ချဉ်းကပ်လာသော အိုဆိုင်ဒန်
Vol. 36 Ch. 544
မည်သည့်လောက၌ ဖြစ်ပါစေ၊ အသိဉာဏ်ရှိသော သက်ရှိတစ်ခု၌ မျိုးနွယ်တူ အချင်း အဆုံးမဲ့သတ်ဖြတ်ခြင်း အမြဲပင် ရှိနေ၏။
ရှုထောင့်တစ်ဖက်မှ ကြည့်မည်ဆိုလျှင် သွေးနှင့်ရေးသော သမိုင်းကြောင်းမျိုးမှာ လူမှုအဖွဲ့အစည်း အဆင့်တိုးတက်မှုဟူသောအရာကို ဖြစ်စေခြင်းပင်။
ပြင်းထန်သောရေစီးကဲ့သို့ စစ်သည်များ ဝင်တိုက်သည့်အခိုက်တွင် အားလုံးနီးပါးက အပေါ်ယံ ခံစားချက်များ မရှိတော့ဘဲ ခန္ဓာကိုယ်တွင် ရှေးအကျဆုံးနှင့် အလိုလိုဖြစ်သော အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း လှုပ်ရှားမှုများသာ ရှိတော့သည်။
သန္ဓေပြောင်း နွားတစ်ပိုင်းတစ်ကောင်က အမှောင်လ၏ ညာလက်ရှိ တောရိုင်းဗိုလ်ခြေအရှေ့သို့ ချီတက်လာသည်။ ၎င်းက မဟာနတ်ဆိုးဘုရင်အဆင့်သို့ ရောက်နေပြီး နွားတစ်ပိုင်းတွင် အမြင့်ဆုံးနီးပါးအဆင့် ဖြစ်သည်။ သူ၏ခွန်အားက အလွန်ပင် သောင်းကြမ်းလှ၏။ လက်ထဲမှတူကို လွှဲရမ်းလိုက်သောအခါတိုင်း ရှေ့မှ စစ်သည်များ အပိုင်းပိုင်း ကြေမွသွားသည်။
သို့သော်လည်း အဆက်မပြတ် လွှဲရမ်းမှုများပြီးနောက် နွားတစ်ပိုင်း၏ လှုပ်ရှားမှုများ နှေးသထက် နှေးလာသည်။ နောက်ဆုံး၌ ပင်ပန်းလာမှုကြောင့် ရန်သူဘက်မှ နတ်ဆိုးဘုရင်အဆင့် ဗိုလ်ချုပ်က သူ၏ဒူးခေါင်းကို ခုတ်ပိုင်းလိုက်ပြီး နွားတစ်ပိုင်းကို ဒယီးဒယိုင် ဖြစ်သွားစေသည်။ သတ်ဖြတ်ခြင်း၌သာ စိတ်နှစ်ထားကြသော အမှောင်လ စစ်သည်များ ရောက်ရှိလာပြီး နွားတစ်ပိုင်းနားသို့ အမြန်ဖြတ်သွားလိုက်ရာ လူသားစား ပုရွက်ဆိတ်များကြောင့် အရိုးသာကျန်အောင် ကိုက်စားခံခဲ့ရသော ကျားတစ်ကောင် ကဲ့သို့ပင် မြေပြင်ပေါ်၌ ဒဏ်ရာများ ပြည့်နေသော အလောင်းကောင်သာ ကျန်တော့သည်။
ဆယ်သိန်းကျော်သော စစ်သည်များဖြင့် ချီတက်ရာ၌ တစ်ဦးချင်စွမ်းအားက သိပ်ပြီး အရေးမပါတော့ပေ။ ပိုင်နက်စွမ်းအားကို နားလည်သော နတ်ဆိုးဧကရာဇ်အဆင့် ပုဂ္ဂိုလ်များသာ ထိုကဲ့သို့ ပတ်ဝန်းကျင်မျိုး၌ ကိုယ့်ကိုယ်ကိုယ် ပိုမိုကာကွယ်နိုင်ပေမည်။ ရန်သူတွင် နတ်ဆိုးဧကရာဇ်အဆင့် မရှိလျှင် ယုတ်စွအဆုံးသူတို့ ထွက်ပြေးနိုင်သည်။
