← Chapters

မစ်-နဂါးနက်၏ အရေးကြီးကိစ္စ

Vol. 37 Ch. 553

မစ်-နဂါးနက်၏ အရေးကြီးကိစ္စ

Vol. 37 Ch. 553

“ဟုတ်ပြီ။ ချစ်ရတဲ့ ဆာ-ဘဏ္ဍာရေးအရာရှိ။ ငါ ဆက်ပြီးတော့ လေ့ကျင့်ဦးမယ်။ ဒီအတောအတွင်း လေ့ကျင့်တာက ငါ့အတွက် အတော်လေး အရေးကြီးတယ်။ နယ်ပယ်ကို လုံးဝတည်ငြိမ်အောင် လုပ်နိုင်တာနဲ့ မြို့တော်ကိုသွားဖို့ အချိန်ရောက်ပြီ။ အချိန်မရွေး ထွက်ခွာဖို့အတွက် မင်း ပြင်ဆင်ထားရမယ်။” ရှီရာက ရွှေရောင်ဆံပင်များကို အသာလေး ‌တောက်လိုက်သည်။ “အချိန်ရှိရင်တော့ အစ်ဇဘယ်လာကို နှုတ်ဆက်တယ်လို့ ပြောပေးလိုက်။ ဒီတစ်ခေါက် စစ်မြေပြင်မှာ သူ့ကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် နင် လာတဲ့အထိ ငါ တောင့်ခံနိုင်မှာ မဟုတ်တာ သေချာတယ်။”

ယခင်က ချန်လွေ့က စစ်မြေပြင်၌ အစ်ဇဘယ်လာ၏ စွမ်းဆောင်ရည်အကြောင်း ပြောခဲ့သည်ကို ကြားလိုက်ပြီး ခေါင်းညိတ်သည်။

လျို့ဝှက်ခန်းထဲမှ ထွက်သွားရန် ပြင်လိုက်စဉ် ရှီရာက ချန်လွေ့ကို ချွေးပြန်သွားစေသည့် စကားတစ်ခွန်းကို ရုတ်တရက် ပြောလိုက်သည်။ “မင်း အားတဲ့အခါ လောကအဆုံးသတ်ကို အခေါက် ၂၀ကနေ ၃၀အထိ တီးပြ။”

ထိုသို့ပြောပြီးနောက် တော်ဝင်မင်းသမီးက လိပ်ပြာမလုံဖြစ်နေသော တစ်စုံတစ်ယောက်ကို လျစ်လျူရှုပြီး လမ်းလျှာက်ထွက်သွားလိုက်လေသည်။

နန်းတော်အတွင်းဝန်းမှ ထွက်သွားသည့်အခါ ချန်လွေ့ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။ ငါက “လောကအဆုံးသတ်”ကို အစ်ဇဘယ်လာ တစ်ယောက်တည်းကိုပဲ တီးပြခဲ့တာ။ ဒါပေမဲ့ ရှီရာက တကယ်ကြီး သိနေတယ်။ ကြည့်ရတာ သလင်းကျောက် မောင်းမဆောင်ရဲ့ အခြေခံအုတ်မြစ် မခိုင်မာခင် အမိုးယိုလာတဲ့ပုံပဲ။

ဒါနဲ့ မဒမ်-အဒေါ်ဆီကနေ နောက်ထပ် ဆွဲဆောင်မှုရှိတဲ့ အကျိုးခံစားခွင့်တစ်ခု ရှိနေသလိုပဲ။

“အဲဒီအချိန်ကျရင် ရှင်လုပ်ချင်တာ လုပ်လို့ရတယ်” ဆိုလားပဲ။ ဒီစကားက ဘယ်ယောက်ျားကိုမဆို ကြားရုံနဲ့ စိတ်လှုပ်ရှားသွားစေမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ မစ်-လျို့ဝှက်သတင်းအချက်အလက်က ငါ့ မောင်းမဆောင်ရဲ့ မူရင်းအဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီ....

