အခန်း ၁၅၃၅
Vol. 103 Ch. 1535
အပိုင်း (၁၅၃၅)
ထိပ်တန်းတိုက်ခိုက်နိုင်မှု အားအင်အဆင့်အရ နှိုင်းယှဉ်ရမည်ဆိုလျှင် ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနို တို့သည် အင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ ရနိုင်၏။ ထို့အပြင် ၎င်းတို့ အားလုံး သည် အစစ်အမှန်ရှာဖွေခြင်းအဆင့်၏ ထိပ်ဆုံးတွင် ရှိနေသည့် ကျင့်ကြံသူများ မဟုတ်ပါလား။
သို့ပေမဲ့ ကြီးမြတ်သူ ချင်းဝေနှင့် ကြီးမြတ်သူ ကုဟုန်တို့ ပေါ်ပေါက်လာသည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းဘက်တွင်ရှိနေသော အခြေအနေသည် တစ်ပန်းသာသွားခဲ့ပြီဖြစ်သည်။ နှစ်ဖက်ကြား အဆင့်ကွာခြားမှုသည် ကျဉ်းမြောင်းသွားခဲ့၏။ တကယ်တမ်း တိုက်ခိုက်မည်ဆိုလျှင် အကြိတ်အနယ်နှင့် ကြည့်ကောင်းသည့် မြင်ကွင်းကြီးတစ်ခု ဖြစ်လာမှာ သေချာ၏။
အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် လွတ်လပ်သော ကျင့်ကြံသူများ လာရောက် ကူညီသည်ကို မြင်ရသည့်အချိန်မှာတော့ အမှန်ပင် ခေါင်းကိုက်သွားခဲ့ကြ၏။ ၎င်းတို့သည် ကြောက်လန့်၍တော့ မဟုတ်ချေ။ ဤတစ်ကြိမ်တွင် လွတ်လပ်သော ကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် လာရောက်ခဲ့ခြင်းမဟုတ်ဘဲ စုန်းမကို သုတ်သင်ရှင်းလင်းပစ်ရန် လာရောက်ခဲ့ကြခြင်းပင်ဖြစ်သည်။
ထားလိုက်တော့။ ဤကိစ္စတွင် လွတ်လပ်သောကျင့်ကြံသူများ ပါဝင်လာခဲ့ပြီး ပြိုင်စံရှားဂိုဏ်းအား ကာကွယ်ချင် သည်ဆိုမှတော့ ၎င်းတို့အားလုံးအား ရန်သူအဖြစ် သတ်မှတ်ရပေလိမ့်မည်။
အင်မော်တယ်အဆင့်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ ကျင့်ကြံသူများ တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန်မှာတော့ မိုးကြိုးကြံ့မျိုးနွယ်၊ ရေခဲဖီးနစ်မျိုးနွယ်၊ နတ်ဘုရားခရီးနှင်သူမျိုးနွယ်နှင့် တခြားသောမျိုးနွယ်များ လာရောက်ခဲ့ကြ၏။ ထိုသူများကို မြင်ရသည့်အချိန် မှာတော့ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် ပျော်ရွှင်မိသွားကြ၏။ ၎င်းတို့တွင်လည်း အကူအညီပေးမည့်သူများ တည်ရှိနေသည် မဟုတ်ပါလား။
ဆွစ် ဆွစ် ……..။
မျက်စိတမှိတ်အတွင်းမှာပဲ များပြားလှသော မျိုးနွယ်စုအသီးသီးမှ စွမ်းအားမြင့်ကျင့်ကြသူများသည် အဝေးဆီမှ လှမ်းလာခဲ့ကြ၏။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်း၏ အရှေ့တွင် မတ်မတ်ရပ်ပြီးသည့်နောက် လူသားတံတိုင်းကြီး ကဲ့သို့ပင် ကာကွယ်ထားကြ၏။
“အမ်”
အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းရှိ ကျင့်ကြံသူများ၏ မျက်နှာပေါ်မှ အပြုံးများသည် အေးခဲသွားကြသည်။ “ခင်ဗျားတို့...”
လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှ စွမ်းအားမြင့်ကျင့်ကြံသူသည် လေးလေးနက်နက် မေးမြန်းလိုက်၏။ “ဘာကိုဆိုလိုတာလဲ”
“ပြိုင်စံရှားဂိုဏ်းက ဒုက္ခရောက်နေတယ်။ ဒီတော့ မိုးကြိုးကြံ့မျိုးနွယ်က လာပြီးကူညီတာပါပဲ”
“ပြိုင်စံရှားဂိုဏ်းက ဒုက္ခရောက်နေတော့ ရေခဲဖီးနစ်မျိုးနွယ်က လာပြီးကူညီကြတယ်လေ”
.................
များပြားလှသော မွန်းစတားမျိုးနွယ်မှ များပြားလှသော ကျင့်ကြံသူများသည် တောင်၏ဂိတ်တံခါးရှေ့တွင် မတ်မတ် ရပ်ပြီး တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြ၏။
၎င်းတို့ အော်ရာများကို ကြည့်ရှုရမည်ဆိုလျှင် စနောက် နေခြင်းမဟုတ်ပေ။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤမြင်ကွင်းသည် အမှန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလွန်း လှ၏။ မတူညီသည့် မျိုးနွယ်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများ ရောက်ရှိလာခဲ့ပြီး ပြိုင်စံရှားဂိုဏ်းနှင့် ကျွင်းချောင်ရှောင်းကို ကူညီပေးနေသည်ကို မြင်ရသည့်အချိန်မှာတော့ တကယ်ပင် စိတ်လှုပ်ရှားစရာဖြစ်၏။ ကံဆိုးစွာဖြင့် ဤကဲ့သို့ ကိစ္စရပ်ကြီးတွင် လာရောက်ကြည့်ရှုကြသည် ပွဲကြည့်ပရိသတ်ဟူ၍ ထူးထူးခြားခြား မရှိလှချေ။ မဟုတ်ပါက ဤအခွင့်အရေးကို အသုံးပြုပြီး ၎င်းတို့၏ ဂိုဏ်းဂုဏ်သိက္ခာအမှတ်များသည် ပိုမိုကာ တိုးတက်လာမှာ သေချာသည်။
ကြီးမြတ်သူချင်းဝေနှင့် ကြီးမြတ်သူတုံးကုတို့ကတော့ ဤတည်နေရာသို့ ရောက်ရှိလာကြသည်။ ၎င်းတို့ နှစ်ယောက်သည် များပြားလှသော မွန်းစတားမျိုးနွယ်များအနေဖြင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်း ဘက်မှ မရပ်တည်ဘဲ ပြိုင်စံရှားဂိုဏ်းဘက်တွင် ရပ်တည်သည်ကို မြင်ရသည့် အချိန်မှာတော့ ဆွံ့အသွားမိ ခဲ့ကြသည်။ များပြားလှသည့် မွန်းစတားမျိုးနွယ်များတောင်မှ လာရောက်ကူညီကြသည်ဆိုမှတော့ ဤကောင်လေး သည် လုပ်ရည်ကိုင်ရည် ရှိရပေလိမ့်မည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “လာပြီးကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဒီကျွင်းက ဒီကြင်နာမှုကို နှလုံးသားထဲကနေ မှတ်ထားပါ့မယ်”
“........”
