အရိပ်နက်အင်ပါယာ၏ သံတမန်များ
Vol. 37 Ch. 557
ချန်လွေ့က မြို့တော်သို့ ထယ်တင်းနစ်သွားမည့် တောင်းဆိုချက်ကို ငြင်းပယ်မည် မဟုတ်ပေ။ ထိပ်တန်း သားရေချပ်ကာ ဆရာသခင် ဖွန်ဆက်နှင့် ထိပ်တန်း အဆင်တန်ဆာ ဆရာသခင် ထယ်တင်းနစ်တို့၏ ဂုဏ်သတင်းနှင့်ဆိုလျှင် ကြယ်ကြွေတမန်အင်ပါယာ၏ ယန္တရားအစည်းအရုံးက အခြားအင်ပါယာနှစ်ခုကို ကျောနိုင်မည်မှာ သေချာပေသည်။
အဘိုးအိုသည် ချန်လွေ့အား ရှေးခေတ်မှ အသိပညာများကို သင်ပေးချင်သော်လည်း ကုန်ကြမ်းအချို့၏ အရေးကြီးသော ရှာဖွေတွေ့ရှိမှုများက ဆေးရည်မည်း သုတေသနတွင် သူ့ကို လှုံ့ဆော်မှု အများအပြား ပေးခဲ့သည်။ သူက စမ်းသပ်ချက် ပြုလုပ်တော့မည် ဖြစ်သည့်အတွက် ချန်လွေ့ကို မနေခိုင်းတော့ပေ။
ချန်လွေ့က စမ်းသပ်ခန်းမှ လမ်းလျှောက်ထွက်သွားပြီး စကိုင်းတို့လင်မယားနှင့် အခြားသူများကို နှုတ်ဆက်စကားဆိုလိုက်သည်။ သူ မထွက်သွားခင် အမှောင်နတ်သူငယ် ကောင်မလေးနှစ်ယောက်၏ မျက်လုံးက သူ့ကို မသက်မသာ ခံစားသွားရစေသည်။ ကြည့်ရတာ .....
ချန်လွေ့ ခေါင်းခါလိုက်သည်။ အိဗ်နဲ့ အလျန်တို့က အဲလစ်ထက် တစ်နှစ် နှစ်နှစ် ငယ်တယ်။ ပြီးတော့ သူတို့က ကောင်မလေးတွေပဲ ရှိသေးတယ်။ သူတို့က ဆန့်ကျင်ဘက်လိင်နဲ့ အထိအတွေ့ နည်းတယ်။ အဲဒါကြောင့် မရင့်ကျက်တဲ့ ခံစားချက်တွေ ရှိနေတာ။ ငါ သင့်တော်တဲ့ အကွာအဝေးကနေ နေနေသရွေ့တော့ လောကကြီးကို သူတို့ ပိုသိသွားတဲ့အခါ အဆင်ပြေသွားလိမ့်မယ်။
အိမ်သို့ရောက်သော် ချန်လွေ့က အရိပ်နက်အင်ပါယာအကြောင်း နောက်ဆုံးရ သတင်းကို ပြောပြသည်။ အသီနာနှင့် ခီရာတို့နှစ်ယောက်လုံး စိုးရိမ်သွားကြသည်။ ကြယ်ကြွေတမန်အင်ပါယာ၏ ပြည်တွင်းစစ် ပြီးသွားချိန်တွင် တိုင်းတစ်ပါး ရန်သူများက သူတို့ကို ချက်ချင်းပင် မျက်စိကျလာကြသည်။ ဒေလီယာက အနည်းငယ် တည်ငြိမ်နေ၏။ သူက အရိပ်နက်အင်ပါယာ၏ သံတမန်အကြောင်းကို ပထမဆုံး ရခဲ့သူ ဖြစ်သည်။ သို့သော်လည်း နောက်ကျသွားခဲ့လေပြီ။ တာဝန်အကြောင်း “တရားဝင်” သတင်းကို လက်ခံရရှိပြီးနောက် သံတမန်က ဝါလန်မြို့ကိုပင် ဖြတ်ကျော်ပြီးသွားပြီ ဖြစ်သည်။ ရည်ရွယ်ချက်မှာ ထင်ရှားပေသည်။ ၎င်းမှာ အမှောင်လကို အငိုက်ဖမ်းရန် အတွက်ပင်။
ရိုမန်၊ ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့က အေးဆေးတည်ငြိမ်လျက်ပင် ရှိနေသည်။ ဇိုလာ တစ်ယောက်တည်းသာ ပြောလိုက်သည်။ “အစွမ်းထက်ပုဂ္ဂိုလ် လမ်းကြောင်းက အမြဲတမ်း ဆူးငြှောင့်တွေနဲ့ ပြည့်နှက်နေတယ်။ လက်ရှိအဆင့်ကို ရောက်ဖို့အတွက် အကန့်အသတ်တွေကို ချိုးဖောက်ဖို့ မရေမတွက်နိုင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်ရလိမ့်မယ်။ နင့်ရဲ့မိန်းမနဲ့ အတွေ့အကြုံရှိတဲ့သူ တစ်ယောက်အနေနဲ့ ငါက နင့်ရဲ့ထိပ်သီးအဆင့်လမ်းကြောင်းမှာ အတားအဆီးဖြစ်မှာ မဟုတ်ဘူး။”
