← Chapters

အရှင်မ ရှီရာ

Vol. 37 Ch. 559

အရှင်မ ရှီရာ

Vol. 37 Ch. 559

နောက်ဆုံး၌ လီလီစ်ဇ်နှင့် တာဒီလာတို့က အမှန်တကယ် တုန်လှုပ်သွားကြ၏။ အခုလက်ရှိ အသီနာရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်တွေက ဟန်ဆောင်နေတာ လုံးဝ မဟုတ်နိုင်ဘူး။ ရှီရာက မြို့တော်ကို အချိန်တိုအတွင်းမှာပင် အံ့သြဖွယ်ကောင်းအောင် ပြန်သွားပြီးတော့ နန်းတက်နိုင်ခဲ့တာလား။

သီဝရီအရဆိုရင် နေရာလွတ်ကို လျစ်လျူရှုနိုင်တာ နည်းနှစ်နည်း ရှိတယ်။ ပထမ တစ်ခုက ရေဒြပ်စင်မှော်ပညာဖြစ်တဲ့ [ အချိန်နဲ့နေရာလွတ်ဂိတ်တံခါး ] ပဲ။ ဒီမှော်ပညာက ရက်အကန့်အသတ် တိုတောင်းပြီးတော့ အလွယ်တကူ ပျက်ပျယ်နိုင်တယ်။ အသက်သွင်းပြီးတော့ အသုံးပြုလို့ရတဲ့ နေ့ရက်တွေအတွင်း နေ့တိုင်း စိတ်ဝိညာဉ် စွမ်းအားတွေ အဆက်မပြတ် ကျွေးရတယ်။

ဒုတိယနည်းလမ်းက [ နေရာလွတ်တယ်လီပို့လမ်းကြောင်း ] တည်ဆောက်ဖို့ပဲ။ ဒီအခြေအနေက အတော်လေး ပတ်ဝန်းကျင်လိုအပ်ချက်တွေ မြင့်မားတယ်။ အခြေခံ အကျဆုံးကတော့ အားကောင်းသော မှော်ရေကန်တစ်ခု တည်ဆောက်ဖို့ပဲ။ အင်ပါယာ တစ်ခုရဲ့ မြို့တော်တစ်ခုအနေနဲ့ ဒီလိုတည်ရှိတဲ့ ပတ်ဝန်းကျင်က သေချာပေါက် အစောင့်တင်းကြပ်ပြီးတော့ ဖျက်ဆီးခံရမှာပဲ။ ပြီးတော့လည်း ကြယ်ကြွေတမန်မြို့တော်ရဲ့ အမှောင်လအပေါ် နှစ်ပေါင်း၃၀၀ကျော် အရေးယူမှုတွေအရတော့ အိုဆိုင်ဒန်က အမှောင်လအတွက် ထွက်ပေါက်တစ်ခု ချန်ထားမှာ မဟုတ်တာ သေချာတယ်။

အရေးကြီးဆုံးမှာ [ အချိန်နှင့်နေရာလွတ်ဂိတ်တံခါး ] ဖြစ်စေ၊ [ နေရာလွတ်တယ်လီပို့လမ်းကြောင်း ] ဖြစ်စေ၊ အကာအဝေး ကန့်သတ်ချက် ရှိသည်။ အမှောင်လနယ်မြေနှင့် အတော်လေး ဝေးကွာလှသော မြို့တော်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။ သို့မဟုတ်ပါက လူသား‌လောကနှင့် နတ်ဆိုးဘုံကို ချိတ်ဆက်ရန်အတွက် နေရာလွတ်ဂိတ်တံခါးတစ်ခု တည်ဆောက်ပြီး အချင်းချင်း တိုက်ခိုက်သတ်ဖြတ်၍ ရနိုင်ပြီ ဖြစ်သည်။ မည်သည့်အတွက်ကြောင့် နှစ်၅၀၀ကြာမှတစ်ခါ တိုက်ခိုက်မည်နည်း။

