အခန်း ၁၅၂၈
Vol. 103 Ch. 1528
အပိုင်း (၁၅၂၈)
နယ်မြေဟောခန်းဆီမှအမြူတေပြောင်းလဲခြင်း အဆင့်ရှစ်နှင့်အဆင့်ကိုး ကျင့်ကြံသူများသည်ပထမဦးဆုံး အထဲသို့လှမ်းဝင်လိုက်ကြ၏။သို့ပေမဲ့ ၎င်းတို့သည်ဦးဦးဖျားဖျားပင်အနောက်ဘက်သို့လွင့်စင်သွားကြပြီး တချို့ဆိုလျှင်တောနက်ထဲတွင်ခေါင်းစိုက်နေကြ၏။ တချို့ဆိုလျှင်ကျောက်နံရံကြီးများနှင့် တိုက်မိကာ အောက်သို့ ပြုတ်ကျမေ့မျောနေကြ၏။
“ဒါက”
ပတ်ဝန်းကျင်တွင်ရှိနေသော သိုင်းကျင့်ကြံသူများသည်ဆွံအသွားမိကြ၏။ နယ်မြေဟောခန်းက လွှတ်လိုက်သော သိုင်းကျင့်ကြံသူများသည်ဝါရင့်နေသော သိုင်းကျင့်ကြံသူများဖြစ်ကြ၏။ ၎င်းတို့သည်အားနည်း သည်ဆိုဆို၊ အားကောင်းသည်ဆိုဆို အလုံးစုံသော အခွင့်အာဏာကို ကိုယ်စားပြု၏။ယခု အညှာအတာ ကင်းမဲ့စွာ ဖြင့် ရိုက်နှက်ကန်ကျောက်ခြင်းကို ခံခဲ့ရသည်။
မူလအားဖြင့်စိတ်သက်သာရာ ရနေသော ချောင်ပိုင်ရှိုသည်မျက်လုံး ပြူးထွက်သွားမိ၏။ နယ်မြေဟောခန်း ရောက်ရှိလာသည့်အချိန်အတိုင်းအတာတိုအတွင်း သူသည်များပြားလှသည့်အကြောင်းအရာများကို စိတ်ကူးယဉ်ပြီးသားဖြစ်၏။ဥပမာအားဖြင့်နယ်မြေဟောခန်းသည်ရောက်ရောက်လာခြင်း ကျွင်းချောင်ရှောင်းကို ခြိမ်းခြောက်ကာဖြင့် ထွက်သွားစေလိမ့်မည်။
သို့ပေမဲ့မထင်မှတ်ထားသည်မှာ ရောက်ရှိလာသည့်နယ်မြေ ဟောခန်းမှလူများသည်မြေပြင်ပေါ်သို့မဆင်းရသေးခင်မှာဘဲ အနောက်ဘက်သို့လွင့်စင်အောင်ကန်ကျောက်ခံခဲ့ရသည်။
မောက်မာလွန်းလှသည်။ အလွန်မောက်မာလွန်းချေ၏။
ကျွင်းချောင်ရှောင်းသည်သူ၏လက်များကို ယှက်ကာဖြင့်ပြောလိုက်သည်။ “နယ်မြေဟောခန်းအနေနဲ့ခင်ဗျားကို ကာကွယ်ပေးနိုင်မယ်လို့ထင်ရင်အမှားကြီး မှားသွားလိမ့်မယ်”
သူ၏ လေသံသည်အမှန်ပင်တည်ငြိမ်လွန်းလှ၏။သို့ပေမဲ့ထိုလေသံသည်ကပင်လျှင်ချောင်ပိုင်ရှိုကို ချွေးစည်းများ ပြန်သွားစေ၏။ တစ်ဖက်လူ၏ စူးရှလွန်းသော မျက်လုံးများသည်ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး အလုံးစုံရူးသွပ်နေသည့်လူတစ်ယောက်လိုပင်။
ဆွစ်ဆွစ် …။
နောက်မှရောက်ရှိလာသော နယ်မြေဟောခန်းမှသိုင်းကျင့်ကြံသူများသည်အင်ပါရီယန်နတ်ဓားဂိုဏ်း၏ အပြင်ဘက်တွင်ရပ်တန့်လိုက်ကြ၏။ ၎င်းတို့၏အမူအရာများတွင်ဒေါသတရားများနှင့် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေကြ၏။ ၎င်းတို့၏အဖော်များသည်အဝေးဆီသို့လွင့်စင်အောင်ကန်ကျောက်ခြင်းကို ခံလိုက်ရကြောင်း သိရှိလိုက်ရ၏။ ကျွင်းချောင်ရှောင်း၏ စကားကိုလည်း ကြားလိုက်ရ၏။ ထို့ကြောင့်ပင်လျှင်အထဲသို့ဝင်သွားချင်သည်ဆိုသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်သည်အလွန်ကို ရိုးသားလွန်းကြ၏။ အပြင်မှာသာ မတ်မတ်ရပ်နေမိသည်။ရန်သူသည်မလှုပ်ရှားဘူးဆိုမှတော့သူတို့အနေနှင့်လည်း မလှုပ်ရှားပေ။