ပါ့ဂ်လီအိုက ထိုစကား၏ ပထမတစ်ဝက်ကို အတွေ့အကြုံ အရှိဆုံး ဖြစ်သည်။ သူက ထိုလူသား၏စွမ်းအား တစ်ဆင့်ချင်း တက်လာသည်ကို ကြည့်ခဲ့ရသည်။ ၂နှစ် ကြာပြီးနောက် သူက အနိမ့်ဆင့်နတ်ဆိုးမှ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသို့ တဟုန်ထိုး တက်သွားခဲ့ပြီး နတ်ဆိုးအရှင်သခင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ယှဉ်၍ရသော အသွင်ပြောင်းစွမ်းရည်လည်း ပိုင်ဆိုင်ထားသည်။ ၎င်းမှာ မျှော်မှန်း၍ မရနိုင်သော အံ့သြဖွယ်ရာတစ်ခု ဖြစ်သည်။ “မဟာဆရာသခင်အမွေအနှစ်” က အရေးပါသော အကြောင်းရင်းတစ်ခု ဖြစ်သည်မှာ သေချာသော်လည်း သေရေးရှင်ရေး ဖြစ်ခဲ့သော တိုက်ပွဲများနှင့် မရေမတွက်နိုင်သော လေ့ကျင့်မှုများကြောင့်လည်း ဖြစ်သည်။
နတ်မိမယ်နဂါး၏အသံ ပိုကျယ်လာသည်။ “ဒါပေမဲ့ အင်ပါယာလေးတစ်ခုကို နင် အားလုံးပုံအပ်ထားဖို့ မလိုဘူး။ အင်ပါယာ မရှိတော့ ဘာဖြစ်လဲ။ အင်ပါယာသုံးခုရဲ့ နယ်စပ်နဲ့ဝေးတဲ့နေရာ ဒါမဟုတ် တခြားနေရာတစ်ခုကို သွားလို့ရတာပဲ။ နင် ရှီရာနဲ့ တခြားမိန်းမတွေကို လိုချင်ရင် သူတို့ကို အတူတူ ခေါ်သွားပေါ့။”
အမြဲတမ်း ဟန်ဆောင်ငေးငိုင်သော ဇိုလာက ထိုသို့ပြောလိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ ချန်လွေက မိမိသည် အိုဆိုင်ဒန်နှင့် တိုက်ခိုက်ခဲ့စဉ်က သေတော့မလို ဖြစ်သွားခြင်းကြောင့် ဇိုလာ စိုးရိမ်နေဆဲဖြစ်ကြောင်း သိသည်။ ရှီရာက သူချစ်ရသော အမျိုးသမီး ဖြစ်သော်လည်း အမှောင်လသည် သူ၏ကြိုးစားအားထုတ်မှုရလာဒ် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏မိန်းမများမှာ ရှီရာသာ မဟုတ်ပေ။(အတိအကျ ပြောရလျှင် ရှီရာကို ထည့်တွက်၍ မရသေးပေ)
“အခု ငါက နင့်ကို ထွက်ပြေးခိုင်းနေတာ မဟုတ်ဘူး။ ငါတို့မှာ နောက်ဆုတ်ဖို့ လမ်းတစ်ခု ရှိတယ်ဆိုတာကို ပြောနေတာ။ ငါ့ယောက်ျားက သူ့ရဲဘော်ရဲဘက်တွေကို ချန်ထားပြီးတော့ သတ္တိကြောင်ပြီး ထွက်ပြးတဲ့သူမျိုး မဟုတ်ဘူး။” ဇိုလာက ပါ့ဂ်လီအိုကို ကြည့်ရင်း ပြောလိုက်သည်။
“သိပါပြီ။” ချန်လွေ့က နှလုံးသားထဲ နွေးထွေးသွားရင်း ရိုးရိုးသားသား ခေါင်းညိတ်လိုက်သည်။
မစ်-နတ်မိမယ်နဂါး၏ သရုပ်ပြအကြည့်ကို မြင်သည့်အခါ ဆရာသခင် အဆိပ်နဂါး လည်မျိုမှသေရည် သီးသွားခဲ့သည်။ မင်းလူကို အားပေးတာက ငါနဲ့ ဘာဆိုင်လို့လဲ။
“ငါ့ယောက်ျားက ပိုအစွမ်းထက်ပြီးတော့ ငွေသေတ္တာလိုမျိုး ပိုပြီးတော့ အဆင့်မြင့်တဲ့ လျို့ဝှက်ချက်တွေကို ငါနဲ့အတူတူ လေ့လာနိုင်ဖို့ မျှော်လင့်တယ်...”