ယခု လီလီစ်ဇ်နှင့် တာဒီလာတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူတို့ ဆုံးဖြတ်ချက် မှားယွင်းသွားရန်သာ ဖြစ်သည်။ ကတ်သရင်းရဲ့ ရည်ရွယ်ချက်က ကြယ်ကြွေတမန်အင်ပါယာမှာ ခေါင်းဆောင်မရှိတာကို အခွင့်ကောင်းယူပြီးတော့ သွေးရောင်အင်ပါယာနဲ့ တိုက်ခိုက်ဖို့အတွက် တွန်းအားပေးဖို့ပဲ။ အရိပ်နက်အင်ပါယာနဲ့ အသည်းအသန် တိုက်ခိုက်ဖို့ မဟုတ်ဘူး။ ကြယ်ကြွေတမန်အင်ပါယာက အားကုန်သုံး တိုက်ခိုက်ပြီးတော့ အရိပ်နက်အင်ပါယာရဲ့ စွမ်းအားကို ကုန်ခမ်းဖို့အတွက် သူတို့ အင်ပါယာရဲ့ စွမ်းအားကိုပါ မတုံ့ဆိုင်းဘဲ သုံးခဲ့မယ်ဆိုရင် ရှီရာပြောတဲ့အတိုင်း နောက်ဆုံးမှာ ရိုင်ဇန်ပဲ အကျိုးအမြတ်ရမှာ။

အရိပ်နက်အင်ပါယာက ကြယ်ကြွေတမန်အင်ပါယာနဲ့အတူ ငရဲကို ဆွဲခေါ်သွား ခံလိုက်ရမှာ။ ဒါက ဒီတာဝန်ရဲ့ ပန်းတိုင် လုံးဝ မဟုတ်ဘူး။ 

ဒီတော်ဝင်မင်းသမီး ..... သူ့ကို တကယ်ပဲ အရှင်မ ရှီရာလို့ ခေါ်ရမယ်ထင်တယ်။ သူက သေချာပေါက် ‌ပြောတဲ့အတိုင်း လုပ်နိုင်တယ်။ မဟုတ်ရင် သူက စစ်ဖြစ်စေနိုင်တဲ့ အိုဆိုင်ဒန်ရဲ့ လက်ထပ်မှုကို ဒေါသတကြီးနဲ့ ငြင်းပယ်မှာ မဟုတ်ဘူး။

“ဗိုလ်ချုပ် အသီနာပြောတာကို ကျွန်မတို့ သဘောပေါက်ပါပြီ။ အခု ကျွန်မတို့ အမှောင်လမြို့ကို ပြန်ချင်တယ်။ ဗိုလ်ချုပ် ခွင့်ပြုနိုင်မလား မသိဘူး။” လီလီဇ်၏လေသံ အနည်းငယ် ပျော့ပျောင်းသွား၏။ အသီနာ၏ဘေးတွင် နတ်ဆိုးအရှင်သခင်အဆင့် နှစ်ယောက်ရှိနေပြီး တစ်ယောက်မှာ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။ မသေမျိုးစစ်သည်များအပါအဝင် သူတို့ကိုသတ်ရန် အလွယ်လေးသာ ဖြစ်သည်။ လီလစ်ဇ်က သေရမည်ကို မကြောက်ပေ။ သူက ထိတ်လန့်စရာသတင်းကို အမြန်ဆုံးသာ အတည်ပြုချင်နေသည်။ 

