အညံ့ခံသူများကို လက်ခံခြင်း
Vol. 37 Ch. 551
မယုံနိုင်စရာကောင်းသော ပြင်းထန်သည့် ညတစ်ည ကုန်ဆုံးသွားခဲ့သည်။ မနက်စောစော၌ ချန်လွေ့ အမှောင်လ၏ နန်းတော်အရှေ့တွင် ပေါ်ထွက်လာသည်။
အမှောင်လမှ ချန်လွေ့ ထွက်သွားပြီးနောက် လိပ်ပြာနီစစ်ပွဲမှ ပြန်ရောက်လာသော ဒိုဒိုသည် သခင်ဖြစ်သူ၏ မျက်နှာနှင့် အေးအေးဆေးဆေး စတင် အလုပ်လုပ်ခဲ့သည်။ ဒေလီယာ၏ အမိန့်အောက်တွင် သူက ဘဏ္ဍာရေးအရာရှိ၏ ရိုးရှင်းသော တာဝန်အချို့ကို ပြီးစီးနိုင်ခဲ့သည်။ ဟာကွက်များ မပေါ်သွားရသည့် အဓိကအကြောင်းရင်းမှာ လူတိုင်းက ရှေ့တန်းရှိ မြို့တော်စစ်တပ်နှင့် အမှောင်လစစ်တပ်ကြား တိုက်ပွဲကိုသာ အာရုံစိုက်နေသည့် အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် ကုန်သည်အများအပြားက ရွှေ့ပြောင်းသွားကြပြီး လုပ်စရာ အများအပြား မရှိခဲ့ပေ။
အမှောင်လ၏ အောင်နိုင်မှုက လူတိုင်းကို လှုံ့ဆောင်ပေးနိုင်ခဲ့သည်။ ရီဂျန့်ဟောင်း အိုဆိုင်ဒန်ကို ကြယ်ကြွေတမန်ဓားဖြင့် ကွပ်မျက်ပြီးနောက် တော်ဝင်မင်းသမီး ရှီရာက ကြယ်ကြွေတမန်အင်ပါယာ၏ အုပ်ချုပ်သူ ဖြစ်လာမည်ဖြစ်ကြောင်း လူတိုင်း သိကြသည်။ အမှောင်လမှ မြို့တော်သို့ ရွှေ့ပြောင်းပြီး ဧကရီအဖြစ် နန်းတက်ရန်မှာ အနှေးနှင့် အမြန်သာ ဖြစ်ပေသည်။ ဧကရီ ရှီရာ၏ ဦးမော့ခြင်း အခြေခံဖြစ်သော အမှောင်လက ဂရုတစိုက်နှင့် ဦးစားပေး အပြုအစု အတော်များများ ရရှိမည်မှာ သေချာပေသည်။
နယ်မြေဆက်ခံသူ ကိစ္စကလည်း အာရုံစိုက်စရာတစ်ခု ဖြစ်ခဲ့သည်။ ယခုတွင် အမှောင်လသည် အင်ပါယာ၏ အကြွယ်ဝဆုံး နယ်မြေ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က လော့ဒ် ဖြစ်သွားလျှင် အကျိုးအမြတ်များမှာ ပြောစရာပင် မလိုအပ်ပေ။ အချို့အလားအလာရှိသော ဆက်ခံသူများက ထိုနေရာကို မျက်စိကျလာပြီး အနာဂတ်၌ ဧကရီအရှင်မ၏ ယုံကြည်မှု ရရှိရန်အတွက် ရှီရာအရှေ့၌ လှုပ်ရှားလာကြသည်။ အမှောင်လ တော်ဝင်မိသားစုများကလည်း အနီးကပ် အာရုံစိုက် နေကြသည်။ အုပ်ချုပ်သူ အပြောင်းအလဲက ဝန်းကြီးများကို အပြောင်းအလဲ ဖြစ်စေလိမ့်မည်။ အာဏာနှင့် အဆင့်အတန်း ဆုံးရှုံးသွားမည်ကို မည်သူမှ မဖြစ်ချင်ကြပေ။ ထိုစဉ် ပြည်သူများက အသက်ရှင်နေထိုင်ရေးအတွက် စိုးရိမ်နေကြသည်။ အမှောင်လ၌ ရှီရာ၏ ဂုဏ်သြဇာက အလွန်အမင်း မြင့်မားလှသည်။ အမှောင်လက သူ၏ အုပ်စိုးမှု အောက်တွင် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီး လက်ရှိကြွယ်ဝမှုနှင့် ခွန်အားများ ရရှိခဲ့သည်။ လော့ဒ်အသစ်က အမှောင်လ၏ ကြွယ်ဝချမ်းသာမှုကို ဆက်လက်၍ ထိန်းသိမ်းထားနိုင်ရန်အတွက် ပြည်သူများ မျှော်လင့်နေကြသည်။