ဆရာသခင် အဆိပ်နဂါး၏မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားပြီး ချန်လွေ့၏ပုခုံးကို ပုတ်လိုက်သည်။ “အတူတူ ကြီးပွား၊ အတူတူ တိုးတက်ကြမယ်။”
ချန်လွေ့က ပါ့ဂ်လီအိုအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ နောက်ထပ်ပြောမယ့် စကားက လိုက်ဖက်ညီတဲ့ အသိုက်အဝန်းတစ်ခုကို အတူတူ တည်ဆောက်မယ်လား။
နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် အရိပ်နက်အင်ပါယာမှ သံတမန် ရောက်ရှိလာ၏။
ယခုတစ်ခေါက်မှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အမျိုးသမီးမှာ ယခင်တစ်ခေါက်က ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန်အတွက် “အိုင်းစစ်”နှင့်အတူ အမှောင်လသို့ ရောက်လာခဲ့သော လီလစ်ဇ် ဖြစ်သည်။ သူ၏ စွမ်းအားမှာ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ဖြစ်သည်။ အမျိုးသားက ချန်လွေ့၏ “အသိ”ဟု သတ်မှတ်၍ရသော တာဒီလာ ဖြစ်သည်။ သူက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းဖြစ်ပြီး ရှီလန်တောင်မှ လိုကီအဖြစ်အပျက်၌ ချန်လွေ့ တိုက်ခိုက်ခဲ့ဖူးသောသူ ဖြစ်သည်။
အမှောင်လဘက်ခြမ်းတွင် “အက်ဂ်ယော” အပြင် ရှီရာကို မြို့တော်မှ စတေလာ ဦးဆောင်ပြီး နတ်ဆိုးအရှင်သခင်အဆင့်များ ဝိုင်းရံထားကြသည်။ ငြိမ်ဝပ်ပိပြားရေး အရာရှိနှင့် ဘဏ္ဍာရေးအရာရှိအဖြစ် ဟန်ဆောင်ထားသော ဒိုဒိုတို့လည်း ရှိနေကြသည်။ ထယ်တင်းနစ် ပြောသည့်အတိုင်းဆိုလျှင် ဒိုဒို၏ သန္ဓေပြောင်းခြင်း အရင်းအမြစ်မှာ နဂါးနီ၏ နဂါးစွမ်းအားအမြုတေကို ဝါးမျိုမိခြင်းကြောင့် ဖြစ်သည်။ ထို့နောက် မိစ္ဆာသစ်သီးများက နဂါးစွမ်းအားအမြုတေကို တစ်ဆင့်ချင်း သန့်စင်လိုက်သည်။ ထိုအတိုင်းဆိုလျှင် ဒိုဒိုတွင် ကြီးမားသော အလားအလာ ရှိနေသည်။
သို့သော်လည်း ထိုချွဲကျိကောင် သတ္တိနည်းနေသည်မှာ ဝမ်းနည်းစရာပင်။ ယခုတွင် သူက ချန်လွေ့နှင့် အခြားသူများနှင့် ရှိနေသည့်အတွက် တိုးတက်မှု လုံးဝ မပြုလုပ်ချင်ပေ။ သို့သော်လည်း ထိုအသွင်ပြောင်းစွမ်းရည်ကို အဆုံးစွန်အထိ အသုံးပြုထားသည်။ ရိုမန်၏ ဘယ်ဖီဂေါ တော်ဝင်မိသားစုမှ လျို့ဝှက်ရတနာ မိစ္ဆာမျက်ရည်ပြာနှင့် ဖုံးကွယ်လိုက်သည့်အခါ နတ်ဆိုးအရှင်သခင်အဆင့်သည်ပင် သူ့ကို ဖောက်ထွင်း မမြင်နိုင်တော့ပေ။
နှစ်ဖက်လုံးက လုပ်ရိုးလုပ်စဉ်များ ပြီးစီးသွားသောအခါ လီလစ်ဇ်က ပြောသည်။ “တော်ဝင်မင်းသမီး။ အမှောင်လနဲ့ ကျွန်မတို့ အရိပ်နက်အင်ပါယာရဲ့ သွေးနွယ်နယ်မြေက ပူးပေါင်းမှုအတွက် အတော်လေးကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တစ်ခု ရှိတယ်။ ဒီတစ်ခေါက် ကျွန်မက ဧကရီ ကတ်သရင်းရဲ့ အမိန့်နဲ့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းတွေကို လာရောက်ဆွေးနွေးတာပါ။”
ရှီရာက ချက်ချင်းပင် အဓိပ္ပာယ်ကို သဘောပေါက်လိုက်သည်။ “သွေးနွယ်နယ်မြေ မဟုတ်ဘဲ မဟာကတ်သရင်းကလား။”