စစ်မြေပြင်မှာ အလွန်ကြမ်းတမ်းပြီး စက်ဆုပ်ရွံစရာ ကောင်းလှသည်။ တုံ့ဆိုင်းနေသူ၊ သတ္တိနည်းသူနှင့် ထွက်ပြေးသူများက စေစောသေနိုင်ချေများသည်။
နှစ်ဖက်လုံးမှ စစ်သည်များက သတ်ဖြတ်ရန်၌သာ စိတ်ကို နှစ်ထားကြသည်။ အတွေ့အကြုံများသော ဗိုလ်ချုပ်အချို့ကို ခေါင်းကိုရှင်းရှင်းထားပြီး ကြီးကြီးမားမား သေစေနိုင်ရန်အတွက် ပေးဆပ်မှု အနည်းဆုံးဖြစ်စေရန်အတွက် အကောင်းဆုံး ကြိုးစားရန် စစ်သည်များကို ဦးဆောင်နေကြသည်။
“တည်ငြိမ်”သော အခြေအနေကို ထိန်းထားနိုင်သူများမှာ ထိန်းချုပ်သူများမှလွဲ၍ မသေမျိုးစစ်တပ်တစ်ခုလုံးဖြစ်ပြီး သူတို့က အကြောက်တရားနှင့် စိတ်လှုပ်ရှားစရာများကို မသိကြပေ။ အထူးသဖြင့် အရိုးခြောက်မှော်ပညာရှင်များနှင့် အရိုးခြောက်မျှော်စင်များ၏ ပြင်းထန်သော တိုက်ခိုက်မှုများက ပထမညွန့်ပေါင်းဗိုလ်ခြေနှင့် ဒုတိယညွန့်ပေါင်းဗိုလ်ခြေ တို့ကို ထိခိုက်စေခဲ့သည်။ မှော်ပညာရှင် ဗိုလ်ခြေကြောင့်သာ မဟုတ်လျှင် သူတို့သည် အချိန်မရွေး ကျရှုံးသွားနိုင်ပေသည်။
မှော်ပညာရှင်ဗိုလ်ခြေ၏ မှော်အစွမ်းများမှာ ထိခိုက်မှု မြင့်မားကြသည်။ သို့သော် သူတို့တွင် ရန်သူ၏ အရိုးခြောက်မျှော်စင်ကဲ့သို့ အကာအဝေးတိုးမြှင့်မှုများ မရှိပေ။ ထို့ပြင် သူတို့က ထိုအရိုးခြောက်မှော်ပညာရှင်များကဲ့သို့ ရှေ့တက်ပြီး အကြောက်တရားမရှိ မတိုက်ခိုက်ရဲသည့်အတွက် အကာအကွယ်နောက်တွင်တွင်သာ မန္တန်မန်းမှုတ်ရသည်။ မသေမျိုးများမှာ ဖျက်ဆီးပစ်ရန်အတွက် ဂူရာဒန်ကို ဖျက်ဆီးပစ်ရမည်ကြောင်း သူတို့အားလုံး သိကြသည်။ သို့သော်လည်း ဒဏ္ဍာရီလာ မသေမျိုး မှော်ဆရာသခင်က အစွမ်းထက်ရုံသာမက ဉာဏ်လည်းများပေသည်။ သူက နေရာကို အရိုးခြောက် မျှော်စင်၏ အဝေးဆုံးနေရာတွင် ထားထားသည်။ သတ်ရန်လာသော နတ်ဆိုးဧကရာဇ်အဆင့် ဗိုလ်ချုပ်နှစ်ယောက်က အရိုးခြောက်မျှော်စင်အရှေ့သို့ ဖောက်ထွက်လာသောအခါ မျှော်စင်အနီးမှ ပုန်းကွယ်နေသော သွေးစုပ်ကောင်များကြောင့် အပိုင်းပိုင်း ဆွဲဖြဲခံလိုက်၏။
