ့သည်။ စွမ်းအားတူသော နဂါးနက်ကိုပါ ထည့်ပေါင်းလိုက်လျှင် သူက ပြိုင်ဘက် လုံးဝ မဟုတ်တော့ပေ။
သို့ရာတွင် ဆရာသခင် အဆိပ်နဂါးက ဉာဏ်များပြီး အရှက်မဲ့သော ထူးခြားတဲ့ စရိုက်လက္ခဏာ ရှိသည်။ သူက မျက်လုံးလှန်ပြီး ယခင်အဖြစ်အပျက်တစ်ခုကို ရုတ်တရက် တွေးမိလိုက်ကာ အကြံတစ်ခုရသွားသည်။
“ဒန်နီရယ်။ မင်းက ဟိုတုန်းက အဲဒီမိန်းမကို မလိုက်နိုင်လို့ ဒီ နဂါးကျွန်းရဲ့ ကောင်မလေးကို ရွေးခဲ့တာလား။” ပါ့ဂ်လီအိုက စားမြုံ့ပြန်နေလိုက်သည်။
“အရင်တုန်းက ရှင်လိုက်ခဲ့တဲ့ မိန်းမ ဟုတ်လား။” မစ်-နဂါးနက်က ချက်ချင်းပင် သေချာနားထောင်နေလိုက်ပြီး စိတ်ဝိညာဉ်နဂါး အကြောင်းကိုပင် မေ့လျော့သွားခဲ့သည်။ နဂါးပြာထံသို့ စိုက်ကြည့်နေသော မျက်လုံးနှစ်လုံး ရောက်ရှိလာ၏။
အဆိပ်နဂါးက ကိစ္စဟောင်းကို ပြန်ဖော်လိမ့်မည်ဟု ဒန်နီရယ် မထင်မှတ်ထားခဲ့ပေ။ သူ၏ မဒမ်ဇနီးထံမှ စူးရှသောအကြည့်ကို ခံစားမိသည့်အခါ သူ၏အရှိန်အဟုန် တစ်ဝက် မှေးမှိန်သွားသည်။ နဂါးပြာ၏ လေဒြပ်စင် မှော်ပညာက အစွမ်းထက်သော်လည်း နဂါးနက်မှာ မှော်ပညာ၏ ဝိပါက် ဖြစ်သည်။ ၎င်းမှာ မိသားစု၏ အခြေအနေ မညီမျှရသည့် အဓိကအကြောင်းရင်း ဖြစ်သည်။
ဆရာသခင် အဆိပ်နဂါးက ဒရာမာတစ်ခု ဖြစ်လာတော့မည်ကို မြင်သည့်အတွက် အခြေအနေဆိုးအောင် ဆက်လက်ပြုလုပ်သည်။ “မှတ်မိသလောက်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ တုန်းက ဒန်နီရယ်က လှပတဲ့ နဂါးမတစ်ကောင်တဲ့ ကြွေသွားခဲ့တယ်။ သူက ဖွင့်ပြောခဲ့ပေမဲ့ သေလုနီးပါး ဖြစ်သွားခဲ့တယ် ...... ”
ဒန်နီရယ်က အလောတကြီးနှင့် ပါ့ဂ်လီအိုကို တားလိုက်သည်။ “ပေါက်ကရတွေ။ အဲလိုတွေ မရှိဘူး။ အဲဒီအရူးမက ငါ့ကို ကြွေနေတာ သေချာတယ်။ ငါက သူ့ရဲ့ အရှုပ်အယှက်ကနေ ထွက်ပြေးချင်ခဲ့ရုံပါ။”
ထိုပြောမပြီးသေးခင်မှာပင် ရှေ့တွင် ထူးဆန်းသော မှော်စွမ်းအား မတည်ငြိမ်မှု တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းမှာ အလွန်အားကောင်းလှပြီး စစ်မြေပြင်မှလူတိုင်းက ၎င်းကို ခံစားမိလိုက်သည်။ အိုဆိုင်ဒန် အပါအဝင် ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်အားလုံး အံ့အားသင့် သွားကြသည်။ မှော်ပညာပြီးသော နဂါးနက်သည်ပင် သတိထားသော အမူအရာ ပြသလိုက်သည်။