သို့ရာတွင် ယခုတွင် ရှီရာက မြို့တော်သို့သွားပြီး ထီးနန်းမတက်ရသေးပေ။ သူက အမှောင်လ၏လော့ဒ် ဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ထိုအာရုံစိုက်မှုနှင့် လှုပ်ရှားမှုများအားလုံးကို လျို့ဝှက်ပြီး ပြုလုပ်ရပေမည်။ ရှီရာ၏ အယုံကြည်ရဆုံး လူသားဘဏ္ဍာရေး အရာရှိ၊ နတ်ဆိုးဘုံ၏ နာမည်ကျော် အတွင်းရေးဝန်ကြီး ဖြစ်သည့် အတွက် ချန်လွေ့က အင်ပါယာ၏ အနာဂတ် ဘဏ္ဍာရေးဝန်ကြီးတစ်ယောက် ဖြစ်လာပေမည်။ ချန်လွေ့ အိပ်ပျော်နေစဉ် အစားထိုးအဖြစ် သရုပ်ဆောင်နေသော ဒိုဒိုက ဖိတ်ခေါ်မှုများနှင့် ရင်းနှီးသော အမူအရာများ လက်ခံရရှိခဲ့သည်။ သူက အမှန်တကယ်ပင် ရှီရာ၏ အောင်မြင်မှု အားသာချက်ကြောင့် နာမည်ကျော်တစ်ယောက် ဖြစ်လာလေသည်။
အမှောင်လနန်းတော်၏ အစောင့်များမှာလည်း ကြီးကြီးမားမား ပြောင်းလဲသွား၏။ မူလ သွေးနီဗိုလ်ခြေအပြင် မြို့တော်မှ အိုဆိုင်ဒန် ခေါ်လာခဲ့သော အင်ပါယာအစောင့် အချို့လည်း ရှိနေသည်။ ၎င်းမှာ အညံ့ခံခဲ့သော မြို့တော်စစ်တပ်ကို ရှီရာ ပြသသည့် အပြုအမူတစ်ခု ဖြစ်ပေသည်။
ချန်လွေ့က ယခင်ကအတိုင်း ရှီရာကို ချက်ချင်းမတွေ့ဘဲ ကောင်စီခန်းမ၌ တစ်နာရီကြာ စောင့်ဆိုင်းပြီးမှသာ အင်ပါယာ၏ အုပ်ချုပ်သူ အလောင်းအလျာကို တွေ့ရှိခဲ့ရသည်။
ရှီရာ၏မျက်နှာက အနည်းငယ် ပင်ပန်းနေသော်လည်း သူ၏မျက်လုံးများက အရောင်ဖျော့ဖျော့ တောက်ပနေသည်။ သူ၏နောက်တွင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော မှော်ပညာရှင် စတေလာ ရှိနေသည်။ ရှီရာက ဒဏ်ရာများ သက်သာသွားပြီဖြစ်ကြောင်း ချန်လွေ့ ပြောနိုင်သည်။ ယခုတွင် သူ၏ နတ်ဆိုးအရှင်သခင် အဆင့် စွမ်းအားများ အလွန်တည်ငြိမ်သွားပြီ ဖြစ်သည်။ ရေးရေးလေး ထုတ်လွှတ်နေသည့် ပိုင်နက်စွမ်းအားကလည်း အတော်လေး ခိုင်မာနေသည်။ ပြောရမည်ဆိုလျှင် ထိုအဆင့် ရောက်ရှိရန်အတွက် အနည်းဆုံး သုံးလေးလခန့် လိုအပ်လှသည်။ ရှီရာတွင် စူပါစနစ်က ထောက်ပံ့ပေးသော လေ့ကျင့်ရေးကွင်း မရှိပေ။ ထိုကဲ့သို့ အဆင့်အသစ်ကို ခပ်မြန်မြန် တည်ငြိမ်အောင် ပြုလုပ်နိုင်ခြင်းမှာ အံ့သြဖွယ်ရာတစ်ခုပင် ဖြစ်၏။
အမှန်တကယ်၌ ယခင်နေ့ရက်များ၌ စတေလာကဲ့သို့ မြို့တော်မှ နတ်ဆိုးအရှင်သခင်အဆင့်များက စွမ်းအားအသုံးချပြီး သူ့ကို ကုသရန်နှင့် အဆင့်ကို နားလည်သဘောပေါက်ရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ဧကရီအရှင်မအတွက် အပြုအစုမှာ တော်ဝင်မင်းသမီး ယှဉ်နိုင်သည်နှင့် ဝေးကွာလွန်းလှသည်။ ဧကရီ၏စွမ်းအားကို တိုးမြှင့်ပေးသည့်အပြင် မြို့တော်မှ နတ်ဆိုးအရှင်သခင်များက အကြီးအကဲများနှင့် တော်ဝင်မိသားစုများကိုယ်စား သစ္စာတရားကို ပြသရန်အတွက် ထိုသို့ ပြုလုပ်ခဲ့ခြင်းပင်။
“မင်းသမီး....” ချန်လွေ့က စတေလာအရှေ့တွင် ဟန်ဆောင်နေရသေးသည်။
“ချန်လွေ့။ မြို့တော် အကြီးအကဲမိသားစုရဲ့ ထိပ်တန်း မှော်ပညာရှင် မဒမ်-စတေလာဒန်စ်ကို လာတွေ့လိုက်ပါဦး။” ရှီရာက ထီးနန်းမတက်ရသေးပေ။ ထို့ကြောင့် သူက စတေလာအတွက် ရိုသေသော နာမည်တစ်ခုကို အသုံးပြုခဲ့သည်။
“မဒမ်-စတေလာ။” ချန်လွေ့က စတေလာကို အရိုအသေပြုလိုက်သည်။