မှော်ပညာရှင်ဗိုလ်ခြေ၏ မှော်စွမ်းအားမှာ အဆုံးမဲ့ မဟုတ်ပေ။ ခဏအကြာ၌ သူတို့က အလှည့်ပြောင်းပြီး တိုက်ခိုက်ရတော့သည်။ သူတို့က အားဖြည့်ဆေးရည်များ တစ်ပုလင်းပြီးတစ်ပုလင်းသောက်ရပြီး စွမ်းအားအထွက်နှုန်းကို ထိန်းထားရန်အတွက် မည်သို့ပင် ပေးဆပ်ရစေကာမူ အချိန်တိုအတွင်း မှော်စွမ်းအားတိုးစေသော ဆေးရည်ဖြူကိုပင် သောက်နေကြရသည်။ သို့သော်လည်း ထပ်ကာထပ်ကာ သုံးပြီးသည်နှင့် ဆေးရည်၏ ထိရောက်မှု လျော့ကျလာပြီး ဆေးရည်၏သန့်စင်မှု နိမ့်လေလေ အနုတ်သဘော အာနိသင်များ ပိုမိုဆိုးလာမည် ဖြစ်သည်။ ဆေးရည်များ ဆက်လက်သောက်နေပါက ပြင်းထန်သော နာတာရှည်ရောဂါများပင် ဖြစ်စေနိုင်သည်။ ဆေးရည်၏သက်ရောက်မှု ပိုမိုအားနည်းလာပြီး စိတ်နှင့်ခန္ဓာကိုယ်ကို အမြဲတမ်း ထိခိုက်မှု ဖြစ်စေနိုင်သည်။ ချန်လွေ့၏ စူပါစနစ်ထဲမှ ၁၀၀ % သန့်စင်သော ဆေးရည်သာ မဟုတ်လျှင် ထိခိုက်မှုများကို ရှောင်လွှဲ၍ မရနိုင်ပေ။ သို့သော် ထိုသို့ဆေးရည်များကို အဆက်မပြတ်သုံးစွဲလျှင် သက်ရောက်မှုများ လျော့ကျမည်မှာ သေချာပေသည်။ အဓိကအားဖြင့် အဆင့်မြင့်ဆေးရည်များသည်း အတွင်းအလားအလာကို ကုန်ခမ်းစေ၏။ ဥပမာ တိုးမြှင့်အမျိုးအစားဖြစ်သော ဆေးရည်ဖြူနှင့် ဆေးရည်မည်းတို့ကို အချိန်တစ်ခု ခြားပြီးမှ သောက်ရပေမည်။ သို့မဟုတ်ပါက အသုံးဝင်မည် မဟုတ်ပေ။
မြို့တော်၏ ဘက်ဘက်ကလည်း မသေမျိုးလေတပ်ဗိုလ်ခြေကြောင့် ပို၍ပင် ထိခိုက်ခံစားနေရသည်။ နဂါးစီးနင်းသူဗိုလ်ခြေက တပ်မှူးဆယ်လ်ဂါ မရှိသောအခါ ရန်သူ၏ ထိန်းချုပ်ခြင်းကို လုံးဝခံနေရသည်။ မှော်စွမ်းအား လျော့ကျသွားသော မှော်ပညာရှင်ဗိုလ်ခြေက လေထဲမှ တိုက်ခိုက်မှုများကို ခုခံရန် ပိုမိုခက်ခဲကြောင်း တွေ့လာရသည်။ ရှေ့တန်းမှ အနီးကပ်တိုက်ခိုက်သော စစ်သည်များမှာ ရဲရင့်ပြီး သန်မာကြသော်လည်း နှစ်ဖက်လုံးမှ ညှပ်တိုက်မှုကြောင့် သူတို့သည် ပြိုလဲလုနီးပါး ဖြစ်နေခဲ့သည်။ မှော်ပညာရှင် အခင်းအကျင်းကလည်း ထိန်းချုပ်၍မရဘဲ ကျုံ့လာပြီး မသေမျိုးအခင်းအကျင်းက တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