များပြားလှသော မျိုးနွယ်အသီးသီးတို့သည် ထ၍ဆဲလုမတတ်ပင် ဖြစ်သွားမိ၏။ ကောင်လေး... အရမ်းကြီး စဉ်းစားမနေနဲ့။ ငါတို့က မင်းကိုလာပြီးကူညီတာ မဟုတ်ဘူး။ ငါတို့ရဲ့ ကလန်သူ၊ ကလန်သားတွေကို လာပြီး ကူညီတာလေ။ ပြီးတော့ မင်းရဲ့ကလန်က လူတွေ တစ်ခုခုဖြစ်သွားရင် ငါတို့ကလန်က လူတွေလည်း သေကုန်မှာ မဟုတ်လား။
“ဂိုဏ်းချုပ်”
အင်မော်တယ်တောင်၏ အပြင်ဘက်တွင်တော့ အော်သံတစ်ခု ထွက်ပေါ်လာသည်။ “ကျွန်တော်တို့ ရောက်လာပြီ”
ကြီးမားလှသည့် ဂဏန်းကြီးကို စီးနင်းကာဖြင့် လီဖေးသည် အပြေးလှမ်းလာခဲ့၏။ သူ၏ အနောက် တွင်တော့ ဂဏန်းမျိုးနွယ်မှ စွမ်းအားမြင့်ကျင့်ကြံသူများက လိုက်ပါလာသည်။
ထျန်းချီကလည်း အလျင်အမြန်ပင် လိုက်ပါလာ၏။ ၎င်းသည် ကြီးမားလှသည့် ပုစွန်ကြီးကို စီးနင်းလာခဲ့၏။
“.........”
တပည့်နှစ်ယောက် ပြန်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မနေနိုင်ဘဲ ထ၍ ရယ်လု မတတ်ပင် ဖြစ်သွား၏။ တစ်ယောက်သည် ဂဏန်းကြီးကို စီးနင်းလာပြီး နောက်တစ်ယောက်မှာတော့ ပုစွန်ကို စီးနင်းကာ ရောက်ရှိလာခဲ့ကြသည်။
“ဟား ဟား ဟား ဟား” စုရှောင်မိုသည် မနေနိုင်တော့ဘဲ ရယ်မောလိုက်၏။
လီချင်းယန်သည် မရယ်မောမိစေရန် အတွက် အပြင်းအထန်ပင် ထိန်းချုပ်ထားခဲ့ရသည်။
ရီရှင်းချန်မှာတော့ ဘယ်လိုမှ မရယ်မောနိုင်ချေ။ အဘယ်ကြောင့် ဆိုသော် သူ၏ အသက်သွေးပဋိညာဉ်သားရဲသည် ဟက်စကီးခွေးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။ သူ့၌ ရယ်မောရန် အခွင့်အလမ်း မရှိချေ။
ကျွင်းချောင်ရှောင်း အနေဖြင့် စိတ်ဝိညာဉ်သားရဲဟောခန်းဆီမှ စိတ်ဝိညာဉ်သားရဲဥ ဆယ်ဥကို သူ၏တပည့်များ ဖြစ်သော လီဖေး၊ ထျန်းချီ၊ လုံကျိရန်နှင့် တခြားသောသူများကို ဖြန့်ဝေပေးခဲ့ပြီးသည့်နောက် ၎င်းတို့အား မွန်းစတားကလန် အသီးသီးမှ လာရောက်ကာ ခေါ်ယူသွားခဲ့ကြ၏။
လက်ရှိအချိန်တွင် တစ်နှစ်သာ ကုန်လွန်သေး၏။ ဂိုဏ်းပြဿနာတက်နေသည်ကို သိရှိပြီးသည့်နောက် ထိုတပည့်များအားလုံးသည် ၎င်းတို့၏ ပဋိညာဉ်သားရဲများကို စီးနင်းကာဖြင့် ကလန်အသီးသီးဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများကို အကူအညီ လာရောက်ပေးအပ်စေခဲ့သည်။
ဟုတ်ပေသည်။ ဤဖြစ်စဉ်သည် အနည်းငယ်တော့ ကကျိုးကကြောင်နိုင်လွန်းလှ၏။ ဥပမာအားဖြင့် လီဖေးသည် သူ၏ ဂျူနီယာညီမလေးတစ်ယောက် ပြဿနာတက်နေသည်ကို သိရှိရပြီးသည့်နောက် သူ၏လည်ပင်းပေါ်သို့ ဓားတင်ကာဖြင့် အော်ဟစ်လိုက်သည်။ “ကျုပ်သွားတော့မယ်။ လိုက်ပြီး ကူညီမှာလား။ မကူညီဘူးလား”
“သွား သွား သွား” ထို့ကြောင့်ပင်လျှင် ဂဏန်းမျိုးနွယ်မှ ကျွမ်းကျင်သူများ လိုက်ပါလာခဲ့ရခြင်းပင်။
