အဆုံးသတ်။ ကြယ်ကြွေတမန်ဓား၏ တောက်ပမှု
Vol. 37 Ch. 548
ရှီရာ၏ပတ်ပတ်လည်မှ ရွှေလူသားများ အရည်ပျော်သွားပြီး သူ၏လက်ထဲ၌ ဓားရှည်တစ်လက်ကို စွဲကိုင်ကာ တောင့်ခံနေခဲ့သည်။ သူ့ကို ဥက္ကာပျံများ ထိသွားလျှင် သေချာပေါက် အဆုံးသတ်သွားမည်ဖြစ်သည်။
အိုဆိုင်ဒန်၏ ရည်ရွယ်ချက်ကို ချန်လွေ့ ရှာတွေ့သွားပြီး စိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။ ထို့နောက် ရုတ်တရက် [ အသံဗုံး ] မြည်သွားသည်။ သူက ရှီရာအရှေ့သို့ သွားပြီး ခုခံရန်အတွက် မိုးပျံအစွမ်းကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ သူက မြောက်အဏ္ဏဝါဓားဖြင့် ချိန်လိုက်ရာ ရှေ့တွင် အလွန်ကြီးမားသော တွင်းနက်တစ်ခု ဖြစ်လာလေသည်။
ထိုတွင်းနက်တွင် ကြောက်မက်ဖွယ်ရာ ဆွဲအားတစ်ခု ရှိနေပြီး မီးတောက် ဧရာမကောင်များနှင့် ဥက္ကာပျံများကို ဝါးမျိုလိုက်သည်။ သို့သော်လည်း ချန်လွေ့၏ စူပါစနစ်ထဲ၌ သတိပေးသံများ ထွက်ပေါ်လာ၏။ အကြောင်းမှာ [ ကြယ်ဝါးမျိုခြင်း ] က စုပ်ယူခဲ့သော နတ်ဘုရား-တစ်ပိုင်းစွမ်းအားများ ပြည့်နှက်နေခြင်းကြောင့်ပင်။ ယခင် နေ့ရက်များ၌ ကြယ်ကူးပြောင်းခြင်းဖြင့် စုပ်ယူခဲ့သော်လည်း အစိတ်အပိုင်း အနည်းငယ်ကိုသာ ဖြိုခွဲပြီး စုပ်ယူနိုင်ခဲ့သည်။ ယခု ထိုကဲ့သို့ မတည်မငြိမ်ဖြစ်နေသော နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်စွမ်းအားနှင့် ပေါင်းလိုက်သောအခါ စုပ်ယူမှု အမြန်နှုန်းက ဝါးမျိုခြင်းကို မလိုက်နိုင်တော့ဘဲ လျှံတော့မလို ဖြစ်သွားခဲ့သည်။
တွင်းနက် ပျောက်ကွယ်သွားသည်နှင့် နောက်မှ မီးတောက်ဥက္ကာပျံများက သူ့ဆီသို့ အလျင်အမြန် ရောက်ရှိလာသည်။
“ဝုန်း...ဝုန်း ဝုန်း....”
ဖုန်မှုန့်နှင့် မီးခိုးများ ကွယ်ပျောက်သွားသောအခါ အက်ကွဲကြောင်း အမြောက်အမြားနှင့် ဒရွတ်တိုက်အမှတ်အသားများ မြေပြင်ပေါ်၌ ပေါ်ထွက်လာသည်။ သို့သော်လည်း ၎င်းတို့က ပိုင်နက်၏ သက်ရောက်မှုအောက်တွင် မူလအခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်သွားသည်။
ဒရွတ်တိုက်အမှတ်အသားအဆုံး၌ ရှီရာကို ကာကွယ်နေခဲ့သော ပုံရိပ်တစ်ခုက မတ်မတ်ရပ်နေလျင်ပင် ရှိနေသည်။ သူ၏ခန္ဓာကိုယ်မှ ဝတ်ရုံက တိုက်ခတ်မှုအားကြောင့် ပျက်စီးကုန်ပြီး တလက်လက် တောက်ပနေသော ချပ်ကာတစ်ခုကို ပေါ်ထွက်လာစေ၏။ သူ၏လက်ထဲ၌ ရိုးရှင်းသော ပုံစံကွက်များရှိသည့် ရွှေအိုရောင် ဒိုင်းကာတစ်ခု ရှိနေပြီး မဖျက်ဆီးနိုင်သော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။ ထိုမီးစက်လုံးများက ထိုဒိုင်းကာပေါ်၌ ထိခိုက်မှု လုံးဝ မဖြစ်စေနိုင်ခဲ့ပေ။
အိုဆိုင်ဒန်က ထိုဒိုင်းကာကို အနည်းငယ် ရင်းနှီးသလို ခံစားလိုက်ရပြီး တစ်ခုခုကို သူတွေးမိသွားသည်။ သို့သော်လည်း သူက အလျင်အမြန်ပင် ၎င်းကို ပယ်ချလိုက်သည်။ “အက်ဂ်ယော”က ဘယ်ဇီဘတ် တော်ဝင်မိသားစုက ဖြစ်နိုင်တယ်။ တစ်ခုခု ရှိရင်တောင် “မျက်နှာဖုံး”ပဲ ဖြစ်သင့်တယ်။ “ဒိုင်းကာ” မဟုတ်ဘူး။ ပြီးတော့ ဒဏ္ဍာရီလာ “ဒိုင်းကာ”က ငါ့အရှေ့မှာ ရှိနေတာနဲ့ သိပ်မတူဘူး။