“ဟုတ်ပါတယ်။” လီလီစ်ဇ်က ပါးလွှာသော ပိုးဇာလွှား နောက်မှ ပြုံးလိုက်သည်။ “မင်းသမီးရှီရာက လီသ်တောနက်ထဲက တိုက်ပွဲမှာ နတ်ဆိုးဘုံ တစ်ခုကို တုန်လှုပ် သွားစေခဲ့တယ်။ ဒါက သမိုင်းမှာ မှတ်တမ်းတင်ထိုက်တဲ့ စံပြတိုက်ပွဲတစ်ခုပဲ။ အရှင်မ ကတ်သရင်းက မင်းသမီးရဲ့ ရဲရင့်တဲ့ခွန်အားနဲ့ နည်းဗျူဟာတွေကို ချီးကျူးလို့ မဆုံးနိုင်တော့ဘူး။ သူက မင်းသမီးကို အင်ပါယာအတွင်း အခက်အခဲတွေကို ချောချာမွေ့မွေ့ ကျော်ဖြတ်ပြီးတော့ ဧကရီနေရာကို တက်လှမ်းနိုင်ဖို့ မျှော်လင့်နေတယ်။”
“မဟာကတ်သရင်းရဲ့ စိတ်ကောင်းစေတနာအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမဲ့ ကြယ်ကြွေတမန်အင်ပါယာကိစ္စတွေကို လူစီဖာ တော်ဝင်မိသားစုက ကိုင်တွယ်မှာပါ။ အဲဒါကြောင့် ကျွန်မက အရိပ်နက်အင်ပါယာကို ဒုက္ခမပေးတော့ပါဘူး။ အင်ပါယာနှစ်ခု ရှေ့ဆက်ဖို့ သာဓကအနေနဲ့ ဒီစေတနာကောင်းကို ကျွန်မရဲ့နှလုံးသားထဲ မှတ်မိနေမှာပါ။”
တာဒီလာက အတော်လေး ရန်လိုသော လေသံဖြင့် ပြောလိုက်သည်။ “ဒီတော့ အမှောင်လလော့ဒ်က ကျုပ်တို့အင်ပါယာ ဧကရီရဲ့ ရင်းနှီးမှုကို ငြင်းပယ်တော့မှာလား။”
ယခုတွင် ရှီရာက ဧကရီ မဟုတ်သေးပေ။ မဟာဧကရီတစ်ယောက်၏ ရင်းနှီးမှုကို လော့ဒ်တစ်ယောက် ငြင်းပယ်ခြင်းက စစ်ပွဲစတင်ရန် လုံလောက်သော အကြောင်းပြချက် တစ်ခု ဖြစ်သည်။ သို့သော်လည်း စစ်ပွဲအကြောင်းပြချက်မှာ အကြောင်းသင့်လျော်ရန် အတွက်သာ ဖြစ်သည်။ သူတို့ အမှန်တကယ် စစ်ဖြစ်ချင်လျှင် မည်သည့် အကြောင်းရင်းမျှ မလိုဘဲ စစ်တိုက်၍ရသည်။ တာဒီလာက အခြေအနေကို အခွင့်ကောင်း ယူနေခြင်းသာ ဖြစ်သည်။
“ဟမ့်...” စလေလာ သရော်လိုက်ပြီး နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း အငွေ့အသက်ကို ယဲ့ယဲ့လေး ထုတ်လွှတ်လိုက်သည်။ “ရှင် ကျွန်မတို့ကို ခြိမ်းခြောက်နေ တာလား။”
အင်အားကြီး နတ်ဆိုးအရှင်သခင်အဆင့် အများအပြား ရှိနေသော်လည်း တာဒီလာက ကြီးစိုးနေဆဲပင်ဖြစ်ပြီး ရန်လိုမှုကို မကြောက်ကြောင်း ပြသနေသည်။ သူက အင်အားကြီးသော အရိပ်နက်အင်ပါယာကို ကိုယ်စားပြုသည်။ ထိုနတ်ဆိုးအရှင်သခင် အဆင့်များ လှုပ်ရှားရဲသည်နှင့် ကြယ်ကြွေတမန်အင်ပါယာက အဆပေါင်းများစွာ လက်တုံ့ပြန်ခံရမည် ဖြစ်သည်။
ရုတ်တရက် ချန်လွေ့က “အားနည်းသောအင်ပါယာ၌ သံတမန်ဆက်ဆံရေးမရှိ” ဟူသော စကားတစ်ခုကို တွေးမိလိုက်သည်။ မည်သည့် လောက၌မဆို သံတမန်ဆက်ဆံရေးမှာ အင်ပါယာ မိသားစုများ၏ အင်အားကို အခြေခံထားခြင်း ဖြစ်သည်။ အင်ပါယာတစ်ခုက အမှန်တကယ် အင်အားကြီးမှသာ သမိုင်းကြောင်းမှ အရှက်ရမှုကို ဆေးကြောနိုင်ပြီး အားနည်းသူများကို ဟန့်တားကို အပြည်ပြည်ဆိုင်ရာ အခြေအနေ၌ ပြိုင်စံရှားပေမည်။ အလွန်အကျွံ နည်းလမ်းများက ထိန်းချုပ်ရန်အတွက် လွယ်ကူသော ပစ်မှတ်တစ်ခု ဖြစ်သွားပြီး နဂိုမူရင်း ရည်ရွယ်ချက်က တဖြည်းဖြည်းနှင့် သွေဖည်သွားနိုင်ပေသည်။
“ကျွန်မတို့ အင်ပါယာနဲ့ ကြယ်ကြွေတမန်အင်ပါယာက အမြဲတမ်း ရင်းနှီးပြီးတော့ ပူပေါင်းဆောင်ရွက်နေကြတာ။ ပြီးတော့ ကျွန်မတို့က ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားကြတယ်။ ဘယ်လိုလုပ် ခြိမ်းခြောက်မှု ရှိမှာလဲ။” လီလီစ်ဇ်၏ မျက်နှာအမူအရာ မပြောင်းလဲသွားပေ။ “ဧကရီ ကတ်သရင်းလည်း အခက်အခဲတွေကနေ တစ်ဆင့်ချင်း နန်းတက်လာခဲ့တာ။ အဲဒါကြောင့် သူက မင်းသမီးရှီရာရဲ့ အခက်အခဲတွေကို နားလည်တယ်။ အဲဒါကြောင့် ကျွန်မတို့က ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ အတူ အဝေးကနေ လာပြီးတော့ မင်းသမီးကို ကူညီပေးဖို့ မျှော်လင့်တာပါ။”