ထိုသို့ စဉ်းစားနေရင်း ချန်လွေ့က နန်းတော်မှ ထွက်သွားလိုက်သည်။ လမ်းကြားတစ်ခုသို့ ရောက်သောအခါ တစ်ခုခု မူမမှန်သည်ကို ချန်လွေ့ ရုတ်တရက် ခံစားလိုက်မိသည်။ သူက သတိထားသည့် အမူအရာ ပြုလုပ်ပြီး မျက်မှောင်ကြုတ်သွား၏။ “အိုလီဖီးရက်စ် လား။”

“နင်က အနံ့ခံကောင်းတယ်ဆိုတာ ငါ သိသားပဲ။” မစ်-နဂါးနက်၏ တိတ်တခိုး ပုံရိပ်က ချန်လွေ့အရှေ့တွင် ပေါ်ထွက်လာပြီး ပြောသည်။ “ဒိုဒို အသွင်ပြောင်းတဲ့ ငရဲခွေးထက်တောင် ပိုကောင်းတယ်။”

ချန်လွေ့ ပြောစရာစကားမဲ့သွား၏။ ငါ အနံ့ခံတယ်လို့ မင်းရဲ့ဘယ်နှာခေါင်းနဲ့ အနံ့ခံလိုက်တာလဲ။

အိုလီဖီးရက်စ်က စစ်မြေပြင်၌ သောင်းကြမ်းသွားခဲ့ပြီး အိုဆိုင်ဒန်ကို ကြီးကြီးမားမား ထိခိုက်သွားစေခဲ့သည်။ သူ့ကိုလည်း အဓိက သူရဲကောင်းတစ်ယောက်အဖြစ် သတ်မှတ်၍ ရနိုင်သည်။ အစပိုင်း၌ သူ၏ဒဏ်ရာများ ပို၍ပြင်းထန်သည်။ ကံကောင်းစွာပင် နဂါးနက်က သလင်းကျောက်နဂါးများကဲ့သို့မဟုတ်ဘဲ ဆေးရည်များ အသုံးပြု၍ရသည်။ အစ်ဇဘယ်လာတွင် ယခင်က ချန်လွေ့ပေးခဲ့သော သန့်စင်မှု မြင့်မားသည့် ကုသဆေးရည် တစ်ပုလင်း ရှိနေခဲ့သည်။ အစ်ဇဘယ်လာ၏ ဂရုစိုက်မှုအောက်တွင် ပြင်းထန်သော အသက်ဓာတ်ရှိသော မစ်-နဂါးနက်က ဒဏ်ရာ အလျင်အမြန် ပြန်ကောင်းလာခဲ့သည်။ ယခုတွင် သူက အသေအချာပင် အသက်ရှင်ပြီး တက်ကြွနေ၏။

သို့သော်လည်း အိုလီဖီးရက်စ်က အကြောင်းရင်းတချို့ကြောင့် အစ်ဇဘယ်လာ၏ အိမ်တွင် ဒဏ်ရာပြန်ကောင်းပြီးကတည်းက ငြိမ်ဝပ်ပိပြားရေး အရာရှိအိမ်သို့ လုံးဝ ပြန်မလာခဲ့ပေ။ သူက ထိုနေရာ၌သာ နေနေပုံရသည်။ ချန်လွေ့က နိုးလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူ့ကို တွေ့လိုက်ရသည်။

“ဘာဖြစ်လို့လဲ။ မင်းက ဘာလို့ ဒီလိုမျိုး လျို့လျို့ဝှက်ဝှက် လုပ်နေရတာလဲ။”

“တော်တော်လေး အရေးကြီးတဲ့ကိစ္စတစ်ခုပဲ။ ခဏစောင့်ဦး။”