အပြာရောင်ဂါဝန်ရှည်နှင့် မျက်မှန် ဝတ်ထားသော အမျိုးသမီးတစ်ယောက်က ဧရာမ နဂါးသုံးကောင်အရှေ့တွင် ပေါ်ထွက်လာသည်။ ထိုအမျိုးသမီးက သွယ်လျပြီး ခရမ်းရောင် ဆံပင်ရှည်ကို ကျက်သရေရှိသော နောက်စေ့ကပ် ဆံထုံးအဖြစ် စည်းထား၏။ သူက မျက်မှန်တစ်လက်ကိုပင် ဝတ်ထားပြီး အသိဉာဏ်ပညာနှင့် မယုံနိုင်စရာ အလှတရားတို့ ပြည့်နှက်နေလေသည်။
နဂါးပြာ ဒန်နီရယ်က ထိုမိန်းမလှကို မြင်သည့်အခါ မျက်လုံးများ ပြုတ်ထွက်မတတ် ဖြစ်သွားခဲ့ပြီး ချိုသာသော်လည်း ကြောက်စရာကောင်းသော အသံတစ်သံကို ကြားလိုက်ရသည်။ “အရူးမ ဟုတ်လား။ ရှင့်ကို ကြွေနေတယ် ဟုတ်လား။”
ထိုမိန်းမကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု ဒန်နီရယ် လုံးဝ မထင်ထားခဲ့ဘဲ သူ နောင်တရသွားသည်။ သူနှင့် ပါ့ဂ်လီအိုတို့က ထိုစဉ်က ရန်သူများ ဖြစ်ခဲ့ကြသော်လည်း တိုက်ခိုက်မှုများကြောင့် အချင်းချင်းသိသွားကြပြီး အပြန်အလှန် နားလည်မှုများ ရှိခဲ့သည်။ သူတို့က အချင်းချင်း အတော်လေး ရင်းနှီးသည်။ အဲဒီခွေးကောင် အဆိပ်နဂါးက ဘာလို့ ပုံမှန်အတိုင်း “အရူးမ” လို့ မသုံးဘဲ “လှပတဲ့နဂါးမ”လို့ သုံးရတာလဲဆိုတာက အခု ငါ သဘောပေါက်သွားပြီ။
ဒီကောင်က ဦးနှောက်မရှိဘူးလို့တောင် ခုနက ငါ ပြောခဲ့တယ်။ သူက အသေအချာကို အဆိပ်ပြင်းတဲ့ လှည့်ကွက်တွေ ပြည့်နှက်နေတာပဲ။
“ဒန်နီရယ်။ သူက ဘယ်သူလဲ။” နဂါးနက်၏အသံ ရုတ်တရက် ကျယ်သွားသည်။ သူ့ကို ပြင်းထန်သော အန္တရာယ်ခံစားချက် ဖြစ်စေသော ထိုရင်သပ်ရှုမောဖွယ် အမျိုးသမီးတွင်လည်း နဂါးအငွေ့အသက် ရှိနေသည်။ သူက လူသားအသွင်သို့ ပြောင်းလဲလိုက်သည့်တိုင် ထိုအမျိုးသမီး၏ အလှတရားကို မယှဉ်နိုင်ပေ။
“ဂျူလီယာ။ ကိုယ်ရှင်းပြတာကို နားထောင်ပေးပါ .... ”
နဂါးပြာ၏ ဖြေရှင်းချက် စသည်နှင့် မျက်မှန်နှင့် အမျိုးသမီးလက်ထဲတွင် မှော်ကြိမ်လုံး တစ်ချောင်းကို မြင်လိုက်ရသည်။ ထို့နောက် နေရာလွတ်ထဲ၌ ထူးဆန်းသော ယိုယွင်းမှုတစ်ခု ဖြစ်လာပြီး ချက်ချင်းပင် နဂါးပြာ၊ နဂါးနက်နှင့် အမျိုးသမီးတို့ ပျောက်ကွယ်သွားတော့သည်။
ဆရာသခင် အဆိပ်နဂါးက တိတ်တိတ်လေး ပျော်ရွှင်သွားရင်း တဒိတ်ဒိတ် ခုန်နေသော နှလုံးသားကို တိတ်တဆိတ် ပုတ်လိုက်သည်။ ခုနက ငါ ဉာဏ်ကောင်းသွားလို့ တော်သေးတာပေါ့။ မဟုတ်ရင် အဲဒီအရူးမက ငါ့ဒီ ဒီအရှုပ်ထုတ်ထဲ ခေါ်သွားလောက်မှာ။ နဂါးနက်၏ ခန္ဓာအမျိုးအစားက ထူးခြားပေမဲ့ ဒီအရူးမနဲ့ ရင်ဆိုင်ရတဲ့အခါ ဒဏ်ရာ အပြင်းအထန် ရလောက်တယ်။
