ရှေးသက်ရှိအဖွဲ့အစည်း လျို့ဝှက်ချက်နှင့် ထယ်တင်းနစ်၏ ဆုံးဖြတ်ချက်
Vol. 37 Ch. 556
“ဟုတ်ပြီ။ မင်းတို့နှစ်ယောက် ဒီလိုကြည့်နေကြဦးမယ်ဆိုရင် တစ်ခုခု ဖြစ်သွားမှာ စိုးရတယ်။ ငါ့လီဆာလေး မနာလို ဖြစ်နေဦးမယ်။” အဘိုးအို ထယ်တင်းနစ်က ပြောသည်။ အကြောင်းရင်းတချို့ကြောင့် အဘိုးအိုက ရဲတင်းသော စရိုက်ရှိသည့် စကိုင်း၏မိန်းမနဲ့ အဲဒက်စ်၏ ညီမဖြစ်သူ လီဆာကို သဘောကျနေသည်။ ထယ်တင်းနစ်က သူတို့ကို သူ၏ သမီးအဖြစ် သတ်မှတ်ထားခဲ့လေသည်။
“အိဗ်နဲ့ အလျန်တို့ ဒီမှာ ရှိနေကြတာကို ရှင့်လို ညစ်ပတ်တဲ့ အဘိုးအိုက ဘာတွေ ပြောနေတာလဲ။” လီဆာက မကျေမနပ်ပြောလိုက်ပြီး အဘိုးအိုကို နောက်ထပ် သေရည်တစ်ခွက် လောင်းထည့်ပေးလိုက်သည်။
“ဘာလို့ အမေက မနာလိုရမှာလဲ။ ဆာ-အက်ဂ်ယောနဲ့ အဖေက ဘာဖြစ်မှာ မို့လို့လဲ။” အလျန်က သိချင်စိတ်ဖြင့် မေးသည်။
အိဗ်လည်း ခေါင်းခါသည်။ သူလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။
သို့သော် မစ်-ဆာဆာက ပါးစပ်ကို အကျယ်ကြီး ဟလိုက်သည်။ “သိပြီ။ ဒါက အဲလစ်ရဲ့ စာအုပ်တွေထဲက ယောက်ျားတွေကို သဘောကျတဲ့ “အခြောက် မိတ်ဆွေ” လိုမျိုး ဖြစ်မယ်။ ဒါကြောင့် ဆာ-အက်ဂ်ယောက ရွံစရာကောင်းတယ်လို့ အဲလစ် ပြောတာကိုး...”
“တော်တော့။” မှင်စာအဘိုးအို သိမ့်သိမ့်တုန်သွားပြီး သမီးဖြစ်သူကို ချက်ချင်း ခေါင်းခေါက်လိုက်သည်။ မစ်-ဆာဆာကို ခေါင်းကိုကိုင်ပြီး ဖခင်ဖြစ်သူအား မကျေမနပ်နှင့် ကြည့်သည်။
မျက်နှာဖုံးနောက်ဘက်မှ ချန်လွေ့၏မျက်နှာ အနည်းငယ် စိမ်းသွားသည်။ ကြည့်ရတာ နေရာတိုင်းမှာ လိုလီလေး၏ အဆိပ်တွေ ရှိနေတဲ့ပုံပဲ။
“ဆာ-အက်ဂ်ယောက လူကောင်းတစ်ယောက်ပဲ။ အဲလစ်က ဆာ့ကို ဖြေရှင်းဖို့အတွက် ကျွန်မတို့ကို အကြံတောင်းတယ်။ ဒါပေမဲ့ ကျွန်မတို့မောင်နှမ သဘာမတူခဲ့ဘူး။” အလျန်က ပြောလိုက်ပြီး အိဗ်က ခပ်မြန်မြန် ခေါင်းညိတ်သည်။
လိုလီလေးက “အက်ဂ်ယော”ကို မကျေမနပ် ဖြစ်နေတုန်းလား။ ချန်လွေ့က ခါးသက်သက်နှင့် ပြုံးပြီး ခေါင်းခါလိုက်သည်။ သူက အလျန်ထံမှ လူကောင်းကတ်ပြားကို လက်ခံလိုက်သည်။ တစ်ချိန်တည်းမှာပင် ထယ်တင်းနစ်က လီဆာ ထည့်ပေးသော သေရည်ကို သောက်လိုက်ပြီး ပြောသည်။ “မင်းက ငါ့ကို လာရှာတာ မဟုတ်လား။ ငါနဲ့လိုက်ခဲ့။”