အိုလီဖီးရက်စ်က ပြည့်ဝသော သက်တော်စောင့် တစ်ယောက်ကဲ့သို့ပင် ပတ်ပတ်လည်ကို စိုးရိမ်တကြီးနှင့် ကြည့်နေလိုက်သည်။ အနီးအနားတွင် အန္တရာယ် မရှိကြောင်း သေချာသွားသည့်အခါ သူ အားတက်သရောနှင့် ပြေးလာပြီး သိုလှောင်လက်စွပ်ထဲမှ မှတ်စုစာအုပ် အသေးလေးကို သေသေချာချာ ထုတ်သည်။

“သူဌေး။ ဒါက ဒီတစ်ခေါက် ငါသတ်ခဲ့တဲ့ ရန်သူအရေအတွက်ပဲ။ လေကြောင်း စစ်သည်တွေကို နှစ်ဆပေးမယ်လို့ အသီနာပြောတယ်။ ပြီးတော့ ပြီးတော့ လေကြောင်း နတ်ဆိုးသားရဲနဲ့ စီးနင်းသူတွေကို နှစ်ဆတိုးမယ်ဆိုရင် လေးဆပေါ့...”

မစ်-နဂါးနက် ပျော်ရွှင်စွာ ပြောနေရင်း သူ၏မျက်လုံးနှစ်လုံးက သလင်းကျောက်နက် ဒင်္ဂါးပုံစံ ပြောင်းသွားသည်။

ချန်လွေ့ ခဏတာ ကြက်သေသေသွား၏။ လက်စသတ်တော့ ရင်းစားရငွေ အတွက်ကိုး။ ဒါကြောင့် သူ စိတ်အားထက်သန်နေတာပဲ။ ချန်လွေ့ မစ်-နဂါးနက်၏ နဖူးပေါ်မှ စိန်အသေးလေး သုံးခုကို စိတ်ဝင်တစားနှင့် ငေးကြည့်လိုက်မိသည်။ ထို့နောက် မှတ်စုစာအုပ်ကို ဖွင့်လိုက်ပြီး သုံးလေးခေါက် ကြည့်ရုံဖြင့် ပြောစရာမဲ့သွားခဲ့သည်။

“...လရောင်ခံတပ်မှာ ရန်သူ သုံးသိန်း၊ လေတပ်သား တစ်သိန်းကို သတ်ခဲ့တယ်။ တစ်ယောက်ကို သလင်းကျောက်နက်ဒင်္ဂါး ၁၀ပြားဆိုတော့ သိန်း၅၀။”

အတိုင်းအတာယူနစ်ကို အသာထားဦး။ မေးစရာရှိတာက လေးသိန်းဆိုတဲ့ အရေအတွက်ကို သူ ဘယ်လို ရသွားတာလဲ။

“အိုလီဖီးရက်စ်။ ဒီတစ်ခေါက် မြို့တော်ညွန့်ပေါင်းစစ်တပ်က အမှောင်လကို လေတပ်ဗိုလ်ခြေ နှစ်ခုနဲ့ပဲ ရောက်ခဲ့တာ။ နဂါးစီးနင်းသူဗိုလ်ခြေနဲ့ မိုးပျံတိမ်ဗိုလ်ခြေ စုစုပေါင်းက တစ်သောင်းမပြည့်ဘူး။ ငါတို့စစ်တပ်က လရောင်ခံတပ်မှာ ရန်သူ တစ်သိန်းလောက်ကိုပဲ ရှင်းပစ်ခဲ့တာ။ လေးသိန်းဆိုတဲ့ အရေအတွက်ကို မင်း ဘယ်လို ရလာတာလဲ။”

မစ်-နဂါးနက်က ပါးစပ်ကို အကြာကြီး ဟထားလိုက်ပြီးနောက် ပြန်ဖြေသည်။ “အား...အဲဒါလား။ ငါမှားသွားတာ .... ဖြစ်မယ်။ နင့်ရဲ့ အသိစိတ်နဲ့ ငါ့ကို စျေးလျှော့ပေးလို့ ရပါတယ်။”