ထျန်းချီ၊ လုံကျိယန် နှင့် တခြားသောသူများ၏ နည်းလမ်းမှာတော့ လီဖေးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် နူးညံ့လွန်းလှသည်။ သို့ပေမဲ့ အားလုံးသောသူတို့၏ ရည်ရွယ်ချက်သည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာပြီး ကူညီကယ်တင်ရန်ပင် ဖြစ်၏။
မွန်းစတားကလန် အသီးသီး ရောက်ရှိလာပြီး ပြိုင်စံရှားဂိုဏ်း၏ အဝင်ဝတွင် ပိတ်ဆို့ကာ တားဆီးထားသည်ကို မြင်ရသည့်အချိန်မှာတော့ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ ကျင့်ကြံသူများ၏ အခြေအနေသည် ပိုမိုကာ ဆိုးရွားသွားခဲ့သည်။
ဟုတ်ပေသည်။ မွန်းစတားကလန်အသီးသီးတို့သည် လာရောက်ကာ ကူညီခဲ့ကြ၏။ သို့ပေမဲ့ သူတို့ကို ကူညီခြင်း မဟုတ်ဘဲ ပြိုင်စံရှားဂိုဏ်းကို လာရောက်ကာ ကူညီခြင်း ဖြစ်နေ၏။
ထိပ်တန်းကျွမ်းကျင်သူများ၏ အရေအတွက်အရ ပြောရမည်ဆိုလျှင် အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်း သည် ကြီးမြတ်သူတုံးကုနှင့် တခြားသော လွတ်လပ်သည့် ကျင့်ကြံသူများကို ယှဉ်ပြိုင်တိုက်ခိုက်၍ရ၏။ အဘယ် ကြောင့်ဆိုသော် ၎င်းတို့၏ အားအင်အဆင့်သည် ထိပ်ဆုံး၌ တည်ရှိနေ၏။ သူတို့၌ အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျင့်ကြံသူတစ်ရာကျော် တည်ရှိနေပြီး အမြူတေပြောင်းလဲခြင်းအဆင့် ထိပ်ဆုံးတွင် တည်ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူများလည်း ပါဝင်နေကြသည်။
များပြားလှသော ကလန်အသီးသီးမှ ရောက်ရှိလာကြပြီး ကျွင်းချောင်ရှောင်း၏ဘေးတွင် ရပ်လိုက်သည့်အချိန်မှာတော့ နှစ်ဖက်ကြားတွင် ရှိနေသော ကွာခြားချက်သည် ကျဉ်းမြောင်းသွားခဲ့၏။
တကယ်တမ်း တိုက်ခိုက်ရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် အထက်စည်းမှပင် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်၏။ လက်ရှိအခြေအနေမှာတော့ လွတ်လပ်သော ကျင့်ကြံသူများ၊ ပြိုင်စံရှားဂိုဏ်းနှင့် မွန်းစတားကလန် အသီးသီးတို့ သည် သုံးဖွဲ့ပူးပေါင်းကာဖြင့် အင်မော်တယ်အဆင့်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို ယှဉ်ပြိုင်တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
တကယ်တမ်း ကြည့်ရှုရမည်ဆိုလျှင် ကြည့်ကောင်းလွန်းလှသော တိုက်ခိုက်ပွဲကြီးဖြစ်လာမှာသေချာ၏။ ဆိုးရွား သည်မှာ ပွဲကြည့်ပရိသတ်မရှိခြင်းပင်။ တော်တော်များများသည် ပွဲကြည့်ချင်၍ ရောက်ရှိလာသည်ဆိုလျှင်တောင်မှ အင်မော်တယ်တောင်၏ အနီးတဝိုက်သို့ ရောက်ရှိလာရဲမည် မဟုတ်ချေ။ ထို့အပြင် ဤတည်နေရာတွင် များပြားလှသော ကျင့်ကြံသူများ ရှိနေပြီး အနိမ့်ဆုံးအားဖြင့် အမြူတေ ပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်တွင် ရှိနေသော သူများပင်။ ထို့ကြောင့် သူတို့အနေဖြင့် အနီးကပ် မလာရဲသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။