ချန်လွေ့အဖြစ် ရုပ်ဖျက်ထားသော ဒိုဒိုက အသီနာ၏ အရိပ်အမြွက်ကြောင့် ကြိုတင် ပြင်ဆင်ထားသော စကားတစ်ခွန်းကို မေးလိုက်သည်။ “ဧကရီ ကတ်သရင်းက ဘယ်လို အကူအညီမျိုး ပေးနိုင်မှာလဲ။”
လီလစ်ဇ်၏မျက်လုံးများက “ချန်လွေ့”ကို ခဏတာ အာရုံစိုက်ပြီး ပြန်ဖြေသည်။ “ဧကရီ ကတ်သရင်းက တဲခုလာခံတပ်နဲ့ လိုင်ရာမြို့မှာ တပ်သားတွေ စုစည်းထားတယ်။ သူတို့က အင်ပါယာတစ်ခုလုံးကို စစ်ရေးနဲ့ ချက်ချင်း ထိန်းချုပ်ပြီးတော့ မင်းသမီးရှီရာကို အောင်အောင်မြင်မြင်နဲ့ နန်းတက်နိုင်ဖို့ အကူအညီပေးနိုင်တယ်။”
ပိုင်နက်အတွင်း စစ်တပ်လှုပ်ရှားမှုများကို ကြယ်ကြွေတမန်အင်ပါယာ၏ မျက်လုံးနှင့် နားများမှ ဖုံးကွယ်၍ မရကြောင်း လီလစ်ဇ် သိသည့်အတွက် ကြီးကျယ်သော အကြောင်းရင်းတစ်ခုဖြင့် ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။
“ကူညီဖို့ ဟုတ်လား။ ဒီစကားလုံးကို ကောင်းကောင်း သုံးထားတာပဲ။” တကယ့်ချန်လွေ့က အသံပြောင်းပြီး မျက်နှာဖုံးနောက်မှ ပြောလိုက်သည်။ “နတ်ဆိုးဘုံမှာ စကားတစ်ခွန်းရှိတယ်။ မစိုက်ပျိုးရင် မရိပ်သိမ်းရဘူး။ ဒါဆိုရင် ဒီ “အကူအညီ” အတွက် ကျုပ်တို့တွေက ဘယ်လိုတန်ဖိုးမျိုးကို ပေးဆပ်ရမှာလဲ။ ငွေကြေးအများအပြားလား။ ဒါမှမဟုတ် အရေးပါတဲ့နေရာအချို့ကို ပေးအပ်ရမှလား။”
“ငွေကြေးနဲ့ မြေနေရာပေးအပ်တာက စစ်မှန်တဲ့ ရင်းနှီးမှုနဲ့ မညီမျှဘူး။” လီလစ်ဇ်က စွဲမက်စရာကောင်းလောက်အောင် ပြုံးနေဆဲ ဖြစ်သည်။ လူတိုင်းက ထိုမှတ်ချက်ကို ကြားလိုက်ကြသည်။ မြေနေရာပေးအပ်တာက တကယ် မလုံလောက်ဘူး။
“တကယ်တော့ အရှင်မ ကတ်သရင်းက ငွေကြေးတွေ၊ နယ်မြေတွေကို မလိုချင်ဘူး။ သူက မင်းသမီးရှီရာနဲ့ လက်တွဲအလုပ်လုပ်ပြီးတော့ အင်ပါယာ နှစ်ခုအကြားက ပူးပေါင်းမှုကို ပိုနက်ရှိုင်းစေဖို့ မျှော်လင့်နေတယ်။ စီးပွားရေးနှင့် စစ်ရေး အပါအဝင်ပေါ့။ ကျွန်မတို့က အင်ပါယာနှစ်ခုအကြားက ကုန်သွယ်မှုကို တိုးမြှင့်ပြီးတော့ အခွန်လျှော့ချလို့ရတယ်။ တိုးတက်မှုတွေ မြှင့်တင်လို့ ရတယ်....” လီလစ်ဇ်က နှစ်ဖက်လုံး အကျိုးအမြတ်ရရှိသော ပုံစံမျိုးဖြင့် ပြောနေသည်။ သို့သော်လည်း ချန်လွေ့၏နားထဲ၌ ထိုအကျိုးအမြတ်များ၌ စီးပွားရေးစစ်ပွဲတစ်ခု၏ ရှေးပြေးပုံစံ အများအပြား ပါဝင်နေသည်။ ကတ်သရင်းမှာ တကယ်ပဲ ဒီလိုအမြင်တွေ ရှိနေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။
“လုပ်ဖော်ကိုင်ဖက် တစ်ယောက်အနေနဲ့ အမှောင်လရဲ့ မြေတိုးမြှင့်မှု နည်းပညာ၊ မှော်သလင်းကျောက်အမြောက်နဲ့ လောက်လေးခွကြီး လိုမျိုး အဆင့်မြင့် စစ်လက်နက် ထုတ်လုပ်တဲ့နည်းပညာတွေရဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဆာ-ဘဏ္ဍာရေးအရာရှိ ချန်လွေ့လိုမျိုး သီးသန့်လူတော်တချို့ကိုလည်း ပါတယ်.....”
လီလစ်ဇ်က လိုရင်းသို့ တစ်ခါတည်းသွားပြီး “ချန်လွေ့”ကို ပြုံးပြသည်။ “အခုလက်ရှိမှာ သွေးရောင်အင်ပါယာရဲ့ မင်းသားနှစ်ပါးက သံလက်သီးနယ်မြေမှာ အချင်းချင်း တိုက်ခိုက်နေကြတယ်။ မင်းသမီး နန်းတက်ပြီးရင် မဟာကတ်သရင်းက မှော်ဆရာခံတပ်ကနေ တပ်သားတွေ စေလွှတ်ပြီးတော့ သွေးရောင်အင်ပါယာရဲ့ အတွင်းရေးပြဿနာကို ချေမှုန်းဖို့ ကူညီပေးစေချင်တယ်။ အရိပ်နက်အင်ပါယာရဲ့ စစ်တပ်ကလည်း မင်းသမီးတို့ပိုင်နက်ထဲကို တဲခုလာ ခံတပ်ကနေတစ်ဆင့် ဝင်လာပြီးတော့ ကူညီပေးမှာပါ။ ပြီးတော့ ကျွန်မတို့အင်ပါယာရဲ့ ပထမဗိုလ်ချုပ် ဘရော့ခ်ကလည်း ဂျာဒယ်ခံတပ်ကနေ တပ်သားတွေ စေလွှတ်ပြီးတော့ ဖိအားပေးမှာပါ။”
ကတ်သရင်း၏ ရည်ရွယ်ချက်များကို ချန်လွေ့ ချက်ချင်း သဘောပေါက် လိုက်သည်။ ပထမဆုံးမှာ လျို့ဝှက်ချက် နည်းပညာများနှင့် လူတော်များကို ရရှိရန်ဖြစ်ပြီး ဒုတိယမှာ ကြယ်ကြွေတမန်အင်ပါယာနှင့် သွေးရောင်အင်ပါယာကြား တိုက်ပွဲမှ အကျိုးအမြတ် ရှာဖွေရန် ဖြစ်သည်။ သူက နယ်မြေပေးအပ်တာကိုလည်း မလိုဘူး။ မြို့တော်ကို သိမ်းပိုက်ဖို့လည်း မလိုဘူး။ ကြယ်ကြွေတမန်အင်ပါယာနဲ့ သွေးရောင်အင်ပါယာရဲ့ အဓိကစွမ်းအား ကုန်ခမ်းသွားတာနဲ့ အတွင်းထဲက နယ်မြေတွေက လက်တစ်ကမ်း အတွင်းမှာပဲ မဟုတ်လား။
မီးလောင်နေတဲ့အိမ်ကို လုယက်တယ်။ ဒုက္ခရောက်နေတာကို အခွင့်အရေး ယူတယ်။ ရန်သူတွေကို တိုက်ခိုက်အောင် သွေးထိုးပေးတယ်။ တစ်ဖက်ကို ထိခိုက်အောင်လုပ်ဖို့ ငါတို့နဲ့ ပူးပေါင်းကြံစည်တယ်။၊ ပြီးတော့ ငါတို့ကို ကျောခိုင်းသွားတယ်။ တိုက်ခိုက်နေတုန်း အန္တရာယ်ကင်းတဲ့နေရာကနေ ကြည့်နေပြီးတော့ နှစ်ဖက်လုံး အားအင်ကုန်ခမ်းတဲ့အချိန်မှ အကျိုးအမြတ်တွေကို သိမ်းယူမယ်။ ဒါတွေက တစ်ခုနဲ့တစ်ခု အမှီပြုနေတဲ့ မရေမတွက်နိုင်တဲ့ နည်းဗျူဟာတွေ၊ တွက်ချက်မှုတွေပဲ။ ချန်လွေ့က ၎င်းကို မယှဉ်နိုင်သည့်အတွက် ဝမ်းနည်းမိသွားသည်။ ဒီပုံစံကို ကြည့်ရတာ ကတ်သရင်းက ကြယ်ကြွေတမန်အင်ပါယာရဲ့ အားအနည်းဆုံးအချိန်ကို အခွင့်အရေး ရယူဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ။
ရှီရာနှင့် မြို့တော်မှ နတ်ဆိုးအရှင်သခင်အဆင့်များက ငတုံးများ မဟုတ်ကြပေ။ စီးပွားရေးနှင့် ကုန်သွယ်ရေး လှည့်ကွက်များကို ဘေးဖယ်ထားလိုက်လျှင် “ပူးပေါင်းဆောင်ရွက်ခြင်း” ဆိုသည်၏ ကောက်ကျစ်သော ရည်ရွယ်ချက်များကို လူတိုင်း မြင်နိုင်ပေသည်။ ရှီရာ ချက်ချင်းပင် ငြင်းလိုက်သည်။ “ကျွန်မ သဘောမတူနိုင်တာကို ခွင့်လွှတ်ပေးပါ။”
လီလစ်ဇ်က ရှီရာ၏ ငြင်းဆန်မှုကို မအံ့သြသွားဘဲ ပြုံးရင်း ပြောလိုက်သည်။ “မင်းသမီး ပြန်ဖြေတာက စောလွန်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းသမီးက အခု အမှောင်လရဲ့ လော့ဒ်တစ်ယောက်ပါပဲ။ အင်ပါယာတစ်ခုလုံးကို ကိုယ်စားမပြုဘူး။ တကယ်လို့ မင်းသမီး သဘောမတူဘူးဆိုရင် ကြယ်ကြွေတမန်အင်ပါယာကို တကယ် ကိုယ်စားပြုနိုင်တဲ့ နောက်ထပ် ပူးပေါင်းဆောင်ရွက်သူတစ်ယောက် ရှာလို့ရပါတယ်။ မင်းသမီးတို့ အင်ပါယာရဲ့ မြို့တော်ကို သိမ်းပိုက်ထားတဲ့ စီကာလီ လူစီဖာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် နောက်ထပ် ပိုပြီးတော့ ရိုးသားတဲ့ တော်ဝင်မိသားစုကပေါ့။”
အရိပ်နက်အင်ပါယာ၏ ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းပေသည်။ အခု ကြယ်ကြွေတမန်အင်ပါယာက ခေါင်းဆောင် မဟုတ်ဘူး။ မင်း သဘာမတူဘူးရင် ငါ့စစ်တပ် ကျူးကျော်လာပြီးတော့ ပိုပြီးတော့ နာခံတဲ့ ရုပ်သေးတစ်ရုပ်ကို နန်းတက်ဖို့ ထောက်ပံ့ပေးမယ်။
၎င်းမှာ သိသာသော ခြိမ်းခြောက်မှုတစ်ခုပင်။
ရှီရာအနားမှ နတ်ဆိုးအရှင်သခင်အဆင့်များ၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားပြီး သက်ဖြတ်ချင်စိတ်လှိုင်းများက လီလစ်ဇ်ကို ဝိုင်းရံထားလိုက်သည်။ ဘေးနားတွင် လျို့ဝှက်ရတနာ တစ်မျိုးမျိုး ရှိနေသကဲ့သို့ပင် လီလစ်ဇ်က တည်ငြိမ်သော အရှိန်အဟုန်နှင့် ပြုံးနေလျက်ပင် ရှိနေသေးသည်။
ရှီရာသည် ကြယ်ကြွေတမန်ဓား၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီး အိုဆိုင်ဒန်ကို အနိုင်ယူခဲ့သည်။ သူသည် အင်ပါယာက အသိအမှတ်ပြုထားသော ဆက်ခံသူ ဖြစ်သည်။ အကယ်၍ နတ်ဆိုးအရှင်သခင်အဆင့်များက စိတ်ထဲ၌ အကြံအစည်များ ရှိသည့်တိုင် ၎င်းကို မငြင်းဆန်နိုင်ပေ။ ယခုတွင် အရိပ်နက်အင်ပါယာမှ သံတမန်က ကြယ်ကြွေတမန် အင်ပါယာ၏ ဧကရီလောင်းကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ ထို့အပြင် နတ်ဆိုးအရှင်သခင်အဆင့် အများအပြားလည်း ရှိနေသည့်အတွက် ထိုင်ကြည့်နေ၍ မဖြစ်နိုင်ပေ။
အရိပ်နက်အင်ပါယာက ကြယ်ကြွေတမန်အင်ပါယာထက် ပိုမိုအင်အားကြီးသည်။ အထူးသဖြင့် အတွင်းရေး တိုက်ပွဲ၌ ကြယ်ကြွေတမန်အင်ပါယာက ကြီးကြီးမားမား ဆုတ်ယုတ်သွားခဲ့ပြီး အခြားအင်ပါယာနှစ်ခု၏နောက်သို့ ပိုမိုရောက်ရှိသွားသည်။ ထိုသံတမန်နှစ်ယောက်ကို သတ်ပစ်လိုက်သည်နှင့် နောက်ဆုံးမျှော်လင့်ချက်လည်း ပြတ်တောက်သွားမည် ဖြစ်သည်။ ထို့နောက် အရိပ်နက်အင်ပါယာက နယ်စပ်နှစ်ခုတွင် စခန်းချထားသော တပ်သားများကို ချက်ချင်း စေလွှတ်လိုက်ပေမည်။ လုပ်ရပ်တစ်ခုက အလွန်ကြီးမားသော အကျိုးဆက်တစ်ခုကို ဖြစ်စေနိုင်သည်။ စတေလာနှင့် အခြား နတ်ဆိုးအရှင်သခင်အဆင့်များ ဒေါသထွက်နေကြသော်လည်း မလှုပ်ရှားရဲကြသေးပေ။
“မဒမ်-လီလစ်ဇ် ပြောချင်တာက ကျုပ်တို့ ဆန္ဒမရှိရင်တောင် မဟာကတ်သရင်းရဲ့ ရင်းနှီးမှုကို လက်ခံရမှာလား။” ချန်လွေ့ ခဏစဉ်းစားပြီးနောက် သူ၏ အသံက အလွန်အမင်း တင်းကျပ်နေသော အခြေအနေကို ဖြိုခွင်းလိုက်သည်။
ထိုစကားက အမှန်တကယ်၌ သိလျက်နှင့် မေးခြင်းသာ ဖြစ်သည်။ လီလစ်ဇ် ပြုံးလိုက်ပြီး ဘာမှမပြောခဲ့ပေ။ ထိုစဉ် တာဒီလာလာက သရော်ပြုံး ပြုံးပြီး ပြောသည်။ “ဆာ-အက်ဂ်ယော။ အရင်တစ်ခေါက် ရှီလန်တောင်မှာ အလောတကြီး နှုတ်ဆက်ပြီးတော့ ကျုပ် ဆာ့ကို တော်တော်လေး သတိရနေခဲ့တာ။”