“ရှင်တို့နှစ်ယောက်က အမှောင်လရဲ့ ဧည့်သည်တွေပဲ။ လော့ဒ်အသစ်ဖြစ်လို့ အာခံမိတာ၊ မယဉ်ကျေးတာ တစ်ခုခုရှိခဲ့ရင် ကျွန်မကို ခွင့်လွှတ်ပေးပါ။ ရှင်တို့ သွားချင်တဲ့နေရာ သွားလို့ရပါတယ်။ အရိပ်နက်အင်ပါယာကို ပြန်ချင်တယ်ဆိုရင် .... ကျွန်မ ရှင်တို့အတွက် နှုတ်ဆက်ပွဲတစ်ခု ကျင်းပပေးပါ့မယ်။” ထိုအချိန်၌ အသီနာကိုယ်တိုင်က အနည်းငယ် မသက်မသာ ခံစားလာရသည်။ သူက မကျွမ်းကျင်သော အရာတစ်ခုကို အတင်းလုပ်နေရခြင်း ဖြစ်သည်။ သူက ကိုယ့်ကိုယ်ကိုယ် ဖခင်ဖြစ်သူ ဂျော့ချ်နှင့် နဂါးနီ မိခင်ကဲ့သို့ပင် စစ်တပ်၌ အသင့်တော်ဆုံး၌ အမြဲပင် ထင်ထားခဲ့သည်။ သူက လော့ဒ်တစ်ယောက်ကဲ့သို့ ရင်းနှီးမှု မရှိပေ။ ထို့ပြင် အင်ပါယာတစ်ခုလုံး၌ အကြီးမားဆုံးနှင့် အကြွယ်ဝဆုံးနယ်မြေတစ်ခုလည်း ဖြစ်နေသည်။

သို့ရာတွင် ချန်လွေ့က တော်ဝင်မင်းသမီးအား အမှောင်လနယ်မြေ တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကူညီပေးခဲ့ပြီး သူကလည်း ကိုယ့်အပိုင်းကိုယ် အကျိုးပြု ခဲ့သည်။ ရှီရာက ယမန်ညက မထွက်သွားခင် အထူးတလည် ပြောခဲ့သည်။ “အသီနာ။ ငါတို့ရဲ့အိမ်ကို ကာကွယ်ထားပေး။”

ထိုစကားတွင် အဓိပ္ပာယ်နှစ်မျိုး ရှိသည်။ ရှီရာ ဧကရီ ဖြစ်သွားသည့်တိုင် ကိစ္စအချို့ ပြောင်းလဲသွားမည် မဟုတ်ကြောင်း အသီနာ စိတ်ထဲ၌ သိသည်။ ရှီရာနှင့်အတူ မြို့တော်သို့ လိုက်သွားသော ချန်လွေ့သည်လည်း ပြောင်းလဲမည် မဟုတ်ပေ။

“ကိုယ်စားလှယ်လော့ဒ်”က “ယာယီ”တော့ မဟုတ်နိုင်လောက်ပေ။

လီလစ်ဇ်နှင့် တာဒီလာတို့က ထိုအသေးစိတ်များကို လုံးဝ ဂရုမစိုက်ပေ။ အသီနာက သူတို့ကို တားဆီးရန် မရည်ရွယ်ထားကြောင်း မြင်သည့်အခါ သူတို့ အလောတကြီး ထွက်သွားသည်။ မြို့ထဲသို့ လမ်းလျှောက်သွားသောအခါ ပြည်သူအားလုံးနီးပါး အောင်ပွဲခံ နေကြသည်ကို မြင်လိုက်ရသည်။ စစ်သည်များ၏ မျက်နှာတွင်ပင် ထိန်းချုပ်၍မရသော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ “ဧကရီအရှင်မ သက်ရှည်ပါစေ”ဟူသော အော်သံများ တစ်ယောက်ချင်းထံမှ ထွက်လာသည်။ စျေးဆိုင်အများအပြားက အခွင့်အရေးကို အသုံးချပြီး စျေးအကြီးကြီး လျှော့ပေးကြသည်။ ပွဲတော်များထက်ပင် သုံးလေးဆ ပိုမိုခမ်းနားနေ၏။

သံတမန်နှစ်ယောက်၏ နှလုံးသား နစ်မွန်းသွားခဲ့သည်။ နန်းတက်တာက ဟာသ မဟုတ်ဘူး။ စစ်တပ်နဲ့ ပြည်သူတွေကြားမှာ ဒီလိုမျိုး အောင်ပွဲခံတာဆိုတော့ လှည့်ကွက်တွေ ရှိမယ်ဆိုရင် ရှီရာက ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးသလိုမျိုးပဲ ဖြစ်နေမှာ။ ရှီရာ နန်းတက်ပြီးတာနဲ့ နန်းမတက်ရသေးတာက လုံးဝကွဲပြားတဲ့ အခြေအနေပဲ။ ပြီးတော့ အမှောင်လက အဓိကနေရာသုံးခုမှာ အပြည့်အဝ ပြင်ဆင်ထားတယ်။ ကြည့်ရတာ မဟာကတ်သရင်းကို ငါ အမြန်ဆုံး သတင်းပို့ရမယ့်ပုံပဲ။