“လာကြ”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “တိုက်ခိုက်ကြမယ်”
သူ၏ဆရာနှင့် များပြားလှသော မွန်းစတားကလန်များ၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိပြီးသည့်နောက်မှာတော့ ကုန်းရှန့်သည် တစ်စက်ကလေးမှ မကြောက်ရွံ့တော့ချေ။ သူ၏ စိတ်ထဲတွင် ရူးသွပ်သည့်အကြံအစည်တစ်ခု ဖြစ်တည်လာခဲ့၏။ ထိုကဲ့သို့ များပြားလှသော အကူအညီများ ရရှိနေသည့်အချိန်တွင် အခွင့်အရေးကို အရယူ၍ နယ်မြေဟောခန်းနှင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့အား တစ်ခါတည်း အပျောက်ဖျက်ဆီးပစ်ရန် သူက စဉ်းစားထားမိ၏။
“ကောင်လေး”
လင်းထျန်အင်မော်တယ်ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူက အေးစက်စက် ပြောလိုက်သည်။ “သူတို့က မင်းတို့ ပြိုင်စံရှားဂိုဏ်းကို ကာကွယ်နိုင်မယ်လို့ တကယ်ထင်နေတာလား”
ဆွစ် ဆွစ်
များပြားလွန်းလှသော အင်မော်တယ်ဂိုဏ်းဆီမှ ကျွမ်းကျင်သူများသည် ၎င်းတို့၏ လက်များကို မြှောက်လိုက်၏။ ပြီးနောက် အချက်ပြသေနတ်ကဲ့သို့အရာကို ထုတ်ယူကာ အသက်သွင်းလိုက်တော့၏။ များပြားလှသော အလင်းတန်းများသည် ကောင်းကင်ယံဆီသို့ ထိုးတက်သွားခဲ့၏။ တစ်ဖက်၌ အကူအညီများ တည်ရှိနေသည်ဆိုလျှင် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီ၌လည်း အကူအညီများ အဘယ်ကြောင့် မရှိရမည်နည်း။
“မကောင်းတော့ဘူး”
ကြီးမြတ်သူတုံးကုသည် မျက်မှောင်ကုတ်သွားမိ၏။ သူက ပြောလိုက်သည်။ “ဒါက အင်မော်တယ်ဂိုဏ်းရဲ့ အမိန့်ပေးခေါ်ယူမှုပဲ။ ဂိုဏ်းအသီးသီးက ဒါကိုမြင်ရင် ကျိန်းသေပေါက် စွမ်းအားမြင့် ကျင့်ကြံသူတွေကို စေလွှတ်ပြီး ကူညီပေးလိမ့်မယ်”
“………”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။
သူ၏ ဆရာနှင့် မွန်းစကားကလန်အသီးသီးတို့၏ ကူညီမှုသည် သူ့အတွက် အထက်စည်းရနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် တခြားသောဂိုဏ်းအသီးသီးကို ဆင့်ခေါ်နိုင်သည့် စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်နေ၏။ ထိုအချက်ပေးမှုကို တွေ့ရှိသည်ဆိုသည်နှင့် တခြားသောဂိုဏ်းအသီးသီးတို့သည် ၎င်းတို့၏ စွမ်းအားမြင့်ကျင့်ကြံသူများကို စေလွှတ်ကာဖြင့် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းကို လာရောက်ကာ ကူညီကြပေလိမ့်မည်။