မြို့တော်စစ်တပ်မှ အိုဆိုင်ဒန်၏မျက်နှာ အတော်လေး မကြည်မသာ ဖြစ်သွားသည်။ အဲဒီမိန်းမက အမှောင်လဘက်ကဆိုတာ အသေချာပဲ။ ခုနက ကြောက်စရာကောင်းတဲ့ မတည်ငြိမ်မှုမရတော့ ငါတောင် သူ့ရဲ့ပြိုင်ဘက် မဟုတ်လောက်ဘူး။ ငါ ပိုက်ဆံအများကြီး ပေးပြီးတော့ ငှားထားခဲ့တဲ့ အစွမ်းအထက်ဆုံး စစ်ကူနှစ်ယောက်ကို လျို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးက တကယ်ကြီး “ဖယ်ထုတ်”လိုက်တယ်။
အောက်မှ သိပ်သည်းသော ရန်သူကိုကြည့်ရင်း အဆိပ်နဂါး၏ မျက်လုံးထဲ၌ ပြင်းထန်သော သတ်ဖြတ်ချင်စိတ် ပေါ်ထွက်လာပြီး နဂါးအာငွေ့များ မှုတ်ထုတ်လိုက်၏။ ထိုနဂါးအားငွေ့များတွင် အဆိပ်ပြင်းသော မြူများပါဝင်ပြီး လရောင်ခံတပ်တိုက်ပွဲ၌ မြို့တော်စစ်သည်များ ထောင်သောင်းချီကို သတ်ပစ်ခဲ့လေသည်။
မှော်ပညာရှင်ဗိုလ်ခြေတပ်မှူး ဝယ်လ်စပန်က လေထဲမှ ဧရာမနဂါးကို အာရုံစိုက်နေခဲ့သည်။ သူက မှော်ပညာရှင်များကို စစ်တပ်အခင်းအကျင်းအပေါ်၌ အကာအကွယ်မှော်နှင့် အရည်လဲ့သော အကာအကွယ်ဒိုင်းအလွှာများကို အသက်သွင်းရန် ချက်ချင်း ပူးပေါင်းဆောင်ရွက်ခိုင်းသည်။ အဆိပ်ပြင်းသော နဂါးအာငွေ့က အကာအကွယ် ဒိုင်းကာကို တိုက်စားသွားသော်လည်း အောက်ဘက်တွင် ဒိုင်းကာ၏ မှော်စွမ်းအားကို အဆက်မပြတ် ပြန်ဖြည့်ပေးနေသော မှော်ပညာရှင် အများအပြား ရှိနေသည်။ နောက်ဆုံး၌ သူတို့က နဂါးအာငွေ့များ တဖြည်းဖြည်း ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။
သို့သော် ပါ့ဂ်လီအို၏ နဂါးအာငွေ့များ အလွန်ပင် ပြန့်ကျဲသွားခဲ့သည်။ မှော်ပညာရှင်များက သူတို့အပေါ်မှ နေရာကိုပင် ကာကွယ်နိုင်ခဲ့သည်။ မှော်ဒိုင်းကာ အပြင်ဘက်မှ စစ်သည်များ သိပ်ပြီး ကံမကောင်းခဲ့ကြပေ။ အစိမ်းရောင်အငွေ့က သေခြင်းသို့ ဆွဲခေါ်သော အမှတ်အသားတစ်ခု ဖြစ်သွားခဲ့သည်။ ရှောင်တိမ်းရန် အချိန်မရသော မရေမတွက်နိုင်သည့် စစ်သည်များက ကြောက်မက်ဖွယ်ရာ အဆိပ်ကြောင့် ပြာအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ ထိုကဲ့သို့ တိုက်ပွဲအခြေအနေမျိုး၌ အဆိပ်နဂါး၏ သေစေနိုင်မှုကို မည်သည့် နဂါးကမှ မယှဉ်နိုင်ကြောင်း သက်သေပင် ဖြစ်သည်။ ပထမ ညွန့်ပေါင်းဗိုလ်ခြေ၏ ဘေးနှစ်ဖက်မှ အခင်းအကျင်းသည် ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားတော့သည်။