စတေလာလည်း နတ်ဆိုးဘုံ၌ အတွင်းရေးအရာရှိအဖြစ် နာမည်ကျော်ကြားသော ထိုလူသားအကြောင်း အနည်းငယ် သိချင်နေခဲ့သည်။ သူက ပြန်လည်၍ ခေါင်းညိတ်သည်။
ရှီရာက ပြောလိုက်သည်။ “မဒမ်-စတေလာ။ ရှင်က ဒီနေ့ရက်တွေမှာ အလုပ် ကြိုးစားနေခဲ့တာပဲ။ အရင်ဆုံး အနားယူလိုက်ပါဦး။”
“ကောင်းပါပြီ။ မင်းသမီးရဲ့ နတ်ဆိုးအရှင်သခင်အဆင့်က လုံးဝ တည်ငြိမ်လုနီးပါး ဖြစ်နေပြီ။ အနာဂတ်မှာ အလတ်ပိုင်းကို အဆင့်တက်ဖို့အတွက်ဆိုရင် အများကြီး ပိုပြီး ချောမွေ့လိမ့်မယ်။ အဲဒါကို သဘောပေါက်ဖို့အတွက် အခိုက်အတန့်ကို ဆုပ်ကိုင်ဖို့ မမေ့ပါနဲ့။” ချန်လွေ့က အမှောင်လအဖွဲ့၏ ပင်မအဖွဲ့ဝင်တစ်ယောက် ဖြစ်ကြောင်း စတေလာ သိသည်။ ရှီရာက သူနှင့် တစ်ခုခု ဆွေးနွေးစရာ ရှိရပေမည်။ ထို့ကြောင့် သူက အသာလေး ဦးညွှတ်ပြီး ထွက်သွားလိုက်သည်။
စတေလာ ထွက်သွားပြီးနောက် ချန်လွေ့က ကြယ်ကြွေတမန်ဓား အကြောင်းကို ရှင်းပြရန် ပြင်လိုက်သည်။ ရှီရာက ချန်လွေ့ကို ကျောခိုင်းပြီး လမ်းလျှောက် ထွက်သွားသည်။ “ငါ့နောက်လိုက်ခဲ့။”
သူတို့နှစ်ယောက်က နန်းတော် အတွင်းထဲသို့ လမ်းလျှောက်နေခဲ့သည်။ သို့သော်လည်း တစ်စုံတစ်ယောက်၏ ဆိုးရွားသော ဆုတောင်းအတိုင်း အိပ်ယာထဲသို့ သွားနေခြင်း မဟုတ်ဘဲ လျို့ဝှက်အကျဉ်းထောင်သို့ ဖြစ်နေသည်။ ယခုတစ်ခေါက်မှာ လျို့ဝှက်အကျဉ်းထောင်ထဲ၌ ဖောက်ပြန်ရန်မဟုတ်ဘဲ အတွင်းထဲမှ အရေးကြီးသော အကျဉ်းသားများအတွက် ဖြစ်သည်။
လျို့ဝှက်အကျဉ်းထောင်ထဲ၌ ဆာရန်ဒီ၊ ဂရန့်နှင့် ရိုမတီ ဟူသော အကျဉ်းသား သုံးယောက်ရှိသည်။
ဆာရန်ဒီက လူစီဖာတော်ဝင်မိသားစုဝင် ဖြစ်ပြီး နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်ကာ လော့ဒ်-သန်းခေါင်နေ၏ တစ်ဦးတည်းသော တပည့် ဖြစ်သည်။ သူက အမှောင်လ၏ အမှောင်နတ်ဆိုးသို့ အလစ်တိုက်ခိုက်ပြီး ဌာနတစ်ခုလုံးကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်။ သူက လူသား ဘဏ္ဍာရေးအရာရှိဖြစ်သူ ချန်လွေ့ကိုပင် ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ သို့သော်လည်း နောက်ပိုင်း၌ သူ့ကို အဆိပ်နဂါး ပါ့ဂ်လီအိုက ဖမ်းခဲ့သည်။
ဂရန့်က အင်ပါယာ၏ တတိယဗိုလ်ချုပ်ဖြစ်ပြီး နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းဖြစ်ကာ အိုဆိုင်ဒန် ကိုယ်တိုင် ရာထူးတိုးပေးထားသော အရည်အချင်း ထူးချွန်သည့် တပ်မှူးကောင်းတစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူက အရည်အချင်း ရှိကြောင်း သိသော်လည်း အိုဆိုင်ဒန်က သူ့ကို အသုံးပြုရန် သဘောထား မကြီးခဲ့ပေ။ ဂရန့်က မနာလိုမှု၏ အပြစ်သား ဖြစ်ခဲ့ရသည်။ ထို့နောက် သူက အမှောင်လ၏ အနောက်ဘက်သို့ အလစ်တိုက်ခိုက်ရန် အကြံပြုခဲ့သည်။ ကံဆိုးစွာပင် အကြီးမားဆုံး သူလျှိုဖြစ်သော ဂျို့ရှ်က သတင်းကို ပေါက်ကြားစေခဲ့ရာ ဂရန့်က အသီနာ၊ လိုကီနှင့် ပြိဿတို့၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အဖမ်းခံခဲ့ရလေသည်။
ရိုမတီက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်သော မိုးပျံတိမ် ဗိုလ်ခြေမှ တပ်မှူး ဖြစ်သည်။ သူက လေးပညာနှင့် လေကြောင်းတိုက်ခိုက်ရေး၌ ထူးချွန်သည်။ သူက ပယ်လောနောက်လိုက်ပြီး ဒိုကိုမြို့ကို ချောင်းမြောင်းတိုက်ခိုက်စဉ် အမှောင်လစစ်တပ် အနောက်သို့ ပထမညွန့်ပေါင်းဗိုလ်ခြေဖြင့် လိုက်ခဲ့သည်။ အဆုံး၌ သူက အလစ် တိုက်ခိုက်ခံရပြီး ခရိုဘဲလက်စ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ရှီရာတွင် မေးခွန်းထုတ်စရာမရှိသော အင်ပါယာကို ဆက်ခံနိုင်ခွင့် ရှိသော်လည်း သူ ဧကရီ ဖြစ်သွားသည့်တိုင် ခုခံမှုများနှင့် အခက်အခဲ အမျိုးမျိုး ကြုံတွေ့ရမည်မှာ သေချာပေသည်။ သစ္စာရှိမှုနှင့် စကားပြောခွင့်မှာလည်း ထိုအတိုင်းပင် ဖြစ်သည်။ ရှီရာက ကိုယ်ပိုင်အဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းရမည် ဖြစ်သည်။ ထိုသုံးယောက်က အတော်လေး ထူးချွန်သော အရည်အချင်းများ ရှိကြသည်။ ခွန်အား၌ဖြစ်စေ၊ စွမ်းရည်ဖြစ်စေ၊ စစ်တပ်နှင့် အင်ပါယာရှိ လွှမ်းမိုးမှု၌ဖြစ်စေ၊ အတော်လေး ထူးချွန်ကြသည်။ သူတို့က အမှန်တကယ် အညံ့ခံခဲ့လျှင် ကြယ်ကြွေတမန်အင်ပါယာကို အုပ်စိုးရန် ရှီရာအတွက် လက်များ ဖြစ်လာမည်မှာ သေချာပေသည်။
“ဦးရီးတော် ဆာရန်ဒီ...” ရှီရာက ဆာရန်ဒီ၏ အကျဉ်းခန်းသို့ ရောက်လာသည်။ “ကျွန်မတို့ လောင်းကြေးထပ်ထားတာကို ကြိုပြီးတော့ ဖြည့်ဆည်းလို့ရပြီ ထင်တယ်။”
ဆာရန်ဒီက အမှောင်လကို တိတ်တိတ်လေး ဂရုစိုက်ပေးနေခဲ့ပြီး ဂါရမ်းနှင့် သူ၏ သမီးတော်ကို ကာကွယ်ပေးနေခဲ့သည်။ အင်ပါယာ၏ အခြေအနေကြောင့်သာ အမှောင်လကို သူ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အစပိုင်း၌ သူက ရှီရာနှင့် အလောင်းအစား ပြုလုပ်ခဲ့သည်။ အကယ်၍ ရှီရာက အိုဆိုင်ဒန်ကို ၁၀နှ်စအတွင်း အနိုင်ယူနိုင်ခဲ့လျှင် ဆာရန်ဒီက လုံးဝ အညံ့ခံမည် ဖြစ်သည်။ သို့မဟုတ်ပါက ရှီရာက မြို့တော်၏ အကျိုးကို ရှေးရှုပြီး မြို့တော်ကို အညံ့ခံရပေမည်။
“မင်းသမီး ရှီရာ...” ဆာရန်ဒီ မတ်တပ်ရပ်လိုက်သည်။ ယခင်နေ့ရက်များက သူက ရိုမတီနှင့် ဂရန့်တို့ထံမှ အမှောင်လကို အိုဆိုင်ဒန် တိုက်ခိုက်သည့်အကြောင်း သိခဲ့ရသည်။ သူက လရောင်ခံတပ်တိုက်ပွဲ၊ ဒီကိုမြို့တိုက်ပွဲနှင့် ဝါလန်ခံတပ်ကို ဂရန့် အလစ်တိုက်ခိုက် ခဲ့ခြင်း အပါအဝင် ရှုံးနိမ့်ခဲ့ရသော တိုက်ပွဲများအကြောင်းကိုသာ ကြားခဲ့ရသည်။ လီသ် တောနက်ထဲမှ အဆုံးအဖြတ်တိုက်ပွဲအကြောင်း သူ မသိခဲ့ရပေ။
ထိုအချိန်တွင် လျို့ဝှက်အကျဉ်းခန်းထဲ၌ ပြင်းထန်သော အေးစက်မှုတစ်ခု ဖြစ်လာသည်။
ရှီရာအရှေ့၌ လွင့်ပျံနေသော ဓားကိုကြည့်ရင်း ဆာရန်ဒီ၊ ဂရန့်နှင့် ရိုမတီတို့အားလုံး ထိတ်လန့်သွားကြပြီး တစ်ပြိုင်နက်တည်း လွှတ်ခနဲ ပြောလိုက်ကြသည်။ “ကြယ်ကြွေတမန်ဓား...”