ညာဘက်တွင် အသာစီးအခြေအနေ ရရှိနေသော်လည်း အမှောင်လ၏ ဘယ်ဘက်က ရုန်းကန်နေရသည်။ ချော်ရည်ပြာနယ်မြေကို ကိုယ်စားပြုသော လော့ဒ်-ဆူမန်က မူရင်းမိုးပြာဗိုလ်ခြေ၏ လက်ထောက်တပ်မှူး ဖြစ်သည်။ စစ်သည်များက အသည်းအသန် တိုက်ခိုက်နေကြသော်လည်း သူတို့၏စွမ်းအားမှာ မြို့တော်မှ လက်ရွေးစင်များလောက် မကောင်းပေ။ မြို့တော်၏ ညာဘက်မှ ရှေ့တန်းတပ်မှူးမှာ ယခင်ညွန့်ပေါင်းစစ်တပ်၏ လက်ထောက်တပ်မှူး ပယ်လော ဖြစ်သည်။ ဒီကိုမြို့တွင် ရှုံးနိမ့်သွားခဲ့ခြင်းက ပယ်လောကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။ သူ၏ဒဏ်ရာများ မပျောက်သေးသော်လည်း သာမန်ဗိုလ်ချုပ်အဖြစ် စစ်ထဲ၌ ပါဝင်ရန် တောင်းဆိုခဲ့သည်။ ယခုတွင် ပယ်လောက အမှောင်လ၏သွေးဖြင့် အရှက်တရားကို ဆေးကြောချင်သည် ဖြစ်ရာ အကောင်းဆုံး ကြိုးစားနေခဲ့သည်။ ခါဂူရွန်တို့မောင်နှမ ဦးဆောင်သော သွေးနီ ဗိုလ်ခြေကြောင့်သာ မဟုတ်လျှင် အမှောင်လ၏ ဘယ်ဘက်ကို ရန်သူများ အနိုင်ယူသွားသည်မှာ ကြာပြီဖြစ်သည်။
တိုက်ပွဲအုပ်စုတစ်ခုလုံး၏ အရေးကြီးဆုံးမှာ အပြင်းအထန်ဆုံး တိုက်ခိုက်ရမည့် ဗဟိုစစ်တပ်ပင် ဖြစ်သည်။ အိုဆိုင်ဒန်ကို လက်ရွေးစင် အင်ပါယာအစောင့် ငါးသောင်းနှင့် စစ်သည် သုံးသိန်းခွဲခန့်ရှိသော လက်ရွေးစင် ဗိုလ်ခြေငါးခုက ဝိုင်းရံထားသည်။ သူတို့ကို ယခင်တိုက်ပွဲများ၌ လုံးဝ အသုံးမပြုခဲ့ပေ။ တော်ဝင်မျိုးနွယ်၏ တိုက်ရိုက် သွေးမျိုးဆက်မှ အင်အားစုများအားလုံးကို ယခုတစ်ခေါက် အဆုံးအဖြတ် တိုက်ပွဲမှသာ အသုံးချပြီး မျက်နှာချင်းဆိုင်မှ အမှောင်လ ဗဟိုစစ်တပ်ကို ကြီးစွာသော ဖိအားများ ဖြစ်စေသည်။
ရှီရာတွင် လရိပ်ဗိုလ်ခြေနှင့် မီးလျှံဗိုလ်ခြေတို့သာရှိပြီး စစ်သည်များမှာ နှစ်သိန်းအောက်သာ ရှိသည်။ သူတို့သည် အရေအတွက်အရ လုံးဝ နိမ့်ကျနေ၏။ သို့သော်လည်း ထိုအစုအဖွဲ့၏အင်အားမှာ ထူးခြားလှပေသည်။ မီးလျှံဗိုလ်ခြေမှ စစ်သည်များအားလုံးမှာ ချန်လွေ့၏ နည်းလမ်းများဖြင့် အသီနာ လေ့ကျင့်ပေးခဲ့သော လက်ရွေးစင်များ ဖြစ်ကြပြီး သူတို့က မိစ္ဆာသစ်သီးများ စားထားကြသည်။ ကိုယ်ပိုင် စွမ်းအား၌ဖြစ်စေ၊ ပူးပေါင်းဆောင်ရွက်ရာ၌ဖြစ်စေ၊ သူတို့က မျက်နှာချင်းဆိုင်မှ မြို့တော် လက်ရွေးစင်များကို အံ့အားသင့်သွားစေခဲ့သည်။ သူတို့က အရေအတွက် နည်းပါးသည့်တိုင် မျက်နှာချင်းဆိုင်ဘက်မှ ပြင်းထန်သော တိုက်ခိုက်မှုကို ခုခံနေနိုင်သည်။
လရိပ်ဗိုလ်ခြေတွင် မီးလျှံဗိုလ်ခြေကဲ့သို့ အင်အားကြီးသော အနီးကပ်တိုက်ခိုက်မှု စွမ်းရည် မရှိပေ။ ထို့ကြောင့် သူတို့က မီးလျှံဗိုလ်ခြေ၏နောက်ဘက်တွင် နေရာယူထား၏။ တင်မ်က ရှီလန်တောင်ရှိ ဝါလန်ခံတပ်၌ ထူးချွန်သော လေးသမား အမြောက်အမြားကို လေ့ကျင့်ပေးထားခဲ့သည်။ သူတို့ကို မယ်ဒူဆာများနှင့် ပူးပေါင်းခိုင်းပြီး အင်အားကြီးသော အလှမ်းဝေးပစ်မှတ်မှုစွမ်းရည်ရှိသည့် အခင်းအကျင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။
လေးသမားများကြားထဲ၌ အရိပ်နက်အင်ပါယာမှ သွေးနွယ်နယ်မြေ၏လော့ဒ် ခရောဖို့ဒ်၏သား မွန်ရိုး ဦးဆောင်သော မှော်ပညာရှင်ဗိုလ်ခြေတစ်ခု ရှိသည်။ ထိုမှော်ပညာရှင်များမှာ မသေမျိုးများ မဟုတ်ဘဲ သလင်းကျောက်တောင်ကြားမှ မိုင်းတွင်းပြဿနာကို ကူညီဖြေရှင်းပေးသည့်အတွက် အမှောင်လအား ခရောဖို့ဒ်က ကျေးဇူးတင်၍ ပေးခဲ့ခြင်း ဖြစ်သည်။ တင်မ်ကဲ့သို့ပင် မွန်ရိုးသည်လည်း တိုက်ခိုက်ရေး စွမ်းအား၌ သိပ်ပြီး အားမကောင်းသော်လည်း အမိန့်ပေးညွှန်ကြားရာ၌ ထူးချွန်သည်။ မှော်ပညာရှင်ဗိုလ်ခြေက မှော်ပညာကုန်ခမ်းစေမည့် အကြီးစား မှော်ပညာများ အသုံးပြုရမည်ကို မစိုးရိမ်ကြဘဲ မဟာမိတ်များကို ယာယီ အားဖြည့်ပေးနေကြသည်။ ပြောရမည်ဆိုလျှင် အလှမ်းဝေးအခင်းအကျင်းခုခံမှုသည် လေကြောင်း တိုက်ခိုက်မှုများ၌ အတော်လေး အားနည်းပေသည်။ သို့သော်လည်း လေထဲမှ ရိုမန်ဦးဆောင်သော ဝိုင်ဗန်စီးနင်းသူများက ထိုအားနည်းချက်အတွက် ဖြည့်တင်းပေးခဲ့သည်။ မြို့တော်၏ လေတပ်စွမ်းအားကို ညာဘက်မှ မသေမျိုးများကြောင့် ဖိနှိပ်ခံနေရသည့်အတွက် ဗဟိုစစ်တပ်၏ ကောင်းကင်ကို ရိုမန် အပိုင်စား ရသွားခဲ့သည်။ ဝိုင်ဗန်များမှ ရံဖန်ရံခါ ပစ်ချသော မှော်ဗုံးများ၏ ပေါက်ကွဲမှုများက မြို့တော်စစ်တပ်တစ်လျှောက် ပဲ့တင်ထပ် နေတော့သည်။
၎င်းတို့သာ သာမန်ကိစ္စများသာ ဖြစ်နေသေးသည်။ မြို့တော် လက်ရွေးစင်များက “အရာ” နှစ်ခုကို စိတ်မချရဆုံး ဖြစ်နေသည်။
ပထမတစ်ခုမှ ရှေ့တန်းမှ ထူးဆန်းသော ရွှေလူသားများ ဖြစ်ကြပြီး ရာနှင့်ချီ ရှိနေသည်။ ၎င်းတို့၏စွမ်းအားမှာ အမြင့်ဆင့်နတ်ဆိုးမှ နတ်ဆိုးဘုရင်အဆင့်အထိရှိပြီး ခုခံမှုမြင့်မားကို မှော်ပညာပြီးသည်။ ပို၍ ကြောက်စရာကောင်းသည်မှာ သူတို့ မြေပေါ်သို့ လဲကျသွားပြီး အချိန်ခဏကြာအထိ “သေဆုံး”သွားပြီးနောက် ပြန်လည်ရှင်သန်လာပြီး ခန္ဓာကိုယ် လုံးဝမပျက်စီးခင်အထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ခြင်းပင်။
၎င်းတို့မှာ ဇိုလာ ပြုလုပ်ထားသော ရွှေလူသားများ ဖြစ်ကြသည်။ ၎င်းကို မူလက “သန့်ရှင်းရေးစက်ရုပ်” အနေဖြင့် အသုံးပြုခြင်းဖြစ်သည်။ ချန်လွေ့ကြောင့် အကြံရပြီး နောက်တွင် ၎င်းကို သလင်းကျောက်ရုပ်သးနှင့် ဆင်တူသော တိုက်ခိုက်ရေး စက်တစ်ခုအဖြစ် ပြုလုပ်ခဲ့သည်။ ရွှေလူသားများ၏ အမြန်နှုန်းမှာ အတော်လေး နှေးကွေးသော်လည်း အလွန်အမင်းအားကောင်းသော [ မှော်-ဆန့်ကျင် ] ဂုဏ်သတ္တိများ ရှိသည်။ ၎င်းတို့၏ အမြုတေကို မဖျက်ဆီးသရွေ့ အချိန်တစ်ခုအထိ ပြန်ကောင်းပြီး တိုက်ခိုက်နိုင်ပေသည်။ ၎င်းတို့မှာ အတော်လေး ကောင်းမွန်သော အမာခံများ ဖြစ်ကြ၏။
မြို့တော်စစ်တပ်ကို ကြောက်ရွံ့စေသော ဒုတိယ အရာမှာ မီးလျှံဗိုလ်ခြေထဲ၌ ပုန်းလျှိုးနေသော တစ္ဆေကဲ့သို့ အနက်ရောင် ဝတ်ရုံဝတ်ထားသော မှော်ပညာရှင်များပင် ဖြစ်သည်။ ထိုမှော်ပညာရှင်များတွင် [ မိုးကြိုး ] ၊ [ မီးစက်လုံး ] ကဲ့သို့ တိုက်ခိုက်မှုများ မရှိကြပေ။ သို့သော်လည်း သူတို့က လူကြိုက်မများသော မှော်ပညာတစ်ခုဖြစ်သည့် [အလောင်းဖောက်ခွဲခြင်း] ကို အသုံးပြုကြသည်။ ၎င်းမှာ ထူးဆန်းသော အမှောင်ဒြပ်စင်များကို အသုံးပြုပြီး အလောင်းများကို ပေါက်ကွဲစေကာ အနီးအနားရှိ ရန်သူများကို ထိခိုက်စေနိုင်သော မသေမျိုးမှော်ပညာတစ်ခု ဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ ထိခိုက်မှုက အတော်လေး နိမ့်ပါးသည်။ သို့ရာတွင် ထိုမှော်ပညာရှင်များ ဖန်တီးလိုက်သော [ အလောင်းဖောက်ခွဲခြင်း ] စွမ်းအားက ပိုမိုကြီးမားသည်။ ပေါက်ကွဲမှု ကိုယ်တိုင်က အနီးအနားမှ စစ်သည်များကို ထိခိုက်စေရုံသာမက ပေါက်ကွဲသွားသည့် အလောင်းကလည်း အဆိပ်တစ်မျိုးကို ထုတ်ပေးပြီး စစ်သည်အများအပြားကို အဆိပ်မိစေသည်။ မြို့တော်စစ်တပ်သာ အဆိပ်မိပြီး ရှေ့မှ ရွှေလူသားများက ထိုကဲ့သို့ အဆိပ်မျိုးကို မကြောက်ကြပေ။
၎င်းမှာ ပုံမှန် [ အလောင်းဖောက်ခွဲခြင်း ] မဟုတ်ဘဲ [ အဆိပ်ဖောက်ခွဲခြင်း ] ဖြစ်သည်။
ထိုမှော်ပညာများကို မန်းမှုတ်သည်မှာ ဂူရာဒန်၏ ကိုယ်ပွားများ ဖြစ်ကြသည်။ မှော်ပညာရှင် ငါးယောက်လုံးမှာ ဂူရာဒန်၏ ကိုယ်ပွားများ ဖြစ်ကြသည်။ သူတို့၏ အဆင့်က မဟာနတ်ဆိုးအရှင်သခင်အဆင့်သာ ရှိကြသော်လည်း တိုးမြှင့်ထားသော [ အဆိပ်ဖောက်ခွဲခြင်း ] စွမ်းအားမှာ အတော်လေး သိသာလှပေသည်။ တစ်ခုတည်းသော အားနည်းချက်မှာ အဆက်မပြတ် အသုံးပြုရန်အတွက် စိတ်ဝိညာဉ်စွမ်းအား အများအပြား အသုံးပြုရခြင်းပင်။ ထိုသို့ဆိုသည့်တိုင် ထိုနေရာမှ မှော်ပညာရှင်များက မြို့တော်စစ်တပ်က အနားမကပ်ရဲသေးပေ။
သို့သော်လည်း အမှောင်လစစ်တပ်က အရေအတွက် အားသာချက်ဖြင့် အသာစီး ရနေဆဲ ဖြစ်သည်။ ပို၍အရေးကြီးဆုံးမှာ အိုဆိုင်ဒန် မလှုပ်ရှားသေးခြင်းပင် ဖြစ်သည်။
ဗဟိုစစ်တပ်နှစ်ခု၏ တိုက်ပွဲမှာ တိုးမရဆုတ်မရ အခြေအနေ ဖြစ်နေပြီး နှစ်ဖက်လုံး၏ တောင်ပံတွင် တစ်ခုက အသာစီးရပြီး တစ်ခုက အရေးနိမ့်နေလေသည်။ အချိန်ကြာလာသည်နှင့်အမျှ ဗဟိုစစ်တပ်နေရာမှလွဲ၍ တောင်ပံနှစ်ဖက်၏ ထောင့်ကို လှည့်လိုက်ကြသည်။ စစ်သည်အရေအတွက်မှာ တိုက်ပွဲအတွင်း သိသိသာသာ လျော့ကျသွားခဲ့သည်။ ၎င်းမှာ တစ်ဦးချင်း ယှဉ်ရုံသာမက စုပေါင်းတိုက်ခိုက်မှုစွမ်းအားကို ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သလို ခံနိုင်ရည်နှင့် စိတ်စွမ်းအားကိုပါ ယှဉ်ပြိုင်ခြင်း ဖြစ်၏။ အရင်ဆုံး လဲကျသူမှာ အရှုံးသမား ဖြစ်သည်။
အမှောင်လစစ်တပ်က ရဲရင့်သော်လည်း တိုက်ခိုက်ရေးစွမ်းအားမှာ ရန်သူထက် အနည်းငယ် နိမ့်ကျပြီး အရေအတွက် အားနည်းချက် တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ အထူးသဖြင့် ဗဟိုစစ်တပ်တွင် ရွှေလူသားအရေအတွက်မှာ ယခုတွင် ၁၀၀ အောက် ဖြစ်နေပြီး ဂူရာဒန်၏ ကိုယ်ပွားငါးကောင်မှ သုံးကောင် ဖျက်ဆီးခံလိုက်ရသည်။ မွန်ရိုး လက်အောက်မှ မှော်ပညာရှင်ဗိုလ်ခြေကလည်း အနားယူနေပြီး လေထဲမှ ဝိုင်ဗန်များက တစ်ဝက်နီးပါး လျော့ကျသွားခဲ့သည်။ မှော်ဗုံးအားလုံးကိုလည်း အသုံးပြုပြီးသွားလေပြီ။ ထို့ပြင် မယ်ဒူဆာနှင့် လေးသမားတို့တွင်လည်း အသေအကြေများ ရှိလာသည်။ အခြေအနေမှာ မရေမရာဖြစ်နေ၏။
ဗဟိုစစ်တပ် ရှုံးနိမ့်သွားသည်နှင့် အမှောင်လစစ်တပ်တစ်ခုလုံး ပြိုလဲသွားမည် ဖြစ်ကြောင်း ရှီရာ သိသည်။ ထိုအချိန်၌ အန္တရယ်ရှိသော်လည်း ရှီရာကိုယ်တိုင်က စစ်မြေပြင်သို့ ကိုယ်တိုင်ရောက်လာကာ အမိန့်ပေးသည်။ သူ၏ဦးဆောင်မှုကြောင့် အားတက်သွားကြပြီး အမှောင်လစစ်တပ်၏ စိတ်ဓာတ်ရေးရာ ကြီးကြီးမားမား တိုးတက်သွားခဲ့သည်။
အကြောင်းရင်းတချို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ မြို့တော်စစ်တပ်၏ အရှိန်အဟုန်က တဖြည်းဖြည်း အားနည်းလာသည်။
ဗဟိုစစ်တပ်၊ ဘယ်ဘက် နှင့် ညာဘက်မှ စစ်သည်အများက မမျှော်လင့်ထားသော ပင်ပန်းနွမ်းနယ်မှုများကို ခံစားလာရပြီး သူတို့၏ လက်နက်စွဲကိုင်သောလက်များလည်း နှေးကွေးလာသည်။ အမှောင်လစစ်တပ်ကလည်း ရန်သူများ၏ အားနည်းမှုကို လက်လွှတ်ခံမည် မဟုတ်ပေ။ သူတို့က တိုက်ခိုက်မှုကို ပိုမိုတိုးမြှင့်ပြီး ယခင်အခြေအနေမှ ပြောင်းပြန်လှန်နိုင်ခဲ့သည်။
မြို့တော်၏ ဗဟိုစစ်တပ် အလယ်၌ စစ်ပွဲအခြေအနေကို စောင့်ကြည့်နေသော အိုဆိုင်ဒန်က နောက်ဆုံး၌ လှုပ်ရှားလာသည်။ သူက ချက်ချင်းပင် ရှေ့တန်းသို့ ရောက်ရှိသွားပြီး မနီးမဝေးမှ ရှီရာ၏ပုံရိပ်ကို သတ်ဖြတ်ချင်သောမျက်လုံးများဖြင့် ကြည့်နေလိုက်သည်။ သူက ဝိုင်းရံလာသော အမှောင်လစစ်တပ်ကို လုံးဝ လျစ်လျူရှုထားသည်။
အိုဆိုင်ဒန်က အနက်ရောင်ဝတ်ရုံကို မလိုက်ပြီး ရှေ့တွင် ဖြည်းဖြည်းချင်း ကာလိုက်သည်။ ၎င်းကို သူ ဆတ်ခနဲလှုပ်လိုက်ရာ သွေးမိုးရွာသွားသည်။ ရှေ့မှ စစ်သည်များက မျက်စိတစ်မှိတ် အတွင်းမှာပင် အရိုးတခြား အသားတခြား ဖြစ်သွားပြီး နေရာအနှံ့ ပျံ့နှံ့ကုန်သည်။ မာကြောလှသော ရွှေလူသားများသည်ပင် အပိုင်းပိုင်း ဖြစ်သွား၏။ ထိုတိုက်ကွက်က မီတာ၃၀ခန့်ရှိသော သွေးရောင် ယပ်တောင်ပုံစံနယ်မြေကို ရှင်းလင်း ပစ်လိုက်ပေသည်။
သူ၏ ကြောက်မက်ဖွယ်ရာအသံက စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ “ရှီရာလူစီဖာ။ ပုန်ကန်ရဲတဲ့ သစ္စာဖောက်။”
“မင်းငါ့ကို တိုက်ခိုက်ရဲလား။”