“ကျွင်းချောင်ရှောင်း”
နယ်မြေဟောခန်းဆီမှစွမ်းအားမြင့်ကျင့်ကြံသူသည်လှမ်းကာပြောလိုက်၏။ “ဘာကို ဆိုလို တာလဲ”
ပြိုင်စံရှားဂိုဏ်းအား များပြားလွန်းလှသော မွန်းစတားများ လာရောက်တိုက်ခိုက်ခဲ့စဉ်က သူ ရှိခဲ့ဖူး၏။ ထို့ကြောင့်ရှေးရွက်သင်္ဘောကြီးကို ကြည့်စရာမလိုဘဲ ဤလူသည် ကျွင်းချောင်ရှောင်းဖြစ်ကြောင်းကို အတတ်သိသည်။
“ခင်ဗျား နားမလည်ဘူးလား”
ကုန်းရှန့်သည်ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်က ကျင့်ကြံခြင်းလောကမှာ ရှိနေကြအတိုင်းပဲ။ ရန်ငြိုးတွေကို လာပြီးဖြေရှင်းတာလေ”
“အင်ပါရီယန်နတ်ဓားဂိုဏ်းက နယ်မြေဟောခန်းရဲ့စောင့်ရှောက်မှုအောက်မှာရှိတယ်။ဘယ်ဂိုဏ်းကမှသူတို့ကို ခက်ခဲအောင်လုပ်လို့မရဘူး” ကျွမ်းကျင်သူတစ်ယောက်က အော်ဟစ်လိုက်သည်။
အရပ်ရှည်ရှည်နှင့်သန်မာ အားကောင်းလှပုံပေါ်သော သိုင်းကျင့်ကြံသူရှစ်ယောက်တို့သည်ဂိုဏ်းအထက်တွင်မတ်မတ်ရပ်နေကြ၏။ ၎င်းတို့သည်ကြောက်မက်ဖွယ်ရာကောင်းလှသည့်အရှိန်အဝါများကို ထုတ်ဖော်လျက်ရှိ၏။
သို့ပေမဲ့သူတို့သည်ရောက်ရှိလာသည်ဆိုမှတော့တစ်ချက်ကလေးမှအားနည်းမှုကို ပြသ၍ မဖြစ်နိုင်ချေ။သူတို့တွင်များပြားလှသော သိုင်းကျင့်ကြံ သူများလည်း ပါဝင်လာခဲ့ကြသည်။
“အားနာပါတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီဂိုဏ်းက ကျုပ်ကို အရင်တုန်းက ရန်ပြုခဲ့တယ်လေ။ ဒီတော့နယ်မြေဟောခန်း မပြောနဲ့ကောင်းကင်တာအိုက ဆင်းသက်လာပြီး တားဆီးမယ်ဆိုရင်တောင်မရနိုင်ဘူး”
“ကောင်မလေး.... ဒီဂိုဏ်းရဲ့ဆိုင်းဘုတ်ကို ဖျက်ဆီးလိုက်တော့”
ကုန်းရှန့်သည်မူလအားဖြင့်ငွေညှစ်ရန်သာ စဉ်းစားထားမိ၏။ ထို့အပြင်အသက်ရှင်စဉ်အတွင်း ရန်ငြိုးရန်စများကို နည်းပါးအောင်နေထိုင်နိုင်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။သို့ပေမဲ့နယ်မြေဟောခန်းက ပါဝင်ပတ်သက်နေပြီဆိုမှတော့သူ့အနေနှင့် လေးလေးနက်နက် ပြုလုပ်ရမည့်အခြေအနေဆီသို့ရောက်ရှိသွားခဲ့သည်။
“ကောင်းပါပြီ”
ရောင်မုန့်ယဉ်သည်လေထဲသို့တစ်ချက်ခုန်ကာဖြင့်သူမ၏ စွမ်းအင်များကို စုစည်းကာ ကြီးမားလှသော လက်ကြီးတစ်ခုအဖြစ်ဖန်တီးလိုက်၏။ ပြီးသည့်နောက်ဂိုဏ်း၏ အဓိကခန်းမတွင်ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကြီးကို အသာလှမ်းကာ ရိုက်နှက်လိုက်၏။
ချောင်ပိုင်ရှိုနှင့် တခြားသောသူများအားလုံး၏ အမူအရာသည်ပြောင်းလဲသွားခဲ့ကြ၏။အင်ပါရီယန်နတ်ဓားဂိုဏ်း ဟု ရေးထိုးထားသော ဆိုင်းဘုတ်ကြီးသည်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ကိုယ်စားပြု၏။အဓိကဟောခန်းကဲ့သို့ပင်။ ပြိုင်စံရှားဂိုဏ်းအနေနှင့် ထိုဆိုင်းဘုတ်ကြီးကို ဖျက်ဆီးခဲ့သည်ဆိုမှတော့ဂိုဏ်း၏ဂုဏ်သိက္ခာတစ်ခုလုံးကို ချနင်းခဲ့သည်နှင့်ဆင်တူပေလိမ့်မည်။
တားဆီးရမည်။မဖြစ်မနေ တားဆီးရပေလိမ့်မည်။ချောင်ပိုင်ရှိုနှင့် တခြားသောသူများသည်တားဆီးချင်သည်ဆိုသော်လည်း သူတို့အနေနှင့် ထိုသို့ပြုလုပ်ရန်အားအင်မရှိချေ။ရောင်မုန့်ယဉ်တစ်ယောက်ဆိုင်းဘုတ်ကို ဖျက်ဆီးခြင်းကိုသာ ဤအတိုင်း ထိုင်ကြည့်နေရ၏။
“ကောင်မလေး... လွန်မလာနဲ့”
ဟူး ဟူး
အားကောင်းလွန်းလှသော အော်ရာများသည်အင်ပါရီယန်နတ်ဓားဂိုဏ်း၏ အနောက်ဘက်ဆီမှထွက်ပေါ်လာ၏။ အဘိုးအိုတစ်ယောက်သည်အလွန်လျင်မြန်သည့်နှုန်းထားဖြင့်ရောက်ရှိလာပြီး ၎င်း၏ ပိန်လှီနေသောလက်ဝါးဖြင့်ကျန်းချီများကို ထုတ်ဖော်ကာ ရောင်မုန့်ယဉ်၏စွမ်းအင်များကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။
ဘုန်း ….။
ကျယ်လောင်လှသော အသံကြီးထွက်ပေါ်လာ၏။
ဆွစ် ….။
ရောင်မုန့်ယဉ်သည်တိုက်ခိုက်ရေးတည်နေရာသို့ဆင်းသက်လိုက်သည်။
အဘိုးအိုသည် အဓိကဟောခန်း၏ အရှေ့တွင်ပေါ်ပေါက်လာသည်။အဘိုးအိုသည်မြေပေါ်သို့လဲကျလုမတတ်ယိုင်တိုင်တိုင်ဖြစ်လို့နေသည်။
“အကြီးအကဲကြီး” ချောင်ပိုင်ရှိုနှင့် တခြားသောသူများသည်ပျော်ရွှင်သွားမိကြ၏။ အင်ပါရီယန်နတ်ဓားဂိုဏ်း အနေဖြင့်သူတို့၏အားအင်အဆင့်သည်အဆင့်နှစ်၊အဆင့်သုံး အမြူတေပြောင်းလဲခြင်းအဆင့်သာ ရှိသည်ဆိုသော်လည်း မူလအားဖြင့် ကျွမ်းကျင်သူများသည်သူတို့၏နောက်တွင်တည်ရှိနေကြ၏။ ဤအင်ပါရီယန်နတ်ဓားဂိုဏ်းမှအကြီးအကဲသည်အားမနည်းလှချေ။သူ့အနေနှင့် အမြူတေပြောင်းလဲခြင်းအဆင့်ရှစ်ဆီသို့ရောက်ရှိနေ၏။ ရောင်မုန့်ယဉ်သည်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေလောက်သည့်အပြုအမူကို မပြုလုပ်သည်ဆိုပါက သူ့အနေနှင့် တံခါးပိတ်ကျင့်ကြံရာမှထွက်ခွာလာလိမ့်မည်မဟုတ်ချေ။
“ဂိုဏ်းချုပ်ကျွင်း”
ထိုအကြီးအကဲသည်လေးနက်သည့်အသံဖြင့်ပြောလိုက်၏။ “ကျုပ်တို့ဂိုဏ်းကြားမှာ ရန်ငြိုးတွေရှိတယ်ဆိုရင်ဘာလို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့မဆွေးနွေးရတာလဲ”
“ဆွေးနွေးရမယ်ဟုတ်လား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကို လိုချင်တယ်။အင်ပါရီယန်နတ်ဓားဂိုဏ်းက ကျုပ်ကို ပေးမှာလား”
“ပေးရမှာပေါ့”
အကြီးအကဲကြီးသည်လေးနက်တည်ကြည်စွာ ပြောလိုက်၏။ဤစကားစုသည်ချောင်ပိုင်ရှိုကို အံ့အားသင့်စေသည်သာမက ကျွင်းချောင်ရှောင်းကိုပါအံ့အားသင့်သွားစေ၏။
“ဆိုရိုးစကားရှိတယ်လေ။ ရန်ငြိုးတွေနဲ့နေထိုင်နေရတာထက်အားလုံးကင်းရှင်းပြီး လွတ်လွတ်လပ်လပ်နေထိုင်ရ တာ ပိုပြီးကောင်းတယ်မဟုတ်ဘူးလား”
အကြီးအကဲကြီးက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းအနေနဲ့သန်းတစ်ထောင်ကို လိုအပ်နေတယ်ပြောမှတော့ ကျုပ်တို့အင်ပါရီယန်နတ်ဓားဂိုဏ်းက ကျိန်းသေပေါက်ပေးရမှာပေါ့”
“အကြီးအကဲ”
ချောင်ပိုင်ရှိုသည်တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်သည့်အချိန်မှာပဲ သူက ဖြတ်ကာ ပြောလိုက်သည်။ “မင်းက ငါ့ကို မင်းရဲ့ဆရာတူဦးလေးအဖြစ်အသိအမှတ်မပြုဘူးလား။ အသိအမှတ်ပြုတယ်ဆိုရင်မင်းပါးစပ်ကို အခုပိတ်ထား”
“........”
ဂိုဏ်းချုပ်ချောင်သည်တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သူသည်အင်ပါရီယန်နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်ဆိုသော်လည်း အကြီးအကဲကြီးသည်သူ၏ ဆရာတူဦးလေးဖြစ်၏။ ၎င်း၏အကူအညီနှင့်ပင်သူသည်ဤဂိုဏ်းချုပ်နေရာကို ရယူထားခြင်းဖြစ်၏။
ကျွင်းချောင်ရှောင်းသည်စိတ်ဓာတ်ကျသွားမိ၏။ သူ့အနေနှင့် ပါးစပ်ထဲတွေ့ရာ ပြောလိုက်ခြင်းဖြစ်သော်လည်း တစ်ဖက်လူသည်ဤကဲ့သို့ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု ကြိုတင်ကာ သိရှိသည်ဆိုပါက သန်းတစ်သောင်း လောက်ပင်ထုတ်တောင်းမိမလား မသိနိုင်ပေ။
နယ်မြေဟောခန်းမှလာရောက်ကြသော တပ်ကူများအားလုံးသည်လည်း စိတ်ဓာတ်ကျသွားမိ၏။ တစ်ဖက်လူများ သည်သူတို့ပေးအပ်ထားသည့်ကျောက်စိမ်းပြားအား ချိုးဖြတ်ကာဖြင့်အကူအညီတောင်းခံခဲ့သည်မဟုတ်ပါလား။ ယခု သူတို့ရောက်ရှိလာသည့်အချိန်တွင်ငွေကြေးများကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းပစ်မည်ဟု ပြောဆို နေသေး၏။ သူတို့ကိုလာ၍ စနောက်နေလေသည်လား။
“ဂိုဏ်းချုပ်ကျွင်း”
အကြီးအကဲကြီးက ပြောလိုက်၏။ “သန်းတစ်ထောင်ဆိုတာက နည်းတဲ့ပမာဏ မဟုတ်ဘူး”
“တော်တော့”
“ဒီတော့ဒါတွေကို စုစည်းဖို့အတွက်အချိန်အနည်းငယ်တော့လိုလိမ့်မယ်။ကျေးဇူးပြုပြီး စောင့်ပေးပါအုံး”
“ခင်ဗျားက ဒီလောက်ကြီး ပူးပေါင်းပါဝင်နေတယ်ဆိုမှတော့ ကျုပ်အနေနဲ့တောင်းရမှာတောင်မျက်နှာပူလာပြီ။ ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်စောင့်မယ်”
တစ်ဖက်လူများသည်ထိုကဲ့သို့ ပြုလုပ်ပေးမည်ဆိုမှတော့သူ့အနေနှင့် ခက်ခဲအောင်မပြုလုပ်ချင်ပေ။ ကြင်နာမှုကို ပြသရပေလိမ့်မည်။
“ဘာစောင့်နေတာလဲ”
အကြီးအကဲကြီးသည်ချောင်ပိုင်ရှိုကို ကြည့်ရှုကာဖြင့်ဆူငေါက်လိုက်၏။ “မြန်မြန်… ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေသွားယူစမ်း”
.............
ချောင်ပိုင်ရှိုသည်မည်မျှစိတ်မပါဘူးဆိုသော်လည်း သူ၏ ဆရာတူဦးလေးမှာ ဤမျှပြောဆိုနေသည်ဆိုမှတော့သူ့အနေနှင့် မဖြစ်မနေ ပြုလုပ်ရပေတော့မည်။
ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးသန်းတစ်ထောင်ဆိုသည်မှာ နည်းပါးလှသည့်ပမာဏတော့မဟုတ်ချေ။ထို့ကြောင့်ဤအရာများကို စုစည်းရန်အတွက်အချိန်လိုအပ်နေ၏။ ကျွင်းချောင်ရှောင်းအနေဖြင့်စောင့်ရန်တက်နိုင်ပေသည်။ဘာမှလုပ်စရာ မရှိသည်မို့သူက ပြောလိုက်၏။ “ဒီစီနီယာက တစ်ချက်ကြည့်လိုက်တာနဲ့သာမန်ထက်ထူးချွန်တဲ့လူတစ်ယောက်ဆိုတာကို ကျုပ်အတတ်ပြောနိုင်တယ်။ဆိုရိုးစကားတစ်ခု ရှိတယ်မလား။ ပညာရှိတွေက အခြေအနေမှန်ကို သုံးသပ်နိုင်တယ်လေ”
“ဂိုဏ်းချုပ်ကျွင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဂိုဏ်းတစ်ခုကို ဦးဆောင်နေတာလေ။ ဘယ်လိုဖြစ်ပြီးတော့ ကျုပ်လိုလူမျိုးနဲ့ နှိုင်းယှဉ်လို့ရနိုင်မှာလဲ” အကြီးအကဲသည် ပြုံးကာ ပြန်ပြောလိုက်သည်။
၎င်းတို့နှစ်ယောက်သည်အလာပသလာပများကို ပြောဆိုနေသည့်အချိန်မှာတော့နယ်မြေဟောခန်းမှ ကျွမ်းကျင်သူ များသည်မျက်နှာများ နီမြန်းလျက်ရှိနေ၏။ အင်ပါရီယန်နတ်ဓားဂိုဏ်းမှလူများသည်ကျောက်စိမ်းပြားကို ချိုးဖြတ်ခဲ့ခြင်းမှာ သူတို့အား တမင်သက်သက်အရှက်ကွဲအောင်လာရောက်ရန်တမင်သက်သက်ရည်ရွယ်ချက်ရှိရှိ ပြုလုပ် နေလေသည်လား။
ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးသည့်နောက်ချောင်ပိုင်ရှိုသည် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကို ထုတ်ယူကာဖြင့်ဘိုးဘေးအကြီးအကဲကြီးကို မျက်ရည်ဝိုင်းစွာဖြင့် ကြည့်လိုက်မိသည်။သူပြောချင်နေသည်မှာ “ဆရာတူဦးလေး... ဒီဟာတွေအကုန်လုံးကို ပေးပြီးသွားရင်တော့ ကျုပ်တို့ဂိုဏ်းက သစ်ခေါက်တွေခွာစားရလိမ့်မယ်”
“ဘာကိုကြည့်နေတာလဲ။ မြန်မြန်...ဂိုဏ်းချုပ်ကျွင်းကို ပေးလိုက်လေ”
“........”
ချောင်ပိုင်ရှိုသည်အံကိုကြိတ်ကာဖြင့် ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများပါဝင်သော သိုလှောင်လက်စွပ်ကို လှမ်းကာပေးလိုက်သည်။ ၎င်းသည်ရင်ဘတ်ထဲတွင်တော့အလွန်တရာ နာကျင်လို့နေ၏။
ကျွင်းချောင်ရှောင်းသည်သိုလှောင်လက်စွပ်များကို ယူဆောင်ပြီးသည့်နောက်မှာတော့လက်သီးဆုပ်ကာ ပြောလိုက်၏။ “ဒီနေ့ကစပြီး ပြိုင်စံရှားဂိုဏ်းနဲ့ အင်ပါရီယန်နတ်ဓားဂိုဏ်းတို့က ရှိသမျှအကြွေးတွေရှင်းသွားပြီလေ။ နှုတ်ဆက်ပါတယ်”
ဝှစ်ဝှစ်
ပြီးသည့်နောက်သူသည်ရောင်မုန့်ယဉ်နှင့်တခြားသောသူများကို ခေါ်ဆောင်ကာဖြင့်ရှေးရွက်သင်္ဘောကြီးနှင့် အတူ တခြားသောသူများရှေ့မှပျံသန်းထွက်ခွာသွားသည်။
“ပြီးသွားပြီလား”
“ငါ သူတို့တိုက်ခိုက်မယ်ထင်နေတာလေ”
ပွဲကို လာရောက်ကြည့်ရှုကြသည့်ကျင့်ကြံသူများသည်အနည်းငယ်တော့မတင်မကျဖြစ်လို့နေကြ၏။
“ခေါင်းဆောင်”
နယ်မြေဟောခန်းမှသိုင်းကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ “ကျုပ်တို့ဘာဆက်လုပ်ကြမလဲ”
ထိုတာဝန်ရှိသူသည်ကြောင်အအဖြင့်လေထဲတွင်ရပ်လျက်ရှိသည်။ ၎င်းသည်ချောင်ပိုင်ရှိုကို လှမ်းကြည့်ကာဖြင့်ပြောလိုက်သည်။ “သွားမယ်။ ပြန်အိပ်ကြမယ်”
ဝှစ်
သိုင်းကျင့်ကြံသူ တစ်ရာကျော်တို့သည် မြန်မြန်ဆန်ဆန်ပဲ ပျံသန်းထွက်ခွာလာခဲ့ကြသည်။သူတို့သည်ဟိတ်ကြီး ဟန်ကြီးဖြင့်ထွက်ခွာလာခဲ့ကြ၏။သူတို့ဘာတစ်ခုမှမလုပ်လိုက်ရပေ။ ခရီးသွားလာစရိတ်ကပင် ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းလောက်ကျသင့်နိုင်သည်။
“ပြီးသွားပြီ။ ပြီးသွားပြီပဲ”
ချောင်ပိုင်ရှိုသည်အဓိကဟောခန်းရှိ တိုင်ကြီးပေါ်တွင်မှီကာရပ်လျက်ရှိ၏။ သူသည်စိတ်ဓာတ်တကျဖြင့်ပြောလိုက်မိ၏။ “နယ်မြေဟောခန်းကိုပါ ပြဿနာရှာခဲ့မိပြီပဲ”
ဝေါ့
ရုတ်တရက်သူ၏အရှေ့တွင်ရပ်လျက်ရှိနေသော အကြီးအကဲကြီးသည်သွေးတစ်လုတ်အန်ထုတ်လိုက်၏။မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက်ရှိ၏။ အဆုံးသတ်မှာတော့သူသည်မြေပေါ်သို့လဲကျသွားပြီး အားပျော့စွာ ပြောလိုက်သည်။ “ဒီမိန်းကလေးက အစစ်အမှန်ရှာဖွေခြင်းအဆင့်မှာ ရှိနေတာပဲ”