အမှန်တကယ်၌ အသီနာ၏စကားများမှာ ဖြီးလုံးများသာ ဖြစ်သည်။ ဂရန့်က တဲခုလာခံတပ်ကို အချိန်တိုအတွင်း မရောက်နိုင်ပေ။ ဂျို့ရှ်က ဗိုလ်ခြေတစ်ခုသာ ခေါ်သွားခဲ့သည်။ သို့သော်လည်း အရေးအကြီးဆုံးကိစ္စဖြစ်သည့် ရှီရာ နန်းတက်သည်မှာ လုံးဝ အလိမ်အညာ မဟုတ်ခဲ့ပေ။

ယမန်နေ့လယ်ပိုင်း သံတမန်နှစ်ယောက် နန်းတော်မှ ထွက်သွားပြီးစဉ်မှာပင် ချန်လွေ့၊ ရှီရာနှင့် အခြားသူများက ခန်းမထဲ၌ လျို့ဝှက်ဆွေးနွေးကြသည်။

ချန်လွေ့က အကြောင်းဆုံး နည်းလမ်းကို တင်ပြသည်။ ၎င်းမှာ မြို့တော်သို့ အမြန်သွားပြီး ချက်ချင်း နန်းတက်ကာ အင်ပါယာ၏အင်အားကို အသုံးချပြီး သေသည်အထိ တိုက်ခိုက်မည့် သဘောထားကို ပြသရန်ပင်။ သူတောင်းစား တစ်ယောက်သည် မည်သို့မျှ ဒေဝါခံနိုင်မည် မဟုတ်ပေ။ အရိပ်နက်အင်ပါယာက အတူတူ ပျက်စီးပြီး အလကားသက်သက် သွေးရောင်အင်ပါယာအား အကျိုးအမြတ် ရရှိစေချင်မည် မဟုတ်သည်ကို ချန်လွေ့ ယုံကြည်သည်။

ထိုနည်းလမ်းကို လူတိုင်းသိကြသော်လည်း အမြန်ဆုံး မိုးပျံသားရဲများကို စီးသွားသည့်တိုင် အမှောင်လမှ မြို့တော်အထိ သုံးလေးရက်ကြာမည် ဖြစ်သည်။ ထို့အခါ အရိပ်နက်အင်ပါယာ၏ သတ်မှတ်ချိန် ကျော်သွားလေပြီ။

သို့သော်ငြား ချန်လွေ့တွင် အမှန်တကယ် ဖြတ်လမ်းတစ်ခုရှိပြီး ၎င်းမှာ သက်တန့်တောင်ကြားမှ နတ်မိမယ်နဂါး၏ နေရာလွတ် ဖြစ်သည်။ အပြင်လူများက သက်တန့်တောင်ကြား၏ မြင်ကွင်းအပြည့်အစုံကို မြင်ရလိမ့်မည် မဟုတ်ပေ။ ဝင်ပေါက်ကို ဇိုလာက နေရာလွတ်မှော်ပညာသုံးပြီး နန်းတော်အဖြစ် အတင်းအသွင်ပြောင်းထားပေးကာ သက်တန့်တောင်ကြား၌ ရှေးမှော်စာ မှော်စက်ဝိုင်းများကိုလည်း အသက်သွင်းထား၏။ အတူတူလိုက်ပါလာသော နတ်ဆိုးအရှင်သခင်များ၏ မျက်လုံးထဲ၌ ဖြစ်စဉ်တစ်ခုလုံးမှာ နန်းတော်မှစတင်ပြီး နေရာလွတ်မှတစ်ဆင့် ရွှေ့ပြောင်းသော ပညာရပ်တစ်မျိုးဖြင့် ခရီးသွားနေသလို ဖြစ်နေသည်။ မှော်ပညာ၌ အလွန်အမင်း အသိပညာကြွယ်ဝသော စတေလာသည်သာ အနည်းငယ် ထူးဆန်းသလို ခံစားခဲ့ရသည်။ စစ်မြေပြင်၌ ဇိုလာ ပြသခဲ့သော ကြောက်မက်ဖွယ်ရာ မှော်စွမ်းအားအကြောင်း တွေးနေမိရင်း သူ၏ နှလုံးသားထဲ၌ လေးစားမှုများ ပြည့်နှက်နေလေသည်။