အဆိပ်နဂါးက အကြီးအကျယ် ပျက်စီးအောင် ဆက်လုပ် ပြုလုပ်တော့မည် ပြင်လိုက်စဉ် သူ၏အရှေ့၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုပုံရိပ်ကို သေသေချာချာ မမြင်ရခင်မှာပင် အလွန်ကြီးမားသော [ မိုးကြိုးစက်လုံး ] များက ပါ့ဂ်လီအိုထံ ပျံသန်းလာသည်။ ပါ့ဂ်လီ ရှောင်တိမ်းလိုက်ပြီးနောက် လူသားအသွင်သို့ ပြန်ပြောင်းလိုက်သည်။ သူက လက်နှစ်ဖက်ဖြင့် အဆက်မပြတ် ထိုးနှက်လိုက်ရာ ၎င်းက သူ့ကို မချဉ်းကပ်မီ လေထဲမှာပင် လုံးဝ ကြေမွသွားခဲ့သည်။ ထိုပုံရိပ်က မျက်နှာ အိုမင်းနေသော ဆံပင်အဖြူနှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ထိုသူမှာ ယခင်တစ်ခေါက် ဒီကိုမြို့၌ ပြိုင်ဘက်ဟောင်းဖြစ်ခဲ့သော လော့ဒ်-သန်းခေါင်နေ၏ လက်အောက်ရှိ နံပါတ်(၁) မှော်ပညာရှင်ဖြစ်သူ စတေလာ ဖြစ်သည်။
စတေလာနှင့် ကိုဝင်တို့ကို မှော်ပညာအပေါ် အမြဲပင် အတော်လေး စိတ်ကြီးဝင်ကြသော အကြီးအကဲမိသားစု၌ အစွမ်းအထက်ဆုံး နှစ်ယောက် အဖြစ် သိကြသည်။ သို့သော်လည်း မျက်မှန်နှင့် မိန်းမလှ ပေါ်ထွက်လာခြင်းက စတေလာကို အတော်လေး ထိတ်လန့်သွားစေခဲ့သည်။ ပင်လယ်၏ ကျယ်ပြန့်မှုကို ထုတ်လွှတ်ခဲ့သော မှော်စွမ်းအား မတည်ငြိမ်မှုကပင် စတေလာပင် သေးငယ်သလို ခံစားသွားရစေသည်။ ပညာရှင်တစ်ယောက် ဖြစ်သည့်အလျောက် သူတို့ ပျောက်ကွယ်သွားခြင်းမှာ ပျောက်ဆုံးသွားခဲ့သော နေရာလွတ်မှော်ပညာ ဖြစ်ကြောင်း သေချာနေသည်။ ထို့ပြင် ထိုလုပ်ရပ်က လုံးဝ သဘာဝကျသည်။ ထိုအမျိုးသမီးက ဒြပ်စင်နှင့် မှော်ပညာ၏ အရင်းအမြစ်သဖွယ် ဖြစ်နေပြီး သဲလွန်စ လုံးဝမရှိခဲ့ပေ။
ထိုအမျိုးသမီး၏ နည်းလမ်းများကို ထပ်ပြီးမမြင်ခဲ့ရသည့်အတွက် စတေလာ နောင်တရသော်လည်း သူက ရန်သူမဟုတ်သည့်အတွက်လည်း ဝမ်းသာနေမိသည်။ သူ့အရှေ့မှ အဆိပ်နဂါးသည်လည်း အလွန်စွမ်းအားကြီးသော ရန်သူတစ်ယောက် ဖြစ်သည်။ တစ်ဦးချင်းတိုက်ခိုက်ရာ၌ အနိုင်ရရန် ခက်ခဲသော်လည်း အချိန်ဆွဲရန် အတွက်သာဆိုလျှင် လွယ်ကူပေသည်။
ထို့ပြင် သူက တစ်ယောက်တည်း မဟုတ်ပေ။
ပါ့ဂ်လီအို၏ နောက်ဘက်၌ ပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်။ ဘာရိုကိုနှင့် ဒီစ်ဂျာရို တို့သည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းများ ဖြစ်ကြသည်။ အဆိပ်နဂါးက ချန်လွေ့အရှေ့၌ အဆင့်တူ ဒါဇင်ခန့်ကို ကိုင်တွယ်နိုင်ပြီး ထိုစဉ်က နတ်ဆိုးဘုရားသခင်၏ တောင်ပံဟု သိကြသော ကြယ်ကြွေတမန်အင်ပါယာမှ ဧကရာဇ် စကြာလူစီဖာကိုပင် ယှဉ်နိုင်သည်ဟု ကြွာလုံးထုတ်ခဲ့သော်လည်း သူ့အရှေ့မှ လူသုံးယောက်မှာ လူသစ်များ မဟုတ်ကြပေ။ သူတို့အားလုံးမှာ အထူးသဖြင့် စတေလာက နတ်ဆိုးအရှင်သခင်အဆင့် ဝါရင့် ထိပ်သီးအဆင့် ဖြစ်သည်။ သူတို့သုံးယောက် ဝိုင်းတိုက်ခိုက်လျှင် ပါ့ဂ်လီအိုအတွက် ခုခံရန် ခက်ခဲနိုင်လောက်ပေသည်။