၎င်းမှာ အမှန်တကယ်ပင် ထို “ဒိုင်းကာ”၏ တစ်ဝက်ဖြစ်ကြောင်း အိုဆိုင်ဒန် မသိခဲ့ပေ။ သူက ၎င်းကို အဖြေမရှာနိုင်ခင်မှာပင် ချန်လွေ့က တန်ပြန်တိုက်ခိုက်လာသည်။ ရှီရာအတွက် တိုက်ခိုက်မှုအားလုံးကို နတ်ဆိုးဒိုင်းကာဖြင့် ခုခံနိုင်ခဲ့သော်လည်း ပြင်းထန်သော တုန်လှုပ်မှုဒဏ်ကြောင့် ချန်လွေ့က အတွင်းဒဏ်ရာ အတော်များများ ခံစားလိုက်ရသည်။ ယခုတွင် သူက အိုဆိုင်ဒန်ကို ယှဉ်နိုင်ရန်အတွက် တိုးမြှင့်မှုအားလုံးနှင့် [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို အမှီပြုနေရသည်။ သို့သော်လည်း ထိုအခြေအနေများမှာ အကန့်အသတ် ရှိသည်။ သူက ဆက်လက်၍ အောက်ကနေလျှင် သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။ ထို့ကြောင့် သူ ပြန်လည်တိုက်ခိုက်မှ ရပေမည်။
မြောက်အဏ္ဏဝါ၏ ခရမ်းရောင်အလင်းက မရေမတွက်နိုင်သော ဥက္ကာပျံကဲ့သို့ ရောင်ခြည်များအဖြစ် ယပ်တောင်ပုံစံ ဖြန့်ကျက်သွားသည်။ အသစ်စက်စက် ဖြစ်လာသော မီးတောက်ဧရာမကောင်အချို့ ဖောက်ထွင်းခံလိုက်ရပြီး သေဆုံးသွားခဲ့သည်။ ပြန့်ကျဲနေသော ဥက္ကာပျံများက လှပသော မျဉ်းကွေးတစ်ခု ဖြစ်သွားပြီး မဟာဓား တစ်လက်အဖြစ် စုစည်းသွားသည်။ ၎င်းက အိုဆိုင်ဒန်သို့ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းနှင့် အရှိန်အဟုန်ဖြင့် ရွှီးခနဲ ပျံသန်းသွားတော့သည်။
အိုဆိုင်ဒန်က ပြင်းထန်သော အန္တရာယ် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက် သူက မြေကြီးထဲသို့ ခရမ်းရောင်ဓားကို ထိုးသွင်းလိုက်သောအခါ အနီရောင်လျှံများ ပေါ်ထွက်လာပြီး အဆက်မပြတ် လည်ပတ်ကာ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။
မဟာဓားက [ ကြယ်ကြွေမီးလောက ] ပိုင်နက်အတွင်း၌ အလျင်အမြန် ရွေ့လျားနေပြီး ၎င်း၏ အဝန်းအဝိုင်းအတွင်းရှီ ပိုင်နက်စွမ်းအားကို ရှင်းလင်းပစ်ခဲ့သည်။
တုန်လှုပ်မှုများအတွင်း အိုဆိုင်ဒန်၏ပုံရိပ် ပြန်လည်ပေါ်ထွက်လာသော်လည်း သူ၏ တည်နေရာက ဆယ်မီတာအကွာသို့ ရောက်ရှိသွားသည်။ အကာအကွယ်ရောင်လျှံလည်း ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်မှ ချပ်ကာက အပိုင်းအစ ဖြစ်လုနီးပါး ဖြစ်သွားခဲ့၏။ ချပ်ကာတွင် ကြောက်မက်ဖွယ်ရာ အက်ကြောင်းတစ်ခု ရှိနေပြီး သွေးများ အဆက်မပြတ် စီးဆင်းနေသည်။ နောက်ဘက်မှ အနက်ရောင် မီးတောက်တောင်ပံများလည်း အရောင်မှိန်သွားသည်။ သူ၏မျက်နှာတွင် မယုံနိုင်သော ကြောက်လန့်မှုများ ပြည့်နှက်နေသည်။ “ဒါ ဒါက..... အလင်းဒြပ်စင်စွမ်းအား တိုက်ခိုက်မှုပဲ။ ဒီလောက် သန့်စင်ပြီးတော့ အားကောင်းတဲ့ အလင်းဒြပ်စင်စွမ်းအား....မင်း..မင်းက ဘယ်သူလဲ။”
အလင်းဒြပ်စင်နှင့် အမှောင်ဒြပ်စင်က ပုံမှန်အားဖြင့် အချင်းချင်း ချုပ်ထိန်းကြပြီး အလင်းဒြပ်စင်စွမ်းအားက [ ကြယ်ကြွေမီးလောက ] ပိုင်နက်၏ ဝိပါက် အတိအကျပင် ဖြစ်လေသည်။ အခြားမည်သည့် အဆင့်တူ တိုက်ခိုက်မှုမဆိုက အိုဆိုင်ဒန်ကို ထိုကဲ့သို့ ထိခိုက်မှုဖြစ်စေရန် မဖြစ်နိုင်ပေ။
နတ်ဆိုးဘုံသည် အမှောင်ဒြပ်စင်လောက ဖြစ်သည်။ နတ်ဆိုးများ၏ လေ့ကျင့်ရေး အခြေခံမှာ အမှောင်ဒြပ်စင်များသာ မဟုတ်ပေ။ မြေ၊ ရေ၊ မီး၊ လေ မည်သည့် ဒြပ်စင်မဆို ဖြစ်နိုင်သည်။ မဖြစ်နိုင်ဆုံးမှာ အလင်းဒြပ်စင် ဖြစ်သည်။ အလင်းဒြပ်စင်စွမ်းအား ရှိသူများ အထူးသဖြင့် ထိုကဲ့သို့အဆင့်စွမ်းအားရှိသူများမှာ လူသားလောကမှ ဧည့်သည်များသာ ဖြစ်နိုင်ပေသည်။
မဟုတ်မှလွဲရော .... ဘယ်ဇီဘတ် တော်ဝင်မိသားစုလို့ အစက ငါထင်နေတဲ့ အက်ဂ်ယောက ....