“ရွှေ့ပြောင်းခြင်း” အချိန်ကာလပြီးနောက်တွင် လူတိုင်းက မြို့တော်အတွင်းရှိ အလွန်ကြီးမားသော အန္တရာယ်များသော “သက်တန့်တောင်ကြား”၌ ပေါ်ထွက်လာသည်။ သို့သော်လည်း သူတို့၏အမြန်နှုန်းဖြင့် မြို့တော်သို့ ရောက်ရှိရန် နာရီအနည်းငယ်သာ ကြာမြင့်ခဲ့သည်။

ရှီရာ ရောက်ရှိလာခြင်းက ဗိုလ်ချုပ်ဂျော့ချ်နှင့် အခြားသူများကို ကြီးကြီးမားမား အံ့အားသင့်သွားစေခဲ့သည်။ အကြီးအကဲမိသားစုများနှင့် တော်ဝင်မိသားစုများအားလုံး ကြောင်သွားကြသည်။ အံ့သြဖွယ်ရာ အငွေ့အသက်နှင့်အတူ ကြယ်ကြွေတမန်ဓား ပေါ်ထွက်လာသောအခါ ရှီရာဘေးမှ “အက်ဂ်ယော”နှင့် ဇိုလာမှလွဲ၍ ဆာရန်ဒီနှင့် စတေလာကဲ့သို့ နတ်ဆိုးအရှင်သခင်အဆင့်များ၊ အိုလီဗာနှင့်ကိုဝင်တို့ဦးဆောင်သော အစောင့်များ၊ ဗိုလ်ချုပ်-ဂျော့ချ်၊ စီကာလီနှင့် စစ်သည်များအားလုံးသည် အဆောင်ပစ္စည်း အသိအမှတ်ပြုသော ရှီရာ၏ခြေထောက်အောက်တွင် ဒူးတစ်ဖက် ထောက်လိုက်ကြသည်။

အဆောင်ပစ္စည်း၏ အသိအမှတ်ပြုခြင်းကို ဘေးဖယ်ထားလိုက်လျှင် အိုဆိုင်ဒန် သေဆုံးသွားပြီးနောက် မြို့တော်နှင့် နယ်မြေလေးခုက ရှီရာ၏လက်ထဲ၌ ရှိနေပြီ ဖြစ်သည်။ ဗိုလ်ချုပ်သုံးဦးတွင်လည်း နှစ်ဦးက ရှီရာကို ထောက်ခံပြီး တစ်ဦးက သေဆုံးသွားလေပြီ။ ၎င်းမှာ ခိုင်မာသော စွမ်းအားပင် ဖြစ်သည်။ ထိုတော်ဝင်မိသားစုများနှင့် မိသားစုအင်အားများက အခြေခံစွမ်းအားကြီးသော အဆောင်ပစ္စည်းပိုင်ရှင်ကိုသာ အမှန်တကယ် အညံ့ခံပေလိမ့်မည်။