ထိုအဆောင်ပစ္စည်းက နှစ်ပေါင်း၃၀၀ကျော်ကြာအောင် အိုဆိုင်ဒန်ကို အသိအမှတ် မပြုခဲ့ကြောင်း သူတို့အားလုံး သိကြသည်။ သူက လျို့ဝှက်အလုံပိတ်ခန်း၌ ခဏခဏ စမ်းကြည့်ခဲ့ရသည်။ ယခုတွင် အိုဆိုင်ဒန်ကို ငြင်းဆန်ခဲ့သော ထိုဓားက ရှီရာ အနီးတွင် ပေါ်ထွက်လာနေပြီး ၎င်းက လော့ဒ်-သန်းခေါင်နေ၏ မြေးတော်ကို အသိအမှတ် ပြုနေဟန် တူသည်။
ဂရန့်က ပထမဆုံး တုံ့ပြန်ပြီး မေးလိုက်သည်။ “မင်းသမီး။ အိုဆိုင်ဒန် ရှုံးနိမ့်သွားပြီလားဆိုတာ ကျုပ် သိချင်တယ်။”
ရှီရာ ခေါင်းညိတ်ပြီး ပြောသည်။ “သူက အဆောင်ပစ္စည်းရဲ့ ဒဏ်ခတ်မှုအောက်မှာ သေဆုံးသွားခဲ့တယ်။ ပြီးတော့ မြို့တော်စစ်က အညံ့ခံလိုက်ပြီ။”
ဂရန့် ထိတ်လန့်သွားခဲ့သည်။ သူက ကိစ္စအများကြီးကို တွေးမိခဲ့ပြီးနောက် မုန်တိုင်းထန်သောလှိုင်းများက သူ၏နှလုံးသားထဲ၌ လှိမ့်တက်လာသည်။ တကယ်လို့ အိုဆိုင်ဒန်က အဆောင်ပစ္စည်းကြောင့် သေသွားတာဆိုရင် အဆောင်ပစ္စည်းက ရှီရာရဲ့ လက်ထဲကို အရင်ဆုံး ရောက်ရမယ်။ ဒါဆိုရင် မြို့တော်လည်း ....
ဆာရန်ဒီ၏ မျက်လုံးက ပြင်းထန်သော အမူအရာတစ်ခု ပြသလိုက်သည်။ ရှီရာ ဝင်လာစဉ်က ပြောခဲ့သော စကား၏ အဓိပ္ပာယ်များကို နောက်ဆုံး၌ သူ သဘောပေါက် သွားသည်။ သူ၏မျက်နှာ အံ့အားသင့်သွားပြီး ခံစားချက်များ ပြည့်နှက်သွား၏။
စိတ်သက်သာရာရမှုနှင့် ခံစားချက်အမျိုးမျိုးက သူ၏မျက်နှာအပေါ်တွင် ဖြတ်ပြေးသွားလေသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ဒူးတစ်ဖက် ထောက်လိုက်သည်။ “အဆောင်ပစ္စည်းအရှေ့မှာ ကျုပ် ဆာရန်ဒီလူစီဖာက ဧကရီ အရှင်မရဲ့ လက်ထဲမှာ ဓားရှည်တစ်လက် အနေနဲ့ လမ်းမှာရှိတဲ့ ရန်သူတွေ အားလုံးကို သတ်ပစ်ပေးမယ်လို့ ကျိန်ဆိုပါတယ်။ သေသေရှင်ရှင် ဂရုမစိုက်ပါဘူး။”
ဆာရန်ဒီက “မင်းသမီး”ဟူသောဘွဲ့ကို အသုံးမပြုခဲ့ဘဲ “ဧကရီအရှင်မ”ဟု အသုံးပြုခဲ့သည်။ သူက စိတ်ပြတ်သားမှုကို ပြသနေခြင်း ဖြစ်သည်။ ချန်လွေ့က အလျင်အမြန် ရှေ့တက်လာပြီး လျို့ဝှက်အကျဉ်းထောင်ကို ဖွင့်ပေးလိုက်သည်။ ဆာရန်ဒီ မထသေးဘဲ ဒူးထောက်လျက်သာ ရှိနေသည်။
“ဆာရန်ဒီလူစီဖာ။ ရှင့်ရဲ့ ရဲရင့်မှုနဲ့ သစ္စာရှိမှုက အင်ပါယာ ကြွယ်ဝချမ်းသာဖို့အတွက် အရေးအပါဆုံး ထောက်တိုင်တစ်ခု ဖြစ်လာမှာပါ။” ရှီရာက ဆာရန်ဒီ၏ ပုခုံးပေါ်၌ ကြယ်ကြွေတမန်ဓားကို အသာလေး တင်လိုက်မှသာ ဆာရန်ဒီ ထလာသည်။
ခုနက တရားဝင် သစ္စာဆိုခြင်း ဖြစ်သည်။ ရှီရာ ထပ်ပြောသည်။ “ဦးရီးတော် ဆာရန်ဒီ။ အခုကစပြီးတော့ ကျွန်မကို အကူအညီပေးပါ။”
ချန်လွေ့ ပြုံးလိုက်ပြီး ဆာရန်ဒီကို အရိုအသေပြုသည်။ ဆာရန်ဒီက ခေါင်းပြန်ညိတ်ပြီး ရှီရာကို ဦးညွှတ်လိုက်သည်။
မင်းသမီးဟု ပြန်လည်ခေါ်လိုက်သော်လည်း လူတိုင်းက အပြန်အလှန် နားလည်ကြသည်။ ဗိုလ်ချုပ်ဂျော့ချ်အပြင် ယခုတွင် ရှီရာက နောက်ထပ် အရေးပါသော လက်အောက်ခံတစ်ယောက် ရှိနေပြီ ဖြစ်သည်။ သူက ရိုးရှင်းသော ထောက်ပံ့သူ တစ်ယောက်မဟုတ်ဘဲ သစ္စာခံတစ်ယောက်ပင်။
