အောင်နိုင်မှု
Vol. 37 Ch. 549
ချက်ချင်းပင် အိုဆိုင်ဒန် ရုတ်တရက် သဘောပေါက်သွားသည်။ ဒီအထင်က မှန်တယ်ဆိုရင် နှစ်ဖက်လုံးရှုံးမယ့်အခြေအနေက တကယ်တော့ ထောင်ခြောက်ပဲ။ ချန်လွေ့က သာမန်ဓားဒဏ်ရာကိုပဲ ခံစားခဲ့ရတယ်။ ပြီးတော့ ငါ့ခန္ဓာကိုယ်ထဲကနေ ဆုံးရှုံးသွားတဲ့စွမ်းအားက ကြယ်ကြွေတမန်ဓားပိုင်ရှင်၏ အားဖြည့်ပေးပြီးတော့ အားတိုးစေမှာပဲ။ ဒါကြောင့် ချန်လွေ့ရဲ့စွမ်းအားက အားနည်းသွားမှာ မဟုတ်ဘူး။ ပိုပြီးတော့ အစွမ်းထက်လာမှာ။ ငါက နောက်ဆုံးမျှော်လင့်ချက်နဲ့ အလဲအလှယ် လုပ်ဖို့အတွက် တိုက်ပွဲကို အချိန်ဆွဲချင်ခဲ့တာ။ ဒါပေမဲ့ ဒါက တစ်ဖက်လူရဲ့ လှည့်ကွက်ထဲ ကိုယ်တိုင် ထိုးဝင်သွားတာနဲ့ အတူတူပဲ။
ကြယ်ကြွေတမန်ဓားက ရှီရာရဲ့ လက်ထဲမှာပဲ တစ်ချိန်လုံး ရှိနေတာ မဟုတ်လား။ ရှီရာရဲ့ အကွာအဝေးနဲ့ ခုနက တုံ့ပြန်မှုကို ကြည့်ရတာ “အတူတူသေမယ့်” အဲဒီ ထိုးချက်ကို ထိန်းချုပ်တဲ့သူ မဖြစ်လောက်ဘူး။
ဒါက [ ဓားထိန်းချုပ်ခြင်း ] ပဲ ဖြစ်ရမယ်။ ကြယ်ကြွေတမန်ဓားရဲ့ နောက်ထပ် အင်္ဂါရပ်တစ်ခုပဲ။
အိုဆိုင်ဒန်၏ နှလုံးသားထဲ၌ နက်ရှိုင်းသော အင်အားမဲ့မှုတစ်ခု လှိမ့်တက်လာသည်။ သူ၏ဝိညာဉ်က ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး သူ၏စိတ် စတင် ဝေဝါးလာသည်။ “မင်းက တကယ်ပဲ ကြယ်ကြွေတမန်ဓားရဲ့ ..... ”
ကြယ်ကြွေတမန်ဓားတင် မဟုတ်ဘူး။ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနဲ့ ဒိုင်းကာ ......။ သူက ဘယ်လိုရန်သူမျိုးလဲ။
ယိုယွင်းနေတဲ့ အမှောင်လနယ်မြေက တကယ်ကြီး အင်ပါယာတစ်ခုလုံးကို ယှဉ်နိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာခဲ့တယ်.....