အမှန်တကယ်၌ ထိုတိုက်ကွက်မှာ အဆောင်ပစ္စည်းယောင် မြောက်အဏ္ဏဝါဓား၏ နောက်ဆက်တွဲအစွမ်းဖြစ်သော [ မူလသို့ပြန် ] ၏ သက်ရောက်မှု ဖြစ်သည်။ ၎င်းတွင် ရေဒြပ်စင်နှင့် အလင်းဒြပ်စင် ဂုဏ်သတ္တိများ ပါဝင်သော ဓားချီစွမ်းအင် ထိခိုက်မှု ရှိသည်။ သို့သော်လည်း အိုဆိုင်ဒန်၏ ခန့်မှန်းမှုမှာ မတော်တဆ မှန်ကန်သွားခဲ့သည်။ “အက်ဂ်ယော” သည် အမှန်တကယ်ပင် ဘယ်ဇီဘတ် တော်ဝင်မိသားစုမှ မဟုတ်ပေ။
ချန်လွ့၏စိတ် စူးရှစွာ ရွှေ့ပြောင်းသွားပြီးနောက် အိုဆိုင်ဒန် အရှေ့သို့ တဖြည်းဖြည်း ပျံသွားလိုက်သည်။ ထို့နောက် သူက အသံပြောင်းလိုက်သည်။ “အရှင် ရီဂျန့်။ မိတ်ဆွေ။ ခင်ဗျား ကျုပ်ကို မမှတ်မိသေးဘူးလား။”
အိုဆိုင်ဒန်က ခရမ်းရောင်ဓားကို ပြန်ဆင့်ခေါ်သွားပြီးနောက် ထိုစကားကို ကြားသည့်အခါ ထိတ်လန့်သွားခဲ့သည်။ ယခင်က အစ်ဇဘယ်လာ၏အသံကို ကြားစဉ်ကထက် ပိုမိုအံ့အားသင့်သွားခဲ့လေသည်။ “မင်းက ...... ချာလီစ်ပဲ”
ချန်လွေ့က မျက်နှာပေါ်မှ လေကာကို တဖြည်းဖြည်း ရွှေ့လိုက်ရာ ရင်းနှီးသော မျက်နှာတစ်ခု အိုဆိုင်ဒန်အရှေ့၌ ပေါ်ထွက်လာသည်။ ပြန်လည်ရှင်သန်လာသော အစ်ဇဘယ်လာကို မြင်သောအခါ ထိုကဲ့သို့ အိုဆိုင်ဒန် ထင်မိပြီးသား ဖြစ်သည်။ ဒီမျက်နှာကို ဒီနေရာမှာ အမှောင်လ တော်ဝင်မင်းသမီးရဲ့ ကြင်ရာလောင်း အနေနဲ့ မြင်ရမယ်လို့ မထင်ထားခဲ့ဘူး။
ရန်ပုံငွေကိစ္စ။ ဆေးရည်မည်းကိစ္စ။ အဆောင်ပစ္စည်းကို “အဖြေရှာ”တဲ့ ကိစ္စ။ ပြီးတော့ သေဟန်ဆောင်တာ....