နန်းတက်ပွဲ အခမ်းအနားကို ညတွင်းချင်း ပြင်ဆင်ခဲ့ရခြင်း ဖြစ်သည်။ မိသားစုများက အလျင်အမြန်ပင် သတင်းလွှင့်ပြီးနောက် စစ်သည်များကလည်း ပြည်သူများအား တစ်အိမ်ချင်း အသိပေးခဲ့သည်။ ဗိုလ်ချုပ်ဂျော့ချ်နှင့် စီကာလီတို့၏ ဖြန့်ဖြူးမှုကြောင့် အိုဆိုင်ဒန်ကို ရှီရာက အမှောင်လနယ်မြေ၌ ကြယ်ကြွေတမန်ဓားဖြင့် သတ်ခဲ့သော သတင်းက မြို့တော်တစ်လျှောက် ပျံ့နှံ့နေပြီ ဖြစ်သည်။ ပြည်သူများက ဧကရီလောင်းမှာ ရှီရာဖြစ်ကြောင်း သိကြသော်လည်း မြို့တော်သို့ ခပ်စောစော ပြန်ရောက်လာမည်ဟု မထင်မှတ်ထားခဲ့ကြပေ။

မကြာမကြာ မိုးရွာခြင်းကြောင့် ထိုနေ့ရက်များတွင် မြို့တော်က မှုန်မှိုင်းနေ၏။

ယနေ့လည်း အတူတူပင်။ အေးစက်သောမိုးက လေအေးနှင့်အတူ ရောက်ရှိလာသည်။

ကောင်းကင်က ရေးရေးလေး တောက်ပလာစဉ် ဗဟိုလေဟာပြင်က ပြည်သူများနှင့် ပြည့်နှက်နေပြီးသူတို့က အစောင့်တင်းကြပ်ပြီး ဖြစ်သလိုဖန်တီးထားသော စင်မြင့်တစ်ခုကို မျက်နှာမူထားကြသည်။

ရှီရာက လူအားလုံး၏အရှေ့ စင်မြင့်ပေါ်၌ ပေါ်ထွက်လာသည်။ ဒဏ္ဍာရီထဲမှ လော့ဒ်-သန်းခေါင်နေ၏‌ မြေးတော်ဖြစ်သည့် ‌တော်ဝင်မင်းသမီးကို လူအများ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူက အသက်၂၀သာ ရှိသေးပြီး သူပိုင်ဆိုင်သော အရာကို ပြန်ရယူရန်အတွက် အင်ပါယာကို နှစ်၃၀၀ကြာ အုပ်စိုးခဲ့သော ရီဂျန့် အိုဆိုင်ဒန်ကို အနိုင်ယူခဲ့သည်။ ယခုတွင် သူ နန်းတက်ရမည့်အချိန် ရောက်လာလေပြီ။

အရေးတကြီး အခြေအနေကြောင့် ပုံမှန်နန်းတက်ပွဲကဲ့သို့ ရှုပ်ထွေးသော ဓလေ့ထုံးတမ်းများကို မပြုလုပ်တော့ပေ။ အဆင့်တော်တော်များများကို ကျော်လိုက်ရ၏။ လူတိုင်း၏အကြည့်နှင့် လေထဲတွင် လွင့်မျောနေသော ကြယ်ကြွေတမန်ဓား၏ အလင်းရောင်အောက်တွင် ရှီရာက နောက်ဆုံး၌ အုပ်စိုးသူတစ်ယောက်၏ သင်္ကေတဖြစ်သော သရဖူကို ဝတ်ဆင်လိုက်သည်။

ချက်ချင်းပင် ရွှေသရဖူဆောင်းထားသော ဧကရီအသစ်မှလွဲ၍ ကျန်သောသူအားလုံး ဒူးထောက်လိုက်ကြသည်။ ရှီရာက ရင်ဘတ်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။ ငါ့ခမည်းတော် နတ်ရွာမစံခင် စောင့်ဆိုင်းခဲ့တဲ့ ဆန္ဒတစ်ခု နောက်ဆုံးတော့ ပြည့်ဝသွားခဲ့ပြီ။ ဒီလိုနေ့ရက်မျိုး ရောက်လာဖို့အတွက် အချိန်‌တော်တော်ကြာပြီးတော့ ငါ့တစ်ဘဝလုံးကို ဒါက ဆန္ဒတစ်ခု အနေနဲ့ပဲ နေရမယ်လို့ ထင်ထားခဲ့တာ။ ဒါက ခပ်မြန်မြန်ပဲ အမှန်တကယ် ဖြစ်လာမယ် မထင်ထားခဲ့ဘူး။