ငါက အင်ပါယာတစ်ခုလုံးရဲ့ အင်အားကို အသုံးချပြီးတော့ တိုက်ခိုက်တာတောင် ဒီလိုဖြစ်ခဲ့ရတယ်။ နဂိုက ငါပိုင်ဆိုင်တဲ့ အင်ပါယာက လက်ပြောင်းတော့မယ် ..... ။ ဒီတိုက်ပွဲကို နတ်ဆိုးဘုံ သမိုင်းကြောင်းမှာ မှတ်တမ်းတင်ခံရမှာပဲ။ ပြီးတော့ အိုဆိုင်ဒန် လူစီဖာဆိုတဲ့နာမည်က ရှက်စရာကောင်းတဲ့ အရှုံးသမား ဖြစ်လာလိမ့်မယ်။
လက်မခံနိုင်ဘူး။
“အတူတူ သေကြတာပေါ့။” အိုဆိုင်ဒန်က ဒေါသတကြီးနှင့် အော်လိုက်သည်။ မူလက အလွန်အမင်း ပါးလွှာသောပိုင်နက်က ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် သူ၏ အရောင်မှိန်နေသောမျက်လုံးထဲ၌ အားကောင်းသော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်သွားခဲ့သည်။
ချန်လွေ့ ထိတ်လန့်သွား၏ သူနှင့် အိုဆိုင်ဒန် ပတ်ပတ်လည်၌ ဖော်ထွင်းမြင်ရသော အကာအကွယ် ဒိုင်းကာတစ်ခု ပေါ်ထွက်လာ၏။
ကောင်းကင်မှ မီးတောက်အားလုံး ပျောက်ကွယ်သွားသည်ကို စစ်မြေပြင်မှ စစ်သည်အားလုံး တွေ့လိုက်ရသည်။ အိုဆိုင်ဒန်၊ ရှီရာနှင့် “အက်ဂ်ယော” တို့ ပြန်ပေါ်လာ၏။ ကြယ်ကြွေတမန်ဓားက အိုဆိုင်ဒန်၏ ရင်ဘတ်နှင့် သူ၏အနောက်မှ “အက်ဂ်ယော”ကို စိုက်ဝင်နေသည်။ သေချာသည်မှာ တော်ဝင်မင်းသမီးက အဆောင်ပစ္စည်းဖြင့် အသေစေနိုင်ဆုံးသော တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်ပြီ ဖြစ်သည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ရီဂျန့်အိုဆိုင်ဒန်၏ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ပေါက်ကွဲအားကြောင့် တော်ဝင်မင်းသမီး တုန်လှုပ်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
အကာအကွယ် ဒိုင်းကာဖြင့် ခြားထားသော်လည်း ပေါက်ကွဲမှုစွမ်းအားက ပြင်းထန်လွန်းလှသည်။ ရှီရာက နဂိုထိခိုက်မှုများအပြင် ဒဏ်ရာများ ပိုမိုပြင်းထန်စွာ ရရှိသွားခဲ့သည်။ သို့သော်လည်း သူက နာကျင်မှုကို လုံးဝ သတိထားမိဟန် မတူပေ။ သူက လေထဲသို့ ပျံသွားလိုက်ရာ ပုံရိပ်နှစ်ခု ပျောက်ကွယ်သွားသည်ကို မြင်လိုက်သည်။ ကြယ်ကြွေတမန်ဓား တစ်ခုတည်းသာ လေထဲ၌ ပေါလောပေါ်နေပြီး အလင်းရောင်များ တလက်လက် လက်နေ၏။