ယနေ့တွင် အဘိုးအိုက သေရည် အတော်များများ သောက်နေခဲ့ပြီး သူ၏ နှာခေါင်းများ နီနေသည်။ သူက ချန်လွေ့အား စမ်းသပ်ခန်းထဲသို့ ဒယိမ်းဒယိုင်နှင့် ဆွဲခေါ်သွားသည်။
စမ်းသပ်ခန်းသို့ လမ်းလျှောက်သွားပြီးနောက် ချန်လွေ့က အဘိုးအိုထိုင်ရန် ထိုင်ခုံတစ်ခုံ ယူလိုက်သည်။ အဘိုးအို လေတက်လိုက်ပြီး ပြောသည်။ “ဒီတစ်ခေါက် ငါကြိုမြင်တာ တကယ်မှားသွားခဲ့တယ်။ မင်းက တကယ်ပဲ အင်ပါယာတစ်ခုလုံးကို ဖြိုလှဲနိုင်ခဲ့တယ်။ ဒါက မယုံနိုင်စရာကောင်းတဲ့ အံ့သြဖွယ်ရာ တစ်ခုပဲ။ မင်းပြောတာ မှန်တယ်။ အရာရာက မတည်မြဲဘူး။ ပြီးတော့ အရာအားလုံးက ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကောင်လေး၊ ငါသိတယ်။ အခု မင်းလာတာက စာသင်ဖို့ မဖြစ်နိုင်ဘူး။ ဘာမှ ဖုံးမကွယ်ထားနဲ့။ ငါက စကားပလ္လင်ခံတာကို မကြိုက်တာ မင်း သိပါတယ်။ ဒါပေမဲ့ ငါက စကိုင်းလိုမျိုး လူမြင်ကွင်းကို ထွက်ပြဖို့ မဖြစ်နိုင်ဘူး။ ဆာမန်နဲ့ ငါ လောင်းကြေး ထပ်ထားတာ တစ်နှစ်ပဲ ကျန်တော့တယ်။ ငါက မင်းနဲ့ အဲဒက်စ်ကို ငါသိထားတာအကုန် မြန်မြန်သင်ပေးချင်ရုံပဲ။ သဘောပေါက်လား။”
“သဘောပေါက်ပါတယ်။” ချန်လွေ့ ရင်ထဲထိသွား၏။ အဘိုးအို၏ ဆန္ဒမှာ သူမသေခင် သူ၏အသိပညာများကို လက်ဆင့်ကမ်းသွားရန်သာ ဖြစ်သည်။ သူက တပည့်များအပေါ် အလွန်ပင် ကောင်းလှသည်။ အမှောင်လ စစ်စတင်သောအခါ သူက ချန်လွေ့အား စစ်ထဲမှ အတင်းခေါ်သွားချင်ခဲ့သည်။ သူရှိနေလျှင် အသိပညာကို လက်ဆင့်ကမ်း၍ ရနိုင်မည် ဖြစ်သည်။ သို့သော်လည်း ၎င်းက အဆုံးရှိနိုင်မနိုင်ကို မသိရသေးပေ။
“ကျုပ် ဒီနေ့ ဆရာ့ဆီကို ကိစ္စနှစ်ခုကြောင့် ရောက်လာတာ။ နဂါးစွမ်းအား အမြုတေနဲ့ မာယာရှင်နှလုံးသားကို ဆရာ ကြားဖူးလား မသိဘူး။”
“နဂါးစွမ်းအားအမြုတေတွေက နဂါးတွေ သေဆုံးပြီးရင် မပျောက်ကွယ်သွားတဲ့ နဂါးဝိညာဉ်အမြုတေပဲ။ အဲဒီမှာ နဂါးမာန်နဲ့ နဂါးဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်း ပါဝင်တယ်။ ဒီလိုပစ္စည်းမျိုးက နတ်ဆိုးဘုံမှာ တော်တော်လေးကို ရှားပါးပေမဲ့ နေရာတစ်ခုမှာတော့ အများကြီး ရှိတယ်။ ဒါပေမဲ့ အဲဒီနေရာက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းတွေအတွက်တောင် လမ်းဆုံးတစ်ခု ဖြစ်နေတယ်။ အဲဒါက နဂါးကျွန်းပဲ။”