“အသိစိတ်”ကိုတောင် သုံးရတာလား။ ချန်လွေ့ ဆွံ့အသွားသည်။ သူက နောက်တစ်ခုကို လက်ညှိုးထိုးပြသည်။ “ခရိုဘဲလက်စ်ကို ကူညီပြီးတော့ နတ်ဆိုးအရှင်သခင်အဆင့် အန့်စ်ပူကို သတ်ပစ်တာ မြင်ခဲ့ရတယ်။ အဲဒါက သလင်းကျောက်နက်ဒင်္ဂါး တစ်သိန်း ဟုတ်လား။ မင်းက မြင်ခဲ့တာကိုတောင် အခကြေးငွေ ကောက်တာလား။ မင်းက ရန်သူကို မျက်လုံးနဲ့ သတ်တာလား။ ဒီအကြောင်း ဘက်တီကို ငါ မေးရမယ်။ မင်းလိမ်ရင် သေချာပေါက် ပိုက်ဆံနုတ်ပစ်မယ်။ ”

“နေပါဦး။ ဘက်တီကို မမေးနဲ့။ ငါက မှတ်ဉာဏ်သိပ်မကောင်းလို့ပါ....” မစ်-နဂါးနက်က ခေါင်းကုတ်လိုက်သည်။ “ဒါကို အရင်ဆုံး အကြမ်းဖျဉ်း ကြည့်လိုက်ပါ။”

ချန်လွေ့ မျက်လုံးလှန်လိုက်ပြီး နောက်တစ်ခုကို လက်ညှိုးထိုးသည်။ “ဒီကိုမြို့တိုက်ပွဲမှာ မိုးပျံတိမ်ဗိုလ်ခြေက စီးနင်းသူ ၃၀၀ကို သတ်ပစ်ခဲ့တယ်။ အဲဒါက သလင်းကျောက်နက်ဒင်္ဂါး ၆၀၀၀၀ ဟုတ်လား။ ၃၀၀ကို ၁၀နဲ့ မြှောက်ပြီးတော့ နှစ်ဆတိုးလိုက်တာက .... ၆၀၀၀၀ ရမယ်ဆိုတာ သေချာရဲ့လား။”

“ငါက ငယ်ငယ်ကတည်းက သင်္ချာညံ့ခဲ့တာ။” မစ်-နဂါးနက်က မျက်ရည်များ ပြည့်နှက်သွားသည်။ “ငါ့အမေက ငါ့ကို အများကြီး မသင်ပေးနိုင်ခင်မှာပဲ ဆုံးသွားခဲ့တာ။”

“ရှင် ဘာလုပ်လိုက်တာလဲ။ အိုလီဖီးရက်စ် ငိုနေပြီ။” အစ်ဇဘယ်လာ၏အသံ ရှေ့မှ ထွက်ပေါ်လာပြီး ကြော့မော့သော မျက်နှာလွှားနှင့်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ ချန်လွေ့က သူ့ကို ရှာတွေ့ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထုတ်မပြောချင်၍သာ။

အစ်ဇဘယ်လာကို မြင်သည့်အခါ အိုလီဖီးရက်စ်က ဆွေမျိုးတစ်ယောက်ကို မြင်လိုက်ရ သလိုမျိုးပင် ဖြစ်သွားပြီး အစ်ဇဘယ်လာ၏ လက်မောင်းထဲသို့ ပစ်ဝင်လိုက်ကာ စတင် ငိုကြွေးတော့သည်။

“အစ်မ။ သူ ညီမကို အနိုင်ကျင့်တယ်။”