ရှီရာက သူ၏နှလုံးသားသည် အသူရာချောက်နက်ထဲ ကျသွားကြောင်း ခံစားလိုက်ရပြီး အနိုင်ရရှိသော ပျော်ရွှင်မှု လုံးဝမရှိတော့ပါ။ အရာအားလုံးက အဓိပ္ပာယ် မရှိတော့သလိုမျိုးပင် မည်သည့်အသံကိုမှ မကြားနိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် သူ၏ အကြီးမားဆုံးရန်သူ အဆုံးသတ်သွားပြီ ဖြစ်သည်။ ထိုရန်သူ မရှိတော့သည့်နောက်တွင် သူက အကြီးမားဆုံး အောင်နိုင်သူ ဖြစ်သွားလေပြီ။ သို့သော်လည်း ၎င်းတို့အားလုံးကို ပြန်ပြင်၍ ရနိုင်လျှင် သူက အရှုံးသမားသာ ဖြစ်ချင်သည်။
အင်ပါယာနှင့် “သူ့”ကို ရွေးချယ်ရာ၌ ဘဝတွင် တစ်ခုတည်းသော ပန်းတိုင်အဖြစ် ခမည်းတော်၏ နောက်ဆုံးဆန္ဒကို အမြဲပင်ဖြည့်ဆည်းခဲ့သော ရှီရာက ပထမဆုံး အကြိမ်အဖြစ် ဒုတိယတစ်ခုကို တုံ့ဆိုင်းမှုမရှိဘဲ ရွေးချယ်ပေလိမ့်မည်။ မြင်းနက်လေး၏ ကျောပေါ်ရှိ အိုလီဖီးရက်စ်ကို ပွေ့ဖက်ထားသော အစ်ဇဘယ်လာကလည်း ကြက်သေသေ နေ၏။ သွေးစွန်းနေသော မျက်နှာလွှားနောက်မှ မျက်လုံးများက ကောင်းကင်ကို စိုက်ကြည့်နေပြီးနောက် သူ၏အစိမ်းရောင်မျက်လုံးထဲ၌ သေဆုံးသွားသော မီးခိုးရောင် အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။
ပေါက်ကွဲမှုဘက်မှ အရောင်စုံ အလင်းများ ထွက်ပေါ်လာပြီး တလက်လက် ပုံရိပ်အဖြစ်သို့ စုစည်းသွားသည်။ သို့သော်လည်း ပျက်စီးနေသော ချပ်ကာက အရည်လဲ့နေပြီး ပျောက်ကွယ်သွားတော့မည့် လက္ခာဏာတစ်ခု ပြသနေသည်။
ရှီရာ၏ အစ်ဇဘယ်လာတို့၏မျက်လုံးများက တစ်ချိန်တည်းမှာပင် အရောင်တောက် သွားကြသည်။ ရှီရာက လူတိုင်း၏အကြည့်ကို ဂရုမစိုက်ဘဲ “ပြန်လည်ရှင်သန်လာသော” လူကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ လောကမှ အရာအားလုံး ပြန်လည် ရှင်သန်လာပြီး ဘဝသည် တက်ကြွမှုများ ပြန်လည်ပြည့်နှက်သွားသလို သူ ခံစားလိုက်မိသည်။ အမှန်တကယ် သေဆုံးသွားသော လူဆိုးတော့ မပါပေ။
“ကျုပ် အဆင်ပြေပါတယ်...။ အခု ဓားကို မြှောက်လိုက်....” ပင်ပန်းနေသော အသံတစ်သံက ရှီရာ၏နားထဲသို့ တိုးတိုးလေး ရောက်လာသည်။
ချန်လွေ့က ရှီရာ၏ လက်မောင်းထဲ၌ ကြာကြာနေရင် လိမ်ညာချင်သော်လည်း အချိန်မဟုတ်ကြောင်း သိသည်။
ကြယ်ကြွေတမန်ဓားက ရှီရာ၏လက်ထဲသို့ အလိုလို ပျံသန်းသွားသည်။ ရှီရာက ဆက်မမေးတော့ပေ။ သူက ချန်လွေ့ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားတစ်ဖက်ဖြင့် ဓားကို မြင့်မြင့်မြှောက်လိုက်သည်။ ထို့နောက် အဆောင်ပစ္စည်းက အရောင် တောက်ပသွားပြီး စစ်မြေပြင်တစ်ခုလုံး ဖုံးကွယ်သွားသည်။
စကားများ ထပ်ပြောစရာ၊ ခြိမ်းခြောက်စရာ မလိုအပ်ပေ။ ပထမဆုံး လက်နက်များ မြေပေါ်သို့ ကျသွားသော အသံနှင့် စတင်လာသည်။ ထို့နောက်တွင် ၎င်းက ကူးစက်သွားဟန် တူသည်။ လက်နက်ချသောအသံများ စစ်မြေပြင်ထဲ၌ အလျင်အမြန် ထွက်ပေါ်လာသည်။ အိုဆိုင်ဒန်၏ ဗဟိုစစ်တပ်မှ တော်ဝင်ဗိုလ်ခြေသည်ပင် ခြွင်းချက် မဟုတ်ပေ။
အဝေးမှ တောင်တန်း၌ -
အလွန်ကြီးမားသော လေဝဲတစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ ပုံရိပ် လေးခါးခု ပျံထွက်လာ၏။
ခေါင်းဆောင်မှာ စတေလာ ဖြစ်သည်။ သူ၏ အိုမင်းသော မျက်နှာက ပို၍ပင် ချောင်ကျနေပုံရသည်။ သူ့ကို ဒီစ်ဂျာရို၊ ဘာရိုကိုနှင့် အခြားသူများက ဝိုင်းရံထား၏။ အမှောင်လစစ်တပ်မှ ထိုနတ်ဆိုးအရှင်သခင်အဆင့်များအားလုံး အပြင်းအထန် ဒဏ်ရာရထားကြသည်။ အထူးသဖြင့် နဂါးစီးနင်းသူဗိုလ်ခြေတပ်မှူး ဆယ်လ်ဂါက သေလုနီးပါး ဖြစ်နေခဲ့သည်။ ကံကောင်းစွာပင် တစ်ယောက်မှ မသေခဲ့ပေ။
ခုနက စတေလာသည် အားလုံး၏စွမ်းအားကို စုစည်းပြီး အပေါက်တစ်ခု ပြုလုပ်ရန်အတွက် အသက်လောင်ကျွမ်းသောစွမ်းအားကို အသက်သွင်းခဲ့ခြင်းဖြစ်ပြီး ထိုထူးဆန်းသော စစ်မြေပြင်မှ လွတ်မြောက်သွားခဲ့သည်။
ထိုတိုက်ပွဲက အတော်လေး ဒေါသထွက်စရာကောင်းသည်။ ကံကောင်းစွာပင် ဆယ်လ်ဂါက အစွမ်းကုန်တိုက်ခိုက်ကာ ဘရိုကိုနှင့် ပူးပေါင်းပြီး မသေမျိုး ပီဂါဆက်ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ထို့နောက် ကျန်ရှိသောသူများက ပါ့ဂ်လီအိုနှင့် အခြားသူများကို ဝိုင်းရံနေကြစဉ် စတေလာက အက်ကြောင်းတစ်ခု ဖန်တီးပြီး အားလုံးကို ထွက်ပြေးရန် ဦးဆောင်ခဲ့သည်။
ရန်သူတစ်ယောက်ကျသွားသော်လည်း စတေလာ ပေးဆပ်ခဲ့ရသည်ကလည်း အတော်လေး များပြားလှသည်။ လူတိုင်း၏တိုက်ခိုက်ရေးစွမ်းအားက အနိမ့်ဆုံးအထိ ကျဆင်းသွားခဲ့သည်။ ထိုအခြေအနေ၌ သူတို့က အဆိပ်နဂါးနှင့် မြနဂါးတို့ကို အနိုင်မယူနိုင်တော့ပေ။ အဆိပ်နဂါး လိုက်မီလာလောက်ပြီ ဖြစ်သည်။ ထိူ့နောက်တွင် လွတ်လမ်းရှိမည် မဟုတ်တော့ပေ။
“နေပါဦး။ ဒါက ဘာကြီးလဲ။” ဒီစ်ဂျာရိုက တအံ့တသြနှင့် ပြောသည်။
စတေလာနှင့် အခြားသူများက အဝေးမှ ကွင်းပြင်လယ်ရှိ အလင်းရောင်ကို မြင်လိုက်ရသည်။ လူတိုင်း၏အမြင်ဖြင့် သူတို့က တော်ဝင်မင်းသမီး တစ်စုံတစ်ခုကို မြှောက်ထားကြောင်း မြင်နေရသည်။ အောက်ဘက်မှ မြေပြင်ပေါ်၌ အားလုံးနီးပါးက ခေါင်းငုံ့ပြီး ဒူးတစ်ဖက် ထောက်ထားကြသည်။
အိုဆိုင်ဒန် မရှိ၊ ခုခံမှု မရှိနေပေ။ အခြေအနေအားလုံးမှာ စီစဉ်ပြီး ဖြစ်သည်။
သူတို့နောက်တွင် ရုတ်တရက် ပြင်းထန်သော မတည်ငြိမ်မှုတစ်ခု ဖြစ်လာသည်။ စတေလာ နောက်လှည့်ကြည့်လိုက်ရာ ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့ ပေါ်ထွက် လာသည်ကို မြင်လိုက်ရသည်။ ထို့နောက် အဆိပ်နဂါး၏ ပြုံးဖြီးဖြီးအသံ ထွက်လာ၏။ “ကောင်မလေး။ မကြောက်ပါနဲ့။ ငါတို့တိုက်ပွဲ ပြီးသွားပြီဆိုတာ သေချာတယ်။”
နတ်ဆိုးအရှင်သခင်များက အချင်းချင်း ကြည့်လိုက်ရသည်။ ကောင်မလေးဟု အခေါ်ခံရသော စတေလာက ခါးသက်သက်နှင့် ပြုံးလိုက်သည်။ နောက်ဆုံး၌ သူက စွမ်းအားကို ပြန်လည်ရုတ်သိမ်းပြီး စစ်မြေပြင်သို့ တဖြည်းဖြည်း ပျံသန်းသွားသည်။
ထိုအချိန်၌ စစ်မြေပြင်အလယ်ရှိ နေရာလွတ်က လှိုင်းတွန့်များဖြင့် စတင် ပျက်ယွင်းလာသည်။ အက်ကြောင်းတစ်ခု ပွင့်သွားပြီး မျက်တွင်းချောင်နေသော ပုံရိပ်နှစ်ခု လျှောဆင်းလာသည်။
တစ်ယောက်မှာ ခန္ဓာကိုယ်ပေါ်၌ အစိမ်းရောင် လျှပ်စီးပွင့်များ ရှိနေပြီး ကိုယ်တုံးလုံး ဖြစ်လုနီးပါး ဖြစ်နေသော သူတောင်းစား ဝတ်စုံနှင့် အကောင်ကြီးကြီး ထိပ်ပြောင်ပြောင် ယောက်ျားတစ်ယောက် ဖြစ်သည်။ သူက တစ်ခါတစ်ရံ၌ ကြက်သီးထနေသည်။ အင်္ကျီ အကောင်းအတိုင်း ရှိနေသေးသော နောက်ထပ် အမျိုးသမီးတစ်ယောက် ရှိသည်။ သူ၏ နဂိုက နူးညံ့သောမျက်နှာက ရောင်ကိုင်းနေပြီး ဖျော့တော့နေသည်။ အဓိကအားဖြင့် သူ၏လက်ချောင်းများက အဆစ်လွဲနေသကဲ့သို့ပင် ပျော့ပျောင်းနေ၏။ ထိုအမျိုးသမီး၏ နဖူးပေါ်၌ ထူးဆန်းသော စိန်ပုံစံ အမှတ်အသားသုံးခု ရှိနေပြီး အိုလီဖီးရက်စ်နှင့် လုံးဝ အတူတူပင် ဖြစ်သည်။
နေရာလွတ်မှ ထွက်လာသည်နှင့် သူက တစ်ခုခုကို အာရုံခံမိသွားဟန် တူသည်။ မျက်တွင်းချောင်နေသော်လည်း အိပ်ပျော်နေသော အိုလီဖီးရက်စ်ကို ပွေ့ဖက်ထားသည့် အစ်ဇဘယ်လာရှိရာ မြင်းနက်လေးဘက်သို့ သူ တအံ့တသြနှင့် ကြည့်လိုက်သည်။
“အဲဒီကောင်မလေး....”
စကားပြောမပြီးသေးခင်မှာပင် လေထဲ၌ အေးစက်သော နှာမှုသံတစ်သံ ပေါ်ထွက်လာပြီးနောက် မျက်မှန်နှင့် မိန်းမလှတစ်ယောက် ရုတ်တရက် ပေါ်ထွက်လာသည်။
တစ်ချိန်တည်းမှာပင် အမျိုးသမီးပေါ်၌ အလွန်ကြီးမားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ အရည်လဲ့သော ဧရာမကောင်တစ်ကောင် ဖြစ်သည်။ ၎င်းက ထိုအမျိုးသမီးအား လက်သီးတစ်ချက်ဖြင့် လေထဲသို့ ပစ်ထိုးလိုက်သည်။ အောက်ပြန်ကျသည့်အခါ ၎င်းက အပြင်းအထန် တက်နင်းသည်။ တစ်ချက်...နှစ်ချက်...။ မြေပြင်က အဆက်မပြတ် တုန်ခါနေသည်။ ခဏအကြာ၌ အလွန်ကြီးမားသော လူသားပုံစံ တွင်းတစ်ခု ပေါ်ထွက်လာသည်။ ထိပ်ပြောင်ပြောင်နှင့် ယောက်ျားတစ်ယောက်က ဧရာမကောင်ကို တားဆီးချင်သော်လည်း မျက်မှန်နှင့် မိန်းမလှက လက်ထဲမှ မှော်ကြိမ်လုံးဖြင့် ချိန်လိုက်ရာ ထိုသူပေါ်ရှိ လျှပ်စီးပွင့်များက အကွေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ဇက်.....ဇက်...”
အသားမီးလောင်သော အနံ့တစ်ခု ထွက်လာပြီး ပျံသန်းလာကြသော နတ်ဆိုးအရှင်သခင်အချို့ ကြောက်လန့်သွားကြသည်။
ပြင်းထန်လွန်းတယ်။ ကြောက်စရာကောင်းလွန်းတယ်။ လုံးဝကို ခြယ်လှယ်တာပဲ။
ဧရာမနဂါးက ထိုမျက်မှန်နှင့် မိန်းမလှအား ယခင်က “အရူးမ”ဟု ခေါ်ရသည့် အကြောင်းရင်းကို အားလုံး နားလည်သွားကြသည်။ သို့သော်လည်း တစ်ယောက်မျှ ဘာမှ မပြောရဲကြပေ။
နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဧရာမနဂါးနှင့် နဂါးနက်တို့က ကွတ်ကီးများသဖွယ် ပြားချပ်သွားကြသည်။ လေဒြပ်စင်ကို ထိန်းချုပ်ရန် မွေးဖွားလာသော နဂါးပြာက [ မိုးကြိုး ] မှော်ပညာကြောင့် မီးသွေးအဖြစ်သို့ အမှန်တကယ် အဖုတ်ခံလိုက်ရ၏။ ဒါက သာမန် မှော်အတိုင်းအတာနဲ့ “သာမန်လူ”တွေထက်ကို ကျော်လွန်နေပြီ။ အဲ...ဒါက သာမန်နဂါးတွေအတွက်လည်း ကျော်လွန်နေတယ်။ သူ့ကို ဘယ်သူ အာခံရဲသေးလဲ။
အနက်ရှိုင်းဆုံး ခံစားနေရသည်မှာ ဆရာသခင် အဆိပ်နဂါး ဖြစ်သည်။ “၁ယောက် ၇ယောက်” (ကိုယ်တိုင်ယူဆ) တိုက်ခိုက်ခဲ့သော ကျေနပ်မှု လုံးဝ ကွယ်ပျောက်သွား၏။ သူက နောက်ထပ်ပြောရန် စိတ်ထဲ၌ရှိနေသော စကားကို ခက်ခက်ခဲခဲနှင့် မျိုချလိုက်ရသည်။ ဒီအရူးမကို ရဖို့အတွက် လူသားတစ်ယောက်က စတေးခဲ့တာ မဟုတ်ရင် ငါ့ရဲ့အဆုံးသတ်က ဒီနဂါးနှစ်ကောင်ထက်ကို ပိုပြီးတော့ အဆ၁၀၀ ဆိုးဝါးမှာပဲ။ တော်သေးတာပေါ့။ တော်သေးတယ်။
ခဏအကြာ၌ ဧရာမကောင်နှင့် မျဉ်းကွေး ပျောက်ကွယ်သွားသည်။ ထို့နောက် မျက်မှန်နှင့် မိန်းမလှ၏ အေးစက်သောအသံ ထွက်လာသည်။ “စကားပြောရဲဦးမယ်ဆိုရင် ထွက်သွားဖို့ မစဉ်းစားနဲ့တော့။ ကျွန်မက စမ်းသပ်ပစ္စည်းနှစ်ခုကို ရှာနေတာနဲ့ အတော်ပဲ။”
နဂါးပြာက ဆန်ပေါက်နေသော ကြက်တစ်ကောင်ကဲ့သို့ပင် အသည်းသန် ခေါင်းညိတ်လိုက်သည်။ သူက လူသားပုံစံတွင်းထဲသို့သွားပြီး နဂါးနက် ဂျူလီယာကို ပြန်ခေါ်ထုတ်ခဲ့သည်။ လူသားကွတ်ကီးအဖြစ် အနင်းခံခဲ့ရသော ဂျူလီယာက ရုန်းကန်ပြီး တစ်ခုခု ပြောချင်နေခဲ့သည်။ သို့သော်လည်း ဒန်နီရယ်က သူ၏ပါးစပ်ကို ပိတ်ထားလိုက်သည်။ နဂါးပြာက နောက်မလှည့်ရဲတော့ ထွက်ပြေးသွားတော့သည်။
မြို့တော်ညွန့်ပေါင်းစစ်တပ်မှ နတ်ဆိုးအရှင်သခင်အဆင့် ၇ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံး၌ ကြယ်ကြွေတမန်ဓား၏ တောက်ပနေမှုကို အရိုအသေ ပြုလိုက်သည်။ အိုဆိုင်ဒန်ကို အသိအမှတ်ပြုရန် အမြဲပင် ငြင်းဆန်နေခဲ့သော အဆောင်ပစ္စည်းက ရှီရာကို ရွေးချယ်ခဲ့သည်။ ထို့နောက် အင်ပါယာ၏ ဧကရီတစ်ယောက် မွေးဖွားလာတော့မည် ဖြစ်သည်။ သူတို့က အဆောင်ပစ္စည်းပိုင်ရှင်နှင့် အင်ပါယာစနစ်ကို အညံ့ခံရုံသာမက ရှီရာ၏လက်ထဲရှိ အင်အားကိုလည်း အညံ့ခံခဲ့လေသည်။
ရှီရာ၏ ပြတ်သားသော အသံက စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ “အာဏာလုယက်သူကို အဆောင်ပစ္စည်းရဲ့ဆန္ဒနဲ့ သုတ်သင်ပြီးပြီ။ အင်ပါယာကလည်း ဘဝအသစ် ပြန်စတော့မှာ။ အလှည့်စားခံခဲ့ရတဲ့ အိုဆိုင်ဒန်ရဲ့ နောက်လိုက်တွေ အားလုံးကို ခွင့်လွှတ်ပေးမယ်လို့ အဆောင်ပစ္စည်းရဲ့နာမည်ရဲ့ ကျွန်မ ရှီရာလူစီဖာ ကျိန်ဆိုတယ်။ ကျွန်မက ရှင်တို့နဲ့ ကြယ်ကြွေတမန်အင်ပါယာတစ်ခုလုံးကို စစ်မှန်တဲ့ ကြွယ်ဝမှုနဲ့ ခွန်အားတွေ ရရှိတဲ့အထိ ဦးဆောင်ပေးသွားမှာပါ။”
စစ်သည်များ မတ်တပ်ရပ်ပြီး အော်ဟစ်လိုက်ကြသည်။ အတိတ်ကို ခွင့်လွှတ်ကြောင်း ရှီရာ၏ ကျိန်ဆိုမှုက ထိုသူများကို စိတ်သက်သာရာ ရသွားစေသည်။ အားလုံး သိနေကြပြီဖြစ်သော အမှောင်လ၏စွမ်းအားနှင့် ခံ့ညားထည်ဝါမှုတို့က လော့ဒ်များနှင့် စစ်သည်များကို ကြယ်ကြွေတမန်အင်ပါယာတစ်ခုလုံးအား ရှီရာ၏ အုပ်ချုပ်မှုအောက်တွင် ချမ်းသာကြွယ်ဝမည့်လမ်းကြောင်းသို့ ဦးဆောင်ပေးနိုင်မည်ဟု ယုံကြည်သွားစေသည်။
ဂျို့ရှ်နှင့် ရည်ရွယ်ချက်ရှိသော လူအချို့ကြောင့် “ဧကရီ သက်ရှည်ပါစေ” ဟူသော ဆောင်ပုဒ်များကို ရွတ်ဆိုနေကြသည်။ တရားဝင်နန်းတက်ပွဲ မရှိသော်လည်း စစ်သည်များ၏ နှလုံးသားထဲ၌ ရှီရာ ကြယ်ကြွေတမန်အင်ပါယာ၏ အငြင်းပွားစရာ မရှိသော အုပ်ချုပ်သူပင် ဖြစ်လေသည်။
ကြယ်ကြွေတမန်ဓား၏ အလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ရှီရာက ချန်လွေ့ကို ကိုင်ထားပြီး မြေပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် ရှီရာက လျို့ဝှက်နည်းလမ်းတစ်ခု အသုံးပြုလိုက်ရာ ကြယ်ကြွေတမန်ဓား ရုတ်တရက် ပျောက်ကွယ်သွားသည်။ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို ဖယ်ရှားလိုက်သော ချန်လွေ့က ရှင်းပြရန် အချိန်မရှိသလို အားလည်း မရှိခဲ့ပေ။ လေးလံသော မျက်လုံးများကို ထိန်းထားရင်း သူက ရှီရာကို ငေးကြည့်လိုက်ရာ ရှီရာက အသာလေး ခေါင်းညိတ်သည်။ အပြန်အလှန် နားလည်သဘောပေါက်မှုတွင် စကားပြောစရာ မလိုအပ်ပေ။
မြင်းနက်လေးရောက်လာပြီး ချန်လွေ့အား ၎င်း၏မျက်နှာဖြင့် ချစ်ခင်စွာ ပွတ်သပ်လိုက်သည်။ ချန်လွေ့ကလည်း ၎င်း၏ခေါင်းကို ပုတ်လိုက်သည်။ အိုလီဖီးရက်စ်ကို ပွေ့ထားသော အစ်ဇဘယ်လာက မနီးမဝေးတွင် ရပ်နေပြီး တိတ်တိတ်လေး ကြည့်နေခဲ့သည်။ သူက ချန်လွေ့နားသို့ မချဉ်းကပ်သွားခဲ့ပေ။ ချန်လွေ့က ညင်သာသော အကြည့်တစ်ခုကို ခံစားမိလိုက်ပြီး သူ့ထံ ချဉ်းကပ်ချင်သော်လည်း နတ်မိမယ်နဂါး ဇိုလာက ချန်လွေ့နားတွင် ပေါ်ထွက်လာသည်။ သူက ချန်လွေ့၏လက်မောင်းကို ကိုင်လိုက်ပြီး သူတို့နှစ်ယောက်က နေရာလွတ်မတည်ငြိမ်မှုတစ်ခုနှင့်အတူ ပျောက်ကွယ်သွား၏။
ထိုအချိန်၌ အနီးနား၌ အသံယဲ့ယဲ့လေးတစ်သံ ထွက်လာသည်။ “တောက်။ ဘယ်မျိုးမစစ်ကောင်က ငါအိပ်နေတုန်း ငါ့ဖင်ကို လာထိုးတာလဲ။ ငါ သိရင်တော့ .... ”
“ဒေါက်...” သူ၏ခေါင်းပေါ်သို့ ပြင်းထန်သော ခေါက်ချက်တစ်ချက် ရောက်လာပြီး ဆရာသခင်က နောက်ပြန်လှည့်ကာ အော်ရန်ပြင်လိုက်သည်။ ၎င်းမှာ ကြောက်မက်ဖွယ်ရာ မျက်နှာထား ဖြစ်နေသော မဒမ်အဒေါ် ဖြစ်ကြောင်း တွေ့လိုက်ရာ သူက အလျင်အမြန်ပင် ပါးစပ်ကို ပိတ်ထားလိုက်သည်။