ထိုအချိန်တွင် စိတ်လွတ်၍မရအောင် အိုဆိုင်ဒန် သိသော်လည်း ထိုကဲ့သို့ ထိတ်လန့်ဖွယ် “အမှန်တရား” ကို သူ၏အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။ ထိုအခိုက်၌ သူက ကြယ်ပွင့်များ ကွဲထွက်သောသော ပုံရိပ်ယောင်များကို ရုတ်တရက် မြင်လိုက်ရသည်။
မဟုတ်ဘူး။ ဒါက ပုံရိပ်ယောင် မဟုတ်ဘူး။ [ ကြယ်ကြွေမီးလောက ] ပိုင်နက် အတွင်း၌ ကြယ်ပွင့်များ ပြည့်နှက်နေသော ကောင်းကင် ပေါက်ကွဲထွက်သွားပြီး ပေါက်ကွဲ၍ စူးစူးရှရှ တောက်ပ နေသော ကြယ် ကဲ့သို့ အရောင်တောက်နေခဲ့သည်။ ထိုကဲ့သို့ ကြီးမားခမ်းနားမှုနောက်ကွယ်၌ ဖုန်မှုန့်နှင့် မီးခိုးများ ရှိနေသည်။ ပြန်လည် ရှင်သန်လာသော မီးတောက်ဧရာမကောင်များက အမှုန့်ဖြစ်သွားကြလေသည်။
[ ကြယ်ပေါက်ကွဲခြင်း ] မှာ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ၏ အစွမ်းထက်ဆုံး နေရာပြန့်အစွမ်း ဖြစ်သည်။ ချန်လွေ့က နက်ရှိုင်းသော နားလည် သဘောပေါက်မှုနှင့် [ နှစ်သွယ်လေ့ကျင့်ရေး ] တို့၏ နှစ်ဆတိုးမြှင့်မှုတို့ကြောင့် သူ၏ စွမ်းအားက အရည်အသွေးအရ တိုးတက်သွားခဲ့သည်။ ထိုတိုက်ပွဲက [ ကြယ်ကြွေမီးလောက ] ပိုင်နက်တစ်ခုလုံး၏ စွမ်းအားကို ကြေမွသွားစေပြီး အိုဆိုင်ဒန် ကိုယ်ပိုင်က အလွန်အမင်း ပြင်းထန်သော ဒဏ်များ ခံခဲ့ရသည်။ ပိုင်နက် မပြိုလဲသွား သော်လည်း စွမ်းအား ကြီးကြီးမားမား လျော့ကျသွားခဲ့သည်။ ၎င်းကို အချိန်တိုအတွင်း အစွမ်းထက်ဆုံးအခြေအနေသို့ ပြန်ရောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ အလွန်အမင်း လျင်မြန်သော အမြန်နှုန်းဖြင့် ပြန်လည်မွေးဖွားလာကြသော ရှီရာကို ဝိုင်းရံထားသည့် မီးတောက်ဧရာမကောင်ကြီးများ၏ စွမ်းအားသည်ပင် ကြီးကြီးမားမား လျော့ကျသွားခဲ့၏။
“အရှင် ရီဂျန့်။ ခင်ဗျားရဲ့ မိတ်ဆွေဟောင်းကို နောက်ဆုံးလက်ဆောင် ပေးပါရစေ။” “ချာလီစ်”၏အသံ ထွက်လာပြီး မြောက်အဏ္ဏဝါဓားက အိုဆိုင်ဒန်၏ လည်မျိုကို ထိုးစိုက်လိုက်သည်။
[ ကြယ်ပေါက်ကွဲခြင်း ] က အိုဆိုင်ဒန်က ဒဏ်ရာအပြင်းအထန် မရစေခဲ့ပေ။ ၎င်းက ပိုင်နက်စွမ်းအားကို အားနည်းစေခဲ့သော်လည်း ၎င်းက [ မူလသို့ပြန် ] ကြောင့် ဖြစ်ခဲ့သော ဒဏ်ရာများကို ပေါက်ကွဲထွက်သွားစေသည်။ ကြောက်စရာအကောင်းဆုံးမှာ သူ၏ဘယ်လက်မှ အဆိပ်များ ဖိနှိပ်၍မရတော့ဘဲ ပျံ့နှံ့လာခြင်း ဖြစ်သည်။ သူက ချက်ချင်းပင် ဟိန်းဟောက်လိုက်ပြီး ချက်ချင်းပင် ခရမ်းရောင်ဓားကိုကိုင်ကာ ရှေ့သို့ တက်သွားလိုက်သည်။
ချန်လွေ့က လက်ကျန်တယ်လီပို့ခုန်ခြင်းကို အသုံးပြုလိုက်ပြီး အိုဆိုင်ဒန်၏ နောက်ဘက်တွင် ပေါ်ထွက်လာသည်။ အိုဆိုင်ဒန်က ထိုအလစ်တိုက်ခိုက်မှုကို အလျင်အမြန် သိလိုက်ပြီး ရှေ့သို့ အားကုန်ထုတ်ကာ ခုတ်ပိုင်းလိုက်သော ခရမ်းရောင် ဓားကို မယုံကြည်နိုင်လောက်အောင်ပင် နောက်ဆုတ်လိုက်ပြီး နောက်လှည့်ကာ ဓားဖြင့်ဝှေ့ရမ်းလိုက်သည်။