အစ်မ ဟုတ်လား။ ဒီကပ်စေးနဲ ကောင်မလေးက ဘယ်တုန်းက အစ်ဇဘယ်လာနဲ့ ရင်းနှီးသွားတာလဲ။ မဒမ်-အဒေါ်က ချမ်းသာတဲ့ လော့ဒ်တစ်ယောက်နဲ့လည်း မတူပါဘူး။ ဟုတ်တယ်မလား။

ချန်လွေ့က အစ်ဇဘယ်လာ၏ ရင်ဘတ်ထဲသို့ ခေါင်းမြုပ်ဝင်နေသော မစ်-ကပ်စေးနဲကို မနာလိုလျက် ကြည့်နေလိုက်သည်။ သူက တမင်တကာပင် နှာမှုတ်ပြီး ပြောသည်။ “အစ်မခေါ်လည်း အသုံးမဝင်ဘူး။ အစ်ဇဘယ်လာ။ အိုလီဖီးရက်စ်က သူ့ရဲ့အလုပ်ရှင် ကျုပ်ကို ငွေစာရင်းအမှားတွေ တင်ပြပြီးတော့ ငွေညစ်ဖို့ ကြိုးစားတာ သိလား။”

အပေါ်ယံမှာတော့ ငွေစာရင်းအမှားတွေ တခြားသူကို တင်ပြဖို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီကောင်မလေးကတော့ များလွန်းတယ်။ အတွေ့အကြုံက တစ်ကဏ္ဍပဲ။ အရေးအကြီးဆုံးကတော့ နဂါးတွေရဲ့ လောဘပဲ။ စုစုပေါင်း ပမာဏက သန်းရာနဲ့ချီ ဖြစ်နေတယ်။

“တကယ်ပဲလား။ အိုလီဖီးရက်စ်။” အစ်ဇဘယ်လာက မစ်-နဂါးနက်၏ ဆံပင်ကို ပွတ်သပ်လိုက်သည်။

မစ်-နဂါးနက်က မျက်ရည်များဖြင့် ငိုကြွေးကာ ပြောသည်။ “ညီမက သင်္ချာ ညံ့ရုံပါ။”

“အိုလီဖီးရက်စ်။ ငါတို့စာချုပ်ကို မင်း မေ့သွားပြီလား။ စာရင်းစစ်ဗျူရိုကိုယ်စား .... အဲ... ငါ့မှာ အကျိုးအမြတ်အားလုံးကို နုတ်ပိုင်ခွင့် ရှိတယ်။ ပြီးတော့လည်း သက်တော်စောင့် တစ်ယောက်အနေနဲ့ မင်းက စစ်မြေပြင်မှာ ရန်သူသတ်တာကို ခံရတော့မလို့။ ပြီးတော့ အလုပ်ရှင်ဖြစ်တဲ့ ငါက မင်းရဲ့အသက်ကို ကယ်တင်ခဲ့ရတယ်။ ဒါကို ဘယ်လိုတွက်ရမလဲ။ ပြောရရင် မင်း ငါ့ကို ဘယ်လောက် ပြန်ပေးရမလဲပေါ့။”

မစ်-နဂါးနက် ဆွံ့အသွားခဲ့သည်။ သလင်းကျောက်နက်ဒင်္ဂါးများ ဗဟာနတ္ထိအဖြစ် ပျောက်ကွယ်သွားကြောင်း စဉ်းစားနေရင်း အိုလီဖီးရက်စ် မငိုဘဲ မနေနိုင်တော့ပေ။ အစ်ဇဘယ်လာက ချန်လွေ့ကို‌‌ ဒေါသတကြီးနှင့် ကြည့်လိုက်သည်။ “အိုလီဖီးရက်စ်ကို မစနေနဲ့တော့။ သူက ဒီတစ်ခေါက် စစ်မြေပြင်မှာ တကယ် သတ္တိရှိခဲ့တာ။”