ပါ့ဂ်လီအိုဘေးနားတွင် နဖူးအလယ်၌ အစိမ်းရောင် ကျောက်မျက်အဆင်တန်ဆာ ဆင်ထားသော အစိမ်းရောင် အမျိုးသမီးတစ်ယောက် ရောက်လာသည်။ သူက သရော်ပြုံးပြုံးပြီး ပြောသည်။ “ရှင်တို့က ကျွန်မရဲ့ယောက်ျားကို လူအင်အားသုံးပြီးတော့ အနိုင်ကျင့်ချင် တာလား။”
“ခရိုဘဲလက်စ်...” အပြင်ထွက်လာလေ့မရှိသော စတေလာနှင့် ဒီစ်ဂျာရိုတို့က ဆံပင်အစိမ်းရောင်နှင့် အမျိုးသမီးကို မသိသော်လည်း အခွင့်အရေးအရ နန်းတော် အတိုင်ပင်ခံ ဖြစ်ခဲ့ဖူးသော ထို “သစ္စာဖောက်”ကို ဘာရိုကို ဆုံတွေ့ဖူးသည်။ သူက ခပ်တင်းတင်း ပြောလိုက်သည်။ “သစ္စာဖောက်။ မင်းက တကယ်ပဲ ငါတို့ကို တိုက်ခိုက်ရဲတာလား။”
“ကျွန်မက နဂါးတစ်ကောင်ပဲ။ ကျွန်မက မြို့တော်မှာ ယာယီပဲ နေနေတာ။ ပြီးတော့ ဘယ်သူ့ကိုမှလည်း သစ္စာမခံထားဘူး။ ကျွန်မ သွားချင်တဲ့နေရာ သွားလို့ရတယ်။ အိုဆိုင်ဒန်လည်း ဒါကို သိတယ်။ မကျေနပ်ဘူးဆိုရင် နဂါးအာငွေ့ ပါးစပ်ချင်း တေ့ပေးမယ်လေ။” ခရိုဘဲလက်စ်က ဒေါသထွက်နေသောအခါ အတော်လေး အစွမ်းထက်နေဆဲ ဖြစ်သော်လည်း ပါ့ဂ်လီအိုက နောက်ဆုံးစကားကြောင့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
ထိုအချိန်၌ ကောင်းကင်ထက်တွင် ပုံရိပ်များ ပေါ်ထွက်လာသည်။ နဂါးစီးနင်သူ ဗိုလ်ခြေတပ်မှူး ဆယ်လ်ဂါ အပါအဝင် မြို့တော်တွင် စတီဘေလ်၊ ဖာရာဗစ် နှင့် လန်တာစ် အမည်ရသော နတ်ဆိုးအရှင်သခင်အဆင့် သုံးယောက်လည်း ရှိသည်။
အမှောင်လဘက်၌လည်း ယခင်တစ်ခေါက်က အညံ့ခံခဲ့သော ဗာနင်မ်တိုရို အမည်ရှိ နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက် ရှိသည်။ အခြားတစ်ဖက်တွင်လည်း အထိတ်တလန့် စစ်သည် ပီဂါဆက်ကို သယ်ဆောင်ထားသော စိတ်ဝိညာဉ်နဂါးက ပျံသန်းလာသည်။
သာမန်နတ်ဆိုးများ၏သက်တမ်းမှာ နှစ် ၂၀၀မှ ၅၀၀ထိ ဖြစ်ပြီး တော်ဝင် မိသားစုများ၏ သက်တမ်းမှာ အတော်လေး ပိုရှည်သည်။ အလတ်လွှာ (နတ်ဆိုးဘုရင်၊ မဟာနတ်ဆိုးဘုရင် ) ကို ရောက်ရှိပြီးနောက် သက်တမ်းက တစ်ဝက်တိုးသွားမည် ဖြစ်သည်။ အမြင့်လွှာ (နတ်ဆိုးဧကရာဇ်၊ နတ်ဆိုးအရှင်သခင်) ပုဂ္ဂိုလ်များက နှစ်ဆ သို့မဟုတ် ထိုထက် ပိုတိုးသွားနိုင်သည်။ နတ်ဆိုးအရှင်သခင်အဆင့်၏ သက်တမ်းသည် ၁နှစ်မှ နှစ် ၂၀၀၀ အထိ ရောက်ရှိနိုင်၏။