ထိုဓားက ပစ်မှတ်ကို အသေအချာ ထိသွားခဲ့သည်။ တောက်ပနေသော ချပ်ကာက ခရမ်းရောင်ဓား၏ ထက်မြက်မှုကို မတားဆီးနိုင်ဘဲ ဖောက်ထွင်းခံလိုက်ရသည်။ သို့သော် ချပ်ကာတွင် ပိုမိုအစွမ်းထက်သော အကာအကွယ်တစ်ခု ရှိနေဟန်တူသည်။ ထိုခုတ်ချက်က ထိုအကာအကွယ်အလွှာကို မဖောက်ထွင်းနိုင်ခင်မှာပင် အပြောင်းအလဲ တစ်ခုက အိုဆိုင်ဒန်ကို အံ့အားသင့်သွားစေသည်။
“ချာလီစ်”က ရုတ်တရက် “ပေါက်ကွဲထွက်” သွားသည်။
သူ၏ ခန္ဓာကိုယ်က မရေတွက်နိုင်သော “ယင်ကောင်များ”အဖြစ်သို့ ပေါက်ကွဲထွက် သွားပြီး ဓားကလည်း ရုတ်တရက် လွဲချော်သွားခဲ့သည်။
“[ နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း] ။ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး။” ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ အကြီးမားဆုံးရန်သူ ဖြစ်သည့်အလျောက် လူစီဖာ တော်ဝင်မိသားစုဝင်ဖြစ်သော အိုဆိုင်ဒန်က ကမ္ဘာမကြေရန်သူ၏ လျို့ဝှက်ပညာရပ်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။ သူ၏မျက်လုံးများက ရုတ်တရက် ကျုံ့သွားသည်။ အရင်က သိတဲ့အတိုင်းဆိုရင် အက်ဂ်ယော ဘယ်ဇီဘတ်မှာ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးရှိတာ အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့ အခုတော့ .... ချာလီစ်က လူသားတစ်ယောက် မဟုတ်ဘူးလား။
ခုနက အလင်းဒြပ်စင်စွမ်းအားက အကောင်းဆုံး သာဓကပဲ။ သူ့ရဲ့ [ ကောင်းချီး အလင်းခန္ဓာကိုယ် ] က လူသားတွေရဲ့ အင်ပါယာနှစ်ခုက တော်ဝင်သွေးမျိုးဆက် ဖြစ်တယ်လို့လည်း နီရို ပြောခဲ့တယ်။
လူသားတစ်ယောက်က ဘယ်လိုလုပ် အဆောင်ပစ္စည်း(၇)မျိုးထဲက နတ်ဘုရား-ဝါးမျို မျက်နှာဖုံးရဲ့ လျို့ဝှက်အစွမ်းကို ပိုင်ဆိုင်ပြီးတော့ အသုံးပြုနိုင်ရတာလဲ။ ဒါက နတ်ဆိုးဘုံရဲ့ သာမန်အသိအမြင်တွေအကုန်လုံးကို လုံးဝ ကျော်လွန်သွားတာပဲ။
ပြောင်းလဲမှုများမှာ မြန်ဆန်လွန်းလှသည်။ ပြန့်ကျဲသွားသော နတ်ဆိုးယင်ကောင်များက အဝေးသို့ မပြေးသွားဘဲ အိုဆိုင်ဒန်ကို အလျင်အမြန် ဝိုင်းရံလိုက်သည်။ အိုဆိုင်ဒန် စွမ်းအားမစုစည်းနိုင်ခင်မှာပင် ယင်ကောင်များက လူသားအသွင်သို့ ပြန်ရောက်လာပြီး အိုဆိုင်ဒန်ကို နောက်ဘက်မှ ဖမ်းချုပ်လိုက်သည်။
အိုဆိုင်ဒန်က ချန်လွေ့အပေါ်မှ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကို တစ်ချက်မြင်လိုက်ရသည်။ သူက ထိတ်လန့်စွာဖြင့် လှုပ်ရှားရန် ပြင်လိုက်စဉ် ရှေ့မှ အန္တရာယ်တစ်ခုကို အာရုံခံလိုက်မိသည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်က ချုပ်နှောင်ခံထားရပြီး အဆိပ်များ၏ ထုံထိုင်းမှုများကြောင့် မရှောင်တိမ်းနိုင်ခဲ့ပေ။ လျှပ်စီးကဲ့သို့ ခုတ်ပိုင်းမှုတစ်ခုက သူ၏နှလုံးသားကို ထိုးစိုက်သွားခဲ့သည်။
ထိုဓား၏ အမြန်နှုန်းနှင့် စွမ်းအားတို့မှာ အတော်လေး အားကောင်းလှသည်။ အိုဆိုင်ဒန်သာမက နောက်မှချန်လွေ့၏ ခန္ဓာကိုယ်ကိုပင် ဖောက်ဝင်သွားခဲ့သည်။