ဆာရန်ဒီက ဂရန့်နှင့် ရိုမတီတို့ကို ပြောလိုက်သည်။ “မင်းသမီးရှီရာက အိုဆိုင်ဒန်ကို အနိုင်ယူပြီးတော့ အင်ပါယာရဲ့ စစ်မှန်တဲ့ အုပ်ချုပ်သူ ဖြစ်လာခဲ့ပြီ။ မင်းတို့က ချင့်ချိန်တတ်တဲ့ သူတွေပဲ။ ဒီရက်တွေမှာ ငါတို့ အများကြီး ဆွေးနွေးခဲ့တယ်။ ထပ်ပြောစရာ မလိုတော့ဘူး မဟုတ်လား။”
ရိုမတီက သစ္စာခံခြင်းကို ဦးဆောင်လိုက်သည်။ ဂရန့်က ခဏစဉ်းစားပြီး ပြောသည်။ “ကျုပ် ဇဝေဇဝါဖြစ်နေတာ နှစ်ခုကို ရှင်းလင်းပေးစေချင်ပါတယ်။ ”
“ပြောပါ။” ရှီရာ ခေါင်းညိတ်လိုက်ပြီး ရိုမတီကို လွှတ်ပေးရန် ချန်လွေ့ကို အချက်ပြလိုက်သည်။
“ပထမဆုံးမေးခွန်းက အဆုံးသတ်တိုက်ပွဲ မတိုင်ခင် မြို့တော်ကို ထိန်းချုပ်ဖို့အတွက် မင်းသမီး ဘာနည်းလမ်းကို သုံးခဲ့တာလဲ။ ဒုတိယ မေးခွန်းကတော့ ဂျို့ရှ်က ဘာလို့ မင်းသမီးရဲ့ သူလျှို ဖြစ်သွားရတာလဲ။”
ရှီရာက ချန်လွေ့ကို တစ်ချက်ကြည့်လိုက်ပြီး ချန်လွေ့က ချက်ချင်းပြောသည်။ “ဗိုလ်ချုပ်-ဂရန့်က ဉာဏ်ပြေးပြီးတော့ လေးစားစရာ ကောင်းတာပဲ။ မြို့တော်ကို အမှန်ပဲ အဆုံးအဖြတ်တိုက်ပွဲ မတိုင်ခင် သိမ်းပိုက်နိုင်ခဲ့တယ်။ သွေးနီဗိုလ်ခြေရဲ့ လက်ထောက်တပ်မှူး၊ မင်းသမီးရဲ့ ကြင်ရာလောင်းဖြစ်တဲ့ ဗိုလ်ချုပ် အက်ဂ်ယောက ငှက်တောင်ဖြူနယ်မြေကို သွားပြီးတော့ လော့ဒ်-စီကာလီကို ဗိုလ်ချုပ်ဂျော့ခ်ျနဲ့ ပူးပေါင်းဖို့ စည်းရုံးခဲ့တယ်။ အကြီးအကဲမိသားစုတွေနဲ့ အစောင့်အရှောင် တော်ဝင်မိသားစုတွေကနေ အထောက်အပံ့ရပြီးတော့ သူတို့က မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့တယ်။”
“အက်ဂ်ယောလား။ အမှောင်လမှာ ဒီလိုပုဂ္ဂိုလ်မျိုး ရှိနေလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။” စီကာလီမှာ အလွယ်တကူ စည်းရုံး၍မရကြောင်း ဂရန့် သိသည်။ သို့သော်လည်း သူက အများကြီး မမေးခဲ့ပေ။ သူက သက်ပြင်းသာ ချလိုက်သည်။ “စစ်မြေပြင်မှာ ကျုပ် သူနဲ့ မတွေ့လိုက်ရတာ စိတ်မကောင်းစရာပဲ။”
ချန်လွေ့ အသာလေး ပြုံးပြီး ဆက်ဖြေသည်။ “လိပ်ပြာနီလော့ဒ် ဂျို့ရှ်ကတော့ လော့ဒ်စစ်ပွဲမှာ ရှုံးနိမ့်ပြီးသွားနောက် မင်းသမီးဆီမှာ တိတ်တိတ်လေး အညံ့ခံခဲ့တယ်။ ဒီတစ်ခေါက် ကျုပ်တို့က သက်ဆိုင်ရာ အကြီးအကဲတွေကို အလုပ်အကျွေးပြုနေတာပဲ။ ဗိုလ်ချုပ် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။”
အမှန်တကယ်၌ ချန်လွေ့က အသေးစိတ် အတော်များများကို ချန်ထားဆဲ ဖြစ်သည်။ ဂျို့ရှ်က ယခုတစ်ခေါက်တွင် အတော်လေး ကောင်းကောင်း လုပ်ခဲ့သည်။ အမှောင်လအား နေရာတိုင်း၌ အသားစီးရစေရန် သတင်းပို့ရုံသာမက အိုဆိုင်ဒန်ကိုလည်း အရေးကြီးသော ဆုံးဖြတ်ချက်အချို့၌ လွှမ်းမိုးနိုင်ခဲ့ကာ အိုဆိုင်ဒန်၏ သံသယကို အသုံးချပြီး ညွန့်ပေါင်းစစ်တပ်မျ အရေးပါသူများကို ဖယ်ရှားခဲ့သည်။ သို့မဟုတ်ပါက အမှောင်လသည် အဆုံးအဖြတ်တိုက်ပွဲ၌ ပိုမိုကြီးမားသော ဖိအားကို ခံစားရပေမည်။ ထို့အပြင် ဂျို့ရှ်က