ထိုသရဖူမှာ အာဏာ၏ သင်္ကေတသာ မဟုတ်ဘဲ တာဝန်ယူမှုအတွက်လည်း ဖြစ်သည်။ ယောက်ျားတစ်ယောက် သူ့ကို ပြောသည့်အတိုင်းပင်၊ သူတို့နှင့် အင်ပါယာ တစ်ခုလုံး၏ အနာဂတ်က စတင်ရုံသာ ရှိသေးသည်။ အနာဂတ်တွင် သူက အမှောင်လ၌ ရှိနေစဉ်ကထက် အခက်အခက်အများအပြားကို ရင်ဆိုင်ရပေမည်။ သို့သော်လည်း ထိုသူက သူ့ဘေးနားတွင် အမြဲတမ်း ရှိနေမည်ဖြစ်သည့်အတွက် သူ တွန့်ဆုတ်ကာ ကြောက်နေမည် မဟုတ်ပေ။ 

အားလုံး ထပြီးနောက်တွင် လေးနက်မှုရှိသော ရှီရာ၏အသံ ထွက်လာ၏။

“ရီဂျန့်ဟောင်း အိုဆိုင်ဒန်လူစီဖာရဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေ၊ ကိုယ်ကျိုးအတွက် ကသုတ်ကရက် စုဆောင်းတာတွေ၊ ဆန့်ကျင်သူတွေကို နှင်ထုတ်တာနဲ့ နယ်မြေကို စစ်တိုက်တာ။ ဒီလိုအတွင်းရေး ပြဿနာတွေကြောင့် ကျွန်မတို့ရဲ့ အင်ပါယာက အင်အားတွေအများကြီး အလကား ဖြစ်သွားခဲ့တယ်။ လှည့်စားခံခဲ့ရတဲ့ စစ်သည်တွေက ကျွန်မတို့ ညီအစ်မကို၊ မောင်နှမတွေကို ဓားတွေနဲ့ ဝှေ့ရမ်းခုတ်ပိုင်းခဲ့တယ်။ အိုဆိုင်ဒန်ရဲ့ ဆန္ဒကြောင့် မြောက်မြားလှတဲ့ စစ်သည်တွေရဲ့အသက်က သူတို့လူတွေလက်ထဲမှာပဲ ကျရှုံးသွားခဲ့တယ် ...... ”

အနိုင်ရရှိသူ ဖြစ်သည့်အလျောက် ရှုံးနိမ့်သူများ၏ အပြစ်များမှာ အရင်ဦးစွာ ထုတ်ပြောရပေမည်။ အနိုင်ရသူစည်မျည်း ဖြစ်သော်လည်း ကိစ္စအတော်များများမှာ အမှန်တရားများ ဖြစ်ပေသည်။ အိုဆိုင်ဒန်သည် အထူးသဖြင့် ရန်ပုံငွေ လိမ်လည်ခြင်း ကိစ္စပြီးနောက်တွင် လူတော်တော်များများ၏ ယုံကြည်မှု ဆုံးရှုံးသွားခဲ့သည်။ ရှိနေသော လူအများအပြားကို ထိုနာကျင်ရသောအခြေအနေက ကူးစက်သွားလေသည်။

မြို့တော်တွင် နယ်မြေအားလုံးကို တိုက်ခိုက်ဆက်သွယ်နိုင်သော အစွမ်းအထက်ဆုံး မှော်ဆက်သွယ်ရေးမျှော်စင် ရှိသည်။ ထိုဆက်သွယ်ရေးမျှော်စင်မှတစ်ဆင့် နယ်မြေအားလုံးက နံနက်ပိုင်းတွင် သက်ဆိုင်ရာ သတင်းများကို လက်ခံရရှိပြီး ပြည်သူအများအပြားက အတူတကွ စုစည်းကြသည်။ ရှီရာ၏ သစ္စာဆိုမှုသည်လည်း ထိုနည်းလမ်းဖြင့် အင်ပါယာ နေရာအနှံ့ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။ ပစ္စည်းကိရိယာ ပြဿနာများကြောင့် ကြန့်ကြာမှု အနည်းငယ် ရှိခဲ့သော်လည်း တိုက်ရိုက်ထုတ်လွှင့်ခြင်းဟု သတ်မှတ်၍ ရနိုင်ပေသည်။