ချန်လွေ့က အတော်လေး သဘောကျနေခဲ့သည်။ သူက အပေါ်ယံ၌ သက်ပြင်းချလိုက်၏။ “ကောင်းပြီလေ။ အိုလီဖီးရက်စ်။ မင်းက ရန်သူ ၁၀၀၀၀ ....မဟုတ်ဘူး.. ၁၂၀၀၀ သတ်ခဲ့တယ်လို့ ယူဆလိုက်မယ်။ ငါမင်းကို နောက်ထပ် ၅၀% ထပ်ပေါင်းထည့်ပေးမယ်။ စစ်သည်တစ်ယောက်ကို သလင်းကျောက်နက်ဒင်္ဂါး ၁၅ပြားဆိုတော့ စုစုပေါင်း သလင်းကျောက်နက်ဒင်္ဂါး ၁၆၀၀၀၀ ပေါ့။”

မစ်-နဂါးနက်၏ ရှိုက်သံ ရုတ်တရက် ရပ်တန့်သွားပြီး လေးနက်သော မျက်နှာဖြင့် ပြောသည်။ “မဟုတ်ဘူး။ ၁၂၀၀၀ကို ၁၅နဲ့မြှောက်ရန် ၁၈၀၀၀၀ ရတယ်။”

ထိုကဲ့သို့ မြန်ဆန်ပြီး တိကျသော တွက်ချက်မှုက ချန်လွေ့ကို အနည်းငယ် ပြောစရာစကားမဲ့သွားစေသည်။ သူက မေးလိုက်သည်။ “မင်းက ငယ်ငယ်ကတည်းက သင်္ချာညံ့ခဲ့တာ မဟုတ်လား။”

“အား။ ခုနက ငါမှားသွားတာ။ နှစ်သိန်းဖြစ်ရမှာ။ ဟုတ်တယ်မလား။” သူက သလင်းကျောက်နက်ဒင်္ဂါးများ တောက်ပနေသော မျက်လုံးများဖြင့် အစမ်းသဘော မေးကြည့်လိုက်သည်။

မင်းက တကယ် သင်္ချာ“ညံ့”တာပဲ။ လောဘကြီးတဲ့ နဂါးတွေ .....

ချန်လွေ့ လုံးဝ ‌ဒေါသထွက်သွားပြီး သလင်းကျောက်တစ်ခုကို ထုတ်လိုက်သည်။ “ဒါက ၁၀၀% သန့်စင်တဲ့ အထူးအေးခဲသလင်းကျောက်ပဲ။ စျေးကွက်တန်ဖိုးက အနည်းဆုံး သလင်းကျောက်နက်ဒင်္ဂါး နှစ်သိန်း ရှိတယ်။ မင်း ဒါကို လိုချင်လား။ ဒါမှမဟုတ် သလင်းကျောက်နက်ဒင်္ဂါး ၁၈၀၀၀၀ လိုချင်လား။”

စိတ်မပါသော မစ်-ကပ်စေးနဲက ထပ်မံ မေးလိုက်သည်။ “နှစ်ခုလုံး ယူလို့ မရဘူးလား။”

သေချာသော အဖြေတစ်ခုရပြီးနောက် အိုလီဖီးရက်စ်က မျက်ရည်စမ်းစမ်းနှင့် အေးခဲသလင်းကျောက်ကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။ “သလင်းကျောက်နက်ဒင်္ဂါး နှစ်သိန်းတန်တဲ့ အထူးအေးခဲသလင်းကျောက်။ ဒီတစ်ခေါက် ငါ ချမ်းသာပြီ။”

အေးခဲသလင်းကျောက်မှာ အလွန်အမင်း သန့်စင်ရခက်ခဲသော မှော်ကုန်ကြမ်း တစ်မျိုး ဖြစ်သည်။ သန့်စင်မှုနိမ့်သော သလင်းကျောက်များ၏ စျေးနှုန်းမှာ သာမန်မျှသာ ဖြစ်သည်။ သန့်စင်မှုမြင့်မားလေလေ၊ အထူးသဖြင့် ၁၀၀% သန့်စင်လျှင် အမှန်တကယ် အဖိုးတန်ပေသည်။ သို့သော်လည်း “သန့်စင်ခြင်း” စွမ်းရည်ရှိသော ချန်လွေ့အတွက် ကုန်ကျစရိတ်မှာ သလင်းကျောက်ဒင်္ဂါး နှစ်ထောင်အောက်သာ ဖြစ်သည်။