စစ်ဘက်ဆိုင်ရာ ရိက္ခာအရာရှိ ဟူသော ရာထူးကို အသုံးချပြီး အဆုံးအဖြတ်တိုက်ပွဲ မတိုင်ခင် စားစရာများအပေါ်၌ ဆေးရည်တစ်မျိုး ထည့်ထားခဲ့သည်။ ထိုကဲ့သို့ ဆေးရည်မျိုးက အဆိပ်မရှိပေ။ ၎င်းက ပြင်းထန်သော လှုပ်ရှားမှုပြုလုပ်မှသာ ခန္ဓာကိုဝန်အားကို တိုးမြင့်စေပြီး မောပန်းမှုကို မြန်ဆန်စေသည်။ ထို့ကြောင့်ပင် ကြမ်းတမ်းသော တိုက်ပွဲ၌ ညွန့်ပေါင်းစစ်တပ်က ပထမဆုံး အားနည်းသွားရခြင်း ဖြစ်သည်။ စစ်တပ်ထဲ၌ တင်းကြပ်သော စောင့်ကြည့်ခြင်းတို့ကြောင့် ဂျို့ရှ်၏ ရာထူးနှင့် ထိုကဲ့သို့ ဆေးရည်မျိုးသာလျှင် သဲလွန်စ ရှာမတွေ့ဘဲ အသုံးပြု၍ ရနိုင်ပေသည်။
ဂရန့်က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “လက်စသတ်တော့ လော့ဒ်စစ်ပွဲ ပြီးသွားတော့ ချော်ရည်ပြာနယ်မြေနဲ့ လိပ်ပြာနီနယ်မြေတို့က တော်ဝင်မင်းသမီးရဲ့ လက်အောက်ထဲ ရောက်သွားတာကိုး။ သူလျှိုတွေနဲ့ ပူးပေါင်းမှုက အားလုံးကို လှည့်စားခဲ့တယ်။ ကျုပ် အရှုံးပေးပါတယ်။”
“ဗိုလ်ချုပ် စိတ်ချပါ။ မင်းသမီးရှီရာနဲ့ မင်းသား အိုဆိုင်ဒန်တို့က လုံးဝ မတူညီတဲ့ ခေါင်းဆောင်တွေပါ။ ကျုပ်လိုမျိုး အားနည်းတဲ့ လူသားတောင် တန်ဖိုးထားခံရပြီးတော့ ဘဏ္ဍာရေးအရာရှိ ဖြစ်လာခဲ့တယ်။ ဗိုလ်ချုပ် သစ္စာရှိနေသရွှေ့ မင်းသမီးလက်အောက်မှာ ခင်ဗျားရဲ့ စွမ်းဆောင်ရည်တွေကို သေချာပေါက် ထုတ်ပြနိုင်မှာပါ။ ကျန်တာတွေကို စိတ်မပူပါနဲ့။”
ဂရန့် ယခင် အိုဆိုင်ဒန် လက်အောက်၌ ဖြစ်ခဲ့သည်များကို တွေးမိလိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ ချန်လွေ့သည် သူ့အား ကိုးရိုးယားရား အခြေအနေမှ ဆွဲထုတ်ရန် အခွင့်အရေးပေးနေကြောင်း သူ သဘောပေါက်လိုက်သည်။ သို့သော်လည်း သူ သဘောမတူခဲ့ပေ။ သူက မေးလိုက်သည်။ “မင်းသမီး ရှီရာ။ ကျုပ်ရဲ့ အစွယ်ကွေးကျားဗိုလ်ခြေက ဗိုလ်ချုပ် အသီနာလက်ထဲမှ အဖမ်းခံထားရတဲ့သူ ၂၃၀၀ ရှိတယ်။ ပြီးတော့ မိုးပျံတိမ်ဗိုလ်ခြေကလည်း အဖမ်းခံထားရတဲ့သူ ၃၀၀၀နီးပါး ရှိတယ်။ သူတို့ကို ကျုပ်ဆီ ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ပြီးရင် ကျုပ်ရဲ့ တဲခုလာ ခံတပ်ကို ဗိုလ်ချုပ် ရိုမတီနဲ့အတူ အမြန်ပြန်သွားပါမယ်။ မင်းသမီး ဒါကို ကတိပေးလို့ ဖြစ်နိုင်မလား မသိဘူး။”
ဂရန့်၏ တောင်းဆိုချက်မှာ အနည်းငယ် များလွန်းသည်။ သူက သူ၏ သစ္စာအရှိဆုံး တပ်သား ၅၀၀၀နှင့် ရိုမတီကို လိုချင်ပြီး တဲခုလာ ခံတပ်ဟောင်းသို့ ပြန်ချင်နေသည်။ ဆာရန်ဒီသည်ပင် ၎င်းကို ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။
ရှီရာ ချက်ချင်း မငြင်းဆန်ခဲ့ဘဲ မေးမြန်းလိုက်သည်။ “အရိပ်နက်အင်ပါယာရဲ့ ကျူးကျော်မှုကို စိုးရိမ်တာလား။”
ဂရန့်က လေးစားမှု အရိပ်အယောင် ပြသလိုက်ပြီး ရိုးရှင်းစွာ ပြန်ဖြေသည်။ “ကြိုတင်ကာကွယ်ထားတာ ပိုကောင်းပါတယ်။ အနီးဆုံး မဟာမိတ်က ကြောက်စရာ အကောင်းဆုံး ရန်သူတွေပါပဲ။”