အိုဆိုင်ဒန်က သူ၏နှလုံးသားထဲရှိ ဓားရိုးကို မယုံနိုင်သောမျက်နှာဖြင့် ကြည့်နေလိုက်သည်။ ထိုဓားရိုးကို အနုစိတ်ပြီး ကောင်းမွန်သော ပုံစံကွက်များဖြင့် ဖုံးလွှမ်းထားသည်။ အစွန်းနားတွင် ခရမ်းရောင် ကျောက်မျက်တစ်ခု ရှိသည်။ အပြင်ဘက် လက်ကာ၌ ကျောချင်းကပ် တမန်တော်နှစ်ယောက် ရှိနေသည်။ ထိုဓားက သူ၏ နှလုံးသားကို လုံးဝ ဖောက်ဝင်သွားခဲ့သည်။
“ကြယ်ကြွေတမန်ဓား။” အိုဆိုင်ဒန်က အသံကုန် အော်ပြောလိုက်ပြီး အဝေးမှ ရှီရာကလည်း ထိတ်လန့်သွားသည့်မျက်နှာ ရှိနေသည်။ [ ကြယ်ပေါက်ကွဲခြင်း ] ကို ချန်လွေ့ အသုံးပြုနေစဉ် ကြယ်ကြွေတမန်ဓားမှာ သူ၏ထိန်းချုပ်မှုအောက်မှ လွတ်နေပြီ ဖြစ်သည်။ ချန်လွေ့ အလစ်တိုက်ခိုက်ပြီး နတ်ဆိုးယင်ကောင်များအဖြစ် ပြောင်းလဲသွားကာ အိုဆိုင်ဒန်ကို ချုပ်နှောင်လိုက်သော စက္ကန့်ပိုင်း အတွင်းမှာပင် ကြယ်ကြွေတမန်ဓားက သူတို့နှစ်ယောက်လုံးကို ထိုးစိုက်သွားခဲ့ခြင်း ဖြစ်သည်။
အိုဆိုင်ဒန်က သူ၏ဝိညာဉ် အလျင်အမြန် ကွဲထွက်ပြီး ပျောက်ကွယ်လာနေကြောင်း ခံစားလိုက်ရသည်။ သူ၏အသွေးအသားကို ထိုကြောက်မက်ဖွယ်ရာဓားကို စုပ်ယူနေသကဲ့သို့ပင် ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအားများ အလျင်အမြန် ကျဆင်းလာနေသည်။ သူ ကြောက်လန့်မိသွားသည်။ [ ဝိညာဉ်လောင်မြိုက်ခြင်း ] ပဲ။ ကြယ်ကြွေတမန်ဓားရဲ့ အထူးစွမ်းအား။
“ချန်လွေ့....” ရှီရာက ထိုနေရာသို့ ဒေါသတကြီး ပြေးသွားရင်း ရင်ကွဲလျက် အော်ပြောလိုက်သည်။ ရှေ့တွင် တားဆီးနေသော အသစ်စက်စက် မီးတောက် ဧရာမကောင်များက သူ၏စွမ်းအား ပေါက်ကွဲထွက်မှုကြောင့် အပိုင်းပိုင်း ဖြတ်ခံလိုက်ရ၏။
“ဒီကို မလာခဲ့နဲ့။” ချန်လွေ့က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ မြေပေါ်၌ အလွန်ကြီးမားသော နွယ်ပင်များ ပေါ်ထွက်လာပြီး ဓားအစိုက်ခံထားရသော လူနှစ်ယောက်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်လေသည်။
“ချန်လွေ့ ဟုတ်လား။ အဲဒီ .... လူသား ဘဏ္ဍာရေး အရာရှိလား။” အိုဆိုင်ဒန်၏ ဝိညာဉ်စွမ်းအားက [ ဝိညာဉ်လောင်ကျွမ်းခြင်း ] ကြောင့် အလျင်အမြန် ပျောက်ကွယ် လာနေသည်။ သူက ကြယ်ကြွေတမန်ဓား၏ စွမ်းအားကို ခုခံရန် အကောင်းဆုံး ကြိုးစားနေ၏။ ထိုစကားကို ကြားသည့်အခါ ထိတ်လန့်မှုမှ ထုံထိုင်းနေသော သူ၏ အာရုံကြောများ ဒေါသူပုန်ထသွားပြန်သည်။ “မင်းက ဘယ်သူလဲ။”
“ကျုပ် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ အိုဆိုင်ဒန်။ ခင်ဗျား ရှုံးနိမ့်သွားပြီ။”
“ငါက ကြယ်ကြွေတမန်အင်ပါယာရဲ့ အရှင်သခင်ပဲ။ ငါက ဘယ်လိုလုပ် မင်းတို့လို သူပုန်တွေကို ရှုံးနိမ့်ရမှာလဲ။” အိုဆိုင်ဒန် အံကြိတ်ပြီး စွမ်းအားများ ဖောက်ခွဲပစ် လိုက်သည်။ အပြင်ဘက်မှ နွယ်ပင်များ တစ်ခုပြီးတစ်ခု ကြေမွကုန်၏။ ချန်လွေ့၏ မျက်နှာတွင်လည်း သွေးများပြည့်နေပြီး [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ချပ်ကာ၌လည်း အက်ကြောင်းများ ဖြစ်လာသည်။ သို့သော်လည်း သူက အိုဆိုင်ဒန်ကို ကျားကုတ်ကျားခဲ ချုပ်နှောင်ထားဆဲပင် ဖြစ်သည်။
“အနိုင်ရသူက အုပ်ချုပ်သူ ဖြစ်လာမယ်။ အရှုံးသမားက အညံ့ခံရမယ်။ ခင်ဗျားမှာ ဒါကို လက်ခံဖို့တောင် သတ္တိရှိလား။”