“အိုး။ ဆာ-တာဒီလာရဲ့ ရွှေရုပ်သေးကို ပြန်ပြင်ပြီးပြီလား မသိဘူး။” ချန်လွေ့က တမင်တကာပင် တာဒီလာကို ရန်စသည်။ သူ၏ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] စွမ်းအားက ယခင်နှင့် မတူတော့ပေ။ ထို့ကြောင့် သူက တာဒီလာကို မကြောက်ပေ။
ထို့နောက်မှသာ အက်ဂ်ယောက တာဒီလာနှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးကြောင်း လူတိုင်း သိသွားကြပြီး တာဒီလာက အတော်လေး ထိခိုက်သွားခဲ့ပုံရသည်။ သို့သော် တာဒီလာက အလျှော့မပေးဘဲ ဆက်ပြောသည်။ “ဆာ့စွမ်းအားက တကယ့်ကို ထူးခြားတယ်။ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ရှိနေမှတော့ ကျုပ်က ပြိုင်ဘက်တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ် နားမလည်တာက ဂုဏ်ကျက်သရေရှိတဲ့ ဘယ်ဇီဘတ် တော်ဝင်မိသားစု ခေါင်းဆောင်က ဘာလို့ အမှောင်လရဲ့ တော်ဝင်မင်းသမီးဆီမှာ အညံ့ခံခဲ့တာလဲ ဆိုတာပဲ။ ခုနက ကျုပ်တို့ ဆိုတဲ့ တရင်းတနှီးအသုံးအနှုန်းက တော်ဝင်မိသားစု နှစ်ခုအကြားမှာ ရန်ငြိုးတွေ မရှိသလိုပဲ။”
ထိုစကားထွက်လာသည်နှင့် မြို့တော်မှ နတ်ဆိုးအရှင်သခင်အဆင့်များ၏ မျက်လုံးများက ချန်လွေ့ထံ ရောက်ရှိသွားသည်။
ဘယ်ဇီဘတ် နတ်ဘုရားဝါးမျိုအင်ပါယာကို ကြယ်ကြွေတမန် အင်ပါယာက ချေမှုန်းခဲ့ပြီး မိသားစုနှစ်ခုကို မျိုးရိုးစဉ်ဆက် ရန်သူများဟု ဖော်ပြ၍ ရနိုင်ပေသည်။ အက်ဂ်ယောက ဘယ်ဇီဘတ် အကြွင်းအကျန်ဟု သတင်းများ ထွက်ခဲ့သော်လည်း ၎င်းက ကောလာဟလဟုသာ လူတိုင်း ထင်ခဲ့ကြသည်။
ယခုတွင် အရိပ်နက်အင်ပါယာ သံတမန် တာဒီလာကိုယ်တိုင်က အက်ဂ်ယောသည် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို ပိုင်ဆိုင်ထားသော ဘယ်ဇီလတ်တော်ဝင်မိသားစု ခေါင်းဆောင် ဖြစ်ကြောင်း ပြောနေသည်။ ထို့အပြင် သူတို့နှစ်ယောက်၏ ပြောစကားများအရ တာဒီလာသည် ထိုစဉ်က နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကြောင့် ရှုံးနိမ့်သွားခဲ့ပြီး သူ၏ အက်စ်မိုဒက်စ်တော်ဝင်မိသားစု ရွှေရုပ်သေးလည်း အပြင်းအထန် ထိခိုက်သွားခဲ့လေသည်။
မင်းသမီးရှီရာရဲ့ ကြင်ရာလောင်း၊ အနာဂတ်မှာ အင်ပါယာရဲ့ မင်းသား ကြင်ရာတော် ဖြစ်လာမယ့်သူက တကယ်ကြီး ဘယ်ဇီဘတ်တော်ဝင်မိသားစု ခေါင်းဆောင် ဖြစ်နေတယ်။
ဒါက ဘယ်လိုလုပ် အံ့အားသင့်စရာ မကောင်းဘဲ နေမလဲ။ ဒါဆို အက်ဂ်ယော ဘယ်ဇီဘတ်က ရှီရာကို ဒီလိုမျိုး ကူညီတာ ဘာရည်ရွယ်ချက်နဲ့ပဲ။ သူ့မှာ ဘယ်လို အကြံအစည်တွေ ရှိနေလဲ။ ဉာဏ်ပြေးသော နတ်ဆိုးအရှင်သခင်အဆင့်များက ရှီရာကို အိုဆိုင်ဒန် အရေးယူခဲ့သော အကြောင်းရင်းတစ်ခုတွင် “နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး အပိုင်းအစ ပျောက်သွားခြင်း” ပါဝင်ကြောင်း ရုတ်တရက် သတိရသွားသည်။ ဧကန္တ ....
ချက်ချင်းပင် လူအများအပြားက တီးတိုးပြောလာကြပြီး ရှီရာအား ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။