ချန်လွေ့က မစ်-နဂါးနက်ကို ထပ်မကြည့်တော့ဘဲ အစ်ဇဘယ်လာကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။ “အမ်း...အစ်ဇဘယ်လာ။ ဒီည ခင်ဗျားအားလား။ ကျုပ်တို့ ဘဝအကြောင်း ဆွေးနွေးလို့ ရလား။”

“ငါ့အစ်မ မအားဘူး။” အိုလီဖီးရက်စ်က တကယ့် ညီအစ်မကဲ့သို့ပင် အစ်ဇဘယ်လာ၏ လက်ကို တရင်းတနှီးကိုင်ထားရင်း မရည်မွန်လျက် ဖြေသည်။

အစ်ဇဘယ်လာက မျက်နှာလွှားနောက်မှ ပြုံးလိုက်သည်။ သူက ပြန်မဖြေခဲ့ပေ။ အိုလီဖီးရက်စ်ပြောသည်ကို လိုက်လျောခြင်းမျိုးလည်း မဟုတ်ပေ။ တစ်စုံတစ်ယောက်၏ စိတ်ထဲ၌ ရှိနေသည်ကို မြင်နေသကဲ့သို့ပင်။

ချန်လွေ့ မျက်လုံးလှန်လိုက်သည်။ “အိုလီဖီးရက်စ်။ ငါ မင်းကို နောက်လကျရင် လစာတိုးပေးဖို့ စဉ်းစားပေးမယ်လေ။”

“ငါ့မှာ သလင်းကျောက်နက် နှစ်သိန်း ရှိနေပြီ။ ဒါက နင့်ရဲ့ မညီမျှတဲ့ စာချုပ်ရဲ့ နှစ်၄၀၀၀နဲ့ ညီမျှတယ်။” ယခုတွင် အိုလီဖီးရက်စ်သည် လက်တွေ့ဘဝကို ပိုမိုကြုံတွေ့ ပြီးပြီ ဖြစ်သည်။ အစကတည်းက ထိုမရိုးဖြောင့်သော အလုပ်ရှင်၏ လှည့်စားခြင်းကို မည်သို့ မနားလည်နိုင်ရမည်နည်း။ သူက ဂုဏ်ယူလျက် ပြောလိုက်သည်။ “ငါက နင့်ရဲ့ ပိုက်ဆံနည်းနည်းလေးကို ဂရုမစိုက်တော့ဘူး။ ငါ့မှာ သိက္ခာတွေရှိတယ်။ ပြီးတော့ ပိုက်ဆံတွေကို .....”

သူ စကားပြော မပြီးသေးခင်မှာပင် ချန်လွေ့က ရုတ်တရက် ရှေ့ကို လက်ညှိုး ထိုးပြလိုက်သည်။ “အား။ အဲဒီ သလင်းကျောက်ဖြူ ဒင်္ဂါး ဘယ်သူကျသွားတာလဲ။”

မစ်-နဂါးနက်၏ ပုံရိပ်က ချန်လွေ့ ညွှန်ပြသောနေရာ၌ ဝှစ်ခနဲ ပေါ်ထွက်လာပြီး မျက်လုံးများက မြေပြင်ကို လှန်လျောကြည့်နေလိုက်သည်။ “ဘယ်မှာလဲ။ ဘယ်မှာလဲ။”