“ခင်ဗျား ခက်ခက်ခဲခဲ စုဆောင်းခဲ့တဲ့ ရန်ပုံငွေရဲ့ ကျေးဇူးကြောင့်ပဲ။ အမှောင်လရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အများစုနဲ့ လက်ရှိ လက်နက်တွေ၊ ချပ်ဝတ်တန်ဆာတွေက ဒီပိုက်ဆံအများကြီးကနေ ရလာတာ။”
“ဂျို့ရှ်က ကျုပ်လူ။ စီကာလီရောပဲ.....။ အကြီးမားဆုံး နယ်မြေလေးခုက ခင်ဗျားက ထိန်းချုပ်မှုအောက်ကနေ လွတ်သွားတာ ကြာပြီ။”
“…”
ထိုစကားများက တရစပ် လက်သီးပြင်းပြင်းများ ထိုးနှက်သကဲ့သို့ပင် ဖြစ်နေပြီး အိုဆိုင်ဒန်၏ စိတ်ကို ပြိုလဲလုနီးပါး ဖြစ်သွားစေသည်။ ထိုအချိန်၌ သူက အတော်များများကို သဘောပေါက်လိုက်သည်။
အမှောင်လ ဒီနေ့လို ဖြစ်လာဖို့အတွက် ဒီလူက အရေးအကြီးဆုံး ဖြစ်လောက်တယ်။
နတ်ဆိုးဘုံမှာ လူသား “ချန်လွေ့” ပေါ်ထွက်လာတာ ၃နှစ် မကျော်သေးဘူး။ ၃နှစ် အချိန်လေးမှာပဲ။
၎င်းမှာ အလှည့်အပြောင်းများစွာရှိသော အလွန်ကြီးမားသည့် အစီအစဉ်တစ်ခု ဖြစ်သည်။ ၎င်းက သူ့ကဲ့သို့ ရီဂျန့်တစ်ယောက်ကို သေချာပြင်ဆင်ထားသော ထောင်ခြောက် တစ်ခုထဲသို့ တစ်လှမ်းချင်း ဝင်သွားစေသည်။ ယခုတွင် ထိုသူက လူသားလား၊ ဘယ်ဇီဘတ်လား၊ သူပုန်လား ဆိုသည်မှာ အရေးမကြီးတော့ပေ။
“မင်းရဲ့ ဉာဏ်ပညာတွေ၊ စွမ်းရည်တွေနဲ့ ဘာလို့ အမှောင်လကို ရွေးခဲ့တာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ကို မယှဉ်နိုင်ဘူး။” အိုဆိုင်ဒန်က အသံကုန် အော်ပြောသည်။ “မင်းက ဘာလို့ အမှောင်လအတွက် ဒီလောက် ကြိုးစားခဲ့တာလဲ။ ရှီရာ မင်းကို ပေးနိုင်တာထက် ဆယ်ဆ၊ အဆတစ်ရာ ငါမင်းကို ပိုပေးနိုင်တယ်။ မိန်းမလှဖြစ်ဖြစ်၊ အာဏာဖြစ်ဖြစ်၊ ကြွယ်ဝမှုဖြစ်ဖြစ် ရတယ်။”
ချန်လွေ့က ရုန်းကန်နေသော အိုဆိုင်ဒန်ကို ထိန်းချုပ်ရန်အတွက် စွမ်းအားအကုန် ဖောက်ခွဲပစ်လိုက်သည်။ ပြင်းထန်သောအားကြောင့် သူ၏နားနှင့်နှာခေါင်းမှ သွေးများ ထွက်လာပြီး ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။ “ရူးမိုက်တဲ့မိန်းမ။ ခင်ဗျား အခု ကျုပ်ကို မသေစေချင်ရင်ဘူးဆိုရင် အဲဒီမှာပဲ ရပ်နေပြီးတော့ မလှုပ်နဲ့။”
ထိုစကားမှာ ပြေးဝင်လာသော ရှီရာအတွက် ဖြစ်သည်။ ဓားရိုးကို ကိုင်ထားသော သူ၏လက်က မတည်ငြိမ်သောစွမ်းအားကြောင့် သွေးများ ယိုစီးနေသော်လည်း သူက စကားနားထောင်ပြီး အနားမကပ်လာခဲ့ပေ။
ပုံမှန်အေးစက်နေသော တော်ဝင်မင်းသမီး၏မျက်နှာတွင် မျက်ရည်များ ပြည့်နှက်နေပြီး သူက တုန်ခါနေသော ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။ သူ၏ခရမ်းရောင်မျက်လုံးထဲ၌ စကားလုံးဖြင့် ဖော်ပြ၍မရသော နာကျင်မှုတစ်မျိုးလည်း ရှိနေသည်။
ထိုကဲ့သို့ အကြည့်မျိုးက နိုင်ငံရေး လက်ထပ်မှုတစ်ခု၌ ရှိနိုင်သော အရာတစ်ခု မဟုတ်သည်မှာ သေချာပေသည်။
အိုဆိုင်ဒန်က တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပြီး သူ၏စိတ်ထဲ၌ ဖော်ပြ၍မရသော လက်မခံနိုင်မှုတစ်ခု ရှိနေသည်။ ဒီလိုယုတ္တိမရှိတဲ့ အကြောင်းရင့် ကြောင့်လား။ ဒီမိန်းမစုတ် အတွက်ကြောင့်၊ မလိုအပ်တဲ့ ရယ်စရာ ခံစားချက်တွေကြောင့်၊ ဒီလိုမျိုး ပါရမီရှိတဲ့သူက အင်ပါယာတစ်ခုလုံးကို သိမ်းယူနိုင်အောင်လို့ အစွမ်းကုန် ကူညီပေးခဲ့တာလား။