ရှီရာက ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။ “မင်းနဲ့ ရိုမတီက မြို့တော်ရဲ့ စစ်တပ်ကနေ သင့်တော်တဲ့ စစ်သည်တွေ၊ ဗိုလ်ချုပ်တွေကို ကြိုက်သလို ရွေးချယ်လို့ ရတယ်။ အရေအတွက် အကန့်အသတ် မရှိဘူး။ စောစော ထွက်ခွာနိုင်လေ ပိုကောင်းလေပဲ။”
ဂရန့်၏ အကြည့် အနည်းငယ် လှုပ်ရှားသွားသည်။ “ကြိုက်သလို ရွေးချယ်လို့ ရတာလား။ ကျုပ်နဲ့အတူ သွားဖို့အတွက် လက်ထောက်ဗိုလ်ချုပ်တစ်ယောက်ကို မင်းသမီး တာဝန် မပေးဘူးလား။”
လက်ထောက်ဆိုသည်မှာ စစ်တပ်ကို ကြီးကြပ်ရသော စစ်တပ်အကြီးအကဲ တစ်ယောက် ဖြစ်သည်။ ချန်လွေ့ ပြုံးလိုက်ပြီး တစ်ချိန်တည်းမှာပင် ခေါင်းခါသည်။ “ဗိုလ်ချုပ်-ဂရန့်။ ခင်ဗျားက မင်းသမီး ရှီရာရဲ့ သတ္တိနဲ့ သဘောထားကြီးမှုကို အထင်သေးနေတာ ထင်တယ်။”
ဂရန့်က ပြတ်သားသော အကြည့်ရှိနေသည့် ရှီရာကို ဖျပ်ခနဲ ကြည့်လိုက်ပြီး အသာလေး ခေါင်းညိတ်လိုက်သည်။ “ဆာ-ချန်လွေ့။ မင်းပြောတာ မှန်တယ်။ မင်းသမီးရှီရာနဲ့ အိုဆိုင်ဒန်တို့က တကယ်ပဲ မတူညီကြဘူး။ မင်းသမီးရှီရာ။ ဒါဆိုလည်း အမှောင်လကိစ္စကို အမြန်ဆုံး အပြီးသတ်ပြီးတော့ ဗိုလ်ချုပ်ဂျော့ချ်ကို မှော်ဆရာခံတပ်ဆီ အမြန်ဆုံး ပြန်ခိုင်းဖို့အတွက် မြို့တော်ကို အမြန်ဆုံးလာဖို့ အကြံပြုပါတယ်။ အမှောင်လ အနောက်ဘက်မှာရှိတဲ့ ဝါလန်ခံတပ်အတွက်လည်း အတူတူပါပဲ။ ဝါလန်ခံတပ်က အကာအရံတွေနဲ့ ခံစစ်တွေကို အားဖြည့်ရမယ်။”
“နားလည်ပါတယ်။ ကျွန်မက ဒီနေ့ရက်တွေကို ဒါတွေအတွက် အစီအမံတွေ လုပ်နေတာ။ ခုခံဖို့အတွက်ကတော့ နောက်ကျရင် ရှင် ကျွန်မကို အသေးစိတ် အဆိုပြုချက် ရေးပေးလိုက်။” ရှီရာ ခဏရပ်ပြီး ပြန်ပြောသည်။ “မြို့တော်တွင်း တိုက်ပွဲမှာ ဗိုလ်ချုပ် ဒိုရင်းနဲ့ တစ္ဆေနီဗိုလ်ခြေတို့က လုံးဝချေမှုန်းခံလိုက်ရတယ်။ ဗိုလ်ချုပ် ဂရန့်။ ဒုတိယ ဗိုလ်ချုပ်ရဲ့ တာဝန်နဲ့ ဂုဏ်သိက္ခာကို ရှင် ထမ်းပိုးထားနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။”
ဂရန့် ပင့်သက်ရှိုက်ပြီး စစ်ရေးအရ အရိုအသေ ပြုလိုက်သည်။ “ဂရန့်ဘရိုင်ယန်က အရှင်မ ရှီရာအတွက် အကောင်းဆုံး ကြိုးစားပါ့မယ်။”
ဆာရန်ဒီက ဂရန့်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ရှီရာကို ပြောသည်။ “မင်းသမီးက လူတွေကို လွယ်လွယ်နဲ့ ယုံကြည်တဲ့ပုံပဲ။ တစ်ခါမှ သစ္စာဖောက် မခံရဖူးဘူးလား။”
သူက ထိုစကားကို ဂရန့်နှင့် ရိုမတီတို့ထံမှ မဖုံးကွယ်ထားခဲ့ပေ။ ရှီရာက အသာလေး ခေါင်းငုံ့လိုက်သည်။ “အင်း...”
“ဒါပေမဲ့ အသက်နဲ့ရင်းပြီးတော့ အလုပ်အကျွေးပြုတဲ့သူတွေ ပိုပြီးတော့ ရှိတယ်။” ချန်လွေ့က အချိန်ကိုက် ပြောလိုက်သည်။ ရှီရာက ချန်လွေ့ကို မကြည့်သော်လည်း ခေါင်းပြန်မော့သောအခါ သူ၏အကြည့်တွင် နွေးထွေးမှုနှင့် ပြတ်သားမှုများ ပေါ်လာ၏။
“လော့ဒ်-သန်းခေါင်နေလိုမျိုးပဲ။” ဂရန့်က နောက်ထပ် စကားတစ်ခွန်း ပြောလိုက်ရာ ဆာရန်ဒီနှင့် အခြားသူတို့၏ မျက်လုံးများကို အရောင်တောက်သွားစေသည်။