“နဂါးကျွန်းလား။” ထိုအသုံးကို ယခုမှ ချန်လွေ့ ကြားဖူးခြင်း မဟုတ်ပေ။ နဂါးကျွန်းသည် အုပ်စုဖွဲ့ နဂါးများအတွက် စုစည်းရာ နေရာတစ်ခု ဖြစ်ပြီး ကျွန်းတစ်ကျွန်းသာ မဟုတ်ပေ။ အမှန်တကယ်၌ ဘရိုဘဲလက်စ်က နဂါးကျွန်း၏ ဂိုဏ်းခွဲတစ်ခုမှလာခြင်း ဖြစ်သည်။ နဂါးကျွန်းက မိသားစုပုံစံငယ်တစ်ခုနှင့် ညီမျှသည်။ သို့ရာတွင် ပါ့ဂ်လီအိုနှင့် ဇိုလာတို့က အုပ်စုနောက်ခံမရှိသော တစ်ကိုယ်တည်းသူများ ဖြစ်ကြသည်။
ထယ်တင်းနစ်၏အမူအရာ လေးနက်နေသည်။ “နဂါးကျွန်းမှာ ဧရာမနဂါးတွေ ဘယ်လောက်တောင် ရှိနေလဲ ငါမသိဘူး။ နဂါးတွေရဲ့ သားပေါက်နှုန်းက တော်တော်လေးကို နည်းပေမဲ့ နဂါးကျွန်းမှာ ဧရာမနဂါးတွေ ဘယ်လောက်တောင်ရှိနေလဲ ဘယ်သူမှမသိဘူး။ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်တောင် နဂါးကျွန်းကို အတင်းမဝင်ရဲဘူးလို့ ပြောကြတယ်။ ခွန်အားကတော့ အထင်အရှားပဲ။”
နဂိုက ချန်လွေ့သည် “နဂါးစွမ်းအားအမြုတေ”ကို နာမည်အတိုင်းသာ သဘောပေါက်ခဲ့ပြီး ပါ့ဂ်လီအိုနှင့် အခြားသူများထံသွားကာ အဖြေရှာချင်ခဲ့သော်လည်း ၎င်းမှာ သေဆုံးပြီးနောက် ဝိညာဉ်အမြုတေ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ နဂါးကျွန်းမှာမူ ယခင်တိုက်ပွဲ ဖြစ်ပြီးနောက်တွင် အနာဂတ်၌ ပြဿနာများ ရှိလာနိုင်ပေသည်။ ထိုနေရာသို့သွားရန် စဉ်းစားလောက်အောင် ချန်လွေ့ မရူးမိူက်သေးပေ။
“မာယာရှင်က ပင်လယ်သေက ပင်လယ်သတ္တဝါမိသားစုကပဲ။ သူတို့က စိတ်ဝိညာဉ်စွမ်းအားကို သီချင်းသံအဖြစ် ပြောင်းလဲပြီးတော့ အစွမ်းထက်တဲ့ ပုံရိပ်ယောင်တွေ ဖန်တီးတဲ့နေရာမှာ တော်ကြတယ်။ မာယာရှင်နှလုံးသားဆိုတာက သူတို့ရဲ့ နှလုံးသားကို ပြောတာမဟုတ်ဘူး။ သူတို့ရဲ့ နဖူးပေါ်မှာရှိတဲ့ ဗဟိုချက် သလင်းကျောက်ကို ပြောတာ။ အဲဒါကို ဆုံးရှုံးသွားရင် သူတို့ရဲ့ အသက်ဓာတ် ကြီးကြီးမားမား ထိခိုက်သွားမယ်။ သူတို့ ပြန်ကောင်းဖို့အတွက် နှစ်ပေါင်းများစွာ ကြာလိမ့်မယ်။ သူတို့ရဲ့ သဘောတူညီချက်ကို မရဘူးဆိုရင် သူတို့ကို သတ်ပစ်ရင်တောင် မာယာရှင်နှလုံးသားကို မင်း ရမှာ မဟုတ်ဘူး။”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ဒီလိုဆိုရင် မြေဒြပ်စင်ဘုရင်ကို အကူအညီ တောင်းဖို့က မဖြစ်နိုင်တော့ဘူးပဲ။ ဂူရာဒန် အဆင့်တက်ဖို့က တကယ့်ကို ရိုးရှင်းတဲ့ကိစ္စ မဟုတ်ဘူး။ “ဖြေပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဆရာ။ ဒုတိယတစ်ခုကတော့ ကျုပ် ဒီတစ်ခေါက် အပြင်သွားတုန်းက အဲ.... မဟာဆရာသခင်ရဲ့ လမ်းညွှန်မှုအောက်ကနေ ရှေးဟောင်းသက်ရှိအဖွဲ့အစည်းရဲ့ အမွေအနှစ်တချို့ ရခဲ့တယ်။ ဒါကို အရင်ကြည့်ပေးပါ။ ဆရာ။”
ထိုသို့ပြောပြီးနောက် ချန်လွေ့က ရှေးအဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း နေရာမှ သက်တမ်းစေ့နေသော ဆေးရည်မည်းများကို ထုတ်ပြသည်။ ထယ်တင်းနစ်က “မဟာဆရာသခင်၏ အမွေအနှစ်” နှင့် “ရှေးဟောင်းသက်ရှိအဖွဲ့အစည်း” ဟူသော စကားလုံးများကို ကြားသည့်အခါ အလွန်တက်ကြွသွားပြီး စွန့်ပစ်ခံထားရသော ဆေးရည်များကို ဂရုတစိုက်နှင့် ကိုင်လိုက်သည်။ ထို့နောက် သူက အဆို့ကိုပြုတ်ပြီး အနံ့ခံကြည့်လိုက်ရာ ရုတ်တရက် တည်ကြည်လေးနက်သွားသည်။ “ပင်လယ်သေပန်း၊ ခရမ်းတွေးမြက်၊ သမင်သွားနွယ်..။ မထင်ထားခဲ့ဘူး။ ထာဝရစွမ်းအားဆေးပုလင်း သက်တမ်းစေ့သွားတော့ ပါဝင်ပစ္စည်း အနည်းငယ်ကိုပဲ ငါ ဖော်ထုတ်နိုင်တယ်။ ဒါပေမဲ့ ပင်လယ်သေပန်းနဲ့ ခရမ်းတွေးမြက်က လုံးဝ မလိုက်ဖက်ဘူး။ အတူတူသုံးရင် ပြင်းထန်တဲ့ သက်ရောက်မှု တစ်ခု ဖြစ်နိုင်တယ်။ သူတို့ကို အဆိပ်ဖော်စပ်ဖို့ပဲ အသုံးပြုကြတာ။ သူတို့က ဘယ်လိုလုပ်ပြီးတော့ ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးရည်မည်းမှာ တစ်ချိန်တည်း ပေါ်ထွက်လာတာလဲ။”
“အသုံးပြုပုံ မတူရင် လုပ်ဆောင်ချက်လည်း မတူဘူး။ တောင်ပံနက်အမြစ်ကို အရည်ပျော်နည်းလမ်းနဲ့ အက်စစ်ဖျော်နည်းနဲ့ ပေါင်းထည့်မယ်ဆိုရင် မူရင်း ပေါက်ကွဲတဲ့ ဂုဏ်သတ္တိက ဟိန်းသံစွမ်းအားတစ်မျိုးကို ထုတ်ပေးနိုင်တယ်။ ကျုပ်က ထာဝရဆေးရည် တစ်စုံလုံးကို သောက်ခဲ့ဖူးတယ်။ သီးခြား ထာဝရထိုးမြှင့်ဂုဏ်သတ္တိအပြင်ကို