ဒါက လုံးဝကို အဓိပ္ပာယ် မရှိတာလဲ။
အမှန်တကယ်၌ ထိုအထဲတွင် လျို့ဝှက်ဇာတ်လမ်း အများအပြား ရှိသည်။ အစပိုင်း၌ ဇာတ်လမ်းက ထိုကဲ့သို့ မဟုတ်ပေ။ သို့သော်လည်း ဇာတ်ကွက်များ တဖြည်းဖြည်း ပြောင်းလဲသွားကာ ယခုအခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
မည်သို့ပင် မဖြစ်နိုင်စေကာမူ ဖြစ်ပြီးသွားလေပြီ။ ထို့ပြင် ၎င်းမှာ အဆုံးသတ်နီးပါး ရောက်နေပြီ ဖြစ်သည်။
“သိပ်ပြီး အပျော်မစောနေနဲ့ဦး။ မင်းက ငါ့ထက် အရင်သေမှာ။” အိုဆိုင်ဒန်က အံကြိတ်ပြီး ပြောသည်။ အခု ရှီရာက အနားကို မကပ်လာရဲဘူး။ ငါ့မှာ အတူတူ သေဖို့ ဆွဲခေါ်မယ့် အင်အားရှိနေမှာ ချန်လွေ့ စိုးရိမ်နေတာပဲ ဖြစ်ရမယ်။ အဲဒါကြောင့် သူက သူ့မိန်းမ ထိခိုက်မှာ ကြောက်နေတယ်။ ဒါပေမဲ့ ဒီလူသားက တစ်ခုခုကို မေ့နေတယ်။ အဲဒါက စွမ်းအားပဲ။ ဒီလူသားက ငါ့ထက် နိမ့်ကျတယ်။ ပြီးတော့ သူက [ ဝိညာဉ်လောင်မြိုက်ခြင်း ] ကို မခံနိုင်ဘဲနဲ့ ပထမဆုံး သေရမှာပဲ။ အဲဒီအချိန်ကျရင် ငါ လွတ်မြောက်ပြီးတော့ အနိုင်ရဖို့အတွက် အခုလက်ရှိ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်တဲ့ ရှီရာကို သတ်ပစ်မယ်။
ခန္ဓာအမျိုးအစား ဖြစ်ဖြစ်၊ ခွန်အားဖြစ်ဖြစ်၊ ခံနိုင်ရည်ဖြစ်ဖြစ်၊ ဒီလူသားက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး။
နောက်ဆုံး အောင်နိုင်မယ့်သူက အိုဆိုင်ဒန် လူစီဖာဆိုတဲ့ ငါပဲ။
ချန်လွေ့က အပိုစကားများ မပြောခဲ့ပေ။ သူက အိုဆိုင်ဒန်၏ခန္ဓာကိုယ်ကိုသာ စွမ်းအားအကုန်ဖြင့် ချုပ်နှောင်ထားနေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ တစ်ခုခု လွဲနေကြောင်း အိုဆိုင်ဒန် သိရှိသွားသည်။ [ ဝိညာဉ်လောင်မြိုက်ခြင်း ] ကြောင့် အားနည်းသွားရမည့်အစား ရန်သူ၏ ချုပ်နှောင်သော စွမ်းအား ပိုမိုအားကောင်းလာကာ အိုဆိုင်ဒန် မခံနိုင်တော့ပေ။ သူ၏ ဝိညာဉ်စွမ်းအား အများစု ကုန်ဆုံးသွားပြီး အဆိပ်ကလည်း ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသည်။ သူ မအံ့သြဘဲ မနေနိုင်တော့ပေ။
“မဖြစ်နိုင်တာ။ မင်းက [ဝိညာဉ်လောင်မြိုက်ခြင်း] ကို လုံးဝ မခံရဘူးလား။ လူသား တော်ဝင်မိသားစုရဲ့ [ ကောင်းချီးအလင်းခန္ဓာကိုယ် ] မပြောနဲ့၊ နတ်ဘုရားတစ်ပိုင်းတောင် လုံးဝခုခံနိုင်ဖို့ မဖြစ်နိုင်....”
အိုဆိုင်ဒန် မဖြစ်နိုင်သော ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပြီး ချွေးစေးများ ပြန်သွားတော့သည်။
မတိုက်ခိုက်ခင်ကဆိုလျှင် ထိုကဲ့သို့ ယုတ္တိမရှိသော ယူဆမှုမျိုး တွေးမိမည် မဟုတ်ပေ။ သို့သော်လည်း ယနေ့တွင် စိတ်ကူးကြည့်၍မရသော “အဖြစ်အပျက်” များစွာ ဖြစ်ပွားခဲ့သည်။ မဖြစ်နိုင်ဆုံးသော အရာသည်လည်း အဖြစ်နိုင်ဆုံး ဖြစ်သွားနိုင်၏။
[ ဝိညာဉ်လောင်မြိုက်ခြင်း ] ကို သက်ရောက်မခံရတာ တစ်ယောက်ပဲ ရှိတယ်။
အဲဒါက ကြယ်ကြွေတမန်ဓား အသိအမှတ်ပြုတာ ခံထားရတဲ့ ပိုင်ရှင်ပဲ။