ချန်လွေ့နှင့် အစ်ဇဘယ်လာတို့က အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများက “ထင်တဲ့အတိုင်းပဲ” ဟူသော အမူအရာများ တိုက်တိုက်ဆိုင်ဆိုင်ပင် ပြသလိုက်ကြသည်။ သလင်းကျောက်ဖြူဒင်္ဂါးကိုတောင် လက်မလွှတ်နိုင်တဲ့ ဒီကပ်စေးနဲ ကောင်မလေးမှာ သိက္ခာရော ရှိသေးရဲ့လား။

အစ်ဇဘယ်လာ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ထွက်လာသည်။ “ပြဿနာ မရှာနဲ့တော့။ အရေးကြီးကိစ္စတချို့အတွက် အခုချက်ချင်း နန်းတော်ကို သွားပြီးတော့ တော်ဝင်မင်းသမီးနဲ့ တွေ့ရမယ်။ ချန်လွေ့။ ကျွန်မနဲ့လိုက်ခဲ့။”

ပုံမှန်အချိန်ဆိုလျှင် ချန်လွေ့ ချက်ချင်း သဘောတူမည် ဖြစ်သည်။ ပြဿနာမှာ ရှီရာပြောခဲ့သော “လောကအဆုံးသတ်”က သူ့ကို လိပ်ပြာမလုံ ဖြစ်စေခဲ့သည်။ “ဖောက်ပြန်တာ”ကို သိသွားတာ သေချာတယ်။ ပြီးတော့ “ဇာတ်ဆောင်မင်းသမီး” နှစ်ယောက် တွေ့ဆုံတော့မယ်။ တကယ်လို့ ဇာတ်လိုက်မင်းသားက ကြောင်တောင်တောင်နဲ့ ရှိနေမယ်ဆိုရင်တော့ သေသင့်တယ်။ ရူးမိုက်တဲ့ သေခြင်းပဲ။

အမှန်တကယ်၌ “လောကအဆုံးသတ်”ကို မဒမ်-အဒေါ်က တော်ဝင်မင်းသမီးထံ တမင် ပေါက်ကြားစေခဲ့ကြောင်း ချန်လွေ့ မသိပေ။ သက်ရောက်မှုရှိသော အားပေးမှုအချို့ ရှိသော်လည်း အချို့သရုပ်ပြခြင်းမှာ ကြွားဝါခြင်းသာ ဖြစ်သည်။ မည်မျှအားပေးသည်ကို မဒမ်-အဒေါ် ကိုယ်တိုင်သာ သိပေလိမ့်မည်။

ချန်လွေ့က ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်သည်။ “ခင်ဗျား ဘာလို့ တော်ဝင်မင်းသမီးကို တွေ့ချင်ရတာလဲ။ ကျုပ် ခုနကပဲ နန်း‌တော်ကနေ ထွက်လာတာ။ သူက စွမ်းအားကို တည်ငြိမ်အောင် လုပ်နေတယ်။”

“အရေးကြီးသတင်း နှစ်ခုရှိတယ်။” ၎င်းနှင့်ပတ်သက်လျှင် အစ်ဇဘယ်လာက အလေးအနက် ဖြစ်သွားသည်။ “ဒီနေရာက စကားပြောတဲ့နေရာ မဟုတ်ဘူး။ နန်းတော်ကို သွားရအောင်။ အိုလီဖီးရက်စ်။ နင့်ဒဏ်ရာတွေက အပြည့်အဝ မကောင်းသေးဘူး။ အရင် ပြန်သွားနှင့်။”

မစ်-နဂါးနက်က ကျိုးကျိုးနွံနွံနှင့် ခေါင်းညိတ်သည်။ အစ်ဇဘယ်လာ၏မျက်နှာ တင်းမာနေသည့်အတွက် အခြားရည်ရွယ်ချက်များ ရှိလိမ့်မည်ဟု မထင်သည့်အတွက် ချန်လွေ့က သူနှင့်အတူ နန်းတော်သို့ လိုက်သွားသည်။

All Chapters