အကယ်၍ ဂိုဏ်းပေါင်းများစွာတို့သည် အင်မော်တယ်တောင်၏ အပြင်ဘက်တွင် စုဝေးရောက်ရှိလာသည်ဆိုပါက ကျိန်းသေပေါက် လွန်ခဲ့သောနှစ်ပေါင်းတစ်သိန်းကျော်က နတ်ဆိုးမျိုးနွယ်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲကြီး ကဲ့သို့ပင် ဖြစ်လာမှာ သေချာသည်။
ဤကဲ့သို့သော အခြေအနေတစ်ခုသည် အထက်နယ်မြေတစ်ခုလုံးကိုပင် ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့၏။ အထက်နယ်မြေဆီသို့ တက်လှမ်းလာခဲ့သည်မှာ နှစ်အနည်းငယ်သာ ကြာမြင့်သေးသော ပြိုင်စံရှားဂိုဏ်း အနေဖြင့် ဤကဲ့သို့ ကြီးမားလှသော အတွေ့အကြုံကြီးကို ခံယူနေရ၏။
နေအုံး… ဒီလိုအဆင့် တိုက်ပွဲကြီးကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် မြန်လွန်းမနေဘူးလား။
ဟုတ်ပေ၏။ ဤမျှလောက် ကြီးမားလှသော တိုက်ပွဲကြီးကို ရင်ဆိုင်ရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်တို့သည် ပွဲကြည့်ပရိသတ်များ ဖြစ်ရပေမည်။ အရှေ့ဆုံးတွင် မတ်မတ်ရပ်လျက်ရှိနေသူသည် ကြီးမြတ်သူတုံးကု၊ လွတ်လပ်သော ကျင့်ကြံသူများနှင့် မွန်းစတားကလန်အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများပင်ဖြစ်၏။ ၎င်းတို့သာ မရှိပါက ပြိုင်စံရှားဂိုဏ်းသည် ဖျက်ဆီးခံရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။
“အမ်” အင်မော်တယ်တောင်၏ တခြားဘက်ဆီသို့ လှမ်းလျှောက်လျက်ရှိသော ယုစီနန်သည် အသာလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အင်မော်တယ်အဆင့် ဂိုဏ်းကြီးများဆီမှ ဆင့်ခေါ်လိုက်သည့် အလင်းတန်းများကို မြင်လိုက်ရ၏။ သူသည် ချက်ချင်းပဲ ကျောက်အခေါင်းကြီးကို ချကာဖြင့် ကျောက်အခေါင်းကြီးပေါ်တွင် ထိုင်လိုက်၏။
“အင်မော်တယ်အဆင့် ဂိုဏ်းတွေတောင်မှ သွားပြီးတိုက်နေကြပြီပဲ။ ငါ့အနေနဲ့ ဝင်ပြီးတော့ တိုက်ခိုက်နေဖို့ မလိုတော့ဘူး”
သူ့အနေနှင့်လည်း ဝင်ပါ၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူသွားမည့် ဖန်းချီမိုးကောင်ကင် တောင်တန်းသည် အရှေ့တောင်အရပ်တွင်ရှိပြီး တကယ်တမ်း သူသွားနေသည်မှာတော့ အနောက်မြောက် ဘက်သို့သာဖြစ်သည်။ အထက်နယ်မြေတစ်ခုလုံးသည် လုံးဝိုင်းသည့်အရာတစ်ခုသာဖြစ်ပါက အချိန်တန်လျှင် ရောက်ရှိသွားပေလိမ့်မည်။
ဝှစ် ဝှစ်
အလင်းတန်းများသည် ကောင်းကင်ယံတွင် ဖြစ်တည်လာခဲ့ပြီး အင်မော်တယ်အဆင့်ဂိုဏ်းကြီးများ၏ ဆင့်ခေါ်ရာ အရပ်ဆီသို့ ဦးတည်သွား၏။ တခြားသော တည်နေရာအသီးသီးဆီမှ များပြားလှသော အဓိကဂိုဏ်း အသီးသီး သည် ၎င်းတို့၏ စွမ်းအားမြင့်ကျင့်ကြံသူများကို စေလွှတ်ကာဖြင့် အကူအညီပေးအပ်ကြ၏။