တစ်စုံလုံးကို သောက်ပြီးရင် ပြင်းထန်တဲ့ ဟိန်းသံအတက်အကျတွေက ခန္ဓာကိုယ်ထဲမှာ ပေါ်ထွက်လာတယ်။ ကျုပ်ရဲ့ စွမ်းရည်တွေကလည်း ဆေးရည်မည်းတွေ ထပ်သောက်လိုက်သလိုပဲ ထပ်တိုးသွားတယ်။ ဒါဆို ပင်လယ်သေပန်း၊ ခရမ်းတွေးမြက်နဲ့ တောင်ပံနက်အမြစ်ကို ထာဝရဆေးရည်တိုင်းမှာ အခြေခံ ကုန်ကြမ်းအဖြစ် ရည်ညွှန်းလို့ ရတယ်။ အရည်ပျော်နည်းလမ်းနဲ့ အက်စစ်ဖော်နည်းလမ်းက ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ လျို့ဝှက်နည်းလမ်းတွေပဲ။”
“ဟုတ်တယ်။” ထယ်တင်းနစ် အလွန်ပျော်ရွှင်သွားပြီး ထိုင်နေရာ ထိုင်ခုံမှ ခုန်ထလိုက်သည်။
ဆေးရည်မည်းများ ပျောက်ဆုံးနေသည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်သည်။ ဆေးညွှန်းများနှင့် လျို့ဝှက်နည်းလမ်း အများစုက မပြည့်စုံပေ။ ဆေးဝါးပညာမှာ ကျယ်ပြောပြီး လေးနက်၏။ လွဲမှားမှုအနည်းငယ်က ဆေးရည်တစ်ခုလုံး၏ ဂုဏ်သတ္တိကို ပြောင်းလဲပေးနိုင်သည်။ ယခုတွင် သူတို့က ဆက်ခံထားသော အသိပညာနှင့် လျို့ဝှက်နည်းလမ်း၊ ဖော်မြူလာ အစိတ်အပိုင်းတို့ကို ပေါင်းစပ်ပြီးပြီ ဖြစ်သည့်အတွက် အထူးသဖြင့် အထင်ကြီးလောက်စရာ တစ်ဝက်-မဟာဆရာသခင် ထယ်တင်းနစ်အတွက် အောင်မြင်မှုတစ်ခု ရရှိနိုင်ရပေမည်။
အဘိုးအိုက ရုတ်တရက် တုံ့ပြန်လိုက်ပြီး သူ၏မျက်လုံးများက အနီရောင် သွေးကြောများ အရောင်တောက်သွား၏။ “တောင်ပံနက်အမြစ်ကို အရည်ပျော် နည်းလမ်းနဲ့ အက်စက်ဖျော်နည်းလမ်းနဲ့ ပေါင်းထည့်ရင် ဒီလိုမျိုး ဖြစ်လာမယ်ဆိုတာကို မင်း ဘယ်လို သိတာလဲ။ ဒီပေါင်းစပ်နည်းလမ်းမျိုး ငါမင်းကို မသင်ပေးခဲ့ဘူး။ ပြီးတော့ ဒီလိုနည်းလမ်းမျိုးက ငါ့ရဲ့ နှစ်ထောင်ပေါင်းများစွာ ဆက်ခံမှုမှာလည်း မရှိဘူး။ မင်း ဒါကို ဘယ်ကနေ သိခဲ့တာလဲ။”
ချန်လွေ့လည်း သတိပြန်ဝင်လာပြီး ဦးနှောက်ကို လက်ညှိုးထိုးပြသည်။ “ဘာလို့လဲတော့ မသိဘူး။ ကျုပ် သိနေတာပဲ။ ဒါက အမွေအနှစ် ဆက်ခံမှုကြောင့် ဖြစ်မယ်။ ကံဆိုးချင်တော့ ဒါက မဟာဆရာသခင် အသိစိတ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ မပြည့်စုံဘူး။”
“ရှေးအဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း။ မင်းရဲ့ မဟာဆရာသခင်က ရှေးအဂ္ဂိရတ် သက်ရှိအဖွဲ့အစည်းက ဖြစ်ရမယ်။” အဘိုးအိုက စိတ်လှုပ်တရှားနှင့် ချန်လွေ့၏ ပုခုံးကိုကိုင်ပြီး လှုပ်ခါလိုက်သည်။ ချန်လွေ့က အဘိုးအို၏ စွမ်းအားအဆင့်နှင့် မတူညီခဲ့လျှင် အရိုးများ ကျိုးကြေသွားလောက်ပြီ ဖြစ်သည်။
ချန်လွေ့သိသော လျို့ဝှက်ဆေးညွှန်းမှာ အမှန်တကယ်ပင် အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း၏ စမ်းသပ်ချက်ထဲ၌ ဝါးမျိုထားခဲ့သော မှတ်ဉာဏ်အပိုင်းအစမှ ဖြစ်သည်။ သို့သော် ထိုအဘိုးအိုက အမှန်တကယ်ပင် ရှေးအဂ္ဂိရတ် သက်ရှိအဖွဲ့အစည်းကို သိနေလိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ခြင်းပင်။
အချိန်အတော်ကြာပြီးနော် အဘိုးအိုက စိတ်ပြန်တည်ငြိမ်သွားသည်။ သူက ဆုပ်ကိုင်ရာ၌ အားအတော်များများ သုံးမိသွားကြောင်း သတိပြုမိသွားပြီး တပည့်ဖြစ်သူ၏ ပုခုံးကို ရှက်ရှက်နဲ့ ပုတ်လိုက်သည်။ သူက ချန်လွေ့အား နတ်ဆိုးဘုံ သမိုင်းကြောင်းတွင် မမြင်နိုင်သော ရှေးဟောင်းမှတ်တမ်းအချို့အကြောင်း ပြောပြသည်။
နတ်ဆိုးဘုံမှ ယခုလက်ရှိ မဟာတော်ဝင်မိသားစုများနှင့် အခြားမိသားစုများက ပထမဆုံး တည်ရှိခဲ့သူများ မဟုတ်ကြပေ။ ထိုမတိုင်ခင် မြောက်မြားလှစွာသော သက်ရှိအဖွဲ့အစည်းများနှင့် အင်အားစုများ ရှိကြသည်။ ထိုသက်ရှိအဖွဲ့အစည်းများကို ရှေးဟောင်းစာလိပ်များ၏ အပိုင်းအစတချို့တွင်သာ မှတ်တမ်းတင်ထားသည်။
ရှေးအဂ္ဂိရတ်သက်ရှိအဖွဲ့အစည်းမှာ အဂ္ဂိရတ်ပညာ၏ ဇစ်မြစ်ဖြစ်သည်ဟု ဆိုကြသည်။ အကျုံးဝင်မှု အတိုင်းအတာမှာ ယန္တရားပညာနှင့် ဆေးရည်ပညာတို့သာ မဟုတ်ပေ။ အဂ္ဂိရတ်ပညာက လျှပ်စီးကဲ့သို့ပင် ဘဝ၏ ဒေါင့်နေရာတိုင်းတွင် ပါဝင်၏။ နတ်ဆိုးဘုံရှိ လက်ရှိ မှော်မီးအိမ်ကို လွန်ခဲ့သော နှစ်ပေါင်း၇၀၀၀၀က ယန္တရား မဟာဆရာသခင် မာတီနီ တီထွင်ထားခဲ့ခြင်း ဖြစ်သည်။ တကယ့်တန်ဖိုးမှာ မည်သည့် အဆောင်ပစ္စည်းကိုမဆို ယှဉ်နိုင်ပြီး ၎င်းတို့ကိုပင် ကျော်လွန်နိုင်လေသည်။ သို့သော် အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်းတွင် မှော်မီးအိမ် ပေါ်ထွက်လာခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း