အိုဆိုင်ဒန်၏ အပြစ်များကို ရှုပ်ချပြီး မိမိ၏အောင်နိုင်မှုကို အသေးစိတ် ရှင်းပြပြီး‌နောက် ရှီရာ၏အသံ တက်ကြွသွားပြန်သည်။ “အင်ပါယာရဲ့ အတွင်းရေး ပြဿနာတွေနဲ့ ဆင်းရဲမှုတွေ ပပျောက်ဖို့ ကျွန်မရဲ့ တစ်ဘဝလုံးကို အသုံးချမယ်လို့ ဒီနေ့မှာ ကြယ်ကြွေတမန်ဓားနဲ့ ကျွန်မ ရှီရာလူစီဖာ သစ္စာဆိုတယ်။ အမှောင်လနယ်မြေရဲ့ အံ့သြဖွယ်ရာတွေက အင်ပါယာ နေရာအနှံ့မှာ ပြန်ပေါ်ထွက်လာမယ်။ အင်ပါယာ တစ်ခုလုံးကို တကယ့်ကြွယ်ဝမှုနဲ့ အင်အားကြီးမားမှုဆီ ကျွန်မ ဦးဆောင်သွားမယ်။ ဘယ်သူပဲဖြစ်ဖြစ် လူတိုင်းက ကြယ်ကြွေတမန်အင်ပါယာရဲ့ ပြည်သူ/သား ဖြစ်ရတာကို ဂုဏ်ယူစေရမယ်။”

ခိုင်မာသော သစ္စာဆိုခြင်းနှင့် အဆောင်ပစ္စည်း၏အလင်းရောင်က စစ်သည်များနှင့် ပြည်သူများ၏ မျက်လုံးများထဲ၌ ရဲရဲတောက် အပူရှိန်များ ပြည့်နှက်သွားစေသည်။ လူတစ်ယောက်က “အရှင်မ ရှီရာ သက်ရှည်ပါစေ”ဟု အော်ပြောလိုက်သည်။ လေဟာပြင်ထဲရှိ အသံများ တဖြည်းဖြည်း တက်လိုက်ကျလိုက် ဖြစ်လာပြီး ပြည်သူများ၏ အသံများက ကျယ်သထက် ကျယ်လာခဲ့သည်။ လှိုင်းကဲ့သို့ အသံများက လူတိုင်း၏ နှလုံးသားကို ရိုက်ခတ်သွားခဲ့ပြီး ပဲ့တင်ထပ်သွားကာ ခံယူချက်တစ်ခုကို မွေးဖွားပေးခဲ့သည်။ အေးစက်သော မိုးသည်ပင် ထိုစိတ်အားထက်သန်မှုကြောင့် နွေးထွေးသွားလေသည်။

ထိုအသံက နယ်မြေတိုင်းတွင် ထွက်ပေါ်လာသည်။ နေရာမတူညီကြသော်လည်း သူတို့၏ မျက်လုံးထဲ၌ ရဲရဲတောက်အပူရှိန် ရှိနေကြသည်။

မင်းသမီးရှီရာက ဧကရီအရှင်မ ရှီရာ ဖြစ်သွားကြောင်း မြင်ရသည့်အခါ ချန်လွေ့သည် အောင်မြင်မှုတစ်ခု ခံစားလိုက်ရသည်။ ထို့နောက် သူနှင့် ရှီရာတို့ အကြည့်ချင်း ဆုံသွား၏။ ထိုအေးစက်ဟန်တူသော မျက်လုံးထဲ၌ ယခင်အတိုင်း ညင်သာမှုက တောက်ပနေ၏။ စကားလုံးမလိုအပ်သော အပြန်အလှန် နားလည်မှု တစ်ခုပင်။

All Chapters