ပြိုင်စံရှားဂိုဏ်း၊ ကြီးမြတ်သူတုံးကု၊ လွတ်လပ်သော ကျင့်ကြံသူများနှင့် မွန်းစတားကလန် အသီးသီးတို့သည် မလှုပ်ရှားကြသေးချေ။ ၎င်းတို့အနေနှင့် အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်း၏ အရှေ့တွင်တော့ အထက်စည်းမှ ရယူနိုင်မည်ဟူ၍ ယုံကြည်ချက်မရှိကြပေ။ အခြေအနေသည် တစ်ဖက်နှင့်တစ်ဖက် တုန့်ဆိုင်းလျက် ရှိနေကြသည်။
“ဆရာ”
ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်၏။ “တိုက်ခိုက်ကြရအောင်”
ယနေ့အခြေအနေသည် အနိုင်ရရှိသူ မရှိဘဲနှင့် ပြီးဆုံးသွားနိုင်သည့်အရာမျိုး မဟုတ်ချေ။ထို့ကြောင့် စောစောစီးစီး တိုက်ခိုက်ခြင်းသည် နောက်ကျမှ တိုက်ခိုက်ခြင်းထက် ပိုမိုကာ ကောင်းမွန်၏။
ကြီးမြတ်သူတုံးကုသည် အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူများကို ကြည့်ရှုကာ ပြောလိုက်၏။ “ဒါတွေအားလုံးက သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကြောင့် ဖြစ်လာခဲ့တာပဲ။ ကျုပ်တို့ ဘာလို့ အေးအေးဆေးဆေး ထိုင်ပြီးတော့ ပဋိပက္ခတွေကို ရှောင်လွှားနိုင်တဲ့နည်းလမ်းအနေနဲ့ စကားပြောဆိုမှုကို မလုပ်ကြမှာလဲ”
သူ့အနေနှင့် မတိုက်ခိုက်ချင်ပေ။ သို့ပေမဲ့ တိုက်ခိုက်မည်ဆိုလျှင် အထက်နယ်မြေတစ်ခုလုံး၏ ရန်သူအဖြစ် ပြုလုပ်ရမှာ ဖြစ်သည်။ သူ၏အနာဂတ်သည် မလွယ်ကူလှတော့ချေ။
“ဆွေးနွေးနေဖို့ မလိုဘူး”
လင်းထျန်အင်မော်တယ်ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူသည် တိကျခိုင်မာစွာ ပြောလိုက်၏။ “အဲကောင်မလေးက ဒီနေ့ သေကိုသေရမယ်။”
“နတ်ဆိုးဘိုးဘေးက ပြန်ပြီးရှင်သန်လာခဲ့ပြီ”
မာဆာတိုကီတာနိုသည် တိကျခိုင်မာစွာပြောလိုက်၏။ “ဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြမယ် ဆိုရင် နောက်ဆုံးအကျိုးရှိတဲ့သူက ဘယ်သူဖြစ်သွားနိုင်မလဲ”
ဤအရာမှာ အမှန်ပင်ဖြစ်တော့သည်။
“ဒါအမှန်ပဲ”
ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “ခင်ဗျားတို့ အင်မော်တယ်အဆင့်ဂိုဏ်းတွေနဲ့ နတ်ဆိုးမျိုးနွယ် အသီးသီးတို့က နတ်ဆိုးမျိုးနွယ်တွေကို တစ်ချိန်က ဖျက်ဆီးခဲ့ဖူးတယ်လေ။ နတ်ဆိုးဘိုးဘေးကြီးက ခင်ဗျားတို့နဲ့ ရန်ငြိုးရှိနေမှာ သေချာတယ်။ အခုအရေးအကြီးဆုံးအရာက သူ့ကို ရှာဖို့ မဟုတ်လား”
အင်မော်ဆယ်အဆင့်ဂိုဏ်းဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဤမိန်းကလေး သည် တကယ်တမ်း အန္တရာယ်ရှိလာနိုင်သည်လား၊ မရှိသည်လားမှာ မသေချာလှပေ။