မူရင်းနိယာမမှာ ကွဲပြားပေသည်။ ၎င်းကို နတ်ဆိုးဘုံ၌ မျိုးသုဉ်းသွားပြီ ဖြစ်သော အလင်းစုဆောင်း ပိုးမွှားကောင်တစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုပိုးမွှားကောင်များမှာ မီးအိမ်ကိုယ်ထည်၏ အထူးပတ်ဝန်းကျင်တွင် အဆက်မပြတ် သေဆုံးပြီး အကောင်ပွားလာနေကြကာ အဆုံးမရှိ သံသရာလည်နေ၏။ ၎င်းမှာ လက်ရှိမှော်မီးအိမ် လက်လှမ်းမမီသော ထာဝရနှင့်နီးကပ်နေသည့် စွမ်းအားတစ်မျိုး ဖြစ်ပေသည်။
သို့သော်လည်း သက်ရှိအဖွဲ့အစည်း အများအပြားကဲ့သို့ပင် ကျယ်ပြောလှသော သမိုင်းကြောင်းထဲ၌ အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်းက အကြောင်းရင်းတချို့ကြောင့် ပျောက်ကွယ်သွားခဲ့သည်။ ယန္တရားပညာနှင့် ဆေးရည်ပညာ အသိပညာအချို့ကိုသာ လက်ဆင့်ကမ်းခဲ့ကြပြီး လက်ရှိ အဓိက အဂ္ဂိရတ်ပညာသင် ကျောင်းများအဖြစ်သို့ ဆင်းကဲပြောင်းလဲလာကြလေသည်။
ချန်လွေ့က အစမ်းသဘော မေးကြည့်သည်။ “အသူရာချောက်နက် မိသားစုကို ဆရာ သိလား။”
ထယ်တင်းနစ် ကြက်သေသေသွားပြီး စဉ်းစားခန်းဝင်သွားပုံရသည်။ “ကြားတော့ မကြားဖူးဘူး။ ဒါပေမဲ့ အသူရာချောက်နက် ဆိုတာက ရှေးဟောင်းဘာသာစကားမှာ တားမြစ်ချက် လို့ အဓိပ္ပာယ်ရတယ်။ အသေးစိတ်ကိုတော့ ငါလည်း မသိဘိူး။ ဒါနဲ့ အဲဒီ စွန့်ပစ်ခံထားရတဲ့ ဆေးရည်မည်းတွေကို မင်းဘယ်က ရခဲ့တာလဲ။ တစ်ခုခု ရှိသေးလား။”
ထိုအကြောင်းကို ပြောနေရင်း အဘိုးအို၏မျက်လုံးများ အစိမ်းရောင် လက်ခနဲ ဖြစ်သွားကာ ချန်လွေ့ကို ကြက်သီးထသွားစေသည်။ သို့သော်လည်း အဘိုးအိုက ကြွယ်ဝမှုအစား အသိပညာကို တန်ဖိုးထားကြောင်း ချန်လွေ့ သိသည်။ ထယ်တင်းနစ်သည် လောကကြီးကို လှည့်စားခဲ့ပြီး ကျော်ကြားမှုနောက်လိုက်ခဲ့သော “ပေါင်မုန့်ခုတ်” နိတ်ထက်စာလျှင် သုတေသနတွင် ဘဝနှစ်မြှုပ်ထားသော ကျွမ်းကျင် ပါမောက္ခ တစ်ယောက်၊ စစ်မှန်သော ပညာရှင်နှင့် သုတေသနပညာရှင်နှင့် ဆင်တူသည်။
“ငှက်တောင်ဖြူနယ်မြေ နေရာတစ်ခုကပါ။ အဲဒါက ရှေးဟောင်း အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း နေရာတစ်ခု ထင်တယ်။ မီးအိမ်တစ္ဆေတချို့ပဲ အသက်ရှင်နေတယ်....”
“မီးအိမ်တစ္ဆေတွေလား။” ထယ်တင်းနစ်က စိတ်လှုပ်တရှားနှင့် ပြောလိုက်သည်။ “မီးအိမ်တစ္ဆေတွေက အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်းမှာ ကိုယ်လုပ်တော်တွေနဲ့ မှော်ပညာရှင်တွေ ဖြစ်တယ်လို့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာ ဖော်ပြထားတာကို ငါ မှတ်မိတယ်။ မင်း တကယ်ပဲ အသက်ရှင်နေတဲ့ မီးအိမ်တစ္ဆေတွေကို ရှာတွေ့ခဲ့တာလား။”
“မီးအိမ်တစ္ဆေတင် မဟုတ်ဘူး။ စုစည်းရုပ်သေးနဲ့ သလင်းကျောက်အချို့လည်း ရှိတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သုံးလို့မရတော့ဘူး။” ချန်လွေ့ စဉ်းစားလိုက်သည်။ “တစ်ခုရှိတာက အဲဒီကို ကျုပ်ကလွဲပြီးတော့ ဘယ်သူမှ ဝင်လို့မရဘူး။ ကျုပ်မှာလည်း အချိန်မရတာနဲ့ ဒီစွန့်ပစ်ထားတဲ့ ဆေးရည်းမည်းတွေကိုပဲ ယူပြီးတော့ အမှောင်လကို အမြန်ပြန်လာခဲ့တာ။”
“စုစည်းရုပ်သေးကိုတော့ ငါ ကြားဖူးတယ်။ သလင်းကျောက်သားရဲက ဘယ်လိုမျိုးလဲ။” မသိသောအရာ ပိုများလေလေ၊ အဘိုးအို၏ စိတ်ဝင်စားမှု ပိုတိုးလာလေလေပင် ဖြစ်သည်။ သူ၏ မျက်နှာတွင် စိတ်အားတက်ကြွမှုများ ပြည့်နှက်နေပြီး အဆက်အစပ်မရှိ ပြောလိုက်သည်။ “မင်း ဘာလို့ အမြန်ပြန်လာတာလဲ။ ဘာလို့ အများကြီး မယူလာတာလဲ။”
ချန်လွေ့ မျက်လုံးလှန်လိုက်သည်။ ကျုပ် အမြန်ပြန်မလာရင် အမှောင်လ ပျက်စီးသွားပြီ။ ပြီးတော့ ခင်ဗျားလည်း အခုအချိန် မွေးစားသမီးနဲ့ မိသားစုနဲ့ ထွက်ပြေးနေလောက်ပြီ။ သို့သော် သူက အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း အသိပညာက ထယ်တင်းနစ်အတွက် မည်သို့အရေးပါသည်ကို သိသည်။ အသိပညာနောက်သို့လိုက်ရန် စွဲလမ်းရုံသာမက အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း အကြွင်းအကျန်မှ ပိုနက်ရှိုင်းသော အတွေးအမြင်များလည်း ရရှိနိုင်ပေသည်။ ထို့နောက်တွင် နောက်တစ်နှစ် အသေအကျေ တိုက်ပွဲက သေချာပေါက် ရှုံးနိမ့်မည့်ပြိုင်ပွဲ မဟုတ်လောက်တော့ပေ။
ချန်လွေ့သည်လည်း ထယ်တင်းနစ်၏စွမ်းရည်ကို အသုံးချပြီး ထိုစုစည်းရုပ်သေးနှင့် သလင်းကျောက်သားရဲများ၏ တိုက်ခိုက်ရေးစွမ်းအားကို ပြန်လည်ရရှိချင်သည်။ အကယ်၍ အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်းများ ချန်ထားသော စွမ်းအားကြီး တပ်ဖွဲ့များကို ပြန်လည်အသုံးပြု၍ရပြီး ဗိုလ်ခြေအဖြစ် အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့လျှင် အရိပ်နက်အင်ပါယာနှင့် သွေးရောင်အင်ပါယာတို့ကို တိုက်ခိုက်ရန်အတွက်ပင် စိုးရိမ်စရာ မလိုတော့ပေ။
ဧရာမ သလင်းကျောက်သားရဲမှာ နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်နှင့် ယှဉ်၍ရသော တည်ရှိမှုတစ်ခု ဖြစ်သည်။ စုစည်းရုပ်သေး၊ သလင်းကျောက်သားရဲနှင့် မီးအိမ်တစ္ဆေတို့ကလည်း အတော်လေး အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအား ရှိကြသည်။
“ငါ ဆုံးဖြတ်လိုက်ပြီ။” အဘိုးအိုက စားပွဲကို ကျယ်ကျယ်လောင်လောင်နှင့် ထုရိုက်လိုက်သည်။ “မင်း မြို့တော်ကို သွားမယ်ဆိုရင် ငါ့ကိုပါ ခေါ်သွား။ သတ်မှတ်ချက် တစ်ခုပဲ ရှိတယ်။ အဲဒါက ငါ့ကို အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်းက ပစ္စည်းတွေ သုတေသန လုပ်ခွင့်ပေးဖို့ပဲ။” ၎င်းမှာ အမှန်တကယ်ပင် တပ်မက်ဖွယ်ကောင်းသော ဆုံးဖြတ်ချက် တစ်ခုပင်။