နဂါးများမှာ ခြွင်းချက်ဖြစ်သည်။ သို့သော်လည်း သက်တမ်းရှည်သော နောက်ကွယ်၌ အလွန်အမင်း မျိုးအောင်နှုန်း နည်းပါးလှသည်။ သို့မဟုတ်ပါက နဂါးများက နတ်ဆိုးဘုံကို အုပ်ချုပ်လိုက်မည်မှာ ကြာပြီဖြစ်သည်။ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်၏ သက်တမ်းကိုမူ သာမန်အတိုင်းအတာဖြင့် တွက်ချက်၍ မရနိုင်တော့ပေ။
၎င်းမှာ သာမန်အခြေအနေရှိ အယူအဆတစ်ခု ဖြစ်သည်။ တကယ့် အစွမ်းထက် ပုဂ္ဂိုလ်များမှာ အဆက်မပြတ် တိုက်ပွဲများ၌ တိုးတက်ကြသည်။ တိုးတက်သော လမ်းကြောင်းအားလုံးမှာ အန္တရာယ်များပြီး သတိတစ်ချက်လွတ်သည်နှင့် အသက်ပင် ဆုံးရှုံးရနိုင်သည်။ ဗိုလ်ချုပ်များသည် တိုက်ပွဲအတွင်း သေကြမည်မှာ ဖြစ်တတ်သော သဘော ဖြစ်သည်။ နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်များသည်ပင် ကျရှုံကြစမြဲပင်။
နတ်ဆိုးအစွမ်းထက်ပုဂ္ဂိုလ်များမှာ ရယ်စရာ မဟုတ်ပေ။ အတိတ်မှ အကြီးကျယ်ဆုံး အင်ပါယာတစ်ခု ဖြစ်သည့်အလျောက် ကြယ်ကြွေတမန်အင်ပါယာ၌ ခိုင်မာသော အုတ်မြစ်တစ်ခု ရှိသည်။ သို့သော်လည်း အနှိုင်းမဲ့ မဟုတ်ပေ။ မြို့တော်၌ ကျန်ခဲ့သော နတ်ဆိုးအရှင်သခင်အဆင့်များနှင့် ယခင်သေသွားသောသူများကို ဘေးဖက်ထားလျှင် ရှေ့မှ နတ်ဆိုးအရှင်သခင်အဆင့် ၇ယောက်မှာ အိုဆိုင်ဒန်တွင်ရှိသော ဝှက်ဖဲအကုန် ဖြစ်သည်။ အမှောင်လအတွက်လည်း ထိုအတိုင်းပင် ဖြစ်သည်။ နဂိုက ဇိုလာသည် အစွမ်းအထက်ဆုံး လျို့ဝှက်စွမ်းအားဖြစ်သော်လည်း ရုတ်တရက် ပေါ်ထွက်လာသော နဂါးနှစ်ကောင်ကြောင့် မတော်တဆ ချုပ်နှောင်ခံလိုက်ရသည်။ ယခုတွင် စိတ်ဝိညာဉ် နဂါးအပါအဝင် နတ်ဆိုးအရှင်သခင်အဆင့် ငါးယောက် ရှိသည်။ မသေမျိုးအဖြစ် ပြောင်းလဲသွားသော စိတ်ဝိညာဉ်နဂါးနှင့် အထိတ်တလန့်စစ်သည်တို့က သွေးမျိုးဆက် ပါရမီများ ဆုံးရှုံးသွားခဲ့သည်။ အဓိကအားဖြင့် စိတ်ဝိညာဉ်နဂါးကို မည်သူမှ မထိန်းချုပ်လျှင် ၎င်းတွင် တိုက်ခိုက်သောစိတ်တစ်ခုသာ ရှိပေလိမ့်မည်။ ၎င်းတွင် အသိဉာဏ်မရှိသည့် စွမ်းအားကိုလည်း သေချာပေါက် အားကိုး၍ မရနိုင်ပေ။ နဂိုက အိုလီဖီးရက်စ်က အမှောင်လဘက်သို့ ပေါင်းထည့်နိုင်သော်လည်း ရန်သူစစ်တပ်၌ အကြီးမားဆုံးခေါင်းဆောင်ဖြစ်သည့် အိုဆိုင်ဒန် ရှိနေသောကြောင့် ရှီရာကို ကာကွယ်ရန်မှာ အိုလီဖီးရက်စ်၏တာဝန် ဖြစ်သည်။
“အပိုတွေ ပြောမနေနဲ့တော့။ ငါတို့ ဒီမှာ ကောင်းကောင်း တိုက်ခိုက်လို့ မရဘူး။ ပိုဝေးတဲ့နေရာတစ်ခုမှာ တိုက်ခိုက်ကြတာပေါ့။” ပါ့ဂ်လီအိုက အဝေးမှ တောင်တန်းများကို လက်ညှိုးထိုးပြလိုက်သည်။
မြို့တော်မှ နတ်ဆိုးအရှင်သခင်အဆင့်များလည်း အမြင်များ ဖလှယ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူတို့သည် ၇ယောက် ၅ယောက်ဆိုလျှင် အနိုင်ရနိုင်ချေ ရှိနေသေးသည်။ ပါ့ဂ်လီအို၌လည်း ကိုယ်ပိုင် အစီအစဉ် ရှိသည်။ သူက ထိုသူများကို အချိန်ဆွဲပြီး ဇိုလာ အနိုင်ရမည်ကို စောင့်နေနိုင်လျှင် ပြန်လာနိုင်မည့်မျှော်လင့်ချက်မှာ အတော်လေး မြင့်မားပေသည်။ နဂါးနက်က မှော်ပညာ၏ ဝိပါက် ဖြစ်သော်လည်း ပါ့ဂ်လီအိုက ဇိုလာအပေါ်၌ ယုံကြည်ချက် ရှိနေသေးပြီး ထို “အရူးမ”က သူ၏ ကြောက်စရာအကောင်းဆုံး ရန်သူ ဖြစ်ခဲ့ဖူးသည်ကို မေ့လျော့သွားသည်။ ဆရာသခင် အဆိပ်နဂါးကိုယ်တိုင်က ၎င်းသည် “လုပ်ဖော်ကိုင်ဖက်များ” အပေါ်ရှိ ယုံကြည်မှုတစ်မျိုး ဖြစ်သည်ကို လက်မခံချင်ပေ။
စစ်မြေပြင်ပေါ်မှ နတ်ဆိုးအရှင်သခင်အဆင့်များ ပျောက်ကွယ်သွားပြီး အောက်မှ စစ်မြေပြင်သည်လည်း စိတ်ဝင်စားစရာ ကောင်းလာသည်။ ညွန့်ပေါင်းစစ်တပ်သည် ရှေ့တန်းစစ်တပ်ကို နောက်ဆုတ်ရန် ခရာ မှုတ်လိုက်သည်။ နောက်ဆုတ်ရသည့် ရည်ရွယ်ချက်မှာ ပြန်လည်ဖွဲ့စည်းပြီး ပုံမှန်တိုက်စစ်တစ်ခုဖြင့် ချီတက်ရန်အတွက် ဖြစ်သည်။ အမှောင်လကလည်း ဆင်တူသော ခရာသံများ စတင်မှုတ်တော့သည်။ အကြောင်းရင်းမှာ အကယ်၍ ရန်သူက လုံးဝတိုက်ခိုက်လာလျှင် ထိုကဲသို့ အရှိန်အဟုန် အောက်တွင် ရှေ့ဘက်မှ မသေမျိုးများသည် အမှန်တကယ် အမြောက်စာများ ဖြစ်သွားရုံသာမက နောက်ဘက်မှ အမှောင်လစစ်တပ်လည်း လမ်းတစ်လျှောက် နင်းခြေခံလိုက်ရပေမည်။
နှစ်ဖက်လုံးက သူတို့၏ အခင်းအကျင်းများကို အလျင်အမြန် စတင်ညှိယူကြသည်။ မသေမျိုးစစ်တပ်ကို အမှောင်လ၏ ညာဘက်တွင် စုစည်းထားလိုက်သည်။ အလယ်တွင် ရှီရာဦးဆောင်သော သွေးနီဗိုလ်ခြေနှင့် တင်မ်ဦးဆောင်သော လရိပ်ဗိုလ်ခြေရှိပြီး ဘယ်ဘက်တွင် ခါဂူရွန်၏ သွေးနီဗိုလ်ခြေနှင့် ဆူမန်ဦးဆောင်သော ချော်ရည်ပြာနယ်မြေမှ မိုးပြာဗိုလ်ခြေ ရှိသည်။ အခင်းအကျင်း တစ်ခုလုံးမှာ မြားခေါင်းပုံစံ ဖြစ်ပြီး မြို့တော်၏ အခင်းအကျင်းမှာ ထောင့်ပိုကြီးသော သံနုတ်နှင့် အနည်းငယ် ဆင်တူသည်။ အခင်းအကျင်းများမှာ စစ်ပွဲ၌ အလွန်အရေးပါပြီး အဖွဲ့ကြီးနှင့် အဖွဲ့ငယ်များနှင့် ပတ်သက်သော သက်ဆိုင်ရာ အသိပညာများ ပါဝင်သည်။ ဥပမာ ယခင် ကျောက်တုံးကြီး ဗိုလ်ခြေ အစုအဝေး၌ ခြေလျင်တပ်ကြီးက ရှည်လျားသော အလျားလိုက်ပုံစံဖြင့် အတန်းလိုက် စီတန်းခဲ့ကြပြီး အကာကွယ်ပြုကာ ပူးပေါင်း၍ ရနိုင်စေသည်။ ရှေ့မှ ခြေလျင်တ်သားများ လှံကို မြှောက်ထားလိုက်သောအခါ သူတို့သည် အလွန်ကြီးမားသော ဖြူကောင်သဖွယ် ဖြစ်သွားသည်။ တကယ်၍ သာမန် မြင်းတပ်တစ်တပ်က ထိုကဲ့သို့ အစုအဝေးနှင့် ရင်ဆိုင်ရသောအခါ အသေအကြေများ အတော်လေး ကြီးမားပေမည်။
ထိုအစုအဝေးက ပြိုင်ဘက်ကင်း မဟုတ်ပေ။ ခုနက မသေမျိုး မြင်းတပ်၏ ပုံမှန်မဟုတ်သော ဖောက်ဝင်မှုအပြင် မြေအနေအထားကိုလည်း စဉ်းစားရပေမည်။ သိပ်သည်းသော အစုအဝေးက ကြမ်းတမ်းသော မြေပြင်ပေါ်သို့ ပြောင်းရွှေ့သွားသောအခါ အချိတ်အဆက်ပြတ်ခြင်းနှင့် တစ်စစီကွဲခြင်းတို့ဖြစ်ရန် လွယ်ကူသည်။ မြေပြန့် မဟုတ်ဘဲ ကြမ်းတမ်းသော တောင်လမ်းသာဆိုလျှင် အစုအဝေးနှင့် ခြေလျင်တပ်ကြီး၏ အရှိန်အဟုန် ကြီးကြီးမားမား လျော့ကျသွားမည် ဖြစ်သည်။ တောင်တန်းနှင့် သစ်တောများထဲ၌ ခြေမြန်တပ်၏ ပျောက်ကြားအခင်းအကျင်းနှင့် နည်းဗျူဟာများက ခြေလျင်တပ်ကြီးထက် များစွာ အင်အားကြီးပေသည်။
သတ်မှတ်ထားသော စီမံကိန်းများနှင့် စစ်သည်အမျိုးမျိုး ပါဝင်သော စစ်ပွဲ အကြီးစား အတွက်လည်း အတူတူပင် ဖြစ်သည်။ စဉ်းစားရမည့်အချက်များစွာ ရှိပေသည်။
နတ်ဆိုးဘုံ၌ စကားတစ်ခွန်း ရှိသည်။ ခြေမြန်တပ်က လက်၊ မြင်းတပ်က ခြေထောက်၊ ခြေလျင်တပ်ကြီးက ချပ်ကာ၊ စီးနင်းသူများက တောင်ပံများ ဖြစ်ပြီး တပ်မှူးမှာ ဝိညာဉ် ဖြစ်သည်။ ထိုစကား၌ မှော်ပညာရှင်၊ လေးသမား၊ စက်လက်နက်နှင့် အခြားစစ်သည်များ မပါဝင်သော်လည်း စစ်ပွဲ၌ ပူးပေါင်းဆောင်ရွက်ရေး၏ အနှစ်ချုပ်ကို အကြမ်းချဉ်း ရှင်းပြထားသည်။
ထို့ကြောင့်ပင် စစ်သည်များကို အမိန့်ပေးရာ၌တော်သော နတ်ဆိုးဘုံ၏ နာမည်ကျော် ဗိုလ်ချုပ်များက ပါရမီနှင့် စွမ်းအားပြဿနာများကြောင့် နတ်ဆိုးအရှင်သခင် အဆင့် မရောက်သေးသော်လည်း အင်ပါယာက တန်ဖိုးထားကြခြင်း ဖြစ်သည်။
နှစ်ဖက်လုံး၏ အခင်းအကျင်းများ နောက်ဆုံး၌ ညှိယူ၍ ပြီးသွားခဲ့သည်။ တစ်ချိန်တည်းနီးပါးမှာပင် စုပေါင်းတိုက်ခိုက်ရန် ခရာသံ ထွက်လာ၏။ ၎င်းသည် ရလာဒ်ကို ဆုံးဖြတ်ပေးမည့် အကြီးမားဆုံးနှင့် နောက်ဆုံးသော တွေ့ဆုံမှု ဖြစ်လေသည်။
လိုင်ရာတောနက် ကောင်းကင်မှ ငုံ့ကြည့်ရင်း အလွန်ကြီးမားသော လူအုပ်ကြီး နှစ်ခုက တဖြည်းဖြည်းနှင့် အလယ်သို့ ရွေ့လာနေသည်။ သူတို့က အလယ်သို့ ရောက်လာသည်နှင့်အမျှ ပိုမိုမြန်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က အချင်းချင်း ရောယှက်ပြီး ဝင်တိုက်သွားကြတော့သည်။