သို့ပေမဲ့ နတ်ဆိုးဘိုးဘေးကြီး ဆိုသည်မှာတော့ သူတို့အတွက် နံပါတ်တစ်ရန်သူပင် ဖြစ်၏။ ပြိုင်စံရှားဂိုဏ်းအတွက်နဲ့ သူတို့သည် များပြားလွန်းလှသော လွတ်လပ်သောကျင့်ကြံသူနှင့် မွန်းစတား ကလန်များကို တိုက်ခိုက်ရပေလိမ့်မည်။ သို့ပေမဲ့ တကယ်တမ်းရှုံးနိမ့်သွားမည်ဆိုလျှင်တောင်မှ အခွင့်အရေး ရရှိသူသည် မည်သူဖြစ်သွားနိုင်သနည်း။
အနည်းငယ် တွန့်ဆုတ်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။ “တကယ်တမ်းမှာတော့”
“ဆရာ”
ကျွင်းချောင်ရှောင်းသည် သူ့ကို စကားစဖြတ်ကာဖြင့် ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်မိသည်။ “ကောင်းကင်ကိုကြည့်အုံး”
“အမ်”
ကြီးမြတ်သူတုံးကုသည် အမှတ်မထင်ဖြင့် ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ သူ၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့၏။
အမဲရောင်တိမ်များသည် တဖြည်းဖြည်းနှင့် လွင့်ပြယ်သွားခဲ့ပြီးသည့်နောက် ချာချာလည်လျက်ရှိနေသည့် ကြီးမားလှသည့် လေဝဲကြီးသည် ဖြစ်တည်လာခဲ့၏။ ထိုလေဝဲကြီးသည် ကြီးမားလွန်းလှပြီး အထက်နယ်မြေ တစ်ဝက်လောက်ကို လွှမ်းခြုံလျက်ရှိ၏။ တစ်ချိန်တည်းမှာပဲ ရင်ထဲတွင် မသက်မသာ ခံစားချက်ကို ခံစားမိစေသည်။
တူညီသည့် ခံစားချက်ကို ရရှိနေသည့် ကုကျောင်းရှစ်သည် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်မိ၏။ “ငါ အရင်တုန်းက ခံစားနေရတဲ့ မကောင်းတဲ့အတိတ်နမိတ်တွေ အကုန်လုံးက ပြိုင်စံရှားဂိုဏ်းဆီကို ရောက်လာမယ့် ဟာအတွက် မဟုတ်ဘူး။ ဒါကြီးအတွက်များ ဖြစ်နေတာလား”
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှ ကျင့်ကြံသူများသည်လည်း ဆွံ့အသွားမိကြသည်။
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ လေဝဲ၏အတွင်းဘက်ဆီမှ တစ်စုံတစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် ကြီးမားလွန်းလှသော တိုက်ခိုက်ရေးစစ်သင်္ဘောကြီးတစ်ခုဖြစ်ပြီး ကျွင်းချောင်ရှောင်း၏ ရှေးရွက်သင်္ဘောထက် အဆပေါင်း ဒါဇင်ချီကာ ကြီးမား၏။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “ဒါ အာကာသယာဉ်လား။ ဂြိုဟ်သားတွေ ကျူးကျော်လာတာလား”
ဝှစ် ဝှစ်
တစ်ချိန်တည်းမှာပဲ များပြားလွန်းလှသော တိုက်ခိုက်ရေး ရွက်သင်္ဘောများသည် လေဝဲကြီးဆီမှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းတို့အားလုံးသည် ဆယ်ခုလောက်ရှိပြီး တောင်ကြီးတစ်ခုနီးပါးခန့်ပင် ကြီးမားကြ၏။
[စာစဉ် (၁၀၃) မှာ ၁၄ ပိုင်းပဲ ပါမယ်ဗျ။ (၁၀၄) မှာ ၁၆ ပိုင်းထည့်ပေးပါ့မယ်။ လျှပ်စစ်မီးအခက်အခဲကြောင့် နားလည်ပေးကြပါခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ]